Art is My Life

Thursday, May 31, 2007

အရူးတစ်ယောက်နှင့် စကားပြောခြင်း

ကောင်းခြင်းနှင့်ဆိုးခြင်း


လူကောင်း။ ။ အရူးဆိုတဲ့ ဝေါဟာရကို ခင်ဗျားအနေနဲ့ ဘယ်လိုအဓိပ္ပယ်ဖွင့် မလဲ

အရူး။ ။ အရူးဆိုတာ ၀မ်းတွင်းစိတ်ရင်းကို ဟန်ဆောင်မှုကင်းသူ လို့အဓိပ္ပယ်ရတယ်။ များများရူးလေ များများ ဟန်ဆောင်မူ ကင်းလေပဲပေါ့။
လူကောင်းဆိုတဲ့ သတ္တ၀ါတွေက တစ်ယောက်ကို မကြေနပ်လို့ သတ်ချင်နေသည့်တိုင် အကျိုးတစ်စုံတစ်ရာကို မျှော်ကိုပြီး ဟန်ဆောင်ပြုံးပြနေကြတယ်။ အရူးမှာ အဲဒါတွေမရှိဘူး မင့်ကို မကြေနပ်ရင် ပြုံးမပြဘူး ဆဲမယ်။ စိတ်ထဲမှာ သတ်ချင်စိတ်ပေါ်လာရင် သတ်မယ်။ စိတ်ရင်းအမှန် တရားကို ဖွင့်ထုတ်ဖို့အတွက် ဘာကိုမှ ဂရုစိုက်နေမှာ မဟုတ်ဘူး။
သူများမလုပ်နိုင်တာတွေကို လုပ်ပြရင် တက္ကသိုလ်တွေ အဖွဲ့စည်းတွေက ဂုဏ်ထူးတွေ ၀ိသေသတွေ ပေးသလို အရူးဆိုတာလဲ သာမာန်လူတွေ မလုပ်နိုင်တဲ့ အလုပ်တွေကို လုပ်နိုင်လို့ အရူးဆိုတဲ့ ၀ိသေသထူးကို ရထားတာ။

ကောင်း။ ။ သာမန်လူတွေ မလုပ်နိုင်တာကို လုပ်နိုင်တယ် ဆိုတာ ဘာတွေများလုပ်နိုင်လို့လဲ
ရူး။ ။ ဒါဆိုရင် မင်းမကြေနပ်တဲ့ လူတစ်ယောက်ကို တွေ့တဲ့နေရာမှာ မင်းစိတ်ရှိလက်ရှိ အော်ဆဲရဲလား
ကောင်း ။ ။ ဆဲရင်ပြသနာတက်သွားမှာပေါ့
ရူး ။ ။ မင်းမလုပ်နိုင်ဘူး မဟုတ်လား။ အေးမင်းမလုပ်နိုင်သလို လူတိုင်းလဲ မလုပ်နိုင်ဘူး ။ ဒါပေမယ့် အရူးတွေက အဲဒီအလုပ်ကို ကောင်းကောင်းလုပ်နိုင်တယ်

ကောင်း။ ။ အဲဒါကောင်းတဲ့ အလုပ်မှ မဟုတ်ပဲ
ရူး။ ။ ကောင်းတဲ့ အလုပ်ဆိုတာဘာလဲ ငါ့ကိုပြောပါဦး။ လူပုံအလယ်မှာ နှစ်ယောက်တွေ့တာကို ဟန်ဆောင်ပြုံးနေပြီး ကွယ်ရာရောက်မှ ဆဲတာ လူတစ်ယောက်ရဲ့ အရည်ချင်းကို ထုတ်ဖော် မချည်းကျူးရဲဘဲ သေမှ အုတ်ဂူမှာ စာသွားရေးတာ အဲဒါကောင်းတဲ့ အလုပ်လား။
ကောင်း။ ။ မဆိုင်တာပဲဗျ
ရူး။ ။ ဒီမှာ ကောင်းခြင်းမကောင်းခြင်း ဆိုတာ လူတွေက သတ်မှတ်ထားတဲ့ ဥပဒေသတွေပါကွာ။ မင်းတို့လူကောင်းတွေရဲ့ ဥပဒေသမှာ စာအုပ်တွေ ဖတ်တာကောင်းတယ်လို့ ပြောမယ် အရက်သောက်တာ မကောင်းဘူးလို့ပြောမယ်။ ငါပြောတာ ဟုတ်သလား။
ကောင်း။ ။ ဟုတ်တယ်လေ အဲဒါအမှန်တရားပဲကိုး
ရူး။ ။ ဒါပေမယ့် ငါ့အမြင်မှာတော့ အရက်သောက်တာကောင်းတယ် စာဖတ်တာ မကောင်ဘူးကွ
ကောင်း။ ။ ဘာဖြစ်လို့လဲ
ရူး။ ။ အရက်သောက်တယ်ဆိုတာ ပင်ပန်းနွမ်းနယ်မှုကို ပြေပျေက်စေတယ် ဘ၀အမောကိုပြေစေတယ် စိတ်ကို နုပျိုလန်းဆန်း စေတယ်။ စာဖတ်တယ်ဆိုတာ စွဲတယ် မျက်စိပျက်တယ်။
ကောင်း။ ။ စာဖတ်တယ်ဆိုတာ ဗဟုသုတရတယ် အကြံကောင်း အညာဏ်ကောင်းရတယ် အရက်သောက်တယ် ဆိုတာ ဘ၀ပျက်ဖို့ ပဲရှိတယ်
ရူး။ ။ အဲဒါမင်းတို့ စာအုပ်ထဲမှာ ရေးထားတာ မဟုတ်လား။ အရက်ဆိုင်မှာပြောတဲ့ စကားတွေလဲ လာနားထောင်ကြည့် ဗဟုသုတ ဆိုတာလဲစုံမှစုံ မင်းတို့ စာအုပ်ထဲမှာ ဆင်ဆာမလွတ်တာတွေ တောင်ပါသေးတယ်။ ငါပြောမယ် ရောဂါစွဲပြီး ဘ၀ပျက်တယ်ဆိုတာ တနေကုန်တနေခန်း ဘာမှမလုပ်ပဲ အရက်ကြီးပဲ သောက်နေလို့ဖြစ်တာ။ မင်းတို့ စာအုပ်ကိုလဲ တနေကုန်တနေခန်း ဘာမှမလုပ်ပဲ ထိုင်ဖတ်နေပါလား။ ရက်လတွေ ကြာလာရင် ရောဂါစွဲပြီး ဘ၀ပျက်မှာ အသေအချာပဲ ဘာများပိုထူးလို့လဲကွ။
ဒါကြောင့် ဘယ်အရာမှာ မဆို ဆိုးခြင်းဆိုတာလဲ မရှိသလို ကောင်းခြင်းဆိုတာလဲ မရှိဘူး။ အင့်ဘက်က ကြည့်ရင် တစ်ဖြစ်နေပေမယ့် ငါဘက်ကကြည့်ရင် င လို့တော့ ပြောပိုင်ခွင့်ရှိတယ်။ တကယ်တော့ အဲဒါငလဲ မဟုတ်ဘူး တစ်လဲမဟုတ်ဘူး လူတွေရေးထားတဲ့ မျဉ်းကွေးလေး တစ်ခုပဲ မှတ်ရလွယ်အောင်လို့ နာမည်လေး ပေးထားခြင်းမျှသာ ဖြစ်တယ်။
အဲလိုပဲ လောကကြီးမှာ ကောင်းခြင်းဆိုတာလဲ မရှိဘူး ဆိုးခြင်းဆိုတာလဲ မရှိဘူး။ ဖြစ်တည်မှု သဘောတရားပဲ ရှိတယ်။ အဲဒီ ဖြစ်တည် မှုသဘောတရားကို လူတွေလက်ခံတဲ့ အခါမှာ ကောင်းတယ်လို့ပြောတယ်။ လက်မခံနိုင်တဲ့ အခါမှာ ဆိုးတယ်လို့ပြောတယ်။
စာပေသမားကတော့ သူတို့ စာအုပ်တွေရဲ့ ဖြစ်တည်မှု ရှင်သန်အောင်ကောင်းတယ်လို့ ပြောသလို အရက်ရောင်းတဲ့ လူတွေက သူတို့အရက်တွေ ဖြစ်တည်မှု ရှင်သန်အောင် ကောင်းတယ်လို့ပြောမှာပဲ။
လောကမှာ ဖြစ်နေတဲ့ ကောင်းခြင်းနဲ့ ဆိုးခြင်းဆိုတာက ဖြစ်တည်မှုသဘော တရားတစ်ခုကို အဲဒီပတ်ဝန်းကျင်မှာ ထောက်ခံတဲ့လူများရင် ကောင်းတာပဲ။ ထောက်ခံတဲ့ သူနည်းတဲ့ ပတ်ဝန်းကျင်ကို အဲဒီဖြစ်တည်မှု ရောက်သွားရင် ဆိုးတယ်လို့ ပြောကြမှာပဲလေ

