Art is My Life: ငါပြောသလိုလုပ် ငါလုပ်သလို မလုပ်နဲ့

Wednesday, July 29, 2009

ငါပြောသလိုလုပ် ငါလုပ်သလို မလုပ်နဲ့



ကျွန်တော် ဆေးလိပ်ကို သုံးတန်းနှစ်လောက်ကတည်းက စသောက်ဖူးတယ် အကိုဝမ်းကွဲ တစ်ယောက်သင်ပေးတာလေ။ ကျွန်တော့်ကို ဆေးလိပ်သောက်သင်ပေးတဲ့ အချိန်မှာ သူက ရှစ်တန်း။ အဲဒီတုန်းက ငယ်သေးတော့ ဆေးလိပ်သောက်တယ်ဆိုတာထက် ဆေးလိပ်ဖွာတယ်လို့ ပြောရင် ပိုမှန်မယ်ထင်တယ်။ သူရှိုက်သလို ရှိုက်ကြည့်တယ် ရှိုက်လို့မရဘူး။ အဲဒီတုန်းက ကျွန်တော်တို့ ဆေးလိပ်သောက်တဲ့နေရာက အစ်ကိုဝမ်းကွဲတို့ အိမ်နောက်က မန်ကျီးပင်ကြီးပေါ့။ အုန်းပင်တစ်ပင်စာလောက်မြင့်တဲ့ မန်းကျီးပင်ကြီးရဲ့ ထိပ်ဖျားကို တက်သောက်တော့ အိမ်ကလူတွေ အမြင်နိုင်တော့ဘူးပေါ့။ ဒါပေမယ့် ဘာဖြစ်လို့လဲမသိဘူး နောက်ပိုင်းမှာ ဆက်မသောက်ဖြစ်တော့ဘူး။

ကိုးတန်းရောက်တော့ ကျွန်တော်က H ခန်းမှာနေရတယ်။ စာတော်တဲ့လူ မတော်တဲ့လူ အစရှိသဖြင့် ABCD စဉ်ပြီးထားတာဆိုတော့ H ခန်းဆိုတာ ဘိတ်ဆုံးခန်းပဲ။ ကိုးတန်းကျတဲ့ လူတွေလဲ H ခန်းမှာနေရတယ်။ ပြောမယ်ဆိုရင်တော့ ဗရုတ်အကျဆုံး ကျောင်းသားတွေ စုနေရတဲ့အခန်းပေါ့။ ကျောင်းမှာ ဆေးလိပ်သောက် ကွမ်းစားတာတော့ စကားထဲထည့်ပြောမနေနဲ့ ဆေးချတဲ့လူတွေလဲရှိတယ်။ တစ်ချို့က ဆေးကိုအမှုန့်ကြိတ်ပြီး ဆေးလိပ်ထဲ ထည့်သောက်ကြတယ်။ တစ်ခန်းလုံးမှာ ယေကျာင်္းလေးတွေထဲမှာ ဆေးလိပ်မသောက်တာ ကျွန်တော် တစ်ယောက်တည်းရယ်။ အဲဒါကြောင့် ဘာရယ်မဟုတ်ဘူး သူတို့နဲ့ လိုက်သောက်ကြည့်တယ်။ ငယ်ငယ်တုန်းက ဆေးလိပ်ဖွာခဲ့ဖူးပေမယ့် ကိုးတန်းအရွယ်မှာ ဆေးလိပ်ဖွာရတာကို ကျွန်တော်ခတွင်းမတွေ့ဘူး ပါးစပ်ထဲမှာ ဖန်တယ်။ ပြီးတော့ မီးခိုးနံ့တွေကို ကျွန်တော်မခံနိုင်ဘူး။ အဲဒီလိုနဲ့ ဆေးလိပ်ကို အခုအချိန်အထိ မသောက်ဖြစ်တော့ဘူး။

ကွမ်း ဆိုတာကတော့ ကျွန်တော့်လက်တစ်ကမ်းမှာပဲ။ အဖေက ကွမ်းအရမ်းစားတယ်။ အိမ်မှာ ကွမ်းအစ်ရှိတယ်။ ကျွန်တော်တို့ ငါးတန်းအရွယ်လောက်မှာ ကျောင်းက သူငယ်ချင်းတစ်ချို့ ကွမ်းကိုစပြီး စားကြပြီ အဲဒီအရွယ်ကတော့ အဆိမ့်ပေါ့။ ဆေးရွက်ကြီးမပါပဲ ဗလရှင် ဂုန်ခါး သံပရာ အစရှိသဖြင့် ထည့်စားကြတာပေါ့။ အဲဒီမှာ ကျွန်တော်လဲ သူတို့နဲ့ အတူလိုက်စားကြည့်တယ် ရှတတနဲ့ ကျွန်တော်သိပ်မကြိုက်ဘူး။ ဒါပေမယ့် သူငယ်ချင်းတွေက ပြောတယ် ဆက်တိုက် မစားလို့ အဲလိုဖြစ်တာတဲ့ ဆက်တိုက်စားရင် ဘာမှမဖြစ်တဲ့။ အဲဒါနဲ့ အိမ်ရောက်တော့ အဖေ့ကွမ်းအစ်ကိုယူပြီး တစ်ယာပြီးတစ်ယာ ထိုင်စားကြည့်တယ်။ လျှာတွေထုံးပေါက်ပြီး ငါးရက်လောက် ထမင်းကောင်းကောင်း မစားနိုင်အောင်ဖြစ်သွားတယ်။ အဲဒီနောက်ပိုင်း ကွမ်းဆိုရင် ပါးစပ်ထဲမထည့်တော့တာ အခုအချိန်အထိပဲ။

အရက်ဆိုတာတော့ တက္ကသိုလ်ကျောင်းသား ဖြစ်တဲ့အချိန်အထိ တစ်ခါမှ မစမ်းခဲ့ဖူးဘူး။ ဒါပေမယ့် ကျွန်တော့်မှာ အိပ်မပျော်တဲ့ ရောဂါတစ်ခုက စွဲလာတယ်။ အဲဒီအချိန်တုန်းက ၂၀၀၄ ခုနှစ်ပေါ့ ကျွန်တော် 7 Day ဂျာနယ်မှာ သတင်းထောက်လုပ်နေပြီ။ ညဘက်ရောက်ရင် အိပ်လို့မပျော် နေ့ခင်းဘက်မှာ ရုံးတက်ရ သတင်းလိုက်ရနဲ့ဆိုတော့ အဆင်မပြေဘူး။ အဲဒါကြောင့် အရက်သောက်ပြီး အိပ်ကြည့်မယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်။ အဲဒီတုန်းက Grand royal ၀ီစကီတစ်တောင့်ကို ၁၂၀၀ ပေးရတယ်။

ပထဆုံးစသောက်တဲ့နေ့က နှစ်ပက်လောက်ကို တစ်ဘရိတ်ထဲ ရေမရောပဲ သောက်လိုက်တာ ဗိုက်ထဲမှာ ပူပြီးဆင်းသွားတာကြောင့် ရေတွေသုံးလေးခွက်လောက် ဆက်သောက်ရတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီညကတော့ ရစ်ချာရစ်ချာနဲ့ အိပ်ပျော်သွားတယ်။ အဲဒါကြောင့် နောက်ညမှလဲ အဲလိုပဲ တစ်ခွက်ထပ်သောက်တယ်။ ဒါပေမယ့် ကျွန်တော်သောက်ရင်း သောက်ရင်း သတိထားမိတာက အရက်သောက်ခါနီးတိုင်းမှာ ဆေးသောက်ရမှာ ပျင်းတဲ့ လူတစ်ယောက်လိုပဲ သိပ်မသောက်ချင်ဘူး။ အဲဒါကြောင့် တစ်ချို့ညတွေဆို ခွက်ထဲထည့်ပြီးမှ မသောက်ဖြစ်လို့ သွန်ပစ်လိုကရတာတွေရှိတယ်။ အဲလိုနဲ့ ၀ီစကီသုံးလေးပုလင်းလောက် ကုန်သွားပြီးတော့ ကျွန်တော်ဆက်မ၀ယ်ဖြစ်တော့ဘူး သောက်လဲ မသောက်ချင်တော့ဘူး။

ဘီယာ။ ဘီယာကိုတော့ ကျွန်တော်ပထဆုံး လျှာပေါ်ကို တင်ဖူးတာ ဆယ်တန်းစာမေးပွဲ နောက်ဆုံးညကပေါ့။ သူငယ်ချင်းတစ်ယောက်က တိုက်ဂါးဘူးတစ်ဘူး ကျွန်တော့်ကို ပေးတယ်။ ရော့မင်းဒါသောက်တဲ့။ အဲဒါနဲ့ ကျွန်တော်လဲ ဖွင့်ပြီး မော့ကြည့်လိုက်တယ်။ ပါးစပ်ထဲမှာ ပဲကြီးလှော်တွေကို ရေစိပ်ထားသလိုပဲ ထင်ရတယ် အဲဒါနဲ့ ကျွန်တော် ပြန်ထွေးထုတ်လိုက်ပြီး မသောက်တော့ဘူးဆိုပြီး သူ့ကို ဘူးပြန်ပေးလိုက်တယ်။ အဲဒီကနေ နေလာတာ ဆယ်တန်းအောင်ပြီး ရန်ကုန်ရောက်လာတော့ အလုပ်အဆင်းမှာ မန်နေဂျာ အကိုကြီး ဦးဆောင်ပြီး ကျွန်တော်တို့ သုံးလေးယောက် ဆယ့်ကိုးလမ်းကို ချီတက်ခဲ့ကြတယ်။ ဆယ့်ကိုးလမ်းရောက်တော့ ဘီယာတွေမှာပြီး သောက်ကြတယ်။ ကျွန်တော်က မသောက်ပဲ ထိုင်ကြည့်နေတယ်။ အဲဒီမှာ ရုံးမှာ အသေးလေးလို့ ခေါ်တဲ့ စာရေးမ လူကောင်သေးသေးလေးက ဘီယာနှစ်ခွက်ကုန်သွားပြီ ကျွန်တော့်ဘီယာခွက်က မသောက်ရသေးဘူး။ အဲဒီတော့ မန်နေဂျာအကိုကြီးက ဟေ့ရောင်သောက် ဟိုမှာ အသေးလေးတောင် နှစ်ခွက်ကုန်ပြီ ဆိုတော့ မကောင်းတတ်လို့ တစ်ငုံနှစ်ငုံသောက်ပြီး ထားလိုက်တယ်။ အဲလိုနဲ့ ဆေးလိပ်မသောက် ကွမ်းမစား အရက်မသောက် ဘီယာမသောက်ပဲ ကျွန်တော်ရန်ကုန်မြို့မှာ ရှင်သန်ကျင်လည်ခဲ့တယ်။

ဒါပေမယ့် နောက်ပိုင်းမှာ ကျွန်တော် ဘာရယ်မဟုတ်ဘူး အပေါင်းသင်းတွေနဲ့တွေ့လို့၊ စာမူခတွေပိုရလို့၊ စသည်ဖြင့် ခေါင်းစဉ်တွေ အမျိုးမျိုးတပ်ပြီး ဘီယာကိုသောက်ဖြစ်လာတယ်။ ကျွန်တော်သတိထားမိတဲ့ အချိန်မှာ ကျွန်တော်ဘီယာကို ကောင်းကောင်း သောက်တတ်နေပြီ။ ဘယ်လောက်အထိ သောက်တတ် လာသလဲဆိုတော့ ကျွန်တော့်နဲ့ စပေါင်းခါစက သူငယ်ချင်းတွေတောင် မျက်လုံးပြူရလောက်တဲ့ အဆင့်ရောက်သွားတယ်။ ဒါကတော့ ကျွန်တော် ဘီယာသောက်ဖြစ်သွားတဲ့ သမိုင်းကြောင်းပေါ့ဗျာ။

ကျွန်တော် သတိထားမိတာကြာပြီ။ အခုနောက်ပိုင်း ကျွန်တော် အမြဲတမ်းလိုလို ပိုက်ဆံပြတ်နေတတ်တယ်။ တစ်ချို့ရက်တွေဆို ထမင်းစားဖို့ မပြောနဲ့ ဘတ်စကားစီဖို့ အကြွေငါးဆယ်တောင် မကျန်အောင်ပြတ်တယ်။ အဲလို ပြတ်တာ တစ်ခါလား၊ နှစ်ခါလား၊ သုံးခါလား။ အဲလို မဟုတ်ဘူး လတိုင်းဖြစ်နေတယ်။ အမြဲတမ်းလိုလိုကို ပြတ်နေတယ်။ အဲဒီတော့ ကျွန်တော် ပြန်စဉ်းစားကြည့်တယ် ငါ့ဝင်ငွေများ နည်းလို့လား....

