Art is My Life: နှင်းစက်များသို့ တမ်းတခြင်း

Sunday, July 08, 2007

နှင်းစက်များသို့ တမ်းတခြင်း

အိပ်ရာက နိုးထလာတဲ့ စာကလေးသံတွေ ကြားနေရပြီ။ နံနက်ခင်းသည် မိုးလင်းဖို့ နီးလာပြီ။ အိမ်ရှေ့ ၀ရံတာက ထွက်ပြီးလမ်းမကြီးကို ကြည့်လိုက်တော့ ခြောက်သွေ့ တိတ်ဆိတ်နေတုန်းပဲ။ အဝေးကို ကြည့်လိုက်တော့ မီးခိုးတလူလူနဲ့ မောင်းထွက်လို့ သွားတဲ့ လိုင်းကားလေး တစ်စီးကို မြင်ရသည်။

ညလုံးပေါက် အိပ်မပျော်တဲ့ ရက်တွေမှာ မိုးလင်းခါနီးတိုင်း စာကလေးအသံကို ကြားနေရမြဲဖြစ်သည်။ ကွန်ပျူတာအရှေ့မှာ ထိုင်နေရင်ပဲ ဖြစ်စေ၊ အိပ်ရာထဲမှာ ကွေးနေရင်ပဲ ဖြစ်စေ၊ မိုးလင်းဖို့ နီးလာရင်တော့ စီညံညံစီညံနဲ့ စာကလေး အသံတွေကို ကြားရသည်။

အခုလည်းကြည့် နံနက်လင်းခါနီးပြီးဆိုတော့ စာကလေးတွေရဲ့ စီညံစီညံ အသံကို ကြားနေရပြီ။ စာလေးအသံ ကြားလို့ မိုးလင်းတော့ မည်ဆိုတာကို သိသည်နှင့် မကြာခင်မှာ ထွက်လာတော့မည့် နေလုံးကြီးကို အိပ်ရှေ့ ၀ရံတာကနေ ကျွန်တော် လှမ်းမျှော်ကြည့် နေမိသည်။

မိုးရာသီ၏ နံနက်ခင်းကား မိုင်းပျပျ ရေခိုးရေငွေ့ များသာဖြစ်သည်။ မိုင်းပျပျ ရေးခိုးရေငွေ့တွေကို တိုက်ကြိုတိုက်ကြားမှ မြင်တွေ့နေရသည်။ ရန်ကုန်က တိုက်တွေ မလှလို့ပဲလားမသိ မိုင်းပျပျ ရေခိုးများ မြင်ကွင်းမှာ ခံစားလို့ မရပါ။ ထိုအခါ ယခင်က ခံစားခဲ့ဖူးသော မိုင်းပျပျ မြင်ကွင်းလေးကို သတိရလို့ သွားပါတော့သည်။

နံနက်ခင်းသည် မြူနှင်းတို့ နှင့် ပိန်းပိတ်မှောင် ကျနေသည်။ ညက ရွာသွန်း သောမိုးသည် ဒေသရာသီဥတု၏ အအေးဓာတ်ကြောင့် ရေခိုးရေငွေ့ တွေအဖြစ် ပြောင်းကုန်ကြသည်။ ရေခိုးများ ကျသည့်အခါ ပတ်ဝန်းကျင်ကို ပေသုံးဆယ် လေးဆယ် လောက်အထိသာ မြင်ရသည်။ ထူထပ်စွာ ကျသည့်နေ့ဆိုလျှင် ပေနှစ်ဆယ်ပတ်လည်ခန့် သာကောင်းစွာ မြင်ရသည်။ ထိုကဲ့သို့ နေ့များတွင် နေလုံးကို နံနက် ၁၀ နာရီကျော်မှ မြင်ရသည်။

ထိုကဲ့သို့ ရေခိုး ဒေသအခေါ် နှင်းများ ကျသည်ကို အလွန်သဘောကျသည်။ ထိုပိန်းပိတ် မှောင်နေသော နှင်းတောထဲတွင် လျှေက်သွားရသည်ကို နှစ်သက်သည်။ ထိုကဲ့သို့ နှင်းကျစဉ် လမ်းလျှောက်လိုက်ပါက မျက်ခုံးပေါ်မှာ ဆံစလေးတွေပေါ်မှာ နှင်းစက်ဖြူလေးတွေ တွဲလွဲခိုလာသည်။ ရှုရှိုက်လိုက်တိုင်းမှာလဲ ရေးခိုးလေးတွေ အသိအာရုဏ်ထဲ ရောက်ရောက် သွားသည်။ ကိုယ့်ကိုယ်ပေါ်တွင် တွဲလွဲခိုလာသော နှင်းစက်လေးများကို ကောင်းစွာ မမြင်ရပေမယ့် နှင်းစက်လေးတွေ နဲ့ထိတွေ့နေရတဲ့ အတွေ့ထိကိုတော့ ကြေနပ်မိသည်။

အခုဆိုလျှင်တော့ ထိုကဲ့သို့ နှင်းစက်လေးများနှင့် ဝေးနေရသည်မှာ နှစ်အတန်လေးကြာခဲ့ပြီ။

ထိုနှင်းစက်များ ကြားတွင် အေးချမ်း မှုများရှိသလို နွေးထွေး မူများလည်း ရှိခဲ့သည်။ မြို့ပြတွင်နေရသည်ကား လေလုံးသည့် အခန်းဖြစ်၍ ပြင်ပမှာ နွေးသော်လည်း ရင်တွင်းကား အေးစက်လှ၏။ ထိုစဉ်က တစ်ယောက်တည်း လျှေက်နေပေမယ့် အထီးကျန်မဆန်ပါ။ ယခုအခါ လူကြားထဲတွင် လမ်းလျှောက်နေရသော်လည်း အားလုံးသည် သူစိမ်းများဖြစ်သည်။

ထိုအခါ ကျွန်တော်သည်နှင်းစက်များကို ပြန်လည်တမ်းတမိပါတော့သည်။



***

No comments: