Art is My Life: ပိုက်ဆံအိတ်ပိုင်ရှင် ရှာပုံတော် ၂

Sunday, February 25, 2007

ပိုက်ဆံအိတ်ပိုင်ရှင် ရှာပုံတော် ၂


လုပ်ချင်စိတ်တွေ ပျင်းပြနေချိန်မှာ လုပ်မိတဲ့ အလုပ်တွေဟာ တစ်ခါတစ်ရံမှာ တူမတူအောင် ပြောင်မြောက်သလို တစ်ခါတစ်ရံမှာ တစ်သက်စာ ရှင်းမရတဲ့ အမှားတွေလည်း ဖြစ်သွားတတ်ကြသည်။ ဘာပဲဖြစ်ဖြစ် အလုပ်တစ်ခု လုပ်ခြင်းကြောင့် ဖြစ်လာမည့် ဆိုးကြိုးများကို အဆုံးထိသာ တွေးကြည့်လိုက်ပါ။ အဲဒီလောက် ငါ့ကံကြမ္မာက ဆိုးရွားခဲ့ရင် ငါဘာဖြစ်သွားနိုင်လဲ။

ကျွန်တော် သေချာစဉ်းစားကြည့်သည်။ အကောင်းဘက်က စဉ်းစားကြည့်ရင် ပိုက်ဆံအိတ် ပိုင်ရှင်သာ သူပိုက်ဆံတွေ ပြန်ရရင် ဘယ်လောက်များ ၀မ်းသာသွားမလဲ။ တကယ်လို့ အမှုခင်းတစ်ခု မှာပါဝင်ပတ်သက် နေတယ်ဆိုရင် အဆိုးဆုံး အခြေနေသည် ရဲစခန်းရောက် ရုံးရောက် ဖြေရှင်းရမည်။ ကျွန်တော့ဘက်က မှန်နေသဖြင့် အမှုမှာ ပတ်သက်ခဲ့သည့်တိုင် ကောင်းကောင်း မွန်မွန် ဖြေရှင်းပါက ဘာမှဖြစ်နိုင်စရာ အကြောင်းမရှိပေ။ ထို့ကြောင့် ပိုက်ဆံအိတ်ကို ပိုင်ရှင်လက်ကို မရောက်ရောက်အောင် ထည့်ပေးမည်ဟု ဆုံးဖြတ်လိုက်သည်။ အခုလောက်ဆိုရင် တောင်ပိုက်ဆံအိတ် ပိုင်ရှင်စိတ်ပူနေရောမည်။

ကျွန်တော် နောက်တစ်ကြိမ် ဖုန်းထပ်ခေါ်ကြည့်တော့ ဖုန်းကိုင်သည်။ ကျော်ကျော်လတ် ဟုတ်ပါသလားလို့ ကျွန်တော့က မေးလိုက်တော့ ဟုတ်ပါသည်တဲ့။ ကျွန်တော်ထင်ထားတာက ပိုက်ဆံအိတ် ပျောက်နေသူ တစ်ယောက် အနေဖြင့် ဒီအချိန်လောက်ဆိုရင် ပြာရာခတ် နေရောမည်။ သို့သော် သူ၏အသံက အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ပင်။

ကိစ္စရှိလို့လား

ဟုတ်ကဲ့ ကျွန်တော် ခင်ဗျားပိုက်ဆံအိတ်ကို ကောက်ရထားလို့ပါ။ အဲဒါဘယ်နေရာကို လာပေးရမလဲလို့

တကယ်ပြောတာလား၊ မလိမ်နဲ့နော်

အာ မလိမ်ပါဘူးတကယ်ပါ

ဒါနဲ့ စောစောက ဖြစ်ခဲ့တဲ့နေရာမှာ လူတွေရုတ်ရုတ်သဲသဲ ဖြစ်ပြီးကျန်ခဲ့သေးလား

မဖြစ်ပါဘူး

ဟုတ်လား တကယ်နော်

တကယ်ပါ

အေးကွာ ငါဒီမှာ ပြသနာနဲနဲရှိလို့ အခုတော့ ရဲတွေနဲ့ ညှိလိုက်တာ အဆင်ပြေသွားပြီ၊ မင်းအခုဘယ်နေရာမှာ ရောက်နေတာလဲ

ကျွန်တော် ဆူးလေ ကဆက်နေတာပါ

ပိုက်ဆံအတ်ထဲမှ ဘယ်လောက် ပါသလဲ ငါကပြေးရင်းလွားရင်း ဆိုတော့ မမှတ်မိတော့လို့

အဲဒါတော့မသိဘူးဗျ

ဒါဆိုရင် မင်းပုစွန်တောင်ဈေး အရှေ့ကိုလာခဲ့ကွာ ဒီမှာ ရဲတွေကို ပြုစုရအောင် ကောင်မလေးတွေလဲ ခေါ်ထားတယ်၊ မင်းဈေးအရှေ့ရောက်တာနဲ့ ကြည့်လိုက် ကောင်မလေးတွေ ကောရှိနေတော့ မင်းမြင်လိုက်တာနဲ့ သိမှာပါ။

ဟုတ်ကဲ့ ကျွန်တော် အခုထွက်လာမယ်

မင်းက ဘယ်လိုပုံစံလဲ

T Shirt အ၀ါရောင် ဘောင်းဘီရှည်နဲ့ ဘေးလွယ်အိတ် အစိမ်းရောင်ကို လွယ်ထားတယ်

ကျွန်တော် Taxi ပေါ်ရောက်မှ စဉ်းစားမိသည်။ စောစောက ဖုန်းကိုင်တဲ့လူသည် ကျော်ကျော်လတ် အစစ်ဟုတ်ပါ့မလား။ သူပြောတဲ့ ပုံအရဆိုပါက သံသယဖြစ်စရာ များစွာရှိသည်။ ပိုက်ဆံအိတ် ပျောက်နေသူတစ်ယောက် ပိုက်ဆံအိတ်ကို ပြန်ရတော့မည်လို့ သိလိုက်ရချိန်မှာ မည်သူမျှ ၀မ်းမသာပဲ နေလိမ့်မည်မဟုတ်။ သူ့ အသံက ၀မ်းသာပုံမရ ပိုက်ဆံပေးမှာ ထားတဲ့ကုန်ပစ္စည်းတစ်ခုကို နေရာရောက်အောင် ပို့ခိုင်းနေသည်ထက် သူလေသံက ပိုမထူး။ နောက်တစ်ချက်က ပိုက်ဆံအိတ် ပိုင်ရှင်ဖြစ်ပါက ကိုယ့်ပိုက်ဆံအိတ် ထဲမှာ ဘယ်လောက်ရှိသည်ကို သိရမည်။ ဒီတော့ ဖုန်းကိုင်သူသည် ပိုက်ဆံအိတ် ပိုင်ရှင် မဖြစ်နိုင်။ ဒါဆိုရင် ဘာဆက်လုပ်ရမလဲ။

ကားလိုင်စင် ပါတာပဲ ဘယ်သူပဲ ဖြစ်ဖြစ် ကိုယ့်မှတ်ပုံတင်နံပါတ်တော့ အလွတ် ရတတ်ကြသည်။ ကျော်ကျော်လတ် အစစ်အမှန်ဆိုရင် ကားလိုင်စင်ထဲက မှတ်ပုံတင်နံမှတ်ကို အလွတ်ရရမည် ။ ကျွန်တော် ဆုံဖြစ်ချက်ချလိုက်သည် မှတ်ပုံတင်နံပါတ်ကို အလွတ်မရွှတ်ပြနိုင်ပါက ပိုက်ဆံအိတ်ကို ပြန်ယူလာမည်။

ပုစွန်တောင် ဈေးအရှေ့ ရောက်ပါပြီ။ ကျွန်တော် Taxi ခပေးပြီး ကားပေါ်က ဆင်ခဲ့သည်။ စောစောက တယ်လီဖုန်းထဲတွင် ပြောသော ကောင်မလေး များနှင့် လူအုပ်ကို မတွေ့။ ကျွန်တော်က သူတို့ကို မတွေ့ရင်တောင် ကျွန်တော့ကို သူတို့မြင်နိုင်အောင် ခေါက်တုံ့ခေါက်ပြန် ဈေးအရှေ့မှာ လျှောက်ပြနေသည်။ ငါးမိနစ်ခန့် ကြာသွားပြီ အခြေအနေက ထူးမလာ။ ဒီတော့ ကျွန်တော် ဖုန်းပြန်ဆက်ကြည့်သည်။

