Art is My Life: သရော်စာ
Showing posts with label သရော်စာ. Show all posts
Showing posts with label သရော်စာ. Show all posts

Tuesday, September 13, 2011

ကျိန်စာသင့်သူများ......

ဟိုရှေးရှေးတုန်းက ဗာရာသီပြည့်ရှင် အာသောက မင်းတရားကြီးဟာ ကမ္ဘာပတ်ပြီး စေတီပေါင်း ရှစ်သောင်းလေးထောင် ရေတွင်းပေါင်း ရှစ်သောင်းလေးထောင် ညောင်ပင်ပေါင်း ရှစ်သောင်းလေးထောင် စိုက်လှူသတဲ့။ အဲလို စိုက်လှူတဲ့ အကြောင်းကို နိုင်ငံတကာက သိရှိရလေအောင် သတင်းထောက်တွေကို လေယဉ်လက်မှတ်ခတွေ စပွန်ဆာပေးပြီးတော့ သူလှူခဲ့တဲ့နေရာတွေကို ခေါ်သွားတယ်တဲ့။

အဲလို ကမ္ဘာပတ်ခေါ်သွားပြီး အပြန်ခရီးမှာ အာသောက မင်းတရားကြီးက သတင်းထောက်တွေကို မိန့်သတဲ့။

“ငါလှူထားတာလေးတွေကို မင်းတို့ ဂျာနယ်ထဲမှာ ဆောင်းပါးလေးရေးပြီး သေချာ ထည့်ပေးပါကွာ၊ တစ်ချို့နေရာတွေမှာတော့ အားနည်းချက်တွေ ရှိလိမ့်မယ်။ အဲဒါကိုတော့ ထိန်းထိန်း သိမ်းသိမ်းလေး လုပ်ကြပေါ့”

ဒါပေမယ့် ဂျာနယ်ထွက်လို့ ဖတ်ကြည့်လိုက်တော့........ ဘယ်ဂျာနယ်ကမှ သူ့အကြောင်းကို အရေးလုပ်ပြီး မထည့်ဘူးတဲ့လေ။ အဲဒီတော့ အာသောက မင်းကြီးက ဘယ်လို တွေးလိုက်မိလဲဆိုတော့ သတင်းထောက်တွေကို လက်ဆောင် မပေးလို့ မရေးတာလား။ လက်ဆောင်လေး သွားပေးရင်တော့ ရေးကောင်းပါရဲ့ ဆိုပြီး ဒေါ်လာတွေကို စာအိတ်လေးထဲ ထည့်ပြီး သတင်းထောက်တွေကို သွားပေးတယ်တဲ့။

အဲဒီမှာ သတင်းထောက်က ဘာပြန်ပြောလဲဆိုတော့......
“ ခင်ဗျားက ဘုရင်လုပ်နေပြီး ရှိတ်စပီးယား ရေးတဲ့ စာနယ်ဇင်းကျင့်ဝတ်တွေ အကြောင်းမဖတ်ဖူးဘူး ထင်တယ်။ ကျုပ်တို့ကို ဒီလိုလဒ်ထိုးလို့ဘယ်ရမှာလဲ” လို့ ပြန်ပြောလိုက်တယ်တဲ့။

အဲဒီမှာ ဘုရင်ကြီးက ပြာပြာသလဲ တောင်းပန်ပြီး။ အဲလို မဟုတ်ရပါဘူး ကိုယ့်တော့်ရဲ့ အလှူကို နတ်လူသာဓုခေါ်နိုင်အောင်လို့ ဂျာနယ်မှာထည့်ဖို့ တောင်းပန်တာပါ။ ထည့်ဖြစ်အောင်တော့ ထည့်ပေးပါလို့တောင်းပန်ပြီး ပြန်လာခဲ့တယ်။

တစ်ပတ်အကြာမှာတော့.......

တစ်ချို့ဂျာနယ်တွေက လုံးဝ မထည့်ဘူး၊ တစ်ချို့ဂျာနယ်တွေက တိုတိုလေး ထည့်တယ်။ အလကားသက်သက် ပိုက်ဆံ ဖြုန်းတာပါ ဆိုပြီး တစ်ဂျို့ဂျာနယ်တွေက ရေးကြတယ်။ ထိန်းထိန်းသိမ်းသိမ်း ရေးပေးပါလို့ မှာထားတဲ့ ကြားက အဲလိုရေးတော့ အာသောက မင်းကြီးက ဖုသွားတယ်။

အဲဒါနဲ့ပဲ ဂျာနယ်တိုက်တွေကို ဖုန်းလှမ်းဆက်ပါရော.......
“ ဘာဖြစ်လို့ ဂျာနယ်ထဲမှာ မထည့်တာလဲ မင်းတို့ကို ခေါ်သွားရတဲ့ လေယဉ်လက်မှတ်က အလကားရတယ်များ မှတ်နေလား”
“ဘာဖြစ်လို့ တိုတိုလေး ရေးတာလဲ ”
“ငါဒီလောက် ကောင်းအောင် လုပ်ထားတာကို ဘာဖြစ်လို့ အပြစ်ပြောရတာလဲ”

“အေး ငါ့ရဲ့ သဘောထားကြီးမှု အပေါ်မှာ စော်ကားတဲ့ သတင်းထောက်တွေ ဖြစ်လေရာ ဘ၀မှာ အသေဆိုးနဲ့ သေပါစေ။ ငါပေးတဲ့ပိုက်ဆံကို သောက်ကြီးသောက်ကျယ် စကားတွေပြောပြီး မယူတဲ့ သတင်းထောက်တွေ ဖြစ်လေရာ ဘ၀မှာ မွဲပါစေ။ ငါပေးတဲ့ သတင်းစာ လွှတ်လပ်ခွင့်ကို အလွှဲသုံးစားလုပ်ပြီး ငါ့ကို အပြစ်ပြောတဲ့ သတင်းထောက်တွေ ဖြစ်လေရာ ဘ၀မှာ သတင်းစာ လွှတ်လပ်ခွင့်တွေ ဆုံးရှုံးပါစေ” ဆိုပြီး ကျိန်စာ တိုက်လိုက်တယ်........

သူကျိန်စာတိုက်ပြီး သိပ်မကြာခင်မှာ ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်ပြီး စစ်အတွင်းမှာ သတင်းထောက် ၆၈ ယောက် အသေဆိုးနဲ့ သေဆုံးခဲ့တယ်။ မရှေးမနောင်းမှာပဲ ဆက်တိုက်ဆိုသလို စစ်ပွဲတွေ တစ်ခုပြီး တစ်ခု ဖြစ်ပြီး ၁၉၅၅ ဗီယက်နမ်စစ်ပွဲမှာ သတင်းထောက် ၆၃ ယောက်သေဆုံးခဲ့တယ်။ ၂၀၀၃ ခုနှစ်မှာတော့ အီရတ်မှာ စစ်ဖြစ်ပြီး သတင်းထောက် ၂၁၅ ယောက်သေဆုံးခဲ့တယ်။

ပထမ ကြိမ်စာ သင့်ခံရသူတွေကတော့ ဥရောပနဲ့ အမေရိကားက သတင်းထောက်တွေဖြစ်ပါတယ်။ ဒုတိယနဲ့ တတိယ ကြိမ်စာသင့်ခံရတာတော့ နိုင်ငံတစ်ခုက သတင်းထောက်တွေပဲ။ ဘယ်နိုင်ငံက သတင်းထောက်တွေလဲ ဆိုတာတော့ ပြောတော့ဘူးနော် ကိုယ်ဘာသာကိုယ်ပဲ ဆက်လေ့လာပေတော့...........

Read More...

Saturday, January 17, 2009

မိန်းကလေးတွေကို သရော်တဲ့ ကာတွန်းဗီဒီယို


Help Me Please !!!!! - More bloopers are a click away



ဒါကတော့ မိန်းကလေးတွေကို ဖဲ့ထားတဲ့ သရော်ကတွန်းလေးပါ။ Metacafe မှာကြည့်ရတာ ကျွန်တော့်မိတ်ဆွေတွေလည်း ကြည့်ပြီးရင် သဘောကျကြမှမို့ ပြန်ပြီးမျှ ဝေလိုက်တာပါ။ ပြည်တွင်းက လူတွေအနေနဲ့ တိုက်ရိုက်ကြည့်လို့မရရင် ဒီနေရာကိုနှိပ် ဒေါင်းလုပ်ချပြီးကြည့်နိုင်ပါတယ်။

Read More...

Tuesday, April 08, 2008

Blog, Caravan and Dog

ကျွန်တော်နှင့် ဘလော့ဂ်ရေးဖော် ရေးဖက် ဘလော့ဂ်များ မကြာခဏဆိုသလို ဘလော့ဂ်ရေးခြင်းကို ရပ်ပစ်ချင်လောက်အောင် စိတ်ပျက်ဖူးကြသည်။ ထိုသို့ ဘလော့ဂ်ရေးခြင်းကို ရပ်ပစ်ချင်လောက်အောင် စိတ်ပျက်ချင်ရသည့် အကြောင်းရင်းမှာ အခြားမဟုတ် စီပေါက်နှင့် ကော့မင့်များတွင် ပျက်စီးရာ ပျက်စီးကြောင်း ပေါက်တကရ လာရောက် ရေးသားနေကြခြင်း ဖြစ်သည်။

* * * * *

ကျွန်တော်တို့ ကျောင်းသားဘ၀ကတည်းက ရွတ်ဆိုနေကျ ကဗျာလေး တစ်ပုဒ်ရှိသည်။ ထိုကဗျာကလေးကို မာန်လည် ဆရာတော်ဘုရားကြီးက ရေးသားခဲ့ပြီး လူတိုင်းလည်းကြားဘူး ကြပါလိမ့်မည်။ ထိုကဗျာလေးထဲက တစ်ကြောင်းမှာ အောက်ပါ အတိုင်း ဖြစ်ပါတော့သည် . . .

