Art is My Life: ပုစ္ဆာ ၂

Tuesday, May 22, 2007

ပုစ္ဆာ ၂

အထက်ပါ အဖြစ်ပျက်များ ဖြစ်ပျက်ပြှီးနောက်ပိုင်းတွင် ကျွန်တော်လည်း ဆိပ်ကမ်းသို့ အမြဲ မသွားဖြစ်တော့ပါ။ သို့ရာတွင် ပန်းချီဆွဲတဲ့ ကောင်မလေးကို တော့မေ့လို့မရ။
တစ်ခုသောညတွင် ကျွန်တော်အိပ် ပျော်နေစဉ် ပန်းချီဆွဲတဲ့ ကောင်းမလေးကို အိမ်မက်ထဲတွင် တွေ့သည်။ သူမသည် ကျွန်တော်နှင့် တွေ့စဉ်က အတိုင်း လုံချည်ကို ၀တ်ပြီး ဆံပင်ကို ဖားလားချထားသည်။ မျက်နှာတွင် ဘာမျှလိမ်း ခြယ်ထားခြင်းမရှိ။ သူမသည် ကျွန်တော့်ကို အပြင်မှာ ကဲ့သို့ပင် ချိသာစွာ ပြုံးပြသည်။ ကျွန်တော် သူမကို စကားပြောပေမယ့် သူမကတော့ ဘာတစ်ခွန်းမှ ပြန်မပြော ပြုံးမြဲသာပြုံးနေသည်။ ထို့နောက် သူမ ငိုသည်။ ဘာကြောင့် ငိုသည်ကို ကျွန်တော်မသိပါ။ မေးလို့ လဲမရပါ။ စိတ်မရှည်တော့ သည့်အဆုံး သူမကို ဆွဲကိုင်ရန် ကြိုးစားလိုက်သည်။ သို့သော် သူမပျောက်ကွယ်သွားသည်။

မိုးလင်းလို့ အိပ်ရာထတော့ အင်္ဂါနေ့။ တိုက်တိုက် ဆိုင်ဆိုင် သူမကို ကျွန်တော် စတွေ့ခဲ့တာကလဲ အင်္ဂါနေ့။ ဒါကြောင့် ကျွန်တော် သူမ အတွက် ကောင်းမှုကုသိုလ်လုပ်ရန် ရွှေတိံဂုံ ဘုရားသို့ တက်လာခဲ့သည်။ ဘုရားရောက်တော့ စံပယ်ပန်း ၁၅ ကုံးဝယ်ကာ အင်္ဂါဒေါင့် တွင်ဘုရားသို့ ကပ်၍ ပြန်ခဲ့သည်။

ထို့နေ့က ရုံးတွင် ကျွန်တော်အလုပ်လုပ်ရန် ထွေထွေထူးထူး ကိစ္စမရှိပါ။ ထိုနေ့က မိုးကလဲ တော်တော်လေး သည်းသည်။ မိုးသဲသဲတွင် ဘာမျှလုပ်စရာမရှိသော ကျွန်တော် ထိုင်ခုံတွင် ငုတ်တုတ် ထိုင်ရင်မေးကနဲ အိပ်ပျော်သွားပါတော့သည်။

နေ့ခင်းဘက်ခုံ ပေါ်တွင်ထိုင်ရင် အိပ်ပျော်သည် ဆိုသာမှာ သိကြတဲ့ အတိုင်း နိုးတ၀က် အိပ်တ၀က်။ ကျွန်တော်သည် အိပ်ပျော်နေပေမယ့် အပြင်ကလူတွေ စကားပြောသံကို ကြားနေရသည်။ ထိုသို့ကြားနေရသော အသံထဲတွင် ဘုရားမှာ ကပ်ထားသော စံပယ်ပန်း ၁၅ ကုန်းကို ပြန်ချပြီးပါက ရေမှာ မျှောပေးပါတဲ့။ ကျွန်တော် အဲဒီ အသံကို သဲသဲကွဲကွဲ ကြားလိုက်ရသည်။ ထိုအသံ ကြားလိုက်သည်နှင့် ကျွန်တော် လန့်နိုးသွားသည်။ မျက်လုံး ဖွင့်ပြီး ဘေးဘီကို ကြည့်လိုက်တော့ ရုံးက လုပ်ဖော်ကိုင်ဘက်များ သူ့အလုပ်နှင့် သူလုပ်နေကြည်။ ထိုအချိန်တွင် မိုးကလဲ စဲနေပြီ။

ကျွန်တော်သည် သရဲ့ တစ္ဆေ နှင့် ၀ိဥာည် လောကကို ခေတ်လူငယ်ပီပီ ယုံကြည်ခြင်းမရှိ ပေမယ့် ဗုဒ္ဓဘာသာ ၀င်တစ်ဦး ဖြစ်သည်က တစ်ကြောင်း။ ကျွန်တော့် အတွက် အပန်းမကြီးသည်က တစ်ကြောင်းတို့ကြောင့် ဘုရားပေါ်က ပန်းများကို ချပြီး ရေသို့သွားမျှောရန် ဆုံးဖြတ်လိုက်သည်။

ကျွန်တော် ဘုရားကို နောက်တစ်ခေါက် ပြန်ရောက်သွားတော့ ဘုရားမှ ကပ်ထားတဲ့ စံပယ်ပန်းကုန်းတွေက ၁၅ ကုံး မကတော့ပါ။ တော်တော်လေးများနေပြီ။ ကျွန်တော်သည် ဘုရားကို သုံးကြိမ်ဦးချ ခွင့်တောင်းပြီး စံပယ်ပန်း ၁၅ ကုန်းတိတိကို ယူလာခဲ့သည်။ ရုံးရောက်တော့ စံပယ်ပန်းများကို ကျွန်တော့်စားပွဲပေါ်တွင် တင်ထားလိုက်သည်။ ပြီးနောက် မတွေ့တာ ကြာပြီ ဖြစ်တဲ့ သူငယ်ချင်းတစ်ယောက် ရောက်လာကြောင့် ရုံးအပြင်ထွက်ကာ လက်ဘက်ရည် လိုက်တိုက်လိုက်သည်။

ကျွန်တော်ပြန်လာလို့ ကြည့်လိုက်တော့ စားပွဲပေါ်မှာ ထားခဲ့တဲ့ စံပယ်ပန်းတွေ မရှိကုန်တော့။ မေးကြည့်တော့ ကျွန်တော့်ဘေးခုံမှာ ထိုင်တဲ့ ကောင်မလေးက နောက်ဘေးလမ်းကြားထဲကို ပစ်လိုက်ပြီတဲ့။ ပန်းမှာ ဖြုတ်တွေတက်နေလို့ တဲ့လေ။ နောက်ဘေးလမ်း ကြားကိုကြည့်လိုက်တော့ စောစောက စံပယ်ပန်းလေးတွေကို တွေ့နေရသည်။ ဒါကြောင့် စောစောက ကောင်မလေးကို အကျိုးအကြောင်းပြောပြပြီး ပြန်ကောက်ခိုင်းသည်။ ကောင်မလေးသည် ကျွန်တော့်စကားကို အယုံအကြည်မရှိဟု ဆိုကာ မကောက်ပဲနေသည်။ ထို့ကြောင့် ကျွန်တော်ကိုယ်တိုင် ဆင်းကောက်ကာ ပြန်ယူခဲ့ရသည်။ ရုံးဆင်းသည်နှင့် ဆိပ်ကမ်းသို့ သွားကာ ထိုပန်းလေများကို ရေသို့ မျှောချလိုက်ပါသည်။

နေက်တစ်ရက်တွင် ကျွန်တော်ဘေးနားမှာ ထိုင်တဲ့ ကောင်မလေး ရုံးမလားပါ။ နောက်တော့ သူ့အိမ်က ဖုန်းဆက်သည်။ ညက ကုတင်ပေါ်မှပြီး လက်ကျိုးသွားသောကြောင့် သင်္ကန်းကျွန်း စံပြဆေးရုံကြီးတွင် ကျောက်ပတ်တီး စီးထားရသည်ဟု ဆိုသည်။

ညနေရုံးဆင်းတော့ ရုံးက အဖော်တွေနဲ့ ဆေးရုံတက်နေတဲ့ ကောင်မလေးကို လူနာသွားမေးကြသည်။ ဆေးရုံရောက်တော့ ကောင်မလေးရဲ့ အမေက
သမီးက အိပ်ရေး တော်တော်နုတာ အဲလို ကုတင်ပေါ်က တစ်ခါမ မကျဖူးသေဘူး

ကောင်မလေးကို ကြည့်ရတာ တစ်စုံတစ်ခုကို ကြောက်နေပုံပေါ်သည်။ စကား တစ်လုံမှ မပြော။ ဒါကြောင့် ကျွန်တော်က စပြီး စကားစရှာပြောရသည်။

နင်က ဘာလဲ အိပ်မက်ထဲမှာ ဘဲဘဲနဲ့ ပြေးတမ်းလိုက်တန်း ကစားရင် ပြုတ်ကြသွားတာလား။
ကျွန်တော်က သူစိတ်ပြေပါစေတော့ ဆိုပြီးပြောလိုက်သည်။

မဟုတ်ဘူးဟ
ကောင်မလေးက ဒီတစ်ခွန်းထဲပြောပြီး ပြုတင်းပေါက်ကနေ အဝေးကို ငေးနေသည်။ ကျွန်တော်တို့ အားလုံးလဲ ဘာဆက်ပြောရမှန်း မသိ။

