Art is My Life: Happy Birthday

Saturday, September 08, 2007

Happy Birthday


ပျော်ရွင်ဖွယ်ရာ မွေးနေ့လေး တစ်ခု ဖြစ်ပါစေ လို့ အစ်ကိုဆုတောင်းပေးလိုက်ပါတယ်။

ဒီနေ့မှာ ကျရောက်တဲ့ ညီမလေးရဲ့ မွေးနေ့မှသည် နောင်နှစ်ပေါင်း များစွာတိုင် ချမ်းမြေ့ပျော်စွာဖြင့် ဖြတ်သန်းရပါစေလို့ ဆုတောင်ပေးလိုက်ပါတယ်။ မနှစ်က ညီမလေး မွေးနေ့မှာ အစ်ကို့ကို လာဖို့ပြောပေမယ့် အစ်ကိုမလာနိုင်ခဲ့ဘူး။ ဒီနှစ်လဲ အစ်ကို မလာနိုင်ပြန်ဘူး။ အဲဒီအတွက် အစ်ကို တကယ်စိတ်မကောင်းပါဘူး။

ညီမလေးကို ဘာလက်ဆောင်ပေးမလဲလို့ စဉ်စားလိုက်တော့ ရွှေဒုံးဘီအောင်ရဲ့ စကားတစ်ခုကို သတိရသွားတယ်။ စားစရာပေးမှာလား ခဏသာ စာရုံးဖြင့် ကုန်သွားလိမ့်မည်။ အ၀တ်အထည် ပေးမှာလား လပိုင်းနှစ်ပိုင်း မျှဝတ်ရုံဖြင့် စုတ်ပြဲသွားလိမ့်မည်။ ဘယ်တော့မှ ကုန်ဆုံး ဟောင်းနွမ်းသွားခြင်း မရှိသည့်အရာက အသိတရားတည်းတဲ့ ဒါကြောင့် ညီမလေးရဲ့ မွေးနေ့မှာ အစ်ကိုသိထားတဲ့ အသိလေးတစ်ခုကို ညီမလေးသိနိုင်အောင် ဝေမျှပေးလိုက်ပါတယ်။

ညီမလေးရေ ဆေးကျောင်းတက်ခွင့် မရခဲ့တဲ့အတွက် အရင်လိုပဲ ၀မ်းနည်းနေတုန်းလား။ ဒါမှ မဟုတ် လက်ရှိတက်နေရတဲ့ ကျောင်းမှာရော ပျော်နေပြီလား။

ဘယ်လို ဖြစ်ဖြစ်လေ ညီမကို အစ်ကို တစ်ခါပြောခဲ့ ဖူးပါတယ်။ ရာဘင်ဒါနတ်တဂိုး ရဲ့ကဗျာလေး ထဲကလိုပေါ့။ ကဗျာလေးရဲ့ ဆိုလိုရင်း ကတော့ ရှင်းပါတယ်။ နေမင်းကြီးနဲ့ လွဲခဲ့ရလို့ စိတ်ပျက် အားငယ်စွာ ငိုကြွေး နေမယ်ဆိုရင် ညအချိန်မှာ ထွန်းလင်း တောက်ပမဲ့ ကြယ်တာရာ များအပါအ၀င် လမင်းကြီးနဲ့လည်း လွဲရပေဦးမည်တဲ့။

ညီမ လူဆိုတာ ဘ၀မှာ ရည်မှန်းချက် ရည်ရွယ်ချက် ကိုယ်စီ ရှိခဲ့ကြတာပဲလေ။ အဲဒီရည်မှန်းချက် ရည်ရွယ်ချက်ကို ရောက်အောင် လူတိုင်းတော့ သွားချင် ကြတာပေါ့ကွာ။ ဒါပေမယ့် ရည်မှန်းချက် ပန်းတိုင်ကို လူတိုင်း မရောက်ကြဘူး။ တချို့ကတော့ မကြိုးစားလို့ တချို့ကတော့ စိတ်အားမသန်လို့ တစ်ချို့ကတော့ လူအားမသန်လို့၊ စိတ်အားရော လူအားရော သန်သည့်တိုင် ကကြမ္မာကြောင့် ရည်မှန်းချက်နဲ့ လွှဲရတဲ့ အခါတွေလဲ ရှိကောင်းရှိပါလေမယ့်။

ဘယ်လိုအကြောင်းနဲ့ပဲ ဘ၀ရဲ့ ရည်မှန်းချက်တွေ လွဲချော်ခဲ့သည်ဖြစ်စေ။ တဂိုးရဲ့ ကဗျာလေးကို သတိရကြည့် စေချင်ပါတယ်။ နေမင်းကြီးနဲ့ လွဲခဲ့လို့ စိတ်ပျက် အားလျှော့နေမယ်ဆိုရင် ညအချိန်မှာ ထွက်လာမဲ့ လမင်းကြီးကိုလဲ ထပ်လွဲရဦးမယ်။

ညီမကို အစ်ကိုပြောချင်တာက ညီမအတွက် နေမင်းကြီးနဲ့ တူတဲ့ ဆေးတက္ကသိုလ် တက်မယ်ဆိုတဲ့ ရည်မှန်းချက်က လွဲသွားခဲ့ပြီ။ အဲဒီအမှာ ညီမတွက် ဘ၀က ရွေးချယ်ခွင့် နှစ်ခု ပေးထားတယ်။ တစ်ခုက စိတ်ပျက်ဝမ်းနည်းစွာနဲ့ တက်ခွင့်မရတော့တဲ့ ဆေးတက္ကသိုလ်ကို လွမ်းဆွတ် တမ်းတရင်း အလွမ်းမပြေနိုင်ဖြစ်နေမလား။ နောက်တစ်ခုက ဖြစ်ခဲ့အပေါ်မှာ သင်္ခန်းစာယူပြီး လက်ရှိတက်ခွင့်ရတဲ့ ကျောင်းမှာ အကောင်းဆုံးဖြစ် အောင်ကြိုးစားမလား။

ညီမအတွက် ရွေးချယ်စာ နှစ်လမ်းပဲ ကျန်တော့တယ်ဆိုပေမယ့် ညီမရဲ့ စိတ်အား ထက်သန် မှုအပေါ်မူတည်ပြီး အနာဂတ်ကို ပြောင်းလဲလို့ရနိုင်ပါ သေးတယ်။ ညီမဘယ်လမ်းကို ရွေးချယ်မလဲ။ ညီမကြိုက်တဲ့ လမ်းကိုရွေးပါ။ ဒါမှ ညီမရဲ့ဆုံးဖြတ်ခွင့်ပဲလေ။ ဘယ်သူမှ ၀င်ပြင်ပေးလို့ မရပါဘူး။ ညီမကြိုက်တဲ့ လမ်းကိုလျှောက်ပေါ့။

ဒီစာကို ဖတ်မိလိမ့်မယ်လို့ အစ်ကို မျှော်လင့်ပါတယ်။


No comments: