Art is My Life: ဟိုတယ်ရဲ့ ရိုးရာ

Sunday, May 06, 2007

ဟိုတယ်ရဲ့ ရိုးရာ

ညသည်မဲ မှောင်နေသည်။ မိုးသည် သည်းထန်စွား ရွာသွန်းလျှက်ရှိသည်။ ကျွန်တော်တို့ စီးလာသော မာစတာ ဂျစ်လေးသည် မုံရွာ-ပုသိမ် လမ်းမကြီးအတိုင်း ပခုက္ကူ မြို့မှ မန္တလေးသို့ မောင်းနှင် လျှက်ရှိသည်။ မိုးက သည်းထန်စွာ ရွာသွန်း နေသည့်အပြင် စီးလာသည့် မာစတာဂျစ် သေးသေးမှာ လူကိုးယောက်ဖြစ် နေသောကြောင့် ထိုင်ရသည်မှာ ကပ်သီးကပ်သပ် ဖြစ်လှသည်။ မိုးကာများ မကောင်း သောကြောင့် ရွာလေသမျှ မိုးအားလုံးသည် ကားပေါ်မှ လူအားလုံးကို ပက်ဖျန်းနေသကဲ့သို့ ရှိနေသည်။

ကျွန်တော်တို့ ပခုက္ကူက ထွက်လာစဉ်က ညနေခုနှစ် နာရီဝန်းကျင်ခန့်က ဖြစ်ပြီး ရာသီဥတုက ကောင်းကောင်း မွန်မွန်ပင်။ ရေစကြိုမှာ ထမင်းစား နားပြီး ထွက်လာမှ မိုးဖွဲလေးများ ကျလာပြီး တဖြည်းဖြည်း သည်းလာခြင်းဖြစ်။ ကားပေါ်မှ လူအားလုံးသည် ဒီလိုမှန်းသိရင် ပခုက္ကူမှာပဲ အိပ်လိုက်ပါတယ်ဟု ငြီ်းငြူ နေကြသည်။

ဟုတ်ပါသည် အမှန်တကယ် ဆိုလျှင် ကျွန်တော်တို့ အဖွဲ့အနေဖြင့် ပခုက္ကူမှာ ညအိပ်ပြီး နောက်တစ်နေ့ မနက် စောစောမှ ထွက်လာလျှင်ဖြစ်သည်။ ပခုက္ကူစီးကရက် စက်ရုံက ဒုစက်ရုံမှုးက သူ့စက်ရုံရိပ်သာတွင် တစ်ည ထပ်အိပ်ပြီးမှသွားဖို့ အတန်တန် တားနေသည့် ကြားက ထွက်လာခဲ့ ကြခြင်းဖြစ်သည်။ အဓိက အကြောင်း အရင်းမှာ စက်ရုံဧည့်ရိပ်သာမှာ အိပ်လျှင် မန္တလေးတွင် ဘွန်ကင်လုပ်ထားသော ဟိုတယ်ခဆုံးသွား မည်စိုးသောကြောင့် ဖြစ်သည်။

မင်းကလဲ စက်ရုံက ဧည့်ရိပ်သာ အစုတ်ပလုပ်မှာ အိပ်မဲ့အစား မန္တလေးက ဟိုတယ်မှာသွား အိပ်မှာပေါ့ကွ။ ကျွန်တော်တို့ အဖွဲ့ခေါင်းဆောင် ပြောခဲ့သော စကားဖြစ်ပါသည်။ စက်ရုံဧည့်ရိပ်သာက မန္တလေးက ဟိုတယ်လောက် မကောင်းတာ သေချာပေမယ့် သူပြောသလို အစုတ်ပလုပ်တော့ မဟုတ်ပါ။ VIP အရာရှိများ အတွက် စီစဉ်ထားသောကြောင့် သာမန် Gust House အဆင့်ထက်တော့ သာပါသေးသည်။ သူကိုတိုင်ကိုက ကြီးကြီး ကျယ်ကျယ် လျှေက်ပြော နေခြင်းဖြစ်သည်။

အားလုံးရဲ့ ဆန္ဒကလဲ ပခုက္ကူမှာ ဆက်နေမည့်အစား မန္တလေးကို သွားချင်ကြသည်။ ဟိုရောက်ရင် ဘုရားဖူးကြမည် ဈေးဝယ်ကြမည်ပေါ့။ ကားသည် မန္တလေးကို ညဆယ်နာရီခန့်တွင် ရောက်မည်ဟု ခန့်မှန်းထားသည်။ ထို့ကြောင့် တချို့ကလဲ ကမ္ဘာသစ်မှာ KTV သွားဆိုချင်ကြသေး သည်ဟုဆိုသည်။ အခုတော့ . . . .

သည်းထန်စွာ ရွာသွန်းနေသည့် မိုးကြောင့် ကားသည် ထင်သလောက် ခရီးမပေါက်ပါ။ ပိုဆိုးသည်က ကားမှာ ရေသုတ်တံ မပါသောကြောင့် ကားသမားက ကားမောင်းရင်းနှင့်ပင် လက်ကလေးနှင့် လေကာမှန်ပေါ်က မိုးရေးကို သုတ်သုတ်နေရသည်။ ထို့ကြောင့် ခရီးမတွင်။ ရှေ့မြင်ကွင်း ကိုကောင်းစွာ မမြင်ရသောကြောင့် ကားဘီးကို လိမ့်သည်ဆိုရုံလေးသာ မောင်းနေရသည်။

အားလုံးရဲ့ စိတ်ဆန္ဒကလဲ ရောက်ချင်စိတ်က ပြင်းပျနေကြသည်။ ဘာကြောင့်လဲ ဆိုတော့ အားလုံး ပင်ပမ်းနေပြီ။ နားချင်ကြပြီ။ ရန်ကုန်က စထွက်ပြီးကတည်းက တစ်ရက်မှ နားရသည် မရှိသေး။ ပြင်ဦးလွင်က ပြန်ရောက်ပြီး နောက်တနေ့ ညနေတွင် မကွေးသို့ ခရီးဆက်ခဲ့ရသည်။ မကွေးတွင် တစ်ညအိပ်ပြီ ပခုက္ကူသို့ ခရီးဆက်ခဲ့ရသည်။ ပခုက္ကူတွင် တစ်ညအိပ်ပြီး အခုမန္တလေးသို့ ခရီးဆက်ခဲ့ ပြန်သည်။ ထို့ကြောင့် အားလုံးနား ချင်နေကြပြီ။

မုံရွာလမ်းဆုံရောက်တော့ မိုးက ရပ်သွားသည်။ အားလုံး ပျော်ကြသည်။ ကားကိုလဲ အရှိန်မြင့် မောင်းနှင်ခဲ့သည်။ လူတို့သည် အရမ်းအိပ်ချင် သော်လဲ ခရီးသွားရင်း မအိပ်ရသည့် အခါ၌ မိမိအိပ်ရာလေးကို မျက်စိထဲ ပြေးမြင်ကာ တမ်းတမိကြသည်။ ငယ်ငယ်က အခုလို မိုးတွေရွဲလာရင် အမေက အိမ်မှ ဆီးကြို၍ တစ်ကိုယ်လုံး ခြောက်အောင် သုတ်ပေးကာ စောင်လေးထဲ တွင်နွေးထွေးစွာ ကွေးနေခဲ့ဘူးသည့် ရက်တွေကို ပြေးကာ မြင်ယောင်နေမိသည်။ အခုတော့ ကျွန်တော်က အမေနဲ့ အဝေးမှာ . . . . .

ဘာပဲ ဖြစ်ဖြစ်အခု မြင်းမူတောင်ရောက်လာ ပြီဆိုတော့ နောက်တစ်နာရီလောက် ဆိုရင် နားရတော့မည်။ အားလုံးလဲ ကိုယ်အိပ်ရမဲ့ ဟိုတယ်က အိပ်ရာလေးကို ပြေးမြင်ကာ တမ်းတနေ ကြရော့မည် ထင်ပါသည်။ မိုးကြောင့် ညဆယ်နာရီ လောက်ရောက်မည်ဟု ခန့်မှန်း ထားခဲ့သော ကားက အခု ညတစ်နာရီကျော် နေပြီ မရောက်သေး။ ညတစ်နာရီ ခွဲလောက်ရောက်တော့ စစ်ကိုင်းကောင်းမူတော် ဘုရားလေးကို ရောက်ပြီ။ အဲကိုရောက်တယ် ဆိုရင်ပဲ တိတ်နေသောမိုးက ရုတ်ရက် ရွာချလိုက်ပြန်သည်။ မကြာခင်အိပ် ရတော့မယ်ဆိုတဲ့ မျော်လင့်ချက်လေးတွေက ရွာကျလာသော မိုးရေစက်များ နှင့်အတူ လွင့်မျှောကာ ပျေက်ကွယ်ကုန်ကြပြီ။

အဲဒီအချိန်တွင် မန္တလေးသား တစ်ယောက်က သူတို့နှင့်သိသော သီလရှင် ကျောင်းတစ်ကျောင်း စစ်ကိုင်းတောင်ခြေတွင် ရှိသည်ဟုဆိုသည်။ ကားသည် မန္တလေးသို့ ဆက်မမောင်းနိုင်သည့် အတူတူတော့ အဲဒီသီလရှင်ကျောင်းမှာပဲ သွားနားကြဖို့ရာ ဆုံးဖြစ်လိုက ကြတော့သည်။

ကားသည် စစ်ကိုင်းတောင်ခြေ နားက ကုန်းလေးတွေ ကိုတက်ရင် လမ်းကျဉ်းလေးများကို ကွေ့ဝိုက်ကာ မောင်းရင်းနဲ့ သီလရှင်ကျောင်းသို့ ရောက်ရှိသွား ပါတော့သည်။ စစ်ကိုင်းတောင် ခြေတွင် သီလရှင်ကျောင်းများ တော်တော်ပေါများသည်။ အော်ခေါ်လိုက်တယ် ဆိုရင်ပဲ သိပ်မခေါ်လိုက်ရ။ ကျောင်းထဲမှာ သီးလရှင် အဖွားအို ထွက်လာသည်။ ကျွန်တော် တို့အထဲက သီလရှင်နဲ့ ရင်နှီးသော လူက အကျိုးအကြောင်းကို တင်လျှေက်တော့ ဘွားသီလက ကျွန်တော်ကို အိပ်ဖို့ နေရာပေးသည်။ သီလရှင် ကျောင်းက အိပ်ရာကား ကြမ်းပြင်တွင် ဖျာခင်းပေးထား ခြင်းမျှသာဖြစ်သည်။

သို့သော်မတတ်နိုင် အားလုံးဒီတိုင်း အိပ်ရသည်။ အားလုံးပင် ပမ်းလာ၍လား မသိ အိပ်ပြီးမကြာမှီတွင်ပင် ငြိမ်သက် သွားကြသည်။ စောစောက စက်ရုံရိပ်သာကို စုတ်လို့ မအိပ်ချင်ဘူး ဆိုသည့် ပုဂ္ဂိုလ်ပင်လျှင် တင်ဖြူးဖျာ ခင်းထားသော အိပ်ရာလေးပေါ်တွင် အိပ်ပျော်သွားပြီ။ ကျွန်တော်ကတော့ အိပ်ရာခင်းမပါ၍ မအိပ်တတ ဖြစ်နေသည်။ ကျွန်တော်သည် တစ်သက်နှင့်တစ်ကို ခရီးသွားရင်း သီလရှင်ကျောင်းတွင် တစ်ခါမျှ မအိပ်ဘူးပါ။ ထို့ပြင် ကျွန်တော်သည် အိပ်ရာကို ဇီဇာကြောင်သူ ဖြစ်သည်။ အိပ်ရာတွင် အနည်းဆုံး အိပ်ရာခင်းမပါလျှင် မအိပ်တတ်။ အခု ဘွားသီလ ကျောင်းမှာကား တင်ဖြူးဖျာကြမ်းလေး ခင်းပေးသည် အိပ်ရာခင်းမပါ။ ခြုံဖို့ပေးထားသည့် စောင်ကို ခင်းအိပ်ကြည့်တော့ ရွာနေသည့် မိုးအရှိန်ကြောင့် ချမ်းလာသည်။ ထို့ကြောင့် မခင်းပဲ ပြန်ချုံလိုက်သည်။ မိုးအသံသည် သွပ်မိုးပေါ်သို့ ဆူညီညံစွာ ခုန်ဆင်းလျှက်ရှိသည်။ ကျွန်တော့နားထဲ တွင်သွပ်မိုးသံများသည် ဆူညံစွာ ကြားနေရသည်။ ခဏအကြာမှာတော့ ထိုအသံများသည် တဖြည်းဖြည်းတိုး၍ တိုး၍ပျေက်ကွယ် သွားကြသည်။ မိုးတိတ်သွား၍ကား မဟုတ်ပါ။ ဘာကြောင့် အသံတိတ် သွားတာလဲ။ အိပ်ရာတွင် ဇီဇာကြောင်သော ကျွန်တော် ဖျာကြမ်းခင်းထားသော အိပ်ရာလေးတွင်အိပ်ပျော်သွားခဲ့ ပြီလေ။

No comments: