Art is My Life: ရှက်စရာမဟုတ်သော ရှက်ခြင်းများ

Tuesday, September 18, 2007

ရှက်စရာမဟုတ်သော ရှက်ခြင်းများ

ကျွန်တော်သည် ငယ်စဉ်ကတည်း ကဗျာများရေးသည်။ သို့ရာတွင် ကျွန်တော်ရေး သောကဗျာများကို မည်သူ့ကိုမျှ အပြင်မှာ ပေးမဖတ်ပါ။ ကျွန်တော်တို့ ထက် အတန်းကြီးသော ကျောင်းသားများ ဦးစီးထုတ်ဝေသည့် ကဗျာစာအုပ် များတွင်တော့ ပါဝင်ရေးသား လေ့ရှိသည်။ ထိုသို့ ကဗျာစာအုပ်တွင် ပါလာပြီးချိန်တွင် ကဗျာနှင့် စပ်လျှင်း၍ လာရောက် မေးမြန်ပါက ကျွန်တော် ဖြေလေ့မရှိပါ။ ကိုယ်ရေးထားသည့် ကဗျာ အကြောင်း ပြောရမည်ကို ရှက်သောကြောင့် ဖြစ်သည်။

ကျွန်တော် အထက်တန်းကျောင်းသာ ဘ၀က ကဗျာပြိုင်ပွဲ တစ်ခုတွင် ဆုရဖူးပါသည်။ ရွာသို့ အလည်သွားသော အခါ အဒေါ်ဖြစ်သူက ကျွန်တော် ဆုရခဲ့သော ကဗျာကို ရွတ်ခိုင်းသည်။ ကျွန်တော် မေ့သွားပြီဟု ပြောလိုက်သည်။ အမှန်တော့ မမေ့ပါ ဆိုပြရမှာ ရှက်သောကြောင့် ထိုကဲ့သို့ ပြောလိုက်ခြင်းသာ ဖြစ်သည်။

ကျွန်တော် ရန်ကုန်ရောက်ခါစက ၀တ္ထုတိုတစ်ပုဒ်နှင့် ကဗျာတစ်ပုဒ်ကို မဂ္ဂဇင်းတိုက်သို့ ပို့ဖူးသည်။ မဂ္ဂဇင်းတိုက်နှင့် ကျွန်တော်နေသည် နေရာမှာ နီးသောလည်း ကိုယ်တိုင်သွားပေးမည်ကို ရှက်သောကြောင့် ပိုဝေးသော စာတိုက်ကြီးသို့ သွားကာ စာတိုက်မှ ထည့်လိုက်သည်။

ကျွန်တော် ဘလော့ဂ်တွင် ရေးသော အချစ်နှင့် သက်ဆိုင်သော ၀တ္ထုတိုလေးများ နှင့် ကဗျာများသည် တချို့သည် ဖြစ်ရပ်မှန် များဖြစ်ကြပြီး တချို့သည် စိတ်ကူးသက်သက် မျှသာဖြစ်သည်။ အချို့သည် ဖြစ်ရပ်မှန်နှင့် စိတ်ကူများကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။ မည်သို့ ပင်ဖြစ်စေ အချစ်နှင့် ပတ်သက်သော အကြောင်းအရာများကို ရေးထားသည့် စာများကို အပြင်တွင် မည်သူ့ကိုမျှ ပြသလေ့မရှိပါ။ အဓိက အကြောင်းရင်းမှာ ရှက်သောကြောင့် ဖြစ်သည်။

ထိုအတူ ကျွန်တော် ဘလော့ဂ် ရေးပြီးချိန်မှ လူဘယ်နှစ်ယောက် ဖတ်ဖတ် ကျွန်တော် မမြင်ရ၍လား မသိ ရှက်စရာ ကောင်းသည်ဟု မခံစားမိပါ။ သို့ရာတွင်ရေး နေစဉ်တွင် နောက်မှ လူတစ်ယောက် ထိုင်ကြည့်လျှင် ကျွန်တော်မရေး တတ်ပါ။

ဘလော့ဂ်စရေး စဉ်က ကျွန်တော့်ကို ဘလော့ဂ် ဖတ်သူများ ဘယ်သူမျှ အပြင်မှ မသိကြသောကြောင့် တော်တော်လေး အဆင်ပြေပါသည်။ သို့ရာတွင် ယခုအခါ၌ ဘလော့ဂ် ကိုဖတ်သူများနှင့် အပြင်တွင် သိသွားကြပြီဖြစ်သလို အပြင်မှာ သိသူများလည်း ကျွန်တော့်ဘလော့ဂ်ကို လာလာဖတ်နေကြပြီ ဖြစ်သည်။

ထိုအခါ ကျွန်တော်အဓိက ရင်ဆိုင်ရသော ပြသနာမှာ ဘယ်ဇာတ်လမ်းထဲက ကောင်မလေးက ဘယ်သူလဲ။ အဲတာ အကယ်လား။ ဘယ်တုန်းက ဖြစ်ခဲ့တာလဲ ။ နောက်ထပ်မတွေ့ ဖြစ်ကြတော့ ဘူးလား အစရှိသည့် မေးခွန်းများကို မေးခံရသည်။ သူငယ်ချင်းလို ရင်းနှီးပြီး အဆင့်တူ လူတစ်ယောက်က မေးလျှင် သိပ်ပြသနာ မဟုတ်သော်လည်း ကိုယ့်ထက် ၀ါကြီးသောလူများ မိမိ ရိုသေရသူများက ထိုမေးခွန်း များ အမေးခံရသည့် အခါတွင် ကျွန်တော်အဖို့ အတော်နေရ ကြတ်ပါသည်။ ထိုသို့ မေးသည့်အခါတွင် ရှောင်ထွက်လို့ ရပါက တောင်လို မြောက်လိုနှင့် ရှောင်ထွက် သွားလိုက်သည်။ တခါတရံတွင် တော့လည်း ရှက်ရှက်နှင့် ပင်ဖြေရသည်။

တကယ်တန်း ပြန်စဉ်းစားကြည့် ယခုကိစ္စသည် ရှက်စရာ မဟုတ်ပါ။ သို့ရာတွင် ကျွန်တော်ရှက်ပါသည်။

5 comments:

နှင်းပွင့်ဖြူ said...

နာနဲ့လာတူနေတယ်... ရှက်တဲ့နေရာမှာ ဟီးဟီး

MELODYMAUNG said...

ရှက်ပါနဲ့လေ မေးတော့ဘူးနော် မမေးခင်ပဲ အရင်ပြောပြ ငှက်ငှက်ငှက်

hnin said...

ကိုယ်ရေးကိုယ်တာကို အခုလည်း ရှက်ရှက်နဲ့ ထုတ်ပြောရတယ်ပေါ့။ မရှက်ပါနဲ့။ လူတွေသိလေ ပိုကောင်းလေတဲ့... ဟဲဟဲ နောက်တာပါ။ အမြဲလာဖတ်တယ်။ ဒါပေမဲ့... မရေးဖြစ်လို့။

သန့်ဇော်မင်း said...

မှန်၏

Melody said...

hey, i feel the same