Art is My Life: တစ္ဆေခြောက်ခြင်း

Thursday, February 01, 2007

တစ္ဆေခြောက်ခြင်း

မြန်မာပြည်မှာ သရဲ တစ္ဆော စာအုပ် ဗီဒီယိုတွေ ခောတ်စားနေတုန်း ကိုယ့်တွေ့ ဖြစ်ရပ် မှန်အတွေ့ကြုံလေးကို ဖောက်သည်ချလိုက်တယ်

မိတ်ဆွေ ခင်ဗျားဘ၀မှာ တစ္ဆေခြောက်တာကို ကြုံတွေ့ဖူးလား၊ ကြုံတွေဖူးခဲ့ရင် ခင်ဗျားတော်တော် ကြောက်သွားလား တစ္ဆေတစ်ကောင်နဲ့ မျက်နှာချင်းဆိုင်နေတုန်းမှာ ခင်ဗျားဘာတွေလုပ်ခဲ့လဲ။
ဒါမမဟုတ်ရင် တစ္ဆေဆိုတာ ကိုမတွေ့ဘူးသေးရင်၊ တစ္ဆဆိုတာကို အပြင်မှာ မရှိဘူးလို့ တစ်ထစ်ချ ယုံကြည် ထားတယ်ဆိုရင် . . . .
တကယ်လို့များ ခင်ဗျားနဲ့ တစ္ဆေ အပြင်မှာ တွေ့ခဲ့ရင် ခင်ဗျားဘာလုပ်မလဲ ….. .

အဲဒီအချိန်တုန်းက ကျွန်တော် ရန်ကုန်ကို မရောက်သေးဘူး၊ မှတ်မှတ်ရရ ပြောရရင် ဆယ်တန်း အောင်တဲ့နှစ်က ပေါ့ဗျာ။ အသက်က ၁၇ နှစ်ကျော်ကျော်။ တစ္ဆေဆိုတာကို လုံးဝမယုံဘူးဗျ။ ကိုယ့်ကိုယ်လဲ ဗိုလ်သင်တန်း လျှောက်ပြီး စစ်တိုက်မဲ့ အနာဂတ်ရဲ့ သူရဲကောင်းကြီး တစ်ယောက်လို့ ခံယူထားတယ်။ အဲလို လူငယ်ပီပီ တက်ကြွတဲ့ စိတ်ဓာတ်နဲ့ နီရဲနေတဲ့ သတ္တိသွေးတွေက သစ္ဆေတစ်ကောင် နဲ့ ပက်ပင်းတိုးမိချိန်မှာ တော့ . . . .

