Art is My Life: လူတိုင်းကျတဲ့ မျက်ရည်မျိုး

Sunday, May 27, 2007

လူတိုင်းကျတဲ့ မျက်ရည်မျိုး


ကျွန်တော်သည် လက်ထဲတွင် ဓားတစ်ချောင်းကို ကိုင်ထားသည်။ ဓားသည် အရွယ်အားဖြင့် ရှစ်လက်မခန့်ရှိသော်လဲ တော်တော်ထက်ပါသည်။ ထက်အောင်လည်း ကျွန်တော်နေ့တိုင်းသွေးပါသည်။ ဓား၏မျက်နှာပြင်မှာ ပြောင်လက်နေသည်။ ပြောင်လက်နေသော မျက်နှာပြင်တွင် ကျွန်တော့်မျက်လုံးတွေကို မြင်နေရသည်။

ကျွန်တော်၏ မျက်လုံးများမှာလည်း နီရဲလျှက်ရှိသည်။ ကျွန်တော်၏ မျက်လုံးထဲမှ မျက်ရည်များ ပါးပြင်ပေါ်တွင် ဖြတ်သန်းစီးဆင်းနေသည်။ သို့ရာတွင် ကျွန်တော် အပြုံးမပျက်ပါ။ ကျွန်တော်ဓားကိုသာ အာရုဏ် စိုက်ကာကြည့်နေမိသည်။

ပါးပြင်ပေါ်မှ မျက်ရည်များသည် မေးဖျားဆီသို့ ဖြတ်သန်းစီးဆင်းနေသည်။ ဟုတ်ပါသည် ကျွန်တော်သည် မျက်ရည်များ ကျလျှက်ရှိလို လက်ထဲတွင်လည်း အလွန်ထက်သော ဓားတစ်ချောင်းကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ အခုလို ကျွန်တော် မျက်ရည်ကျတဲ့ အကြောင်းကို ပြောလို့ ကျွန်တော့်ကို မျက်ရည်လွယ်သူဟု ထင်ကောင်းထင်ပါလိမ့်မည်။ ကျွန်တော်ဘ၀တွင် ထိုမျှလောက်မျက်ရည် တစ်ကြိမ်မှ မကျခဲ့ဘူးပါ။ ထို့အတူ ကျွန်တော်သည် မျက်ရည်လွယ်သူ တစ်ယောက်မဟုတ်ပါ။ ထို့အတူ ကျွန်တော်သည် ငိုတတ်သူတစ်ယောက် မဟုတ်ပါ။

ကျွန်တော်ငယ်ငယ် လူမှန်းသိတတ်စ အရွယ်ကတည်းစပြီး ငိုလေ့မရှိပါ။ အမေရိုက်လျှင်လည်း မငိုပါ။ သူငယ်တန်းတုန်းက ဓားခုတ်မိသောကြောင့် ၀ဲဘက်လက်ညိုးလေး ပြတ်လုပြတ်ချင် ဖြစ်သွားသည် ကျွန်တော်မငိုပါ။ ကျွန်တော်ငါးတန်းနှစ်က ကျွန်တော်မလုပ်တဲ့ အပြစ်တစ်ခု အတွက် ဆရာက ကျွန်တော်ကို အပြစ်ပေးသည့် အနေဖြင့် ရိုက်သည်၊ ပြီးနောက် ကျောင်းကို ပတ်ပြေးခိုင်းသည်၊ ကျွန်တော်မပြေးပါ ကျောင်းအုတ်နံရံကို ခေါင်းနဲ့ ပြေးဆောင့်လိုက်သည် နဖူးကွဲပြီး သွေးများ စီးကျလာသည် ကျွန်တော်မျက်ရည်မကျပါ။ ယင်းအမာရွတ်သည် ယနေ့တိုင် ကျွန်တော့ နဖူးတွင်ရှိနေပါသည်။ ခုနှစ်တန်းနှစ်လောက်တွင် ငါးမျှားရာမှ ငါးမျှားချိတ်စူးသဖြင့် ဆေးရုံးမှာ ထုံးဆေးမထိုးပဲ ခွဲရပါသည်၊ ကျွန်တော်မျက်ရည်မကျပါ။

ယခုလောက် ပြောရုံဖြင့် ကျွန်တော်သည် လွယ်လွယ်ဖြင့် မျက်ရည်ကျ တတ်သူ တစ်ဦး မဟုတ်ဘူးဆိုတာကို သိလောက်ပြီဟု ထင်မိပါသည်။

ယခုအခါ ကျွန်တော်သည် မျက်ရည်ကျပါသည်။ ၀မ်းနည်းလို့လား။ မဟုတ်ပါ။ ကျွန်တော်ဝမ်းမနည်းပါ။ သို့ရာတွင် ကျွန်တော့်မျက်ရည်များသည် အတားအဆီးမရှိ ကျဆင်းလျှက်ရှိသည်။

ကျွန်တော်ထင်ပါသည်။ ယခုကျွန်တော် ကြုံသလို အဖြစ်မျိုးကြုံရလျှင် ကျွန်တော်မပြောနှင့် နပိုလီယံ၊ ရောဘင်ဟု၊ ဗျတ်ဝိ၊ ဗျတ်တ၊ အားလုံး မျက်ရည်မျက်ရည်ကြမည်။ နပိုလီယံ ရောဘင်ဟု ဗျတ်ဝိ ဗျတ်တ မကပါ အိုစမာဘင်လာဒင်လို အကြမ်းဖက်သမားမှအစ သိက္ခာတော် ၆၀ ရ ဆရာတော်ကြီးတွေပါ မကျန် မျက်ရည်ကျရမည်။

ထိုအခါတွင် ကျွန်တော် တွေ့ကြုံရသော အဖြစ်ကို ဘယ်လောက်ဆိုးလို့လည်းဟု မေးကောင်းမေးနိုင်ပါသည်။ ကျွန်တော်၏ အဖြစ်သည် မဆိုးပါ။ သို့ရာတွင် မျက်ရည်ကျရပါသည်။ မယုံလျှင် သင်စမ်းကြည့်ပါ။ မျက်ရည်မကျလျှင် ကျွန်တော့်ကို ရိုက်သွားပါ။

ကျွန်တော်လား ဘာလုပ်နေတယ်ထင်လို့လဲ



အဖြေကိုဖတ်ရန် ဒီနေရာကိုနိပ်

3 comments:

စိုးဇေယျထွန်း said...

ဟင်းချက်မလို့ ကြက်သွန်နီလှီးနေတာလေ

Anonymous said...

ဘာများလဲလို့ ... ကြက်သွန်နီလှီးလို့ မျက်ရည်ကျရင် ဘေးနားမှာ ဆားတစ်ပုံ လောက်ပုံထားလိုက်.. မျက်ရည်မကျတော့ဘူး..

naminthu said...

သဘောတော့ကျမိပါတယ် မျက်ရည်ကျရခြင်းရဲ့
အကြောင်းကိုပါ