Art is My Life: မူပိုင်ခွင့် နှင့်မြန်မာပြည်

Friday, April 06, 2007

မူပိုင်ခွင့် နှင့်မြန်မာပြည်

ပန်ဒိုရာရဲ့ ဘလော့မှာ မူပိုင်ခွင့် အကြောင်းကို ရေးထားတွေ့တော့ ကျွန်တော်တို့ သင်တန်းတက်တုန်းက ဆရာ ပြောပြတဲ့ မြန်မာပြည်က မူပိုင်ခွင့်နဲ့ ပတ်သက်ပြီး တကယ်ဖြစ်ခဲ့ တဲ့အဖြစ်ပျက်လေးကို ဖောက်သည် ပြန်ချလိုက်ပါတယ်။
ဂျော်နီဝါးကား အရက်ကို တော့လူတိုင်းသိကြ ပါလိမ့်မယ်။ တုတ်ကောက်လေးနဲ့ တံဆိပ်ပေါ့ဗျာ။ မူပိုင်ခွင့်မှာတော့ Trade Mark လို့ ခေါ်တာပေါ့။ အဲဒီ Trade Mark ကို ယူပြီး မြန်မာပြည်က လူက ဂျော်နီဝါးကား သွေးဆေးလျှက်ဆား ဆိုပြီးထုတ်တယ်။
တစ်ရက်မှာတော့ ဂျော်နီဝါးကားရဲ့ ကိုယ်စားလှယ်နိုင်ငံ ခြားသားက တရားလာစွဲတာပေါ့ဗျာ။ တရားရုံးမှာ နှစ်ဦးနှစ်ဘက် ပြန်အအလှန် လျှေက်လဲချက်တွေ တင်ကြငြင်းကြခုန်ကြပေါ့။
အဲဒီမှာ မြန်မာကလူက ပြောပါတယ်။ ဂျော်နီ ဆိုတာ သူ့ရဲ့ အဖိုးပါတဲ့။ တစ်လောကလုံးမှာ ဂျော်နီတွေ အများကြီးပဲဆိုပြီး ငြင်းချက်ထုတ်ပါတယ်။ သူ့အဖိုးလမ်းလျှောက်တဲ့ ပုံကို ကြည့်ပြီး ပုံဆွဲထားတာ နိုင်ငံခြားအရက်နဲ့ ထရိတ်မှတ်ချင်းသွား တူတာတော့ သူလဲမတတ်နိုင်ဘူးပေါ့။
ဘယ်လိုပဲ ငြင်းငြင်း နောက်ဆုံတော့ နိုင်ငံခြားသားက အမှုနိုင်သွားပါတယ်။ သို့သော် အမှုနိုင်တဲ့ နိုင်ငံခြားသား မျက်ရည်လယ်ပြီး ပြန်သွားရပါတယ်။
ဘာဖြစ်လို့လဲ ဆိုတော့ တရားရုံးက လျှော်ကြေးတောင်းလိုက်တာက ၂၀၀ ပါတဲ့။ ဒေါ်လာတောင် မဟုတ်ဘူးနော် မြန်မာငွေ။ အဲဒီတော့မှ မြန်မာက လူက ဒီလိုမှန်းသိရင် စောစောစီးစီး အပြစ်ကို ၀န်ခံလိုက်ပါတယ်တဲ့။
မူပိုင်ခွင့်နဲ့ ပတ်သက်ပြီး တချို့လူတွေ အပြင်မှာ ပြောသလို စာစောင်တချို့မှာ လည်းရေးတာတွေ့ရပါတယ်။ ဘာတဲ့ မြန်မာ နိုင်ငံမှာ မူပိုင်ဥပဒေ ပြဌာန်းပြီးက ကော်ပီသီချင်းဆိုသူတွေ အခက်တွေ့မယ် လျှော်ကြေးပေးရမယ် ဘာညာပေါ့။ တကယ်တမ်းကျ တော့မြန်မာ နိုင်ငံက အဆိုတော်တွေက သူတို့သီချင်းတွေကို ယူဆိုထားတာကို မူရင်း အဆိုတော်တွေက သိကြမှာ မဟုတ်ပါဘူး။ နောက်ပြီးတော့လဲ တရားစွဲတယ်ဆိုတာကလဲ သူ့တို့ရဲ့ အော်ရင်ဂျင်နယ် ခွေရောင်းအားကို ထိခိုက်ရင်သော် လည်းကောင်း စီးပွားအကြီးအကျယ်ဖြစ်တဲ့ လုပ်ငန်းတွေမှာ အသုံးချလျှင်သော်လည်းကောင်း ဖြစ်ပေါ်လာမှ လျှော်ကြေးတောင်း တရားစွဲတာပါ။
မြန်မာနိုင်ငံမှာ ခွေတစ်ခွေရောင်းရလို့ ရတဲ့ အမြတ်က သူတို့ တရားလာစွဲရမဲ့ လမ်းစရိတ် နေစရိတ် စားစရိတ် တရားရုံးစရိတ် တွေကို တောင်ကာမိမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဘယ်သူမှလဲ အားအားယားယား လာပြီးတရားစွဲနေမှာ မဟုတ်ပါဘူး။

No comments: