Art is My Life: ဆေးပေါင်းခတဲ့ည

Sunday, November 21, 2010

ဆေးပေါင်းခတဲ့ည

ဆေးပေါင်းခတဲ့ ညဖြစ်သည်။ ဒီညသည် ကျွန်တော်တို့ ဒေသမှာဆိုလျှင် လူငယ်တွေအတွက် သူခိုးကြီးညဟုလည်း ခေါ်ကြသည်။ တစ်ချို့ အရပ်ဒေသ များတွင်တော့ လပြည့်ကျော် တစ်ရက်နေ့ကို သူခိုးကြီးညဟု ခေါ်ကြပြီး ကျွန်တော်တို့ အရပ် ကျွန်တော်တို့ ဒေသမှာတော့ လပြည့်ညသည် သူခိုးညဖြစ်သည်။

ကျွန်တော်တို့ ကလေးပေါက်စအရွယ် နှစ်တန်းသုံးတန်းလောက် တုန်းကတော့ အခုလို ညမျိုးဆိုရင် ဘယ်သူ့အိမ်က ဘာသွားခိုးလျှင် ကောင်းမလဲဟု သူငယ်ချင်းများ အချင်းချင်း ခေါင်းချင်းရိုက် တိုင်ပင်ခဲ့ဖူးကြသည်။ ထိုစဉ်က အသက်ကလဲ သိပ်မကြီးသေးသည့် အတွက် တစ်ကောင်တနွဲထိအောင်လဲ အိမ်အပြင်ထွက်လို့မရပေ။ ညရှစ်နာရီခွဲ ကိုးနာရီ လောက်ဆိုရင် အားလုံး အိမ်ပြန်ကြရမည်။ ထို့ကြောင့် ကျွန်တော်တို့ အိမ်မျက်နှာချင်းဆိုင်ရှိ သစ်စက်ဝင်းအတွင်းက ဘူးသီးတစ်လုံးကို ၀င်ခိုးလိုက်ကြသည်။ ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက် ဘူသီးကြီးကို ကမ္ဘာ့ဖလားပိုက်သလို တစ်ယောက်တစ်လှည့်စီ ပိုက်ပြီး ပျော်နေကြသည်။ အိမ်ပြန်ဖို့ အချိန်ရောက်တော့ ဘယ်သူယူရမည်မှန်း မသိ။ ဘယ်သူမှလည်းမယူချင်။ ဘူသီးကြီးယူလာပါက ဘယ်သွားတာလဲ ဘာလုပ်တာနဲ့ အိမ်မှာ အဆဲခံထိမည်ကို စိုးကြသည်။ နောက်ဆုံးတော့ လမ်းက ဖြတ်သွား ဖြတ်လာထဲက လင်မယားနှစ်ယောက်ကို ဘူးသီးကြီးကို ပေးလိုက်ပြီး ကျွန်တော်တို့ အိမ်ပြန်ခဲ့ကြသည်။

ကျွန်တော်တို့ ကိုးတန်းကျောင်းသား ရောက်တော့ ဒိုးပတ် တစ်လုံးကို ငှားပြီး ၀ါးလက်ခုပ်များ လုပ်ကာ သူငယ်ချင်း လေးငါးခြောက်ယောက် စုပြီး ရပ်ကွက်ထဲမှာ လိုက်တောင်းကြသည်။ ပိုက်ဆံ လာထည့်အခါတွင် အိမ်ရှင်နာမည်ကို မေးသည်။ ပြီးလျှင် အိမ်ရှင်နာမည်ကိုတပ်ပြီး ဦး... တို့မိသားစု ကျန်းမာပါစေ ချမ်းသာပါစေဟု အော်ကြသည်။ ထိုခေတ်က ငါးကျပ် တစ်ဆယ် ထည့်သည့်ခေတ် ဖြစ်သည်။ ငါးဆယ်တန် ထည့်သည့် အိမ်ဆိုလျှင် ထိုအိမ်ရှေ့မှာ အသံပိုကျယ်ကျယ် အော်ကြသည်။ ညဆယ်နာရီခွဲ လောက်ရောက်တော့ ကျွန်တော်တို့ တောင်းတာကို ရပ်လိုက်ကြသည်။ ထို့နောက် ရပ်ကွက်ထဲရှိသည့် ကြက်ရှိသည့် အိမ်တွင် ကြက်သွားဝယ်ပြီး သူငယ်ချင်းတစ်ယောက် အိမ်တွင် ကြက်သားကာလသားဟင်းချက်ပြီး ဘီအီးဖြင့် သောက်ကြသည်။ နောက်နေ့ မနက် စာရင်းချုပ်သည့်အခါ ဒိုးပတ်ငှားခ ပေးရန် ပိုက်ဆံ လိုနေသဖြင့် ပိုက်ဆံ တစ်ယောက် တစ်ရာ့ငါးဆယ်စီ ထပ်ထည့်လိုက်ရသည်။

နောက်ပိုင်း နှစ်များတွင်တော့ တန်ဆောင်တိုင်ညတွင် ဒိုးပတ်တီးပြီး မတောင်းဖြစ်တော့သည့်တိုင် သူငယ်ချင်းများနှင့်စုကာ ကြက်သားကာလသားဟင်း ချက်စားဖြစ်သည်။ ဆယ်တန်းအောင်ပြီးတော့ မုံရွာတွင် အဝေးသင် တက္ကသိုလ်တက်ရသည်။ မုံရွာတွင် အဝေးသင် သွားသည့်အချိန်တိုင်း တန်ဆောင်မုန်းလပြည့်ညနှင့် အမြဲတိုက်သည်။ မုံရွာတွင်လည်း သူငယ်ချင်းများနှင့် စုကာ ကြက်သားကာလသားဟင်း ချက်စားဖြစ်သည်။

အခုပြန်စဉ်းစားကြည့်တော့ တန်ဆောင်တိုင်လပြည့်တွင် ကြက်သားဟင်း ချက်မစားဖြစ်တာ တော်တော်ကြာသွားပြီ။ ရန်ကုန်ရောက်လာပြီး နောက်ပိုင်း တန်ဆောင်တိုင်ညဆိုတာကို သတိမထားမိလိုက်သည့် နှစ်များပင်ရှိသည်။ ပြီးခဲ့သည့်နှစ် တန်ဆောင်တိုင် တုန်းကတော့ တောင်ကြီးမီးပုံပျံပွဲ သွားကြည့်ဖြစ်သည်။ ဒီနှစ် တန်ဆောင်တိုင်တော့ ဘယ်ကိုမှ မသွားဖြစ်။ မနေ့က ရွှေတိံဂုံဘုရား သွားရင်း ဘုရားရဲများနှင့် အတက်မှာရော အဆင်းမှာပါ စကားများခဲ့ရသည်။ သူတို့ကပဲ အချိုးမပြေတာလား ကျွန်တော်ကပဲ အချိုးမပြေတာလားတော့ မပြောတတ်။ သေချာတာတော့ တစ်ယောက်ယောက်က အချိုးမပြေခြင်းဖြစ်သည်။ ထို့ကြောင့် ဒီနေ့လည်း ရွှေတိဲံဂုံဘုရားကို မသွားချင်တော့ပေ။

အခုအချိန်လောက်ဆိုရင်တော့ ကျွန်တော်တို့ နယ်က ရပ်ကွက်ထဲမှာ ဒိုးပတ်သံတွေ ဆူဆူညံညံနဲ့ ကိုကိုကာလသားတွေ ပိုက်ဆံ လိုက်တောင်းနေကြရော့မည်။ အခုတော့ ကိုးနာရီထိုးလျှင် ဆိုင်ပိတ်မည်ဟု အင်တာနက်ဆိုင်က ကောင်လေးက လာပြောနေပြီ။ ဒါကြောင့် ကျွန်တော့်ဇာတ်လမ်းကတော့ တိုးလို့တန်းနှင့် ဒီမှာပဲ စခန်းရပ်ရတော့မည်။ နောင်အလျှင်းသင့်မှ မနေ့ကရွှေတိံဂုံတွင် စကားများခဲ့ရသည့် အကြောင်းကို ဆက်ပြောပါတော့မည်။ အားလုံးပဲ ဆေးပေါင်းခတဲ့ ညလေး ဖြစ်ပါစေ.....

No comments:

There was an error in this gadget