ကျွန်တော် ဆူးလေးမှတ်တိုင်နားမှာ ဓာတ်ပုံရိုက်နေတုန်း ဘီအမ်ကားတစ်စီး
ဝင်လာသည်။ မှတ်တိုင်တွင် စောင့်နေသောလူများ ကားပေါ်သို့ ထိုင်ခုံနေရာ
ရရေးအတွက် အလုအယက် ပြေးတက်ကြသည်။ မိန်းကလေးများလည်း ပါသည်။
သက်ကြီးရွယ်အိုများလည်း ပါသည်။ အားကောင်းမောင်းသန်
ယောက်ျားများလည်းပါကြသည်။
ထိုမှ ရှေ့ဆက်လျှောက်ခဲ့ရာ...
မြို့တော်ခန်းမဘက်မှ
ဗန္ဓုလပန်းခြံဘက်ကို လမ်းဖြတ်ကူးနေခိုက်... ဆူးလေ ဘက်မှ မောင်းလာသော
ဘတ်စ်ကားတစ်စီးက မီးတောက်ပြီး အတင်းမောင်းလာသည်။ လမ်းဖြတ်ကူးနေသူ အားလုံး
လန့်ဖျပ်ကုန်ကြသည်။ တစ်ချို့က အရှေ့သို့ ရောက်အောင် ပြေးနှင့်ကြသည်။
တစ်ချို့က အလန့်တကြား နောက်သို့ ပြန်ဆုတ်ကြသည်။ အချို့ကတော့ တစ်ယောက်လက်
တစ်ယောက်ဆွဲကာ ကြောင်အမ်းအမ်းနှင့် ရပ်နေကြသည်။ အရှိန်ဖြင့် မောင်းလာသော
ထိုဘတ်စ်ကားသည် လမ်းမအလယ်တွင် ကြောင်အမ်းအမ်းနှင့် ရပ်နေသူများ ဘေးက ပွတ်ကာ
သီကာ မောင်းထွက်သွားသည်။
ကျွန်တော် ဘတ်စ်ကားကို ကြည့်ပြီး
တော်တော် ဒေါသထွက်သွားသည်။ ရန်ကုန်မြို့မှာ ဘတ်စကားတွေ
စည်းကမ်းအမဲ့ဆုံးဖြစ်သည်ကိုကား အထူးပြောဖို့ မလိုပြီ။ မထသ လည်းမနိုင်
မော်တော်ပီကယ်လည်း မနိုင်။ လူကူးမျဉ်းကျားမှာ လူအများ ကူးနေစဉ် အရှိန်ဖြင့်
တရပ်စပ် ကားများ ဝင်ဖြတ်မောင်းသည်ကို တွေ့ဖူးသည်က ဒါပထမဆုံး
အကြိမ်မဟုတ်တော့။ နေ့တိုင်း ဖြစ်သည်။ အမြဲတမ်းဖြစ်သည်။ ထုံးစံပင်
ဖြစ်နေချေပြီ။ ထိုကဲ့သို့ စဉ်းစားရင်းက စည်းကမ်း ဒီမိုကရေစီ နိုင်ငံ၊
လူ့အခွင့်အရေး အပြောင်းအလဲ အစရှိသဖြင့် တသီကြီး လျှောက်စဉ်းစားဖြစ်တော့သည်။
အပြောင်းအလဲ.....
အမေရိကန်
သမ္မတ အိုဘားမားသည် Change ဆိုတော့ စကားကို ရွတ်ဆိုရင်း သမ္မတ ဖြစ်လာသည်။
Change ဟု ကြွေးကြော်ခဲ့သည်က အမေရိကန်နိုင်ငံသားတို့ အလိုရှိသော
အပြောင်းအလဲတွေ လုပ်ဆောင်ပေးဖို့ ဖြစ်သည်။
ကျွန်တော်တို့
နိုင်ငံမှာလည်း အပြောင်းအလဲကို လိုချင်ကြသည်။ ကျွန်တော်တို့ နိုင်ငံက
လူတိုင်းကို သွားမေးကြည့်ပါ။ ဘာတွေ ပြောင်းလဲချင်တာလဲ... အားလုံးက
တညီတညွတ်တည်း ဖြေကြလိမ့်မည်။
စစ်အာရှင်စနစ်ကို ဒီမိုကရေစီ စနစ်အဖြစ် ပြောင်းချင်သည်.....
ဒါက
ကျွန်တော်တို့ နိုင်ငံသားတွေ အားလုံး လိုချင်ကြသော ဆန္ဒတစ်ခုဖြစ်သည်။
အခုအချိန်မှာ ဒီမိုကရေစီ ရနေပြီ၊ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေပြီဟု
ပြည်တွင်းမှာသာမက အချို့သော နိုင်ငံများကပါ အသိအမှတ်ပြုလာကြပြီ။ သို့ပေမယ့်
ပြည်တွင်းရော ပြည်ပက လူတွေကပါ ရာနှုန်းပြည့် အားရကြသည်မဟုတ်။ ဒီစနစ်ကို
ဒီထက်ကောင်းအောင် ထပ်ပြောင်းချင်ကြသည်။
ဆိုက္ကားသမားကစ ကမ္ဘာကျော်
နိုင်ငံရေးသမားကြီးများ အဆုံး ထပ်ကောင်းအောင် ပြောင်းချင်ကြမည်။ ကျွန်တော်
ကိုယ်တိုင်ရော စာဖတ်သူ ကိုယ်တိုင်းရော အားလုံးက ပိုကောင်းတဲ့
အပြောင်းအလဲကို လိုချင်ကြသည်။
လူတွေက အပြောင်းအလဲလို့ ပြောလျှင်
ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြီး ပြောင်းဖို့ လွတ်တော်ထဲက စစ်သား ၂၅ ရာနှုန်းကို
အရပ်သားတွေ အစားထိုးဖို့၊ အစရှိသဖြင့် များပြားလှစွာသော နိုင်ငံထဲက
ပြောင်းလဲဖို့ လိုအပ်သည့် အရာမှန်သမျှကို ပြေးမြင်ကြသည်။ ပြောင်းဖို့
ကြိုးစားကြသည်။ လတ်တလောမှာ ပြောင်းဖို့ ဖြစ်လာနိုင်တာတွေရှိသလို လတ်လောမှာ
မဖြစ်နိုင်သေးဘဲ အချိန်အများကြီး ယူရဦးမည့်ကိစ္စများလည်း ရှိပါလိမ့်မည်။
သို့ပေမယ့် ကျွန်တော်အပါအဝင် လူတော်တော်များများ မေ့နေကြတာက ကိုယ့်ကိုယ်
ပြောင်းလဲဖို့ ဖြစ်သည်။
ဒီမိုကရေစီ ရရှိရေးအော်ပြီး
လမ်းပေါ်မှာ အမှိုက်တွေ ပစ်လို့ကောင်းနေတုန်း
ယောက်ျားကြီးတန်မဲ့ ဘတ်စ်ကား တစ်စီး ဆိုက်လာလျှင် ထိုင်ခုံရရှိရေးအတွက် မိန်းကလေးများ နှင့်အပြိုင် တိုးဝှေ့ နေရာလုနေကြတုန်း...
လူကူးမျဉ်းကျားမှာ လူတွေကူးနေတုန်းမှာ ကားတွေကို အရှိန်လျှော့ရကောင်းမှန်းမသိ မောင်းနေကြတုန်း
ကွမ်းသွေးတွေကို တိုက်လှေခါး နံရံတွေမှာ မြင်မကောင်းအောင် ထွေးနေကြတုန်း
တစ်ယောက်ထက် ပိုတဲ့နေရာတွေမှာ တန်းမစီဘဲ တိုးဝှေ့နေကြတုန်း
တွေ့ကရာလူကို အဖြစ်မရှိဘူး ဘာမှ မလုပ်ပေးနိုင်ဘူးဟု ထိုင်ပြောရင်း ကိုယ့်ကိုယ် အဖြစ်လာရှိအောင် လုပ်ဖို့ သတိမေ့နေကြတုန်း...
ဒီမိုကရေစီအတွက်
ငြိမ်းချမ်းရေးအတွက် သဘာဝပတ်ဝန်းကျင်ကြီး မပျက်စီးဖို့အတွက်
ဆန္ဒပြလိုက်ကြသည်က အကြိမ်ကြိမ်။ ဆန္ဒပြပွဲပြီးသွားလျှင် ထိုနေရာတွင်
ဆန္ဒပြသူတို့ လွင့်ပစ်ခဲ့သော ရေသန့်ဘူးနဲ့ အမှိုက်များက ပွစာကြဲ။ တစ်ခုသော
ဆန္ဒပြပွဲတွင် ကိုယ်ပစ်ခဲ့သော အမိုက်များကို စည်းကမ်းရှိရှိ ပြန်ကောက်ဖို့
ဆန္ဒပြ ခေါင်းဆောင်တွေက ညွန်ကြားခဲ့တာ တွေ့ခဲ့ဖူးပေမယ့် ကျန်သော
ဆန္ဒပြပွဲများက ဒုံရင်းဒုံရင်း... ကိုယ်ပစ်တဲ့ အမှိုက်ကို
ကိုယ်ကောက်ရတယ်ဆိုတဲ့ အလေ့အကျင့်ရအောင် ကိုယ့်ကိုယ်ကိုတာင်
မပြောင်းနိုင်သေးတာ ဘယ်လိုလုပ်ပြီး နိုင်ငံတော်သမ္မကြီး၊ ဖွဲ့စည်းပုံ အခြေခံ
ဥပဒေကြီး၊ အစရှိသဖြင့်၊ သူတို့ ပါးစပ်ထဲက အော်နေတာတွေ ဘယ်လို
ပြောင်းကြမည်မသိ။
ကျွန်တော်ကိုယ်တိုင်လည်း ဘာကောင်မှ မဟုတ်ပါ၊
နိုင်ငံအတွက် တိုင်းပြည်အတွက် ဘာမှ မလုပ်ပေးနိုင်သေးပါ။ ဒါပေမယ့် ကျွန်တော်
ခံယူထားတာတော့ ကိုယ်ကိုယ်တိုင်က ဒီမိုကရေစီကို လိုချင်လျှင်၊ ကိုယ်တိုင်က
အပြောင်းအလဲကို လိုချင်လျှင်.... ကိုယ်ကိုယ်တိုင်လည်း
အကျင့်စရိုက်ဆိုးတွေကို အကျင့်စရိုက် ကောင်းတွေ အဖြစ် ပြောင်းလဲရပါလိမ့်မည်။
Tuesday, May 21, 2013
အပြောင်းအလဲ
ရေးသားသူ
စိုးဇေယျထွန်း
ရေးသားချိန်
1:01 AM
1 comment:
သေချာတာပေါ့ ကိုစိုးဇေယျထွန်းရေ။ လူတစ်ဦးချင်းဆီကနေ ပြုပြင်သွားရမှာ၊ အဓိကကတော့ တစ်ဦးတစ်ယောက်ချင်းဆီကနေ ရှက်တတ်တဲ့စိတ်ပဲ။ မကောင်းတာလုပ်တာကို ရှက်တတ်တဲ့စိတ်ရှိရမယ်။ ခက်တာက တိုင်းပြည်အုပ်ချုပ်ခဲ့တဲ့ နှစ် (၅၀)ကျော်ကာလအတွင်းမှာ အုပ်ချုပ်သူတွေကိုယ်တိုင်က စည်းကမ်းနဲ့ ဥပဒေဆိုတာကို ရာထူးအကြီးအလိုက် ဖေါက်ဖျက်လို့ရတယ်ဆိုတဲ့ စိတ်ကဖြစ်နေခဲ့တယ်။ အခွင့်အရေးနည်းနည်းရရင် နည်းနည်းလိုချင်တယ်။ များများရရင် များများလိုချင်တယ်။ ဖြစ်သင့်တာတစ်ခုကတော့ သမတကိုယ်တိုင်က စံပြအဖြစ် စည်းကမ်းလိုက်နာပြလိုက်ပါလား။ ဥပမာတစ်ခုကတော့ မီးပွိုင့်မိတယ်။ သမတပါ အမိခံလိုက်ပါလား။ ဒါဆိုရင် ဘယ်သူမှ မီးပွိုင့်ကို မဖြတ်ခိုင်းတော့ဘူး။ လူတွေအတွက်လည်း စည်းကမ်းလိုက်နာဖို့ကို လိုအပ်ချက်တွေ ဖြည့်စည်းပေးရမယ်။ ဥပမာ အမှိုက်ပစ်ချင်တယ်။ မြို့လယ်ခေါင်မှာ အမှိုက်ပုံးရှာမတွေ့ဘူး။ ကားလမ်းကူးချင်တယ်။ မျဉ်းကြား က တစ်လမ်းလုံးမှာမှ တစ်ခုပဲရှိတယ်။ ကားတွေပြိုင်မောင်းကြတယ်။ မောင်းမှာပေါ့ ဖမ်းမဲ့လူလည်းမရှိ၊ မီးပွိုင့်က ရဲက ကားလာရင် လက်ဆွဲနှုတ်ဆက်ကြတယ်။ ငွေ(၂၀၀)တောင်းဖို့။ ဒါတွေကိုမသိတဲ့သူက ဘယ်လိုလူမျိုးဖြစ်မလဲ။ နားမကြား၊ မျက်စိမမြင်၊ စကားမပြောတတ်တဲံသူတွေပဲဖြစ်မှာပေါ့။ ဒါကြောင့် ဒီမိုကရေစီဆိုတာ မြန်မာပြည်နဲ့ တန်ဖို့ လိုသေးတယ်။ မြန်မာပြည်သူတွေအနေနဲ့လည်း ဒီမိုကရေစီနဲ့ တန်ဖို့ အဆင်သင့်ဖြစ်ပြီလားလို့ မေးချင်တယ်။ မိဘတွေကိုယ်တိုင်က စည်းကမ်းဖေါက်ဖျက်ပြနေတယ်။ (ဥပမာ မျဉ်းသေမှာကားဖြတ်တယ်) ဒါတွေကို ကလေးတွေကကြည့်ပြီး လစ်ရင်လုပ်လို့ရတယ်လို့ ထင်သွားပြီ။ ဒါတွေကစပြီး ပြင်သင့်တယ်ထင်တယ်။ ပြောချင်တာကို ပြောလို့ရတာ ကောင်းတယ်ဗျာ။ နိုင်ငံကြီးသားတွေ ပီသစေချင်တယ်။
Post a Comment