Art is My Life: ထရိတ်ဖဲမှာ ဗုံးကွဲစဉ်က

Tuesday, May 08, 2007

ထရိတ်ဖဲမှာ ဗုံးကွဲစဉ်က

အချိန်ကား ၂၀၀၅ ခုနှစ် မေလ ၇ ရက်နေ့ . . . . .

အဲဒီနေ့က ကုန်သွယ်မူဗဟိုဌာနမှာလုပ်နေတဲ့ ထိုင်းကုန်စည်ပြပွဲရဲ့ နောက်ဆုံးနေ့။ သတင်းစာထဲမှာ ထိုင်းရိုးရာ အစားသောက် ပြိုင်ပွဲရှိတယ်လို့ ပါတာကြောင့် ကျွန်တော်နှင့် အခြားသူငယ် ချင်းတစ်ယောက် အောက်ပုစွန် တောင်မှာရှိတဲ့ ကုန်သွယ်မူ ဗဟိုဌာနကို ရောက်လို့သွား ကြပါတယ်။
ကုန်သွယ်မူ ဗဟိုဌာနကို ရောက်တော့ လူတွေကလည်း တိုးလို့မပေါက်နိုင်အောင် စည်ကားလို့ နေပါတယ်။ ကျွန်တော်မှတ် မိသလောက် ပြန်ပြောရရင် အောက်ထပ်မှာ စာရေးကိရိယာတွေ ဒုတိယထပ်မှာ စလောင်းလိုမျိုး စက်ကိရိယာတွေ တတိယထပ်မှာတော့ ဖျော်ဖြေရေး စင်မြင့်နဲ့ လိုလိန်း လိုမျိုး အလှကုန် ပစ္စည်းတွေရောင်းပါတယ်။ အဲဒီမှာ အလှကုန်ပစ္စည်း ဘယ်လောက်ဝယ်ရင် အလှပြင်ခ ဘယ်လောက်ဖိုးတန် အလှပြန်ပြင်ပေးမယ် ဆိုတာမျိုးတာတွေနဲ့ ပရိုမိုးရှင်းလုပ် ဆွဲဆောင်နေတာကို တွေ့ရပါတယ်။ အပေါ်ဆုံးထပ်မှာတော့ အလှကုန်ပစ္စည်းတွေကိုပဲ အဓိကထားရောင်းတယ် ထင်ပါတယ်။
ကျွန်တော်နဲ့ အတူပါလာတဲ့ ကောင်က ဖျော်ဖြေးရေး စင်မှာ ဖက်ရှင်အလှ ပြတာတွေ ကြည့်ချင်တယ်ဆို တာကြောင့် ခဏထိုင်ကြည့် နေကြပါသေးတယ်။ ဒါပေမယ့် အဓိကလာတဲ့ ရည်ရွယ်ချက် ဖြစ်တဲ့ ထိုင်းအစားသောက် ပြိုင်ပွဲလုပ်တဲ့ နေရာကို ရှာရဦးမှာ ဖြစ်တဲ့ အတွက် သူငယ်ချင်းကို ခေါ်ပြီး ထိုင်းအစားသောက် ပြိုင်ပွဲလုပ်တဲ့ နေရာကို လိုက်ရှာဖို့ရာ ထွက်လာခဲ့ပါတယ်။ အပေါ်ထပ်ရောက်တော့ လည်းမတွေ့ ဒါနဲ့ပဲအောက်ထပ်ကို ဆင်းပြီးပြိုင်ပွဲလုပ်တဲ့ နေရာကို လိုက်ရှာကြည့်ပါတယ်။ ဒါပေမယ့် မတွေ့ပါဘူး။ ဒါနဲ့ပဲ သူငယ်ချင်းက မောဒယ်ရှိုး လျှေက်တာကို ကြည့်ချင်တယ် ဆိုတာကြောင့် ဖျော်ဖြေရေး စင်မြင့်ရှိရာ သုံးထပ်ဆီကို ဦးတည်သွားခဲ့ ကြပါတယ်။
လှေခါးတက်ခါနီးမှာ စာရေးကိရိယာ ဆိုင်က ပစ္စည်းလေးတွေကို စိတ်ဝင်စားတာကြောင့် ၀င်ကြည့်နေတုန်း ပြင်းထန်တဲ့ ပေါက်ကွဲသံ ကြီးကို ကြားလိုက်ရတယ်။ ပေါက်ကွဲ သံကြီးကြောင့် ကျွန်တော်တို့ ကြက်သေသေနေတုန်း နောက်ဆက်တွဲ သေနတ်ပစ်သံလို အသံတွေ ထွက်လာတယ်။ ကျွန်တော်နဲ့ ပါလာတဲ့ ကောင်က ဟေ့ကောင် သေနတ်နဲ့ ပစ်နေတာ ၀ပ်ဝပ်ဆိုပြီး စာရေးကိရိယာ ရောင်းတဲ့ ကောင်မလေးတွေကြားကို ဒိုင်ဗင်ထိုး ၀င်သွားတယ်။ ဘယ်ကမှန်း မသိတဲ့ ပေါက်ကွဲ သံကြောင့် အားလုံးက ကြက်သေသေနေတုန်း အပေါ်ထပ်က လူတွေက ၀ရုံးသုန်းကား ပြေးဆင်း လာကြတယ်။
အဲဒီအချိန်မှာ အဆောက်ဦးကြီး ပြိုကြပြီးပိမိ သွားနိုင်တယ်။ ဒါကြောင့် စာရေးကိရိရောင်းတဲ့ ကောင်မလေးတွေကြားမှာ ၀ပ်နေတဲ့ ကောင်ကို လက်ဆွဲခေါ်ပြီး အပြင်ဘက်ကို ပြေးထွက်လိုက်တယ်။ ကျွန်တော်တို့ ဆင်ဝင်အောက်ကို ရောက်စဉ်မှာ လူတွေသိပ်မရှိဘူး။ အပြင်မှာ မိုးကလဲစိတ်စိတ် ရွာနေတယ်။ ကျွန်တော်အပေါ်ကို မော့ကြည့်လိုက်တော့ သုံးထပ်က မှန်တွေအားလုံးကွဲနေပြီ။ မှန်ကွဲစတွေကလဲ မိုးရွာသလို တဖွဲဖွဲ ပဲ့ကြနေတယ်။ အဲဒီမှန်ကွဲတွေ အဖွာလိုက် အဖွာလိုက် ကျလာတဲ့ အသံတွေက ဗီဒီယို ဇာတ်ကားတွေထဲက စက်သေနတ် ပစ်သံတွေလိုပဲ။
ကွဲနေတဲ့ မှန်ကွဲတွေ

ကျွန်တော် အပေါ်ထပ်ကို ကြည့်နေရာကနေ ဆင်ဝင်ဘက်ကို ပြန်လည့်ကြည့်လိုက်တော့ ဆင်ဝင်အောက်မှာ လူတွေက ပြုံနေကြပြီ။ အရှေ့က ပြေးထွက်တဲ့လူက မောက်လျှက်လဲ။ အဲဒီလူပေါ် ကိုနောက်လူက ထပ်ပြီးလဲ။ အဲလိုနဲ့ ဆင်ဝင်မှာ လူတွေ ထပ်ပြီး ပိတ်မိနေကြတယ်။ အဲဒီအချိန်မှာ အမျိုးသမီး တစ်ယောက်က သူ့ရဲ့ ကလေးပျောက်လို့တဲ့ ငိုနေတယ်။ ပြုံထွက်လာတဲ့ လူတွေကို ကျွန်တော် ဓာတ်ပုံရိုက်နေတုန်းမှာ သွေးတွေရဲ နေတဲ့လူငယ် တစ်ယောက် ရောက်လာတယ်။ သူခေါင်းမှာ သွေးတွေနဲ့ ရဲနေပြီ။ သူမျက်နှာနဲ့ ကိုယ်ခန္ဒာကိုယ် အနှံ့မှာ မီးသွေးခဲလို မဲမဲအတုံးလေးတွေ ကပ်နေတယ်။ သူရဲ့ ဘောင်းဘီနဲ့ အင်္ကျီတွေကလဲ စုတ်ပြဲနေတယ်။ ပြီးတော့ သူရဲ့ သွေးပေနေတဲ့ လက်ကြီးနဲ့ ကျွန်တော့ကို လမ်းဆွဲပြီး သူ့ကို ဓာတ်ပုံရိုက်ခိုင်းတယ်။

အရှေ့ကလူပေါ်ကိုနောက်ကလူကထပ်လျှက်လဲ


ဓာတ်ပုံရိုက်ခိုင်းတဲ့လူ

ကျွန်တော်သူ့ကို အပေါ်မှာ ဒါဏ်ရာရတဲ့ လူတွေရှိသေးလားလို့ မေးတော့ ရှိသေးတယ် အများကြီးပဲတဲ့။ နောက်တော့ သူ့လို အ၀တ်စား အစုတ်တွေနဲ့ သူတောင်းစားလို လူတွေတော်တော် များများ ပြေးထွက်လာတဲ့ လူတွေကြားထဲမှာ ပါလာတွေ့ရတယ်။ သူတို့ပုံတွေက အ၀တ်စားတွေ စုတ်ပြတ်နေပြီ တကိုယ်လုံးကို အိုးမဲနဲ့ သုတ်ထားသလို မဲနေတယ်။ သူတို့တွေ အားလုံးမှာ တူညီတဲ့ အချက်က အဲလိုလူတွေမှာ မီးသွေးခဲလို အခဲလေးတွေက သူတို့ရဲ့ ကိုယ်ခန္ဒာအနှံ့မှာ ကပ်ညှိနေကြတယ်။
ဗုံးကွဲတဲ့ အထပ်


ကျွန်တော် ဗုံးကွဲတဲ့ အထပ်ကို ပြန်မော့ကြည့်လိုက်တာ့ လိုလိန်းက ၀န်ထမ်းတွေက လူတွေပြေးလွားနေတာကို အပေါ်ထပ်ကနေ အေးအေးဆေးဆေး ကြည့်နေကြတယ်။ ကျွန်တော်လဲ အပေါ်ထပ်ကို တက်ကြည့်ဖို့ ရာအတွက် ဘေးက ပေါက်ရှိရာကို သွားခဲ့တယ်။ ကျွန်တော်နဲ့ ပါလာတဲ့ ကောင်က အပေါ်ကို ဆက်မတက်ဖို့ ပြောတယ်။ ကျွန်တော်ကလဲ မင်းကြောက်ရင် မလိုက်ခဲ့ နဲ့ဆိုပြီး အပေါ်ထပ်ကို ဘေးလှေကားက နေတက်ခဲ့တယ်။
ဗုံးကွဲတဲ့ အထပ်ကိုရောက်ပါပြီ။ စောစောက ခမ်းနားလှပစွာ တန်ဆာဆင်ထားတဲ့ အရာတွေ အားလုံးက ကြမ်းပြင်ပေါ်မှာ မွစာကြဲပြီ။ အဖိုးတန်ဆိုတဲ့ ဆိုပြီး အလုအယက် တိုးဝေးကြည့်နေ ကြတဲ့ အလှကုန် ပစ္စည်းတွေ အလကား ကောက်မဲ့လူတောင် မရှိတာ့ဘူး။ ဗုံးကွဲတဲ့ အထပ်မှာ ရမ်းငွေ့တွေ ထောင်းနေတယ်။ အငွေ့တွေကြောင့် အဝေးကြီးကို မမြင်ရဘူး။ မျက်နှာကျက်ကို မော့ကြည့်လိုက်တာ့ စုတ်ဖွာကြဲနေတယ်။ အဲဒီအချိန်မှာ ကျွန်တော်ရယ် သူငယ်ချင်းရယ် ဒါဏ်ရာကြေင့် မထနိုင်တော့တဲ့ သူတွေရယ်ကလွဲရင် ဘယ်သူမှ မရှိဘူး။
ကျွန်တော် ရှေ့ကို တဖြေးဖြေးချင်း လျှေက်လာတယ်။ ကျွန်တော်နဲ့ ငါးပေလောက် အကွာမှာ သူတောင်းစာလို မဲညစ်ပြီး အ၀တ်တွေ စုတ်ပြဲနေတဲ့ အမျိုးသမီး နှစ်ယောက်လဲ ကျနေတယ်။ သေချာကြည့်လိုက်တာ့ တစ်ယောက် ခါးအောက်ပိုင်းမရှိဘူး။ တစ်ယောက်က ခြေတစ်ဖက်မရှိဘူး။ ကျွန်တော် ထင်တယ် သူတို့သေနေပြီ။ ကျွန်တော်ဓာတ်ပုံ ရိုက်ဖို့ ပြင်လိုက်တယ်။ ကင်မရာ မော်နီတာမှာ သူတို့ကို ကြည့်နေတုန်း ခြေတစ်ဘက်မရှိတဲ့ အမျိုးသမီး ရုတ်တရက် ထထိုင်လာတယ်။ သေနေပြီထင်တဲ့ လူကထထိုင်လာတော့ ကျွန်တော် တော်တော် လန့်သွားတယ်။ ပြီးတော့ သူ့ကိုဆေးရုံပို့ပေးပါလို့ ကျွန်တော့ကို ပြောတယ်။ အဲဒီအချိန်မှာ ဝေါ်ကီတော်ကီ ကိုင်ထားတဲ့ အရပ်ဝတ်နဲ့ လူတစ်ယောက် ပြေးတက်လာတယ်။ ပြီးတော့ စောစောက အမျိုးသမီးနှစ်ယောက် ကိုချက်ခြင်း ပို့ပေးပါမယ့် အကြောင့် နှစ်သိမ့်တယ်။ ပြီးတော့ ရှေ့ဆက်သွားကြည့်ဖို့ ကျွန်တော့ကို အဲဒီလူက ဖော်ညှိတယ်။ ကျွန်တော်ခေါင်းညီမ့် ပြလိုက်တယ်။ ဒါပေမယ့်သူ ဆက်မသွားဘူး။ ဒါကြောင့် ကျွန်တော်က ဦးဆောင်ပြီး အရှေ့ကို ဆက်လျှေက်ခဲ့တယ်။ ဗုံးပေါက်ကွဲတဲ့ နေရာတည့်တည့် အပ်ါက မျက်နှာကျက်က အောက်ကို စောင်းကျနေတယ်။ ပလပ်စတစ် ခုံတွေကကလဲ တုန်းလုံးပက်လက်။ အဲလိုတုံးလုံးပက်လက်နဲ့ လှဲနေတဲ့ ခုံတွေနဲ့ အတူ လူတချို့လဲ လဲကျနေကြတယ်။
ပလပ်စတစ်ခုံကျိုးတွေ ကြားထဲမှာ လူတစ်ယောက်က ငုတ်တုတ်ကြီး ထိုင်နေတယ်။ သူရဲ့ အနောက်မှာက ဟောင်းလောင်း ပေါက်ပွင့်သွားတဲ့ မှန်နံရံကနေ အလင်းရောင် ၀င်နေတာကြောင့် သူထိုင်နေတယ် ဆိုတာလွဲရင် ကျန်တာကို သဲသဲကွဲကွဲ မမြင်ရဘူး။ ဒါနဲ့ အနီးကပ်တိုး ကြည့်လိုက်တော့ ခါးအောက်ပိုင်းမရှိတော့ဘူး။ ကိုယ်တစ်ပိုင်း ပြတ်ပြီး တည်လျှက်သား ဖြစ်နေတာ။ သူ့ရဲ့ အောက်ခြေနားမှာ သွေးတွေက ယိုနေတဲ့ဘူးထဲက ထွက်ကျနေတဲ့ ရေတွေလို အိုင်ဆင်းနေတယ်။ အဲဒီအချိန်မှာ အရှေ့ဘက်ခြမ်းက မျက်နှာကျက် အိပြီးပြိုဆင်းလာတယ်။ ဒါကြောင့် ကျွန်တော်တို့ ပြန်လည့်ပြေးခဲ့တယ်။ အောက်ထပ်ကို ဆင်းတဲ့ လှေကားထိပ်ကို ကျွန်တော်တို့ ရောက်တော့ မျက်နှာကျက် ပြိုဆင်းလာတာ ရပ်သွားတယ်။ ဒါပေမယ့် ကျွန်တော် ဆက်မကြည့်တော့ဘူး အောက်ထပ်ကို ပြန်ဆင်းခဲ့တယ်။ အဲဒီတော့မှ ရဲတွေကြက်ခြေနီတွေ မီးသတ်တွေ ပြေးတက်လာကြတယ်။
ကျွန်တော်တို့ ဆင်ဝင်အောက်ကို ပြန်ရောက်တော့ လူတွေကို သက်ဆိုင်ရာက် ရှင်းထားပြီးပြီ။ တော်တော်များများကတော့ ကားလမ်းတစ်ဘက်ကနေ အုံကြည့်နေကြတယ်။ အထဲကနေ ထွက်လာတဲ့ ကျွန်တော်ဆီကို အမျိုးသမီး တစ်ယောက်ပြေးလာပြီး အပေါ်မှာ ကလေးတစ်ယောက်မတွေ့ မိဘူးလား လို့ငိုယိုရင်း လာမေးတယ်။ မတွေ့ခဲ့ဘူး ဒါပေမယ့် တက်ကြည့်ပေးမယ်ဆိုပြီး ပြန်တက်မယ်လုပ်တော့ စစ်သားတွေက ကျွန်တော့ကို အတက်မခံတော့ဘူး။ အဲဒီချိန်မှာပဲ အပေါ်ကနေ ဒါဏ်ရာရသူတွေကို တစ်ယောက်ပြီးတစ်ယေက်သယ် ချလာတာကို တွေ့ရတယ်။
လမ်းမပေါ်မှာလဲ ခရာသံတွေဆူညံနေတယ်။ မိုးကတော့ စိတ်စိတ်လေးရွားတုန်းပဲ။ လူစုကွဲတဲ့ သူတွေက အဆောက်ဦးကြီးကို ကြည့်ပြီးငိုနေကြတယ်။ ခမ်းနားထည်ဝါမှုတွေ လှပမှုတွေ ပျော်ရွင်မှုတွေ စည်းကားမှုတွေအား လုံးက စုတ်ပြတ်သတ်မှုတွေ အကျဉ်းတန်းမှုတွေ ကြောက်ရွံ့မှုတွေ ဆီသို့ ရုတ်ချည်းပြောင်းလဲ သွားကြပြီ။ ကျွန်တော်လဲ ရုတ်ရုတ်သဲသဲ ဖြစ်နေတဲ့ အဆေက်ဦးကြီး ကြောခိုင်းကာ အိမ်ကို ပြန်ခဲ့တယ်။


စာကြွင်း ။ ။ ဒီနေ့ဆိုရင် အဲဒီဗုံးကွဲတာ နှစ်နှစ်ပြည့်ခဲ့ပြီ။ ယင်းနေ့တွင် ထရိတ်ဖဲ အပါဝင် ဒဂုံစင်တာ ဂျမ်းရှင်အိတ် စင်တာ တို့တွင် တပြိင်နက် သုံးနေရာပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီ လူ ၁၁ ဦးပွဲခြင်းပြီးသေဆုံးကာ လူ ၂၀၀ ကျော်ဒဏ်ရာရကာ လူ ၁၆၀ ကျော်မှာ ဒဏ်ရာပြင်းထန်၍ ဆေးရုံတင်ခဲ့ရသည်။
ယင်းသုံးနေရာ ပေါက်ကွဲမှုကြောင့် ဆေးရုံမှာသေသူနှင့် ပေါင်းလျှင် အနည်းဆုံး လူ ၃၀ ကျော်ရှိကြောင်း သိရသည်။
သွားသတိလာသတိ ထားကြပါ။ အာလုံး အဒီလို အဖြစ်ဆိုမျိုးနောက်ထပ် မကြုံပါစေနဲ့လို့ ဆုတောင်းပေးလိုက်ပါတယ်

4 comments:

Anonymous said...

ခုလို ဒီ Post ကိုဖတ်ရတာ စိတ်မကောင်းစရာတွေ စိတ်တိုစရာတွေပြန်ဖြစ်ရပါတယ်..အပြစ်မဲ့သူတွေ အသေဆုံးနဲ့ သေရတဲ့ အဖြစ်အပျက်ကြီးပါ.. အဲဒီ့ အချိန်တုန်းက Demo ရန်ကုန်ပြန်ရောက်နေတဲ့ အချိန်ပါ.. ကံကောင်းလို့ မသေဘူးလို့ ပြောလို့ ရပါတယ်.. အဲဒီ့လို အဖြစ်ဆိုးမျိုးတွေနောက်ထပ် မကြုံပါစေနဲ့လို့ Demo လဲဆုတောင်းပါတယ်..

PS.MFG က 07-05-05 ဆိုပြီးအဲဒီ့နေ့ အတွက်ဆိုထားတဲ့ သီချင်းနားထောင်ဘူးလားမသိဘူး.. နားထောင်ချင်ရင် E-mail ပို့လို့ရပါတယ်..

စိုးဇေယျထွန်း said...

ကောင်းတယ် ဒီမို ကျေးဇူးပဲ ကျွန်တော်နား မထောင်ရသေး ဘူး ပို့ပေးရင်တော့ ကျေးဇူး

Anonymous said...

သီချင်းပို့လိုက်ပြီ.. မရရင် ပြန်ပြောနော်.. =)

စိုးဇေယျထွန်း said...

ကျေးဇူးအများကြီးတင်ပါတယ် နားထောင်လို့ ပြီးသွားပါပြီ