ဟဲ့ကောင်လေး နေစောင်းနေပြီ မပြန်နဲ့တော့ ဒီမှာညအိပ်

အဖွားကလဲ ရပါတယ်၊ ကျွန်တော် မကြောက်တတ်ပါဘူး၊ ဒီလမ်းလောက်က တော့အေးဆေးပါ

ကျွန်တော့ အဖွားရဲ့ ညီမ အဖွားလေး မိစီ ကျွန်တော့ ကိုအတန်တန်တား နေတဲ့ကြားက ဇွတ်ထွက် လာခဲ့တယ်။ အချိန်က နေ၀င်ရိုးရီ။ ကျွန်တော့် အိမ်က မြို့ထဲမှာ။ အခုရောက်နေတာက ကျွန်တော့ အဖေရဲ့ ဇာတိရွာလေး။ မြို့နဲ့ ဆိုရင် နှစ်နာရီ လောက်စက်ဘီး စီးရတယ်။ လမ်းမှာက သုသန် သုံးခုကိုဖြတ်ရတယ်။ တစ်ခုက ကျွန်တော်တို့ ကြို့ခုံရွာရဲ့ သုသန်၊ တစ်ခုက ဇီးခုံသုသန်၊ နောက်ဆုံးတစ်ခုက မြို့အ၀င်က မြို့သုသန်။ န.၀.တ ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီးစောမောင် ရဲ့မိခင် အုပ်ဂူရှိတယ် ဆိုတဲ့ သင်္ချီုင်းပေါ့။ အဲဒီအထဲမှာ နာမည်ကြီးဆုံး သုသန်ကတော့ ဇီးခုံသုသန်။ ကျွန်တော် ကြားဖူး ထားသလောက် ပြန်ပြောပြရရင် နံနက် ဝေလီဝေလင်းမှာ ငါးသွားရောင်းတဲ့ ရွာတောင် ပိုင်းက ဒေါ်ခင်စန်း ကိုခဏရပ် ခိုင်းပြီး ငါးတွေ လက်နဲ့နိုက်စား တာတို့ ။ နွားလည်းတွေ အရှေ့မှာ လက်ကြီးနဲ့ ထွက်ထွက်တားတာ တို့။ နွားလည်းလမ်း မကြီးပေါ်မှာ နောက်ကြော ပေးပြီးကွမ်းအစ်ကြီး တစ်လုံးနဲ့ ကွမ်းထိုင် ယာနေတာတို့။ အဲလိုနည်းမျိုး စုံနဲ့ ခြောက်လှန့် တတ်တယ်ဆိုပဲ။
ဒါပေမယ့် ဒီသုသန်ရဲ့ သတင်းတွေက ငြိမ်ချက်သား ကောင်းနေတာ ကြာပြီ။ ကျွန်တော် သုံးတန်းနှစ်လောက် က တစ်ခြားတစ်နယ်က သားမက်တက် လိုက်လာတဲ့ ရွာလူကြီးရဲ့ သမက်ကို ခြောက်လို့ ၊ ရွာလူကြီးက သုသန် တစ်ကုန်းကို ငွေနှစ်ရာပေးပြီး သစ်ပင်မှန်သမျှ အကုန်သတ်ခိုင်းလိုက်တာ၊ အဲနောက်ပိုင်း သုသန်နှစ်ခုလုံး(မြို့ အ၀င်က သုသန်မပါ) ပြောင်သလင်း ခါသွားပြီး ချုံပင်တောင် မပေါက်နိုင်တော့ဘူး။
အခုကို တော်တော်လေး မှောင်နေပြီ၊ ကျွန်တော်က အခုမှ ရွာကထွက်ခါ စပဲရှိသေးတာ။ လဆုတ်ရက်လည်း ဖြစ်ပြန်ဆိုတော့ အလင်းရောင်က မုံတိမုံဝါးနဲ့။ နောက်ထပ် ၁၅ မိနစ်လောက် စက်ဘီးစီးလိုက်ရင် ကြို့ခုံ သုသန်ကို ရောက်ပြီ။ သုသန်ရှေ့ကိုရောက်တာနဲ့ ဘာမှမမြင်ရသလောက် နီးနီးမှောင်မှာနဲ့ ကွက်တိလောက်ပဲ။ ကြို့ခုံသုသန် နဲ့ ဇီးခုံသုသန်က ဘေးချင်းကပ်လျှက် အလယ်မှာ လှည်းလမ်းလေး တစ်ခုပဲခြားတယ်။ သူတို့နှစ်ခုက ဆက်သလောက် နီးနီးကပ်နေပေမယ့် ခြောက်တယ်လို့ နာမည်ထွက်တာက ဇီးခုံဘက်အခြမ်းက ကြို့ခုံဘက် အခြမ်းကတော့ ကျွန်တော့ တစ်သက်နဲ့ တစ်ကိုယ် ခြောက်တယ်လို့ မကြားမိသေးဘူး။
ဟောပြောရင်းဆိုရင်း သုသန်နားလေးတောင် ရောက်လာပြီ။ သွားနေကြ လာနေကြ လူမို့သာ ဒီလမ်းတွေကို အလွတ်ရနေလို့ ။ အလင်းရောင် မရှိ ဓာတ်မီးမရှိပဲ သွားနေကြမဟုတ်ရင် သွားလို့ရမှာမဟုတ်ဘူး။ လမ်းကတော်တော် မှောင်နေပြီ။ အမှောင်ထဲမှာ အကြောင်းတစ်ခုခုကြောင့် စက်ဘီးလဲသွားရင် သုသန်အရှေ့မှာ ဆိုတော့ မကောင်းဘူး။ ဖုတ်ဝင်တို့ ဘာတို့ဖြစ်တတ်တယ်။ ဘာပဲဖြစ်ဖြစ် သုသန်အရှေ့မှာ တော့စက်ဘီးကို ဆင်းတွန်းမှပဲ။
တောင်လေတိုးသံက နားထဲမှာ တရှီးရှီးနဲ့ကြားနေရတယ်။ လေတိုးလိုက်တိုင်း ရိမ်းနွဲ့နေတဲ့ လမ်းဘေးက မျက်ရိုင်းပင် ကြီးတွေရဲ့ အရိပ်က အမှောင် ထဲမှာပြေး တမ်းလိုက်တမ်း ကစားနေကြတဲ့ လူတွေလိုလို။ ဘာလိုလို။ အဲဒီလူတစ်ရပ် စာလောက် မျက်ရိုင်းပင် ကြီးတွေကိုကြည့်ရင်ွးက တစ်ချက် တစ်ချက် ကြောချမ်းချမ်းသွားတယ်။ နှစ်ဖာလုံလောက် အကွာကရထား တစ်စီးခုတ်မောင်းနေတာကို မြင်နေရတယ်။ နီးတာဝေတာ အသာထား ရထားလေးကို မြင်လိုက်တော့ နည်းနည်းတော့ အားရှိလာသလိုပဲ။ ရထားကလည်း တစ်ဖြေးဖြေးချင်း ဝေသွားပြီ။ ကျွန်တော် တွန်းနေတဲ့ စက်ဘီးကလည်း ကြို့ခုံ သုသန် ကိုလွန်လို့ သုသန်နှစ်ခုကြားက လှည်းလမ်းကိုတောင် ကျော်စပြုပြီ။ စိတ်ကသိလိုက်ပြီ ဇီးကုန်သုသန် ရှေ့ကို စရောက်နေပါပြီလား။
ပတ်ဝန်းကျင် အသံကတိတ်ဆိတ်နေတယ်။ ပျောက်ကွယ်သွားတော့မယ့် ရထားလေးးကို ကြည့်ရင်း အားငယ်သ လိုလိုပဲ။ ဒီလောက် ကတော့ Small လေးပါ တစ်ချိန်ကြရင် လူသေအလောင်း တွေကြားမှာ သေနတ်တစ်လက် နဲ့ ပြေးလွှား နေရဦးမှာပဲ။ ဘာကြောက်စရာ ရှိလို့လဲ။ ကိုယ်ဘာသာကို သာအားပေး နေရတယ် စိတ်ကတော့ သိပ်မဟန်လှ။
ဇီးခုံသုသန် လွန်ခါးနီးရောက်ပြီ။ ဟာ . . . .
စက်ဘီးကို ဆက်တွန်းလို့ မရတော့ဘူး။ သေချာပြီ စက်ဘီးကို အနောက် ကတစ်စုံ တစ်ယောက် ဆွဲထားပြီ။ ဟေ့ဘယ် ကောင်လဲကွ ငါ့စက်ဘီးကိုဆွဲတာ။ကျွန်တော် အော်ပြောနေ ပေမယ့် ထူးခြားမလာ။ ဟေ့ကောင် သောက်ရူးတွေ ကြောက်မယ်များ ထင်နေကြလား။ ပြောရင်းဆိုရင် ကျွန်တော် နောက်ပေါက်နဲ့ နွားကန်လှမ်းကန် လိုက်တယ်။ ဘာကိုမျှမကန်မိ။ ချွေးစေးတွေ ထွက်လာပြီ။ ကြက်သိမ်းတွေလဲ ထလာပြီ။ ဟေ့ကောာင် ငါနှစ်ခါ ထပ်ပြောချင် ဘူးနော်။ ဟန်လုပ် ၍သာပြောလိုက်ရသည် စကားလုံးတွေက အမြီးအငှောက် မတည့်။ လူကလည်းပြတ် လိုက်တာလွန်ရော။ နွားလှည်း ဒါမှမဟုတ် တစ်ခုခု ရောက်လာပါ စေလို့သာ ဆုတောင်းပါတယ်။ သို့သော် မည်သူမှရောက်မလာ။ စက်ဘီးကို အားအားနည်းနည်း ထည့်တွန်းကြည့်တယ်။ နည်းနည်းလေးမှ မရွှေ့။ နောက်ကိုဆုတ် ကြည့်လိုက်တယ်။ ဟာရတယ် နောက်နည်း ဆုပ်လို့ရတယ်။ ဒါဆိုရင် ဟာ …………. ရှေ့မှာ။ မည်းမည်းကြီး။ ကျွန်တော်ဆက် မတွေးရဲတော့ဘူး။ နဖူးတွေ့ ဒူတွေ့ ကြုံတော့ အရင်က သတ္တိတွေ ရဲရဲနီနေတာ တွေဘယ်ရောက် ကုန်ပြီလဲမသိဘူး။ ဟေ့လူ အရှေ့ကဖယ်နော် ကျုပ်က ကြောက်တတ် တဲ့လူမဟုတ်ဘူး။ ပြောရင်းဆိုရင်း စက်ဘီးကို အားစိုက် ပြီးတွန်းနေတယ်။ ဖိန့်ဖိန့်နဲ့ တာလျှောက် အော်နေတာ အသံတွေက လဲပြာပြီး ဆို့နင့်နေပြီ။ အိမ်မက်များ မက်နေတာလား။ လည်းချောင်တွေ လည်း ခြောက်ကပ်လာပြီ။ နောက်ပြန် လည့်ပြေးရင် ကောင်းမလား။
အခုမှတော့ မထူးတော့ ပါဘူး။ ယောကျာင်္းကွ။ ကျွန်တော် နောက်ကို နည်းနည်းဆုပ် ရှိန်ယူပြီး အားနဲ့ ပြေးဝင်တိုက် လိုက်သည်။ ဒုန်း . . . .
တိုက်မိသွားပြီ။ စက်ဘီးလက် ကိုင်ကိုထိမ်း ထားတဲ့ ကျွန်တော့ ရဲ့ လက်တွေ လေထဲကို မြောက်တက်သွားပြီ။ အရှိန်ကြောင့် ကျွန်တော်လည်း ရှေ့ကို ဟတ်ထိုး လဲကျသွားတယ်။ တစ်ခြားနေရာ မှာလဲကျသလို ပဲလေးနဲ့ ဇိမ်ယူနေလို့ မဖြစ်။ တစ္ဆေက လည်းပင်းလာ ညစ်သွားနိုင်တယ်။ လုံးတာခြင်း အတူတူကိုယ်က အပေါ်က ဖြစ်အောင် ချက်ခြင်းထလိုက်တယ်။ ပြီးတော့ စောစော တစ္ဆကို လိုက်ရှာတယ်။ အမှေင်ထဲမှာ ဘာမှမြင်ရ။ ကျွန်တော် လက်သီးနှစ် ဘက်ကို ကျစ်ကျစ်ပါ အောင်ဆုပ်။ တဆတ်ဆတ်တုန်နေတဲ့ ခြေထောက်တွေကို ဟန်ချက်ပါပါထိမ်းပြီး တစ္ဆေကို ရင်ဆိုင်ဖို့ အသင့်ပြင်ထားတယ်။
ဟော့ကောင် ဘယ်မှာလဲ ထွက်ခဲ့။ ကျွန်တော် နှပ်ညစ်ရင်း အော်ပြောလိုက်တယ်။ ဘာသံမှလည်း မကြားရတော့။ ဟေ့ကောင် ပြောနေတယ် လေကွာ။ အဲလောက်မှ သတ္တိမရှိ ရင်လုံချည် သာဝတ်ထား။ ကျွန်တော် သွေးပူသွားပြီ ဘာကိုမှ မကြောက်တော့။ ထွက်လာတဲ့ အရာမှန်သမျှကို ရင်ဆိုင်ရန် အဆင်သင့် ဖြစ်နေပြီ။ ဟေ့ကောင်ထွက်ခဲ့ ။ အနောက်ကိုများ ရောက်နေတာလား။ အနောက်ကို လည့်ကြည့်တော့၊ ဘာမျှမရှိ။ ဘေးပတ်လည်လည့် ကြည့်ပြန်တယ်။ ဘာကိုမှမတွေ့ ရ။
၅ မိနစ်ခန့် ကြာသွားပြီ။ အခြေနေက ဘာမှထူးမလာ။ ကျွန်တော် လဲနေသော စက်ဘီးကို အမှောင်ထဲမှာ ပြန်ရှာ လိုက်တယ်။ တွေ့ ပြီစက်ဘီး။ ကျွန်တော်စက်ကို ကောက်ထောင်လိုက်တယ်။ စိတ်ထဲမှာက အခဲလုံးဝမကျေ။ သုသန်ဘက်သို့ လည့်ပြီးကျွန်တော် ကြားဖူးထားသော ဆဲနည်းမျိုးစုံနဲ့ ဆဲပြီး အိမ်ပြန်လာခဲ့တယ်။
အိမ်ပြန်ရောက်တော့ ညကိုးနာရီ ကျော်နေပြီ။ ကျွန်တော် စိတ်မှာလုံးဝ အခဲမကြေ။ မေ့ဆီက ဓာတ်မီးတောင်းပြီး နံရံမှာ ချိတ်ထားတဲ့ ငှက်ကြီးတောင် ဓားကိုဆွဲယူလိုက်တယ်။ အမေက ပြာပြာသလဲ မေးတယ်။ကျွန်တော်လည်း အကြောင်း စုံရှင်းပြလိုက်တယ်။ ကျွန်တော့ပြောသံ ကိုကြားလို့ အဖွားက ပုရိတ်ရေ ပုလင်းလေးကိုင်ပြီး ဆင်းလာပြီ။ ကျွန်တော့ကို အားလုံးက ဆက်သွားခွင့်မပေး။ ရှိစေတော့။ ကျွန်တော် အဲဒီညက လုံးဝအိပ်မပျာ်ပါ။
မနက်ရောက်ပြီ။ ကျွန်တော်ညက ဖြစ်ခဲ့သည့် နေရာကို ထွက်လာခဲ့တယ်။ ညကလို တစ်ယောက် ထည်းမဟုတ်။ ကျွန်တော့ ညီက ပုရိတ်ရေ၊ ပုရိတ်သဲ တွေပါလာသလို ကျွန်တော့ လက်မှာက ငှက်ကြီးတောင် ဓားနဲ့။ ဘေးအိမ်းနားက အိမ်နီးနား ချင်းတချို့နှင့် သူငယ်ချင်းတွေလည်း လိုက်လာကြတယ်။ ဖြစ်နိုင်ရင် အဲဒီသုသန်ကို မြေထိုးစက်နဲ့ စိစ်ညှက်ညှက် ကြေအောင် ထိုးလှန်ံလိုက် ချင်သည်။
ကျွန်တော် အခင်းဖြစ်ခဲ့ တဲ့နေရာရောက်တော့။ တွေ့ပါပြီ ကျွန်တော် လဲကျထားသော နေရာ။ စက်ဘီး လဲထားတဲ့နေရာ။ ရှုပ်ပွနေသော ခြေရာများ နှင့် သိပ်မဝေးသော နေရာလေးမှာတော့ အနားပဲ့ပြီး အမြင့်တစ်ထွာ ခန့်ရှိတဲ့ သစ်ငုတ်တိုလေးတစ်ခု။ သေချာကြည့်လိုက်တော့ ပဲ့နေတဲ့ အနားလေးက လောလောလတ်လတ် တစ်စုံတစ်ခု ၀င်တိုက်ခံသွား ရသလို လတ်လတ်ဆတ်ဆတ်ပင် . . .

No comments: