Art is My Life: နှင်းသီး

Friday, July 10, 2009

နှင်းသီး

ခိုးစားတဲ့ အသီးက ပိုချိုတယ်

ကြားဖူးကြလိမ့်မယ် လို့ထင်ပါတယ်။ အဲဒီစကားပုံထဲကလိုပဲ ကျွန်တော်နယ်မှာတုန်းက ငတက်ပြားပေါက်စပေါ့။ ကျွန်တော်တို့ အိမ်ပတ်ပတ်လည်မှာ သရက်ပင်မျိုးစုံရှိပေမယ့် ကျွန်တော် ယောင်လို့တောင် ကောက်မစားဖူးဘူး။ ကျွန်တော်ကိုယ်တိုင်ကလည်း အချဉ်ကို မကြိုက်ဘူးလေ။ ဒါပေမယ့် ရပ်ကွက်ထဲက သရက်သီးတွေပင်တွေက အငြိမ်မနေရဘူး။ ညပိုင်းမှာ ကျွန်တော်ရယ် သူငယ်ချင်းနှစ်ယောက်ရယ် လှည့်ပတ်ပြီး ခိုးကြတယ်။ တစ်ခါကဆို သရက်သီးတွေ ခိုးလာတာ တစ်တင်းခွဲအိပ်နဲ့ တစ်အိပ်စာ ရှိတယ်။ အဲဒါတွေကို အိမ်ကို ယူသွားလို့လည်း မဖြစ်ဘူး။ အိမ်ကိုယူသွားရင် ဘယ်ကရတာလဲ ဆိုတာ မေးပြီး အရိုက်ခံရမှာလေ အဲဒါကြောင့် ကျွန်တော်တို့ သူငယ်ချင်း သုံးယောက်သား ခိုးလာတဲ့ သရက်သီးအိပ်ကြီးကို လမ်းထိပ်က ကွမ်းယာဆိုင်ပေါ်မှာ တင်ထားခဲ့ကြတယ်။ ထူးဆန်းတာက သုံးယောက်စလုံး ခိုးလာခဲ့တဲ့ သရက်သီးတွေ ချိုလား ချဉ်လားဆိုတာတောင် ကိုက်မကြည့်မိကြဘူး။ နေ့လည်မှာ ဖြတ်သွားဖြတ်လာ မြင်နေရလို့သာ လက်ယားပြီး သက်သက်မဲ့ ၀င်ခိုးလိုက်တာလေ။ အခုနေ ပြန်စဉ်းစားကြည့်တော့ တော်တော်အကျိုးမရှိတဲ့ အလုပ်ပဲ။

အဲဒီတုန်းက ရပ်ကွက်ထဲမှာ တစ်ခုခုခိုးမယ်ဆိုရင် ကျွန်တော်တို့ သုံးယောက်တွဲဖြစ်ကြတယ်။ တစ်ယောက်က ကျွန်တော့်ထက် တစ်နှစ်ကြီးတယ် တစ်ယောက်ကျွန်တော့်ထက် တစ်နှစ်ငယ်တယ်။ ကျွန်တော့်ထက် တစ်နှစ်ကြီးတဲ့ အကောင်က ၀ါရင့်ငတက်ပြားကြီးတွေလိုပဲ အရိပ်အကဲပါးတယ်။ အိပ်ထဲဝင်ရင် သူက အရှေ့ဆုံးကသွားတယ် သူကရပ်ဆို ကျွန်တော်တို့ ရပ်ရတယ် သူကတိုးဆို ကျွန်တော်တို့က တိုးရတယ်။

ကျွန်တော့်ထက် တစ်နှစ်ငယ်တဲ့ကောင်က သစ်ပင်တက်ကျွမ်းတယ်။ ခိုးသမျှအပင်တွေ အားလုံးကိုသူက ဒိုင်ခံတက်တာပေါ့။ သူကအပင်ပေါ်တက်ပြီး အသီးတွေကောက်ပြီးရင် ပစ်ချပေးတယ်။ ကျွန်တော့်ထက်ကြီးတဲ့ကောင်ကတော့ လူရိပ်လူကဲကြည့်နေတာပေါ့။ ကျွန်တော့်တာဝန်ကတော့ အပင်ပေါ်ကနေ ပစ်ချပေးတဲ့ အသီးတွေကို ဖမ်းပြီး အိပ်ထဲထည့်ရတာပေါ့။ အဲဒီလိုနဲ့ ကျွန်တော်တို့သုံးယောက်သား နှစ်တိုင်းလိုလိုပဲ ဟိုအပင်ခိုး ဒီအပင်ခိုးနဲ့ တော်တော်လေး အတွဲညီညီခိုးခဲ့ဖြစ်ကြတယ်ဆိုပါတော့။


တစ်နေ့ရောက်တော့ ကျွန်တော်ရယ် ကျွန်တော့်ထက်ငယ်တဲ့ ကောင်ရယ် နှစ်ယောက်တိုင်ပင်မိတယ် ရပ်ကွက်ထဲက နှင်းသီးပင်ကြီး တစ်ပင်ကို ခိုးဖို့ပေါ့။ ဒါပေမယ့် ဒီအပင်ကိုခိုးရင်တော့ ကျွန်တော့်ထက် ကြီးတဲ့ ကောင်ကိုတိုင်ပင်လို့ မဖြစ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအိမ်က သူ့အဖိုးအိမ်လေ။ သူ့အဖိုးအိမ်ကို ခိုးမယ်ဆိုရင်တော့ သူက သေချာပေါက် ကန့်ကွက်မှာပဲ။ အဲဒါကြောင့် သူမသိအောင် ကျွန်တော်နဲ့ ကျွန်တော်ထက်ငယ်တဲ့ကောင် နှစ်ယောက်တည်း သွားခိုးဖို့ ဆုံးဖြတ်လိုက်ကြတယ်။

ကျွန်တော်တို့ ခိုးမဲ့အိမ်မှာက ခွေးလေးကောင်လောက် ရှိတယ်။ ပြီးတော့ အဲဒီအထဲက ကျားကြီးဆိုတဲ့ အကောင်က ဆိုးတယ်။ လူကိုက်လို့ လျှော်ရတာ ခဏခဏပဲ။ အဲဒီတော့ ကျွန်တော်တို့ လန့်မိတာတော့ အမှန်ပဲလေ။ ခြံနားလေး ကပ်ခါရှိသေးတယ် ခွေးတွေက တစ်ရပ်ကွက်လုံး ဆူနေအောင် ဟောင်တော့တာပဲ။ အဲဒီမှာ ကျားကြီးဆိုတဲ့ အကောင်က ခွေးတိုးပေါက်ကနေ တိုးပြီး အပြင်ထွက်လာတယ်။ ပြီးတော့ ကျွန်တော်တို့ဆီကို ပြေးလာတယ်။ အဲဒီခွေးနောက်က ကျန်တွေခွေးတွေပါ လိုက်လာတယ်။ အဲဒီအချိန်မှာ ထွက်ပြေးလို့တော့ မဖြစ်ဘူး ထွက်ပြေးရင် ကိုက်ခံရမှာကိုး အဲဒါကြောင့် ခဲကောက်ပြီး ခဲနဲ့ ပစ်ရတယ်။ ကျွန်တော်တို့ နှစ်ယောက်သား ခဲနဲ့ဝိုင်းပစ်တော့ ခွေးတွေ ထွက်ပြေးကုန်တယ်။

ခွေးတွေဟောင်လို့ လှည့်ပြန်ရပြီထင်တာ အခုတော့ ခွေးတွေက အိမ်ထဲကို ၀င်ပြေးတာမဟုတ်ပဲ ရပ်ကွက်ထဲကို ထွက်ပြေးသွားကြတာဆိုတော့ ကျွန်တော်တို့အတွက်တော့ မဟာအခွင့်ရေးပဲပေါ့။ ခွေးတွေမရှိတော့ဘူးဆိုတာနဲ့ ကျွန်တော်ကောင်က ခြံဝင်းကိုကျော် သစ်ပင်ပေါ်တက်ပြီး အားရပါးရ ခူးပါတော့တယ်။ ခူးလို့ရတဲ့ နှင်းသီးတွေကို အသင့်ပါလာတဲ့ ပလပ်စတစ်ခြင်းထဲကို ကျွန်တော်ကထည့်တယ်။ ပလပ်စတစ်ခြင်းတစ်ခုလုံး ပြည့်သွားတာတောင် ဒီကောင်က အားမရသေးတော့ သူဝတ်လာတဲ့ အကျီကိုချွတ်ပြီး ထုပ်လိုက်သေးတယ်။

ကျွန်တော်က နှင်းသီးခြင်းကို ဆွဲ သူက အကျီနဲ့ ထုပ်ပြီး သယ်လာကြတာ နောက်ဆုံးတော့ ကျွန်တော်တို့ အိမ်ကိုရောက်တယ်။ ကျွန်တော်တို့ အိမ်ရှေ့ရောက်တော့ သူနဲ့ကျွန်တော် နှင်းသီးတွေကို ထိုင်စားကြတယ် နှင်းသီးဆိုတာ ချိုပါတယ် ဒါပေမယ့် စားတာကြာလာရင် ပါးစပ်တွေ ဖန်လာတယ်။ ပါးစပ်တွေဖန်လာပြီး နှင်းသီးကို ဆက်မကိုက်ချင်အောင် ဖြစ်သွားပြီဆိုမှာ ကျွန်တော်တို့ နှင်းသီးစားတာကို ရပ်လိုက်ကြတယ်။ ပိုတဲ့နှင်းသီးတွေကိုတော့ သူနဲ့ကျွန်တော် တစ်ယောက်တစ်ဝက်စီ ခွဲယူပြီး အဲဒီညက လမ်းခွဲလိုက်ကြတယ်။


ဟိုနေ့က မြို့ထဲမှာ လျှောက်သွားရင် နှင်းသီးတွေ ရောင်းနေတာ တွေ့တော့ မေးကြည့်တယ် ဘယ်လိုရောင်းလဲလို့၊ အစိတ်သားကို တစ်ထောင်တဲ့။ အဲဒါနဲ့ ကျွန်တော် အစိတ်သားဝယ်လာတယ်။ သူတို့ ရောင်းတဲ့ အစိတ်သားဆိုတာ နှင်းသီး တစ်ခိုင်စာတောင်မရှိဘူး။ စားတော့ ချိုသလိုလိုတော့ ရှိတယ် ဒါပေမယ့် ငယ်ငယ်တုန်းက ခိုးစားရတာလောက်တော့ ခံတွင်းမတွေ့တာတော့ အမှန်ပဲလေ။




4 comments:

MieMie said...

နှင်းသီးတွေ စားချင်စိတ်ပေါက်လာပြီး ကြက်သီးတောင် ထမိပါတယ်...ရေးထားတာပေါ်လွင်လို့ထင်ပါတယ်...ဒီမှာတခါတလေ နှင်းသီးတွေတွေ့ပါတယ် ဒါပေမယ့် တခါမှတော့ ၀ယ်မစားဖြစ်သေးပါ...ဈေးနည်းနည်းများလို့...ငယ်ငယ်တုန်းကတော့ အမေတို့ရွာကနေ အမျိုးတွေ ယူယူလာလို့ အလကားစားရပါတယ်...ငယ်ဘ၀လေးတွေ အမှတ်တရပေါ့...သြော်..ဒါနဲ့ မေးကြည့်ရဦးမယ်...ဘလော်ဂါကြီး ရေစက်ကရေတင်တာအဆင်ပြေသွားပြီလား...

mie nge

စိုးဇေယျထွန်း said...

မပြေသေးပါဘူးဗျာ။ ရေစက် ကျွန်တော် ရေစက်မပါဘူး ထင်ပါတယ်။ အခု အသစ်ပြောင်းထားတဲ့ အိမ်မှာလဲ ရေတင်ဖို့ ခက်တုန်းပါပဲ

Anonymous said...

နှင်းသီးဆိုတာဘာသီးလဲဟင်
Rose Apple ကိုပြေားတာလားဟင်
သိချင်လို့ ပါ မြူးလေးကလေ မြန်မာလို အသီးတွေ
အခေါ်အဝေါ်မသိလို့ ပါရှင်
ဒါနဲပ လာလည်တာကျေးဇူးနော်
နောက်လဲလာလည်နော်
ကြိုနေမယ်သိလား

strike said...

မြူးလေးရေ နှင်းသီးဆိုတာစနိုးဖရု(Snow Fruit)လေကချင်ပြည်နယ်ကရေခဲတောင်တွေပေါ်မှာသီးတာ