Art is My Life: 2015

Wednesday, March 25, 2015

ကလေး...

ခန္ဓာကိုယ်တစ်ခုလုံးက မည်းနက်နေသည်... ပြုံးရယ်လိုက်လျှင် ဝါကျင့်ကျင့် အရောင် သွားလေးများ ပေါ်လာသည်။ သူ့တစ်ကိုယ်လုံး ဖြူသည့်နေရာဆိုလို့ မျက်လုံးလေးများသာရှိသည်။  သူက ကျွန်တော် ဘေးနားမှာ လာရပ်ပြီး ကျွန်တော် ဓာတ်ပုံရိုက်နေတာကို ကြည့်နေသည်။

 တစ်ခြားကလေးတွေက ဓာတ်ပုံရိုက်တာ မြင်လျှင် ကင်မရာ အရှေ့မှာ ဝိုင်းပြီး မှတ်တပ်ရပ်ကြသည်။ ကင်မရာ အရှေ့မှာ ဆော့ကြသည်။ ဖယ်ခိုင်းလျှင်လည်း တော်တော်နဲ့ မဖယ်။ သူကတော့ ထိုကလေးတွေလို မဟုတ်၊ ကျွန်တော် ဓာတ်ပုံ ရိုက်တာကို အနောက်နေ လိုက်ကြည့်နေခြင်းသာ ဖြစ်သည်။

နောက်ထပ် နာရီပိုင်းအတွင်းမှာ လေမုန်တိုင်း လာတော့မည်။ လေမုန်တိုင်းက ကမ်းခြေဝင်ခါနီး အားပျော့သွားမည်ဟု ဆိုသော်လည်း တစ်နာရီ မိုင် ခြောက်ဆယ်နှင့် ခုနှစ်ဆယ်ကြား တိုက်ခတ်နိုင်သည် ခန့်မှန်းထားသည်။

 တစ်ခြားကလေးတွေနဲ့ မိသားစု တော်တော်များများ လေဘေးလွှတ်ရာကို ပြောင်းသွားကြပြီ။ ကျွန်တော့် ဘေးနားမှာ လိုက်ကြည့်သော ကလေးမိသားစုကတော့ မပြောင်း။ ဘာဖြစ်လို့ မပြောင်းတာလဲလို့ သူတို့ မိဘတွေကို မေးကြည့်တော့ ကျွန်တော် တို့ သေရင်လည်း ဒီမှာ သေမယ်။ ဒါကတော့ သူတို့ အကြောင်းနှင့် သူတို့ မှားသည် မှန်သည် ကျွန်တော် မပြောလို။ ထိုအကြောင်းကို မှားသည် မှန်သည် ပြောလျှင် ဆွေးနွေး ငြင်းခုန်လို့ ဆုံးလိမ့်မည် မဟုတ်။

ကျွန်တော် ပြောပြချင်သည့် အကြောင်းက ကလေးများ ဖြစ်သည်။  ခန့်မှန်းထားသည့် အတိုင်း တစ်နာရီ မိုင်ခြောက်ဆယ်နှုန်းဖြင့် ဝင်လာပါက ဒုက္ခသည် စခန်းဟု ခေါ်သည့် ယိုင်ယိုင်နဲ့နဲ့ တဲလေးများ လေထဲတွင် တစ်စစီ ဖြစ်သွားလိမ့်မယ်။ ကမ်းခြေနဲ့ သိပ်မဝေးတာကြောင့် မုန်တိုင်း ဒီရေနှင့် ရေလှိုင်းဝင်လာလျှင် ဒုက္ခသည်စခန်းတစ်ခုလုံး ဒီရေထဲမှာ မျှောပြီး တော်တော်များများ သေသွားနိုင်သည်။ အထူးသဖြင့် ကလေးတွေ ဖြစ်သည်။



မျက်လုံးသည် လူ့စိတ်ရဲ့ တံခါးပေါက်ဟု ဆိုကြသည်။ လူတစ်ယောက်ရဲ့ အတွင်းစိတ်က သူ့မျက်လုံးမှာ လာပေါ်သည်ဟုလည်း ဆိုကြသည်။ ကုလား ဖြစ်ဖြစ် တရုတ် ဖြစ်ဖြစ် မြန်မာဖြစ်ဖြစ် ကပ္ပလီ ဖြစ်ဖြစ်။ ကလေးလေးတွေကို ကြည့်လိုက်ရင် မျက်လုံးလေးတွေက ကြည်နေသည်။  သူတို့လေးတွေရဲ့ စိတ်ထဲမှာ အဖြူရောင် ဖြစ်သည် ဆိုတာကို မျက်လုံးတွေကို ကြည့်ရုံနှင့် သိနိုင်သည်။ လူတိုင်းသည် ကလေးဖြစ်ဖူးသည်။ ကလေးတိုင်းသည် ရိုးရှင်းသော မျက်လုံးလေးများနှင့် အပြစ်ကင်းစင်လှသည်။ သေချာတာတော့ လူတိုင်းသည် ကလေးဘဝက ရိုးသားပြီး အပြစ်ကင်းစင်ခဲ့ကြသည်။


ကျွန်တော် စဉ်းစားကြည့်သည်။ လူတိုင်းသည် ငယ်ရွယ်စဉ်ဘဝက အပြစ်ကင်းပြီး ရိုးသားခဲ့ကြသည်။ အရွယ်ရောက်လာသည့်အခါ ရိုးသားမှုတွေ အပြစ်ကင်းစင်မှုတွေ မရှိတော့ပေ။ မည့်သည့်အရာများက ရိုးသားမှုတွေကို မောင်းထုတ်ခဲ့ကြသနည်း။

 ကလေးတိုင်းကို လူတိုင်းချစ်ကြသလို သင့်ပတ်ဝန်းကျင်မှာလည်း လူတိုင်း ချစ်ခင်ကြတဲ့ သူငယ်ချင်း မိတ်ဆွေတွေကို မကြာခဏ တွေ့ဖူးပါလိမ့်မည်။ ထိုသူများကို သတိထားကြည့်ပါ။ သူတို့မှာ ကလေးတွေလို ရိုးသားတာကို တွေ့ရလိမ့်မည်။ ဒါဆိုလျှင် သင်ရော အဲလိုရိုးသားတဲ့အထဲမှာ ပါပါရဲ့လား...။

Read More...

There was an error in this gadget