Art is My Life: 2013

Tuesday, May 21, 2013

အပြောင်းအလဲ

ကျွန်တော် ဆူးလေးမှတ်တိုင်နားမှာ ဓာတ်ပုံရိုက်နေတုန်း ဘီအမ်ကားတစ်စီး ဝင်လာသည်။ မှတ်တိုင်တွင် စောင့်နေသောလူများ ကားပေါ်သို့ ထိုင်ခုံနေရာ ရရေးအတွက် အလုအယက် ပြေးတက်ကြသည်။ မိန်းကလေးများလည်း ပါသည်။ သက်ကြီးရွယ်အိုများလည်း ပါသည်။ အားကောင်းမောင်းသန် ယောက်ျားများလည်းပါကြသည်။

ထိုမှ ရှေ့ဆက်လျှောက်ခဲ့ရာ...
မြို့တော်ခန်းမဘက်မှ ဗန္ဓုလပန်းခြံဘက်ကို လမ်းဖြတ်ကူးနေခိုက်... ဆူးလေ ဘက်မှ မောင်းလာသော ဘတ်စ်ကားတစ်စီးက မီးတောက်ပြီး အတင်းမောင်းလာသည်။ လမ်းဖြတ်ကူးနေသူ အားလုံး လန့်ဖျပ်ကုန်ကြသည်။ တစ်ချို့က အရှေ့သို့ ရောက်အောင် ပြေးနှင့်ကြသည်။ တစ်ချို့က အလန့်တကြား နောက်သို့ ပြန်ဆုတ်ကြသည်။ အချို့ကတော့ တစ်ယောက်လက် တစ်ယောက်ဆွဲကာ ကြောင်အမ်းအမ်းနှင့် ရပ်နေကြသည်။ အရှိန်ဖြင့် မောင်းလာသော ထိုဘတ်စ်ကားသည် လမ်းမအလယ်တွင် ကြောင်အမ်းအမ်းနှင့် ရပ်နေသူများ ဘေးက ပွတ်ကာ သီကာ မောင်းထွက်သွားသည်။

ကျွန်တော် ဘတ်စ်ကားကို ကြည့်ပြီး တော်တော် ဒေါသထွက်သွားသည်။ ရန်ကုန်မြို့မှာ ဘတ်စကားတွေ စည်းကမ်းအမဲ့ဆုံးဖြစ်သည်ကိုကား အထူးပြောဖို့ မလိုပြီ။ မထသ လည်းမနိုင် မော်တော်ပီကယ်လည်း မနိုင်။ လူကူးမျဉ်းကျားမှာ လူအများ ကူးနေစဉ် အရှိန်ဖြင့် တရပ်စပ် ကားများ ဝင်ဖြတ်မောင်းသည်ကို တွေ့ဖူးသည်က ဒါပထမဆုံး အကြိမ်မဟုတ်တော့။ နေ့တိုင်း ဖြစ်သည်။ အမြဲတမ်းဖြစ်သည်။ ထုံးစံပင် ဖြစ်နေချေပြီ။ ထိုကဲ့သို့ စဉ်းစားရင်းက စည်းကမ်း ဒီမိုကရေစီ နိုင်ငံ၊ လူ့အခွင့်အရေး အပြောင်းအလဲ အစရှိသဖြင့် တသီကြီး လျှောက်စဉ်းစားဖြစ်တော့သည်။

အပြောင်းအလဲ.....

အမေရိကန် သမ္မတ အိုဘားမားသည် Change ဆိုတော့ စကားကို ရွတ်ဆိုရင်း သမ္မတ ဖြစ်လာသည်။ Change ဟု ကြွေးကြော်ခဲ့သည်က အမေရိကန်နိုင်ငံသားတို့ အလိုရှိသော အပြောင်းအလဲတွေ လုပ်ဆောင်ပေးဖို့ ဖြစ်သည်။

ကျွန်တော်တို့ နိုင်ငံမှာလည်း အပြောင်းအလဲကို လိုချင်ကြသည်။ ကျွန်တော်တို့ နိုင်ငံက လူတိုင်းကို သွားမေးကြည့်ပါ။ ဘာတွေ ပြောင်းလဲချင်တာလဲ... အားလုံးက တညီတညွတ်တည်း ဖြေကြလိမ့်မည်။

စစ်အာရှင်စနစ်ကို ဒီမိုကရေစီ စနစ်အဖြစ် ပြောင်းချင်သည်.....

ဒါက ကျွန်တော်တို့ နိုင်ငံသားတွေ အားလုံး လိုချင်ကြသော ဆန္ဒတစ်ခုဖြစ်သည်။ အခုအချိန်မှာ ဒီမိုကရေစီ ရနေပြီ၊ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေပြီဟု ပြည်တွင်းမှာသာမက အချို့သော နိုင်ငံများကပါ အသိအမှတ်ပြုလာကြပြီ။ သို့ပေမယ့် ပြည်တွင်းရော ပြည်ပက လူတွေကပါ ရာနှုန်းပြည့် အားရကြသည်မဟုတ်။ ဒီစနစ်ကို ဒီထက်ကောင်းအောင် ထပ်ပြောင်းချင်ကြသည်။

ဆိုက္ကားသမားကစ ကမ္ဘာကျော် နိုင်ငံရေးသမားကြီးများ အဆုံး ထပ်ကောင်းအောင် ပြောင်းချင်ကြမည်။ ကျွန်တော် ကိုယ်တိုင်ရော စာဖတ်သူ ကိုယ်တိုင်းရော အားလုံးက ပိုကောင်းတဲ့ အပြောင်းအလဲကို လိုချင်ကြသည်။

လူတွေက အပြောင်းအလဲလို့ ပြောလျှင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြီး ပြောင်းဖို့ လွတ်တော်ထဲက စစ်သား ၂၅ ရာနှုန်းကို အရပ်သားတွေ အစားထိုးဖို့၊ အစရှိသဖြင့် များပြားလှစွာသော နိုင်ငံထဲက ပြောင်းလဲဖို့ လိုအပ်သည့် အရာမှန်သမျှကို ပြေးမြင်ကြသည်။ ပြောင်းဖို့ ကြိုးစားကြသည်။ လတ်တလောမှာ ပြောင်းဖို့ ဖြစ်လာနိုင်တာတွေရှိသလို လတ်လောမှာ မဖြစ်နိုင်သေးဘဲ အချိန်အများကြီး ယူရဦးမည့်ကိစ္စများလည်း ရှိပါလိမ့်မည်။ သို့ပေမယ့် ကျွန်တော်အပါအဝင် လူတော်တော်များများ မေ့နေကြတာက ကိုယ့်ကိုယ် ပြောင်းလဲဖို့ ဖြစ်သည်။

ဒီမိုကရေစီ ရရှိရေးအော်ပြီး

လမ်းပေါ်မှာ အမှိုက်တွေ ပစ်လို့ကောင်းနေတုန်း
ယောက်ျားကြီးတန်မဲ့ ဘတ်စ်ကား တစ်စီး ဆိုက်လာလျှင် ထိုင်ခုံရရှိရေးအတွက် မိန်းကလေးများ နှင့်အပြိုင် တိုးဝှေ့ နေရာလုနေကြတုန်း...
လူကူးမျဉ်းကျားမှာ လူတွေကူးနေတုန်းမှာ ကားတွေကို အရှိန်လျှော့ရကောင်းမှန်းမသိ မောင်းနေကြတုန်း
ကွမ်းသွေးတွေကို တိုက်လှေခါး နံရံတွေမှာ မြင်မကောင်းအောင် ထွေးနေကြတုန်း
တစ်ယောက်ထက် ပိုတဲ့နေရာတွေမှာ တန်းမစီဘဲ တိုးဝှေ့နေကြတုန်း
တွေ့ကရာလူကို အဖြစ်မရှိဘူး ဘာမှ မလုပ်ပေးနိုင်ဘူးဟု ထိုင်ပြောရင်း ကိုယ့်ကိုယ် အဖြစ်လာရှိအောင် လုပ်ဖို့ သတိမေ့နေကြတုန်း...

ဒီမိုကရေစီအတွက် ငြိမ်းချမ်းရေးအတွက် သဘာဝပတ်ဝန်းကျင်ကြီး မပျက်စီးဖို့အတွက် ဆန္ဒပြလိုက်ကြသည်က အကြိမ်ကြိမ်။ ဆန္ဒပြပွဲပြီးသွားလျှင် ထိုနေရာတွင် ဆန္ဒပြသူတို့ လွင့်ပစ်ခဲ့သော ရေသန့်ဘူးနဲ့ အမှိုက်များက ပွစာကြဲ။ တစ်ခုသော ဆန္ဒပြပွဲတွင် ကိုယ်ပစ်ခဲ့သော အမိုက်များကို စည်းကမ်းရှိရှိ ပြန်ကောက်ဖို့ ဆန္ဒပြ ခေါင်းဆောင်တွေက ညွန်ကြားခဲ့တာ တွေ့ခဲ့ဖူးပေမယ့် ကျန်သော ဆန္ဒပြပွဲများက ဒုံရင်းဒုံရင်း... ကိုယ်ပစ်တဲ့ အမှိုက်ကို ကိုယ်ကောက်ရတယ်ဆိုတဲ့ အလေ့အကျင့်ရအောင် ကိုယ့်ကိုယ်ကိုတာင် မပြောင်းနိုင်သေးတာ ဘယ်လိုလုပ်ပြီး နိုင်ငံတော်သမ္မကြီး၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြီး၊ အစရှိသဖြင့်၊ သူတို့ ပါးစပ်ထဲက အော်နေတာတွေ ဘယ်လို ပြောင်းကြမည်မသိ။

ကျွန်တော်ကိုယ်တိုင်လည်း ဘာကောင်မှ မဟုတ်ပါ၊ နိုင်ငံအတွက် တိုင်းပြည်အတွက် ဘာမှ မလုပ်ပေးနိုင်သေးပါ။ ဒါပေမယ့် ကျွန်တော် ခံယူထားတာတော့ ကိုယ်ကိုယ်တိုင်က ဒီမိုကရေစီကို လိုချင်လျှင်၊ ကိုယ်တိုင်က အပြောင်းအလဲကို လိုချင်လျှင်.... ကိုယ်ကိုယ်တိုင်လည်း အကျင့်စရိုက်ဆိုးတွေကို အကျင့်စရိုက် ကောင်းတွေ အဖြစ် ပြောင်းလဲရပါလိမ့်မည်။

Read More...

Friday, May 10, 2013

အစိမ်းသေ...



လူသေ အလောင်းတွေကို ဓာတ်ပုံရိုက်တာ ကြာလာတာနှင့်အမျှ ဘယ်နေ့ ငါ့အလှည့်လဲ ဟု မေးမေး တတ်လာသည် 

အစိမ်းသေ..
အဲလို ပြောလျှင် ရိုင်းသွားမည်လား မသိ။ ကျွန်တော် ပြောချင်တာက ရုတ်တရက် သေဆုံးသွားတဲ့ လူများရဲ့ ရုပ်အလောင်းများကို ရည်ညွန်းခြင်းသာ ဖြစ်သည်။ ထိုသို့ ရည်ညွန်းမည် ဆိုလျှင်  တိုတိုနှင့် လိုရင်း သုံးလို့ရသည်က ဤဝေါဟာရ  တစ်ခုကိုသာ ကျွန်တော်သိသည်။ ထို့ကြောင့် အစိမ်းသေဟု သုံးစွဲခြင်းဖြစ်သည်။ တကယ်တော့ အစိမ်းပဲ သေသေ အကျက်ပဲ သေသေ။ လူတိုင်း လူတိုင်း တစ်နေ့ မဟုတ် တစ်နေ့တော့ သေရဦးမည် မဟုတ်ပါလား.... 

ကျွန်တော် ငယ်ငယ်က နွေရာသီ ကျောင်းပိတ်ရက်တွေမှာ အမေ့ ဇာတိမြို့လေးဖြစ်သည့် အင်းတော်က  အဖိုး အိမ်တွင် သွားနေလေ့ရှိသည်။ အဖိုးအိမ်သည် ဆေးရုံနှင့် နီးသည်။  ဆေးရုံသည် ကျွန်တော်တို့ ရေသွားသွားချိုးနေကြ သဲချောင်းလေး နားတွင်ရှိသည်။ ချောင်းသို့ ရေသွားသွားချိုးတိုင်း ဆေးရုံရှေ့မှ ဖြတ်သွားရပြီ.. ရင်ခွဲရုံသည် ချောင်းနှင့် အနီးဆုံးနေရာတွင် ရှိသည်။ အင်းတော်မြို့သည် ယင်းဒေသတွင် တော်တော်ကျယ်သော မြို့နယ်တစ်ခုဖြစ်ပြီး နဘား၊ မဲဇာ၊ ဆယ်ရွာ၊ မော်လူး၊ နန့်စီးအောင် အစရှိသော မြို့များမှ ရန်ဖြစ်လို့ပဲ သေသေ ကားတိုက်လို့ပဲ ရထားတိုက်လို့ပဲ သေသေ ရေနစ်လို့ပဲ သေသေ အစိမ်းသေ မှန်သမျှ အင်းတော် ဆေးရုံ ရင်ခွဲရုံသို့ လာပို့ရသည်။ ရင်ခွဲရုံသို့ လူသေအလောင်း ရောက်တယ်လို့ ကြားသည်နှင့်  ကျွန်တော်တို့ ကလေးတစ်သိုက် သွားသွားကြည့်ဖြစ်ကြသည်။

တစ်ချို့က ရထားကြိတ်ထားလို့ ခေါင်းပြတ်နေသည်။ တစ်ချို့က ဓားထိုးခံရလို့ အူတွေ အခွေလိုက် အပြင်မှာ ထွက်နေသည်။ တစ်ချို့ကတော့ ဘာဒါဏ်ရာမရှိပဲ သေနေသည်။ တစ်ကြိမ်ဆိုလျှင် ကျွန်တော်တို့ ရေချိုးနေကြ သဲချောင်းလေးဘေးက မန်ကြီးပင်မှာ လူတစ်ယောက် ကြိုးဆွဲချသေသည်။ အလောင်းက ကမ်းနဖူးမှာ ထိုင်လျှက်အနေထား ငုတ်တုပ်ကြီး.. ကြိုးက မန်ကြီးပင်မှာ တန်းလန်း။ ငယ်ငယ်တုန်းကတော့ ကလေးမို့လို့ ကြောက်ရကောင်းမှန်းမသိ။ ဘာပဲဖြစ်ဖြစ် သွားကြည့်လိုက်သည်။ လူကြီးတွေ မောင်းထုတ်လျှင် ပြန်ပြေးလာလိုက်သည်။

ငါးတန်း ခြောက်တန်းလောက် အရွယ်ရောက်တော့၊ ကျွန်တော်တို့မြို့မှာ ကားတိုက်မှု တစ်ခုဖြစ်သည်။ အတိုက်ခံရသည် ကောင်လေးက ကျွန်တော်တို့ကျောင်းက ကျွန်တော့်ထက် တစ်တန်းပဲ ငယ်သည်။ သူ့အမေ မန္တလေးမှာ ခေါဆီ(တစ်ချို့ဒေသတွင် ခေါပုတ်ဟုခေါ်သည်) သွားရောင်းတာကို ဘူတာကို လိုက်ပို့ပြီး အပြန်မှာ သစ်လုံးကားက ဘေးက ဖြတ်သွားစဉ် စက်ဘီးလှဲပြီး သူ့ခေါင်းက ကားဘီးအောက် ရောက်သွားခြင်းဖြစ်သည်။  ကျွန်တော်သွားကြည့်တော့ သူက ကျောင်းစိမ်း ဝတ်စုံးလေးကို ဝတ်ထားသည် သူ့အလောင်း ပတ်ပတ်လည်ကို ထုံးဖြင့် စည်းတားထားသည်။ ခေါင်းက ကြေမွနေပြီ။ ငယ်ငယ်တုန်းက အလောင်းတွေ သွားသွားကြည့်တာ ဘာစိတ်ခံစားမှုမှ မရှိခဲ့ပေမယ့် ဒီတစ်ကြိမ်းတော့ စိတ်ထဲမှာ ကြောက်သလိုလိုရှိလာသည်။ သူနှင့် ကျွန်တော် မသိသော်လည်း တစ်ကျောင်းတည်းက ကျောင်းသား ဖြစ်နေတာကြောင့် ကျွန်တော့်နောက်ကိုများ သူ့ဝိဥာည်တွေ လိုက်လာလေမလားဆိုပြီး သံသယ ဖြစ်မိသည်။ ညရောက်တော့ မျက်လုံးကို ဘယ်လို ပိတ်ပိတ် မျက်စိထဲမှာ သူ့အလောင်းကြီးကိုပဲ သွားသွားမြင်နေမိသည်။ ပြီးတော့ တစ်ဖြည်းတစ်ဖြည်း ကြောက်လာသည်။  နောက်ပိုင်းမှာလည်း သွားသွားကြည့်ဖြစ်သည်။ ကြည့်နေတုန်းမှာ မကြောက် ညဘက် အိပ်တော့မှာ အလောင်းတွေကို မျက်စိထဲ ပြန်ပြန်မြင်မိပြီး ကြောက်လာခြင်း ဖြစ်သည်။ သို့ပေမယ့် ညခါမှ ကြောက်ရော နေ့ခင်းဘက်မှာတော့ သွားသွားကြည့်ဖြစ်နေတုန်း။

သည်လိုနှင့် သတင်းထောက် ဖြစ်လာတော့ on the spot သေသွားတဲ့ လူအလောင်းတွေက မမြင်ချင်မှ အဆုံးဖြစ်လာသည်။ ပထဆုံး မှတ်မှတ်ရရ ကျွန်တော် သတိထားမိတာက မေလ ၇ ရက်နေ့  ဗုံးသုံးလုံး ဆက်တိုက်ကွဲတဲ့ ဖြစ်စဉ်။ အဲဒီနေ့က ကျွန်တော်က ပုစွန်တောင်မြို့ ကုန်သွယ်မှု ဗဟိုဌာနမှာ လုပ်နေတဲ့ ထိုင်းကုန်စည် ပြပွဲမှာ။  ကျွန်တော်က မြေညီထပ်မှာ၊ ဗုံးကွဲတာက ဒုတိယ ထပ်မှာ။ ကျွန်တော် တက်ကြည့်ဖြစ်တော့ တစ်ယောက်က ခါးတစ်ပိုင်းပြတ်လျှက်သား ကြမ်းပြင်ပေါ်မှာ တည်နေသည်။ တစ်ချို့တွေက တုံးလုံး ပက်လက်။ အဲဒီနေ့က ရန်ကုန်မြို့ ဒဂုံစင်တာက စီတီးမတ်၊ ရှစ်မိုင်ဂျန်းရှင်းအိတ်က စီးတီးမတ် ဆိုင် အပါဝင် သုံးနေရာ ဗုံးကွဲခဲ့ပြီး လူတစ်ဆယ့်တစ်ယောက် သေသွားသည်ဟု သိရသည်။

၂၀၀၈ မေလ ၂ ရက်မှာ နာဂစ်ဖြစ်သည်။ ကျွန်တော်တို့ လပွတ္တာ ရောက်သွားတာက မေလ ၇ ရက်။ မြို့အပြင် ထွက်လိုက်တာနဲ့ အလောင်းတွေ ဆိုတာတော့ ဓာတ်ပုံတွေထဲမှာ မြင်ဖူးကြတဲ့ အတိုင်း အဖွေးသား။ ညအိပ်တော့ အလောင်းတွေက ကိုယ့်ပတ်ဝန်းကျင်မှာ၊ အပုတ်နံ့တွေက ဘာနံသလဲ မပြောနှင့်။ အစပိုင်းရက်တွေမှာ ညအိပ်ရတာ ကြောက်သလို ရှိသော်လည်း ကြာလာတာနှင့် အမျှ ယဉ်ပါးလာပြီး ဘယ် အလောင်းကို ကြောက်ရမှန်းမသိတော့ပေ။ ထိုစဉ်က စပြီး လူသေ အလောင်းတွေကို ကြောက်လည်း မကြောက်တော့သလို သေချိန်တန်လို့ သေတာပဲဟုသာ စိတ်ထဲမှာ ခပ်အေးအေး တွေးထားလိုက်တော့သည်။

နောက်တော့ ရခိုင်မှာ ပြသနာဖြစ်သည်။ ပထမ အကျော့ဖြစ်စဉ်က အလောင်းတွေ သိပ်များများစား မျက်မြင် ကိုယ်တွေ့ မတွေ့ခဲ့ပေမယ့် ဒုတိယအကျော့ ဖြစ်စဉ်မှာတော့ ကိုယ့်မျက်စိအောက်မှာပဲ အသက်ထွက် သွားသူတွေကို မြင်ရသည်။ အဲဒီနေ့က ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၅ ရက် ကျောက်တော်မြို့မှာ အချိန်က ညရှစ်နာရီခန့်။ ကျွန်တော်တို့ ကျောက်တော် ဆေးရုံကို ရောက်ပြီ ဆိုတာနှင့် တစ်ပြိုင်နက် သေနတ်ဒါဏ်ရာရ လူနာတွေကို ဟိုင်းလဒ်ကား တစ်စီးနဲ့ အခေါက်ခေါက် အခါခါ သယ်လာကြသည်။ ဘယ်နေရာက သယ်လာတာလဲ မေးကြည့်တော့ လှေဆိပ်က သယ်လာသည်ဟုသာ သိရသည်။ ကားတစ်စီးတစ်စီးမှာ လူနာလေးငါး ခြောက်ယောက်ထက် မနည်း။ အကုန်လုံး သေနတ်ဒါဏ်ရာ ရလာကြသူများဖြစ်သည်။  ညနေ သုံးနာရီခန့်က ဖြစ်ပွားခဲ့သော ပစ်ခတ်မှု ဖြစ်စဉ်။ ညရှစ်နာရီမှ ဆေးရုံရောက်လာသည်။ တစ်ချို့တွေက လမ်းမှာကတည်းက သေနှင့်ပြီးဖြစ်သည်။ တစ်ချို့တွေက မသေသော်လည်း သွေးလွန်နေကြပြီ။ တစ်ယောက်ကတော့ ဆေးသွင်းဖို့ လုပ်နေတုန်းမှာ အသက်ထွက်သွားသည်။ အဲဒီတုန်းက တစ်စုံတစ်ယောက်ကို စိတ်ထဲက အပြစ်တင်နေမိတာကလွဲရင် လူသေတွေပေါ်မှာ ခံစားချက် သိပ်မရှိ။

တစ်ရက်မှာ သူငယ်ချင်းတစ်ယောက်က သေသွားပြီဟု သိရသည်။ သူသေသွားတာလည်း မသိလိုက်သလို သင်္ဂြိုလ်လိုက်တာလဲ မသိလိုက်။ သူ့ကို သဂြိင်္ုလ်ပြီး နောက်နေ့မှ သိရသည်။ သူက တစ်ခြားလူ မဟုတ် ကျွန်တော် အခုလက်ရှိရေးနေတဲ့ ဘလော့ဂ်လေးကို မြန်မာစာ ဖောင့်ရအောင် သွင်းပေးတဲ့လူ။   သဘောကောင်းပြီး ကူညီတတ်တာတော့ အထူးစာဖွဲ့ပြီး ပြောနေဖို့မလို။ သူက နက်ဝပ်ကြိုးတပ်ရင်း တိုက်ပေါ်က ပြုတ်ကျသေသွားတာ။ ဖြစ်မှ ဖြစ်ရလေကွာလို့ တွေးရင်းက.. ကျွန်တော် တောင်စဉ်ရေမရ လျှောက်စဉ်းစားဖြစ်သည်။

နောက်တော့ မိတ္ထီလာဖြစ်စဉ်....
ကျွန်တော် မြို့ထဲရောက်တော့... မီးခိုးလုံးကြီးကို ခပ်ခပ်ဝေးဝေးကပင် မြင်နေရပြီ။ မီးခိုးလုံးကြီး ထွက်နေရာ နေရာကို ကားကို ဦးတည်မောင်းခိုင်းရသည်။ မီးလောင်သည့် နေရာကို ရောက်ပြီ ဆိုသည်နှင့် ကျွန်တော် ကားပေါ်က ခုန်ဆင်းကာ မီးလောင်ပြင်ရှိရာဆီသို့ ဦးတည် ပြေးခဲ့သည်။ မီးလောင်နေသည့် နေရာရောက်တော့ ကျွန်တော့်ကို လူတွေက မေးကြသည်။ ဘယ်ကလဲဘယ်သူလဲ အစရှိသဖြင့်။ ကျွန်တော် သတင်းထောက်ပါ ဓာတ်ပုံလာရိုက်တာ ဆိုတော့။ အဲဒါဆိုရင် လူသေအလောင်းတွေ ရိုက်မလား လိုက်ပြမယ်ဟု ခေါ်သည်။ ကျွန်တော်က လိုက်ခဲ့မည်ဟု ဆိုကာ ထိုလူများနှင့် လိုက်သွားသည်။  အလောင်းတွေကို ဟိုနားတစ်စု ဒီနားတစ်စု မီးပုံရှို့ထားတာ မြင်ရသည်။  ကျွန်တော့်ကို လိုက်ပို့သော ဦးလေးကြီးက ပြောသည် ဒီမီးက ဒီမှာတင် မငြိမ်းဘူးတဲ့.... သူဆိုလိုချင်တာကို ကျွန်တော် သဘောပေါက်သည်။ ဒီဖြစ်စဉ်ကို သုံးသပ်ကြည့်ပြီး ကျွန်တော်တို့ နိုင်ငံရဲ့ အနာဂတ်ကို ဥာဏ်မှီသလောက် မျှော်မှန်းကြည့်လိုက်တော့ ကျွန်တော် ရင်မောပါသည်။  ကျွန်တော်တို့ နိုင်ငံကိုလည်း ရဝမ်ဒါလို လူရှစ်သိန်း ကျော်သေတဲ့ နိုင်ငံ ဖြစ်မလာပါစေနဲ့ လို့သာ ဆုတောင်း လိုက်မိသည်။

7 Days in Myanmar ဆိုတဲ့ ဓာတ်ပုံ စာအုပ်အတွက် ကျွန်တော် လွိုင်ကော်မှာ ဓာတ်ပုံသွားရိုက်ရသည်။ လွိုင်ကော် ရန်ကုန် လေယာဉ်က တစ်ပတ်မှာ နှစ်ရက်ပဲ ရှိသည်။ ကျွန်တော် ပြန်မည့်နေတွင် လေယာဉ်မရှိ တာကြောင့် လွိုင်ကော်ကနေ ဟဲဟိုးကို ပြန်လာပြီး ဟဲဟိုးမှတစ်ဆင့် လေယာဉ်ဖြင့် ရန်ကုန်ကို ပြန်လာရန်ဖြစ်သည်။ ဟဲဟိုးမှ နောက်နေ့ လေယာဉ်စီးရမည် ဖြစ်သောကြောင့် ကလောမြို့မှာ အိပ်ဖို့ ဆုံးဖြတ်လိုက်သည်။ ကလောမြို့သည် နာမည်ကျော်သလောက် တကယ်နေလို့ ထိုင်လို့ ကောင်းသော မြို့လေး တစ်မြို့ဖြစ်သည်။   တောင်ပေါ်က ဟိုတယ်တစ်ခုမှာ ကျွန်တော် အခန်းယူလိုက်သည်။ နေဝင်သွားတော့ သိရိလိင်္ကာ နိုင်ငံသား ဒါ့ခ်ျလူမျိုး ဓာတ်ပုံဆရာတစ်ယောက်နှင့် မြို့ထဲတွင် ညစာစားရန် တောင်ပေါ်က ကားဖြင့်ဆင်းလာခဲ့သည်။  ရာသီဥတု အခြေနေက ညနေခင်းတွင် ဘာမှ မဖြစ်သော်လည်း ညရှစ်နာရီခန့်တွင် ရုတ်ချည်း မိုးတွေရွာကာ လေပြင်းတွေ တိုက်လာသည်။ တစ်မြို့လုံးလည်း မီးပျက်သွားသည်။  ကျွန်တော်တို့ နှစ်ယောက် ညစာစားပြီးချိန် ကိုးနာရီခွဲလောက် ရောက်တော့ ကားငှား၍ မရတော့ပေ။ လမ်းတွေမှာ လူတွေလည်း ရှင်းနေပြီ။ ဆိုင်တွေလည်း ပိတ်ကုန်ကြပြီ။ ထို့ကြောင့် စားသောက်ဆိုင်က ဆိုင်ကယ်တစ်စီးကို ငှားကာ နိုင်ငံခြားသားကို အနောက်မှ တင်ပြီး ဟိုတယ်သို့ ပြန်လာခဲ့သည်။

ကျွန်တော်တို့ ဆိုင်ကနေ စထွက်ခါမှ မိုးက ပိုသည်းလာသည်။ လေကလည်း ပိုပြင်းလာသည်။ တောင်တက်လမ်းအတိုင်း ဆိုင်ကယ်ကို နံပါတ်တူး ဂီယာဖြင့် တက်လာသည်။ နိုင်ငံခြားသားက ဝတော့ မိုးနဲ့လေကြားမှာ ဆိုင်ကယ်က နံပါတ်တူးဖြင့် ကောင်းကောင်း မတက်နိုင်တော့ပ။ ထိုအခါ ကျွန်တော်က နံပါတ်ဝမ်းကို နင်းလိုက်သည်။ လီဘာ အရှိန်တင်ထားစဉ် တူးကနေ ဝမ်းပြောင်းလိုက်တော့ ဆိုင်ကယ် အရှေ့ဘီးထောင်သွားသည်။  လီဘာကို ချက်ခြင်း လျှော့ချရသည်။ ကံကောင်းစွာဖြင့် ဆိုင်ကယ်လည်း မမှောက်သလို နိုင်ငံခြားလည်း ပြုတ်ကျမသွားပေ။  နောက်တော့ ကျွန်တော်တို့ ဟိုတယ်ကို ချောချောမောပင် ရောက်သွားသည်။

နောက်နေ့မနက် အိပ်ရာနိုးတော့ ကြားလိုက်ရသည့် သတင်းက မကောင်း... လေကြီးမိုးကြီးကျပြီး ရွှေတွင်းပြိုလို့ လူငါးဆယ်လောက် သေသွားသည် ဆိုသည်။  သို့နှင့် ကျွန်တော် ဆေးရုံသို့ သွားကြည့်ဖြစ်သည်။ ဆေးရုံရောက်တော့ ကလောမြို့နယ် ပြည်နယ်လွှတ်တော် အမတ် ရောက်နေပြီ။ သူရဲ့ ပြောကြားချက်ရ သေဆုံးသူများမှာ အယောက်ငါးဆယ် မဟုတ်ပဲ ၁၆ ယောက်သာ ဖြစ်ကြောင်း သိရသည်။ ထိုအချိန်တွင် လူတစ်ယောက်က လွှတ်တော် အမတ်ကို လာပြောသည်။ ကလော သုသာန်တွင် လူသေအလောင်းတွေ ရောက်နေပြီ မကြာမှီ မြေချတော့မည် ဟုဆိုသည်။ ထို့ကြောင့် လွှတ်တော် အမတ်နှင့် ကျွန်တော် ကလော သုသာန်သို့ သွားကြည့်ကြသည်။ သုသာန်ရောက်တော့ လူတစ်ချို့က ကျင်းတွေ တူးနေသည်။ လူသေ အလောင်းတွေရောဟု မေးတော့ ရင်ခွဲရုံမှာရှိသည်ဟု ဆိုသည်။ ကျွန်တော်နှင့် လွှတ်တော် အမတ်လည်း ရင်ခွဲရုံရှိရာဆီသို့ ထပ်သွားကြပြန်သည်။

ရင်ခွဲရုံထဲဝင်လိုက်တော့ တွေ့ပါပြီ။ စုစုပေါင်း အားလုံး အလောင်းကိုးလောင်း။ အားလုံးရဲ့ ခြေမလေးကိုယ်စီကို တွဲပြီး ကြိုးဖြူလေးတွေနဲ့ ချည်ထားသည်။ ထိုထဲတွင် သုံးနှစ်အရွယ်ခန့်ရှိ ကလေးလေး တစ်ယောက် အလောင်းလည်း ပါဝင်သည်။ ပတ်ဝန်းကျင်က ပြောပြချက်အရ သိရတာ သားအမိ နှစ်ယောက်စလုံး သစ်ပင်ပိ သေသည်ဟုဆိုသည်။ တစ်ချို့ အလောင်းတွေမှာက မြေကြီးနီနီတွေ ပေကျံနေသည်။ ထိုလူများကတော့ ရွှေတွင်းထဲမှာ ပိတ်မိပြီး သေသွားကြသူများ ဖြစ်ဟန်တူသည်။ ကျွန်တော် ထိုသို့ အလောင်းများကို ဓာတ်ပုံ ရိုက်နေရင်း ခါတိုင်းနှင့် မတူသော ခံစားချက်များ ဝင်လာသည်။  လူသေ အလောင်းတွေကို ဓာတ်ပုံရိုက်တာ ကြာလာတာနှင့်အမျှ ဘယ်နေ့ ငါ့နေ့လည်းဟု မေးမေး တတ်လာသည်။ ကျွန်တော် မမေ့ပါ ကျွန်တော်လည်း တစ်နေ့ သေရမည်။ ကျွန်တော်လည်း လေကြီးမိုးကြီးကျချိန်က အပြင်မှာ ရှိနေခဲ့သည်။ တောင်အတက်မှာ ဆိုင်ကယ် ရှေ့ဘီးထောင်သွားစဉ်က လမ်းချော်မှောက်ပြီး သေသွားနိုင်သလို.. သစ်ပင်ပြီး တစ်ပင်ကိုယ့် အပေါ်ကို ကျိုးကျပြီး သေသွားနိုင်သည်။ 

ခြေထောက်မှာ ရွှံ့လေးတွေ ပေနေသော လူသေအလောင်းကို ဓာတ်ပုံရိုက်ရင်း ကျွန်တော် သေမလို ဖြစ်ခဲ့သော ဖြစ်ရပ်များကို ပြန်သတိရမိသည်။ အရှိန်ဖြင့် မောင်းနေသော ရထားပေါ်က ကျွန်တော် ပြုတ်ကျဖူးသည်။ ထိုစဉ်က ကိုးတန်း ကျောင်းသား ကံကောင်းလို့ ရထားဘီးအောက် မရောက်ခဲ့။ ငယ်ငယ်က ခဏခဏ ရေနစ်ဖူးသည်။ ဘေးလူတွေ ကယ်လို့ အသက်မသေခဲ့။ အုန်းပင်ပေါ်က တစ်ခါ ခြေချော် ကျဖူးသည်။ ဆွဲမိဆွဲရာ ဆွဲလိုက်တော့ အုန်းပင်မှာ တန်းလန်းဖြစ်သော အုန်းလက်ကို ကိုင်မိထားလို့ လူက အုန်းလက်နှင့်အတူ တန်းလန်းဖြစ်နေပြီး အောက်သို့ ပြုတ်မကျခဲ့ပေ။ ပြုတ်ကျလျှင် အောက်မှာ ခြံစည်းရိုး ဝါးချွန်တွေ အသက်ရှင်လမ်း မမြင်။ သို့ရာတွင်  သေနေ့ မစေ့သေးလို့ သူလို မသေခဲ့သေး..

မနေ့က  ကျွန်တော့်လိုပဲ သူ အသက်ရှိနေသေးသည်..  ကျွန်တော်လိုပဲ ထမင်းစားနေသေးသည်

အခု သူမရှိတော့ဘူး... သူဒီနေ့ သေမယ်ဆိုတာ မနေ့က ကြိုသိခဲ့ပါ့မလား.........

တကယ်လို့ သူနေရာ ကျွန်တော် ဆိုလျှင်... 


မနက်ဖြန်မှာ သေမယ်ဆိုတာ ကြိုမသိရဘဲနဲ့ သေသွားခဲ့လျှင်..



  ထိုသို့ ထိုသို့ စဉ်းစားမိသော အချိန်လေးများမှာ မနက်ဖြန်အတွက် မိသားစုအတွက် ကမ္ဘာမြေကြီးအတွက်... တန်ဖိုးရှိတဲ့ လူတစ်ယောက် ဖြစ်ချင်မိလာမိသည်။ 


စိုးဇေယျထွန်း 


12: 31 AM 
 11.5.2013







Read More...

Friday, April 26, 2013

မီးခြစ်စက် နှင့် ဂျပန်ခေတ်က လက်နက်တိုက်



 နေဝင်ချိန်မှာ ဆော့နေကြတဲ့ ကလေးတွေ

မီးခြစ်စက်ဆိုတာ ရန်ကုန် တစ်ဖက်ကမ်း သမ္မတ ကမ်းခြေကနေ ဆိုင်ကယ်နဲ့ မိနစ် နှစ်ဆယ်လောက် မောင်းရတဲ့ ရွာလေးပါ... ဂျပန်ခေတ်က လက်နက်တိုက်ကတော့ အဲဒီရွာ သွားတဲ့ လမ်းဘေး မှာရှိတာ... ရန်ကုန်မှာနေတဲ့ လူတော်တော်များများ အဲဒီရွာလေးနဲ့ အဲဒီ လက်နက်တိုက် အကြောင်း သိတဲ့လူ တော်တော် ရှားပါလိမ့်မည်....

“ အရင်က ဒီရွာနေရာမှာ မီးခြစ်စက်ရုံ ရှိတယ် အဲဒါကြောင့် ဒီရွာနာမည်ကို မီးခြစ်စက်ရုံလို့ ပေးခဲ့တာ” ကျွန်တော့်ကို လိုက်ပို့သည့် ဆိုင်ကယ် ကယ်ရီသမားက ပြောသည်။  ရွာလေးသည် အိမ်ခြေတစ်ရာ ပတ်ဝန်းကျင်ခန့်ရှိပြီး  မြစ်ဆိပ်ကမ်းဘက် ထွက်ကြည့်လိုက်လျှင် သီလဝါ ဆိပ်ကမ်းကို လှမ်းမြင်နေရသည်။  ရွာထဲမှာ သောက်ရေကန် နှစ်ကန်ရှိပြီး ရေချိုမထွက်သည့် ထိုရွာအတွက်တော့ ထိုကန်ကိုသာ အဓိက အားထားရသည်။ ရွာထဲက လမ်းလေးကိုတော့ ကွန်ကရစ်တွေ ခင်းထားသည်။ ရွာလမ်းဆိုသည်ကလည်း အညာမှာလို လှည်းသွားလို့ရအောင် ကျယ်သည့် လမ်းမျိုးမဟုတ် လေးပေသာသာ လမ်းကျဉ်း 
လေးများသာ  ဖြစ်သည်။


မြစ်ကမ်းက အုတ်ခုံမှာ အေးအေးလူလူ ထိုင်နေတဲ့ ကလေးတစ်ယောက်

ကျွန်တော်ဒီရွာလေးကို ရောက်ဖြစ်ခဲ့ပုံက ဓာတ်ပုံရိုက်ဖို့ လျှောက်သွားကြည့်ရင်း ရောက်ဖြစ်ခဲ့ခြင်းဖြစ်သည်။ ရန်ကုန်နား ပတ်ဝန်းကျင်က ဆင်းရဲသားရပ်ကွက် ချို့တဲ့သည့်ရွာ တော်တော်များများကို ကျွန်တော်ရောက်ဖူးပါသည်။ သည်ရွာကတော့ အများစုက ဆင်းရဲကြပေမယ့် အခြား ဆင်းရဲသား ရပ်ကွက် တွေလို  ဖြစ်ကတတ်ဆန်း တဲတစ်လုံးနှင့် တစ်လုံး ပြွတ်သိပ် နေအောင် ဆောက်ထားခြင်း မျိုးမဟုတ်။  ကွန်ကရစ်လမ်း  သူ့ဝင်းသူ့ခြံနှင့် အိမ်လေးတွေက တစ်လုံးက သီးသီးသန့်သန့်နှင့် သပ်သပ်ရပ်ရပ်ရှိသည် ကိုသတိထားမိသည်။ 


 မြစ်ဆိပ်မှာ ရေချိုးနေကြသူများ

ရောက်သွားသည့် အချိန်က နောက်ကျသည့်အတွက် ဓာတ်ပုံ အများကြီး ရိုက်ဖို့ အချိန်မရ။ ရောက်ပြီး သိပ်မကြာမီ နေ ဝင်သွားသည်။  နောက်မှ တစ်ခါပြန်လာဦးမည်ဟု တွေးကာ ရန်ကုန် ဘက်ကမ်းသို့
 ပြန်လာခဲ့ရသည်။ ပထမကြိမ် ရောက်ဖြစ်တာက ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ဖြစ်သည်။  ယခု တစ်ခေါက် ထပ်ရောက် ဖြစ်သည်က မတ်လ။ နိုဝင်ဘာကတော့ ဆောင်းဝင်စကာလဖြစ်တာ ကြောင့်မြူလေးတွေ ရှိသည်။ မိုး ကုန်ပြီးခါစ ဖြစ်ကြောင့် လမ်းတစ်လျှောက်မှာ ဖုန်တွေ သိပ်မရှိလှ။ ဒီတစ်ခေါက်သွားဖြစ်တော့ မတ်လ။  ရောက်ပြီးခါမှ နေဝင်သွားမှာ စိုးတာကြောင့် စောစော ထွက်လာခဲ့မိသည်။  သမ္မတ ဆိပ်ကမ်းမှ ယင်းရွာသို့ အရောက်သွားရာ လမ်းမှာ လွင်တီးခေါင်။ ပူလိုက်သည့်နေက ပြောဖွယ်ရာမရှိ။


