Art is My Life: နားသံသီး ရဲ့ မတ်စေ့ပုံပြင်

Tuesday, September 11, 2007

နားသံသီး ရဲ့ မတ်စေ့ပုံပြင်

တစ်ခါတုန်းက ကျွန်တော်တို့ မြို့တွင် နားသံသီးဟု ခေါ်သည့် လူတစ်ယောက်ရှိသည်။ သူသည် အိန္ဒယ နိုင်ငံသား ဟိန္ဒူ လူမျိုး တစ်ဦးဖြစ် ပြီး စစ်အတွင်းက မြန်မာပြည်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။ ကျွန်တော်တို့ မြို့ကို ရောက်လာစဉ်က သူ့နားတွင် သံနှင့် လုပ်ထားသော နားဆွဲသီးကြီး တပ်ဆင် ထားခြင်းကြောင့် နားသံသီးဟု ခေါ်ကြမှ အမည်တွင်သွား ခြင်းဖြစ်သည်။

တစ်ရက်တွင် နားသံသီးသည် ချောင်းတစ်ခု ကို တံတားပေါ်မှာ ဖြတ်ကူးရင်း သူ့ လက်ထဲမှ မတ်စေ့လေး တစ်စေ့ ချောင်းအတွင်းသို့ ကျသွား လေသည်။ မတ်စေ့ ကျသွားသော ချောင်းသည် လူနှစ်ရပ်စာ လောက်နက်သည်။ သူကိုယ်တိုင်လည်း ရေမကူးပါတတ်ပါ။ လူနှစ်ရပ်စာ မျှနက်သော ချောင်းအတွင်းတွင် မတ်စေ့တစ်စေ့ကို ရှာရသည်မှာ မလွယ်ကူပါ။ ထိုအခါ နားသံသီးသည် ချောင်းထဲတွင် ရေချိုးနေသူ များကို သူကျသွားသော မတ်စေ့ကို ရအောင် ပြန်ရှာပေး နိုင်ပါက ငါးမူးပေးမည် ဖြစ်ကြောင်း ပြောလိုက်သည်။

ထိုအခါ ချောင်းအတွင်း ရေချိုး နေသူများသည် နားသံသီးကျ သွားသော ပိုက်ဆံမတ်စေ့ကို ရှာကြသည်။ များမကြာမီ ရေငုတ်ရှာသူများ အနက်မှ တစ်ဦးသည် နသံသီး ကျသွားသော မှတ်စေ့ကို ရှာတွေ့သွားလေသည်။ ထိုအခါ နားသံသီးသည် သူပြောထားသည့် အတိုင်း ရေငုတ်ရှာနိုင်သူကို ငါးမူးပေးကာ ချောင်းအတွင်းက ပြန်ရသော မတ်စေ့ကို ယူသွားလေသည်။

ထိုအခါ ချောင်းအတွင်း ရေချိုးနေသူများက ဒီကုလားက ငကြောင်ပဲ ပိုက်ဆံ တစ်မတ် ပြန်ရဖို့ ပိုက်ဆံ ငါးမူး အကုန်ခံနေတယ်၊ အချို့ကလည်း ဒီမတ်စေ့က အဆောင်မို့လို့ ပိုက်ဆံ ငါးမူး အကုန်ခံပြီး ငုတ်ခိုင်းတာ ဖြစ်မယ်ဟု ပြောကြသည်။ ထိုအကြောင်းကို နားသံနှင့် ရင်းနှီးသူများက ကြားသိသွားပြီး အကြောင်းစုံ မေးမြန်းကြည့်ရာ။

ကျွန်တော့် လက်ထဲ ပိုက်ဆံ ကျသွားတယ်ဆို သိကြပေမယ့် ကျွန်တော် ပြန်မယူဘူး ငုတ်ပြီး ရှာကြပါ ဆိုရင်တောင်...။ ပိုက်ဆံ မတ်စေ့လေး တစ်စေ့ အတွက်နဲ့ လူနှစ်ရပ် စာလောက်ရှိတဲ့ ရေထဲမှာ ငုတ်ပြီး ခဲရာခဲဆစ် ဘယ်သူမှ ရှာနေမှာ မဟုတ်ဘူး။ ဒါကြောင့် အဲဒီမတ်စေ့ကို ဒီတိုင်းထား လိုက်မယ်ဆိုရင် ဘယ်သူမှလဲ မသုံးရဘူး။ ဒီတိုင်းဆုံးသွားမှာ။ ဒါကြောင့် ကျွန်တော်က ပိုက်ဆံ ငါးမူးပေးပြီး ရှာခိုင်းလိုက်တာပါ။ အဲဒီအခါမှာ ကျွန်တော့် မတ်စေ့ ပြန်ရသလို ရေငုတ်တဲ့ လူလဲ ပိုက်ဆံ ငါးမူး သုံးရတယ်။ သာမန် အားဖြင့် ကြည့်ရင် ကျွန်တော့ ဘက်က တစ်မတ်ရှုံးတယ်လို့ ထင်မယ်။ တကယ်တော့ လက်ထဲက ပြုတ်ကျပြီ ဆိုကတည်းက ကျွန်တော်ဟာ ပိုက်ဆံ တစ်မတ် ဆုံးသွားပြီ။ ဒါပေမယ့် ရေထဲက ပိုက်ဆံကတော့ အလဟသ မဖြစ်တော့ဘူးပေါ့။

5 comments:

နှင်းပွင့်ဖြူ said...

အင်း..အတွေးလေးတော့ကောင်းတယ်.......
စိုးဇေယျသာ...ချစ်သူအမှတ်တရပေးထားတဲ့...လက်စွပ်လေးကျသွားရင်ကော..
အဲလို လုပ်မှာပဲလား......... :-)
မထင်ပါဘူး....... :D

စိုးဇေယျထွန်း said...

မပြောတတ်ဘူးလေ။ ကျွန်တော့်မှာ လက်စွပ်ပေးမဲ့ လူမှ မရှိတာ.

Unknown said...

မဆိုးဘူးဗျ.. နားသံသီးက ၀င်ငွေလှည့်ပတ်စီးဆင်းမှု သဘောတရားကို နားလည်ပုံရတယ်။ ဧကနတော့ ဒီလူကို သတင်းထောက်ကြီးက Macroeconomic သင်ပေးထားတယ်နဲ့ တူတယ်။

yn said...

That's why a lot of poor man are in India. That guy lost another 25Pyas again.

Dr. Junior said...

တကယ် ကောင်းတဲ့ အတွေးပဲ..