Art is My Life: အမှတ်တရ
Showing posts with label အမှတ်တရ. Show all posts
Showing posts with label အမှတ်တရ. Show all posts

Monday, August 29, 2011

လေးနှစ်နီးပါးအကြာမှာ ပွင့်လာတဲ့ Blogspot

ဘလော့ဂ်ဆိုတာကို ၂၀၀၅ ခုနှစ်လောက်မှာ စပြီးကြားဖူးပါတယ်။ အဲဒီတုန်းကတည်းက ဘလော့ဂ်ကို စပြီးစမ်းရေးကြည့်ပါတယ်။ တကယ်တမ်း ပုံမှန်ရေးဖြစ်ခဲ့တာကတော့ ၂၀၀၆ ခုနှစ်နောက်ပိုင်းမှပါ။ ဘလော့ဂ်ကို ခရေဇီဖြစ်ပြီး ရေးလို့ကောင်းနေတုန်းရှိသေးတယ် ၂၀၀၇ စက်တင်ဘာလမှာ blogspot.com ကို အပိတ်ခံခဲ့ရပါတယ်။

မှတ်မှတ်ရရ အဲဒီနေ့က ကျွန်တော်တို့တွေ တာမွေဈေးနားလေးက အင်တာနက်ဆိုင်ထဲမှာပါ။ သူများတွေ လမ်းလျှောက်တာကို လိုက်ကြည့်ပြီး၊ ညနေပိုင်းအင်တာနက် သုံးတော့၊ သုံးနေတုန်း တန်းလန်းကြီးမှာပဲ Blogspot ကိုပိတ်သွားခဲ့တာပါ။

အခု ၂၀၁၁ ဆိုတော့ ရှေ့လဆိုရင် blogspot ကိုပိတ်တာ လေးနှစ်ပြည့်ပြည့်ပါပြီ။ လေးနှစ်မပြည့်ခင်လေးမှာ ပြန်ပွင့်လာတဲ့ အတွက် ၀မ်းသာမိပါတယ်။

Read More...

Sunday, November 21, 2010

ဆေးပေါင်းခတဲ့ည

ဆေးပေါင်းခတဲ့ ညဖြစ်သည်။ ဒီညသည် ကျွန်တော်တို့ ဒေသမှာဆိုလျှင် လူငယ်တွေအတွက် သူခိုးကြီးညဟုလည်း ခေါ်ကြသည်။ တစ်ချို့ အရပ်ဒေသ များတွင်တော့ လပြည့်ကျော် တစ်ရက်နေ့ကို သူခိုးကြီးညဟု ခေါ်ကြပြီး ကျွန်တော်တို့ အရပ် ကျွန်တော်တို့ ဒေသမှာတော့ လပြည့်ညသည် သူခိုးညဖြစ်သည်။

ကျွန်တော်တို့ ကလေးပေါက်စအရွယ် နှစ်တန်းသုံးတန်းလောက် တုန်းကတော့ အခုလို ညမျိုးဆိုရင် ဘယ်သူ့အိမ်က ဘာသွားခိုးလျှင် ကောင်းမလဲဟု သူငယ်ချင်းများ အချင်းချင်း ခေါင်းချင်းရိုက် တိုင်ပင်ခဲ့ဖူးကြသည်။ ထိုစဉ်က အသက်ကလဲ သိပ်မကြီးသေးသည့် အတွက် တစ်ကောင်တနွဲထိအောင်လဲ အိမ်အပြင်ထွက်လို့မရပေ။ ညရှစ်နာရီခွဲ ကိုးနာရီ လောက်ဆိုရင် အားလုံး အိမ်ပြန်ကြရမည်။ ထို့ကြောင့် ကျွန်တော်တို့ အိမ်မျက်နှာချင်းဆိုင်ရှိ သစ်စက်ဝင်းအတွင်းက ဘူးသီးတစ်လုံးကို ၀င်ခိုးလိုက်ကြသည်။ ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက် ဘူသီးကြီးကို ကမ္ဘာ့ဖလားပိုက်သလို တစ်ယောက်တစ်လှည့်စီ ပိုက်ပြီး ပျော်နေကြသည်။ အိမ်ပြန်ဖို့ အချိန်ရောက်တော့ ဘယ်သူယူရမည်မှန်း မသိ။ ဘယ်သူမှလည်းမယူချင်။ ဘူသီးကြီးယူလာပါက ဘယ်သွားတာလဲ ဘာလုပ်တာနဲ့ အိမ်မှာ အဆဲခံထိမည်ကို စိုးကြသည်။ နောက်ဆုံးတော့ လမ်းက ဖြတ်သွား ဖြတ်လာထဲက လင်မယားနှစ်ယောက်ကို ဘူးသီးကြီးကို ပေးလိုက်ပြီး ကျွန်တော်တို့ အိမ်ပြန်ခဲ့ကြသည်။

ကျွန်တော်တို့ ကိုးတန်းကျောင်းသား ရောက်တော့ ဒိုးပတ် တစ်လုံးကို ငှားပြီး ၀ါးလက်ခုပ်များ လုပ်ကာ သူငယ်ချင်း လေးငါးခြောက်ယောက် စုပြီး ရပ်ကွက်ထဲမှာ လိုက်တောင်းကြသည်။ ပိုက်ဆံ လာထည့်အခါတွင် အိမ်ရှင်နာမည်ကို မေးသည်။ ပြီးလျှင် အိမ်ရှင်နာမည်ကိုတပ်ပြီး ဦး... တို့မိသားစု ကျန်းမာပါစေ ချမ်းသာပါစေဟု အော်ကြသည်။ ထိုခေတ်က ငါးကျပ် တစ်ဆယ် ထည့်သည့်ခေတ် ဖြစ်သည်။ ငါးဆယ်တန် ထည့်သည့် အိမ်ဆိုလျှင် ထိုအိမ်ရှေ့မှာ အသံပိုကျယ်ကျယ် အော်ကြသည်။ ညဆယ်နာရီခွဲ လောက်ရောက်တော့ ကျွန်တော်တို့ တောင်းတာကို ရပ်လိုက်ကြသည်။ ထို့နောက် ရပ်ကွက်ထဲရှိသည့် ကြက်ရှိသည့် အိမ်တွင် ကြက်သွားဝယ်ပြီး သူငယ်ချင်းတစ်ယောက် အိမ်တွင် ကြက်သားကာလသားဟင်းချက်ပြီး ဘီအီးဖြင့် သောက်ကြသည်။ နောက်နေ့ မနက် စာရင်းချုပ်သည့်အခါ ဒိုးပတ်ငှားခ ပေးရန် ပိုက်ဆံ လိုနေသဖြင့် ပိုက်ဆံ တစ်ယောက် တစ်ရာ့ငါးဆယ်စီ ထပ်ထည့်လိုက်ရသည်။

နောက်ပိုင်း နှစ်များတွင်တော့ တန်ဆောင်တိုင်ညတွင် ဒိုးပတ်တီးပြီး မတောင်းဖြစ်တော့သည့်တိုင် သူငယ်ချင်းများနှင့်စုကာ ကြက်သားကာလသားဟင်း ချက်စားဖြစ်သည်။ ဆယ်တန်းအောင်ပြီးတော့ မုံရွာတွင် အဝေးသင် တက္ကသိုလ်တက်ရသည်။ မုံရွာတွင် အဝေးသင် သွားသည့်အချိန်တိုင်း တန်ဆောင်မုန်းလပြည့်ညနှင့် အမြဲတိုက်သည်။ မုံရွာတွင်လည်း သူငယ်ချင်းများနှင့် စုကာ ကြက်သားကာလသားဟင်း ချက်စားဖြစ်သည်။

အခုပြန်စဉ်းစားကြည့်တော့ တန်ဆောင်တိုင်လပြည့်တွင် ကြက်သားဟင်း ချက်မစားဖြစ်တာ တော်တော်ကြာသွားပြီ။ ရန်ကုန်ရောက်လာပြီး နောက်ပိုင်း တန်ဆောင်တိုင်ညဆိုတာကို သတိမထားမိလိုက်သည့် နှစ်များပင်ရှိသည်။ ပြီးခဲ့သည့်နှစ် တန်ဆောင်တိုင် တုန်းကတော့ တောင်ကြီးမီးပုံပျံပွဲ သွားကြည့်ဖြစ်သည်။ ဒီနှစ် တန်ဆောင်တိုင်တော့ ဘယ်ကိုမှ မသွားဖြစ်။ မနေ့က ရွှေတိံဂုံဘုရား သွားရင်း ဘုရားရဲများနှင့် အတက်မှာရော အဆင်းမှာပါ စကားများခဲ့ရသည်။ သူတို့ကပဲ အချိုးမပြေတာလား ကျွန်တော်ကပဲ အချိုးမပြေတာလားတော့ မပြောတတ်။ သေချာတာတော့ တစ်ယောက်ယောက်က အချိုးမပြေခြင်းဖြစ်သည်။ ထို့ကြောင့် ဒီနေ့လည်း ရွှေတိဲံဂုံဘုရားကို မသွားချင်တော့ပေ။

အခုအချိန်လောက်ဆိုရင်တော့ ကျွန်တော်တို့ နယ်က ရပ်ကွက်ထဲမှာ ဒိုးပတ်သံတွေ ဆူဆူညံညံနဲ့ ကိုကိုကာလသားတွေ ပိုက်ဆံ လိုက်တောင်းနေကြရော့မည်။ အခုတော့ ကိုးနာရီထိုးလျှင် ဆိုင်ပိတ်မည်ဟု အင်တာနက်ဆိုင်က ကောင်လေးက လာပြောနေပြီ။ ဒါကြောင့် ကျွန်တော့်ဇာတ်လမ်းကတော့ တိုးလို့တန်းနှင့် ဒီမှာပဲ စခန်းရပ်ရတော့မည်။ နောင်အလျှင်းသင့်မှ မနေ့ကရွှေတိံဂုံတွင် စကားများခဲ့ရသည့် အကြောင်းကို ဆက်ပြောပါတော့မည်။ အားလုံးပဲ ဆေးပေါင်းခတဲ့ ညလေး ဖြစ်ပါစေ.....

Read More...

Friday, July 10, 2009

နှင်းသီး

ခိုးစားတဲ့ အသီးက ပိုချိုတယ်

ကြားဖူးကြလိမ့်မယ် လို့ထင်ပါတယ်။ အဲဒီစကားပုံထဲကလိုပဲ ကျွန်တော်နယ်မှာတုန်းက ငတက်ပြားပေါက်စပေါ့။ ကျွန်တော်တို့ အိမ်ပတ်ပတ်လည်မှာ သရက်ပင်မျိုးစုံရှိပေမယ့် ကျွန်တော် ယောင်လို့တောင် ကောက်မစားဖူးဘူး။ ကျွန်တော်ကိုယ်တိုင်ကလည်း အချဉ်ကို မကြိုက်ဘူးလေ။ ဒါပေမယ့် ရပ်ကွက်ထဲက သရက်သီးတွေပင်တွေက အငြိမ်မနေရဘူး။ ညပိုင်းမှာ ကျွန်တော်ရယ် သူငယ်ချင်းနှစ်ယောက်ရယ် လှည့်ပတ်ပြီး ခိုးကြတယ်။ တစ်ခါကဆို သရက်သီးတွေ ခိုးလာတာ တစ်တင်းခွဲအိပ်နဲ့ တစ်အိပ်စာ ရှိတယ်။ အဲဒါတွေကို အိမ်ကို ယူသွားလို့လည်း မဖြစ်ဘူး။ အိမ်ကိုယူသွားရင် ဘယ်ကရတာလဲ ဆိုတာ မေးပြီး အရိုက်ခံရမှာလေ အဲဒါကြောင့် ကျွန်တော်တို့ သူငယ်ချင်း သုံးယောက်သား ခိုးလာတဲ့ သရက်သီးအိပ်ကြီးကို လမ်းထိပ်က ကွမ်းယာဆိုင်ပေါ်မှာ တင်ထားခဲ့ကြတယ်။ ထူးဆန်းတာက သုံးယောက်စလုံး ခိုးလာခဲ့တဲ့ သရက်သီးတွေ ချိုလား ချဉ်လားဆိုတာတောင် ကိုက်မကြည့်မိကြဘူး။ နေ့လည်မှာ ဖြတ်သွားဖြတ်လာ မြင်နေရလို့သာ လက်ယားပြီး သက်သက်မဲ့ ၀င်ခိုးလိုက်တာလေ။ အခုနေ ပြန်စဉ်းစားကြည့်တော့ တော်တော်အကျိုးမရှိတဲ့ အလုပ်ပဲ။

အဲဒီတုန်းက ရပ်ကွက်ထဲမှာ တစ်ခုခုခိုးမယ်ဆိုရင် ကျွန်တော်တို့ သုံးယောက်တွဲဖြစ်ကြတယ်။ တစ်ယောက်က ကျွန်တော့်ထက် တစ်နှစ်ကြီးတယ် တစ်ယောက်ကျွန်တော့်ထက် တစ်နှစ်ငယ်တယ်။ ကျွန်တော့်ထက် တစ်နှစ်ကြီးတဲ့ အကောင်က ၀ါရင့်ငတက်ပြားကြီးတွေလိုပဲ အရိပ်အကဲပါးတယ်။ အိပ်ထဲဝင်ရင် သူက အရှေ့ဆုံးကသွားတယ် သူကရပ်ဆို ကျွန်တော်တို့ ရပ်ရတယ် သူကတိုးဆို ကျွန်တော်တို့က တိုးရတယ်။

ကျွန်တော့်ထက် တစ်နှစ်ငယ်တဲ့ကောင်က သစ်ပင်တက်ကျွမ်းတယ်။ ခိုးသမျှအပင်တွေ အားလုံးကိုသူက ဒိုင်ခံတက်တာပေါ့။ သူကအပင်ပေါ်တက်ပြီး အသီးတွေကောက်ပြီးရင် ပစ်ချပေးတယ်။ ကျွန်တော့်ထက်ကြီးတဲ့ကောင်ကတော့ လူရိပ်လူကဲကြည့်နေတာပေါ့။ ကျွန်တော့်တာဝန်ကတော့ အပင်ပေါ်ကနေ ပစ်ချပေးတဲ့ အသီးတွေကို ဖမ်းပြီး အိပ်ထဲထည့်ရတာပေါ့။ အဲဒီလိုနဲ့ ကျွန်တော်တို့သုံးယောက်သား နှစ်တိုင်းလိုလိုပဲ ဟိုအပင်ခိုး ဒီအပင်ခိုးနဲ့ တော်တော်လေး အတွဲညီညီခိုးခဲ့ဖြစ်ကြတယ်ဆိုပါတော့။


တစ်နေ့ရောက်တော့ ကျွန်တော်ရယ် ကျွန်တော့်ထက်ငယ်တဲ့ ကောင်ရယ် နှစ်ယောက်တိုင်ပင်မိတယ် ရပ်ကွက်ထဲက နှင်းသီးပင်ကြီး တစ်ပင်ကို ခိုးဖို့ပေါ့။ ဒါပေမယ့် ဒီအပင်ကိုခိုးရင်တော့ ကျွန်တော့်ထက် ကြီးတဲ့ ကောင်ကိုတိုင်ပင်လို့ မဖြစ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအိမ်က သူ့အဖိုးအိမ်လေ။ သူ့အဖိုးအိမ်ကို ခိုးမယ်ဆိုရင်တော့ သူက သေချာပေါက် ကန့်ကွက်မှာပဲ။ အဲဒါကြောင့် သူမသိအောင် ကျွန်တော်နဲ့ ကျွန်တော်ထက်ငယ်တဲ့ကောင် နှစ်ယောက်တည်း သွားခိုးဖို့ ဆုံးဖြတ်လိုက်ကြတယ်။

ကျွန်တော်တို့ ခိုးမဲ့အိမ်မှာက ခွေးလေးကောင်လောက် ရှိတယ်။ ပြီးတော့ အဲဒီအထဲက ကျားကြီးဆိုတဲ့ အကောင်က ဆိုးတယ်။ လူကိုက်လို့ လျှော်ရတာ ခဏခဏပဲ။ အဲဒီတော့ ကျွန်တော်တို့ လန့်မိတာတော့ အမှန်ပဲလေ။ ခြံနားလေး ကပ်ခါရှိသေးတယ် ခွေးတွေက တစ်ရပ်ကွက်လုံး ဆူနေအောင် ဟောင်တော့တာပဲ။ အဲဒီမှာ ကျားကြီးဆိုတဲ့ အကောင်က ခွေးတိုးပေါက်ကနေ တိုးပြီး အပြင်ထွက်လာတယ်။ ပြီးတော့ ကျွန်တော်တို့ဆီကို ပြေးလာတယ်။ အဲဒီခွေးနောက်က ကျန်တွေခွေးတွေပါ လိုက်လာတယ်။ အဲဒီအချိန်မှာ ထွက်ပြေးလို့တော့ မဖြစ်ဘူး ထွက်ပြေးရင် ကိုက်ခံရမှာကိုး အဲဒါကြောင့် ခဲကောက်ပြီး ခဲနဲ့ ပစ်ရတယ်။ ကျွန်တော်တို့ နှစ်ယောက်သား ခဲနဲ့ဝိုင်းပစ်တော့ ခွေးတွေ ထွက်ပြေးကုန်တယ်။

ခွေးတွေဟောင်လို့ လှည့်ပြန်ရပြီထင်တာ အခုတော့ ခွေးတွေက အိမ်ထဲကို ၀င်ပြေးတာမဟုတ်ပဲ ရပ်ကွက်ထဲကို ထွက်ပြေးသွားကြတာဆိုတော့ ကျွန်တော်တို့အတွက်တော့ မဟာအခွင့်ရေးပဲပေါ့။ ခွေးတွေမရှိတော့ဘူးဆိုတာနဲ့ ကျွန်တော်ကောင်က ခြံဝင်းကိုကျော် သစ်ပင်ပေါ်တက်ပြီး အားရပါးရ ခူးပါတော့တယ်။ ခူးလို့ရတဲ့ နှင်းသီးတွေကို အသင့်ပါလာတဲ့ ပလပ်စတစ်ခြင်းထဲကို ကျွန်တော်ကထည့်တယ်။ ပလပ်စတစ်ခြင်းတစ်ခုလုံး ပြည့်သွားတာတောင် ဒီကောင်က အားမရသေးတော့ သူဝတ်လာတဲ့ အကျီကိုချွတ်ပြီး ထုပ်လိုက်သေးတယ်။

ကျွန်တော်က နှင်းသီးခြင်းကို ဆွဲ သူက အကျီနဲ့ ထုပ်ပြီး သယ်လာကြတာ နောက်ဆုံးတော့ ကျွန်တော်တို့ အိမ်ကိုရောက်တယ်။ ကျွန်တော်တို့ အိမ်ရှေ့ရောက်တော့ သူနဲ့ကျွန်တော် နှင်းသီးတွေကို ထိုင်စားကြတယ် နှင်းသီးဆိုတာ ချိုပါတယ် ဒါပေမယ့် စားတာကြာလာရင် ပါးစပ်တွေ ဖန်လာတယ်။ ပါးစပ်တွေဖန်လာပြီး နှင်းသီးကို ဆက်မကိုက်ချင်အောင် ဖြစ်သွားပြီဆိုမှာ ကျွန်တော်တို့ နှင်းသီးစားတာကို ရပ်လိုက်ကြတယ်။ ပိုတဲ့နှင်းသီးတွေကိုတော့ သူနဲ့ကျွန်တော် တစ်ယောက်တစ်ဝက်စီ ခွဲယူပြီး အဲဒီညက လမ်းခွဲလိုက်ကြတယ်။


ဟိုနေ့က မြို့ထဲမှာ လျှောက်သွားရင် နှင်းသီးတွေ ရောင်းနေတာ တွေ့တော့ မေးကြည့်တယ် ဘယ်လိုရောင်းလဲလို့၊ အစိတ်သားကို တစ်ထောင်တဲ့။ အဲဒါနဲ့ ကျွန်တော် အစိတ်သားဝယ်လာတယ်။ သူတို့ ရောင်းတဲ့ အစိတ်သားဆိုတာ နှင်းသီး တစ်ခိုင်စာတောင်မရှိဘူး။ စားတော့ ချိုသလိုလိုတော့ ရှိတယ် ဒါပေမယ့် ငယ်ငယ်တုန်းက ခိုးစားရတာလောက်တော့ ခံတွင်းမတွေ့တာတော့ အမှန်ပဲလေ။




Read More...

Wednesday, February 06, 2008

တစ်နှစ်ပြည့် ဘလော့ဂ်သို့




ဘလော့ဂ်ဂါ မောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း "မြို့စားကြီးနေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ"လွတ်ကျခဲ့တဲ့မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။ဒီနေ့ တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။ မှတ်မှတ်ရရ သူ့ ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်"တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမား ဆိုတဲ့အမည်နာမတွေ အတွက် သူ့ ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊
အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅ ရက်အတွင်းမှာ သူ့ မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ်
မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေ လန်းလာခဲ့တယ် ၊ ရသလမ်းတွေ ဆန်းလာခဲ့တယ် ၊ ပညာမီးတွေ လင်းပလာခဲ့တယ် ။ သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။

ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံးတော်တော်များများမှာ သူနဲ့လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။
ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့်စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူ အစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွးနွေးပွဲတိုင်းကို မပျက်မကွက် တက်ရောက်ခဲ့ သူဟာလည်း သူ တစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီး ရန်ကုန်မှာ ပထမဆုံးကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူ ပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ်လောက အကြောင်းကို သူချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကို အပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။

မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခု ဒါမှမဟုတ် ဘလော့ဂ်ဂါတစ်ယောက်ရဲ့ ထိမ်းအမှတ် နေ့တွေမှာ အထူးရေးသားတဲ့ ပို့စ်တွေ တင်တတ်ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေ
ချီးမြှင့်ကြတယ်။

ဒီနေ့ သူ့ ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။ ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ်ရေးသားခွင့်ရမယ်ဆိုရင်
သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ်ပို့စ်တင်မယ့် အစီအစဉ်ရှိမယ်ဆိုတာ အသေအချာပဲ။ ဒါပေမယ့် သူ … ဘယ်မှာလဲ ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့ ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီး စောင့်နေကြတယ်။ " မြို့စားကြီး " လို့ စနောက်ကြဖို့ စောင့်နေကြတယ် … ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့ မြို့တော်မှာ အပြုံးတွေနဲ့ ဖုံးလွှမ်းနေစေချင်တာ … ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ … ဒါတွေအတွက် အားလုံးက စောင့်မျှော်နေဆဲပါ ..။

ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို ကောင်းစေချင်တဲ့ သူ့ အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့ အတွက် ဘေးဒုက္ခဆိုတာ မြူတစ်မှုန်စာတောင် ကျရောက်မလာစေဖို့ ဘလောဂါ့ရပ်ဝန်းမှ ညီအကိုမောင်နှမအားလုံးက ဒီအမှတ်တရို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။

Read More...

Sunday, September 09, 2007

နောက်ပိုင်း မင်းသားကြီး

အဲဒီလူကို စသိတုန်းက . . . . .

"ဘယ်လိုလဲ ကိုစိုးဇေယျ ခင်ဗျားရဲ့ ချက်အစားထိုး သီးနှံစိုက်ခင်းကြီးက အောင်မြင်ရဲ့လား"

အဲဒီအချိန်တုန်းက မြန်မာဘလော့ဂ် စာအုပ်ကို လုပ်ဖို့ရာတွက် လူစုနေချိန်ပေါ့။ သူက စီဘောက်မှာ အခုလို လာအော်သွားတာ။ သူပြောတဲ့ အဓိပ္ပယ်က အားပေးတာလို သရောက်နေတာလိုလို လှောင်နေတာလိုလိုပေါ့ဗျာ။ ကျွန်တော် ဘာမှတော့ မပြောပါဘူး။ အခြေအနေ ကောင်းပါတယ်လို့ ပြန်ပြောခဲ့ပါတယ်။

နောက်တော့ ကျွန်တော် သူ့အီးမေးလိပ်စာကို တောင်းလိုက်တယ်။ အီးမေးမှာ သူနဲ့ စကားပြောဖြစ်တယ်။ နောက်တော့ သူ့ဖုန်းနံပါတ် ပေးသွားတယ်။

နောက်တော့ ပထမဆုံး အကြိမ် အစည်းဝေး လုပ်ဖို့ ကျွန်တော် သူ့ဆီကို ဖုန်းဆက်ပါတယ်။

" ဟဲလို "
" ............... "
" ကိုတက်စလာနဲ့ ပြောချင်လို့ပါ "
"ဘယ်က တက်စလာလဲ မရှိဘူး"
" ဖုန်းနံပါတ် ............. မှန်ပါတယ်နော် "
"နံပါတော့မှန်တယ် တက်စလာဆိုတာ မရှိဘူး"

သေချာအောင် ချက်လော့ထဲမှာ ပြန်ရှာကြည့်တော့လဲ နံပါတ်ကမှန်တယ်။ ဖြစ်နိုင်ချေရှိတာက သူ့ရဲ့ နစ်နိမ်းကို အိမ်ကမသိတာပဲ ဖြစ်ရမယ်ဆိုပြီး နောက်တစ်ခေါက် ထပ်ဆက်ပါတယ်။ ထပ်ဆက်ပြီး ကျွန်တော်မေးတဲ့ တက်စလာက KMD အလုပ်လုပ်တယ်လို့ ရှင်းပြတော့မှ ရှိပါတယ် အခုတော့ အောက်ဆင်းသွားတယ်တဲ့။

ကော်ဖီကင်းမှာ အစည်းဝေး လုပ်ကြတော့ ကိုတက်စလာ ရောက်လာပါတယ်။ သူကတော့ အေးရာအေးကြောင်းပဲ ဘာမှ ၀င်မပြောဘူး။ အစည်းဝေး ပြီးလို့ ပြန်ကြတော့မှ သူက ထီးချိုင့်သားတဲ့။ ထီးချိုင့်ဆိုတာ ကျွန်တော်တို့ ကောလင်း မြို့နယ်နဲ့ ကပ်လျှက် ဖြစ်တာကြောင့် တစ်နယ်ထဲ သားလို့တောင် ပြောလို့ရပါတယ်။ အရင်က ရွယ်တူလို့ ထင်ထားခဲ့တာ ကျွန်တော့်ထက် ခုနှစ်နှစ် ကြီးနေလို့ သိလိုက်ရတယ်။

အဲဒီလိုနဲ့ ထီးချိုင့်သား ကိုတက်စလာနဲ့ ကျွန်တော် စတင်ခင်မင် ရင်းနှီးလာခဲ့တာပါ။ ဒါပေမယ့် ကိုတက်စလာဟာ အစည်းဝေးဆိုရင် ပထမဆုံး အကြိမ်လုပ်တဲ့ အစည်းဝေးကလွဲလို့ နောက်ပိုင်း ဘယ်အစည်းဝေးမှာမှ သူတက်ရောက်ခြင်း မရှိတော့ပါဘူး။ ဒါပေမယ့် အစည်းဝေးအပြီးမှာ လုပ်တတ်တဲ့ နောက်ပိုင်း အစီစဉ်တွေမှာတော့ မပျက်မကွက် တက်ရောက်လေ့ရှိပါတယ်။ ဒါကြောင့် သူ့ကို ကျွန်တော်တို့ အဖွဲ့မှာ နောက်ပိုင်းမင်းသားကြီးလို့တောင် တင်စားခေါ်ဝေါ် လာကြပါတော့တယ်။

ကိုတက်က စာအရေးအသား လည်းကောင်းသလို ဗဟုသုတလဲ စုံပါတယ်။ ကျွန်တော်မမြင်တဲ့ အခြားဘက်က အမြင်တစ်ခုနဲ့ ကြည့်တတ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့နှစ်ယောက် တွေ့ရင်မကြာခဏ ဆိုသလို အငြင်းပွားရပါတယ်။ အဲလို အငြင်းပွားရင်းနဲ့ပဲ ကျွန်တော် မစဉ်းစားခဲ့မိတဲ့ တချို့ သောအကြောင်းအရာတွေကို စဉ်းစားမိသလို ကျွန်တော်ရဲ့ အားနည်းချက် တွေထဲက တချို့ကိုလဲ အဲလို အငြင်းပွားရင်နဲ့ မြင်လာပါတယ်။ ဘာပဲ ဖြစ်ဖြစ် အဲလို ကိုတက်နဲ့ အငြင်းပွားရတာကိုတော့ ကျွန်တော် သဘောကျမိတာ အမှန်ပါပဲ။

ဒီနေ့တော့ ကိုတက်ကြီး အသက်သုံး ဆယ်ပြည့်ပြီ။
ဒီနေ့ညနေမှာ ကိုတက်ကြီးအတွက် မွေးနေ့ကိတ်ကို ဘာညာ၊ ကိုကျော်ဇေယျ၊ ဘလာဂေါက်တို့ က ပြင်ဆင်ထားပြီးပြီ။ ညနေ ဘုရားသွားကြမည်။ ကျွန်တော် တကယ်လာချင်ပါတယ်။ သို့ပေမယ့် ဒီနေ့မှာ လက်ဝှေ့ပွဲက ရှိနေပြန်တယ်။ ၀ါသနာ တစ်ခုတည်းကြောင့် သွားကြည့်ရမယ် ဆိုရင်တော့ လက်ဝှေ့ပွဲ သွားမကြည့်တော့ဘူး၊ ကိုတက် မွေးနေ့ကို သွားမည်။ အခုဟာက အလုပ် တာဝန်ကြောင့် ကိုတက်မွေးနေ့ပွဲကို မတက်ဖြစ်တော့။ ကိုတက်ကြီးနဲ့ ကိုဂေါက်တို့ နားလည်ပေးမည်ဟု မျှော်လင့်ပါသည်။

ဒီနေမှာ ကျရောက်တဲ့ မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် အိုးမိုင်ဘလော့ဂ် နိုင်ပါစေလို့ ဆန္ဒပြုရင် နိဂုံးချုပ်လိုက်ပါသည်။ ကိုတက်ကြီး အောင်မြင်ပါစေ။

Read More...

Saturday, September 08, 2007

Happy Birthday


ပျော်ရွင်ဖွယ်ရာ မွေးနေ့လေး တစ်ခု ဖြစ်ပါစေ လို့ အစ်ကိုဆုတောင်းပေးလိုက်ပါတယ်။

ဒီနေ့မှာ ကျရောက်တဲ့ ညီမလေးရဲ့ မွေးနေ့မှသည် နောင်နှစ်ပေါင်း များစွာတိုင် ချမ်းမြေ့ပျော်စွာဖြင့် ဖြတ်သန်းရပါစေလို့ ဆုတောင်ပေးလိုက်ပါတယ်။ မနှစ်က ညီမလေး မွေးနေ့မှာ အစ်ကို့ကို လာဖို့ပြောပေမယ့် အစ်ကိုမလာနိုင်ခဲ့ဘူး။ ဒီနှစ်လဲ အစ်ကို မလာနိုင်ပြန်ဘူး။ အဲဒီအတွက် အစ်ကို တကယ်စိတ်မကောင်းပါဘူး။

ညီမလေးကို ဘာလက်ဆောင်ပေးမလဲလို့ စဉ်စားလိုက်တော့ ရွှေဒုံးဘီအောင်ရဲ့ စကားတစ်ခုကို သတိရသွားတယ်။ စားစရာပေးမှာလား ခဏသာ စာရုံးဖြင့် ကုန်သွားလိမ့်မည်။ အ၀တ်အထည် ပေးမှာလား လပိုင်းနှစ်ပိုင်း မျှဝတ်ရုံဖြင့် စုတ်ပြဲသွားလိမ့်မည်။ ဘယ်တော့မှ ကုန်ဆုံး ဟောင်းနွမ်းသွားခြင်း မရှိသည့်အရာက အသိတရားတည်းတဲ့ ဒါကြောင့် ညီမလေးရဲ့ မွေးနေ့မှာ အစ်ကိုသိထားတဲ့ အသိလေးတစ်ခုကို ညီမလေးသိနိုင်အောင် ဝေမျှပေးလိုက်ပါတယ်။

ညီမလေးရေ ဆေးကျောင်းတက်ခွင့် မရခဲ့တဲ့အတွက် အရင်လိုပဲ ၀မ်းနည်းနေတုန်းလား။ ဒါမှ မဟုတ် လက်ရှိတက်နေရတဲ့ ကျောင်းမှာရော ပျော်နေပြီလား။

ဘယ်လို ဖြစ်ဖြစ်လေ ညီမကို အစ်ကို တစ်ခါပြောခဲ့ ဖူးပါတယ်။ ရာဘင်ဒါနတ်တဂိုး ရဲ့ကဗျာလေး ထဲကလိုပေါ့။ ကဗျာလေးရဲ့ ဆိုလိုရင်း ကတော့ ရှင်းပါတယ်။ နေမင်းကြီးနဲ့ လွဲခဲ့ရလို့ စိတ်ပျက် အားငယ်စွာ ငိုကြွေး နေမယ်ဆိုရင် ညအချိန်မှာ ထွန်းလင်း တောက်ပမဲ့ ကြယ်တာရာ များအပါအ၀င် လမင်းကြီးနဲ့လည်း လွဲရပေဦးမည်တဲ့။

ညီမ လူဆိုတာ ဘ၀မှာ ရည်မှန်းချက် ရည်ရွယ်ချက် ကိုယ်စီ ရှိခဲ့ကြတာပဲလေ။ အဲဒီရည်မှန်းချက် ရည်ရွယ်ချက်ကို ရောက်အောင် လူတိုင်းတော့ သွားချင် ကြတာပေါ့ကွာ။ ဒါပေမယ့် ရည်မှန်းချက် ပန်းတိုင်ကို လူတိုင်း မရောက်ကြဘူး။ တချို့ကတော့ မကြိုးစားလို့ တချို့ကတော့ စိတ်အားမသန်လို့ တစ်ချို့ကတော့ လူအားမသန်လို့၊ စိတ်အားရော လူအားရော သန်သည့်တိုင် ကကြမ္မာကြောင့် ရည်မှန်းချက်နဲ့ လွှဲရတဲ့ အခါတွေလဲ ရှိကောင်းရှိပါလေမယ့်။

ဘယ်လိုအကြောင်းနဲ့ပဲ ဘ၀ရဲ့ ရည်မှန်းချက်တွေ လွဲချော်ခဲ့သည်ဖြစ်စေ။ တဂိုးရဲ့ ကဗျာလေးကို သတိရကြည့် စေချင်ပါတယ်။ နေမင်းကြီးနဲ့ လွဲခဲ့လို့ စိတ်ပျက် အားလျှော့နေမယ်ဆိုရင် ညအချိန်မှာ ထွက်လာမဲ့ လမင်းကြီးကိုလဲ ထပ်လွဲရဦးမယ်။

ညီမကို အစ်ကိုပြောချင်တာက ညီမအတွက် နေမင်းကြီးနဲ့ တူတဲ့ ဆေးတက္ကသိုလ် တက်မယ်ဆိုတဲ့ ရည်မှန်းချက်က လွဲသွားခဲ့ပြီ။ အဲဒီအမှာ ညီမတွက် ဘ၀က ရွေးချယ်ခွင့် နှစ်ခု ပေးထားတယ်။ တစ်ခုက စိတ်ပျက်ဝမ်းနည်းစွာနဲ့ တက်ခွင့်မရတော့တဲ့ ဆေးတက္ကသိုလ်ကို လွမ်းဆွတ် တမ်းတရင်း အလွမ်းမပြေနိုင်ဖြစ်နေမလား။ နောက်တစ်ခုက ဖြစ်ခဲ့အပေါ်မှာ သင်္ခန်းစာယူပြီး လက်ရှိတက်ခွင့်ရတဲ့ ကျောင်းမှာ အကောင်းဆုံးဖြစ် အောင်ကြိုးစားမလား။

ညီမအတွက် ရွေးချယ်စာ နှစ်လမ်းပဲ ကျန်တော့တယ်ဆိုပေမယ့် ညီမရဲ့ စိတ်အား ထက်သန် မှုအပေါ်မူတည်ပြီး အနာဂတ်ကို ပြောင်းလဲလို့ရနိုင်ပါ သေးတယ်။ ညီမဘယ်လမ်းကို ရွေးချယ်မလဲ။ ညီမကြိုက်တဲ့ လမ်းကိုရွေးပါ။ ဒါမှ ညီမရဲ့ဆုံးဖြတ်ခွင့်ပဲလေ။ ဘယ်သူမှ ၀င်ပြင်ပေးလို့ မရပါဘူး။ ညီမကြိုက်တဲ့ လမ်းကိုလျှောက်ပေါ့။

ဒီစာကို ဖတ်မိလိမ့်မယ်လို့ အစ်ကို မျှော်လင့်ပါတယ်။


Read More...

အမှတ်တရ နှစ်ပတ်လည်

ဒီနေ့ဟာ ကျွန်တော့်အတွက် အမှတ်တရ တစ်နှစ်ပြည့်တဲ့ ရက်စွဲလေးပါ။ ဒါပေမယ့် တစ်နှစ်ပြည့် ရက်စွဲဟာ ကျွန်တော့ အတွက်တော့ သာမန်နေ့တွေထက် ပိုထူးပြီး ပျော်ရွင်စရာ မရှိပါဘူး။

အရင်လိုသာဆိုရင် . . . .
အရင်လိုသာဆိုရင် ကျွန်တော့်အတွက် ပျော်ရွင်ဖွယ်ရာ နှစ်ပတ်လည်လေး တစ်ခု ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အခုဟာက အခုပဲလေ အရင်မှ မဟုတ်တော့တာ။ အဲဒီတော့ အရင်ကို တမ်းတပြီးတော့ လွမ်းဆွတ် မနေချင်တော့ပါဘူး။

ရင်ဟာ အတိတ်ပါပဲ။ တစ်ခုရှိတာက အတိတ်ကို လွမ်းသည်ဖြစ်စေ မလွမ်းသည်ဖြစ်စေ အတိတ်ကတော့ အတိတ်မှာကျန်ခဲ့ပါပြီ။ သို့ပေမယ့် အတိတ်သည် ကျန်ခဲ့သည်ဖြစ်စေ ပါလာဖြစ်စေ ဖြစ်ရပ်တစ်ခု အဖြစ်အဖြစ် ဘ၀မှာ ဖြစ်ပွားခဲ့ပြီးပါပြီ။

ဒီနေ့ကတော့ အတိတ်မှာ ဖြစ်ရပ်လေးတစ်ခု ဖြစ်ပွားခဲ့တာ တစ်နှစ်ပြည့်တဲ့နေ့ပေါ့လေ။

မှတ်နေပါသေးတယ် . . . .
အဲဒီနေ့က ၂၀၀၆ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့ကပေါ့ . . . . .

Read More...

Wednesday, August 08, 2007

နှမြှောမိသော ဘလော့ဂ်လေးများ

ကျွန်တော် အစောဆုံး ဘလော့ဂ် လုပ်ခြင်းကို ကိုရဲ အကူညီဖြင့် ၂၀၀၅ ခု နှစ် အတွင်းက လုပ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် မေ့မေ့ပျောက်ပျောက်ပဲ။ လိပ်စာကို ပြန်ရှာမယ် ပြန်ရှာမယ်နဲ့ မရှာဖြစ်ခဲ့ဘူး။ အခုတော့ google such အကူညီနဲ့ ကျွန်တော့ ဘလော့ဂ်တွေကို ပြန်ရှာတွေ့ပါပြီ။ ဒါပေမယ့် ယူဇာနိမ်းကို ဘာပေးပြီး ပါ့စ၀ါပ်ကို ဘာပေးထားမိမှန်း မသိလို့ ဆိုင်းအင်လဲ လုပ်လို့ မရဘူး။ ပို့ အသစ်လဲ တင်လို့မရတော့ဘူး။

အဲဒီ ဘလော့ဂ်တွေကတော့



http://4tar2.blogspot.com ( since 2005 much )


http://soezeya.blog.com (since 2006 feb )


http://www.xanga.com/soezeya ( since 2006 much )

ဖြစ်နိုင်ရင် အဲဒီ ဘလော့ဂ်လေးတွေရဲ့ ပတ်စ၀ပ်ကို ပြန်လိုချင်မိပါတယ်

Read More...

Tuesday, August 07, 2007

မီးခိုးဖြစ်သွားတဲ့ ကဗျာဆရာ

.





ဒီနေ့ တာရာမင်းဝေရဲ့ နောက်ဆုံးခရီးကို လိုက်ပို့ဖြစ်တယ်။

ကျွန်တော် ထွက်လာတော့ နောက်ကျနေပြီ။ ကားမှီပါ့မလား။ လေထံကုန်းမှာ မေးကြည့်တော့ ကားတွေက ၀ဇီယာရုံအရှေ့မှာ ထွက်သွားလောက်ပြီတဲ့။

ဝဇီယာရုံအရှေ့ရောက်တော့ BM နဲ့တူတဲ့ကား တစ်စီးမှ မရှိတော့ဘူး။ ထွက်သွားပြီထင်တယ်။ ဒါပေမယ့် လူအုပ်ကြီး။ အများကြီးပါလား။ ကားမလာသေးလို့လား။

မဟုတ်ဘူး။ ကားလာတယ်။ လေးစီး။

ဒါဆိုအဲဒီကားတွေ ဘယ်ရောက်သွားတာလဲ

ကားတွေက လူတွေထားခဲ့ပြီး ထွက်သွားကြတာ။ ဘယ်ကိုလဲ။

မသိဘူး။

ကားမလာရင် ခြေလျှင်လျှောက်ကြမယ်။ ရေဝေးရောက်တဲ့အထိ။

လူအုပ်ကြီးက ကြီးလာပြီ။

ဘေးမှာ ၀ိုင်းကြည့်နေတဲ့ လူတွေကလဲ တစ်အုပ်ကြီး

ဟေ့ဓာတ်ပုံမရိုက်နဲ့
လူအုပ်ထဲက စကားသံတွေ ထွက်လာတယ်

သူတို့လျှော့သွားပြီ။ ကားတွေ ရောက်လာတော့မယ်။

ဗိုလ်ချုပ်ဈေးရှေ့မှာ ရောက်နေပြီ။

မတက်ကြနဲ့ဦး၊ လေးစီးလုံး ရောက်မှ တက်။

လေးယောက်စီ တန်းစီတက်ကြ။

ကင်မရာပါတဲ့လူတွေ ကားတွေကို မျှတက်ပေးကြပါ။

ဖြောင်းဖြောင်းဖြောင်း

လက်ခုပ်သံတွေ အဆက်မပြတ်ထွက်နေတယ်

ထိပ်ဆုံးမှာတော့ လူတွေအုံလို့

အုံနေတဲ့လူတွေကြားထဲကို တို့ဝှေ့ကြည့်လိုက်တော့

တာရာမင်းဝေ မှန်ခေါင်းထဲမှာ ပန်းတွေနဲ့ အတူလှဲလျောင်းနေတယ်

အားလုံး အားလုံး တာရာမင်းဝေအတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တစ်မိနစ်တိတိ ငြိမ်နေကြမယ်

ဇာဂနာရဲ့ အသံ တိတ်သွားတော့ ကျွတ်စီကျွတ်စီ အသံတွေရပ်သွားတယ်

တစ်မိနစ်ကြာပြီး

ကျေးဇူးတင်ပါတယ်

နောက် အစီစဉ်တစ်ခုနေဖြင့် တာရာမင်းဝေရဲ့ သူငယ်ချင်းက ကဗျာရွတ်ပါမယ်

ဇာဂနာကြေငြာလိုက်တော့ တာရာမင်းဝေရဲ့ သူငယ်ချင်းဆိုတဲ့ လူတက်လာတယ်

တာမင်းဝေရဲ့ ခေါင်းအရှေ့တည့်တည့်မှာ ရပ်တယ်

သူငယ်ချင်း ....................
................................
............................
ကျေးဇူးတင်ပါတယ်

ဖြောင်းဖြောင်းဖြောင်း

လက်ခုပ်သံတွေ ညံသွားတယ်

တော်တော်နဲ့ မရပ်ဘူး

တာရာမင်းဝေရဲ့ နောက်ဆုံးခရီး ဆက်လက်ပို့ဆောင်ပါတော့မယ်

ကြေငြာသူ ဇာဂနာရဲ့ အသံဆုံးတော့

တာရာမင်းဝေကို အုပ်ကြီးက ဆွဲခေါ်သွားတယ်

တစ်ခဏအကြာ

ကဗျာဆရာဟာ မီးခိုးဖြစ်သွားတယ်

Read More...

Monday, August 06, 2007

မှတ်မှတ်ရရ မြန်မာပြည်က မြို့များ




မန္တလေးနှင့်ကျွန်တော်



လူမှန်းသိတတ်ခါစ
ဓာတ်ပုံအယ်လ်ဘမ်ထဲမှာ
အမေရယ် ကျွန်တော်ရယ် မမရယ်
အမေက ကျွန်တော့ကို ပွေ့ချီထားတယ်၊ မမက အမေ့လက်ကို ဆွဲထားတယ်
အမေ့ကို မေးကြည့်တော့ မန္တလေးမှာ ရိုက်ထားတာတဲ့
ကျွန်တော်ငယ်ငယ်ကတည်းက သိလိုက်တယ် ငါမန္တလေးကို ရောက်ဖူးတယ်။

ကျောင်းနေခါစ အရွယ်နဲ့ တူပါတယ်
ကျွန်တော် သေချာမမှတ်မိဘူး
အဖေနဲ့ မန္တလေးကို နောက်တစ်ကြိမ်ထပ်ရောက်တယ်
တိရစ္ဆာန်ဥယဉ်ထဲမှာ မျောက်လွဲကျော်ရုံက ပိတ်သွားပြီတဲ့
လှောင်အိမ်အပြင်ဘက်က မျောက်ကလေးတစ်ကောင်ကို လူတွေဝိုင်းပြီး မုန့်ကျွေးနေကြတယ်
ဖျံလေးနှစ်ကောင် ရေကန်ထဲမှာ
တစ်ကောင်ကို အိမ်လေး တစ်လုံးစီလုပ်ပေးထားတယ်
ငါးအရှင်ကောင်တွေကို လူတွေက ပစ်ကျွေးတော့ လိုက်ဖမ်းပြီးစားတယ်
အဲဒီအချိန်မှာ ဖျံလေးတစ်ကောင်က သူ့ကိုပစ်ပေးလိုက်တဲ့ ငါးအရှင်တစ်ကောင် မိအောင်လိုက်ဖမ်းပြီး ကိုက်သတ်လိုက်တယ်
ချက်ခြင်းမစားသေးဘူး
ပြီးတော့ သူယားနေတဲ့ သူ့ခေါင်းကို လက်ကလေးနဲ့ ကုတ်တယ်
ကိုက်သတ်လိုက်တဲ့ ငါးသေလေးက ရေပေါ်မှာ ပေါ်နေတယ်
အယားပြေပြီဆိုမှ အဲဒီငါးလေကို စားတယ်
ဂစ်တာဆိုင်ကို မြင်တော့ အဖေ့ကို တစ်လက်လောက် ၀ယ်ပေးဖို့ပြောတယ်
အဖေက ဂစ်တာအသေးလေးတစ်လက် ဖြုတ်ပေးတယ်
မဟုတ်ဘူး သားလိုချင်တာ ဟိုဘက်က ဂစ်တာအကြီးကြီး

မူလတန်းကျောင်းသား ဘဝ
အတန်းထဲမှာ သူငယ်ချင်းတွေနဲ့ အကြွားပြိုင်ကြရင်
ငါမန္တလေးကို နှစ်ခါရောက်ဖူးတယ်ကွ

ဘာလိုလိုနဲ့ ဆယ်တန်းတက်ရတော့မယ်
ငါကမန္တလေးမှာ ဘော်ဒါသွားတက်မယ်
ဘယ်မှာလဲကွ
VEC
ငါက မြကျွန်းသာ
ကျွန်တော်တို့ အုပ်စုတောင် လူအင်အားနည်းသွားတယ်
မန္တလေးမှာ သူငယ်ချင်းတချို့ ဘော်ဒါသွားနေကြတယ်လို့လေ


အချိန်တန်တော့လည်း ဆယ်တန်းအောင်ခဲ့ပြီ
ဗိုလ်သင်တန်းလျှောက်လွှာက နန်းတွင်းထဲမှာ သွားယူရတာကွ
သြော်ဟုတ်လား
စာမေးပွဲလဲ နန်းတွင်းထဲမှာပဲ ဖြေခဲ့ရတယ်
သူငယ်ချင်းတွေ မန္တလေးမှာ ဗိုလ်သင်တန်းအတွက် စာမေးပွဲသွားဖြေကြတယ်

ဆောင်းရာသီ အလွန်အေးတဲ့ညမှာ မန္တလေးမှာ တက္ကသိုလ်တက်နေတဲ့ သူငယ်ချင်းတွေ
ကျောင်းခဏပိတ်လို့ ပြန်လာကြတယ်
မန္တလေးဘူတာက အကြီးကြီးပဲကွ ငါတို့ မြို့ကဘူတာနဲ့တော့ တခြားစီပဲ
ဟုတ်တကယ်ကွ
တိုင်လုံးကြီးတွေကလဲ အကြီးကြီးတွေပဲ
ဟုတ်လား
စတိုးဆိုင်တွေ အ၀တ်စားတွေဆိုရင်လည်း မ၀ယ်ချင်နေ ၀င်ကြည့်လို့ရတယ်
ငါတို့မြို့မှာဆိုရင် မ၀ယ်ပဲကြည့်ရင် ကြောင်ကြောင်တောင်တောင်နဲ့
မန္တလေးက ဆိုင်တွေမှာတော့ မ၀ယ်လည်းအေးဆေးပဲ

ပထနှစ် ကျောင်းအပ်သွားတော့
ခင်ဦးဘူတာကနေ ရထားပြောင်းပြီး မုံရွာကိုစီးရတယ်
အစ်မ ပါနေလို့ မန္တလေးကို မရောက်လိုက်ဘူး
ဟေ့ကောင်လေး တန်းတန်းမှတ်မှတ် ပြန်နော် မန္တလေးကို ၀င်မနေနဲ့ဦး
ရွာထောင်မှာဆင်း ပြီးရင် 55 အဆန်ကိုစီးပြီးပြန်တော့
အစ်မက ကားထွက်ခါနီးမှာ မှာတယ်
အေးပါငါသိပါတယ် နင်ဆရာမလုပ်နဲ့

မုံရွာက ထွက်လာတဲ့ကားက စစ်ကိုင်းကို ကျော်ခဲ့ပြီ
စစ်ကိုင်းတံတားကို ဖြတ်တော့မန္တလေးဘက်အခြမ်းကို လှမ်းမြင်နေရပြီ
မကြာခင် မန္တလေးရောက်တော့မှာပါလား
မန္တလေးမြို့အ၀င် လမ်းဘေးဝဲယာမှာ ဘုရားဆင်းတုထုနေတဲ့လူတွေ
ဘူတာကြီးနဲ့ အနီးဆုံးနေရာမှာ ချပေးပါ
ဒီမှာဆင်း ဒီတိုင်းဆက်လျှောက်သွား ဘူတာကြီးကို ရောက်ပြီ
ကျောပိုးအိတ်တစ်လုံးနဲ့ အထုပ်တစ်ထုပ်ဆွဲထားတဲ့ ကျွန်တော့နား
ဆိုက်ကားသမားတွေ ၀ိုင်းလာကြတယ်
ဘူတာကြီးကို နှစ်ရာကျတယ်
အင်း မန္တလေးဘူတာကြီးက ဟိုကောင်တွေ ပြောသလို ဟဲဗီးကြီးပါလား
ဘူတာပေါ်ကနေကြည့်တော့ မြင်နေရတဲ့တိုက်တွေက ငါတို့မြို့နဲ့တော့ တခြားစီပဲ
ရထားကညနေငါးနာရီမှထွက်မှာ
ကျောပိုးအိတ်တစ်လုံး အထုပ်တစ်ထုပ်နဲ့
ဘယ်သွားရမလဲ
အင်းဘယ်မှလဲ မသွားတတ်ဘူး
ဟိုကောင်ပြောထားတာတော့ရှိတယ်
ဘူကြီးအရှေ့က အမှတ် ၅ ကားကိုဂိတ်ဆုံးအောင်စီးလာခဲ့ အဲဒါဆိုရင် ငါတို့ကျောင်းရောက်ပြီ
ညီလေးရ စက်မှုကအဝေးကြီးပဲ ပြန်လာရင် ရထားမှီတော့မှာ မဟုတ်ဘူး
ဘယ်မှမသွားတတ် ဘယ်နေရာကိုမှ မရောက်ချင်နေ မန္တလေးဆိုတာကို သေသေချာချာမြင်ဖူးခဲ့ပြီ
အိမ်ရောက်တော့ အဖွားကို ၀မ်းသာအားရနဲ့ မန္တလေးလက်ဆောင်ပေးလိုက်တယ်
ရထားထွက်ခါနီးမှာ ၀ယ်လိုက်တဲ့ ထိုးမုန့်က အတုကြီး


၂၀၀၃ ဇွန်လကုန်ခါနီး


ရန်ကုန်သွားတော့မယ်
ဝေလီဝေလင်း မိုးဖွဲလေးတွေကျနေတုန်းမှာ မန္တလေးဘူတာကြီးထဲကို ရထားဝင်တယ်
မန္တလေးဘူတာထဲမှာ ဟိုမေးဒီမေးနဲ့ ရန်ကုန်ရထားလက်မှတ် ရောင်းတဲ့နေရာကို တွေ့သွားတယ်
ရန်ကုန်ရထားက ညနေခြောက်နာရီမှ ထွက်မှာ
ပိုနေတဲ့ အချိန်တွေ ဘာလုပ်ရမလဲ
ပစ္စည်းတွေကို ဘူတာထဲမှာအပ်ပြီး 78 လမ်းမှန်းမသိတဲ့ 78 လမ်းအတိုင်း ကျုံးဘက်ကို လမ်းလျှောက်ခဲ့တယ်
TV ထဲမှာ မြင်ဖူးသလို မန္တလေးတောင်ကို 78 လမ်း ကျုံးဘေးကနေ လိုက်ရှာကြည့်တယ်
မန္တလေးတောင်ကို ကျွန်တော်မတွေ့ဘူး
လမ်း 80 ပေါ်ကျုံးဒေါင့်ကနေကြည့်တယ်
ဘယ်နားမှာလဲ မန္တလေးတောင်
လမ်းလျှောက်ရင်း
လျှောက်မေးရင်နဲ့ ကားနှစ်ဆင့်စီးတော့
မဟာမြတ်မုနိဘုရားကြီးကို ရောက်သွားတယ်
ဘုရားကြီးမှာ ရွေသင်္ကန်းကပ်
ရထားထွက်လာပြီး နောက်တစ်နေ့မှာ ရန်ကုန်ရောက်တယ်
ရောက်ကုန်ရောက်တဲ့နေမှာ ထီဖွင့်တယ်
ကျွန်တော်ငါးသောင်းဆုပေါက်တယ်
အဲဒီ ထီလက်မှတ်က
78 လမ်းဘူတာကြီးဘေးက အောင်ဆုထူးပန်မှာ ထိုးခဲ့တာလေ


2003 နိုဝင်ဘာ

မုံရွာမှာ ပထမနှစ် တက်ဖို့ ရန်ကုန်ကနေ မန္တလေးကို ဖြတ်ခဲ့တယ်



2004 ဧပြီလ

ကျုံးဘေးနားမှာ သင်္ကြန်မဏ္ဌပ်တွေ တန်းစီလို့
မြန်မာဘီယာ မဏ္ဌပ် ဆောက်လက်စကြီးကို လေတိုက်လန်ထားတယ်
မဟာမြတ်မုနိ ဘုရားကြီး အနောက်ဘက် စောင်းတန်းမှာ
ပုဏ္ဏားလေး တစ်ယောက်က ကျွန်တော့ကို လာခေါ်တယ်
သူ့အရွယ်က ကျွန်တော့ထက် တစ်နှစ်လောက်တော့ ငယ်တဲ့ပုံပဲ
ဆရာ လက္ခဏာကြည့်ပါလား
ပိုက်ဆံပေးစရာမလိုဘူး နာမည်ယူနေတုန်းမို့ အလကား ဟောပေးမယ်
တော်ပြီ မကြည့်တော့
လာပါဆရာ
သူ့ဟောခန်းထဲကို လက်ဆွဲခေါ်သွားတယ်
စားပွဲတင် ပန်ကာပု အနီလေးကို ဖွင့်တယ်
အဲဒီပန်ကာကို ကျွန်တော့ဘက်ကို လှည့်ပေးတယ်
ဆရာကို မိန်းကလေး တစ်ယောက်က မစမယ်
ကြီးပွားမယ်
ကြီးပွားရင် ကျွန်တော့ကို တပြားမှ လာမပေးနဲ့
မှန်တယ်ဆိုတဲ့ အကြောင်းပဲလာကြားပါ
ဆရာလဒ်တင်ပါ
မင်းပြောတော့ အလကားဟောမှာဆို
မဟုတ်ဘူးဆရာ ဒါက ထုံးစံမို့ပါ
ကျွန်တော် တစ်ရာတစ်ရွက်ထုတ်ပေးလိုက်တယ်
သူ့ကိုကြည့်ရတာ စိတ်ပျက်သွားပုံပဲ
ဆရာ မိန်းကလေးတစ်ယောက်နဲ့ ပတ်သက်ပြီး အမှုအခင်းဖြစ်ကိန်းရှိတယ်
ဟုတ်လား
ယတြာချေရမယ်
ရွေဖရောင်းတိုင်၊ ငှက်ပျောပွဲ၊ ပန်းမျိုးစုံ
ဘုရားအနောက်မုဒ်မှာ ကပ်ရမယ်
အခုချေရမှာလား
မဟုတ်ဘူး လပြည့်နေ့မှ
အဲဒီနေ့ကြရင် ငါကဒီမှာ မရှိတော့ဘူးလေ
ရပါတယ် ကျွန်တော်ချေပေးထားမယ် ကျသင့်သလောက်သာ ရှင်းထားခဲ့ပါ
ရတယ်ထားလိုက်တော့ ငါရန်ကုန်သွားမှာ ရွေတိဂုံဘုရားရောက်မှ ချေလိုက်တော့မယ်
မရဘူး ဆရာ
ဘာကွာလို့လဲကွ
မဆိုင်ဘူးဆရာ
မဆိုင်လဲနေပါစေတော့ကွာ ငါဖြစ်ရင် ငါ့ဖာသာငါပဲခံလိုက်ပါမယ်


2005 အောက်တိုဘာ

သိရိမန္တလာကားဝင်းအ၀င်မှာ
ကျွန်တော်နဲ့ ရွယ်သူနှစ်ယောက် ကျွန်တော့အိတ်ကို ပြေးလာလုတယ်
ဘယ်လိုက်မှာလဲ
မုံရွာ
ဆရာ အိတ်ပေး
နေပါစေ ငါ့ဖာသာ ငါသယ်မယ်
ရပါတယ် သယ်ပေးပါ့မယ် ကျွန်တော်တို့က လက်မှတ် အရောင်းကိုယ်စားလှယ်တွေ ပိုက်ဆံပေးစရာမလိုဘူး
မုံရွာကားပေါ်မှာ ထိုင်နေတော့
ဆရာ ထိုးမုန့်ဝယ်ပါဦး
စောစောက အိတ်သယ်ပေးတဲ့ကောင်
မ၀ယ်ချင်ပါဘူး
ဝယ်ပါဆရာရယ် တစ်ထုပ်မှ သုံးရာထဲပါ
မ၀ယ်ဘူး
တော်တော်နဲ့ မပြန်တော့ နာငြီးလာပြီ
ဟေ့ကောင် မင်းထိုးမုန့် အတုတွေ မ၀ယ်ချင်ဘူး
ပိုက်ဆံလိုချင်ရင့် ရော့ယူသွား
ခဏလောက်တွေပြီး ကျွန်တော်ပေးတဲ့ ရာတန်တစ်ရွက်ကို ယူထွက်သွားလေရဲ့



2005 နိုဝင်ဘာ

မွေးရပ်ဇာတိက ရန်ကုန်ကို အပြန်
ရထားက ညနေမှ ထွက်မှာ
ကျွန်တော်ရယ် သူငယ်ချင်းရယ်
ပိုနေတဲ့ အချိန်တွေကို ဖြုန်းဖို့
ဘူတာကြီးကနေ ကားနှစ်ဆင့်စီးတော့ မန္တလေးတောင်ကို ရောက်သွားတယ်
အဲဒါ ပထဆုံးအကြိမ် မန္တလေးတောင်ကို ရောက်ဖူးတဲ့ အခေါက်ပေါ့
ဓာတ်လှေကားရှိပေမယ့် မရောက်ဖူးလို့ ခြေလျှင်တက်တယ်
တောင်တက်လမ်းဘေး တစ်လျှောက်မှာ
အမှတ်တရ ပစ္စည်းအရောင်းဆိုင်တွေ
အဲဒီအထဲက မှန်တင်ခုံ သေးသေးလေးကို သဘောကျတယ်
သဘောကျပေမယ့် ၀ယ်ပြီးပေးဖို့ စဉ်းစားလိုက်တော့
လက်ခံမဲ့လူမရှိဘူး
တောင်ထိပ်ရောက်ခါနီးမှာ အဖြူအစိမ်းဝတ်ထားတဲ့ ကျောင်းသူနှစ်ယောက်
အဲဒီထဲကတစ်ယောက်က သူငယ်ချင်းကို ခြေထိုးတယ်
ကလေးပဲရှိသေးတယ် လိမ်လိမ်မာမာနေ
သူငယ်ချင်းက အဲလိုပြောပြီး တောင်ပေါ်တက်ခဲ့တယ်
မန္တလေးတောင် ထိပ်ကနေက တမြို့ကိုလုံးကို မြင်ရတယ်
တိုင်းရေးဆေးတက္ကသိုလ်၊ မန္တလေးဟီးလ်၊ ဆီးဒိုးနား၊ နန်းမြို့ရိုးနဲ့ကျုံး
ပိုက်ဆံ ၂၀ ပေးပြီး မှန်ပြောင်းနဲ့ ကြည့်တော့ ဧရာဝတီတစ်ဘက်ကမ်းက မင်းကွန်းပုထိုးတော်ကြီး
တောင်ခြေနားရောက်တော့
ဟေး ပိန်းဥပြုတ်စားပါလား
အသံလာရာ ကြည့်လိုက်တော့ စောစောက အဖြုအစိမ်းဝတ်ထားတဲ့ ကောင်မလေးနှစ်ယောက်
ညီမခွံ့ကျွေးရင်စားမယ်လေ
သူငယ်ချင်းက ပြန်ပြောတော့
ပါးစပ်ဟထား
ကောင်မလေးကြည့်တော့ ကျွန်တော့်ညီအရွယ်လောက်ပဲရှိသေးတယ်
တကယ်ကျောင်းသူ ဟုတ်မဟုတ် ကျွန်တော်လဲမသိဘူး
အစ်ကိုတို့က မန္တလေးသား မဟုတ်ပါဘူး
အေး အစ်ကိုတို့က ရှမ်းပြည်က သင်္ဘောတက်ဖို့ ရန်ကုန်ကို သွားရမှာ
ကျွန်တော် သူငယ်ချင်းကို လက်ကုတ်လိုက်တယ်
သူက မျက်စိမိတ်ပြတယ်
ဘာသာပြန်လို့ရသလောက်တော့ မင်းအသာနေ ငါ့ဖာသာ ကြည့်ပြောမယ်
ညီမတို့ ဘယ်ပြန်ကြမှာလဲ
ညီမတို့က အချိန်ရတယ် အစ်ကိုတို့ ဘယ်သွားမလဲ လိုက်ခဲ့မယ်လေ
ဟေ့ကောင် ကြည့်ကြတ်လုပ်နော် ရထားက ငါးနာရီထွက်မှာ
ကျွန်တော်သတိပေးတော့
ဒါကမိုင်နာပါကွာ မင်းအသာနေ
ဗိုက်ဆာတယ် အသုပ်ဆိုင်ထိုင်ကြမယ်လေ
အစ်ကို ဒီတောင်ခြေနားက ဆိုင်တွေက သိပ်မကောင်းဘူး
ကောင်မလေးနှစ်ယောက် ဦးဆောင်ပြီး ဟိုင်းလတ်ကားပေါ်တက်သွားတယ်
ကျွန်တော်တက်မလို့လုပ်တော့ သူငယ်ချင်းက ပြန်ဆွဲချတယ်
ကားမှ မထွက်သေးတာကွာ အိုက်လို့
အောက်မှာပဲ စောင့်ပါ
သြော်အေးအေး
ကားထွက်ပြီ
တာ့တာ့ညီမလေး အစ်ကိုတို့ မလိုက်တော့ဘူး နေလိုက်ဦးမယ်
စောစော ကောင်မလေးနှစ်ယောက် ကားပေါ်မှာ ပါသွားလေရဲ့



2006 ဇွန်လ


ညီမ အစ်ကို မန္တလေးမှာ ရောက်နေပြီ
အစ်ကို အခု ထွက်မလာနဲ့ ဦး နေပူသေးတယ်
ညနေငါးနာရီမှ ကျုံးဘေးက ကဖေးစီးတီးကိုလာခဲ့
ဘာမှ စားမလာနဲ့နော် ညီမကျွေးမယ်
ကဖေးစီးတီးဆိုင်ထဲမှာ မီးကို မှိန်မှိန်လေးထွန်းထားတယ်
အဲဒီဆိုင်က ကျွန်တော်ပြန်တော့ ညရှစ်နာရီထိုးတော့မယ်
မိုးကစိတ်စိတ်ရွာနေတော့ ထီးမပါတဲ့ကျွန်တော် တကိုယ်လုံး မိုးရေတွေရွဲခဲ့တယ်



ရေးလို့ မကုန်သေးပါ

Read More...