Art is My Life: မီးခြစ်စက် နှင့် ဂျပန်ခေတ်က လက်နက်တိုက်

Friday, April 26, 2013

မီးခြစ်စက် နှင့် ဂျပန်ခေတ်က လက်နက်တိုက်



 နေဝင်ချိန်မှာ ဆော့နေကြတဲ့ ကလေးတွေ

မီးခြစ်စက်ဆိုတာ ရန်ကုန် တစ်ဖက်ကမ်း သမ္မတ ကမ်းခြေကနေ ဆိုင်ကယ်နဲ့ မိနစ် နှစ်ဆယ်လောက် မောင်းရတဲ့ ရွာလေးပါ... ဂျပန်ခေတ်က လက်နက်တိုက်ကတော့ အဲဒီရွာ သွားတဲ့ လမ်းဘေး မှာရှိတာ... ရန်ကုန်မှာနေတဲ့ လူတော်တော်များများ အဲဒီရွာလေးနဲ့ အဲဒီ လက်နက်တိုက် အကြောင်း သိတဲ့လူ တော်တော် ရှားပါလိမ့်မည်....

“ အရင်က ဒီရွာနေရာမှာ မီးခြစ်စက်ရုံ ရှိတယ် အဲဒါကြောင့် ဒီရွာနာမည်ကို မီးခြစ်စက်ရုံလို့ ပေးခဲ့တာ” ကျွန်တော့်ကို လိုက်ပို့သည့် ဆိုင်ကယ် ကယ်ရီသမားက ပြောသည်။  ရွာလေးသည် အိမ်ခြေတစ်ရာ ပတ်ဝန်းကျင်ခန့်ရှိပြီး  မြစ်ဆိပ်ကမ်းဘက် ထွက်ကြည့်လိုက်လျှင် သီလဝါ ဆိပ်ကမ်းကို လှမ်းမြင်နေရသည်။  ရွာထဲမှာ သောက်ရေကန် နှစ်ကန်ရှိပြီး ရေချိုမထွက်သည့် ထိုရွာအတွက်တော့ ထိုကန်ကိုသာ အဓိက အားထားရသည်။ ရွာထဲက လမ်းလေးကိုတော့ ကွန်ကရစ်တွေ ခင်းထားသည်။ ရွာလမ်းဆိုသည်ကလည်း အညာမှာလို လှည်းသွားလို့ရအောင် ကျယ်သည့် လမ်းမျိုးမဟုတ် လေးပေသာသာ လမ်းကျဉ်း 
လေးများသာ  ဖြစ်သည်။


မြစ်ကမ်းက အုတ်ခုံမှာ အေးအေးလူလူ ထိုင်နေတဲ့ ကလေးတစ်ယောက်

ကျွန်တော်ဒီရွာလေးကို ရောက်ဖြစ်ခဲ့ပုံက ဓာတ်ပုံရိုက်ဖို့ လျှောက်သွားကြည့်ရင်း ရောက်ဖြစ်ခဲ့ခြင်းဖြစ်သည်။ ရန်ကုန်နား ပတ်ဝန်းကျင်က ဆင်းရဲသားရပ်ကွက် ချို့တဲ့သည့်ရွာ တော်တော်များများကို ကျွန်တော်ရောက်ဖူးပါသည်။ သည်ရွာကတော့ အများစုက ဆင်းရဲကြပေမယ့် အခြား ဆင်းရဲသား ရပ်ကွက် တွေလို  ဖြစ်ကတတ်ဆန်း တဲတစ်လုံးနှင့် တစ်လုံး ပြွတ်သိပ် နေအောင် ဆောက်ထားခြင်း မျိုးမဟုတ်။  ကွန်ကရစ်လမ်း  သူ့ဝင်းသူ့ခြံနှင့် အိမ်လေးတွေက တစ်လုံးက သီးသီးသန့်သန့်နှင့် သပ်သပ်ရပ်ရပ်ရှိသည် ကိုသတိထားမိသည်။ 


 မြစ်ဆိပ်မှာ ရေချိုးနေကြသူများ

ရောက်သွားသည့် အချိန်က နောက်ကျသည့်အတွက် ဓာတ်ပုံ အများကြီး ရိုက်ဖို့ အချိန်မရ။ ရောက်ပြီး သိပ်မကြာမီ နေ ဝင်သွားသည်။  နောက်မှ တစ်ခါပြန်လာဦးမည်ဟု တွေးကာ ရန်ကုန် ဘက်ကမ်းသို့
 ပြန်လာခဲ့ရသည်။ ပထမကြိမ် ရောက်ဖြစ်တာက ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ဖြစ်သည်။  ယခု တစ်ခေါက် ထပ်ရောက် ဖြစ်သည်က မတ်လ။ နိုဝင်ဘာကတော့ ဆောင်းဝင်စကာလဖြစ်တာ ကြောင့်မြူလေးတွေ ရှိသည်။ မိုး ကုန်ပြီးခါစ ဖြစ်ကြောင့် လမ်းတစ်လျှောက်မှာ ဖုန်တွေ သိပ်မရှိလှ။ ဒီတစ်ခေါက်သွားဖြစ်တော့ မတ်လ။  ရောက်ပြီးခါမှ နေဝင်သွားမှာ စိုးတာကြောင့် စောစော ထွက်လာခဲ့မိသည်။  သမ္မတ ဆိပ်ကမ်းမှ ယင်းရွာသို့ အရောက်သွားရာ လမ်းမှာ လွင်တီးခေါင်။ ပူလိုက်သည့်နေက ပြောဖွယ်ရာမရှိ။


လှေမောင်းတဲ့ ကောင်လေး


ကျွန်တော် ရောက်သွားတော့ ရွာလေးရဲ့ ကမ်းနားလမ်း တစ်လျှောက် ဓာတ်ပုံလိုက်ရိုက်ဖြစ်သည်။ အဲဒီမှာ ထူးထူးခြားခြား တွေ့ရတာက ကလေး တစ်ယောက်က စက်လှေတစ်စီးကို ကျွမ်းကျွမ်း ကျင်ကျင် မောင်းကာ လှေကို ကမ်းမှ  ကပ်လိုက် ခွါလိုက်နှင့် ကစားနေသည်။ ကျွန်တော့် စိတ်ထဲတွင် ဒီကလေး တယ်ဟုတ် ပါလားလို့ တွေးကာ လက်ယပ် ခေါ်လိုက်သည်။ ကျွန်တော် လက်ရပ်   ခေါ်တာ   မြင်တော့  ကျွန်တော် ရှိရာဆီသို့ ဦးတည်မောင်းကာ ကမ်းကပ်လာသည်။ 

ကောင်လေး မင်းဘာလုပ်နေတာလဲလို့ မေးတော့။ လှေမောင်းနေတာတဲ့။ အသက် ဘယ်လောက်ရှိပြီလဲ ဆိုတော့ ရှစ်နှစ်တဲ့။ မင်းကျွမ်းကျွမ်းကျင်ကျင် မောင်းတတ်လား ဆိုတော့ မောင်းတတ်တာပေါ့တဲ့။
 မြစ်လယ်မှာ ကျားပိုက် တန်းနေတဲ့ လှေတွေ လိုက်ပို့ပေးမလားဆိုတော့။  ရတယ်တက်တဲ့။  အဲဒါနဲ့ လှေပေါ်ကို တက်လိုက်လာသည်။  ကျွန်တော်နဲ့  ရန်ကုန်က လိုက်လာတဲ့ သူငယ်ချင်းက
 လှေ ပေါက်စလေးနဲ့  လှေမောင်းသူ  ကလေးကို ကြည့်ပြီး ဟေ့လူ ဖြစ်ပါ့မလားတဲ့။  
ဖြစ်ပါတယ်ဟု ပြောကာ လှေကို မြစ်လယ်ဆီသို့ ဦးတည် ထွက်လာခဲ့သည်။ 
 လှေက ခပ်သေးသေးဖြစ်ဖြစ်ပြီး ငါးပိုက်ချသည့် လှေဖြစ်သည်။     လှေ သေးလေးပေါ်မှာ ငါးဖမ်းပိုက်တွေ အပြည့်တင်ထားသည်။ ကျွန်တော်ကငါး ဖမ်းပိုက်ပုံပေါ်က ထိုင်လိုက်ရသည်။ ထိုင်နေရင်း လှေဦးကို လှမ်းကြည့်လိုက်တော့ လှေက အကောင်းမဟုတ်။  ပေါက်နေသည်။ ပေါက်နေသည့်နေရာကို ရွှံ့နှင့်ဖာထားသည်။ ထိုဖာသောနေရာမှ ရေများ စိမ့်ဝင်နေသည်။  ရေတွေ စိမ့်ဝင်တာတော့ မြင်တော့ လူက မျက်လုံးပြူးလာသည်။    အကယ်၍ လှေနစ်သွားလျှင်.. ကျွန်တော် ရေကူးတတ်သည် ဆိုပေမယ့် ရန်ကုန်မြစ်လို မြစ်ပြင်ကျယ်ကြီးထဲမှာ ကမ်းရောက်အောင် ကူးနိုင်လိမ့်မည်မဟုတ်။

ငါးဖမ်းပိုက်တွေကတော့ ရေပေါ် ပေါ်လိမ့်မည်ထင်သည်။ အကယ်၍ လှေနစ်သွားလျှင် ယင်းငါးဖမ်း ပိုက်များကို အားကိုးရမည်။  သို့ပေမယ့် ငါးဖမ်းပိုက်တွေ ရေပေါ်မှာ ပေါ်မပေါ်  မသေချာ..
 လှေမောင်းသည့် ကောင်လေးကို သေချာအောင် မေးကြည့်မိသည်။  မပေါ်ဘူးတဲ့။  စိတ်ကူး  ထဲမှာတော့
 တွေးလိုက်သည်။ သေပြီဆရာပေါ့။ ကမ်းကို လှမ်းကြည့်လိုက်တော့ ကျွန်တော်နဲ့ ရန်ကုန်ကလိုက်လာသည့်
 သူငယ်ချင်းက ကျွန်တော့်ကို ကင်မရာနှင့် ချိန်ထားသည်ကို   ပြပြလေး  မြင်ရသည်။ လှေမြုပ်လို့ကတော့ အပီရိုက်မည့်ပုံမျိုး။  လှေဝမ်းပေါက်နေတာကို  ဒီတိုင်း  ထိုင်ကြည့်နေလို့တော့ မဖြစ်တော့ပေ။ ထို့ကြောင့် ခွက်လေးကို ကိုင်ကာ လှေဝမ်းထဲ ဝင်လာသည့် ရေများကို ခပ်ထုတ် နေရသည်။



ကျားပိုက် ထောင်နေတဲ့ လှေ 

ဒီရေတက်နေချိန် ဖြစ်သောကြာင့် မြစ်လယ် ကျားပိုက်တန်းသည့် လှေများကို သွားရသည့်  အသွား ခရီးသည် ရေဆန် ဖြစ်နေသည်။  ဆယ်မိနစ်သာသာ လောက်မောင်းပြီးတော့ မြစ်လည်က
 ကျားပိုက် တန်းသည့် လှေနားကို ရောက်လာသည်။  ကျွန်တော် စီးလာသည့် လှေလေးနှင့် ကျားပိုက် တန်းနေသည့် လှေများကို တွဲချည်ဖို့ ကပ်နေတုန်းမှာ ကျွန်တော်တို့လေက ရုတ်တရက် စက်ရပ် သွားသည်။ မြစ်လယ်တွင် ရေစီးကြမ်းသည်။ စက်ရပ်သွားသည်နှင့် တစ်ခါတည်း ရေစီးနှင့်အတူ ကျွန်တော် တို့လှေ မျောပါ သွားသည်။ လှေ မောင်းသည့် ကလေးက ရပ်သွားသည့် စက်ကို ပြန်နှိုးနေသည်။ စက်က နိုးမလာ..။ ကောင်လေး ဆီကုန်သွားတာလားလို့ မေးတော့ မဟုတ်ဘူးတဲ့။ ဘာဖြစ်တာလဲဆိုတော့ မသိဘူးတဲ့။ ရှင်းသွားပဲ။ လှမ်းကြည့်လိုက်တော့ ကျားပိုက် တန်းသည့် လှေတွေနှင့်  ကျွန်တော် တို့  လှေလေးက တော်တော် ဝေးသွားပြီ။ ရေစီးက သန်သည်ကိုး။

နောက်တော့ စက်ပြန်နှိုးလာသည်။ ပြီးတော့ ကျွန်တော်တို့ လှေကလေး ကျားပိုက်  တန်းသည့်      လှေတွေဆီ  ပြန်ရောက်လာပြီး တွဲချည်လိုက်သည်။   ကျားပိုက်   တန်းသည့် လှေပေါ်တက်လိုက်သည်။
 ကောင်လေးကတော့ သူ့လှေ သေးသေးလေးထဲမှာ နေရစ်ခဲ့သည်။

ကျားပိုက်ဆိုသည်မှာ ဒီရေ အတက်အကျတွင် ဖြစ်ပေါ်လာသော ရေစီးကြောင်းတွင်  ဧရာမ
ပိုက်အိတ်ကြီးကို ချထားပြီး ငါးဖမ်းခြင်းဖြစ်သည်။  ကျွန်တော် လှေပေါ်ရောက်သွားတော့ လှေပေါ်ရှိ အဒေါ်ကြီးတစ်ယောက်နှင့် ဦးလေးကြီး နှစ်ယောက်စလုံးက ဝမ်းပန်းတသာ ကြိုကြသည်။ ကျွန်တော် သူတို့က မေးကြည့်တော့ သူတို့က တွံတေးဘက်မှ လာရောက် ငါးဖမ်းကြခြင်းဖြစ်သည်။ ဘာငါးတွေရပြီးလဲ ဆိုတော့ သိပ်မရသေးပါဘူးတဲ့။ ပုစွန်တွေရော ရှိလားဆိုတော့ ရှိတယ်တဲ့။ ဘယ်လိုရောင်းလည်း ဆိုတော့ တစ်သောင်းနှစ်ထောင်ဈေးတဲ့။ အဲဒါဆိုလည်း ငါးဆယ်သားဝယ်မယ်ဟု ပြောလိုက်တော့...   လတ်လတ် ဆတ်ဆတ် စားရအောင် စောစောကမှ မိထားတဲ့ အကောင်တွေ ပေးလိုက်မယ်... ဟုဆိုကာ မြစ်ထဲတွင် စိမ်ထားသော ပိုက်အိတ် သေးသေးလေးကို ဆွဲမလိုက်သည်။ ပုစွန်ထုပ် အရှင်ကောင်တွေ...  

ပုစွန်ထုပ် အရှင်တွေကို ယူသွားလို့ မဖြစ်။ အရှင်ကောင်တွေ ယူလာရင် အမေက စားလိမ့်မည်မဟုတ်။ ထို့ကြောင့် သေပြီးသားတွေပဲ ပေးဆိုတော့။   ရန်ကုန်က လာတာ မဟုတ်လား ဒီတိုင်း သယ်သွားလိုက်
 လမ်းမှာ သေသွားလိမ့်မယ်တဲ့။ အဲလို မလုပ်ပါနဲ့ ကိုယ့်လက်ထဲမှာ သေတာမျိုးလဲ  မလိုချင်ဘူး ဆိုတော့ ရေခဲရိုက်ထားသည့်  ပုစွန်ထုပ်များကို ထုတ်ပေးသည်။ ငါးဆယ်သားကို ပုစွန်ထုပ်ကြီး ကိုးကောင် ထည့်ပေးသည်။ ရန်ကုန်မှာ ဆိုလျှင် အဲဒါကို တစ်ပိသာဟု ပြောရောင်းလိမ့်မည် ထင်သည်။   ကျွန်တော်က ငွေခြောက်ထောင် ထုတ်ပေးလိုက်တော့  သူတို့က တော်တော်   ကျေးဇူးတင်ကြောင်း
 နောက်ကိုလည်း  လာခဲ့ဖို့ မှာကြသည်။  အဲဒီလှေပေါ်မှာ စိတ်ကြိုက်ဓာတ်ပုံ ရိုက်ပြီးတောာ့  မီးခြစ်စက်ရွာ ဘက်ကမ်းသို့ ပြန်လာခဲ့သည်။ အသွားခရီးက ရေဆန်ဖြစ်နေတော့ ဆယ်မိနှစ်သာသာ မောင်းရသော်လည်း အပြန်ခရီးက ငါးမိနှစ်ခန့်သာ ကြာသည်။ ကမ်းရောက်တော့ လှေမောင်းတဲ့ ကောင်လေးကို မင်းတော်တယ် နာမည် ဘယ်သူလဲဆိုတော့ မင်းအောင်တဲ့။ ကျွန်တော်သူ့ကို မုန့်ဖိုး တစ်ထောင်ပေးပြီး ရန်ကုန်ဘက်သို့ ပြန်လာခဲ့သည်။ 

အပြန်လမ်းမှာ ဂျပန်ခေတ်က လက်နက်တိုက် ဆိုတာကို ဝင်ကြည့်ဖြစ်သည်။ အရင်တစ်ခါ လာစဉ်ကတည်းက ယင်းနေရာတွင် လက်နက်တိုက်ရှိသည်ဟု ဆိုင်ကယ်သမားက ပြောခဲ့သော်လည်း မိုးချုပ်သွားသောကြောင့် ဝင်မကြည့်ဖြစ်ခဲ့။ အခုတစ်ခါတာ့ ကြည့်ဖြစ်အောင် ကြည့်ဦးမည်ဟု စိတ်ကူးပြီး ဝင်ကြည့်ဖြစ်ခဲ့သည်။ ဂျပန်ခေတ်က လက်နက်တိုက်သည် ကားလမ်းမှ ကိုက်သုံးရာလောက် အကွာတွင် ရှိပြီး လှမ်းကြည့်လိုက်လျှင် ကုန်းမို့မို့လေး တစ်ခုသာ မြင်ရသည်။ ယင်းကုန်းမို့မို့လေးကို ကျော်သွားတော့ အထဲမှာ အဆောက်ဦ အဟောင်လေးတစ်ခု။ အဆောက်အအုံမှာ ညောင်ပင်တွေ ပေါက်နေသည်။
 အဆောက်ဦကို အဝေးကနေ လှမ်းကြည့်လျှင် မမြင်နိုင်အောင် အဆောက်ဦ ပတ်ပတ်လည်တွင် ကုန်းမို့မို့လေးတွေ ဖြစ်အောင် ဖန်တီးထားသည်။ အထဲဝင်ကြည့်တော့ အဆောက်အအုံမှာ  အခန်း
နှစ်ခန်းရှိပြီး  အခန်းတစ်ခန်းလျှင် သီးခြား အပေါက်တစ်ပေါက်စီ ဖြစ်သည်။  ဒေသခံများ ယင်းအဆောက် အအုံကို အိမ်သာဟု သဘောထားသည်လားမသိ။ အထဲမှာတော့ ဟိုတစ်ပုံ ဒီတစ်ပုံ။ ပတ်ဝန်းကျင်က လူတွေကို မေးကြည့်တော့လည်း ဂျပန်ခေတ်က လက်နက်တိုက်လို့ ပြောတာပဲ ဟုသာ ပြောနိုင်ပြီး ဘယ်သူမှ ဂဃနဏ မပြောနိုင်ကြပေ...

စိုးဇေယျထွန်း
26 4 2013


 ဂျပန်ခေတ်က လက်နက်တိုက်





No comments:

There was an error in this gadget