Art is My Life: မွေးနေ့ဆုတောင်း
Showing posts with label မွေးနေ့ဆုတောင်း. Show all posts
Showing posts with label မွေးနေ့ဆုတောင်း. Show all posts

Tuesday, February 12, 2008

ကျွန်တော့်မွေးနေ့

၁၉၉၀ ၀န်းကျင်ခန့် က ( ကောလင်းမြို့နယ် ကြို့ခုန်ရွာ)


ညီလေး မမ ကျွန်တော် (အင်းတော်မြို့)


ငယ်ငယ်တုန်းကစာတော်တယ် (ကျော်ဇေယျာ အမက)

တပ်မတော်နေ့ အထိမ်းမှတ်ကဗျာပြိုင်ပွဲ ၊ မြို့နယ်အဆင့်ပထမ (ဆယ်တန်းနှစ်က)




ဆယ်တန်းအောင်တဲ့နှစ် (2002)


ခရစ်စမတ်နေ့ (2006)



YangonMediaGroup နှစ်ပတ်လည် (2007ဇန်န၀ါရီ)


ကွမ်လုံမြို့နယ် (2007 နိုဝင်ဘာ)


သူများအိမ်မှာ သူများကွန်ပျူတာနဲ့ :P



ကျွန်တော်နဲ့ တစ်ရက်တည်းမွေးတဲ့ ပုဂ္ဂိုလ် (Abraham Lincoln 1809)

Read More...

Monday, February 11, 2008

Edison မွေးနေ့


ဒီနေ့ဟာ တီထွင်သူ ပါရဂူကြီး Thomas Edison ရဲ့ မွေးနေ့ဖြစ်ပါတယ်။

သူဟာ မှတ်ပုံတင်ထားတဲ့ တီထွင်မှု အမျိုးပေါင်း တစ်ထောင်ကျော် ရှိပြီး သူတီထွင်မှုတွေထဲမှာ အကြော်ကြားဆုံး တီထွင်မှုကတော့ လျှပ်စစ်မီးလုံးပဲ ဖြစ်ပါတယ်။ သောမတ်အက်ဒီဆင် ရဲ့ ကျေးဇူး ရောင်ခြည်တွေက တကမ္ဘာလုံးကို လွမ်းခြုံထားပါတယ်။ကျွန်တော်တို့ ညပိုင်းမှာ အလင်းရောင်ကို ရရှိနေခြင်းဟာ အက်ဒီဆင်၏ ကျေးဇူးများ ကြောင့်ဖြစ်ပါတယ်။ (မီးပျက်သော ညများမပါ)

သူ့အကြောင်းကိုတော့ ကျွန်တော် ငယ်စဉ်ကတည်းက ကျောင်းစာအုပ်တွေထဲမှာ သင်ကြားခဲ့ရပြီးဖြစ်လို့ ထွေထွေထူးထူး ပြောဖို့ မလိုတော့ဘူးလို့ ထင်ပါတယ်။ ဒါပေမယ့် ......

သူဟာ လျှပ်စစ်မီးလုံးကို စိတ်ကူးရလို့ စတီထွင်ထွင်ခြင်းမှာ အောင်မြင်ခဲ့တာမဟုတ်ပါဘူး။ အကြိမ်ခြောက်ထောင် ကျော်မှ သူ့လျှပ်စစ် မီးလုံးကို အောင်မြင်စွာ တီထွင်နိုင်ခဲ့တာပါ။ သူလျှပ်စစ်မီးလုံးကို အောင်မြင်စွာ တီထွင်နိုင်တဲ့ အချိန်မှာ မီးလုံးမဖြစ်လာသေးတဲ့ လျှပ်စစ်မီးလုံး အပျက်တွေကို ကားနဲ့ တိုက်ထုတ်သွားခဲ့ရတယ်လို့ ဆိုပါတယ်။

