ကျွန်တော်လွန် ဆွဲဖူးပါသည် . . . .
ကျွန်တော်တို့ မြို့တွင် မိုးအလွန်ခေါင်သော နှစ်များ၌ လွန်ဆွဲပွဲများ မကြာခဏ ပြုလုပ်ကြသည်။ လွန်ဆွဲပွဲတွင် ယေင်္ကျား၊ မိန်းမ ကလေး သူငယ်မရွေး ၀င်ဆွဲကြပါသည်။ ထိုကဲ့သို့ လွန်ဆွဲပွဲများ ရှိသည့်အခါတွင် ကျွန်တော်တို့သည် ကလေးများပီပီ ၀င်ဆွဲဖြစ်ကြပါသည်။
လွန်ဆွဲပွဲ ပြုလုပ်ရန်အတွက် ထွေထွေ ထူးထူးမလိုပါ။ လက်တစ်ဆုပ်စာ လောက်ရှိသော ကြိုးတစ်ချောင်းသာ လိုအပ်ပြီး မြေပြင်တွင် ထုံးဖြူ စည်းလေး တစ်ခု သားထားရုံသာ လိုအပ်သည်။ လွန်ဆွဲပွဲကို စတင်သူများသည် လူ အယောက် သုံးဆယ်ထက် မပိုပါ။ ထို အယောက်သုံး ဆယ်ခန့်သာရှိသော လူစုက လူစုနှစ်စုခွဲပြီး ပွဲကို စတင်ဆွဲရုံဖြစ်သည်။
ထိုကဲ့သို့ လွန်ဆွဲပွဲကို ဆိုင်းသံများနှင့် စပြီဆိုသည်နှင့် ဈေးသွားဈေးလာနှင့် ကြည့်ရှုနေသူများက မိမိကြိုက်သည့် ဘက်မှ ၀င်ဆွဲကြသည်။ ထိုကဲ့သို့ ဘေးလူများ ၀င်ဆွဲသည့်ဘက်မှ အားကောင်းသွားပြီဆိလျှင် အားနည်းနေသည့်ဘက်ကို ကျန်လူများ ၀င်ဆွဲကြသည်။ ထိုကဲ့သို့ ၀င်ဆွဲကြရင်း ဆွဲကြရင်းဖြင့် ကြိုးတန်းတွင် လူတန်းကြီးဖြစ်သွားသည်။ နောက်ဆုံးတွင် ၀င်ဆွဲသူ များသည့်ဘက်မှ အနိုင်ရရှိသွားလေ့ရှိသည်။
လွန်ဆွဲခြင်းသည် မိုးခေါ် ခြင်း ဖြစ်သောကြောင့် မိုးမကြိုက်သော နတ်စိမ်းများက လွန်ဆွဲပွဲကို ဟန့်တားလေ့ရှိသည်ဟုလည်း ဒေတွင် အယူရှိကြသည်။ ထို့ကြောင့် လွန်ဆွဲပွဲများတွင် နတ်များကို ပူဇော်ပသသည့် ငှက်ပျောပွဲများကို မတွေ့ရပါ။
ထိုကဲ့သို့ လွန်ဆွဲပွဲများကို တစ်ပွဲပြီးတစ်ပွဲ တစ်ရက်ပြီးတစ်ရက် မိုးမရွာမချင်း ကျင်းပလေ့ရှိသည်။ တစ်ကြိမ်တွင် လူမပါသော မြင်လှည်း တစ်စီးသည် ကဆုန်စိုင်းကာ လွန်ဆွဲနေသည့် လူအုပ်တန်းကြီးကို ၀င်တိုက်လိုက်သည်။ သေသူမရှိသူသော်လည်း ကျိုးတဲ့သူကျိုးနှင့် လူအတော်များများ ဆေးရုံရောက်ကုန် ကြသည်။ နောက်ပိုင်းတွင် ကျွန်တော်တို့မြို့၌ လွန်ဆွဲပွဲ လုပ်တာ မတွေ့ရတော့ပါ။
သို့ရာတွင် ကျွန်တော်လွန်ဆွဲပါသည်
ကျွန်တော် ရန်ကုန်ရောက် ခါစက ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ဗိုလ်ချုပ်နေခဲ့သည့်အိမ်) သို့သွားရောက် လေ့လာဖြစ်သည်။ ဗိုလ်ချုပ် ပြတိုက်သည် ကန်တော်ကြီး ဘက်တွင်ရှိသည်။ ကျွန်တော် လေ့လာပြီးသော အခါတွင် တာမွေသို့သွားလိုသည်။ ဗိုလ်ချုပ်ပြတိုက်မှ တာမွေသို့ သွားလိုပါက ရွေဂုံတိုင်ဘက်မှာ သွား၍လည်းရသလို ကျောက်မြောင်းဘက် မှပတ်၍လည်း သွားနိုင်သည်။
သို့ရာတွင် ယင်းလမ်းများမှ သွားမည်ဆိုပါက တစ်ပတ်ကြီး ပတ်ရမည်ဖြစ်ပြီး အချိန်ပိုကြာသည်။ ထိုထက်မြန်သော ဖြတ်လမ်း တစ်ခု ရှိသေးသည်ဟု ကျွန်တော်သိထားသည် သို့ရာတွင် ထိုလမ်းကို ကျွန်တော် မကျွမ်းပါ။ ကျွန်တော်သိ သလောက် ဗိုလ်ချုပ်ပြတိုက်မှ နတ်မောက်လမ်း အတိုင်းထွက် သွားပါက တာမွေဗျိုင်းရေ အိုးစဉ်ကို ထပ်ကိုရောက်နိုင်သည်။ ထို့ကြောင့် ထိုလမ်း အတိုင်းပင် သွားရန် ဆုံးဖြတ်လိုက်သည်။
ယင်းနေရာ တစ်ဝိုက်ရှိ လမ်းများမှာ အချိုးကွေ့ ပေါများပြီး ရွေးချယ်စရာ လမ်းဆုံးလမ်းခွများ ပေါများလှသည်။ မှန်မည် အထင်နှင့် လျောက်လိုက်သည့် အခါတွင် လမ်းပိတ်များ ဖြစ်သွားတတ်သည်။ ထို့ကြောင့် လမ်းနှစ်ခွ နှင့် လမ်းဆုံများ တွေ့တိုင်းမှာ ဘယ်လမ်းကို ရွေးမလည်း ဆိုတာ စဉ်းစားရသည်။ ထိုသို့ စဉ်းစားရာတွင်လည်း ဒီလမ်းပဲ ရွေးရမလိုလို ဟိုလမ်းပဲ ရွေးရမလိုလို နောက်ကြောင်းပဲ ပြန်လှည့်ရမလိုလို၊ နှင့် တစ်ခါတစ်ရံတွင် စိတ်အတွင်း ၌ ချက်ခြင်း ဆုံးဖြတ်ချက်မချနိုင်အောင်ရှိနေတတ်သည်။
လူအားလုံး လွန်ဆွဲကြသည် . . . .
လွန်ဆွဲသည်လို့ ပြောပါက လူအုပ်စုနှစ်က ကြိုးတစ်ချောင်းကို ဟိုဘက်ထိပ် ဒီဘက်ထိပ် ၀ိုင်းဆွဲနေကြသည်ဟု ထင်နိုင်ပါသည်။ ထိုကဲ့သို့ ဆွဲသော လွန်ဆွဲပွဲသည် ပြင်ပလွန်ဆွဲ ဖြစ်ပြီး။ လူတိုင်းဆွဲ ကြသောလွန်ဆွဲပွဲသည် မိမိ အသိစိတ်တွင်း ဖြစ်ပေါ်နေသော တစ်ခုထက် ပိုသည့် အကြောင်းအရာများ အနက် မည်သည့်အရာကို ရွေးချယ်ရမည်ကို ဝေခွဲရခြင်းဖြစ်သည်။
ဘ၀တွင် ရွေးချယ်စရာများ များပြားလှသည်။ ထို့အတူ ဘ၀လမ်းခရီး တစ်လျှောက် အချိုးကွေ့များနှင့် လမ်းဆုံများလည်း ပေါများလှသည်။ အချို့သော လမ်းဆုံများတွင် ရွေးချယ်မှု မှန်ကန်ပါက ပန်းတိုင်ရောက်နိုင်သလို အချို့ သောလမ်းများသည် လမ်းပိတ်ဖြစ်နေတတ်သည်။ သို့ရာတွင် အချို့သော လမ်းများသည် ပြန်လမ်းမရှိပါ။
ထိုအခါ ကျွန်တော်လွန်ဆွဲပါသည် . . . .

3 comments:
စိုးဇေယျ (ခ) ဆိုးဈေရ
လက်တွေ့ဘ၀မှာ ဖြစ်နေတတ်တဲ့ အမှန်တရားတစ်ခုကို ချပြသွားနိုင်ပါတယ်..
လူတိုင်း လွန်ဆွဲမဆွဲတော့မသိဘူး..
ဆဂိ တို့ကတော့ လွန်ဆွဲသလားမမေးပါနဲ့...
အခုလည်းလွန်ဆွဲနေဆဲပါ။
သူငယ်ချင်းတွေရဲ့လက်တစ်စုံစီ ၀ိုင်းကူဆွဲပေးကြမဲ့တစ်နေ့ ဆဂိလည်း လွန်ဆွဲခြင်းကို ပျော်မွ့လာမယ်ထင်ပါတယ်
ကဲ- ဆိုးဈေရ ကြီးလည်း ကူဆွဲပေးဖို့လိုရင် အကူအညီတောင်းပါ..ကိုယ်ချင်းစာပါ၏
လွန်ဆွဲတဲ့အခါ … တစ်ဘက်ဘက်က တမင်အလျှော့ပေးလိုက်တော့ အားနဲ့ ဆွဲနေတဲ့ဘက်က အရှိန်မထိန်းနိုင်ဘဲ လဲကျတတ်သေးတယ်….။ တခါတလေကျတော့ ဖြစ်တောင့်ဖြစ်ခဲ ကြိုးပြတ်သွားပြန်ရော …။ စိတ်တွင်းလွန်ဆွဲပွဲကလဲ ဒီလိုပဲ …။
သူများလွန်ဆွဲ တာတော့ကြည့်ဖူးတယ်။ ကိုယ်တိုင်တော့မဆွဲဖူးဘူး။
ကိုစိုးစေရ ပြောတဲ့လမ်းတွေကတော်တော်ရှုပ်တယ်။။ တော်ရုံဆိုမသွားဘူး။
တစ်ခါ..ဘုရားကအပြန်လမ်းလျှောက်မယ်ဆိုပြီး သွားတာ မျက်စိကိုလည်လို့....
အဲအချိန်ကစပြီးလမ်းမကြီးကဘဲ ကပ်ပြီးပြန်တယ်။
အခုချိန်မှာတော့ လွန်ဆွဲတာနဲ့ ကြုံရင် ဘာမှမလုပ်ပဲ ရပ်နေတတ်တယ်။
Post a Comment