Read More...

Sunday, May 27, 2007

လူတိုင်းကျတဲ့ မျက်ရည်မျိုး


ကျွန်တော်သည် လက်ထဲတွင် ဓားတစ်ချောင်းကို ကိုင်ထားသည်။ ဓားသည် အရွယ်အားဖြင့် ရှစ်လက်မခန့်ရှိသော်လဲ တော်တော်ထက်ပါသည်။ ထက်အောင်လည်း ကျွန်တော်နေ့တိုင်းသွေးပါသည်။ ဓား၏မျက်နှာပြင်မှာ ပြောင်လက်နေသည်။ ပြောင်လက်နေသော မျက်နှာပြင်တွင် ကျွန်တော့်မျက်လုံးတွေကို မြင်နေရသည်။

ကျွန်တော်၏ မျက်လုံးများမှာလည်း နီရဲလျှက်ရှိသည်။ ကျွန်တော်၏ မျက်လုံးထဲမှ မျက်ရည်များ ပါးပြင်ပေါ်တွင် ဖြတ်သန်းစီးဆင်းနေသည်။ သို့ရာတွင် ကျွန်တော် အပြုံးမပျက်ပါ။ ကျွန်တော်ဓားကိုသာ အာရုဏ် စိုက်ကာကြည့်နေမိသည်။

ပါးပြင်ပေါ်မှ မျက်ရည်များသည် မေးဖျားဆီသို့ ဖြတ်သန်းစီးဆင်းနေသည်။ ဟုတ်ပါသည် ကျွန်တော်သည် မျက်ရည်များ ကျလျှက်ရှိလို လက်ထဲတွင်လည်း အလွန်ထက်သော ဓားတစ်ချောင်းကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ အခုလို ကျွန်တော် မျက်ရည်ကျတဲ့ အကြောင်းကို ပြောလို့ ကျွန်တော့်ကို မျက်ရည်လွယ်သူဟု ထင်ကောင်းထင်ပါလိမ့်မည်။ ကျွန်တော်ဘ၀တွင် ထိုမျှလောက်မျက်ရည် တစ်ကြိမ်မှ မကျခဲ့ဘူးပါ။ ထို့အတူ ကျွန်တော်သည် မျက်ရည်လွယ်သူ တစ်ယောက်မဟုတ်ပါ။ ထို့အတူ ကျွန်တော်သည် ငိုတတ်သူတစ်ယောက် မဟုတ်ပါ။

ကျွန်တော်ငယ်ငယ် လူမှန်းသိတတ်စ အရွယ်ကတည်းစပြီး ငိုလေ့မရှိပါ။ အမေရိုက်လျှင်လည်း မငိုပါ။ သူငယ်တန်းတုန်းက ဓားခုတ်မိသောကြောင့် ၀ဲဘက်လက်ညိုးလေး ပြတ်လုပြတ်ချင် ဖြစ်သွားသည် ကျွန်တော်မငိုပါ။ ကျွန်တော်ငါးတန်းနှစ်က ကျွန်တော်မလုပ်တဲ့ အပြစ်တစ်ခု အတွက် ဆရာက ကျွန်တော်ကို အပြစ်ပေးသည့် အနေဖြင့် ရိုက်သည်၊ ပြီးနောက် ကျောင်းကို ပတ်ပြေးခိုင်းသည်၊ ကျွန်တော်မပြေးပါ ကျောင်းအုတ်နံရံကို ခေါင်းနဲ့ ပြေးဆောင့်လိုက်သည် နဖူးကွဲပြီး သွေးများ စီးကျလာသည် ကျွန်တော်မျက်ရည်မကျပါ။ ယင်းအမာရွတ်သည် ယနေ့တိုင် ကျွန်တော့ နဖူးတွင်ရှိနေပါသည်။ ခုနှစ်တန်းနှစ်လောက်တွင် ငါးမျှားရာမှ ငါးမျှားချိတ်စူးသဖြင့် ဆေးရုံးမှာ ထုံးဆေးမထိုးပဲ ခွဲရပါသည်၊ ကျွန်တော်မျက်ရည်မကျပါ။

ယခုလောက် ပြောရုံဖြင့် ကျွန်တော်သည် လွယ်လွယ်ဖြင့် မျက်ရည်ကျ တတ်သူ တစ်ဦး မဟုတ်ဘူးဆိုတာကို သိလောက်ပြီဟု ထင်မိပါသည်။

ယခုအခါ ကျွန်တော်သည် မျက်ရည်ကျပါသည်။ ၀မ်းနည်းလို့လား။ မဟုတ်ပါ။ ကျွန်တော်ဝမ်းမနည်းပါ။ သို့ရာတွင် ကျွန်တော့်မျက်ရည်များသည် အတားအဆီးမရှိ ကျဆင်းလျှက်ရှိသည်။

ကျွန်တော်ထင်ပါသည်။ ယခုကျွန်တော် ကြုံသလို အဖြစ်မျိုးကြုံရလျှင် ကျွန်တော်မပြောနှင့် နပိုလီယံ၊ ရောဘင်ဟု၊ ဗျတ်ဝိ၊ ဗျတ်တ၊ အားလုံး မျက်ရည်မျက်ရည်ကြမည်။ နပိုလီယံ ရောဘင်ဟု ဗျတ်ဝိ ဗျတ်တ မကပါ အိုစမာဘင်လာဒင်လို အကြမ်းဖက်သမားမှအစ သိက္ခာတော် ၆၀ ရ ဆရာတော်ကြီးတွေပါ မကျန် မျက်ရည်ကျရမည်။

ထိုအခါတွင် ကျွန်တော် တွေ့ကြုံရသော အဖြစ်ကို ဘယ်လောက်ဆိုးလို့လည်းဟု မေးကောင်းမေးနိုင်ပါသည်။ ကျွန်တော်၏ အဖြစ်သည် မဆိုးပါ။ သို့ရာတွင် မျက်ရည်ကျရပါသည်။ မယုံလျှင် သင်စမ်းကြည့်ပါ။ မျက်ရည်မကျလျှင် ကျွန်တော့်ကို ရိုက်သွားပါ။

ကျွန်တော်လား ဘာလုပ်နေတယ်ထင်လို့လဲ



အဖြေကိုဖတ်ရန် ဒီနေရာကိုနိပ်

Read More...

ခဲမှန်ခြင်း


ကောင်မလေးရယ်

ငါ့ကိုအကြင်နာတွေမပေးပါနဲ့

ငါကြင်နာတဲ့လူတွေတောင် ပစ်သွားကြပြီလေ


ကောင်မလေးရယ်

ငါနားလည်ပါတယ် နင့်ခံစားချက်တွေကို


ကောင်မလေးရယ်

ငါ့ကို ခွင့်လွတ်ပေးပါ

ဖြည့်ဆည်းမပေးနိုင်လို့လေ


ကောင်မလေးရယ်

ကွဲနေတဲ့ အိုးထဲကို ရေတွေဘယ်လောက်လောင်းလောင်း

ဘယ်တော့မှပြည့်မှာ မဟုတ်ပါဘူး


ကောင်မလေးရယ်

ကွဲနေတဲ့ ငါ့အသဲပေါ်ကို

နင့်အချစ်တွေ ထပ်မလောင်းချင်ပါနဲ့


ကောင်မလေးရယ်

တိုက်ဆိုင်မှုတွေရှိတိုင်း နင့်အမြဲသတိရနေမှာပါ

အရမ်းခင်တဲ့ သူငယ်ချင်းတစ်ယောက်အဖြစ်နဲ့ပေါ့


ကောင်မလေးရယ်

နင့်လောက်ငါ့အပေါ် သီးခံပေးတဲ့လူမတွေ့ဖူးသေးဘူး

တကယ်ပြောတာပါ


ကောင်မလေးရယ်

တကယ်တော့ငါ အသဲမှာ

အချစ်တွေမှန်လို့ရတဲ့ဒါဏ်ရာတွေက သွေးမတိတ်သေးဘူး


ကောင်မလေးရယ်

ထပ်မရွယ်လိုက်ပါနဲ့

ငါဘ၀မှာ အဲဒီခဲကိုအကြောက်ဆုံးပါ




နေမင်းခ

Read More...

ဝဋ်လည်ခြင်း

ဝဋ်ဆိုတာဘာလဲ တကယ်ကောလည်ရဲ့လား။ သင်ကိုယ်တိုင်ကော အယုံအကြည်ရှိရဲ့လား။

ကျွန်တော်ငယ်ငယ်က ၀ဋ်လည်တယ်ဆိုတာကို အရမ်းကိုယုံတယ် ။ မျက်မြင်လည်း တွေ့ခဲ့ဖူးတာကို။

အခုလား ယုံတုန်းပါပဲ။

ဝဋ်လည်ဖူးလို့လား မလည်သေးပါဘူး လည်မဲ့နေ့ကိုစောင့်နေတယ်

လည်ပါစေလို့လဲ ဆုတောင်းနေတယ်

ရွာထိပ်က လူတစ်ယောက် ကြက်သတ်တာ ကြက်လိုသေရတယ်။ သူများ ဘဲတွေရုပ်ဆိုးရင် ကဲ့ရဲ့တတ်တဲ့ ရွာထဲကကောင်မလေး ကုလားကြီးနဲ့ ရသွားတယ်။ ဝေလမင်းသား သူ့အမေကို မုဆိုးမကြီးလို့ ကြိတ်ပြီးပြောတာ သူကိုယ်တိုင် ကလေးနှစ်ယောက်အမေ မုဆိုးမကိုလက်ထပ်ဖို့ ထီးနန်းကိုပါ စွန့်လွတ်ခဲ့ရတယ်။ ဗိုလ်ချုပ်ခင်ညွှန့် ပြုတ်တုန်းက ၀မ်းမြောက်ကြောင်း သ၀ဏ်လွာကို ပထဆုံးပေးခဲ့တဲ့ သက်ဆင် သူလဲဘာထူးလို့လဲ။

အဲဒီလို အဲဒီလို အခါမှာ ကျွန်တော်သည် ၀ဋ်ကိုယုံပါသည်။ ထို့အတူ ၀ဋ်လည်အောင်လို့ ဆိုပြီး ကောင်မလေး ချောချောလေးတွေနဲ့ တွဲသွားသောလူများကို ကျွန်တော်ဆဲပါသည်။ ဆိုက်ကနက် စီးသောလူများကို တွေ့သည့်နေရာတွင် ဆဲပါသည်။ ကိုဖီအာနန်ကို အိပ်ရာဝင်ခါနီးတိုင်း ဆဲပါပါသည်။

သို့ရာတွင် ကျွန်တော်ကား အခုချိန်ထိ ၀ဋ်မလည်သေးပါ . . .

ကျွန်တော်သည် ထိုကဲ့သို့ ၀ဋ်လည်မည့်နေ့ကို အမြဲတမ်း စောင့်မျှော်လျှက်ရှိပါသည်

ဝဋ်လည်ခြင်းဆိုတဲ့ နိယာမ မှန်ကန်ပါက ကျွန်တော်သည် တစ်ချိန်တွင် သေချာပေါက် ၀ဋ်လည်ပါလိမ့်မည်

Read More...

Saturday, May 26, 2007

တောင်းပန်ခြင်း ဖျက်သိမ်းခြင်း နှင့် ရွေးကောက်ခြင်း

တောင်းပန်ခြင်း

့်

ကျွန်တော်တို့ စာအုပ်ထုတ်ဝေးရေး နှောက်ပိုင်းကိစ္စများ ဆောင်ရွက်ရာတွင် အထူးသဖြင့် အယ်ဒီတာ အဖွဲ့ ရွေးချယ်ရာတွင် အချိန်မှီ ပြီးလိုသော ဆန္ဒများကြောင့် ဒီမိုကရေစီ မဆန်သလို ဖြစ်ခဲ့ရပြီး အချို့သော ညီအစ်ကို မောင်နှစ်မများ၏ ဆန္ဒများကို ပစ်ပယ်သလို ဖြစ်ခဲ့ရသည့် အပေါ် အနူးအညွတ် မေတ္တာရပ်ခံ တောင်းပန်အပ်ပါသည်။
ကျွန်တော်တို့ သည်စာမှုများ အချိန်မှီ ရရှိစေရေးအတွက် စီဘောက်များတွင်လိုက်အော်ခဲ့ ခြင်းအတွက်လည်း နားလည်ခွင့် လွတ်ပေးကြပါလို့ ဆက်လက်တောင်ပန်လိုပါသည်။
ကျွန်တော်တို့ စာအုပ်ထုတ်တယ်ဆိုရာမှာ စာအုပ်ပြီး ပြီးရောမဟုတ်ပဲ ဘလော့ဂ်ကာများ စုစုစည်းစည်းနဲ့ လုပ်ပြနိုင်တယ်ဆိုတဲ့ စွမ်းရည်ကိုပါ ထုတ်ဖော်ပြသလိုပါသည်။ သို့ဖြစ်ပါ၍ အခြင်းခြင်း စိတ်ဝမ်းကွဲစရာများ အုပ်စုကွဲစရာ ကိစ္စများ ဖြစ်ပေါ်လာမှာကို ကျွန်တော့်အနေဖြင့်မလိုလားပါ။ ကျွန်တော်မလိုလားသလို အားလုံးလဲ လိုလားကြလိမ့်မည်မဟုတ်ပါ။ သို့ဖြစ်ပါကြောင့် နောက်ဆောင်ရွက်မည့် ကိစ္စများကို ဒီမိုကရေစီ ကျကျ ဆောင်ရွက်သွားပါမည်။

ဖျက်သိမ်းခြင်း

ကျွန်တော်တို့ ဖိုရမ်တွင် ကြေငြာဖွဲ့စည်းခဲ့သော အယ်ဒီတာအဖွဲ့ကို ဒီနေရာမှာ ဖျက်သိမ်လိုက်ပါပြီ

ရွေးကောက်ခြင်း

အယ်ဒီတာ အဖွဲ့ကို ဒီမိုကရေစီကျကျ မဲပေး ရွေးကောက်ဖွဲ့စည်းသွားမည်ဖြစ်ပါသည်

ရွေးကောက်ရာတွင် ဘလော့ရေးသက်တန်း သုံးလနှင့် အထက်ရှိသူ မည်သူမဆို မဲဆန္ဒပေးနိုင်ပါသည်။

အယ်ဒီတာ အဖွဲ့ကို ၁၅ ဦးရွေးချယ်မည်ဖြစ်ပါသည်

သို့ဖြစ်ပါ၍ ဘလော့ဂ်ကာများအနေဖြင့် တစ်ဦးလျှင် မိမိအနှစ်သက်ဆုံး ဘလော့ဂ်ကာ ၁၅ ဦး ကို ဘလော့ဂ်ဖိုရမ် လော်ဘီအောက်ရှိ Editor အောက်တွင် လာရောက်ချရေးရမည်

ထိုထဲကမှ အကြိမ်ရေအများဆုံးတောင်းဆိုခံရသူ ၁၅ ဦးကို အယ်ဒီတာအဖြစ်ရွေးချယ်သွားမည်

အယ်ဒီတာ ရွေးချယ်သည့်ကာလမှာ ဇွန်လ ၁ ရက်နေ့မှ ၁၀ ရက်နေ့အထိတာဖြစ်သည်။ ( ယင်းနေ့ထက်ကျော်လွန်ပြီးမှ ၀င်လာသော အဆိုပြုချက်များကို လက်ခံစဉ်းစားမည်မဟုတ်ပါ )

ဇွန်လ ၁၁ ရက်နေ့တွင် မဲအများဆုံးရ ဘလော့ကာ ၁၅ ဦးစာရင်းကို ထုတ်ပြန်ကြေငြာပါမည်။

ယင်းနေ့တွင်ပင် ရွေးချယ်ခံ အယ်ဒီတာများကို ဆက်သွယ်၍ အတည်ပြုချက်တောင်းခံပါမည်။

ဇွန်လ ၁၄ ရက်နေ့အထိ အကြောင်းပြန်လာခြင်းမရှိသော အယ်ဒီတာများနေရာတွင် မဲအများဆုံး အဆင့် ၁၆ ၁၇ ကဲ့သို့နေရာများက ဘလော့ဂ်ကာများ နှင့် အစားထိုး သွားပါမည်

စာမှုများကို ရွေးချယ် ဖတ်ပေးရမည့်နေ့မှာ ဇွန်လ ၁၆ ရက်မှ ဇွန်လ ၂၅ ရက်အတွင်း ဖြစ်ပါသည်။

ဇူလိုင်လ ၁၅ ရက်နေ့နောက်ဆုံးထားပြီး စာပေးစိစစ်ရေးကို မဖြစ်မနေ တင်သွားပါမည်။

စာပေစိစစ်ရေးမှ အလွန်ဆုံး ၄၅ ရက်အတွင် ပြန်ကျ အောင် ကြိုးစား ဆောင်ရွက်သွားပါမည်


အားလုံး သောဘလော့ဂ်ကာများကို ဖိုရမ် လော်ဘီအောက်က အယ်ဒီတာ ဆိုတဲ့ နေရာမှာ လာရေက်မဲ ဆန္ဒပေးစေလိုပါသည်

ဥပမာ

မဲပေးသူ စိုးဇေယျ www.soezeya.blogspot.com

ရွေးချယ်ထားသည့် အယ်ဒီတာများ

မောင်မဲ www.maungmae.blogspot.com
မောင်ညို www.maugnyo.blogspot.com

အစရှိသဖြင့် ၁၅ ဦးတိတိ ရွေးချယ်ပေးစေလိုပါသည်

လာရောက်မဲပေးခြင်းမရှိသူများကို အားလုံးရွေးချယ်သမျှ သဘောတူသူများဟု မှတ်ယူကာ ရှေ့ဆက်လုပ်ရန် ကျန်ရှိသည်များကို ဆက်လက်လုပ်ဆောင်သွားပါမည်

Read More...

Friday, May 25, 2007

ကျောက်ခဲ

ကျွန်တော့်မှာ ပေါကြောင်ကြောင်နိုင်တဲ့ သူငယ်ချင်း တစ်ယောက်ရှိပါတယ်။ သူကလှည်းတန်းမှာ နေပါတယ်။ သူ့နာမည်အရင်းက ကျောက်ခဲ မဟုတ်ပါဘူး။ ဘယ်ကနေဘယ်လို ဖြစ်ပြီး အမေပေးတဲ့ နာမည်ကနေ နေ့ချင်းညချင်း ကျောက်ခဲဆိုတဲ့ နာမည်ရသွားသလဲ ဆိုတာ ကျွန်တော်လဲ မစဉ်းတတ်အောင်ပါပဲ။ လှည်းတန်း တစ်ခုလုံး သူကိုသိတဲ့ သူတွေအားလုံးကို ဒီကောင်ကို နာမည်အရင်း မခေါ်ကြတော့ပါဘူး။ ကျောက်ခဲပဲ ခေါ်ကြပါတော့တယ်။

ကျောက်ခဲရဲ့ Profine
သူကကျွန်တော်တို့ အလုပ်ကပါ။ အလုပ်ချိန်အတွင်းမှာ အရက်သောက်လို့ အလုပ်က ထုတ်ခံထားရတာ ကြာပါပြီ။ သူ့ဖေက စသုံးလုံးက အရာရှိ။ ဒီကောင်က ဥပဓိရုပ်ကလေးကတော့ မဆိုးပါဘူး။ ဒါပေမယ့် သူ့ရဲ့ ပေါကြောင်ကြောင် အနေထိုင်တွေကြောင့် သူ့ကိုဘယ်ကောင်မလေးကမှ စိတ်မ၀င်စားပါဘူး။ ကျွန်တော်နဲ့ သူနဲ့တော်တော်လေးကို ခင်ပါတယ်။ ဗုံးကွဲတုန်းကလဲ နှစ်ယောက်သား အတူတူပါပဲ။
ပြီးခဲ့တဲ့ 2006 ခုနှစ် ၁၁ လပိုင်းလောက်တုန်းက ဒီကောင်ကျွန်တော့ဆီက ပိုက်ဆံ တစ်သောင်ချည်းသွားတာ ပြန်မဆပ်ပါဘူး။ အဲဒီနောက်ပိုင်း ဒီကောင်ကျွန်တော့်ဆီကို မလာတော့ဘူး။ ကျွန်တော်ကလဲသွား မတောင်းဖြစ်တော့ဘူး။ သထာလွန်းလို့တော့ မဟုတ်ဘူး။
ဘာကြောင့် မတောင်းသလဲဆိုတော့ အကြွေးရစရာရှိတာက တစ်သောင်း။ သူ့ဆီကို အကြွေးတစ်ခါသွားတောင်းရင် လှည်းတန်း အထိ တကူးတက သွားရတယ်။ ရောက်သွားရင် သူ့ဆီက အကြွေးမရတဲ့ အပြင် လက်ဖက်ရည်တိုက်ရသေးတယ်။ တစ်ခါတိုက်ရင် အနည်းဆုံး ၇၀၀ ကနေ ၁၀၀၀ ကြားကတော့ ပြေးမလွတ်ဘူး။ ဒီကြားထဲမှာ ယောက်ဖရာ လုပ်ကွာ ငါ့မှာ သုံးစရာမရှိလို့ ပိုက်ဆံလေး ချည်းထားခဲ့ပါဦးဆိုရင် ၁၀၀၀ လောက်က ပါသွားပြန်ရော။ ဒါကြောင့် ဒီကောင့်ဆီက အကြွေးမရချင်နေ နောက်ထပ်တော့ အိတ်ထဲက ထပ်အပါခံနိုင်တော့ဘူး ဆိုပြီး ဒီကောင်ဆီကို မသွားဖြစ်တော့ပါဘူး။
ကျွန်တော် မသွားဖြစ်တဲ့ နှစ်လလောက်အတွင်းမှာ ဒီကောင့်နာမည်က ကျောက်ခဲဖြစ်သွားပြီ။ ခေါင်းကလဲ ကတုံးကြီးတုန်းထားတယ်။ ကတုံးတုန်းတာနဲ့ ကျောက်ခဲနဲ့ ဆက်စပ်မှုများ ရှိနေလေမလား။ ဒီကောင်ကို မေးတယ် မပြောဘူး။
သူမပြောတာလဲ အပြစ်မရှိပါဘူး။ မင်းက ငဖွ ကောင်ကွ လောလော ဆယ်ကျောက်ခဲ ဆိုတာ လှည်းတန်းက ကောင်လောက်ပဲသိတာ မင်းကိုပြောလိုက်ရင် ရုံးကကောင်တွေမှာ သိကုန်းမှာတဲ့လေ။
နောက်တော့ ကျွန်တော်လဲ ဟိုလို အစ်မေးဒီလို အစ်မေးနဲ့ မေးတော့မှ စိတ်ဝင်စားစရာ ကောင်းတဲ့ ကျောက်ခဲ ပုံပြင်လေးရ ပါတော့တယ်