သူလျှပ်စစ်မီးလုံးကို အောင်မြင်စွ တီထွင်နိုင်တဲ့ အချိန်မှာ “ မီးလုံးတစ်လုံး အောင်မြင်ဖို့ မအောင်မြင်တဲ့ အကြိမ်ရေ ခြောက်ထောင် ကျော်လောက် ရှိခဲ့တာပေါ့” လို့ သူ့ကို ပြောကြတဲ့အခါ၊ “ အဲဒီအကြိမ်ရေ ခြောက်ထောင်ဟာ မအောင်မြင်တာ မဟုတ်ပါဘူး၊ လျှပ်စစ် မီးလုံး လုပ်လို့မရတဲ့ နည်းလမ်းခြောက်ထောင်ကို အောင်မြင်စွာ ရှာဖွေ တွေ့ရှိခဲ့တာပါ” လို့ သူက ပြန်ပြောခဲ့ပါတယ်။

ကျွန်တော်တို့ ဘ၀မှာလည်း လျှပ်စစ်မီးလုံး တီထွင်သလိုပါပဲ။ ဘ၀ကို အောင်မြင်ဖို့ ကြိုးစားတဲ့ အခါမှာ အကြိမ်ပေါင်းများစွာ ကျရှုံးဖူးကြပါလိမ့်မယ်။ မအောင်မြင်တဲ့ နည်းကို သိရင် နောက်တစ်ခါ အဲဒီအတိုင်း မလုပ်ပဲ တစ်ခြားနည်းလမ်း တစ်ခုကို ပြောင်းလုပ်ကြည့်သွားလို့ ရနိုင်ပါသေးတယ်။

ဒီနေ့မှာ ကျရောက်တဲ့ မွေးနေ့ရှင် သောမတ်အက်ဒီဆင်ဟာ 1847 ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး 1931 အောက်တိုဘာလ 18 ရက်နေ့မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့အထိသာ အသက်ရှိနေဦးမယ်ဆိုရင် 161 တစ်နှစ် ပြည့်မှာ ဖြစ်ပါတယ်။

မှတ်ချက်။ ။ ဖေဖော်ရီ ဆယ်ရက် အစွန်းပိုင်းကာလမှာ အက်ဒီဆင် လင်ကွန်း မြန်မာလွတ်လပ်ရေး ဘိသုကာ ဗိုလ်ချုပ်အောင်ဆန်း အစရှိတဲ့ လူသားအကျိုးပြု ပုဂ္ဂိုလ်တွေကို မွေးဖွားခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် မနက်ဖြန်မှာလဲ လူသားအကျိုးပြု ပုဂ္ဂိုလ်တစ်ယောက်ရဲ့ မွေးနေ့ကို ဆက်လက်တင် ပြသွားမှာ ဖြစ်ကြောင်း အသိပေးလိုက် ပါရစေ။

Read More...

Monday, December 24, 2007

Happy Birthday မေမေ

ဒီနေ့ ဒီဇင်ဘာ ၂၄ အမေ့မွေးနေ့

ကျွန်တော် မေမေ့ကို အမေလို့ စသိတဲ့အချိန်က ..........
စစ်ကိုင်းတိုင်း အထက်ပိုင်း မဲဇာမြို့နယ်ခွဲ ဂျုံးဂျုံးဂျ လို့အမည်ရတဲ့ ရွာလေးမှာ။ အဲဒီရွာလေးက မဲဇာချောင်းနဲ့ မဲဇာတောင်ကြား မှာတည်ရှိပြီး အမေရယ် မမရယ် ကျွန်တော်ရယ် အဲဒီရွာလေးမှာ နေကြတယ်။ အမေဟာ အဲဒီရွာလေးမှာ တာဝန်ကျတဲ့ သူနာပြု ဆရာမပေါ့။ တခါတရံမှာ မေဟာ သူနာပြု ယူနီဖောင်းကို ၀တ်ဆင်လေ့ရှိပြီး သူတို့ဟာ နိုက်တင်ဂေးရဲ့ တပည့်တွေလို့ ဂုဏ်ယူစွာ ပြောတတ်တယ်။

ကျွန်တော်တို့ ကျောင်းနေတဲ့ အရွယ် ရောက်လာတော့ အမေနဲ့အတူ မနေဖြစ် ကြတော့ဘူး။ အမေက သူတာဝန်ကျတဲ့ မြို့တွေနယ်တွေမှာ နေပြီး ကျွန်တော်တို့က အဖွားအိမ်မှာ နေပြီး ကျောင်းတက်ရတယ်။ အမေ အငြိမ်းစားယူပြီးတော့ ကျွန်တော်ဆယ်တန်း အောင်သွားပြီ။ ဆယ်တန်း အောင်တော့ ရန်ကုန် ရောက်လာခဲ့တယ် ပြောမယ်ဆိုရင်တော့ အမေနဲ့ နေရတဲ့ အချိန်ဆိုတာ ကျွန်တော့်အတွက် သိပ်မရှိလှပါဘူး။

ကျွန်တော် မှတ်မိသေးတဲ့ အမေ
ငယ်ငယ်တုန်းက သရဲကြောက်တတ်တဲ့ ကျွန်တော့်တို့ အတွက် သရဲ မကြောက်တတ်တဲ့ အမေဟာ ကျွန်တော်တို့ရဲ့ သူရဲကောင်းပါပဲ။

ကျွန်တော့်လက်ကို ဓားခုတ်မိပြီး ပြတ်လုပြတ်ချင် ဖြစ်သွားတုန်းက ကျွန်တော်တောင် မငိုဘူး။ အမေက မျက်ရည်တွေကျတယ်။

တစ်ရက်မှာ အမေနဲ့ ကျွန်တော် အိမ်တစ်အိမ်ကို သွားလည်ရင်း ခွေးဆွဲတော့ ကျွန့်တော်ကို မကိုက်မိအောင် အမေက အရှေ့ကနေ ကာကွယ်ပေးတယ်။

ခြောက်တန်းနှစ် လောက်က ငါးမျှားရင်း လက်ကို ငါးမျှားချိတ်စူးတယ်။ အမေက သူများတွေ ငါးမျှားချိတ်စူးတုန်းက ခွဲပေးဖူးပေမယ့်။ ကျွန်တော့် လက်က ငါးမျှားချိတ်ကို မခွဲပေးရဲဘူး။

ကျွန်တော် ကိုးတန်းနှစ်က အမေရှိတဲ့ မြို့ကို အလည်သွားတယ်။ အမေနေတဲ့ အိမ်က ဆေးရုံနားလေးမှာ။ ဘူတာနဲ့ ဆေးရုံက တော်တော် ဝေးတယ်။ ဒါကြောင့် အမေ့ဆီကိုသွားတိုင်း ဘူတာရောက်အောင် မစီဘူး။ ဆေးရုံနားရောက်ပြီ ဆိုတာနဲ့ ရထားပေါ်က ခုန်ချပြီး နေခဲ့တယ်။ တရက်မှာ ခြေခေါက်ပြီး လှဲသွားတယ်။ ကံကောင်းလို့ ရထားဘီးအောက် ရောက်မသွားပေးမဲ့ တကိုယ်လုံးမှာ ပွန်းပဲ ဒါဏ်ရာတွေနဲ့ နုတ်ခမ်းကွဲ သွားတယ်။ ဆေးရုံမှာ အနာတွေကို ချုပ်နေတော့ ကျွန်တော် ကြောက်လှန့်စိတ်နဲ့ တုန်တုန်ရင်ရင် ဖြစ်နေတယ်။ အဲဒီအချိန်မှာ မေက ကျွန်တော့်ကို ဖက်ထားပေးတယ်။

ဆယ်တန်း အောင်တဲ့နှစ်က အမေနဲ့ကျွန်တော် သင်္ဘောစောင့်ရင်း အမေက ပါလာတဲ့ ထမင်းဂျိုင့်ကို ဖွင့်စားတယ်။ ကျွန်တော့်ကို စားဖို့ ပြောတယ်။ ကျွန်တော် ဗိုက်ဆာနေပေမယ့် လူကြားထဲမှာ ရှက်လို့ မစားဘူး။ အဲတော့ အမေက ကျွန်တော့်ကို ကြည့်ပြီး ပြုံးတယ်။ အိမ်ရောက်တော့ အဲဒီအကြောင်းကို ပြောပြီး “ငါ့သားကို အမေက ကလေးလို့ ထင်နေတာ။ ငါ့သားက ရှက်တတ်နေပြီပဲ”တဲ့။

ကျွန်တော် နယ်ပြန်သွားရင် အမေက ကျွန်တော့်ကို ပြောတယ်။ “အမေကတော့ သားကိုလွမ်းလို့။ သားကတော့ မိကြည်ကိုလွမ်းလို့” ဆိုတဲ့ စကားပုံထဲက အတိုင်းပါပဲတဲ့။

ကျွန်တော် မေ့ကို ကြိုက်တဲ့ အချက်တွေက
အမေက သတ္တိရှိတယ်။ လူလူချင်းလဲ မကြောက်သလို သရဲတစ္ဆေဆိုတာကိုလဲ မကြောက်ဘူး။ ဘာသာတရားကို ကိုင်းရှိုင်းတယ်။ သူများ အပေါ်မှာ မဟုတ်တာ မလုပ်တတ်ဘူး။

အမေ့ကို ကျွန်တော်မကြိုက်တဲ့ အချက်တွေက
ဆဲဆူရင် တစ်နေကုန် မပြီးတော့ဘူး။ မိဘတွေက သားသမီး အပေါ် ကောင်းစေချင်လို့ ဆုံးမတာ ဆိုပေမယ့် တချိန်းလုံး ပျစ်တောက် ပျစ်တောက် ပြောနေတာကို နားငြီးတယ်။ ငယ်တုန်းတုန်းက အမေရှိရင် ကျွန်တော်တို့ အိမ်ထဲက အိမ်အပြင် မထွက်ရဘူး။ ဘုရား တစ်ခါရှိခိုးရင် နာရီဝက်ကနေ လေ့ဆယ့်ငါးမိနစ် လောက်အနည်းဆုံး ကြာတယ်။

အမေ့မွေးနေ့
ကျွန်တော့် မွေးနေ့ရောက်တိုင်း အမေဟာ ဘုရားဆွမ်းကပ် ဖရောင်းတိုင် အမွေးတိုင်တွေ ငှက်ပျော်ပွဲတွေနဲ့ ဘုရားမှာ အမြဲတမ်း ဆုတောင်းပေး လေ့ရှိပေမယ့်။ အမေ့ မွေးနေ့ ရောက်တိုင်း ကျွန်တော်ဘာမှ မလုပ်ပေးဖူးဘူး။ တချို့နှစ် တွေဆိုရင် မေ့မွေးနေ့ကို တောင်သတိ မထားမိလိုက်ဘူး။ ဒါပေမယ့် ဒီနှစ်တော့ အသက်ကြီးလာလို့လား မသိဘူး အမေ့ မွေးနေ့မှာ တစ်ခုခု လုပ်ပေးရမယ် ဆိုတာကိုတော့ ကျွန်တော် သိလာပြီ။



Read More...

Wednesday, October 24, 2007

မွေးနေ့ဆုတောင်း

ဒီနေ့မှာ ကျရောက်တဲ့ ကိုစစ်အိမ် ရဲ့ မွေးနေ့မှ သည် နောင်နှစ်ပေါင်းမြောက်များစွာတိုင် ပျော်ရွှင်ချမ်းမှုပေါင်း များစွာဖြင့် ဘ၀ကို ဖြတ်သန်းနိုင်ပါစေ
ဆုတောင်းပေးလျှက်

Read More...

Sunday, September 09, 2007

နောက်ပိုင်း မင်းသားကြီး

အဲဒီလူကို စသိတုန်းက . . . . .

"ဘယ်လိုလဲ ကိုစိုးဇေယျ ခင်ဗျားရဲ့ ချက်အစားထိုး သီးနှံစိုက်ခင်းကြီးက အောင်မြင်ရဲ့လား"

အဲဒီအချိန်တုန်းက မြန်မာဘလော့ဂ် စာအုပ်ကို လုပ်ဖို့ရာတွက် လူစုနေချိန်ပေါ့။ သူက စီဘောက်မှာ အခုလို လာအော်သွားတာ။ သူပြောတဲ့ အဓိပ္ပယ်က အားပေးတာလို သရောက်နေတာလိုလို လှောင်နေတာလိုလိုပေါ့ဗျာ။ ကျွန်တော် ဘာမှတော့ မပြောပါဘူး။ အခြေအနေ ကောင်းပါတယ်လို့ ပြန်ပြောခဲ့ပါတယ်။

နောက်တော့ ကျွန်တော် သူ့အီးမေးလိပ်စာကို တောင်းလိုက်တယ်။ အီးမေးမှာ သူနဲ့ စကားပြောဖြစ်တယ်။ နောက်တော့ သူ့ဖုန်းနံပါတ် ပေးသွားတယ်။

နောက်တော့ ပထမဆုံး အကြိမ် အစည်းဝေး လုပ်ဖို့ ကျွန်တော် သူ့ဆီကို ဖုန်းဆက်ပါတယ်။

" ဟဲလို "
" ............... "
" ကိုတက်စလာနဲ့ ပြောချင်လို့ပါ "
"ဘယ်က တက်စလာလဲ မရှိဘူး"
" ဖုန်းနံပါတ် ............. မှန်ပါတယ်နော် "
"နံပါတော့မှန်တယ် တက်စလာဆိုတာ မရှိဘူး"

သေချာအောင် ချက်လော့ထဲမှာ ပြန်ရှာကြည့်တော့လဲ နံပါတ်ကမှန်တယ်။ ဖြစ်နိုင်ချေရှိတာက သူ့ရဲ့ နစ်နိမ်းကို အိမ်ကမသိတာပဲ ဖြစ်ရမယ်ဆိုပြီး နောက်တစ်ခေါက် ထပ်ဆက်ပါတယ်။ ထပ်ဆက်ပြီး ကျွန်တော်မေးတဲ့ တက်စလာက KMD အလုပ်လုပ်တယ်လို့ ရှင်းပြတော့မှ ရှိပါတယ် အခုတော့ အောက်ဆင်းသွားတယ်တဲ့။

ကော်ဖီကင်းမှာ အစည်းဝေး လုပ်ကြတော့ ကိုတက်စလာ ရောက်လာပါတယ်။ သူကတော့ အေးရာအေးကြောင်းပဲ ဘာမှ ၀င်မပြောဘူး။ အစည်းဝေး ပြီးလို့ ပြန်ကြတော့မှ သူက ထီးချိုင့်သားတဲ့။ ထီးချိုင့်ဆိုတာ ကျွန်တော်တို့ ကောလင်း မြို့နယ်နဲ့ ကပ်လျှက် ဖြစ်တာကြောင့် တစ်နယ်ထဲ သားလို့တောင် ပြောလို့ရပါတယ်။ အရင်က ရွယ်တူလို့ ထင်ထားခဲ့တာ ကျွန်တော့်ထက် ခုနှစ်နှစ် ကြီးနေလို့ သိလိုက်ရတယ်။

အဲဒီလိုနဲ့ ထီးချိုင့်သား ကိုတက်စလာနဲ့ ကျွန်တော် စတင်ခင်မင် ရင်းနှီးလာခဲ့တာပါ။ ဒါပေမယ့် ကိုတက်စလာဟာ အစည်းဝေးဆိုရင် ပထမဆုံး အကြိမ်လုပ်တဲ့ အစည်းဝေးကလွဲလို့ နောက်ပိုင်း ဘယ်အစည်းဝေးမှာမှ သူတက်ရောက်ခြင်း မရှိတော့ပါဘူး။ ဒါပေမယ့် အစည်းဝေးအပြီးမှာ လုပ်တတ်တဲ့ နောက်ပိုင်း အစီစဉ်တွေမှာတော့ မပျက်မကွက် တက်ရောက်လေ့ရှိပါတယ်။ ဒါကြောင့် သူ့ကို ကျွန်တော်တို့ အဖွဲ့မှာ နောက်ပိုင်းမင်းသားကြီးလို့တောင် တင်စားခေါ်ဝေါ် လာကြပါတော့တယ်။

ကိုတက်က စာအရေးအသား လည်းကောင်းသလို ဗဟုသုတလဲ စုံပါတယ်။ ကျွန်တော်မမြင်တဲ့ အခြားဘက်က အမြင်တစ်ခုနဲ့ ကြည့်တတ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့နှစ်ယောက် တွေ့ရင်မကြာခဏ ဆိုသလို အငြင်းပွားရပါတယ်။ အဲလို အငြင်းပွားရင်းနဲ့ပဲ ကျွန်တော် မစဉ်းစားခဲ့မိတဲ့ တချို့ သောအကြောင်းအရာတွေကို စဉ်းစားမိသလို ကျွန်တော်ရဲ့ အားနည်းချက် တွေထဲက တချို့ကိုလဲ အဲလို အငြင်းပွားရင်နဲ့ မြင်လာပါတယ်။ ဘာပဲ ဖြစ်ဖြစ် အဲလို ကိုတက်နဲ့ အငြင်းပွားရတာကိုတော့ ကျွန်တော် သဘောကျမိတာ အမှန်ပါပဲ။

ဒီနေ့တော့ ကိုတက်ကြီး အသက်သုံး ဆယ်ပြည့်ပြီ။
ဒီနေ့ညနေမှာ ကိုတက်ကြီးအတွက် မွေးနေ့ကိတ်ကို ဘာညာ၊ ကိုကျော်ဇေယျ၊ ဘလာဂေါက်တို့ က ပြင်ဆင်ထားပြီးပြီ။ ညနေ ဘုရားသွားကြမည်။ ကျွန်တော် တကယ်လာချင်ပါတယ်။ သို့ပေမယ့် ဒီနေ့မှာ လက်ဝှေ့ပွဲက ရှိနေပြန်တယ်။ ၀ါသနာ တစ်ခုတည်းကြောင့် သွားကြည့်ရမယ် ဆိုရင်တော့ လက်ဝှေ့ပွဲ သွားမကြည့်တော့ဘူး၊ ကိုတက် မွေးနေ့ကို သွားမည်။ အခုဟာက အလုပ် တာဝန်ကြောင့် ကိုတက်မွေးနေ့ပွဲကို မတက်ဖြစ်တော့။ ကိုတက်ကြီးနဲ့ ကိုဂေါက်တို့ နားလည်ပေးမည်ဟု မျှော်လင့်ပါသည်။

ဒီနေမှာ ကျရောက်တဲ့ မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် အိုးမိုင်ဘလော့ဂ် နိုင်ပါစေလို့ ဆန္ဒပြုရင် နိဂုံးချုပ်လိုက်ပါသည်။ ကိုတက်ကြီး အောင်မြင်ပါစေ။

Read More...

