Art is My Life: အော်သံ

Wednesday, March 28, 2007

အော်သံ

ညနေ အလုပ် ဆင်းပြီ ဆိုတာနဲ့ အင်တာနက်ပေါ် တက်ဖြစ် ပါတယ်။ အင်တာနက်ပေါ် ရောက်တာနဲ့ ဖိုရမ်မှာ ဘယ်သူတွေ ၀င်ရေး သွားသေးလဲ။ ငါ့ကို ဘယ်သူတွေ မေးလ်ပို့ထားသလဲ။ ဂျီတော့ခ်မှာ ဘယ်သူတွေ ရှိနေသလဲ။ အစရှိသဖြင့် သိချင် စိတ်ပေါင်း များစွာဖြင့် တစ်ခုပြီး တစ်ခု ဖွင့်ဖြစ်ပါတယ်။ အဲလိုဖွင့်နေတုန်း ဂျီတော့ခ်မှာ ကိုရန်အောင်ကြီးကို တွေ့လိုက် ပါရော။ အိုကေ ဒီလူနဲ့ တော်ကီ ပွားရမယ်ဆိုပြီး ကလစ်ခေါက် လိုက်ပါတယ်။ ကျွန်တော်လုပ်နေတာကို ဘယ်အချိန် ကတည်းက ချောင်းကြည့် နေသလဲ မသိဘူး။ ကလစ် ခေါက်လိုက် တာနဲ့ အော်သံကြီး တစ်ခု ထွက်လာတယ်။ တီတီတဲ့။ အဲဒီအသံကို ကျွန်တော် အမုန်းဆုံးပဲ ယူပီအက်စ်ကအော်တဲ့အသံ။ သြော် လူဖြစ်ရတဲ့ ဒုက္ခ။

မဖြစ်ခြိမ့်ဘူး လုပ်စရာလေးတွေ ရှိသေးတယ်။ မီးဆိုတာက ဘယ်အချိန် ပြန်လာမယ်ဆိုတာ အီးပီစီက လူတွေတောင်မှ အသေချာမသိတာ။ ကျွန်တော်လို ခပ်ညံ့ညံ့ဘလော့ဂ်ကာ တစ်ကောင်က ဘယ်လို ခန့်မှန်း နိုင်မှာလဲ။ ဆိုက်ဘာကဖေးကို ပြေးလေမှ။ ဆိုင်ဘာကဖေး ရောက်တော့ မီစက်သံတွေက ဆူညံလို့။ လားလား အပြိုင်အဆိုင်ချက်နေကြတာတွေ အင်တိုက်အားတိုက်ပဲ။ ကျွန်တော် ပြုံးလိုက်မိပါသေးတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ငါတို့လဲ ဒီလိုပါပဲ :P။

ဆိုင်ကလူက ကွန်ပျူတာ လာဖွင့်ပေးတယ်။ မီးပျက် နေလို့ တစ်နာရီ ခြောက်ရာတဲ့ ပြောသွား လိုက်သေးတယ်။ မြန်မာပြည်မှာ သိတော်မူကြတဲ့ အတိုင်း အင်တာနက် ကွန်နက်ရှင်ကတော့ စပါယ်ရှယ်ပဲ။ ဂူဂဲလ်မေးလ် စာမျက်နှာကို ခေါ်နေတာနဲ့တင် ၁၅ မိနစ်ကြာ သွားပြီ။ လုံးဝကို မသုံးရသေးဘူးနော်။ ကျွန်တော့်ရဲ့ ၁၅ မိနစ်စာကတော့ အလားကားကုန် သွားပြီ။ အဲဒီ အချိန်မှာ မီးက ပြန်လာ ပါတယ်။ တော်ပြီ ပြန်တော့မယ်ပေါ့။ ကုန်သွားတဲ့ ၁၅ မိနှစ်စာက ဘယ်လောက်တန် လဲလို့သိချင်တာနဲ့ ကဖေးဇီးဆော့ဖ်ဝဲလေးကို မေးကြည့်လိုက်ပါတယ်။ ၃၀၀ ကျပ်တဲ့။ ဟိုက်ရှားပါး အခုမှသတိရတယ် ပိုက်ဆံ ပါလာဘူးဗျ။ သွားပါပြီ။

ကောင်တာမှာထိုင်နေတဲ့ ကောင်မလေးကို လှမ်းရှိုးလိုက်တော့ ချောချောလေး။ ငါကတော့ သောက်ရှက် ကွဲတော့မှာပဲ။ အရှက်ကတော့ အကွဲမခံဘူးဗျို့။ ဂျီတော့ခ်ပွင့်လာအောင်စောင့်ပြီး အွန်လိုင်းကသူငယ်ချင်း တွေကို အကူညီ လှမ်းတောင်းတော့မယ်။ အရေးထဲမှာ ဂျီတော့ခ်က ဖွင့်မရဘူး။ ကဖေးဇီးကို ကြည့်လိုက်တော့ ၄၅၀။ အကျိုးကတော့ နည်းတော့မှာပဲ။ ဟုတ်ပြီ။ ဒိန်းဆို ကျွန်တော့ခေါင်းထဲကို အကြံဝင်လာတယ်။ ကျွန်တော် အမ်အိုင်အာစီ ထဲ ၀င်လိုက်တယ်။ ပြီးတော့ ချက်ထဲက လူတွေကို လိုက်နှုတ်ဆက်တယ်။ တဟိုင်းဟိုင်း နဲ့ပေါ့ဗျာ။ စကားလေး နဲနဲပါးပါး အင်ထရိုဝင်ပြီး ကျွန်တော့အခက်ခဲကို ပြောပြတယ်။ သူတို့က ယုံကြည်ပုံမရဘူး။ မဟုတ်ပါဘူးကွာ။ မင်းတို့ကိုယ်တိုင် ငါ့ဆီကို လာစရာမလိုပါဘူးကွာ။ ငါပေးတဲ့ ဖုန်းနံပါတ် ကိုသာ ဆက်ပြီး ငါမှာတာလေး ပြောပေးဆိုတော့ ဆိုင်ဘာကဖေးမှာ ဖုန်းရှိတာပဲတဲ့။ သြော် ပြောရ လက်ပေါက်ကပ်တဲ့ လူတွေပဲ။ ကဖေးဇီးကိုကြည့်လိုက်တော့ ငါးရာတဲ့။ အဲ ဒီတိုင်းနေလို့ ကတော့ မဖြစ်တော့ဘူး။ တခုခုတော့ကြံမှပဲ။ ထွက်စမ်းဟဲ့ ဥာဏ်နီဥာဏ်နက်။

ကဖေးကဖုန်းနဲ့ သူငယ်ချင်း တစ်ယောက်ယောက်ကို ဖုန်းဆက်ခေါ်ရင်ကော။ အင်း....... ဖုန်းဆက်ခေါ်လို့မတွေ့ရင် တစ်ပူပေါ် နှစ်ပူဆင့် ဖုန်းဖိုးပါ အကြွေး ထပ်တင်မှဖြင့် မလွယ်သေးပါဘူး။ တခြားနည်းကော လုံးဝမရှိပါ။
ကျွန်တော် ဆိုင်းအောက် လုပ်လိုက်တာ့ ကျသင့်ငွေက ငါးရာ့ငါးဆယ်ကျပ်။ ကျွန်တော့်ခြေထောက်တွေက ကောင်တာဆီသို့...........
ကောင်တာက ခပ်ချောချောနဲ့ကောင်မလေးကိုကြည့်ပြီး ကျွန်တော် လေပူတစ်ချက်မှုတ်ထုတ်လိုက်တယ်။
ဖုန်းတစ်ကောလောက်ခေါ်လို့ရမလား..............
ရပါတယ်ရှင့်။
ကောာင်မလေးက ချိုချိုသာသာ ပြန်ပြောသည်။ အင်း ဒီလိုချိုသာပုံအရဆိုရင် ပိုက်ဆံ မပါဘူးလို့ပြောရင်လဲ အရှက် နည်းနည်း ကွဲရုံ ကလွဲလို့ အကြည်တော်ဝထ္တုထဲက ဘတ်စ်ကားစပါယ်ရာတွေလို ပိုက်ဆံမပါတာ လူသိရှင်ကြာဖြစ်အောင် အော် မပြော လောက်ပါဘူး။ အဲလိုအဲလို ကိုယ့်ကိုကို အားပေးရင်း...........
ဟလို မျိုးကြီး ရှိပါလား
ရုံးကပြန်မလာသေးဘူး။ ဘာပြောမှာ ထားမလဲသား။
ရတယ် အန်တီ ကျွန်တော် ဆက်တယ်ပဲ ပြောလိုက်ပါ။
သြော်သားလား အန်တီတို့ အိမ်ကို မလာတာကြာပြီပဲ။ နေကောင်းလားသား။
ဟုတ်ကဲ့
အန်တီတောင် မျိုးကြီးကို ပြောပြောနေတာ သားကို အိမ်အလည် ခေါ်လာပါဦးလို့။ ဟိုတခါ သားဆေးရုံတက်တုန်းက အန်တီလေ ကိုယ်တိုင်လာမလို့ပဲ။
အဲပိုက်ဆံမရှိပါဘူးဆိုကမှ လေကြောကရှည်ရော့မယ်
ဟုတ်.......
ဒါပေမယ့် သားရယ် သိတဲ့အတိုင်းပဲ ။ မျိုးကြီးဖေဖေကလဲ သင်္ဘော ပြန်တက်မှာ ဆိုတော့ အလုပ်တွေ ရှုပ်နေတာနဲ့
အန်တီ မရောက်ဖြစ်ဘူး သားရယ်။ လာမလို့ မေးလိုက်တော့ သားဆင်းသွားပြီတဲ့။ အားနာလိုက်တာ သားရယ်။
ရပါတယ် အန်တီရ။
အခုကော ဘယ်လိုလဲ ကျမ္မာရေးကိုဂရုစိုက်။ အေးကွယ် သားတို့က ရန်ကုန်မှာ တစ်ယောက်တည်းနေရတာဆိုတော့ အရေးအကြောင်းရှိရင် အန်တီတို့ကိုပြောပါ။ ဘာမှ အားမနာနဲ့နော်။
ဟုတ်ကဲ့ အန်တီ။
သြော် ပိုက်ဆံမပါဘူးဆိုကာမှ ဒုက္ခတွေ စပါယ်ရှယ် ဝေနေ ပါရောလားဟ။ မဖြစ်ချိမ့်ဘူး အန်တီရေ။ အန်တီ့စေတနာကို စော်ကား တာတော့ မဟုတ်ဘူး ပေါ့ဗျာ။ ပိုက်ဆံ မရှိတော့လဲ ဖုန်းခွက်ကို ချလိုက်ရတယ်။
ပြီးဆုံးသွားပြီ။ ကျန်တဲ့ သူငယ်ချင်း ဖုန်းတွေ ကျွန်တော် အလွတ်မရ။ မထူးတော့ ပါဘူးဗျာ။ အဲဒီနေရာမှာ မာနတွေကို ခ၀ါချပြီး အရှက်တွေကို မျိုဆို့လို့ ကြယ်ကြွေမဲ့ အပြုံးတွေနဲ့ ကျွန်တော်သည် ဟိုဘက်တိုက်မှာ နေပါကြောင်း ပိုက်ဆံပါ မလာပါကြောင်း ..... ........ ...........

ဝီး ...... မောလိုက်တာ
စကားမစပ် ကျွန်တော်နေတဲ့ နေရာက နတ်ပြည်ထက် မြင့်တယ်။ နတ်ပြည်က ခြောက်ထပ်ရှိတာ ကျွန်တော်နေတာက ခုနှစ်ထပ်မှာ :D ။ အဲလို နတ်ပြည်ထက်မြင့်တဲ့ လှေကား ၉၉ ထစ်ကို တက်ပြီး ကျွန်တော့ ကွန်ပျူတာရှေ့ကို ရောက်ပါတယ်။ အဖြစ်အပျက် အစုံအလင် မသိရှာလေသော ကွန်ပျူတာလေးက လေးတိလေးကန်နဲ့ ကျွန်တော့ကို နှုတ်ဆက်တယ်။ အင်း စောစောကဖြစ်ခဲ့တာ အိပ်မက်လေလား . . . ။ ပြန်စဉ်းစားနေတုန်း ကျွန်တော်ခေါ်ထားတဲ့ ဂျီးမေးလ် စာမျက်နှာလေး တက်လာပါပြီ။ ယူဇာနေရာမှာ နာမည်ရိုက် ပတ်စ်စ၀ပ်နေရာကို ကာဆာချလိုက်တော့ အော်သံရှည်ကြီး ကြားလိုက်ရပါတော့တယ်။ တီ................ တဲ့

2 comments:

Yan said...

ရေရေလည်လည် ရီရတယ်ဗျာ. ဘယ်လိုဘယ်လို ဖတ်လို့ပြီးသွားမှန်းတောင် မသိလိုက်ဘူး။
ကျွန်တော့်နာမည်က အဆစ်ပါလိုက်သေးတယ်။ ကောင်မလေးအကြောင်းရေးတဲ့ အချိန်ကစပြီး ကျွန်တော်နဲ့ စာအုပ်အကြောင်း ဆွေးနွေးဖြစ်တဲ့ အကြောင်းတွေကို မသိမသာ တမင်သက်သက် ချန်သွားတာ ကျွန်တော်သိပါတယ်။ ရပါတယ်. ရပါတယ်ဗျာ.

NOTHING said...

“ဟေး….”ဒါက မီးလာလို့ ပျော်တာ။ “ဟာ…” ဒါက သိတဲ့အတိုင်း။

There was an error in this gadget