Art is My Life: ကြိမ်ဖူးဟင်းချို

Sunday, September 26, 2010

ကြိမ်ဖူးဟင်းချို





ငွေဆောင်ကမ်းခြေတွင် ဖြစ်သည်။ ဖော်ဖော်ရီလ အချိန်က နေ့လည် နှစ်နာရီထိုးခါနီးပြီ။ နေက တော်ပင်ပူပါသည်။ ကမ်းခြေတစ်လျှောက်မှာ ငါးပိုက်ဆွဲနေသည့် တံငါသည်များကို ကျွန်တော် နေပူပူထဲတွင် ဓာတ်ပုံလိုက်ရိုက်နေသည်။ ကမ်းခြေတွင် ပိုက်ဆွဲနေသူများကတော့ ဘယ်လိုရှိသည် မသိ ဓာတ်ပုံလိုက်ရိုက်နေသော ကျွန်တော်ကတော့ ချွေးသီးချွေးပေါက်များ ကျကာ တော်တော်ပင်ပန်းနေပြီ။

ကမ်းခြေတွင်ငါးပိုက်ဆွဲသည်က တခြားမြစ်ထဲချောင်းထဲမှာ ငါးပိုက်ဆွဲတာနှင့်မတူပေ။ တစ်မိုင်လောက်ရှည်သော ပိုက်ကြီးကို စက်လှေပေါ်တွင်တင် ကမ်းခြေတစ်လျှောက်တွင် ငါးအုပ်ကို လိုက်ရှာပြီး ငါးအုပ်တွေ့သည့်အခါမှ ပိုက်ကို ခြံစည်းရိုးဝိုက်သလို ငါးအုပ်ကို ၀ိုက်လိုက်ပြီး ကမ်းပေါ်ကို လူအင်အားဖြင့် တစ်ဖြည်းဖြည်းခြင်းဆွဲ တင်ခြင်းဖြစ်သည်။



ငါးပိုက်ကို ဆွဲတင်ရာတွင် အနည်းဆုံး အချိန် သုံးနာရီခန့်ကြာမြင့်ပြီး လူဆယ့်ငါးယောက် အယောက်နှစ်ဆယ်လောက် လူအင်အားသုံးက အဖြည်းဖြည်းချင်းကမ်းပေါ်ကို ဆွဲတင်ရခြင်းဖြစ်သည်။ ထိုသို့ တဖြည်းဖြည်း ဆွဲလာရင်းဆွဲလာရင်းဖြင့် ခြံစီးရိုးဝိုက်သလို ၀ိုက်ထားသော ပိုက်က တဖြည်းဖြည်းကျဉ်းလာပြီး နောက်ဆုံး ကမ်းပေါ်ရောက်သည့်အခါတွင် ပိုက်၏အကျယ်ဝန်းမှာ ငါးပေပတ်လည်ခန့်သာ ရှိတော့သည်။ ထိုအချိန်ကျမှ ပိုက်ထဲတွင်ပါလာသော ငါးများကို တင်းတောင်းများဖြင့် ကျုံးယူကြသည်။ ငါးများကို တင်းတောင်းဖြင့်ကျုံးပြီး သောင်ပြင်ပေါ်သို့ သယ်သွားကြသည်။ နေပူပူသောင်ပြင်ပေါ်တွင် ပိုက်များ ဖြန့်ခင်းပြီး ချက်ခြင်းနေပူလှန်းလိုက်သည်။



သောင်ပြင်ပေါ်မှာ ငါးများအား သူတို့နေပူလှန်းနေသည်ကို ဓာတ်ပုံရိုက်နေရင်း နေပူလှန်းသူများထဲတွင် ၀င်လုပ်ကူနေသည့် ကလေးတစ်ယောက် ရဲ့ခြေထောက်ကို သတိထားမိလိုက်သည်။ ကလေးမလေးက အသက်ရှစ်နှစ် ကိုးနှစ်အရွယ်လောက်သာ ရှိပြီး ခြေထောက်တွင် အမာရွှတ်များမှာ အစဉ်းလိုက် အစဉ်းလိုက်ဖြစ်နေသည်။ ကျွန်တော်က ဘာဖြစ်တာလဲလို့ မေးတော့ သူ့ဖေက ရခိုင်သံလား ထားဝယ်သံလား တော့မပြောတတ် ထိုကဲ့သို့ အသံဝဲ၀ဲဖြင့် နပေါက်မပါလို့လေ။ ပြောစကား ဆိုစကား နားမထောင်မလို့ရိုက်ထားတာ။ နားမှာ အပေါက်မပါတဲ့ ကလေးတွေက အဲလို ရိုက်ပေးမှရတယ်.. ဟုကျွန်တော့်ကို ပြန်ပြောသည်။



အဲလူကြီးစကား ဆုံးသွားတော့ ကလေးလေးရဲ့ ခြေထောက်ကို ကြည့်ပြီး ကျွန်တော်စဉ်းစားကြည့်မိသည် အဲလောက်ငယ်တဲ့ ကလေးလေး တစ်ယောက်ကို အမာရွှတ်တွေထင်သွားအောင် ရိုက်သင့်ရဲ့လား…..

ကျွန်တော်ကျောင်းက ပြန်လာပြီး ပုဆိုးလှဲတော့ ကျွန်တော့်အမက လှမ်းမေးသည် နင့်ခြေထောက်က အရာကြီးတွေက ဘာဖြစ်တာလဲတဲ့။ ကျွန်တော်ကတော့ ဘာမှမဖြစ်ပါဘူးဟု ခပ်အေးအေးပင် ပြန်ပြောလိုက်သည်။ အမက ထပ်မေးသည် နင်အရိုက်ခံထားရတာမဟုတ်လားတဲ့။ မဟုတ်ပါဘူး စက်ဘီးလှဲထားတာလို့ လိမ်ပြီး ကျွန်တော် အိမ်ပေါ်သို့ ပြေးတက်သွားလိုက်သည်။ အိမ်ပေါ်ရောက်တော့မှ ကျွန်တော့်ခြေသလုံးကို သေခြာပြန်ကြည့်လိုက်သည် ခြေသလုံးမှာ အရှိုးလိုက် အရှိုးလိုက် အညိုမဲစွဲနေသည်။ အဲဒီတုန်းက ကျွန်တော်ငါးတန်းနှစ်………

ကျွန်တော်တို့ ကျောင်းမှာ ကြိုသက် ဆိုသည့်ဘာသာရပ်တစ်ခုကို အလယ်တန်း ကျောင်းသားဘ၀က သင်ရသည်။ မြန်မာတစ်နိုင်ငံလုံးတွင် ကြိုသက် ဘာသာသင်ရသည့် ကျောင်းမှာ ကျောင်းငါးဆယ်ခန့်သာ ရှိသည်ဟု ဆိုသည်။ ကြိုသက် ဘာသာသည် ယေကျာင်္းလေးများအတွက် စိုက်ပျိုးရေး မွေးမြူရေး အခြေခံများကို သင်ကြားရသည်ဖြစ်ပြီး မိန်းကလေးများက အိမ်တွင်းမှု အခြေခံကိုသင်ရသည်။ မိန်းကလေးများ သင်ရသည့် ဘာသာနှင့် ယေကျာင်္းလေးများသင်ရသည့် ဘာသာက မတူပေ။

ထို့ကြောင့် ကြိုသက်ချိန်ရောက်ပြီ ဆိုလျှင် အခန်းနှစ်ခန်းပေါင်းကာ ယေကျာင်္းလေး သတ်သတ် မိန်းကလေး သတ်သတ် ပေါင်းပြီး သီးခြားစီသင်ရသည်။ ကျွန်တော်က ဘီခန်းကဖြစ်သည်။ ကြိုသက်ချိန်ရောက်ပြီ ဆိုလျှင် ဘီခန်းက မိန်းကလေးများက စီခန်းသို့သွား၍ စီခန်းမှ ယေကျာင်္းလေးများက ကျွန်တော်တို့ ဘီခန်းကိုလာပြီး စာသင်ရသည်။

ကျွန်တော်တို့ ကျောင်းမှာထုံးစံက အတန်းတိုင်း ဘုရားညောင်ရေအိုးနှင့် ဆရာ ဆရာမထိုင်သည့် စားပွဲပေါ်တွင် ဖန်ပန်းအိုလေး တစ်လုံးရှိသည်။ ၀ါစိမ်းနီပြာ အသင်းခွဲထားပြီး ယေကျာင်္းလေးများက အသင်းကျသည့်နေ့တွင် သောက်ရေ သွားခပ်ရသည်။ မိန်းကလေးများက အသင်းကျသည့်နေတွင် အခန်းကို တံမျှက်စီးလှဲပြီး ပိုက်ဆံစုကာ ဘုရားပန်းအိုးနှင့် ဆရာ ဆရာမ စားပွဲပေါ်က ပန်းအိုးလေးကို ပန်းထိုးပေးရသည်။

တစ်ရက်……..
ကြိုသက်ချိန် ရောက်တော့ မိန်းကလေးတွေက စီခန်းသို့ပြောင်းသွားပြီး စီခန်းက ယေကျာင်္းလေးတွေက ဘီခန်းသို့ ရောက်လာကြသည်။ ကြိုသက်ချိန်ရဲ့ ထုံးစံအတိုင်း စာသင်မည့်ဆရာက ရောက်မလာသေးပေ။ ထို အချိန်မှာ စီခန်းက စာလာသင်သည့် ကျောင်းသားများထဲမှ ဆရာဆရာမ စားပွဲနှင့် နီးသူများက စားပွဲပေါ်ရှိ ပန်းအိုးထဲက နှင်းဆီပန်းလေးများကို လက်ဖြင့်လှမ်းပြီး ပွင့်ဖတ်လေးတွေကို ခြွေကြသည် ။ စီခန်းက ယေကျာင်္းလေးတွေက ပန်းအိုးထဲက နှင်းဆီပန်းပွင့်ဖတ်လေးတွေကို အဲလို လှမ်းလှမ်းပြီးခြွှေချနေတာကို ကျွန်တော်တို့ ဘီခန်းက မိန်းကလေးတွေက ဘယ်လိုသိသွားမှန်းမသိ မိန်းကလေး နှစ်ယောက် ရောက်လာပြီး ပန်းတွေကို လာယူသွားသည်။ အဲလိုပန်းတွေကို ယူသွားချိန်မှာ ကျောင်းသားတွေက မယူတားရင်းက ၀ိုင်းလုကြသည်။

အတန်းကြီးလာမှသာ မိန်းကလေးတွေ ယေကျာင်္းလေးတွေက မျက်ထောင့်လေးတွေ ပေစောင်းပေစောင်းကြည့်ပြီး သူငယ်ချင်း အရမ်းခင်တယ်လို့ ဖြစ်သွားကြပေမယ့် ငါးတန်းခြောက်တန်း အရွယ်မှာတော့ ယေကျာင်္းလေးနဲ့ မိန်းကလေးသည် ရန်သူဖြစ်သည်။

အဲဒီတုန်းက ကျွန်တော်တို့ကလဲ ယေကျာင်္းလေးပီပီ ယေကျာင်္းလေး စိတ်ဓာတ်တိုင်း အတိုင်း ဘာလို့ ဒီလိုလာယူရမှာလဲဆိုပြီး ကျွန်တော်လဲ ယေကျာင်္းလေးတွေဘက်က ၀င်ပြီးပန်းတွေကို လုကူသည်။ အဲလို လုရင်းက မိန်းကလေးနှစ်ယောက်က ပန်းတွေကို လွှင့်ပစ်ထားခဲ့ပြီး ထွက်သွားသည်။ နောက်တော့ ကောင်မလေး တစ်ယောက်က ကြိုသက်ဆရာကို ငိုပြီးသွားတိုင်သည်။ ကျွန်တော်က သူ့ကျောကုန်းကို လက်သီးနဲ့ထိုးပါတယ်တဲ့။ အဲဒီတော့မှ ကြိုသက်ဆရာက ရောက်လာပြီး ကျွန်တော့်ကို အတန်းရှေ့ထွက်ရပ်ခိုင်းသည်။ အဖြစ်မှန်ကိုလဲ မမေး ဘယ်လိုဖြစ်ကြတယ်ဆိုတာလဲ မစုံစမ်း။ မင်းသူ့ကိုထိုးလားတဲ့ ကျွန်တော့်ကို လာမေးသည်။ ကျွန်တော်မှ မထိုးတာ ကျွန်တော်က မထိုးဘူးဆိုတော့။ လက်ထဲက ကြိမ်လုံးကို စားပွဲပေါ်ကို နှစ်ချက်သုံးချက်လောက် ရိုက်လိုက်သည်။ အဲလိုရိုက်လိုက်တော့ ကြွက်စီကြွက်စီ ပြောနေတဲ့ စကားတွေတိတ်သွားသည်။

အဲလိုတိတ်သွားတော့မှ….
အရှေ့ဆုံးမှာ ထိုင်နေတဲ့ ကျောင်းသားကို ကြိမ်လုံးကြီးပြပြီး မေးသည် ဒီကောင်မလေးကျောကုန်းကို သူက လက်သီးနဲ့သွားထိုးတယ်ဆို ဟုတ်လား ဆိုတော့ အဲဒီကောင်လေးက ဟုတ်ပါတယ်ဟု ဖြေသည်။ နောက်တစ်ယောက်ကို ထပ်မေးပြန်သည် နောက်တစ်ယောက်ကလဲ ဟုတ်ပါတယ်လို့ပဲဖြေသည်။ သူတို့ပြောတာ ဟုတ်တယ်တဲ့ မင်းဝန်ခံမှာလား ကြိမ်လုံးကြီးကို ပြပြီး ကျွန်တော့်ကို မေးသည်။ မင်းဝန်မခံဘူးဆိုရင် ကျောင်းထွက်ရမယ်။ ကျောင်းထွက်ပြီးရင်တော့ ဘူတာရုံမှာ ကူလီသာ ထမ်းနေပေတော့ဟု ပြောသည်။ မင်း ၀န်မခံပဲ ကျောင်းထွက်မှာလား ၀န်ခံပြီး အရိုက်ခံမှာလားတဲ့။

ကျွန်တော် ကျောင်းထွက်ရမှာတော့ ကြောက်ပါသည်။ ကျွန်တော် ငါးတန်းကျောင်းသားဘ၀က တွေးလိုက်မိသည်က ၀န်ခံလိုက်ရင် ရိုက်ခံရမည် ၀န်မခံရင် ကျောင်းထွက်ရမည်။ ကျောင်းတော့ မထွက်နိုင် အရိုက်ပဲ ခံတော့မည်ဟု ဆုံးဖြတ်ကာ ကျွန်တော် တကယ်မထိုးခဲ့ပေမယ့်လည်း ထိုးပါသည်ဟု ပြောလိုက်တော့သည်။ ၀န်ခံလိုက်ပြီဆိုတော့ စတိတ်စင်ပေါ်တက်ခိုင်းပြီး ပုဆိုးကို ဒူးခေါင်းထိ လှန်ခိုင်းသည်။ ပြီးတော့ လက်ညိုးလောက်ရှိသော ကြိမ်လုံးဖြင့် ခြေသလုံးကို ငါးချက်လွှဲရိုက်သည်။

ဆယ်နှစ်သားအရွယ်မှာ လူကြီးအားဖြင့် လွှဲရိုက်ခံရသော ငါးချက်သည် တော်တော်နာသည်။ ကျွန်တော်ငိုချင်သည် ဒါပေမယ့် မငိုမိအောင် မျက်ရည်ကိုထိမ်းထားလိုက်သည်။ စာသင်ခန်းထဲမှာ ဒီတိုင်းကြိတ်ထိုင်နေပြီး အိမ်ပြန်ခဲ့လိုက်သည်။ ရိုက်ရိုက်ခံရခြင်းနေ့က ခြေသလုံးမှာ အစဉ်းစဉ်းတွေ အပိန့်အပိန့်လိုက် အပိန့်လိုက် ဖြစ်နေပြီး အရေခွံများ ပွန်းကာ တစ်ချို့နေရာမှာ သွေးနည်းနည်းစို့နေသည်။ နောက်နေ့ရောက်တော့ အစင်းတွေ ပျောက်သွားပေမယ့် အညိုမဲစွဲပြီး ကျန်ရစ်ခဲ့သည်။

ကျွန်တော်တို့နိုင်ငံ ကျွန်တော်တို့လူမျိုးမှာ အခုအထိ အရိုးစွဲနေကြတာက အိုးကောင်းတစ်လုံးဖြစ်လာအောင် နာနာရိုက်ရတယ် နာနာရိုက်မှ အိုကောင်းတစ်လုံးဖြစ်လာမယ်။ ဒါကြောင့် ကလေးတွေကိုလဲ လိမ္မာစေချင်ရင် နာနာရိုက်ရမယ်။

ကျွန်တော်တော်စောစောက ပြောပြသွားတာက ကျွန်တော်တွေ့ကြုံခဲ့တဲ့ ဖြစ်ရပ်။ ကျောင်းတွေ ကျောင်းတွေမှာ မိမိဘတွေ မိဘတွေမှာ ကျွန်တော်တွေ့ကြုံခဲ့တဲ့ ဖြစ်ရပ်ထက် ဆိုးအောင်ရိုက်တာတွေ ဘယ်လောက်တောင် ရှိနေမလဲ။ ဘယ်လောက် ရှိနေမလဲ ဆိုတော အတိကျမသိပေမယ့် အရွယ်နဲ့ မမျှအောင် ရိုက်ခံနေကြ ရတာတွေ ကတော့ သေချာပေါက်ရှိမှာပါ။

ကျွန်တော်တို့ ငယ်ငယ်ကဆိုလျှင် တစ်ချို့မိဘများက အရိုက်ကြမ်းသည်ဆိုသော ကျူရှင်များမှာပင် ရွှေးထားသည်ကိုတွေ့ဖူးပါသည်။ ကျွန်တော်တို့လဲ ထိုကျူရှင်တွင်ပင်တက်ရပါသည်။ ဒီနေ့ မီးနင်းတွေ အလွှတ်ကျက်ခဲ့။ နောက်နေ့ စာမေးလို့ တစ်လုံးမရလျှင် သစ်သားပေတံဖြင့် တစ်ချက်ရိုက်သည်။ တစ်ခါတစ်ရံတွင် ရိုက်ရင်းဖြင့် ထင်းရူးသစ်သားပေတံ ကွဲသွားသည်ကိုပင် ကြုံခဲ့ဖူးသည်။ ဒါပေမယ့် စာညံ့တဲ့ကလေးကတော့ အရိုက်ခံရလွှန်းလို့ ကျူရှင်ပြေးချင်စိတ်တာ ဖြစ်လာသည် စာကတော့ တော်မလာပါ။

ငယ်ရွယ်စဉ်ကာလမှာ အထိုက်အလျှောက် ရိုက်သင့်သည်ဆိုတာကို လက်ခံကောင်း လက်ခံလို့ရနိုင်ပေမယ့် အရွယ်နဲ့မမျှအောင် အလွန်အကျွံရိုက်တယ်ဆိုတော့ ဖြစ်သင့်သည်ဟုမထင်ပါ။ အဲလို အရွယ်နဲ့မမျှအောင် ရိုက်လိုက်တော့ရော အဲဒီကလေးက နားလည်သွားလား။ အဲဒီကလေးက တကယ်လိမ္မာသွားလား…..

အဲလိုစဉ်းစားနေရင်း ကြည်ဖြူသျှင် အမေရိကားမှာ ဆုရသည့် ၀သုန်ရဲ့ ကောက်ကြောင်း ၁၅ မိနစ်စာ မှတ်တမ်း ရုပ်ရှင်ထဲမှာ ပန်းချီဝသုန် ပြောသွားတာ သွားသတိရလိုက်သည်။ ကျွန်တော့်ကလေးတွေကို တစ်ခါမှ မရိုက်ဖူးဘူး မယုံရင်မေးကြည့်ပါလား။ ကျွန်တော်ငယ်ငယ်က အရိုက်ခံရတယ်။ အဲလိုအရိုက်ခံရရင် ကျွန်တော် အရမ်းစိတ်ဆိုးတယ်။ ပြီးတော့ ကလေးဆိုတာ ရိုက်တိုင်းလည်း လိမ္မာတာမှမဟုတ်တာတဲ့….

တစ်ချိန်ကျရင် ကျွန်တော့်မှာရော မိတ်ဆွေတို့မှာပါ ကလေးတွေ ရှိလာပေလိမ့်မည်။ တစ်ချို့ဆိုလျှင် အခုကတည်းက ရှိနှင့်ပြီးသား ဖြစ်နေပေလိမ့်မည်။ အဲဒီအချိန်ကျရင် ကလေးတွေကို ကြိမ်ဖူးဟင်းချို လို့ တင်စားခေါ်တဲ့ ကြိမ်လုံးကြီးနဲ့ ကိုယ်လိုရာပုံကို ရိုက်သွင်းတဲ့ brainwash နည်းလမ်းကို ဆက်လက်သုံးသွားကြ ဦးမှာလား.......





6 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ငါးတွေကြည့်ရတာ အသည်းယားစရာ
အများကြီးဘဲ။
ပျော်သလိုတောင့်ဖြစ်မိတယ်
ကြိမ်ဖူးဟင်းချိုဆိုလို့ ကချင်ပြည်နယ်က ကြိမ်ဖူးဟင်းချို ထင်နေတာ
နောက်တော့မှ အရိုက်ခံရတဲ့ ကြိမ်လုံး.......
တော်တော်နောက်တယ်..

Vista said...

ဟုတ်တယ် ကျနော်လည်းရိုက်တယ်ဆိုတာမကြိုက်ဘူး အရိုက်လည်းမခံခဲ့ရဘူး မိဘတွေကျေးဇူးတင်တယ်။
နားဝင်အောင်ပဲပြောတယ် ၊ ကျောင်းမှာရိုက်တယ်ဆိုတာလည်းမကြိုက်ဘူး။မုန်းတယ်။

Unknown said...

Really good essay.I was a boy like you not only school but home also.They didnt ask why or what .So I dont use anystick for my son,but I was very angry to my son and kicked the couch lastweek,I got broken toe and plastered that.too bad.

JulyDream said...

အဲဒီ ကြိုသက်ကို သင်ဖူးတယ်။ ကျွန်တော်တို့ ကျောင်းမှာတော့ စက်မှု အိမ်တွင်းမှုလို့ ခေါ်ကြတယ်။ စက်မှုချိန် ရောက်ပြီးဆိုရင် စရွေးဖို စရွေးမတွေ အကြောင်း ကြိမ်ထိုး နှီးဖျာတဲ့အကြောင်းတွေ သင်ရတယ်။ အများအားဖြင့် ဆရာ မလာပဲ အားနေတာ များပါတယ်။

ရိုက်တဲ့ကိစ္စကတော့ စာထဲမှာ ရေးထားတာ လုံလောက်နေပါပြီလေ။ မရိုက်ပါနဲ့လို့ ပြောတဲ့သူက ပြောကြပါတယ်။ ရိုက်ဖို့ လိုတယ်လို့ ထင်တဲ့ မိဘ လူကြီး ဆရာသမားကလည်း ရှိနေတုန်းပါပဲ။ အရိုက်ကြမ်းတာတော့ မကြိုက်ပါ။ ဆုံးမဖို့အတွက် သင့်တော်သလို အပြစ်ပေးတာကို လက်ခံပါတယ်။

Unknown said...

ဒီ အကြောင်းအရာလေးဖတ်ရတာ ရင်ထဲအထိရောက်သွားတယ်..ဟုတ်တယ်နော်..ခလေးတွေကို အရမ်းရိုက်တာ တကယ်ကို မကောင်းတာ..နိုင်ငံခြားတိုင်းပြည်တွေမှာ သူတို့ဆီကကျောင်းတွေမှာ ခလေးတွေကို မရိုက်ကြဘူးနော်...ကြားဘူးကြုံဘူးတဲ့အချိန်မှာ ဗမာမျက်စိ ဗမာအတွေးအခေါ်နဲ့..ထူးဆန်းနေခဲ့တာ..ခလေးဆိုတာ ရိုက်တိုင်းလည်း လိမ္မာတာမှ မဟုတ်တာဆိုတဲ့ စကားလေးကို တော်တော်သဘောကျနှစ်သက်မိပါတယ်..

chomarmyathaung said...

ဒီကိစ္စ ကို စဉ်းစားမိသလောက်ပြောရရင်... ကလေးတွေကြီးပြင်းရတဲ့ ပတ်ဝန်းကျင်နဲ့ ကလေးတယောက်ရဲ့ပင်ကို ဗီဇ လည်းကွာတယ်... မိဘတွေရဲ့ ပညာအရည်အချင်းနဲ့ အဆင်အတန်းပေါ်မှာလည်းမူတည်ပါတယ်.. ဘယ်သူမှားတယ်၊ ဘယ်သူကမှန်တယ် လို့ တော့ပြောလို့ မရဘူးလို့ ယူဆတာပဲ၊ ကျွန်မတို့ မြန်မာပြည်မှာ က ရိုက်ပီးဆုံးမတာက အစဉ်အလာလို့ ဖြစ်နေပီ၊ ပီးတော့ စကားနဲ့ ဆုံးမနိုင်လောက်အောင်လည်း အချိန်မပေးသလို့၊ မြန်မာတို့ ရဲ့ စိတ်တိုလွယ်မူ့နဲ့ ဒေါသ အခြေခံ က လည်း ရှိတယ်.... စိတ်ရှည် လက်ရှည်ပြောပြဆုံးမနိုင်လောက်အောင် မိဘကိုယ်တိုင် စိတ်မရှည်ဘူး.....
နောက်တခုက ကျွန်မတို့ ကို လည်းမိဘ က ဒီလိုဆုံးမခဲ့တယ်... ဒီတော့ ကျွန်မတို့ကလည်း ကလေးတွေကို ဒီလိုပဲ ပြန် ဆုံးမတယ်...
ငယ်ငယ် က အပြင်းအထန် ၁ခါ ဘ၀မှာ အရိုက်ခံခဲ့ရတယ်... ဒါပေမဲ့ အမေကို ကျွန်မ မမုံးတဲ့ အပြင် ကျေးဇူးတောင်တင်တယ်.. အဲဒီမကောင်းတဲ့ အကျင့် ပျောက်သွားသလို..တခြားမကောင်းတာတွေကို အဲဒီ အချိန်ကစလို့ ခုထိမလုပ်တော့ဘူး....
မေတ္တာနဲ့ ဆုံးမခြင်းကတော့ အကောင်းဆုံးပေါ့...ဒါပေမဲ့.........ကလေးတယောက်ကို ကလေးလို့ပဲသဘောထားသင့်တယ်... နည်းမှန် လမ်းမှန် ရင် ရိုက်လည်း ကလေးကသင်ကို မမုန်းပါဘူး ။
ဒါဟာ ဘ၀ ပါပဲ... ပြဇာတ်တပုဒ် မှာ သူ့ အခန်းနဲ့သူပေါ့.... စေတနာ ပါပဲ....
မချိုမာ