ကျော်ကျော်လတ် ဟုတ်ပါသလား

ဟုတ်ပါတယ်

တဘက်ပြောသည့် အသံက စောစောက အသံနှင့် လုံးဝမတူသည်ကို ကျွန်တော်သတိထား လိုက်မိသည်။ ဒီလိုဆိုရင်တော့ အခြေအနေက ကျွန်တော် ထင်တာထက် ပိုရှုပ်ထွေးနေပြီ ဆိုတာကို ကျွန်တော်သိလိုက်ပြီ။ သို့ပေမယ့် ဟန်မပျက် စကားဆက်ပြောလိုက်သည်။

ကျွန်တော် ပုစွန်တောင် ဈေးအရှေ့ ရောက်နေပြီ

ဗျာ

တစ်ဘက်က ဖုန်းပြောသည့် လူတုန်လုပ်သွား သည်

ခင်ဗျားပဲ ခင်ဗျား ပိုက်ဆံအိတ်ကို ပုစွန်တောင် ဈေးအရှေ့မှာလာပေးဆို

ပိုက်ဆံအိတ် တကယ်လား၊

တစ်ဘက်လူ ၀မ်းသာအားနှင့်အော်လိုက်သည်။ ပြီးမှ ငိုသံနှင့်ဆက်ပြောသည်။

မနောက်ပါနဲ့ဗျာ၊ ကျွန်တော့ကို ဖမ်းဦးမလို့လား

မနောက်ပါဘူဗျာ ကျွန်တော့ဆီမှာ ခင်ဗျားရဲ့ပိုက်ဆံ အိတ်ရထားလို့ ခင်ဗျာကို လိုက်ရှာနေတာ

အစ်ကို အစ်ကိုက ကျွန်တော့ဖမ်းမဲ့ လူတွေတော့ မဟုတ်ပါနော်

ကျွန်တော့ကို မ၀ံ့မရဲနှင့်ပြန်မေးသည်။ ပြီးတော့ သူဆက်ငိုနေသည်။

မဟုတ်ပါဘူးဗျာ တကယ်ပါ။ ဒီမှာ ခင်ဗျားရဲ့ ကားလိုင်စင်တောင် ပါသေးတယ်။

သူကျွန်တော့ အပေါ်မှာ ယုံကြည်စိတ်ချသွား အောင် ပိုက်ဆံအိတ်အတွင်း ကားလိုင်စင်ပါကြောင်း ပြောပြလိုက်သည်။ တစ်ဆက်တည်းမှာဘဲ သုကို ကျော်ကျော်လတ် အစစ် ဟုတ်မဟုတ် သိရအောင် သူ့မှတ်ပုံတင်နံပါတ်ကို ရွှတ်ပြရန် တောင်းဆိုလိုက်သည်။

ဝမ်းသာလိုက်တာဗျာ

သူငိုသံကြီးနဲ့ ပြောပြီးဆက်ငိုနေသည်။ ငိုနေသည့်အရှိန်ကြောင့် မှတ်ပုံတင်နံပါတ်ကို မရွှတ်ပြနိုင်အောင်ရှိနေသည်။ တော်တော်လေးငို ပြီးမှာ သူမှတ်ပုံတင်နံပါတ်ကို ရွှတ်ပြသည်။ ပြီတော့ ကျွန်တော်ရှိနေသည့် ပုစွန်တောင်ဈေး အရှေ့ကို လာခဲ့မည့်အကြောင်း ပြောပြီးဖုန်းချသွားသည်။ ဖုန်းချသည် အထိသူငိုသံက မတိတ်သေး။ ပါးစပ်မှလည်း အယောင်ဆောင်တွေ ယောင်ဆောင်တွေ ဟု တတွတ်တွတ် ပြေသွားသေးသည်။ ဘာကို အယောင်ဆောင်တာလဲ ကျွန်တော်နားလည်။ သူ့ယောင်ကို ဆောင်တာကို ဆိုလိုချင်တာလား။ ကိစ္စမရှိ သူလာမှပဲ မေးတော့မည်။

ခဏလောက်ကြာတော့ Taxi တစ်စီးရောက်လာသည်။ ကားထဲမှာပါလာသူ ကတော့ စောစောပြေးသည့်လူ။ မျက်နှာတစ်ခုလုံး ဖုရောင်နေသည်။ နုတ်ခမ်းက ကွဲထွက်ပြီး သွေးများစီးကျနေသည်။ သူက ဆင်းမလာ ကားပေါ်ကနေ ကျွန်တော့ကို လှမ်းခေါ်သည်။ ကျွန်တော်က သူ့ကိုပိုက် ဆံအိတ်ပေးလိုက်တော့ သူလှမ်းယူသည်။ ပိုက်ဆံ အိတ်လှမ်းယူသော သူလက်မှာ သွေးများနှင့် နီရဲနေသည်။ ကြည့်ရတာ လက်မှာလည်း ဒဏ်ရာ ရထားပုံပေါ်သည်။ ကျေးဇူးတင်ကြောင်း ငိုရင်းနှင့် တစ်ဖွဖွပြောသည်။ ပြီးတော့ ကျွန်တော့ကို ဘယ်ပြန်မှာလည်းလို့ မေးသည်။ ကျွန်တော်က မြို့ထဲပြန်မည့် အကြောင် ပြောတော့ လမ်းကြုံသည်လိုက်ခဲ့ပါဟု သူကခေါ်သည်။ ကျွန်တော်လည်း သူဘယ်လို ဖြစ်တယ်ဆိုတာ အကြောင်းစုံ သိချင်တာကြောင့် ကားပေါ်အတူလိုက်ခဲ့သည်။

ကားပေါ်ရောက်တော့ ၀မ်းနည်းသံနှင့် သူရှိုက်ရှိုက်ပြီးငိုနေသည်။ အယောင်ဆောင်တွေ၊ သူတွင် တမိသားစုလုံးမှာ မှအဖွားတစ်ယောက်သာရှိပြီး အဖွားဖြစ်သူမှာ ယခုဆေးရုံတက်နေရသည်။ ဆိုတာလောက် ကလွဲပြီး ပိုပြောနိုင်ခဲ့။ ရှိစေတော့ သူဝမ်းနည်းပြီးငိုနေတာပဲ ကျွန်တော်လည်း ဆက်မမေးတော့ပေ ဆိပ်ကမ်းသာ လမ်းထိပ်ရောက်တော့ ကားရပ်ခိုင်းပြီး ကျွန်တော်ဆင်းခဲ့သည်။ သူကကျွန်တော်သွားခါနီးမှာ ကျေးဇူးတင်ပါ ကြောင်းနှင့် ကျေးဇူးဆပ်ရန် နာမည်နှင့်ဖုန်းနံပါတ် ပေးခဲ့ပါရန် တောင်းဆိုသည်။ ကျွန်တော် ဖုန်းနံပါတ်ပေးပြီး ပြန်လာခဲ့သည်။ ပြန်လာခဲ့ပေမယ့် ကျော်ကျော်လတ် တွေ့ကြုံခဲ့သည့် အဖြစ်ကို ကျွန်တော်သိချင် စိတ်ကပျင်းပြနေသည်။

ညပိုင်းရောက်တော့ သူကျွန်တော့ဆီကို ဖုန်းဆက်သည်။ ၃၉ လမ်းမှာ ရောက်နေပါကြောင်း နှင့် ကျေးဇူးတင်စကား အေးအေးဆေးဆေးပြောရန် လှမ်းခေါ်သည်။ ကျွန်တော်က သူနှင့်လည်း မရင်းနှီးသလို သူဘာဖြစ်ထားမှန်းလဲ ကျွန်တော်မသိသေး၊ အကယ်၍ ဆင်းသွားရင် . . . ။ ကျွန်တော် စဉ်းစားကြည့်ပြီး စာမေးပွဲရှိလို့ မဆင်းတော့ ဘူးလို့သူ့ကို လိမ်ပြောလိုက်သည်။ သို့သော် သူ ဘာဖြစ်ခဲ့တာလဲဆိုတာကို လည်းသိချင်သည်။ ထို့ကြောင့် သူအကြာင်းကို ဖုန်းထဲကပဲ မေးလိုက်တော့သည်။

သူပြောပြတဲ့ သူ့အကြောင်းက စိတ်ဝင်စားဖို့ ကောင်းပါသည်။ သူပြောတဲ့ သူ့အကြောင်းမှာ သတိထား ဆင်ခြင်စရာတွေ၊ ဆန်းကျယ်တဲ့ ကံကြမ္မာတွေ၊ ၀မ်းနည်းကြောက်လန့် စရာတွေကို ကျွန်တော်ခံစားသိရှိလိုက်ရသည်

ကျော်ကျော်လတ်ပြောတဲ့ သူ၏အဖြစ် အပျက်

ဆန္ဒရှိလျှင် ဆက်ရေးပါမည်

No comments: