Art is My Life: တောင်တက်သမား၏ အောင်မြင်မှု

Tuesday, July 03, 2007

တောင်တက်သမား၏ အောင်မြင်မှု

လူတစ်ယောက်ရဲ့ ဘ၀မှာ ကိုယ့်ရည်မှန်းချက်ရဲ့ အမြင့်ဆုံး နေရာကို ရောက်သွားပြီ ဆိုရင် အောင်မြင် သွားပြီလို့ ထင်ထား တတ်ကြသည်။ အပေါ်ယံ ကြည့်မည် ဆိုလျှင်တော့ ဟုတ်ပါသည်။ သို့သော် ရည်မှန်းချက်ရဲ့ အမြင့်ဆုံး နေရာကား အောင်မြင်မှု၏ ခရီးတစ်ဝက်မျှသာ . . . . .

ကျွန်တော်တို့ ဇာတိမြို့လေး၏ အနောက်ဘက် ခြောက်မိုင်ခန့်ရှိ တောင်တစ်လုံး ပေါ်တွင် ရှေးဟောင်း လိုဏ်ဂူကြီးကို ဒေသခံရွာသားများ တူးဖော် နေကြောင်း သတင်းရ၍ သတင်း သမားပီပီ သွားရောက် စပ်စု ကြည့်သည်။ တောင်ခြေ ရောက်အောင် သွားရသည့် ခရီးကား ဖုံထူကာ ကြမ်းတမ်းလှသည်။ တောင်ခြေ ရောက်တော့မှ သာသနာ့ အလံများ လွှင့်ထူထားသည်ကို တွေ့ရသည်။တောင်၏ မြေက ကျောက်တောင်ဟု ပြောလျှင် ကျောက်ချည်း မဟုတ် ကျောက်များနှင့် ကျောက်ဖြစ်ရန် သက်တမ်း နုသေးသည်ဟု ယူဆရသော သက်နုကျောက်မြေများ ရောယှက်နေသည့် တောင် တစ်လုံးမျှသာ ဖြစ်သည်။

ကျွန်တော်တို့သည် တောင်တက်လေ့ တက်ထရှိသည့် လူများ မဟုတ်သည့်အားလျှော်စွာ စတက်ပြီး ၁၅ မိနစ်ခန့် အကြာတွင် စတင်မောဟိုက် လာတော့သည်။ နားလိုက် တက်လိုက် တက်ခဲ့ကြရာ တစ်နာရီ ကျော်ကျော်မျှ ကြာသောအခါ ရှေးဟောင်း ကျောက်ဂူကြီး ရှိရာဆီသို့ ရောက်ခဲ့သည်။ ဂူကြီးများ အနီးတွင် ဥာဏ်တော် တစ်ပေခန့်ရှိ ထိုင်တော်မှု ဘုရားတစ်ဆူ၊ ညောင်ရေအိုး လေးငါးလုံးခန့်နှင့် ငှက်ပျောပွဲ တစ်ပွဲသာ တွေ့ရသည်။

ဂူမှာ နှစ်ဂူဖြစ်ပြီး တွေ့တွေ့ချင်းဂူ၏ အထက်နား ကျကျတွင် နောက်တစ်ဂူဖြစ်သည်။ တွေ့တွေ့ချင်း ဂူထဲ ၀င်ကြည့်သောအခါ မှောင်မဲနေပြီး ဘာမျှမမြင်ရပေ။ အစပိုင်းတွင် တုတ်နှင့်စမ်းပြီး သွားကြည့် သေးသော်လည်း မှောင်မှောင် မဲမဲ ဂူကြီးထဲတွင် စမ်းတ၀ါးဝါး လျှက်သွား နေခြင်းသည် အကျိုး ထူးနိုင်ဖွယ် မရှိသောကြောင့် ပြန်ခဲ့ရသည်။

နောက်တစ်ရက်မှ ဂူတွင်းဝင်ကြည့်ရန် ဓာတ်မီးတစ်လက် မီးခြစ် ဖရောင်းတိုင်များနှင့် ကျွန်တော်တို့ အုပ်စု ထပ်တက်ကြပြန်သည်။ ယခုတစ်ခေါက်တွင် မနေ့က အရှိန်ကြောင့် ကြွက်သားများ နာကျင်သလိုဖြစ်နေသည်။ ထို့ကြောင့် ပထနေ့ကလောက် ခရီးမတွင်။ တစ်နာရီခွဲခန့် အကြာတက်ပြီးနောက် ကျောက်ဂူကြီးများဆီသို့ ရောက်ခဲ့ပြန်သည်။

ပထမဂူတွင် ဆယ်ပေကျော် ခန့်သာရှိပြီး အဆုံးတွင် တူးလက်စ ပေါက်ပြားနှင့် ကိရိယာပစ္စည်း တစ်ချို့သာ တွေ့ရသည်။ ထို့နောက် ဒုတိယ ဂူကို ကျွန်တော်တို့ အုပ်စု ဆက်လက် ၀င်ကြည့် ကြပြန်သည် ။ ဒုတိယဂူသည် ပထမဂူလို လမ်းလျှောက်ဝင်၍ မရ။ ၀မ်းလျား မောက်ဝင်ပြီး တွားသွားကာ ခပ်ပြေပြေလေး တက်သွား ရသည်။ အနည်းငယ် တက်ပြီးနောက် အတွင်ဘက်တွင် ပြန်ကျယ်သွားပြီး လမ်းလျှေက်၍ ရသည်။ ထိုမှတစ်ဆင့် ဆက်လက် တက်သွားရာ ၀မ်းလျားထိုးမှောက် အနေထားအတိုင်း ကျဉ်းမြောင်း သွားပြန်သည်။ ထိုအနေအထား အတိုင်းဝင်ခဲ့ပြီး များမကြာမှီတွင် ဂူဆုံး သွားတော့သည်။ ကျွန်တော် တို့မျှောင်လင့် ထားသည်က ဂူထဲတွင် ထူးထူး ဆန်းဆန်း တစ်စုံ တစ်ရာ တွေ့ရမည်ဟု ထင်ကြသည်။ အတွင်းပိုင်း နေရာတွင် လင်နို့များမှလွဲ၍ ဘာမျှမရှိပေ။ ဂူအပြင်ကို ပြန်ရောက်တော့ ပတ်ဝန်းကျင်ကို လေ့လာ ကြည့်မိသည်။ ဂူသည် တောင်၏ ထိပ်ပိုင်းနား တွင်ရှိပြီး တောင်ထိပ်သို့ ရောက်ရန် သိပ်မလို တော့ပေ။

ထို့ကြောင့် ဒီအတိုင်း ပြန်ဆင်းရမည့် အတူ တောင်ထိပ်ကို ရောက်ဖူးသည် ရှိအောင် ဆက်လက် တက်ကြည့် ကြသည်။ ဂူအထိတက်စဉ်က လမ်းကလေး ဖောက်ထား သော်လည်း ဂူမှဆက်တက်ရန် လမ်းဖောက် ထားခြင်းမရှိပေ။ ဂူမှကြည့်စဉ်က တောင်ထိပ် ရောက်ရန် သိပ်မလိုတော့ဟု ထင်ထား ရသော်လည်း အနည်းငယ် ဆက်တက် လိုက်တော့မှ တောင်က ထင်ထားသည်ထက် ပိုမြင့်နေသည်။ အချို့နေရာ တွေမှာ မတ်စောက်သည်။ အချို့နေရာများသည် ဆင်ခြေလျှောလေး ဖြစ်နေသော်လည်း တွယ်ကုတ်စရာ အပင်မရှိပဲ ခဲလေး ဖုလေး တွေကိုသာ အားပြုပြီး တွယ်တက်ရသည်။ တခါတရံတွင် အမှီပြု ကိုင်ထားသော ခဲလုံးက ကျွတ်ထွက်ခဲ့တာမျိုး၊ မိမိကျားကန်ထားသော ခဲလုံးများ ချော်ထွက် သွားတာ မျိုးရှိသည်။ ထိုဆင်ခြေလျှော နေရာလေးကို ကျော်ပြီးနောက် ကိုးဆယ်ဒီဂရီနီးပါး မှတ်စောက်လှသော တောင်နံရံကြီးကို ပေသုံးဆယ်ကျော်ခန့် တွယ်တက်ပြီးသောအခါ တောင်ထိပ်ပိုင်း အနီးကို ရောက်ခဲ့သည်။ိုနေရာကနေ တောင်ထိပ်ရောက်အောင် သွားရာတွင် သိပ်မခက်ခဲလှတော့ပေ။

