Art is My Life: ခွေးနှစ်ကောင် ကြောင်တမြှီးနှင့် ထိုတစ်ည

Thursday, September 27, 2007

ခွေးနှစ်ကောင် ကြောင်တမြှီးနှင့် ထိုတစ်ည

အချိန်က ကိုးနာရီပင် မထိုးသေး . . . လမ်းမကြီးတစ်လျှောက် လူတွေ ပြောင်ရှင်းကုန်ကြပြီ။ အစိုးရက ဥပဒေပုဒ်မှ ၁၄၄ အရ မာရှယ်လော ထုတ်ထားတော့ လမ်းပေါ်မှာ မည်သူမျှ မရှိကြတော့။
ကျွန်တော် နေထိုင်ရာ တိုက်ပေါ်ကနေ ခါတိုင်းလှမ်းမြင်တွေ့ နေကြ ဆိုက္ကားဂိတ်လဲ မရှိတော့၊ လမ်းထိပ်က ရပ်ကွက်လူကြီးတွေ စုထိုင်နေကြတဲ့ ကင်းစောင့်ဝိုင်းလည်း မရှိတော့ပြီ။

ညဆယ်နာရီ . . . .
အိမ်ရှေ့ ၀ရန်တာက ထွက်ကြည့်မိပြန်သည်။ လမ်းမကြီးကာ ပြောင်ရှင်းလျှက်။ အစီအရီ ရပ်နားထားသော မော်တော်ကားများမှာလည်း ငြိမ်သက်လျှက်။ တစ်လုံးမှာလည်း တိတ်ဆိတ်လျှက်။

ညဆယ့်တစ်နာရီ . . .
လမ်းမကြီးကို ကြည့်လိုက်တော့ တောင်ဘက်ဆီမှာ ခွေးတစ်ကောင်၊ ဒရိမ်းဒရိုင်နဲ့ ဟိုနား အနံ့ထိုး ဒီနားအနံ့ထိုးနှင့် အစာရှာနေဟန် တူသည်။ ကျွန်တော် ထိုခွေးကို ဓာတ်ပုံ ရိုက်မလို့ စဉ်းစားလိုက်သေးသည်။ သို့ရာတွင် အလှမ်းကွာ ဝေးလွန်းသောကြောင့် မဖြစ်နိုင်ပေ။ ထို့ကြောင့် အိမ်အတွင်းသို့ ပြန်ဝင်ခဲ့လိုက်သည်။

ဆယ့်တစ်နာရီ ကျော်ကျော် . . . .
ပြန်ထွက်ကြည့်လိုက်တော့ စောစောက ခွေးကိုပင် မတွေ့ရတော့ လမ်းမကြီးက ပကတိ ပြောင်ရှင်းနေသည်။ ကျွန်တော်သည် စောစောက ခွေးတစ်ကောင်ကို တွေ့လိုက်ရသည့် နေရာသို့ပင် လမ်းမျှော် ကြည့်ရှုနေမိသည်။

ခဏကြတော့ စောစောက ခွေးပြန်ရောက်လာသည်။ ထို့နောက် ကျွန်တော်တို့ တိုက်ဆီသို့ အစာကို အနှံ့ထိုးရှာရင်း ရောက်လာသည်။ ထိုခွေးကို သေချာ ကြည့်လိုက်တော့ ခွေးပိန်မ တစ်ကောင်ဖြစ်သည်။ ကျွန်တော်တို့ တိုက်အရှေ့က ဓာတ်မီးတိုင်အောက် အမိုက်ပုံ အရောက်တော့ အနံ့ထိုးပြီး ရပ်သွားသည်။ သူအစာကို တွေ့သွားပြီ။ အဲဒီအမိုက်ပုံမှာ အစာစားနေသည်။ ခွေးပိန်မ အစာစားနေတုန်း ခွေးထီး တစ်ကောင် ထပ်ရောက်လာသည်။ ထိုနောက် အစာတူတူ စားကြသည်။

ထိုခွေးတွေကို ကြည့်နေချိန်တွင် လမ်းမပေါ်ကို မဲမဲတစ်ခု ရိပ်ကနဲ ဖြတ်သွားတာကို တွေ့လိုက်သည်။ ကြည့်လိုက်တော့ ကြောင်တစ်ကောင် ဖြစ်နေသည်။ ကြောင်သည် ကျွန်တော်တို့ တိုက်ဘက်အခြမ်းမှ ထွက်လာပြီး လမ်းမကို ဖြတ်ကူးကာ တစ်ဘက် ကားလမ်းဘေးမှာ ရပ်ထားတဲ့ ကားဘီးနာလေးမှာ ဆောင့်ဆောင့် ထိုက်လျှာက် အစာစားနေသော ခွေးနှစ်ကောင်ကို ကြည့်နေသည်။

မြန်မာလူမျိုးတို့သည် ဘာမျှမရှိသည့် နေရာတစ်ခု သို့မဟုတ် လူမရှိ သူမရှိ လမ်းမကြီးများကို တွေ့ခဲလျှင် ခွေးတစ်ကောင် ကြောင်တမြှီးတောင် မတွေ့ရဘူးဟု သုံးနှုန်းလေ့ရှိကြသည်။ ကျွန်ုပ်မှုကား လူမရှိသော လမ်းတွင် ခွေးနှစ်ကောင်နှင့် ကြောင်တစ်ကောင်ကို တွေ့မြင်နေရပြီ။

ကျွန်တော့ မျက်စိတစ်ဆုံး မြင်နေရသည့် လမ်းမကြီး တစ်လျှောက်လုံးတွင် သက်ရှိဟူ၍ ခွေးနှစ်ကောင်နှင့် ကြောင်တစ်ကောင်သာ ရှိတော့သည်။ လမ်းထိပ်က တက္ကစီ ဂိတ်မှာလည်း ကားမရှိတော့။ ဆိုက္ကား ဂိတ်မှာလည်း ဒီတိုင်းပင်။

အရင်ကဆိုရင် ဒီလမ်းလေးသည် နှစ်လေးနာရီ ပတ်လုံး လူပြတ်သည်ဟူ၍ မရှိ။ ကျွန်တော်သည် အိပ်မပျော်သော ညများတွင် လမ်းထဲတွင် ထိုကဲ့သို့ လုပ်ရှား သွားလာနေကြသည့် လူများကို ဘာရယ်မဟုတ် ထိုင်ပြီး ကြည့်နေမိတတ်သည်။

ပူလောင် သောနွေညများ ဆိုရင် ည၁၂ လောက်ထိ လမ်းဘေး ပလက် ဖောင်းလေးတွေမှာ လူတွေ ထွက်ထိုင်နေ တတ်ကြသည်။ မိုးလေးကင်း လွတ်သော ညများတွင် ဓာတ်တိုင်အောက်၌ လူငယ်များ ဂစ်တာလာတီးကြသည်။ ညတစ်နာရီ လောက်ဆိုလျှင် စည်ပင်သာယာက အမိုက်သိမ်းတဲ့ ၀န်ထမ်းတွေ တံမျှက်စည်း လာလှဲကြသည်။ အဲဒီ အချိန် လောက်မှာပဲ ကုလားမ တစ်စု ဒီလမ်းရဲ့ ပလက်ဖောင်း ပေါ်မှာ စည်ပင်ရေပိုက် ခေါင်းကို ဖြုတ်၍ အ၀တ်လျှော် နေတတ်ကြသည်။ ပြောမည်ဆိုလျှင်ကား ဤလမ်းလေသည် လူနှင့်မပြတ်ပါ။

အရင်လို ညတိုင်း လူများနဲ့ စိုပြေနေတဲ့ ဒီလမ်းလေး တစ်နေ့မှာတော့ ခြောက်ကပ်သွား လိမ့်လို့ ဘယ်သူက ကြိုပြီး ဟောကိန်း ထုတ်ခဲ့မိမှာလဲ။ ကံကြမ္မာက အကြောင်းဖန်လာပြီ ဆိုတော့ စိုပြေနေတဲ့ လမ်းလေး ခြောက်သွေ့သွားသည်။

လူ့လောက သည်ရော။ ဟုတ်ပါသည်။ လူ့ဘ၀သည်လည်း ကျွန်တော့် အိမ်ရှေ့က လမ်းလေးလို ဖြစ်သည်။ အဆင်ပြေ ချောမွေ့ချင်သည့် အခါတွင် ဘ၀သည် သာယာစို ပြေနေတတ်သည်။ သာယာစိုပြေနေသော လမ်းလေးသည် ပုဒ်မ တစ်ခုကြောင့် ခြောက်ကပ်သွားသလို အရာရာ အဆင်ပြေနေသော ဘ၀လေးသည်လည်း အကြောင်းအရာ တစ်ခုကြောင့် ပျောက်ပျက်သွား နိုင်ပါသည်။


ဓာတ်တိုင်ရှေ့တွင် စားစရာများ ကုန်သွားသည့်အခါ ခွေးနှစ်ကောင်သည် ပြန်ထွက်ခွါ သွားကြသည်။ ကားလမ်း ဟိုဘက်ကို ကြည့်လိုက်တော့ စောစောက ကြောင်မရှိတော့ပေ။ ဘယ်အချိန်ကတည်းက ထွက်သွားလိုက်သည် ကိုပင် ကျွန်တော် သတိမထား မလိုက်ပါ။

မျက်စိတစ်ဆုံး ကြည့်လိုက်တော့ လမ်းမသည် ခြောက်သွေ့နေသည်။ အရင်က လူစည်ခဲ့သော လမ်းလေးသည် ခွေးနှစ်ကောင် ကြောင်တမြီးနှင့် ထိုညတစ်ညကို ဖြတ်သန်းခဲ့သည်။

1 comment:

စိုးထက် - Soe Htet ! said...

မင်္ဂလာပါ .... :)