Saturday, September 08, 2007

Happy Birthday


ပျော်ရွင်ဖွယ်ရာ မွေးနေ့လေး တစ်ခု ဖြစ်ပါစေ လို့ အစ်ကိုဆုတောင်းပေးလိုက်ပါတယ်။

ဒီနေ့မှာ ကျရောက်တဲ့ ညီမလေးရဲ့ မွေးနေ့မှသည် နောင်နှစ်ပေါင်း များစွာတိုင် ချမ်းမြေ့ပျော်စွာဖြင့် ဖြတ်သန်းရပါစေလို့ ဆုတောင်ပေးလိုက်ပါတယ်။ မနှစ်က ညီမလေး မွေးနေ့မှာ အစ်ကို့ကို လာဖို့ပြောပေမယ့် အစ်ကိုမလာနိုင်ခဲ့ဘူး။ ဒီနှစ်လဲ အစ်ကို မလာနိုင်ပြန်ဘူး။ အဲဒီအတွက် အစ်ကို တကယ်စိတ်မကောင်းပါဘူး။

ညီမလေးကို ဘာလက်ဆောင်ပေးမလဲလို့ စဉ်စားလိုက်တော့ ရွှေဒုံးဘီအောင်ရဲ့ စကားတစ်ခုကို သတိရသွားတယ်။ စားစရာပေးမှာလား ခဏသာ စာရုံးဖြင့် ကုန်သွားလိမ့်မည်။ အ၀တ်အထည် ပေးမှာလား လပိုင်းနှစ်ပိုင်း မျှဝတ်ရုံဖြင့် စုတ်ပြဲသွားလိမ့်မည်။ ဘယ်တော့မှ ကုန်ဆုံး ဟောင်းနွမ်းသွားခြင်း မရှိသည့်အရာက အသိတရားတည်းတဲ့ ဒါကြောင့် ညီမလေးရဲ့ မွေးနေ့မှာ အစ်ကိုသိထားတဲ့ အသိလေးတစ်ခုကို ညီမလေးသိနိုင်အောင် ဝေမျှပေးလိုက်ပါတယ်။

ညီမလေးရေ ဆေးကျောင်းတက်ခွင့် မရခဲ့တဲ့အတွက် အရင်လိုပဲ ၀မ်းနည်းနေတုန်းလား။ ဒါမှ မဟုတ် လက်ရှိတက်နေရတဲ့ ကျောင်းမှာရော ပျော်နေပြီလား။

ဘယ်လို ဖြစ်ဖြစ်လေ ညီမကို အစ်ကို တစ်ခါပြောခဲ့ ဖူးပါတယ်။ ရာဘင်ဒါနတ်တဂိုး ရဲ့ကဗျာလေး ထဲကလိုပေါ့။ ကဗျာလေးရဲ့ ဆိုလိုရင်း ကတော့ ရှင်းပါတယ်။ နေမင်းကြီးနဲ့ လွဲခဲ့ရလို့ စိတ်ပျက် အားငယ်စွာ ငိုကြွေး နေမယ်ဆိုရင် ညအချိန်မှာ ထွန်းလင်း တောက်ပမဲ့ ကြယ်တာရာ များအပါအ၀င် လမင်းကြီးနဲ့လည်း လွဲရပေဦးမည်တဲ့။

ညီမ လူဆိုတာ ဘ၀မှာ ရည်မှန်းချက် ရည်ရွယ်ချက် ကိုယ်စီ ရှိခဲ့ကြတာပဲလေ။ အဲဒီရည်မှန်းချက် ရည်ရွယ်ချက်ကို ရောက်အောင် လူတိုင်းတော့ သွားချင် ကြတာပေါ့ကွာ။ ဒါပေမယ့် ရည်မှန်းချက် ပန်းတိုင်ကို လူတိုင်း မရောက်ကြဘူး။ တချို့ကတော့ မကြိုးစားလို့ တချို့ကတော့ စိတ်အားမသန်လို့ တစ်ချို့ကတော့ လူအားမသန်လို့၊ စိတ်အားရော လူအားရော သန်သည့်တိုင် ကကြမ္မာကြောင့် ရည်မှန်းချက်နဲ့ လွှဲရတဲ့ အခါတွေလဲ ရှိကောင်းရှိပါလေမယ့်။

ဘယ်လိုအကြောင်းနဲ့ပဲ ဘ၀ရဲ့ ရည်မှန်းချက်တွေ လွဲချော်ခဲ့သည်ဖြစ်စေ။ တဂိုးရဲ့ ကဗျာလေးကို သတိရကြည့် စေချင်ပါတယ်။ နေမင်းကြီးနဲ့ လွဲခဲ့လို့ စိတ်ပျက် အားလျှော့နေမယ်ဆိုရင် ညအချိန်မှာ ထွက်လာမဲ့ လမင်းကြီးကိုလဲ ထပ်လွဲရဦးမယ်။

ညီမကို အစ်ကိုပြောချင်တာက ညီမအတွက် နေမင်းကြီးနဲ့ တူတဲ့ ဆေးတက္ကသိုလ် တက်မယ်ဆိုတဲ့ ရည်မှန်းချက်က လွဲသွားခဲ့ပြီ။ အဲဒီအမှာ ညီမတွက် ဘ၀က ရွေးချယ်ခွင့် နှစ်ခု ပေးထားတယ်။ တစ်ခုက စိတ်ပျက်ဝမ်းနည်းစွာနဲ့ တက်ခွင့်မရတော့တဲ့ ဆေးတက္ကသိုလ်ကို လွမ်းဆွတ် တမ်းတရင်း အလွမ်းမပြေနိုင်ဖြစ်နေမလား။ နောက်တစ်ခုက ဖြစ်ခဲ့အပေါ်မှာ သင်္ခန်းစာယူပြီး လက်ရှိတက်ခွင့်ရတဲ့ ကျောင်းမှာ အကောင်းဆုံးဖြစ် အောင်ကြိုးစားမလား။

ညီမအတွက် ရွေးချယ်စာ နှစ်လမ်းပဲ ကျန်တော့တယ်ဆိုပေမယ့် ညီမရဲ့ စိတ်အား ထက်သန် မှုအပေါ်မူတည်ပြီး အနာဂတ်ကို ပြောင်းလဲလို့ရနိုင်ပါ သေးတယ်။ ညီမဘယ်လမ်းကို ရွေးချယ်မလဲ။ ညီမကြိုက်တဲ့ လမ်းကိုရွေးပါ။ ဒါမှ ညီမရဲ့ဆုံးဖြတ်ခွင့်ပဲလေ။ ဘယ်သူမှ ၀င်ပြင်ပေးလို့ မရပါဘူး။ ညီမကြိုက်တဲ့ လမ်းကိုလျှောက်ပေါ့။

ဒီစာကို ဖတ်မိလိမ့်မယ်လို့ အစ်ကို မျှော်လင့်ပါတယ်။


Read More...

Friday, August 03, 2007

မွေးနေ့ဆုတောင်း




ဖော်ပြပါပုံသည် တရားခံမဟုတ်ပါ။ ဥပဒိရုပ်ကြောင့် တရားခံနှင့် ထင်မှတ် မှားသွားမည် စိုးရိပ်ပါ၍ အလျှင်စလို အသိပေးလိုက်ရခြင်း ဖြစ်သည်။ သူသည် မိုးကုတ်သားဖြစ်သည်။

ဒီနေ့မှာ ကျရောက်တဲ့ မိုးကုတ်သားလေး မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် ချမ်းမြေ့ပျော်ရွင်စွာဖြင့် ဘလော့ဂ်တွေ ရေးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ဒါပေမယ့် .. . . . . . မျက်ခုံးလုပ်ဖို့ သာပြင်ထား

Read More...