“ အပြစ်မရှိ အပြစ်ရှာ လမင်းကို ခွေးဟောင်လို့ ရွှေလရောင်ပြောင်မပျက်တယ် ထွန်းလျှက်ပင်သာ ”

ဤကဗျာလေးရဲ့ ဆိုလိုရင်းကတော့ အခြားမဟုတ်ပါ။ လူတစ်ယောက်ကို မနာလို ၀န်တိုစိတ်နဲ့ အလကားသက်သက် အပုတ်ချနေသူများကို ဆရာတော်က ခွေးနဲ့ခိုင်းနှိင်းရေး ဖွဲ့ထားခြင်း ဖြစ်ပါသည်။

* * * * * *

လောကတွင် အကောင်းမြင် ၀ါဒီသမားနှင့် အဆိုးမြင်ဝါဒီ သမားဟူ၍ နှစ်မျိုးရှိသည်။ အကောင်းမြင် ၀ါဒီသမားများသည် ဝေဖန်၍ အဆိုးမြင် ၀ါဒီသမားများသည် အပုတ်ချကြသည်။

ဝေဖန်ခြင်းဆိုသည်မှာ ကောင်းစေချင်သော စေတနာကို ရှေ့တန်းတင်ထားခြင်း ဖြစ်သောကြောင့်၊ ကောင်းသည့်အရာများကို ထုတ်ဖော်ချီးကျူးသလို အားနည်းသည့် အကြောင်းရာများကို ထောက်ပြကာ မှန်ကန်မည်ထင်သော နည်းလမ်းများကို ညွန်ပြကြသည်။

အပုတ်ချခြင်းဆိုသည်မှာတော့ သူတပါး ပျက်စီးရာ ပျက်စီးကြောင်း အကြောင်းရာများကို ရှေ့တန်းတင်ပြီး၊ ကောင်းသည့်အရာများကို မျက်ကွယ်ပြုကာ မကောင်းသည့်အရာများကို ဆီလိုအပေါက်ရှာပြီး ကဲ့ရဲ့ပြောဆိုခြင်း ဖြစ်သည်။

* * * * *

လောကတွင် တစ်ဘက်လူကို ပျက်စီးစေလိုသည်မှာ အတိတ်က ရန်ညိုးတစ်ဆူကြောင့် ပျက်စီးစေလိုသည်လည်း ရှိသလို ဘာရန်ညိုးမှ မရှိသော်လည်း သက်သက်မဲ့ ကိုယ်တွင်း မကောင်းစိတ်ကြောင့် အကြောင်းမဲ့ ပျက်စီးစေလိုသည်လည်း ရှိသည်။

တကယ်တော့ ဘလော့ဂ်ကာများနှင့် စီဘောက်တွင် ၀င်ရောက်ခါ ပေါက်တကရ ရေးသားနေ ကြသူများသည် ဘာရန်ညိုးရန်စမှ မရှိဘူးခဲ့ကြပါ။ သို့ပေမယ့် ထိုလူများသည် မကြာခဏ ၀င်ရောက်ကာ ပျက်စီးပျက်စီးကြောင်း ရေးသားကြသည်။ ထိုသို့ ရေးသားကြခြင်းမှာ တနည်းအားဖြင့် ပြောရလျှင် အပုတ်ချနေကြခြင်း ဖြစ်သည်။ထို့ကြောင့် ဘာရန်ညိုးမှ မရှိပဲ တပါးသူကို ပျက်စီးစေရန် လုပ်ကြံပြောဆိုသူကို မာန်လည်ဆရာတော် ဘုရားကြီး၏ ကဗျာအရ ဥပမာပေးခိုင်းနှိုင်းရလျှင် ထိုသူများ ခွေးဖြစ်ချေတော့မည်။

ထိုသို့ ဘလိုင်းကြီး ၀င်ရောက် အပုတ်ချသူများကို မြန်မာကဗျာတွင်သာ ခွေးနှင့် နိုင်သာမဟုတ်ပဲ၊ ထိုသူများကို အမေရိကန် စကားပုံတွင်လည်း ခွေးနှင့်နိုင်းယှဉ် ပေးသော ဥပမာ ပုံပြင်လေး တစ်ပုဒ်ရှိသည်။ ထိုပုံပြင်လေးမှာ ...........

“ခွေးတွေ ဘယ်လောက်ဟောင်ဟောင် caravan လှည်းကြီးကတော့ ခရီးဆက်နေဦးမှာပဲ”
(အမေရိကားစကားပုံ)

အမေရိကားတိုက်မှာ အင်္ဂလိပ်လူမျိုးတွေ စတင်ရောက်ရှိ ခါစက အခြေတကျမရှိပဲ ရေကြည်ရာ မျက်နုရာသို့ Caravan ခေါ် ဘီရိုလှည်းကြီးများဖြင့် လှည့်လည်သွားလာ နေခဲ့ကြသည်။ ထိုသို့ သွားလာရင် တဖြည်ဖြည်း အခြေကျလာသည့်အခါ ကျေးရွာများ တည်ထောင်ကာ နေထိုင်ကြသည်။ အများစုက ကျေးရွာများ တည်ထောင်ကာ အခြေကျ နေထိုင်ကြသော်လည်း ဈေးရောင်းသူများက caravan ခေါ် ဘီရိုလှည်းကြီးများတွင် ဒန်အိုး ဒန်ခွက်များ ခွက်ယောက်များ ပစ္စည်းများ စုံနေအောင် ထည့်ကာ တစ်ရွာဝင် တစ်ရွာထွက် လှည့်လည်ဈေးရောင်း ကြသည်။

ထိုသို့လှည်းကြီးတွင် ပစ္စည်းများ စုံနေအောင် ပါသောကြောင့် လမ်းတစ်လျှောက်တွင် တစ်ခုနှင့်တစ်ခု ထိမိပြီး တဒုံတဒုံ တဂွမ်ဂွမ်းဖြင့် မည်နေပါတော့သည်။ ထိုကဲ့သို့ အသံစုံနှင့် caravan လှည်းကြီးများ ရွာများသို့ ဖြတ်သွားပါက ရွာအတွင်းရှိ ခွေးများ ပြေးထွက်ကာ တစ်စီစီဟောင်ကြပါတော့သည်။ ခွေးများ မည်မျှပင် ဟောင်နေပါစေ caravan လှည်းကြီးကတော့ ရပ်သွားခြင်းမရှိပဲ သူသွားရမည့် ခရီးကိုသာ ပုံမှန်သွားသည်။

ခွေးဟောင်တိုင်းသာ ရပ်ရမည်ဆိုပါက caravan လှည်းကြီး လိုရာခရီးရောက်တော့မည်မဟုတ်ပေ။ ထို့ကြောင့် ကျွန်ုပ်တို့ စီဘောက်များနှင့် ကော့မင့်များတွင် မည်သူတွေ ဘယ်လိုပြောပြော caravan လှည်းကြီး ခွေးဟောင်တာကို ဂရုမစိုက်မစိုက်ပဲ ခရီးဆက်သွားသလို၊ ခွေးဟောင်သာကို အရေးမလုပ်ပဲ သာမြဲတိုင်းတိုင်နေတဲ့ လမင်းလို ကျွန်ုပ် ရေးစရာရှိသည်များကို ဆက်ရေးရင်း ဆက်လက်ခရီးသွား နေရဦးမည် မဟုတ်ပါလား။





Read More...

Tuesday, August 14, 2007

ပထမလူနှင့် ဒုတိယလူ

ပထမလူ။ ။ မင်းက အလကားကောင်ပါကွာ။ မင်းကတော့ မင်းကိုလာကြိုက်တဲ့ မိန်းကလေးတွေ ၀ိုင်းဝိုင်းလည်နေတယ် ဆိုပြီး ဂုဏ်ယူ နေမလားတော့မသိဘူး။ တကယ်တော့ မင်းက ဇရပ်ကြီးကွ။ လမ်းဆုံလမ်းခွက ဇရပ်ကြီး။ မင်းဆီကို လာတဲ့ ကောင်မလေးတွေက ကားမလာခင် ဇရပ်ထဲမှာ ခဏ၀င်နားတာ။ ကားလာတော့ မင်းကို ပစ်ထားပြီး လိုက်ချင်တဲ့နေရာသွားကြတာ။

ဒုတိယလူ။ ။ အေးမင်းက ဇရပ်ကြီးလို့ ပြောရင်၊ လမ်းဆုံ လမ်းခွက ဇရပ်မကလို့ သုသာန်က ဇရပ်ဖြစ်နေပါစေ။ ဘယ်လို အကြောင်းနဲ့ ပဲဖြစ်ဖြစ် ဘာအကြောင်းကြောင့် ပဲဖြစ်ဖြစ် ဇရပ်ကို ရောက်လာတဲ့သူတွေကို လုံခြုံမှု အပြည့်ပေးနိုင်ဖို့ ငါဘက်က အဆင့်သင့်ပါပဲ။ ငါက မင်းပြောသလို ဇရပ်ဖြစ်တဲ့ အတွက်ကြောင့် အဆင့်မြင့် ဟော်တယ်ကြီးတွေလို အကောင်းစား ၀န်ဆောင်မှုတွေကို မပေးနိုင်တာကိုတော့ စိတ်မကောင်းပါဘူး။ အချိန်တန်လို့ ငါ့ကို ထားခဲ့ချင်ထားသွားပါ ဇရပ်ကိုတော့ မဖျက်ဆီးသွားပါနဲ့၊ ငါတောင်းပါတယ်။


ပထမလူ။ ။ ရုပ်ချောခြင်း အပြောကောင်းခြင်းက မိန်းကလေးတစ်ယောက်ကို ဆွဲဆောင်နိုင်သလား။

ဒုတိယလူ။ ။ ရုပ်ချောခြင်း အပြောကောင်းခြင်းက ဆွဲဆောင်နိုင်တယ်ဆိုတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ရုပ်ချောခြင်း အပြောကောင်းခြင်းဆိုတာ တံခါးတချပ်ကို ဖွင့်ပေးနိုင်ရုံ သက်သက်ပါပဲ။ တံခါးတစ်ချပ် ပွင့်သွားတဲ့အတွက် မင်းအထဲကို ၀င်ပိုင်ခွင့် ရမယ်။ တစ်ဘ၀စာ ခရီးတစ်ခု သွားဖို့ဆိုရင်တော့ မင့်ဆီက လမ်းပြမြေပုံကို တောင်းကြည့်လိမ့်မယ်။ မြေပုံအရ မင်းသွားမဲ့ ခရီးမှာ ချိုင့်တွေပေါမယ် ခရောင်းလမ်းလို မာကြောမယ် ခြေကျဉ်လျှောက်ရမဲ့ လမ်းတွေများနေမယ် ဆိုရင်တော့ မင်းနဲ့ အတူ ခရီးသွားဖို့ မသေချာတော့ဘူး။
ပိုးဖလန်လို အချစ်မျိုးဆိုတာ မင်းကြားဖူးမှာပါ။ ပိုးဖလန်တွေ မီးပုံကို ဘာကြောင့် ၀င်တိုးကြ သလဲသိလား။ သူတို့လိုချင်တဲ့ အလင်းရောင်ကို တပ်မက်စွာ ဖက်တွယ်ချင်လို့ အသက်အသေခံပြီး အလင်းရောင် ရှိရာ မီးပုံထဲကို ၀င်တိုးကြတာ။ အခုခေတ်မှာတော့ အဲလို ပိုးဖလန်တွေ ရှားသွားပြီ။ ရေနံဆီနဲ့ မီးခိုးထွက်နေတဲ့ မီးခွက်စုတ်လေးက အလင်းရောင်တွေမှာ ပိုးဖလန်တွေ မရှိကုန်ကြတော့ဘူး။ အလင်းရောင်လဲရ အသက်လဲ မသေတဲ့ လျှပ်စစ်မီးပြောင်းတွေမှာပဲ ဖက်တွယ်ကြတော့တယ်။
အေးလေ ခရီးတစ်ခုသွားဖို့ ဆိုရင်တော့ အဖော်ပါချင်ပါ မပါချင်နေ အကောင်းဆုံး ဖြစ်မဲ့ လမ်းကြောင်းတစ်ခုကိုတော့ ရွေချယ်ထားပေါ့။


ပထမလူ။ ။ မင်းဆိုတဲ့ကောင်က အခြောက်ပဲကွ။ ယေကျာင်္းလေး တန်မဲ့မျက်ရည်ကျ ရတယ်လို့။

ဒုတိယလူ။ ။ ယေကျာင်္းလေး ဆိုမျက်ရည်မကျဘူးလို့ မင်းကို ဘယ်သူပြောလဲ။ မျက်ရည်ဆိုတဲ့ နေရာမှာ မင်းသိအောင် ငါပြောပြရဦးမယ်။ အပြင်က ကျတဲ့မျက်ရည်နဲ့ နှလုံးသား ကျတဲ့ မျက်ရည်ဆိုပြီး ကွဲသေးတယ်။
အပြင်ကကျတဲ့ မျက်ရည်ဆိုတာက ကြက်သွန်းလှီးရင် ကျတာမျိုး၊ မင်းငယ်ငယ်က ဓာရှမိလို့ ငိုရင်းကျတာမျိုး ကိုပြောတာ။
နှလုံးသားက ကျတဲ့ မျက်ရည်ဆိုတာ နှလုံးသားရဲ့ ခံစားချက်တစ်ခုကြောင့် ကျလာတဲ့  မျက်ရည်မျိုးကိုပြောတာ။ မိန်းကလေးလည်းလူပဲ ယေကျာင်္းလေးလည်းလူပဲ။ လူဆိုရင်တော့ ခံစားတတ်တဲ့ နှလုံးသားပါတဲ့ လူတိုင်းမျက်ရည်ဆိုတာကျမှာပဲလေ။
ဘယ်တော့မှ မျက်ရည်မကျဘူးဆိုရင် အဲဒီကောင် ခံစားချက်တွေကို ဖုံးကွယ်နေတာ။ လူကြားထဲမှာမို့ မျက်ရည်ကျရမှာ မသင့်တော်လို့ ဆိုရင်တော့ လက်ခံပါတယ်။ လူကွယ်ရာရောက်မှ ဖွင့်ချလိုက်ပေါ့။ ဘယ်တော့မှ မျက်ရည်မကျဘူးဆိုတော့ အဲဒီလူရဲ့ နှလုံးသားဟာ အလုပ်မလုပ်တော့ဘူး။ သေသွားပြီ။

Read More...

Sunday, June 03, 2007

ကျန်ုပ်၏ပုံ


ဤပုံသည်ကား ကျွန်တော့ပုံတည်း

လင်ဆေးလိုဟန်လို ကျွန်တော့်ကို ကြိတ်ကြွေနေသူများက လော့ကက်သီးထဲမှာ ထည့်ပြီး အမြတ်တနိုးဆွဲထားလိမ့်မည်
အမှန်တရားကို သိမြင်သူတို့က ခန့်ငြားသော ဥပတိရုပ်ရှိသည် ဟုပြောကြမည်
အဆိုးမြင်ဝါဒီ သမားများက အရုပ်ဆိုးသည်ဟု ပြောကောင်းပြောကြပါလိမ့်မည်
ဂျော့ဘုဘ်လို ကျွန်တော့်ကို ကြည်ညိုသူတို့က အမြင့်တနေရာတွင် ချိတ်ဆွဲကာ အိမ်ရာဝင်တိုင်း ရှိခိုးကြမည်
ဘင်လာဒင်လို အကြမ်းဖက် သမားများက ဆုတ်ဖြဲကောင်း ဆုတ်ဖြဲပါလိမ့်မည်
အိန်ဂျက်လီနာဂျိုလီ တွေ့ပါက အမွေစား အမွေ ခံအဖြစ် မွေးစားကောင်း မွေးစားပါလိမ့်မည်
အကောင်းမြင် ၀ါဒီရိုသူများက ဒီပို့ကို တင်တာ အိုင်ဒီယာ ကောင်းတယ်လို့ ကော့မင့်ပေးလိမ့်မည်
မနာလိုသူများက ပေါကြောင်ကြောင်နိုင်သည်ဟု မှတ်ချက်ချပါလိမ့်မည်
ကွန်ဒိုလီဇာရိုက်လို ကော့မင့်ပေးရန် ဥာဏ်မမှီသူများက အရူးနဲ့တုပြီး မပြောချင်ဘူးဟု အကြောင်းပြချက် ပေးကြလိမ့်မည်

မည်သို့ပင်ဆိုစေ ကျွန်တော်သည်ကား ကျွန်တော်သာဖြစ်ပါသည်

Read More...

Wednesday, May 09, 2007

ဒါလားဟဲ့ မော်ဒန်

ပိတ်ကားများပေါ်တွင် အဓိပ္ပယ်ဖော်ရန်ခဲ့ယင်းသော ဆေးရောင်များခြယ်သူသည် မော်ဒန် ပန်းချီဆရာ ဖြစ်သည်
နားလည်ရန်ခက်ခဲသော စာများကို တောင်စဉ်ရေမရ လျှောက်ရေးသူသည် မော်ဒန် စာရေးဆရာဖြစ်သည်
( ဥပမာ။ ။ ဂျင်းဘောင်းဘီ ဆေးလိပ်တို ဂျော့ဘုဘ် အကော်ဒီယံအုန်းကျော် အစရှိသည့် အရာများကို တန်းစီ ချရေးသူ )
အရူးတစ်ယောက်လို နို့ဆီခွက်တွေကို လည်ပင်းမှာဆွဲ။ တချို့က ကြက်မြုံထဲဝင် အ၀တ်ဖြူဝတ် လက်ထဲမှာကြက်ဥနှစ်လုံးကို မနှဲလေးလိုကိုင်ပြီ ၀ပ်နေသည်ကို ၀င်ကြေးကို ဒေါ်လာနဲ့ပေးကြည့်ကြသည်။ အဲဒါပါဖောင်းမင့်

ကျွန်တော်သည် လူအများနားလယ်ရန် ခဲယင်းသော စကားများကို အဓိပ္ပယ်ကောက်လို့ မရအောင် မြန်မာလို ပြောသောအခါတွင် လူအများက မော်ဒန် စကားပြောသူဟု ခေါ်ကြမည်လော။
( စမ်းသပ်သည့် သဘောဖြင့် ချစ်သူကို ပြောကြည့်စဉ်က အရှုးလို့ မှတ်ချက်ပေးဖူးသည်)

ထိုအခါတွင် ကျွန်တော်သည် သူမကို ဥာဏ်မမှီသောသူဟု သဘောထားလိုက်သည်
( ဘာကြောင့်လဲဆိုတော့ ဂျင်းဘောင်ဘီတို့၊ ဆေးလိပ်တိုတို့ကို တန်းစီရေးသော စာပိုဒ်ကို ဥာဏ်မမှီသူများနှင့် ဝေးဝေးတွင်ထားပါ အန္တရယ်ရှိသည်လို့ မော်ဒန်စာရေးဆရာကြီးက သူရဲ့ စာပိုဒ်လေး အဆုံးမှာရေးထားခြင်းကြောင့်ဖြစ်သည် )

တခြားလူများကိုလဲ ပြောကြည့်သည် ထိုလူများသည်လဲ ကျွန်တော့ကို အရှုးဟု မှတ်ချက်ပေးသည်

သို့ရာတွင် ကျွန်တော်တီထွင်ထားသော မော်ဒန်စကားများ ထဲတွင် လမ်းဘေးက တရုတ်မ၊ လမ်းကြိုလမ်းကြားက ကြွက်စုတ်၊ နတ်ချီးတွဲလောင်းနဲ့ မော်ဒယ်ဂဲ၊ သချာင်္ကျွမ်းသော ရန်ကုန်သူ ရန်ကုန်သား၊ မန်ယူ ( မှန်လဲမှန်တယ် ယူလဲ ယူတယ်)၊ ချယ်ဆီး ( ပြောင်းပြန်မဖတ်ရ)၊ ကတုံးမ၊ ၀ဲကိုက်နေတဲ့ခွေး၊ တီဗီရောဂါသည်ကို ကြိုက်တဲ့ ဆရာဝန် အစရှိသည့် စကားလုံးများ ပါကောင်း ပါလိမ့်မည်။ ယင်းစကားလုံးများကို နားထောင်လိုသူများလဲ ရှိကောင်း ရှိပါလိမ့်မည်။

ထို့ကြောင့် ကျွန်တော်၏ မော်ဒန်ဒိုင်ယာလော့များကို ကျွန်တော်နှင့် ခံစားချက် ခြင်းတူသည့် ပရိတ်သတ်များ နားဆင်နိုင်ရန် ကြံစီမိသည်။ သူငယ်ချင်း တစ်ယောက်ကတော့ အားလုံးကြားနိုင်အောင် ဆာကူရာတာဝါ အမိုးပေါ်သို့တက်ပြီး လော်စပီကာနှင့် အော်ရန်အကြံပြုသည်။ သူသည် မိုက်မဲ သူတစ်ယောက်ဖြစ်သည်။ ဒီလောက် အဖိုးတန်သော မော်ဒန် ဒိုင်ယာလော့များကို အလကား ဖြန့်ဝေရန် ကျွန်တော့တွင် အစီစဉ်မရှိပါ။

ထိုအခါတွင် ကျွန်တော်သည် အမ်ပီသရီး ခွေ ထုတ်ရန် စီစဉ်ရတော့၏။ ရောသမမွေသည် ဗီစီဒီ စက်ရှိသော အိမ်တိုင်းတွင် ရှိသည်ဟု ဆိုသည်။ ကျွန်တော်၏ ခွေထွက်သည့် အခါတွင် ဗီစီဒီစက် မရှိသူများပင်လျှင် မော်ဒန် ဒိုင်ယာလော့များကို နားထောင်ရန် ဗီစီဒီစက်များကို အလုအယက် ပြေးဝယ်ကောင်း ၀ယ်ကြလိမ့်မည်။
( ထိုအခါတွင် ဗီစီဒီစက်များ ဈေးတက်နိုင်ပါသဖြင့် သင့်မှာ မရှိသေးလျှင် သို့မဟုတ် ပျက်နေလျှင် စောစီးစွာ ၀ယ်ထားကြပါကုန်)

ဘရက်တီစပီးရား ဆံပင်ပြန်ပေါက်လာသည့်အခါ ကျွန်တော့်အခွေကို ဘာသာပြန်၍ ဆိုကောင်း ဆိုပေလိမ့်မည်။ ရိန်း သည် ကျွန်တော့ထံတွင် တပည့်ခံကောင်း ခံပါလိမ့်မည်။ နယူးယောက်တိုင်းမ်း ကထုတ်ပြန်သော ကမ္ဘာ့ အကျော်အမော် ၁၀၀ စာရင်းတွင် ထိပ်ဆုံးက ဖော်ပြကောင်း ဖော်ပြလိမ့်မည်။ ဆွီဒင် သမ္မတသည် သူ့နိုင်ငံသို့ ဖိတ်ကြား၍ နိုဘယ်ဆု ပေးကောင် ပေးလိမ့်မည်။ ဟားဘတ် တက္ကသိုလ်က ဒေါက်တာဘွဲ့ပေးကောင်းပေးပါလိမ့်မည်။
သို့ရာတွင် ကျွန်တော်သည် မော်ဒန်ဒိုင်ရာလော့များကို ခွေထုတ်မည့် အစဉ်ကို ဤနေရ၌ ဖျက်သိမ်းရာ၏။ အကြောင်း ပြချက်ကတော့ ခိုးကူးခွေများ၏ ဘေးရန်ကို ကြောက်သောကြောင့်ဖြစ်သည်။ သို့ရာတွင် ကျွန်တော် ကိုယ်တိုင်သည် တခါတံရံတွင် ခိုးကူသီချင်းခွေများကို ၀ယ်ယူနားဆင်လေ့ရှိသည်။ ခိုးကူးရန်ကိုကြောက်သည်ဟု ကျယ်လောင်စွာ အော်နေသော အဆိုတော်များ ကိုယ်တိုင်ရော ခိုးကူးခွေကို တစ်ကြိမ်မှ မ၀ယ်ဘူးပါကြောင်း အာမခံနိုင်ပါ၏လော။

