Art is My Life: မကြေနပ်ချက်
Showing posts with label မကြေနပ်ချက်. Show all posts
Showing posts with label မကြေနပ်ချက်. Show all posts

Friday, June 25, 2010

ထမခြောက်လေး တစ်စလယ်နဲ့ မိုးခေါင်ခိုင်းတဲ့လူ

ဒီနေ့ ကျွန်တော် FEC သွားလှဲတော့ ၉၁၅ ကျပ်ပဲ ပေါက်ဈေးရှိသည်။ ကျွန်တော် တော်တော်ဖု သွားသည်။ ပြီးခဲ့ အပတ်က လှဲတာ ၉၆၀ ရသေးသည် တစ်ပတ်အကြာမှာ ၉၁၅ ကျပ်ဆိုတော့ ဘယ်လိုဖြစ်တာလဲ ကျွန်တော်စဉ်းစားလို့ကား ဥာဏ်မမှီ။ ကျွန်တော် FEC လှဲနေကျ ဆိုင်က အမကြီးကတော့ ပြောရှာသည် “မောင်လေးရယ် အခုဈေးတွေကျနေတယ်............. ”

ကျွန်တော် မှတ်မိသလောက် ၂၀၀၅ ခုနှစ် ပတ်ဝန်းကျင် တစ်ဒေါ်လာလျှင် မြန်မာငွေ ကိုးရာကျော်ကျော်ပတ်ဝန်းကျင် တွင်ပေါက်ဈေးရှိသည်။ ထိုစဉ်က ဘဲဥတစ်လုံးကို ငါးဆယ်ကျပ်ပေးရသည်။ ကျွန်တော် ၀ယ်နေကျ ဆန်တစ်အိတ်ကို တစ်သောင်းရှစ်ထောင် ပေးရသည်။ နောက်တော့ ဘယ်လိုဖြစ်သည်မသိ ဒေါ်လာဈေးက ရုတ်တရက်ခုန်တက်သွားသည်။ တစ်ဒေါ်လာကို တစ်ထောင်ကျော်ဈေး။ အဲဒီတော့ ကျွန်တော် ၀ယ်နေကျ ဘဲဥတစ်လုံးကို ငါးဆယ်နှင့် မရတော့သလို ကျွန်တော်ဝယ်နေကျ ဆန်တစ်အိတ်ကို တစ်သောင်းရှစ်ထောင်နှင့် မရတော့ပေ။ ဘာကြောင့်လဲ ဆိုတော့ ဒေါ်လာဈေးတက်လို့လေ.......

ကျွန်တော်ငယ်ငယ်က အဖေပြောပြသော ပုံပြင်လေးတစ်ပုဒ်ကို အခုအထိ အမှတ်ရနေပါသေးသည်။ ပုံပြင်လေးနာမည်က ထမခြောက်(ထမင်းခြောက်) တစ်စလယ်နဲ့ မိုးခေါင်ခိုင်းတဲ့လူတဲ့။ ပုံပြင်ထဲက လူမှာ ထမခြောက် တစ်စလယ်(ဆန်နို့ဆီဗူးနှစ်လုံး)ရှိသည်။ ထိုထမင်းခြောက်လေး တစ်စလယ်ကို ရောင်းလျှင် ဈေးကောင်းရဖို့ဆိုလျှင် ဆန်စပါး ရှားမှဖြစ်မည်။ ဆန်စပါးရှားဖို့ဆိုလျှင် မိုးခေါင်ပြီး ဆန်တွေအထွက်နှုန်းကျမှ ဖြစ်မည်။ သို့ကြောင့် သူ့ထမခြောက်လေး တစ်စလယ်ကို ရောင်းရင် ဈေးကောင်းရဖို့အတွက် မိုးခေါင်ပါစေလို့ ဆုတောင်းပါတော့သည်။ ပုံပြင်ထဲက လူကတော့ သူ့ထမခြောက်လေး တစ်စလယ်ကို ဈေးကောင်းရဖို့ အရေးတတိုင်းပြည်လုံးကို ဒုက္ခရောက်ခိုင်းနေသည်။

ကျွန်တော်လည်း တစ်ခါတစ်လေ ပြန်စဉ်းစားမိသည်။ ရတဲ့ လစာ FEC နှစ်ပဲခြောက်ပြားလေး ဈေးကောင်းရဖို့ ဈေးတွေစွတ်တက်ခိုင်း နေသလိုများဖြစ်ပြီလား။ ကျွန်တော်ကတော့ ကိုယ်များများရဖို့အတွက်တစ်ခုတည်းနဲ့ FEC ဈေးတွေကို စွတ်တက်စေချင်သည်မဟုတ်ပါ။ ဒေါ်လာဈေးတွေတက်လျှင် ကုန်ဈေးနှုန်းတွေက ဒေါ်လာဈေးတက်လို့ဆိုပြီး စွတ်လိုက်ကြသည်။ ဒေါ်လာဈေးတက်တာက နှစ်လက်မလောက်ဆိုရင် ကုန်ဈေးနှုန်းတွေက နှစ်ပေလောက် ခုန်တက်လိုက်ကြသည်။ ဒေါ်လာဈေးကျတော့ ကုန်ဈေးနှုန်းတွေက ထင်သာမြင်သာအောင် လိုက်မကျ မသိချင်ယောင် ဆောင်နေကြသည်။ ဘယ်သူ့ကို အပြစ်တင်ရမည်မသိ။ ကျွန်တော် တရားခံလိုက်ရှာကြည့်သည်။ ကုန်သည်တွေလား ကုန်ခြောက်ဆိုင်တွေလား လူပုဂ္ဂိုလ်တွေလား။ နောက်ဆုံးတော့ ကိုယ့်ကိုသာ အပြစ်တင်ပါတော့သည်။ ကိုယ်မှ အသုံးမကျခဲ့တာကိုး..........

ဒါကတော့ မြန်မာ့ဆန်စပါး ချင်တွယ်တဲ့ ယူနစ်ပါ
နှစ်လမြူ တစ်လမျက်
နှစ်လက်မျက် တစ်လမယ်
နှစ်လမယ် တစ်စလယ်
နှစ်စလယ် တစ်ခွက်
နှစ်ခွက် တပြည်
လေးပြည် တစ်စိတ်
နှစ်စိတ် တစ်ခွဲ
နှစ်ခွဲ တစ်တင်း


Read More...

Monday, December 01, 2008

ဘလော့ဂ်မရေးဖြစ်တဲ့ အကြောင်း

ကွန်နက်ရှင်ဒေါင်း
Ultra Surf မပွင့်
Free Don မတက်
ဝက်ပရောက်စီကနေ ကျော်ပြန်တော့ ဘလော့ဂ် ဖန်ရှင်တွေက မစုံ
အဲဒီတော့ မထူးပါဘူးဆိုပြီး မရေးပဲ ပစ်ထားလိုက်တာ တော်တော်ကြာသွားတယ်

Read More...

Monday, November 17, 2008

Forever Sports Journal What is your Ethic


ကျွန်တော့်ဘလော့ဂ်မှာ တင်ထားတဲ့ပုံကို Forever Sports Journal က ခပ်တည်တည်နဲ့ ယူသုံးထားတာပါ။ ကျွန်တော်ကြီးကြီး ကျယ်ကျယ်ပြောတာ မဟုတ်ပါဘူး။ အဲဒီပုံတွေကို လမ်းဘေးမှာ ရိုက်သလို ချက်ခြင်းရိုက်လို့ရတာ မဟုတ်ပါဘူး။ ဘရာဇီးအသင်း ဧရာဝတီသွားမယ်ဆိုတော့ ကျွန်တော်လိုက်ချင်လွန်းလို့ ဘော့လုံးအဖွဲ့ချုပ်ကို သွားပြောပါတယ်။ အဖွဲ့ချုပ်ကသူတို့ အစီစဉ် မဟုတ်ပါဘူး YMCA ရဲ့ အစီစဉ်ပါဆိုပြီး ပြောပါတယ်။ ဒါကြောင့် လိုက်ဖို့ရာ နှစ်ရက်လောက်ကြိုပြီး YMCA မှာပြောထားရပါတယ်။

ဧရာဝတီတိုင်းကို ထွက်မဲ့မနက်ရောက်တော့ မနက်အစောကြီးထပြီး ဟိုတယ်ရန်ကုန်အရှေ့မှာ ငုတ်တုတ်လေး ထိုင်စောင့်နေရပါတယ်။ ဟိုတယ်လုံခြုံရေးတွေက ဓာတ်ပုံသမားမို့ ပေးမ၀င်ဘူးဆိုလို့ပါ။ နောက်တော့ YMCA အဖွဲ့တွေလာပြန်တော့လည်း ကားကတစ်စီးတည်း ဖြစ်နေလို့ မဆံ့တော့ဘူးတဲ့။ ကျွန်တော်တို့မှာ မှတ်ရပ်ပြီး လိုက်ရလိုက်ရ လိုက်ရရင်ပြီးပါပြီ ဆိုပြီး အဲဒီခရီးစဉ်ကို လိုက်ဖြစ်ခဲ့တာပါ။

ဆိုလိုချင်တာတော့ သူများဘက်က အဲလို ခဲရာခဲဆစ်ကြိုစားပြီး ရိုက်လာတဲ့ပုံတွေကို သူတို့က အကြောင်းမကြား ဘာမကြားနဲ့ ခပ်တည်တည်နဲ့ ယူသုံးလိုက်တယ်။ ကျွန်တော်ပြောချင်တာက ဖောင်ပိတ်အမှီမို့လို့ ယူသုံးလိုက်တာ အကြောင်းမကြားဘူးပဲထား။ ပုံအောက်မှာတော့ ဘယ်သူ့ဆီကနေ ယူသုံးတယ်ဆိုမျိုးတော့ ထည့်သင့်ပါတယ်။ အခုတော့ မသိရင် သူ့ဖာသာ သူတို့ ရိုက်ထားတာလို လို ဘာလိုလိုနဲ့ ခပ်တည်တည်နဲ့ ယူသုံးလိုက်တာ။

အဲဒါကြောင့် ကျွန်တော်မေးချင်တာက Forever Sports Journal ရဲ့ Ethic က ဘာလဲဆိုတာပါပဲ ။

မူရင်းပို့စ်ကို ဒီနေရာမှာကလစ်ခေါက်ပြီး ကြည့်နိုင်ပါတယ်

Read More...

Wednesday, September 26, 2007

လော်စပီကာ နဲ့ ဘလော့ဂ်

ဘလော့ဂ်ဆိုတာ ဘာလဲ . . . .

ကျွန်တော် အပြင်မှာတွေ့တိုင်း မကြာခဏ ပြောဖြစ်ပါတယ်။ တချို့လူတွေကိုလဲ ရှင်းပြဖြစ်ပါတယ်။ ဘလော့ဂ်ဆိုတာ လော်စပီကာလိုပဲ . . . .

လော်စပီကာဆိုတာ သာမာန် ပြောနေကြ အသံထက် ပိုပြီး ကျယ်အောင် စွမ်းဆောင်ပေးနိုင်တယ်။ ဘလော့ဂ် ဆိုတာလဲ ဒီသဘောတရားပါပဲ။

အရင်က ကျွန်တော်ကဗျာရေးတယ်။ ကျွန်တော်ရေးတဲ့ ကဗျာဟာ စာအုပ်ထဲမှာ နေလိမ့်မယ်။ သများတွေကို ဖတ်စေချင်လွန်းလို့ လိုက်ပြတယ်ထား။ အများဆုံး လိုက်ပြနိုင်လှရင် လူဆယ်ယောက်ပေါ့ ဒီထက်မပိုဘူး။ ဒါပေမယ့် အဲကဗျာကိုပဲ စာအုပ်ထဲမှာ မရေးဘူး။ ဘလော့ဂ်ပေါ်မှာရေးတယ် တစ်နေ့တစ်နေ့ကို လူရာနဲ့ချီပြီး ကျွန်တော်လိုက်ပြ နိုင်စွမ်းရှိလာတယ်။

လော်စပီကာ ဆိုတာကတော့ဗျာ ... .
အဲဒီလော်စပီကာကို လူတစ်ယောက် လက်ထဲကို ထည့်လိုက်တယ်ဆိုပါစို့၊ အဲဒီလူဟာ အဆိုတော် ဖြစ်ရင် လော်စပီကာကို သုံးပြီး သီချင်းဆိုလိမ့်မယ်၊ ဘုန်းကြီးဖြစ်ရင် တရားဟောလိမ့်မယ်၊ ကျောင်းဆရာဆိုရင် သင်ထောက်ကူပြု ပစ္စည်းတစ်ခုအဖြစ် အသုံးချလိမ့်မယ်၊ ထီသယ်ကတော့ ထီရောင်းလိမ့်မယ်၊ ဈေးသည်ကတော့ ဈေးသည်ကတော့ ဈေးရောင်းလိမ့်မယ်၊ အရက်သမား လက်ထဲရောက်သွားရင်း မူးတဲ့ အခါမှာ ရပ်ကွက်ထဲလှည့်ပြီး အော်ဆဲကောင်း အော်ဆဲလိမ့်မယ်။

အဲလို အရက်သမားက လော်စပီကာကိုသုံပြီး အော်ဆဲတာနဲ့ လော်စပီကာသုံးတဲ့ လူတိုင်းကို လော်စပီကာ မသုံးရဆိုတဲ့ အမိန့်ထုတ်ပြန်လိုက်တော့မှာလား။

ဘလော့ဂ်ဆိုတာလဲ ဒီသဘောတရားပါပဲ . . . .

Read More...