လှေမောင်းတဲ့ ကောင်လေး


ကျွန်တော် ရောက်သွားတော့ ရွာလေးရဲ့ ကမ်းနားလမ်း တစ်လျှောက် ဓာတ်ပုံလိုက်ရိုက်ဖြစ်သည်။ အဲဒီမှာ ထူးထူးခြားခြား တွေ့ရတာက ကလေး တစ်ယောက်က စက်လှေတစ်စီးကို ကျွမ်းကျွမ်း ကျင်ကျင် မောင်းကာ လှေကို ကမ်းမှ  ကပ်လိုက် ခွါလိုက်နှင့် ကစားနေသည်။ ကျွန်တော့် စိတ်ထဲတွင် ဒီကလေး တယ်ဟုတ် ပါလားလို့ တွေးကာ လက်ယပ် ခေါ်လိုက်သည်။ ကျွန်တော် လက်ရပ်   ခေါ်တာ   မြင်တော့  ကျွန်တော် ရှိရာဆီသို့ ဦးတည်မောင်းကာ ကမ်းကပ်လာသည်။ 

ကောင်လေး မင်းဘာလုပ်နေတာလဲလို့ မေးတော့။ လှေမောင်းနေတာတဲ့။ အသက် ဘယ်လောက်ရှိပြီလဲ ဆိုတော့ ရှစ်နှစ်တဲ့။ မင်းကျွမ်းကျွမ်းကျင်ကျင် မောင်းတတ်လား ဆိုတော့ မောင်းတတ်တာပေါ့တဲ့။
 မြစ်လယ်မှာ ကျားပိုက် တန်းနေတဲ့ လှေတွေ လိုက်ပို့ပေးမလားဆိုတော့။  ရတယ်တက်တဲ့။  အဲဒါနဲ့ လှေပေါ်ကို တက်လိုက်လာသည်။  ကျွန်တော်နဲ့  ရန်ကုန်က လိုက်လာတဲ့ သူငယ်ချင်းက
 လှေ ပေါက်စလေးနဲ့  လှေမောင်းသူ  ကလေးကို ကြည့်ပြီး ဟေ့လူ ဖြစ်ပါ့မလားတဲ့။  
ဖြစ်ပါတယ်ဟု ပြောကာ လှေကို မြစ်လယ်ဆီသို့ ဦးတည် ထွက်လာခဲ့သည်။ 
 လှေက ခပ်သေးသေးဖြစ်ဖြစ်ပြီး ငါးပိုက်ချသည့် လှေဖြစ်သည်။     လှေ သေးလေးပေါ်မှာ ငါးဖမ်းပိုက်တွေ အပြည့်တင်ထားသည်။ ကျွန်တော်ကငါး ဖမ်းပိုက်ပုံပေါ်က ထိုင်လိုက်ရသည်။ ထိုင်နေရင်း လှေဦးကို လှမ်းကြည့်လိုက်တော့ လှေက အကောင်းမဟုတ်။  ပေါက်နေသည်။ ပေါက်နေသည့်နေရာကို ရွှံ့နှင့်ဖာထားသည်။ ထိုဖာသောနေရာမှ ရေများ စိမ့်ဝင်နေသည်။  ရေတွေ စိမ့်ဝင်တာတော့ မြင်တော့ လူက မျက်လုံးပြူးလာသည်။    အကယ်၍ လှေနစ်သွားလျှင်.. ကျွန်တော် ရေကူးတတ်သည် ဆိုပေမယ့် ရန်ကုန်မြစ်လို မြစ်ပြင်ကျယ်ကြီးထဲမှာ ကမ်းရောက်အောင် ကူးနိုင်လိမ့်မည်မဟုတ်။

ငါးဖမ်းပိုက်တွေကတော့ ရေပေါ် ပေါ်လိမ့်မည်ထင်သည်။ အကယ်၍ လှေနစ်သွားလျှင် ယင်းငါးဖမ်း ပိုက်များကို အားကိုးရမည်။  သို့ပေမယ့် ငါးဖမ်းပိုက်တွေ ရေပေါ်မှာ ပေါ်မပေါ်  မသေချာ..
 လှေမောင်းသည့် ကောင်လေးကို သေချာအောင် မေးကြည့်မိသည်။  မပေါ်ဘူးတဲ့။  စိတ်ကူး  ထဲမှာတော့
 တွေးလိုက်သည်။ သေပြီဆရာပေါ့။ ကမ်းကို လှမ်းကြည့်လိုက်တော့ ကျွန်တော်နဲ့ ရန်ကုန်ကလိုက်လာသည့်
 သူငယ်ချင်းက ကျွန်တော့်ကို ကင်မရာနှင့် ချိန်ထားသည်ကို   ပြပြလေး  မြင်ရသည်။ လှေမြုပ်လို့ကတော့ အပီရိုက်မည့်ပုံမျိုး။  လှေဝမ်းပေါက်နေတာကို  ဒီတိုင်း  ထိုင်ကြည့်နေလို့တော့ မဖြစ်တော့ပေ။ ထို့ကြောင့် ခွက်လေးကို ကိုင်ကာ လှေဝမ်းထဲ ဝင်လာသည့် ရေများကို ခပ်ထုတ် နေရသည်။



ကျားပိုက် ထောင်နေတဲ့ လှေ 

ဒီရေတက်နေချိန် ဖြစ်သောကြာင့် မြစ်လယ် ကျားပိုက်တန်းသည့် လှေများကို သွားရသည့်  အသွား ခရီးသည် ရေဆန် ဖြစ်နေသည်။  ဆယ်မိနစ်သာသာ လောက်မောင်းပြီးတော့ မြစ်လည်က
 ကျားပိုက် တန်းသည့် လှေနားကို ရောက်လာသည်။  ကျွန်တော် စီးလာသည့် လှေလေးနှင့် ကျားပိုက် တန်းနေသည့် လှေများကို တွဲချည်ဖို့ ကပ်နေတုန်းမှာ ကျွန်တော်တို့လေက ရုတ်တရက် စက်ရပ် သွားသည်။ မြစ်လယ်တွင် ရေစီးကြမ်းသည်။ စက်ရပ်သွားသည်နှင့် တစ်ခါတည်း ရေစီးနှင့်အတူ ကျွန်တော် တို့လှေ မျောပါ သွားသည်။ လှေ မောင်းသည့် ကလေးက ရပ်သွားသည့် စက်ကို ပြန်နှိုးနေသည်။ စက်က နိုးမလာ..။ ကောင်လေး ဆီကုန်သွားတာလားလို့ မေးတော့ မဟုတ်ဘူးတဲ့။ ဘာဖြစ်တာလဲဆိုတော့ မသိဘူးတဲ့။ ရှင်းသွားပဲ။ လှမ်းကြည့်လိုက်တော့ ကျားပိုက် တန်းသည့် လှေတွေနှင့်  ကျွန်တော် တို့  လှေလေးက တော်တော် ဝေးသွားပြီ။ ရေစီးက သန်သည်ကိုး။