ခိုးကူခွေများကို အားပေးသူသည် အဆိပ်ပင် ရေလောင်းသူဖြစ်သည်ဟု ရတနာမြိုင်က ကိုချန်ဟိန်း သည်သော်လည်းကောင်း အိတ်ဆဲလင့်ခရီရေးရှင်းမှ ဦးမျိုးဆွေသည် သော်လည်းကောင်း မှုပိုင်ခွင့်ဘွဲ့များကို သတီတန်းကြီး ယူထားသော ရှေ့နေကြီး ဦးအောင်စိုးဦးသည် သော်လည်းကောင် ပြောကောင်းပြောခဲကြ၏။
မောင်မျိုးမင်းသည် သူရိုက်သည့် တဆ္ဆေအလိုက်ခံရသူများ၏ညကို ခိုးကူထားသည့်ခွေကို ပိုက်ဆံ ၃၀၀ ပေးကာ လမ်းဘေးဈေးသည် တစ်ဦးထံမှ ၀ယ်ခဲ့၏ ထိုအခါတွင် မောင်မျိုးသည် အဆိပ်ပင် ရေလောင်းသူလော။

ခိုးကူးခွေများကိုသာ အစဉ်တစိုက် အားပေးလျှက် ရှိသော ဗိုလ်ကလေးဈေးလမ်းနေ ကောင်မလေး တစ်ဦးကတော့ သူတို့ခွေက တစ်ထောင်ကျော် မတန်ပဲ သုံးရာပဲတန်လို့ သုံးရာတန် ခိုးကူးခွေကို ၀ယ်ရခြင်းဖြစ်သည်တဲ့။ ဂီတအစီးရုံးက ပဂ္ဂိုလ်ကြီးတစ်ဦးကတော့ ခိုးကူးခွေတွေကြောင့် အမြတ်နည်းသဖြင့် သူတို့ ခွေတွေကို ပိုက်ဆံအများကြီးမသုံးနိုင်ခြင်း ဖြစ်သည်ဟု ပြောပါ၏။

တေးရေးဆရာကြီး တစ်ယောက်ကတော့ ဂီတလောက အခုလိုအကြပ်ရိုက်နေတာ တစ်ဝက်က ခိုးခွေကြောင့် ဖြစ်ပြီး တစ်ဝက်သည် အဆိုတော်နှင့် တေးထုတ်လုပ်သူများကြောင့်ဟု ဆိုပြန်သည်။
(ဥပမာ။ ။ ခွေတိုင်းတွင် ပါလေရာလိုက်ဆိုခြင်း၊ မုန့်လဲစားသလို သချင်းလဲဆိုခြင်း၊ ကိုယ့်အသံနှင့်လိုက်မှန်းသိ မလိုက်မှန်းသိ ထုတ်လုပ်သူက ဆိုခိုင်းလျှင်ဆိုခြင်း )
ခိုးကူခွေ အကြပ်ရိုက်သည့် သောကကို တချို့သောအဆိုတော်များ မခံရဟုဆိုသည်။ သူများခွေကိုသာ ခိုးကူဝယ်ချင် ၀ယ်မယ် အဲဒီအဆို တော်ကိုတော့ မာစတာမှ ၀ယ်သည်ဟု ပြောကြသည်။
(ဥပမာ။ ။ လေးဖြူ၊ မျိုးကြီး၊ အာဇာနည်၊ စိုင်းစိုင်းခမ်းလှိုင်)

အဆိုတော်များသည် ခိုးကူးခွေကို ထိရောက်အောင် မဖမ်းပေးနိုင်သော အာဏာပိုင်များကို အပြစ်တင်ကောင်း တင်လိမ့်မည်။ အာဏာပိုင်များသည် အဆိုတော်များကို အပြစ်တင် ကောင်းတင်လိမ့်မည်။ တချို့သောလူများက မှုပိုင်ခွင့်ဥပဒေကို ပြီးစီးအောင် မဆွဲသည့် ရှေ့နေများကို လက်ညှိးထိုးလိုက ထိုးကြမည်။ အားပေးသူများက ဈေးသက်သာမှုကို သော်လည်းကောင်း လွယ်ကူစွာ ၀ယ်ယူရရှိနိုင်ခြင်းကို လည်းကောင်း အကြောင်းပြချက် ပေးကောင်းပေးမည်။ ကူးသူများက စီပွားရေးတွက်ချေ ကိုက်သောကြောင့် လို့ဖြေကောင်းဖြေမည်။ ခိုးကူးခွေကို အများပြည်သူလက်ကို ရောက်အောင် ဖြန့်ပေးသော ကောင်းလေးတစ် ယောက်ကတော့ ကျွန်တော် ဘလုပ်လို့ ဘာကိုင်စားရမှန်မသိလို့ ရောင်းတာပါတဲ့။ စားလောက်တဲ့ လစာရတဲ့ အလုပ်သူမှာရှိရင် ဘယ်သူက ရောင်းမှာလဲတဲ့လေ . . .
ဒါဆိုရင် ရုံးတွေမှာ ခိုးကူးခွေ ရောင်းတဲ့ ၀န်ထမ်းတွေကရော . . . . .

သြော် . . . ဒါလား မော်ဒန်လေ

Read More...