လွန်ခဲ့ သုံးနှစ်ကျော်က ကျွန်တော့်သတင်းထောက်လစာက တစ်လကို တစ်သောင်းနဲ့နှစ်ထောင် စာမူခက တစ်ပါတ်ကို ပျမ်းမျှခြင်း ငါးထောင်လောက်ရတယ်။ ငါးထောင်က ကျွန်တော့တစ်ပတ်စာ စားစရိတ်ကို ဖူလုံတယ်။ လစာကို အသားတင်စုနိုင်ခဲ့တယ်။

အခု ကျွန်တော်ဝင်ငွေက အဲဒီတုန်းကထက်စာရင် အများကြီးမြှင့်လာတယ်။ ပြန်စဉ်းစားကြည့်တော့ မစုနိုင်ဘူးဆိုရင်ထားဦး စားစရာမရှိအောင်ကို ပိုက်ဆံပြတ်ပြတ်သွားတယ်ဆိုတော့ မဖြစ်သင့်ဘူးလို့ ထင်လာမိတယ်။ အဲဒါဘာကြောင့်လဲ။ စဉ်းစားနေဖို့ မလိုပါဘူး။ ဘီယာသောက်လို့ပေါ့။ ဘီယာသောက်ပြီဆိုတော့ တစ်ခါသောက်ရင် မကုန်ဘူးဆိုရင် ငါးထောင်ပေါ့ဗျာ။ တစ်ရက်ငါးထောင်ပဲထား တစ်လလုံးဆိုရင် တစ်သိန်းခွဲဖြစ်နေပြီ။

ပြီးခဲ့တဲ့ သုံးလလောက်ကစပြီး ညီအရင်းကို ရန်ကုန်မှာ ကျွန်တော်ခေါ်ထားခဲ့တယ်။ သူကလဲ အနုပညာကို ၀ါသနာပါတယ်။ နယ်ကနေ ရေးပို့တဲ့ သူ့ကဗျာတစ်ချို့လဲ မဂ္ဂင်္ဇင်းတွေမှာပါဖူးတယ်။ ကျွန်တော့်ဘလော့ဂ်မှာ တင်ထားတဲ့ စိုးမိုးသွင် ဆိုတဲ့ နာမည်နဲ့ ရေးထားတဲ့ ကဗျာတွေက သူရေးတာတွေပေါ့။ အဲဒီတော့ သူဝါသနာပါတဲ့ စာပေလိုင်းထဲကို ၀င်လို့ရအောင်ဆိုပြီး ကျွန်တော်နဲ့လာနေဆိုပြီး ရန်ကုန်ကို ခေါ်လိုက်တာပေါ့။

ရန်ကုန်က ငှားထားတဲ့ အခန်းမှာက သူနဲ့ကျွန်တော် နှစ်ယောက်တည်းနေရတာကိုး။ အဲဒီတော့ ညပိုင်းတွေ ကျွန်တော်ဘီယာသွားသွားသောက်ရင် အိမ်မှာ တစ်ယောက်တည်းကျန်ခဲ့ရမှာ ပျင်းတော့ ကျွန်တော်နဲ့ လိုက်လိုက်လာတယ်။ လိုက်လာရင်းနဲ့ ကျွန်တော်နဲ့ အတူ လိုက်သောက်တယ်။ သူပထဆုံး ကျွန်တော်နဲ့ လိုက်လာတဲ့နေ့က တစ်ခွက်ကုန်သွားတော့ မင်းယူမှာဆိုတော့ တော်ပြီတဲ့။ သူခေါင်းခါပြတယ်။ နောက်တော့ အဲလိုနဲ့ ကြာလာတော့ နှစ်ခွက် နှစ်ခွက်ကနေ သူသုံးခွက်အထိ သောက်လာနိုင်တယ်။

ဟိုတစ်လောက်က ဘီယာဆိုင်ထိုင်တော့ သူလဲ ထုံးစံအတိုင်းလိုက်လာတယ်။ ကျွန်တော်က ဘီယာကို တစ်ခွက်ပဲမှာလိုက်တယ် သူ့အတွက်မမှာတော့ သူနဲနဲတော့ ငုတ်သွားတယ်။ ဘာဖြစ်လို့လဲတဲ့ ကျွန်တော့်ကိုမေးတယ်။ မင့်ကိုမသောက်စေချင်လို့ ပေါ့ကွလို့ပြောလိုက်တယ်။ နောက်နေ့က စပြီး ကျွန်တော်အပြင်ထွက်ပြီး ဘီယာသွားသောက်ရင်လဲ သူ့ကို အိမ်မှာပဲထားခဲ့တယ် ဘီယာဆိုင်ကို ခေါ်မသွားတော့ဘူး။

အဲဒီတော့သူက ဘာမှတော့ မပြောပါဘူး။ ဘီယာသောက်ပြီး ပြန်လာရင် သူကျွန်တော့်ကို ကြည့်တဲ့ အကြည့်က “မင်းက ငါပြောသလိုလုပ် ငါလုပ်သလို မလုပ်နဲ့ ဆိုတဲ့လူစားမျိုးပဲလို့” ပြောနေသလိုပဲ။

လူတော်တော်များများက ပီမိုးနင်းကို သဘောကျကြတယ်။ သူ့စာတွေကို ဖတ်ကြတယ်။ ကျွန်တော်လဲ ဖတ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အထုပ္ပတ္တိကို သောချာသိလာတဲ့အခါမှာ ကျွန်တော်သူ့စာတွေ သိပ်မဖတ်ဖြစ်တော့ဘူး။ ဒီလူက ငါပြောသလိုလုပ် ငါလုပ်သလို မလုပ်နဲ့ဆိုတဲ့ လူစားမျိုးပဲလို့ ကျွန်တော်မှတ် ချက်ချခဲ့ဖူးတယ်။ သူကိုယ်တိုင်ကလဲ ပြောခဲ့ပါတယ် ငါပြောသလိုလုပ် ငါလုပ်သလို မလုပ်နဲ့တဲ့။ ဒါပေမယ့် အဲဒီတုန်းက ကျွန်တော်သူ့စကားကိုကြီးကို ဘ၀င်မကျဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြောဆိုဆုံးမတဲ့လူကလည်း စံပြဖြစ်နေရမယ်လို့ ထင်တယ်။ ကိုယ်ကိုယ်တိုင်က မလိုက်နိုင်တဲ့အရာတွေကို လူကိုလိုက်နာဖို့ ဘာလို့ တိုက်တွန်းနေပါလိမ့်လို့ ကျွန်တော်တွေးနေခဲ့မိတယ်။

ပီမိုးနင်းက ကိုယ်မလိုက်နာနိုင်တဲ့ အရာတွေကို ဘာဖြစ်လို့ အခြားလူတွေကို လိုက်နာပါဆိုပြီး စာအုပ်တွေထဲမှာ ဘာဖြစ်လို့ ရေးထားခဲ့လဲဆိုတာ အဲဒီညမှ ကျွန်တော်ကောင်းကောင်း သဘောပေါက်သွားခဲ့တယ်။

4 comments:

စန္ဒကူးမေ said...

ဒါကြောင့်စာပေတွေထဲမှာ ကိုယ့်စိတ်ကို ကိုယ် မထိန်းချုပ်နိုင်ရင်သူများကို ဆိုမစဉ်းစားနဲ့တဲ့.. တစ်ခါတစ်လေကိုယ် ကမကောင်းမှန်းသိတယ်.. ကိုယ်ချစ်တဲ့သူတွေကိုကိုယ့်လိုလိုက်မလုပ်စေချင်ဘူး.. ခက်တာက ကိုယ့်ကိုယ်ကို ထိန်းလို့မရဘူး.. ဖြစ်တတ်တယ်..ခဏခဏပါဘဲ..း(

tututha said...

ငါလုပ်သလိုလုပ်ရင် ငါပဲ (နင်ပဲ) ဘီယာဖိုးကုန်တာပေါ့ဟ .. အဲဒါကြောင့် ပီမိုးနင်းက ပြောတာဖြစ်မယ်။ မှန်သားပဲ ဟီဟိ ..။

phoethutaw said...

ကောင်းကောင်းသဘောပေါက်သွားရှာပြီကို...

nguwahwin said...

သဘောပေါက်တယ်ပေါ့... အပေါင်းအသင်းမှားတာပဲ အဲဒါ သေချာတယ် နာလည်း
ီလိုပဲ ၂၀၀၈ ထိမသောက်တတ်ဘူး အခု အားလုံးကမျက်လုံးပြူးရတယ် ငါက မြန်တယ်... မြန်နှုန်းမြင့် သောက်တဲ့နေရာမှာ ဟိဟိ

There was an error in this gadget