ကျောက်ခဲ ပြောတဲ့ မောင်ကျောက်ခဲ

ဒီလိုကွ . . .
ငါကလှည်းတန်း ထိပ်က ငွေဒေါင်းမင်း လက်ဖက်ရည်ဆိုင်မှာ ထိုင်ရင်းနဲ့ ဆော်လေးတွေကို ငေးခွင့်ရာတာတော့ ငါတို့လှည်းတန်းသားတွေရဲ့ ဘ၀ပေးကုသိုလ်ပေါ့ကွာ။ မင်းသိတဲ့ အတိုင်း ငါကလဲ အဲဒီငွေဒေါင်းမင်းဆိုင်မှာ ညနေတိုင်း သွားသွားထိုင်ပြီး ကျောင်းဆင်းရုံးဆင်း ကောင်မလေးတွေကို ငမ်းငမ်းနေကြ။ နောက်ဆုံး လက်ဖက်ရည်ဖိုးမရှိရင်တောင် ရေနွေးကြမ်းသောက်ပြီး ထိုင်ငမ်းတယ်။
ငါအဲလို ငမ်းတဲ့ အထဲမှာ နေ့တိုင်းတွေ့တွေ့ နေရတဲ့ ကောင်မလေးတစ်ယောက်ကို စိတ်ဝင်စား မိတယ်ကွ။ သူကအလွန်ဆုံးရှိမှ ၁၇ ၊ ၁၈ လောက်ပဲရှိဦးမှာ။ နောက်တော့ သူ့အိမ်ကို အနောက်က လိုက်ချောင်း။ အဲဒီက တစ်ဆင့်တက်တော့ နာမည်လိုက်မေး တာပေါ့ကွာ။ သူက KMD မှာ ကွန်ပျူတာသင်တန်းတက်တာ။ ငါလဲ ကျောင်းတက် ကျောင်းဆင်းကို စောင့်ပြီး စကားလိုက်ပြောတာပေါ့ကွာ။ ပထမ လေးရက်ကတော့ လုံးဝအိုကေတယ်ကွ။ အခြေ အနေမဆိုးဘူးပေါ့ကွာ။ ဇတ်လမ်းကတော့ ငါးရက်မြောက်တဲ့ နေ့မှ စတာပဲကွ။
အဲဒီနေ့က သူသင်တန်းသွားတာကို မမှီလိုက်ဘူး။ ဒါကြောင့် သင်တန်းဆင်းမဲ့ အချိန်လောက်ကို KMD အောက်ကနေ စောင့်နေတယ်။ ကောင်မလေးက သင်တန်းက ဆင်းတော့ ငါက လိုက်သွားတယ်။ ငါ့ကို မလိုက်ခဲ့ နဲ့လို့ ပြောတယ်။ ဒါပေမယ့် ငါကဆက်လိုက် သွားတယ်။ နောက်တော့ ကောင်မလေးက Mr. Brown ဆိုင်ထဲဝင်သွားတယ်။ ဖြစ်ချင်တော့ မင်းသိတဲ့ အတိုင်းကွ ငါကငမွဲ ပိုက်ဆံမပါဘူး။ ဒါကြောင့် လိုက်ဝင်လို့ မရဘူး။ ဒါပေမယ့် ကံကောင်းချင်တော့ ငါ့နဲ့သိတဲတစ်ကောင်ကိုတွေ့လို့ ပိုက်ဆံ ၂၀၀၀ တောင်းပြီး ဆိုင်ထဲကိုလိုက်ဝင်လိုက်တယ်။ ဆိုင်ထဲရောက်တော့ ကောင်မလေးက ကော်ဖီမှာနေတာကိုတွေ့တယ်။ ဒါနဲ့ ငါလဲ သူ့လိုပဲ ကော်ဖီမှာလိုက်တယ်။ ကောင်မလေး ငါကိုလဲ တွေ့ရော တော်ပြီ ဆိုင်မှာ မသောက်တော့ဘူး ခွက်ကလေးနဲ့ ထည့်ပေးလို့ ပြောတယ်။ ငါလဲ သူ့လိုပဲ ခွက်ကလေးနဲ့ ထည့်ပေးလို့ လိုက်ပြောတယ်။ ကောင်မလေးက အရင်မှာတာဆိုတော့ သူကအရင်ရသွားတာပေါ့ကွာ ။ သူကခွက်လေး ကိုင်ပြီးထွက်သွားတယ်။ ငါကပိုက်ဆံ အမ်းတာ စောင့်ယူပြီး ဆိုင်အပြင်ကိုထွက်ခဲ့တော့ သူ့ကိုမတွေ့တော့ဘူး။ ဘယ်ရောက်သွားတာလဲလို့ ကြည့်လိုက်တော့ ကောင်မလေးက ဟိုဘက်ပေါက်ကနေ ဆိုင်ထဲမှာ ၀င်ထိုင်နေတယ်။ အဲဒီအချိန်မှာ ငါက ဆိုင်အပြင် ရောက်နေပြီ။ ပြန်ဝင်လို့ကလဲ မကောင်းတော့ဘူးလေ။ ဒါကြောင့် ငါကဆိုင်အပြင်ကနေပဲ သူ့ကို show ပြီးကြည့်နေတယ်။ သူကငါ့ကို လျှာထုတ်ပြတယ်၊ ပြောင်ပြတယ်။ ငါလဲ သူ့ကို ပြန်ပြောင်ပြတယ်။
တော်တော်လေးကြာတော့မှ ကောင်မလေးဆိုင် အပြင်ကိုထွက်လာတယ်။ ငါက သူ့အနောက်ကနေ လိုက်သွားတော့ ငါ့ကိုလည့်ကြည့်ပြီး ဆက်မလိုက်ခဲ့နဲ့တဲ့။ ငါကို ရုပ်တည်ကြီးနဲ့ လာခြောက်တယ်ကွ။ အဲလောက်တော့ ငါလဲသိတာပေါ့ကွ။ အဲလောက်လေးနဲ့ ကြောက်ပြီး နေရင်ခဲ့ရင် ငါ့ရဲ့ Role အောက်သွားမှာပေါ့။ ငါလဲဂရုမစိုက်ဘူးဆက်လိုက်တယ်။ ကောင်မလေးက နောက်တစ်ခါ ထပ်ပြောတယ် မလိုက်ခဲ့နဲ့တဲ့ သူု့အမေလာကြိုမှာတဲ့။ မင်းစဉ်းစားကြည့်လေ ချာတိတ်မလေး တစ်ယောက်က ဖြဲခြောက်တိုင်း ငါကကြောက်ပြီး ဆက်မလိုက်ရင် ငပေါကြီး ဖြစ်နေမှာပေါ့ကွ။ ဒါကြောင့် ငါက ဂရုကိုမစိုက်ဘူး။
နောက်တော့သူ လည်းတန်း ၂ လမ်းထဲကို ၀င်သွားတယ်။ ငါလဲ ဆက်လိုက်တာပဲ။ ဒါပေမယ့် ခပ်ခွာခွာပေါ့ကွာ။ ဈေးပေါက်ဝ ရောက်တော့ ကုန်းကုန်းနဲ့ ၀င်သွားတာ တွေ့လိုက်တယ်ကွ။ ငါလဲ အဲဒီ ဈေးပေါက်ဝ ရောက်တော့ ကောင်မလေး လက်ထဲမှာ ခဲနှစ်လုံး ကိုင်ထားတယ်။ ပြီးတော့ အဲဒီ ခဲနှစ်လုံးကို ခပ်ဆဆလေး မြောက်မြောက်ပြပြီး ဘယ်ခဲ ကြိုက်သလဲတဲ့ ငါ့ကိုမေးတယ်။ ငါလဲ ရုတ်တရက်ကြီဆိုတော့ နားမလည်နိုင်ဘူး ဖြစ်သွားတယ်။ ပြီးတော့ ဘေးက လူတွေကလဲ ၀ိုင်းကြည့်နေတယ်။ ငါလဲ ရှက်ရှက်နဲ့ ဒီခဲလို့ ပြောလိုက်တယ်။ ပြောလဲ ပြောလိုက်ရော ငါပြတဲ့ ခဲနဲ့ ငါ့ရင်ဘတ်ကို အုန်းခကဲ ပစ်လိုက်တော့တာပဲ။
မင်းစဉ်းစားကြည့်ကွာ ဈေးနားမှာဆိုတော့ လူတွေကလဲ ၀ိုင်းကြည့်နေကြတယ်။ ဒါကြောင့်ငါလဲ ရှက်ကလဲရှက်ဆိုတော့ ဘာလုပ်လို့လုပ်ရမှန်းမသိဘူး။ ဒါပေမယ့် အခြေအနေ မဟန်တော့ဘူးဆိုတာသိလို့ မင်းမလိုက်စေချင်ရင် ကိုယ်မလိုက်တော့ပါဘူးကွာ လို့ပြောပြီး လည့်ထွက်ခဲ့တယ်။ ဆယ်လှမ်းလောက် လျှေက်ပြီးတော့ အနောက်က ပြေးလိုက်လာတဲ့ ခြေသံကြားလို့ လည့်ကြည့်လိုက်တော့ အဲဒီကောင်မလေး ဖြစ်နေတယ်။ လက်ထဲမှာ ခဲတစ်လုံး ကျန်သေးတယ်။ ဒါကြောင့် ငါလဲတစ်ချိုးထဲ လစ်တော့မယ်လို့ ကျန်ကာရှိသေးတယ် အဲဒီခဲတစ်လုံးနဲ့ ငါ့ကြောကုန်းကို ပစ်တော့တာပဲ။
ဇတ်လမ်းကတော့ ဒါပဲကွာ။ ငါလဲ ရှက်တာနဲ့ ဆံပင်ရှည်ကြီးဆိုတော့ ဈေးနားကလူတွေ မှတ်မိမှာစိုးလို့ ကတုံးတုန်းထားလိုက်တော့တာပဲကွာ။ အဲဒီအချိန်ကစပြီး ငါနာမည်က လှည်းတန်းမှာ ကျောက်ခဲ ဖြစ်သွားတော့တာပါပဲ။
ဟေ့ကောင် မင်းရုံးရောက်ရင်မဖွနဲ့နော် . . .

စာကြွင်း။ ။ ကျောက်ခဲရေ ငါရုံးမှာ ဘယ်သူကိုမှ မပြောဘူးကွ အခုဟာက ဘလော့ဂ်မှာ ရေးတာ။ ဘယ်သူမှ သိဘူးနော် :P

Read More...

Wednesday, May 23, 2007

ကြယ်စင်လေး

ကြယ်စင်လေး
မင်းရောင်စဉ်ကြောင့်
ငါ့ဘ၀ရဲ့ အချစ်သံစဉ်တွေ
အသက်ဝင်ခဲ့ရတယ်

ကြယ်စင်လေး
မင်းရောင်စဉ်ရဲ့ လှပမှုနဲ့
တစ်ရံရောအခါက ငါ့ဘဝ
တောက်ပခဲ့ဖူးတယ်

ကြယ်စင်လေး
မင်းရောင်စဉ်ကို
လိုချင်တမ်းတစွာ
မရေတွက်နိုင်တဲ့ ညတွေမှာ
ကြိမ်ဖန်များစွာ ငိုခဲ့ဖူးတယ်

မင်းသိပါရဲ့လား ကြယ်စင်လေးရယ်
မင်းရောင်စဉ်ရဲ့
ကြင်နာမှုဟာ
ငါ့ရဲ့ ရင်မှာ
နာကြင်မှုတွေ
ဖန်တီးထားရစ်ခဲ့တယ်ဆိုတာ...


တစ်စုံတစ်ယောက်သောသူက ပေးပို့သောခံစားချက်ကဗျာတစ်ပုဒ်ဖြစ်ပါသည်

Read More...

အမျိုးသားနိုင်ငံနေရေး အင်အားစုသတင်းစာရှင်းလင်းပွဲများ

အမျိုးသားနိုင်ငံရေး အင်အားစု သတင်းစာရှင်းလင်းပွဲများတွင် မေးမြန်းခဲ့သော်လဲ ဂျာနယ်တွင် ဖော်ပြရန် အခက်ခဲရှိသော မေးခွန်းတစ်ချို့ကို ကောက်နုတ်တင်ပြလိုက်ပါသည်


နိုင်ငံတော် အလံကို ပြောင်းလဲဖို့ အမျိုးသားညီလာခံမှာ အကြံပြုတင်ပြထားကြောင်း သတင်းစာတွေ ဖတ်ရပါတယ်။ တကယ်ပဲ ပြောင်းလဲတော့မှာလား။

‘ဒါက အကြံပြုတင်ပြထားတဲ့ အဆင့်မှာပဲ ရှိပါသေးတယ် မဆုံးဖြတ်ရသေးပါဘူး။ နောက်ဆုံး ညီလာခံမှာမှ အတည်ပြုဆုံးဖြတ်ရမှာပါ
ဦးကြည်ဝင်း ( မင်္ဂလာဒုံ မဲဆန္ဒနယ်မြေ )


ရွေးကောက်ပွဲ ပြီးသွားရင် တိုင်းရင်သားတစ်ချို့က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေဖြစ်လာမယ် လို့သိရပါတယ် ဘယ်တိုင်းရင်းသားတွေလဲ။

ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ မြို့နှစ်မြို့တစ်ဆက်တစ်စပ်တည်းရှိနေပြီး အဲဒီဒေသမှာ လူမျိုးစု တစ်စုတည်းသာ အများဆုံးရှိနေရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထားပါတယ်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်အနေနဲ့ နာဂ ပလောင် ပအို့ တို့ကရရှိမှာ ဖြစ်ပြီ ၀ ကတော့ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းအနေနဲ့ ရရှိမှဖြစ်ပါတယ်။ အခု ခေါ်နေကြ စစ်ကိုင်းတိုင်းတို့ ရန်ကုန်တိုင်းတို့အစား စစ်ကိုင်းတိုင်းဒေသကြီး အဖြစ် ပြောင်းလဲ ခေါ်မှာဖြစ်ပါတယ်။ ပြည်နယ်တွေကတော့ ပြောင်းလဲခေါ်ဆိုခြင်းရှိမှာမဟုတ်ပါဘူး။
ဦးသိန်းကြည် ( တောင်တွင်းကြီး မဲဆန္ဒနယ်မြေ )


ညီလာခံ ကိုယ်စားလှယ်တော်ကြီးများကို မေးလိုပါတယ်။ ရွေးကောက်ပွဲပြီးသွားလို့ မဲအနိုင်ရတဲ့ သမ္မတကို လက်ရှိ အစိုးရက အာဏာလွဲပြောင်းပေးမယ်လို့ ယုံကြည်ပါသလား။ ဘာကြောင့် ယုံကြည်တာလဲ။
( ၃.၅. ၀၇ )

ယုံကြည်ပါတယ်။ ဘာကြောင့်ယုံကြည်တာလဲဆိုတော့ ဖွဲ့စည်းအုပ်ချုပ်ပုံမှာ ဥပဒေပြီးသွားတာနဲ့ အာဏာကို ဘယ်လိုလွဲမယ် ဆိုတာကို အသေးစိတ်ရေးဆွဲထားပါတယ်။ ဒါကြောင့်ယုံတာပါ။
နောက်တစ်ချက်က ကျွန်တော်တို့ မယုံဘူးဆိုရင် သူတို့ကညီလာခံကို ပြီးအောင်လုပ်မှာမဟုတ်ဘူး။ ကျွန်တော်တို့က ညီလာခံကို မယုံရင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြီးအောင်ရေးမှာမဟုတ်ဘူး။ ဖွဲ့စည်းပုံအခြေမရှိရင် လက်ရှိအုပ်ချုပ်ရေးစနစ်က တည်မြဲနေဦးမှပဲ။ ဒါကြောင့် ကျွန်တော်တို့က ယုံပါတယ် ဥပဒေကိုသာ ပြီးအောင်သာမြန်မြန်ရေးပါ ရွေးကောက်ပွဲကို မြန်မြန်လုပ်ပါဆိုပြီး တွန်းအားပေးနေပါတယ်။
ဦးသိန်းကြည် ( တောင်တွင်းကြီး မဲဆန္ဒနယ်မြေ )

Read More...

လျှို့ဝှက်ချက်



ဒီနေရာကို မနှိပ်ရ

Read More...

Tuesday, May 22, 2007

ပုစ္ဆာ ၂

အထက်ပါ အဖြစ်ပျက်များ ဖြစ်ပျက်ပြှီးနောက်ပိုင်းတွင် ကျွန်တော်လည်း ဆိပ်ကမ်းသို့ အမြဲ မသွားဖြစ်တော့ပါ။ သို့ရာတွင် ပန်းချီဆွဲတဲ့ ကောင်မလေးကို တော့မေ့လို့မရ။
တစ်ခုသောညတွင် ကျွန်တော်အိပ် ပျော်နေစဉ် ပန်းချီဆွဲတဲ့ ကောင်းမလေးကို အိမ်မက်ထဲတွင် တွေ့သည်။ သူမသည် ကျွန်တော်နှင့် တွေ့စဉ်က အတိုင်း လုံချည်ကို ၀တ်ပြီး ဆံပင်ကို ဖားလားချထားသည်။ မျက်နှာတွင် ဘာမျှလိမ်း ခြယ်ထားခြင်းမရှိ။ သူမသည် ကျွန်တော့်ကို အပြင်မှာ ကဲ့သို့ပင် ချိသာစွာ ပြုံးပြသည်။ ကျွန်တော် သူမကို စကားပြောပေမယ့် သူမကတော့ ဘာတစ်ခွန်းမှ ပြန်မပြော ပြုံးမြဲသာပြုံးနေသည်။ ထို့နောက် သူမ ငိုသည်။ ဘာကြောင့် ငိုသည်ကို ကျွန်တော်မသိပါ။ မေးလို့ လဲမရပါ။ စိတ်မရှည်တော့ သည့်အဆုံး သူမကို ဆွဲကိုင်ရန် ကြိုးစားလိုက်သည်။ သို့သော် သူမပျောက်ကွယ်သွားသည်။

မိုးလင်းလို့ အိပ်ရာထတော့ အင်္ဂါနေ့။ တိုက်တိုက် ဆိုင်ဆိုင် သူမကို ကျွန်တော် စတွေ့ခဲ့တာကလဲ အင်္ဂါနေ့။ ဒါကြောင့် ကျွန်တော် သူမ အတွက် ကောင်းမှုကုသိုလ်လုပ်ရန် ရွှေတိံဂုံ ဘုရားသို့ တက်လာခဲ့သည်။ ဘုရားရောက်တော့ စံပယ်ပန်း ၁၅ ကုံးဝယ်ကာ အင်္ဂါဒေါင့် တွင်ဘုရားသို့ ကပ်၍ ပြန်ခဲ့သည်။

ထို့နေ့က ရုံးတွင် ကျွန်တော်အလုပ်လုပ်ရန် ထွေထွေထူးထူး ကိစ္စမရှိပါ။ ထိုနေ့က မိုးကလဲ တော်တော်လေး သည်းသည်။ မိုးသဲသဲတွင် ဘာမျှလုပ်စရာမရှိသော ကျွန်တော် ထိုင်ခုံတွင် ငုတ်တုတ် ထိုင်ရင်မေးကနဲ အိပ်ပျော်သွားပါတော့သည်။

နေ့ခင်းဘက်ခုံ ပေါ်တွင်ထိုင်ရင် အိပ်ပျော်သည် ဆိုသာမှာ သိကြတဲ့ အတိုင်း နိုးတ၀က် အိပ်တ၀က်။ ကျွန်တော်သည် အိပ်ပျော်နေပေမယ့် အပြင်ကလူတွေ စကားပြောသံကို ကြားနေရသည်။ ထိုသို့ကြားနေရသော အသံထဲတွင် ဘုရားမှာ ကပ်ထားသော စံပယ်ပန်း ၁၅ ကုန်းကို ပြန်ချပြီးပါက ရေမှာ မျှောပေးပါတဲ့။ ကျွန်တော် အဲဒီ အသံကို သဲသဲကွဲကွဲ ကြားလိုက်ရသည်။ ထိုအသံ ကြားလိုက်သည်နှင့် ကျွန်တော် လန့်နိုးသွားသည်။ မျက်လုံး ဖွင့်ပြီး ဘေးဘီကို ကြည့်လိုက်တော့ ရုံးက လုပ်ဖော်ကိုင်ဘက်များ သူ့အလုပ်နှင့် သူလုပ်နေကြည်။ ထိုအချိန်တွင် မိုးကလဲ စဲနေပြီ။

ကျွန်တော်သည် သရဲ့ တစ္ဆေ နှင့် ၀ိဥာည် လောကကို ခေတ်လူငယ်ပီပီ ယုံကြည်ခြင်းမရှိ ပေမယ့် ဗုဒ္ဓဘာသာ ၀င်တစ်ဦး ဖြစ်သည်က တစ်ကြောင်း။ ကျွန်တော့် အတွက် အပန်းမကြီးသည်က တစ်ကြောင်းတို့ကြောင့် ဘုရားပေါ်က ပန်းများကို ချပြီး ရေသို့သွားမျှောရန် ဆုံးဖြတ်လိုက်သည်။

ကျွန်တော် ဘုရားကို နောက်တစ်ခေါက် ပြန်ရောက်သွားတော့ ဘုရားမှ ကပ်ထားတဲ့ စံပယ်ပန်းကုန်းတွေက ၁၅ ကုံး မကတော့ပါ။ တော်တော်လေးများနေပြီ။ ကျွန်တော်သည် ဘုရားကို သုံးကြိမ်ဦးချ ခွင့်တောင်းပြီး စံပယ်ပန်း ၁၅ ကုန်းတိတိကို ယူလာခဲ့သည်။ ရုံးရောက်တော့ စံပယ်ပန်းများကို ကျွန်တော့်စားပွဲပေါ်တွင် တင်ထားလိုက်သည်။ ပြီးနောက် မတွေ့တာ ကြာပြီ ဖြစ်တဲ့ သူငယ်ချင်းတစ်ယောက် ရောက်လာကြောင့် ရုံးအပြင်ထွက်ကာ လက်ဘက်ရည် လိုက်တိုက်လိုက်သည်။

ကျွန်တော်ပြန်လာလို့ ကြည့်လိုက်တော့ စားပွဲပေါ်မှာ ထားခဲ့တဲ့ စံပယ်ပန်းတွေ မရှိကုန်တော့။ မေးကြည့်တော့ ကျွန်တော့်ဘေးခုံမှာ ထိုင်တဲ့ ကောင်မလေးက နောက်ဘေးလမ်းကြားထဲကို ပစ်လိုက်ပြီတဲ့။ ပန်းမှာ ဖြုတ်တွေတက်နေလို့ တဲ့လေ။ နောက်ဘေးလမ်း ကြားကိုကြည့်လိုက်တော့ စောစောက စံပယ်ပန်းလေးတွေကို တွေ့နေရသည်။ ဒါကြောင့် စောစောက ကောင်မလေးကို အကျိုးအကြောင်းပြောပြပြီး ပြန်ကောက်ခိုင်းသည်။ ကောင်မလေးသည် ကျွန်တော့်စကားကို အယုံအကြည်မရှိဟု ဆိုကာ မကောက်ပဲနေသည်။ ထို့ကြောင့် ကျွန်တော်ကိုယ်တိုင် ဆင်းကောက်ကာ ပြန်ယူခဲ့ရသည်။ ရုံးဆင်းသည်နှင့် ဆိပ်ကမ်းသို့ သွားကာ ထိုပန်းလေများကို ရေသို့ မျှောချလိုက်ပါသည်။

နေက်တစ်ရက်တွင် ကျွန်တော်ဘေးနားမှာ ထိုင်တဲ့ ကောင်မလေး ရုံးမလားပါ။ နောက်တော့ သူ့အိမ်က ဖုန်းဆက်သည်။ ညက ကုတင်ပေါ်မှပြီး လက်ကျိုးသွားသောကြောင့် သင်္ကန်းကျွန်း စံပြဆေးရုံကြီးတွင် ကျောက်ပတ်တီး စီးထားရသည်ဟု ဆိုသည်။

ညနေရုံးဆင်းတော့ ရုံးက အဖော်တွေနဲ့ ဆေးရုံတက်နေတဲ့ ကောင်မလေးကို လူနာသွားမေးကြသည်။ ဆေးရုံရောက်တော့ ကောင်မလေးရဲ့ အမေက
သမီးက အိပ်ရေး တော်တော်နုတာ အဲလို ကုတင်ပေါ်က တစ်ခါမ မကျဖူးသေဘူး

ကောင်မလေးကို ကြည့်ရတာ တစ်စုံတစ်ခုကို ကြောက်နေပုံပေါ်သည်။ စကား တစ်လုံမှ မပြော။ ဒါကြောင့် ကျွန်တော်က စပြီး စကားစရှာပြောရသည်။

နင်က ဘာလဲ အိပ်မက်ထဲမှာ ဘဲဘဲနဲ့ ပြေးတမ်းလိုက်တန်း ကစားရင် ပြုတ်ကြသွားတာလား။
ကျွန်တော်က သူစိတ်ပြေပါစေတော့ ဆိုပြီးပြောလိုက်သည်။

မဟုတ်ဘူးဟ
ကောင်မလေးက ဒီတစ်ခွန်းထဲပြောပြီး ပြုတင်းပေါက်ကနေ အဝေးကို ငေးနေသည်။ ကျွန်တော်တို့ အားလုံးလဲ ဘာဆက်ပြောရမှန်း မသိ။

ညက အိမ်မက်ထဲမှာ နင်ပြောတဲ့ ကောင်မလေးနဲ့ တွေ့တယ်။ သူက ကိုယ်လုပ်တဲ့ မကောင်းမှု ကိုယ်ဘာသာ ကိုခံရမယ်လို့ ပြောပြီး ပြုံးပြနေတယ်။ ငါလဲ ကြောက်ကြောက်တာနဲ့ ထွက်ပြေးလိုက်တော့ ကုတင်ပေါ်က ပြုတ်ကျတော့တာပဲ

အဖြစ်ပျက်တွေကပဲ တိုက်ဆိုင်နေတာလား။ ၀ိဥာည်လောကကို တကယ်ပဲယုံကြည်ရတော့မှာလဲ ကျွန်တော် မဝေခွဲတတ်တော့ပါ။ ကျွန်တော်ဆေးရုံကပြန်ရောက်တော့ ခုနစ်နာရီ လောက်ရှိပြီ။ ရာသီဥတုကလဲ သာသာယာယာရှိသည်။ မိုးကတော့ မှောင်စပြုပါပြီ။ ကျွန်တော် အိမ်အပေါ်ထက်ကနေ ဆိပ်ကမ်းဆီတော့ လှမ်းမျှော်ကြည့်နေမိသည်။ ထိုနေ့ညက အိမ်မက်ထဲသို့ ပန်းချီဆွဲတဲ့ ကောင်မလေး ရောက်လာပါသည်။

ထူးဆန်းသည်က ကောင်မလေး ပါးပြင်တွင် သနပ်ခါးကို ပါးကွက်ကြားလေး ကွက်ထားသည်။ သူမ၏ လက်ထဲတွင် ကလစ်ဘုတ်လေးနှင့် ခဲတံလေးကို ကိုင်ထားသည်။ ထို့နောက် ကျွန်တော့်ကို ပန်းချီဆွဲပေးမည်ဟု ပြောသည်။ကျွန်တော်လဲ ပန်းချီဆွဲရန် သဘောတူလိုက်သည်။ သူမသည် ကျွန်တော့ကို နံရံတွင်မှီခိုင်းကာ ဝေးတစ်နေရာသို့ ခပ်ဆွေးဆွေး ကြည့်နေသည့်ပုံမျိုးထိုင်ခိုင်းသည်။ ကျွန်တော်လဲ သူမပြောသည့်အတိုင်း နေပေးလိုက်သည်။ တော်တော်လေး ကြာတော့သူမ အသံပေးသည်။ သူမကိုကြည့်လိုက်တော့ ပုံဆွဲလို့ပြီးသွားဟန်တူသည်။

သူမသည် ကျွန်တော့်ကို ပြုံးပြီးကြည့်နေသည်။ ကျွန်တော်လဲ ပြုံးပြသည်။ သူမသည် ပြုံးနေရင်က မျက်ရည်များစီး ကျလာသည်။ ထိုမျက်ရည်စက်များသည် ပါးပြင်ပေါ်က သနပ်ခါးပါးကွက်ကြား လေးပေါ်မှာ ချောင်းလေး သဖွယ်စီးကျနေသည်။ မျက်ရည်များစီးကျနေရင်းနှင့်ပင် သူမအပြုံမပျက်ပါ။ ထို့နောက်ကျွန်တော့်ကို နုတ်ဆက်သည်။ သွားတော့မယ်တဲ့။ သူမသည် နုတ်ဆက်ပြီးတာနဲ့ တခါတည်း လည့်ထွက်သွားပါတော့သည်။ ကျွန်တော်နောက်က လိုက်ခေါ်နေပေမယ့် ကျွန်တော့် အသံတွေထွက်မလာပါ။သူမလဲ တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့ပြီ။

ထူးခြားသည်က ထိုအိမ်မက် မက်ပြီးနောက်ပိုင်းတွင် သူမကို အိမ်မက်ထဲမှာရော အပြင်မှာပါ မြင်တွေ့ခြင်းမရှိတော့ပါ။

Read More...