နောက်ဆုံးတွင် တောင်ထိပ်ကို ရောက်ခဲ့ကြသည်။ ကျွန်တော်တို့ ပျော်လို့မဆုံးပါ။ ကိုယ့်ကိုကိုယ် တကယ့်ကမ္ဘာကျော် တောင်တက် သမားကြီးတွေလို အမှတ်တရ ပစ္စည်းတွေ မြုတ်ကြသည် အမှတ်တရ ခဲလုံးလေးတွေ ကောက်ကြသည်။ ကျွန်တော်တို့ ထင်လိုက်ကြတာက ဒီတောင်ကြီးရဲ့ အမြင့်ဆုံးနေရာကို ရောက်ခဲ့ပြီ ဒါကြောင့် ကျွန်တော်တို့ အောင်မြင်သွားပြီလို့လေ။ ဒါပေမယ့် ဒီလ တွေးထားခဲ့တာ မှားပြီဆိုတာကိုတော့ ပြန်ဆင်းဖို့ရာ ခရီးစလိုက်တော့မှ သိလိုက်ရပါတော့သည်။

တောင်အဆင်းကလည်း တောင်တက်ခဲ့စဉ်ကအတိုင်း ခက်ခဲနေမည် ဆိုတာ အရင်က မစဉ်းစားမိခဲ့ပါ။ တောင်တက်စဉ်ကလိုပဲ ခဲလုံးများကို သတိကိုင်တွယ်ဆင်းရသည်။ အခက်ခဲများ အားလုံးသည် တောင်တက်စဉ်ကလိုပင်ဖြစ်သည်။

တကယ်တော့ လက်တွေ့ဘ၀၏ အောင်မြင်များသည်လည်း တောင်တက်သမားများ၏ အောင်မြင်လိုသာဖြစ်ကြသည်။ မိမိရလိုရာ အောင်မြင်မှုတစ်ခုကို တောင်တစ်လုံးပေါ်တက်သကဲ့သို့ ကြိုးစားခဲ့ကြရသည်။ အခက်ခဲတွေကျော်ဖြတ်ပြီး ပန်းတိုင်ရောက်သည့်အခါတွင် ငါတက်နိုင်ခဲ့ပြီ ငါကြိုးစားနိုင်ခဲ့ပြီ ပြီးတော့ ငါဆိုသော ဂုဏ်ဖော်စိတ်များနှင့် ကြည်နူးကြေနပ်လေ့ ရှိကြတော့သည်။

ဘ၀ဆိုသည်မှာ အနိမ့်ရှိသလို အမြင့်လည်းရှိသည်။ အောင်မြင်မှုရှိသလို ဆုံးရှုံးမှုလည်းရှိသည်။ဘ၀၏ အမြင့်ဆုံးနေရာသည် ခရီးဆုံး မဟုတ်သေးပေ။ အမြင့်ဆုံးနေရာကို ရောက်သူတိုင်းသည် သရဖူကို ဆက်လက်ထိမ်းဖို့နှင့် ကိုယ့်ဘ၀ ဌာနေပြန်ကြ ရသည့်အခါ အကောင်းဆုံးဖြစ်ဖို့ ခရီးဆက်ကြရဦးမည်။

တောင်ထိပ်သည် တောင်တက်ခရီး အောင်မြင်ဖို့ရာအတွက် လမ်းတစ်ဝက်မျှသာဖြစ်သည်။ ထို့အတူ ဘ၀ရည်မှန်းချက်ရဲ့ အမြင့်ဆုံးသရဖူသည် ပြီးပြည့်စုံသော အေင်မြင်မှု၏ ခရီးတစ်ဝက်မျှသာဖြစ်သည်။

Flower News ဂျာနယ် အတွဲနှစ် အမှတ် တစ်တွင် ဖော်ပြခဲ့ဖူးပြီးဖြစ်ပါသည်။

No comments: