Art is My Life: ဆုံဆည်းခွင့်

Monday, March 26, 2007

ဆုံဆည်းခွင့်


ကောာင်မလေးရေ ဆယ်နှစ်ကျော်ကျော် နေ့စဉ် မပျက် မှန်ကြည့်ဖြစ်ခဲ့ ပေမဲ့ ငါ့နဖူး ဆံစပ်က အမာရွှတ်ကလေးကို အမှတ်တမဲ့ပဲ။ ဒီနေ့တော့ အဲဒီအမှာ ရွှတ်လေးရ လာတာကို စဉ်းစားရင်း နင်ကို ပြန်ပြီး တသိရသွားတယ်။ ပြီးခဲ့တဲ့ အနှစ်နှစ်ဆယ် နီးပါးလောက်က ပေါ့။ အတွေးတွေ လည်းဟိုးအဝေးဆီ …. … ….

ဟိုးအဝေဆီကို လှမ်းမျှော်ကြည့်လိုက်ရင် တောင်တန်းတွေကို မြူတွေက အုပ်ဆိုင်းထားတုန်း နေရောင်ကို ကောင်းကောင်း မမြင်ရသေးဘူး။ ဆောင်းကုန်ခါနီးရဲ့ နံနက်ခင်းလေး တစ်ခုပေါ့ကွာ။ အိပ်ရာက နိုးတယ်ဆိုတာနဲ့ ငါနင်တို့ အိမ်ကို ဦးတည် လာခဲ့တယ်။ အဲဒီတုန်းက အခုလိုငါ အိပ်ရေး မပုတ်သေးပါဘူး။

အဲဒီတုန်းက ငါ့အသက်က၊ စကားပြောတတ်ပြီ။ လမ်းလျှောက်တတ်ပြီ။ ကျောင်းတော့ မနေသေးဘူး လို့ထင်တယ်။ ဘယ်နှစ်သား အရွယ်ဆိုတာတော့ ငါအတိအကျ မမှတ်မိတော့ဘူး။ နင်နဲ့ ငါနဲ့က သက်တူ ရွယ်တူ နင်တို့အိမ်နဲ့ ငါတို့အိပ်က မျက်စောင်းထိုးမှာ။ နင်မှတ်မိသေးလားတော့ မသိဘူး နင်နာမည် အိဖြူကို ငါ့အစ်မက အီးဖြူလို့ ခေါ်ရင် နင်ခေါင်းလေး ငုံ့ပြီး စပ်ဖြီးဖြီးလေးနဲ့ လုပ်ပြနေတဲ့ နင့်ကို ငါမျက်စိ ထဲမှာ ခုချိန်ထိ မြင်ယောင် နေတုန်း။ နင်ငါတို့ အိမ်ကို မနက် အစောကြီးရောက်လာရင် ငါ့အဖေက ဟာချွေးမကြီး လာပြီလို့ နင်ကိုကို စစ နေတတ်တယ်လေ။ အဲဒီတုန်းက ချွေးမဆိုတာ ဘာကိုပြောတာ လဲလို့ ငါ့အဖေကို ငါမေးခဲ့ မိသေးတယ်ဟ။

လူကြီးတွေ အ၀တ်လျှော်သွာတဲ့ နောက်လိုက်ရင်း နင်နဲ့ငါ ချောင်းကမ်းစပ် ကသဲပြင်လေးမှာ ရေတွင်း လေးတွေတူး ခြေထောက်ကို သဲထဲမြုတ် အပေါ်က လက်လေးနဲ့ ရိုက်ပြီး သဲအိပ်လေးတွေ ဆောက်နဲ့ ဆော့နေတုန်း ငါတို့ ဆောက်ထားတဲ့ သဲအိမ်လေးတွေကို နွားနင်းသွားလို့ နင်ငိုခဲ့သေးတယ်လေ။

နောက်တခါ ငိုတာက ငါ့အလည့်ပေါ့။ ငါတို့ အိမ်မှာ စိုက်ထားတဲ့ ၀က်မလွတ် ငှက်ပျောပင် ကပျောသီးကို နင်စားချင်တယ် ဆိုလို့ ကြက်သွန် လှီးတဲ့ ဓါးလေးနဲ့ ငါတို့ နှစ်ယောက် တစ်ယောက် တစ်လည့် စီခုတ်ခဲ့ ကြတာလေ။ ၀က်မလွတ် ငှက်ပျောခိုင်လေးက ငါတို့ အရပ်နဲ့ အနေတော်လေးနော် ။ လက်တွေ ညှောင်းလှပြီ ငှက်ပျောခိုင်က တော်တော်နဲ့ မပြတ်ဘူး။ ငှက်ပျောခိုင် သေးသေးလေးကို နင်နဲ့ ငါနှစ်ယောက်သား မနိုင်မနင်းနဲ့ မနေတုန်း ချောင်းထဲက အ၀တ်လျှော် ပြန်လာတဲ့ အမေက တွေ့သွားလို့ အရိုက် ခံလိုက် ရတယ်လေ။ ငါလည်း စပါးတိုက် ကိုပတ်ပြေး ပါသေးတယ်။ အခုလောက် အပြေးမသန်တော့ ရိုက်ခံလိုက်ရတာပေါ့။

နင်မသိလိုက်တာ တစ်ခုက နင်နဲ့စိတ်ဆိုးသွားရင် ငါမနေတတ်ဘူးဟ။ တစ်ခါက ဆိုရင် နင်စိတ်ဆိုးသွားလို့ အဲဒီညကတော်တော်နဲ့ မအိပ်ဘူး။ အိပ်ယာထဲမှာ ဟိုလိမ့်ဒီလိမ့် နဲ့ လူးနေတဲ့ ငါ့ကို ဘာဖြစ်လို့ မအိပ်တာလဲလို့ အဖွားက ယပ်ခပ်ပေးရင်း မေးတယ်။ ညနေက နင်ဘောင်းဘီထဲမှာ ရှုးပေါက်ချလို့ ငါကတုတ်နဲ့ နင့်ကိုရိုက်လိုက်မိတော့ နင့်ကငါ့ကို မပေါင်(ခေါ်)တော့ဘူး လို့ပြောသွားလို့ပါလို့ အဖွားကို ငါပြန်ပြောပြတယ်။ ဒီတော့ အဖွားက မဟုတ်ပါဘူး သားသားကို သူက ပေါင်(ခေါ်)မှာ ပါတဲ့ ဖွားဖွားကို လာပြောသွားတယ် လို့ပြော မှ ငါစိတ်ချ လက်ချ အိပ်ပျော်သွားတယ်။ ငါ့အဖွား အခုချိန်ထိ မသေ သေးပါဘူး နင်ကြုံရင် မေးကြည့်ပါ။ အခုချိန် ထိလဲ ငါ့ကို အဲဒီကိစ္စနဲ့ ပတ်သက်ပြီး စတုန်း။ ငါကို သုံးတန်းလေးတန်း တုန်းက အဲဒီအကြောင်းကို ပြောပြီးစရင် ငါအော် ငိုလိုက်တယ် ရှက်လို့ ။

နင်နဲ့ငါ ငယ်ငယ်လေးကတည်းက အခုချိန်ထိ အဲလိုသာ နေခွင့်ရဦးမယ်ဆိုရင် ငါတို့ တွေချစ်သူ ဖြစ်ခဲ့ကြမလား။ အရွယ်ရောက်တဲ့ အချိန်ထိ အတူ မနေခဲ့ရရင်တောင် စာရေးတတ် တဲ့အချိန်ရောက်မှ ကွဲကွာခဲ့ရင်နင်နဲ့ ငါစာချင်းဆက်သွယ် ဖြစ်ခဲ့ကြမှာပဲ။ နင်နဲ့ ငါခွဲခွာရတဲ့နေ့ ငါဒီနေ့ အထိမမေ့ပါဘူး ….. ….. …..

ရထားသံကြားရင် နင်နဲ့ ငါ အိမ်ထဲကနေ ပြေးထွက်ပြီး ရထားကြီးကို တာ့တာ တာ့တာ ဆိုပြီး လက်ပြခဲ့ကြတယ်လေ။ တချိန်က ပျှော်ရွှင်စွာ လက်ပြနုတ်ဆက် ခဲ့တဲ့ရထား ကြီးဘေးမှာ ငါ့တို့ နှစ်ယောက် မျက်ရည်တွေနဲ့ နုတ်ဆက်ခဲ့ ကြတယ်။ ငါအတင်း လိုက်ချင်တယ် ပြောလွန်းလို့ အမေတောင် မျက်ရည်တွေ ကျတယ်။ နင်မမေ့ သေးဘူး ဆိုရင် ဘူတာရုံထဲမှာ အော်ငိုနေတဲ့ ငါ့ရဲ့ ပြောင်နေတဲ့ ခေါင်းထိပ်က ပလာစတာ ကပ်လေးကို မှတ်မှိဦးမှာပါ။

ငါ့အမရဲ့ ချာလီထီးရိုးထဲက ပလပ်စတစ် အမြုတ်လုံးလေးတွေကို ဘော့လုံးလို့ ထင်တဲ့နင်က လိုချင်တယ်လို့ ပြောတယ်လေ။ ချာလီထီကို သနပ်ခါး ကျောက်ပြင်ပေါမှာ တင်ပြီး သနပ်ခါတုန်းနဲ့ ငါထုကွဲ လိုက်တယ်။ အသံကြားတော့ ငါ့အစ်မရောက်လာပြီး ငါ့ခေါင်းကို သနပ်ခါးတုန်းနဲ့ တေလိုက် တော့တာပေါ့။ ငါခေါင်းက စီးကျလာတဲ့ သွေးတွေ ကိုကြည့်ပြီး နင်ပါငါနဲ့ ရောငိုခဲ့တယ်။ သွေးတွေကို ကြောက်လို့ ငိုတာလား ငါ့ကို သနားလို့ ငိုတာ လားဆိုတာတော့ ငါလဲမပြောတတ်ဘူး။ သိပ်မကြာလိုက်ဘူး နင်တို့ မော်လမြိုင်ကို ပြောင်းသွားကြတယ်။ နင်ထွက်သွားတဲ့ နေ့က မေကငါ့ကို ပြောတယ် ပြန်လာမှာပါတဲ့။

နင်မရှိတဲ့ နောက်တစ်ရက် မနက်ဟာ ငါ့အတွက် ယောင်ချာချာကြီးပဲ။ နင်ပြန်လာမှာပါ လို့ အမေက ပြောထားတော့ နင်တို့ အိမ်ကို မိုးလင်းရင် လှမ်းလှမ်း ကြည့်မိတယ်။ ငါကတော့ ပြန်လာနိုး ပြန်လာနိုးနဲ့ စောင့်မျှော်နေခဲ့ ပေမယ့်နင် ဘယ်တော့မှ ပြန်မလာတော့ပါဘူး။

အချိန်နဲနဲ ကြာလာတော့ အလုံးပဲ မေ့မေ့ပျောက်ပျောက်နေ လိုက်ကြတယ်။ ငယ်ငယ်ကတော့ ၀ိုင်းစကြတာကိုရှက်လို့ နင့်မိဘတွေ အကြောင်းကို မေးချင်ပေမယ့် ငါမမေးဖြစ်ခဲ့ဘူး။ ငါနင့်ကို မေ့သွားပြီ လို့ထင်ထားပေမယ့် ဒီအမှာရွတ်လေး ဘာကြောင့်ရတာ ဘာလိမ့် လို့စဉ်းစာမိကာမှ နင့်အကြောင်းကို ပြန်သတိရလာတယ်။ ၀တ္ထုဇတ်လမ်း တွေထဲကလို နင်ငါ့တို့ နယ်ကို တစ်ခါပြန်လာပြီး ငါ့ကိုရှာ ဦးမလားလို့ တွေးလိုက် မိပါသေးတယ်။ နင်လဲ ငါ့တို့ နေခဲ့တဲ့ တောမြို့လေးကို ပြန်လာမရှာသလို ငါကိုတိုင်လဲ နင့်ကို မရှာဖြစ်သေးဘူး။ ဒါပေမယ့် တစ်နေ့မှာ ငါနင့်ကို တွေ့အောင် ရှာသွားမှာပါ။

နင်ရှိတဲ့ နေရာကို စုံစမ်းပြီး လာရှာမဲ့ ငါကို နင်ကိုတိုင်ရော မျှော်နေလေမလား . . . . . .

1 comment:

ဂျစ်တူး - gyit_tu said...

ဒါတကယ့်အဖြစ်အပျက်လား ။ အတော်ခံစားစရာပဲ ။ အဲဒီကောင်မလေးနဲ့ ပြန်ဆုံဆည်းနိုင်ပါစေလို့ ဆုတောင်းလိုက်တယ် ။

There was an error in this gadget