.
ဒီနေ့ တာရာမင်းဝေရဲ့ နောက်ဆုံးခရီးကို လိုက်ပို့ဖြစ်တယ်။
ကျွန်တော် ထွက်လာတော့ နောက်ကျနေပြီ။ ကားမှီပါ့မလား။ လေထံကုန်းမှာ မေးကြည့်တော့ ကားတွေက ၀ဇီယာရုံအရှေ့မှာ ထွက်သွားလောက်ပြီတဲ့။
ဝဇီယာရုံအရှေ့ရောက်တော့ BM နဲ့တူတဲ့ကား တစ်စီးမှ မရှိတော့ဘူး။ ထွက်သွားပြီထင်တယ်။ ဒါပေမယ့် လူအုပ်ကြီး။ အများကြီးပါလား။ ကားမလာသေးလို့လား။
မဟုတ်ဘူး။ ကားလာတယ်။ လေးစီး။
ဒါဆိုအဲဒီကားတွေ ဘယ်ရောက်သွားတာလဲ
ကားတွေက လူတွေထားခဲ့ပြီး ထွက်သွားကြတာ။ ဘယ်ကိုလဲ။
မသိဘူး။
ကားမလာရင် ခြေလျှင်လျှောက်ကြမယ်။ ရေဝေးရောက်တဲ့အထိ။
လူအုပ်ကြီးက ကြီးလာပြီ။
ဘေးမှာ ၀ိုင်းကြည့်နေတဲ့ လူတွေကလဲ တစ်အုပ်ကြီး
ဟေ့ဓာတ်ပုံမရိုက်နဲ့
လူအုပ်ထဲက စကားသံတွေ ထွက်လာတယ်
သူတို့လျှော့သွားပြီ။ ကားတွေ ရောက်လာတော့မယ်။
ဗိုလ်ချုပ်ဈေးရှေ့မှာ ရောက်နေပြီ။
မတက်ကြနဲ့ဦး၊ လေးစီးလုံး ရောက်မှ တက်။
လေးယောက်စီ တန်းစီတက်ကြ။
ကင်မရာပါတဲ့လူတွေ ကားတွေကို မျှတက်ပေးကြပါ။
ဖြောင်းဖြောင်းဖြောင်း
လက်ခုပ်သံတွေ အဆက်မပြတ်ထွက်နေတယ်
ထိပ်ဆုံးမှာတော့ လူတွေအုံလို့
အုံနေတဲ့လူတွေကြားထဲကို တို့ဝှေ့ကြည့်လိုက်တော့
တာရာမင်းဝေ မှန်ခေါင်းထဲမှာ ပန်းတွေနဲ့ အတူလှဲလျောင်းနေတယ်
အားလုံး အားလုံး တာရာမင်းဝေအတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တစ်မိနစ်တိတိ ငြိမ်နေကြမယ်
ဇာဂနာရဲ့ အသံ တိတ်သွားတော့ ကျွတ်စီကျွတ်စီ အသံတွေရပ်သွားတယ်
တစ်မိနစ်ကြာပြီး
ကျေးဇူးတင်ပါတယ်
နောက် အစီစဉ်တစ်ခုနေဖြင့် တာရာမင်းဝေရဲ့ သူငယ်ချင်းက ကဗျာရွတ်ပါမယ်
ဇာဂနာကြေငြာလိုက်တော့ တာရာမင်းဝေရဲ့ သူငယ်ချင်းဆိုတဲ့ လူတက်လာတယ်
တာမင်းဝေရဲ့ ခေါင်းအရှေ့တည့်တည့်မှာ ရပ်တယ်
သူငယ်ချင်း ....................
................................
............................
ကျေးဇူးတင်ပါတယ်
ဖြောင်းဖြောင်းဖြောင်း
လက်ခုပ်သံတွေ ညံသွားတယ်
တော်တော်နဲ့ မရပ်ဘူး
တာရာမင်းဝေရဲ့ နောက်ဆုံးခရီး ဆက်လက်ပို့ဆောင်ပါတော့မယ်
ကြေငြာသူ ဇာဂနာရဲ့ အသံဆုံးတော့
တာရာမင်းဝေကို အုပ်ကြီးက ဆွဲခေါ်သွားတယ်
တစ်ခဏအကြာ
ကဗျာဆရာဟာ မီးခိုးဖြစ်သွားတယ်
No comments:
Post a Comment