နောက်တော့ စက်ပြန်နှိုးလာသည်။ ပြီးတော့ ကျွန်တော်တို့ လှေကလေး ကျားပိုက်  တန်းသည့်      လှေတွေဆီ  ပြန်ရောက်လာပြီး တွဲချည်လိုက်သည်။   ကျားပိုက်   တန်းသည့် လှေပေါ်တက်လိုက်သည်။
 ကောင်လေးကတော့ သူ့လှေ သေးသေးလေးထဲမှာ နေရစ်ခဲ့သည်။

ကျားပိုက်ဆိုသည်မှာ ဒီရေ အတက်အကျတွင် ဖြစ်ပေါ်လာသော ရေစီးကြောင်းတွင်  ဧရာမ
ပိုက်အိတ်ကြီးကို ချထားပြီး ငါးဖမ်းခြင်းဖြစ်သည်။  ကျွန်တော် လှေပေါ်ရောက်သွားတော့ လှေပေါ်ရှိ အဒေါ်ကြီးတစ်ယောက်နှင့် ဦးလေးကြီး နှစ်ယောက်စလုံးက ဝမ်းပန်းတသာ ကြိုကြသည်။ ကျွန်တော် သူတို့က မေးကြည့်တော့ သူတို့က တွံတေးဘက်မှ လာရောက် ငါးဖမ်းကြခြင်းဖြစ်သည်။ ဘာငါးတွေရပြီးလဲ ဆိုတော့ သိပ်မရသေးပါဘူးတဲ့။ ပုစွန်တွေရော ရှိလားဆိုတော့ ရှိတယ်တဲ့။ ဘယ်လိုရောင်းလည်း ဆိုတော့ တစ်သောင်းနှစ်ထောင်ဈေးတဲ့။ အဲဒါဆိုလည်း ငါးဆယ်သားဝယ်မယ်ဟု ပြောလိုက်တော့...   လတ်လတ် ဆတ်ဆတ် စားရအောင် စောစောကမှ မိထားတဲ့ အကောင်တွေ ပေးလိုက်မယ်... ဟုဆိုကာ မြစ်ထဲတွင် စိမ်ထားသော ပိုက်အိတ် သေးသေးလေးကို ဆွဲမလိုက်သည်။ ပုစွန်ထုပ် အရှင်ကောင်တွေ...  

ပုစွန်ထုပ် အရှင်တွေကို ယူသွားလို့ မဖြစ်။ အရှင်ကောင်တွေ ယူလာရင် အမေက စားလိမ့်မည်မဟုတ်။ ထို့ကြောင့် သေပြီးသားတွေပဲ ပေးဆိုတော့။   ရန်ကုန်က လာတာ မဟုတ်လား ဒီတိုင်း သယ်သွားလိုက်
 လမ်းမှာ သေသွားလိမ့်မယ်တဲ့။ အဲလို မလုပ်ပါနဲ့ ကိုယ့်လက်ထဲမှာ သေတာမျိုးလဲ  မလိုချင်ဘူး ဆိုတော့ ရေခဲရိုက်ထားသည့်  ပုစွန်ထုပ်များကို ထုတ်ပေးသည်။ ငါးဆယ်သားကို ပုစွန်ထုပ်ကြီး ကိုးကောင် ထည့်ပေးသည်။ ရန်ကုန်မှာ ဆိုလျှင် အဲဒါကို တစ်ပိသာဟု ပြောရောင်းလိမ့်မည် ထင်သည်။   ကျွန်တော်က ငွေခြောက်ထောင် ထုတ်ပေးလိုက်တော့  သူတို့က တော်တော်   ကျေးဇူးတင်ကြောင်း
 နောက်ကိုလည်း  လာခဲ့ဖို့ မှာကြသည်။  အဲဒီလှေပေါ်မှာ စိတ်ကြိုက်ဓာတ်ပုံ ရိုက်ပြီးတောာ့  မီးခြစ်စက်ရွာ ဘက်ကမ်းသို့ ပြန်လာခဲ့သည်။ အသွားခရီးက ရေဆန်ဖြစ်နေတော့ ဆယ်မိနှစ်သာသာ မောင်းရသော်လည်း အပြန်ခရီးက ငါးမိနှစ်ခန့်သာ ကြာသည်။ ကမ်းရောက်တော့ လှေမောင်းတဲ့ ကောင်လေးကို မင်းတော်တယ် နာမည် ဘယ်သူလဲဆိုတော့ မင်းအောင်တဲ့။ ကျွန်တော်သူ့ကို မုန့်ဖိုး တစ်ထောင်ပေးပြီး ရန်ကုန်ဘက်သို့ ပြန်လာခဲ့သည်။ 

အပြန်လမ်းမှာ ဂျပန်ခေတ်က လက်နက်တိုက် ဆိုတာကို ဝင်ကြည့်ဖြစ်သည်။ အရင်တစ်ခါ လာစဉ်ကတည်းက ယင်းနေရာတွင် လက်နက်တိုက်ရှိသည်ဟု ဆိုင်ကယ်သမားက ပြောခဲ့သော်လည်း မိုးချုပ်သွားသောကြောင့် ဝင်မကြည့်ဖြစ်ခဲ့။ အခုတစ်ခါတာ့ ကြည့်ဖြစ်အောင် ကြည့်ဦးမည်ဟု စိတ်ကူးပြီး ဝင်ကြည့်ဖြစ်ခဲ့သည်။ ဂျပန်ခေတ်က လက်နက်တိုက်သည် ကားလမ်းမှ ကိုက်သုံးရာလောက် အကွာတွင် ရှိပြီး လှမ်းကြည့်လိုက်လျှင် ကုန်းမို့မို့လေး တစ်ခုသာ မြင်ရသည်။ ယင်းကုန်းမို့မို့လေးကို ကျော်သွားတော့ အထဲမှာ အဆောက်ဦ အဟောင်လေးတစ်ခု။ အဆောက်အအုံမှာ ညောင်ပင်တွေ ပေါက်နေသည်။
 အဆောက်ဦကို အဝေးကနေ လှမ်းကြည့်လျှင် မမြင်နိုင်အောင် အဆောက်ဦ ပတ်ပတ်လည်တွင် ကုန်းမို့မို့လေးတွေ ဖြစ်အောင် ဖန်တီးထားသည်။ အထဲဝင်ကြည့်တော့ အဆောက်အအုံမှာ  အခန်း
နှစ်ခန်းရှိပြီး  အခန်းတစ်ခန်းလျှင် သီးခြား အပေါက်တစ်ပေါက်စီ ဖြစ်သည်။  ဒေသခံများ ယင်းအဆောက် အအုံကို အိမ်သာဟု သဘောထားသည်လားမသိ။ အထဲမှာတော့ ဟိုတစ်ပုံ ဒီတစ်ပုံ။ ပတ်ဝန်းကျင်က လူတွေကို မေးကြည့်တော့လည်း ဂျပန်ခေတ်က လက်နက်တိုက်လို့ ပြောတာပဲ ဟုသာ ပြောနိုင်ပြီး ဘယ်သူမှ ဂဃနဏ မပြောနိုင်ကြပေ...

စိုးဇေယျထွန်း
26 4 2013


 ဂျပန်ခေတ်က လက်နက်တိုက်





Read More...

There was an error in this gadget