ညက အိမ်မက်ထဲမှာ နင်ပြောတဲ့ ကောင်မလေးနဲ့ တွေ့တယ်။ သူက ကိုယ်လုပ်တဲ့ မကောင်းမှု ကိုယ်ဘာသာ ကိုခံရမယ်လို့ ပြောပြီး ပြုံးပြနေတယ်။ ငါလဲ ကြောက်ကြောက်တာနဲ့ ထွက်ပြေးလိုက်တော့ ကုတင်ပေါ်က ပြုတ်ကျတော့တာပဲ

အဖြစ်ပျက်တွေကပဲ တိုက်ဆိုင်နေတာလား။ ၀ိဥာည်လောကကို တကယ်ပဲယုံကြည်ရတော့မှာလဲ ကျွန်တော် မဝေခွဲတတ်တော့ပါ။ ကျွန်တော်ဆေးရုံကပြန်ရောက်တော့ ခုနစ်နာရီ လောက်ရှိပြီ။ ရာသီဥတုကလဲ သာသာယာယာရှိသည်။ မိုးကတော့ မှောင်စပြုပါပြီ။ ကျွန်တော် အိမ်အပေါ်ထက်ကနေ ဆိပ်ကမ်းဆီတော့ လှမ်းမျှော်ကြည့်နေမိသည်။ ထိုနေ့ညက အိမ်မက်ထဲသို့ ပန်းချီဆွဲတဲ့ ကောင်မလေး ရောက်လာပါသည်။

ထူးဆန်းသည်က ကောင်မလေး ပါးပြင်တွင် သနပ်ခါးကို ပါးကွက်ကြားလေး ကွက်ထားသည်။ သူမ၏ လက်ထဲတွင် ကလစ်ဘုတ်လေးနှင့် ခဲတံလေးကို ကိုင်ထားသည်။ ထို့နောက် ကျွန်တော့်ကို ပန်းချီဆွဲပေးမည်ဟု ပြောသည်။ကျွန်တော်လဲ ပန်းချီဆွဲရန် သဘောတူလိုက်သည်။ သူမသည် ကျွန်တော့ကို နံရံတွင်မှီခိုင်းကာ ဝေးတစ်နေရာသို့ ခပ်ဆွေးဆွေး ကြည့်နေသည့်ပုံမျိုးထိုင်ခိုင်းသည်။ ကျွန်တော်လဲ သူမပြောသည့်အတိုင်း နေပေးလိုက်သည်။ တော်တော်လေး ကြာတော့သူမ အသံပေးသည်။ သူမကိုကြည့်လိုက်တော့ ပုံဆွဲလို့ပြီးသွားဟန်တူသည်။

သူမသည် ကျွန်တော့်ကို ပြုံးပြီးကြည့်နေသည်။ ကျွန်တော်လဲ ပြုံးပြသည်။ သူမသည် ပြုံးနေရင်က မျက်ရည်များစီး ကျလာသည်။ ထိုမျက်ရည်စက်များသည် ပါးပြင်ပေါ်က သနပ်ခါးပါးကွက်ကြား လေးပေါ်မှာ ချောင်းလေး သဖွယ်စီးကျနေသည်။ မျက်ရည်များစီးကျနေရင်းနှင့်ပင် သူမအပြုံမပျက်ပါ။ ထို့နောက်ကျွန်တော့်ကို နုတ်ဆက်သည်။ သွားတော့မယ်တဲ့။ သူမသည် နုတ်ဆက်ပြီးတာနဲ့ တခါတည်း လည့်ထွက်သွားပါတော့သည်။ ကျွန်တော်နောက်က လိုက်ခေါ်နေပေမယ့် ကျွန်တော့် အသံတွေထွက်မလာပါ။သူမလဲ တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့ပြီ။

ထူးခြားသည်က ထိုအိမ်မက် မက်ပြီးနောက်ပိုင်းတွင် သူမကို အိမ်မက်ထဲမှာရော အပြင်မှာပါ မြင်တွေ့ခြင်းမရှိတော့ပါ။

2 comments:

MELODYMAUNG said...

လွတ်ရာကျွတ်ရာ ကောင်းရာဘုံဘ၀ကို ရောက်သွားပြီထင်ပါရဲ့
ဒါလဲစိတ်ဝင်စားစရာကိုယ်တွေ့ လေးပဲနော်

စိုးဇေယျထွန်း said...

အင်းဖြစ်နိုင်ပါတယ် တကယ်ဟုတ်မဟုတ်ဆိုတာကိုတော့ ၃ ရေးဖြစ်တဲ့ အခါ ဆက်အားပေးပါဦးအမ