Art is My Life: ရှည့်နှင့် ကျွတ်

Friday, August 03, 2007

ရှည့်နှင့် ကျွတ်

တစ်ခါတုန်းက လူတစ်ယောက်သည် ပန်းခြံထဲမှာ ထိုင်နေတုန်း ရှည့်လေးတစ်ကောင် ကိုတွေ့သည်။ ယင်းရှည့်လေးသည် သစ်ကိုင်း တစ်ကိုင်းမှ အခြားသစ်ကိုင်း တစ်ကိုင်းသို့ ခုန်ကူးဖို့ ပြင်နေသည်။ ရှည့်လေး လက်ရှိရောက်နေသော သစ်ကိုင်းနှင့် သူခုန်ကူးဖို့ ပြင်ထားသည့် သစ်ကိုင်းတို့မှာ အလှမ်း ကွာလွန်းသောကြောင့် ရှတ်တရက်ကြည့်ရင် သစ်ကိုင်း တစ်ကိုင်းမှ တစ်ကိုင်းသို့ ကူးသည်နှင့် မတူပဲ ကိုယ့်ကိုကိုယ် သေကြောင်းကြံစည် နေသည်ဟုပင် ထင်ရသည်။

သိုရာတွင် ရှည့်လေး ခုန်ကူးလိုက်သည်။ ရှည့်လေး၏ ခန္ဒာကိုယ်သည် လေထဲတွင်ပျံဝဲကာ သူသွားချင်သော တစ်ဘက် သစ်ကိုင်းကို ရောက်သွားသည်။

အထက်ပါ ပုံပြင်လေးသည် ဖေမြင့်၏ စာအုပ်တစ်အုပ် မှဖြစ်ပြီး မည်သည့်စာအုပ် ဖြစ်သည်ဆိုတာ ကိုတော့ ကျွန်တော် မမှတ်မိတော့ပါ။ စာကြောင်းနဲ့ ရေးသားပုံများ ကွဲလွဲကောင်း ကွဲလွဲပါမည်။ အဓိပ္ပယ်ကတော့ အတူတူပင်ဖြစ်ပါသည်။

ကျွန်တော် နားလည် သလောက် ဆရာဖေမြင့် ပြောချင်သည့် စကားမှာ လူလောက သည်လည်း သစ်ပင်ကူးသည့် ရှည့်လေးလိုပင် ဖြစ်သည်။ ပြုတ်ကျမှ ကြောက်လို့ မခုန်သေး သရွေ့ ကတော့ ဒီဘက် အကိုင်းမှာပဲ ရှိနေဦးမယ်။ ဒီအကိုင်းမှာ ဆက်မနေချင်လို့ တခြားအကိုင်းကို ပြောင်းချင်ရင်တော့ ခုန်ကူးကြရမည်။

ထို့ကြောင့် ကျွန်တော်သည် ရှည့်လေး၏ လုပ်ရပ်ကို သဘောကျသည်။

ကျွန်တော် နယ်ကမိဘများနှင့် မကြာမကြာ ဖုန်းပြောလေ့ရှိသည်။ အလုပ်အကိုင် နေရေးထိုင်ရေး ကျမ္မာရေး ကိစ္စများလည်း ပါဝင်သည်။ တစ်ကြိမ်တွင် ဒီထက်ကောင်းသည့် နေရာတစ်ခုကို ပြောင်းရွေ့မည့် အကြောင်းကို ကျွန်တော်ပြောဖြစ်သည်။ ထိုသို့ ပြောင်းရာတွင် စွန့်စားရမည့် အနေထားမျိုးလဲ ပါဝင်သည်။ ကံကောင်းလျှင် မျှော်မှန်းထားသည့် နေရာကို ရောက်နိုင်သလို ကံမကောင်းလျှင် လက်ရှိ အနေထားထက်ပင် ဆိုးသွားနိုင်သည်။

မည်သို့ပင် ဖြစ်စေ ကျွန်တော်သည် ရှည့်ကလေး၏ ဥပမာအတိုင်း ခုန်ဖို့ရာ အဆင်သင့် ဖြစ်နေပြီ။ ထိုအခါ အဖေက ကျွန်တော့ကို စကားတစ်ခွန်း ပြောသည်။ ကျွတ် ဆိုတဲ့ အမျိုးက တစ်နေရာကနေ တစ်နေရာကို ကူးရင် ရှေ့ခြေလှမ်း မြဲမှ နောက်ခြေလှမ်းကို လွတ်တယ်။ ဆိုလိုတာကတော့ တစ်နေရာကနေ တစ်နေရာကို သွားချင်ရင် အရင်ဆုံး ခြေလှမ်း စလှမ်းလိုက်တယ်။ ဒါပေမယ့် လက်ရှိနေရာကိုလဲ မြဲအောင် တွယ်ထားတုန်းပဲ။ အရှေ့မှာ လှမ်းလိုက်တဲ့ ခြေလှမ်းက မြဲပြီ သေချာပြီ ဆိုမှ နောက်ခြေလှမ်းကို လွတ်တယ်။

အဖေပြောသည့် စကားကို ကျွန်တော် နားလည် သလောက်ကတော့ တစ်နေရာကနေ တစ်နေရာကို ကူးတော့မယ်ဆိုရင် အရှေ့ကဟာကို သေချာအောင်လုပ်ပါ သေချာပြီ ဆိုမှ လက်ရှိနေရာကို လွတ်ပါ။

ထိုအခါတွင် ရှည့်နှင့်မျှော့ ဘယ်လမ်းစဉ်ကိုရွေးမလဲ ဆိုသည့် မေးခွန်းများကျွန်တော့ ခေါင်းအတွင်း ၀င်ရောက် လို့လာပါတော့သည်။

အမေရိကန် စင်တာတွင် ပြုလုပ်သော သတင်းစာ ပညာဟော ပြောပွဲတစ်ခုကို တက်ဖြစ်သည်။ ထိုဟောပြောပွဲတွင် နိုင်ငံခြားသား ၀ါရင့်သတင်းထောက် တစ်ဦးက သူ့အတွေ့အကြုံများကို မျှဝေပြောပြသည်။ သူပြောသည့် အထဲတွင် သတင်းထောက် တစ်ဦးသည် ကျင့်ဝတ် ကိုစောင့်စည်း ရန်လိုသည်ဟု ပြောသည်။ ထို့အပြင် အမှန်တရားကို မဖြစ်အနေ ဖော်ထုတ်ရမည်ဟု လည်းပြောသည်။

ထိုအခါ ကျင့်ဝတ်နဲ့ အမှန်တရား ဘယ်ဟာကို ဦစားပေးရမလဲဟု နားထောင်နေသည့် သတင်းထောက် တစ်ဦးက မေးလိုက်သည်။

နိုင်ငံခြားသား ဟောပြောသူ ခေတ္တစဉ်းစားနေသည်။ ထို့နောက် “နေရာတိုင်းမှာ ကျင့်ဝတ်ကိုချဉ်းပဲ ဦးစားပေးလို့ မရသလို အမှန်တရားကို ချဉ်းပဲလည်း ဦးစားပေးလို့မရဘူး။ သတင်းဟာ မှန်တိုင်းလည်း အကျိုးမရှိသလို ကျင့်ဝတ်အတိုင်းချဉ်း ပဲလုပ်နေလို့ကတော့ သတင်းအမှန်ကို ရဖို့မလွယ်ဘူး။ ဒါကြောင့် ကျင့်ဝတ်နဲ့ အမှန်တရား ဘယ်ဟာကို ဦးစားပေးမလဲ ဆိုတဲ့နေရာမှာ အခြေအနေနဲ့ အချိန်ခါကို သုံးသပ်ပြီး ဆုံးဖြတ်ရမဲ့ အရာမျိုးပဲ”

တကယ်တာ့ လူသည် ကျွတ်မဟုတ်သလို ရှည့်လည်း မဟုတ်ပါ။ မည်သို့ပင်ဖြစ်စေ သေချာသည်ကတော့ မည်သည့်အရာကိုမျှ လှေနံဓားထစ်မှတ်၍ မရပဲ ဖြစ်လာသည့် အကြောင်းအရာကို မူတည်ကာ ဆုံးဖြတ်ကြရမည် ဖြစ်သည်။

3 comments:

ဒီးဒုတ် said...

ကောင်းတယ်ဗျား

စိုးဇေယျထွန်း said...

ကိုဒီဒုတ်ကျေးဇူးဗျာ

naing said...

ဒီပို့စ်လေးအတွက် ကျေးဇူးပါ ခင်ဗျာ ။