Art is My Life: အာဟာရ
Showing posts with label အာဟာရ. Show all posts
Showing posts with label အာဟာရ. Show all posts

Tuesday, September 11, 2007

နားသံသီး ရဲ့ မတ်စေ့ပုံပြင်

တစ်ခါတုန်းက ကျွန်တော်တို့ မြို့တွင် နားသံသီးဟု ခေါ်သည့် လူတစ်ယောက်ရှိသည်။ သူသည် အိန္ဒယ နိုင်ငံသား ဟိန္ဒူ လူမျိုး တစ်ဦးဖြစ် ပြီး စစ်အတွင်းက မြန်မာပြည်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။ ကျွန်တော်တို့ မြို့ကို ရောက်လာစဉ်က သူ့နားတွင် သံနှင့် လုပ်ထားသော နားဆွဲသီးကြီး တပ်ဆင် ထားခြင်းကြောင့် နားသံသီးဟု ခေါ်ကြမှ အမည်တွင်သွား ခြင်းဖြစ်သည်။

တစ်ရက်တွင် နားသံသီးသည် ချောင်းတစ်ခု ကို တံတားပေါ်မှာ ဖြတ်ကူးရင်း သူ့ လက်ထဲမှ မတ်စေ့လေး တစ်စေ့ ချောင်းအတွင်းသို့ ကျသွား လေသည်။ မတ်စေ့ ကျသွားသော ချောင်းသည် လူနှစ်ရပ်စာ လောက်နက်သည်။ သူကိုယ်တိုင်လည်း ရေမကူးပါတတ်ပါ။ လူနှစ်ရပ်စာ မျှနက်သော ချောင်းအတွင်းတွင် မတ်စေ့တစ်စေ့ကို ရှာရသည်မှာ မလွယ်ကူပါ။ ထိုအခါ နားသံသီးသည် ချောင်းထဲတွင် ရေချိုးနေသူ များကို သူကျသွားသော မတ်စေ့ကို ရအောင် ပြန်ရှာပေး နိုင်ပါက ငါးမူးပေးမည် ဖြစ်ကြောင်း ပြောလိုက်သည်။

ထိုအခါ ချောင်းအတွင်း ရေချိုး နေသူများသည် နားသံသီးကျ သွားသော ပိုက်ဆံမတ်စေ့ကို ရှာကြသည်။ များမကြာမီ ရေငုတ်ရှာသူများ အနက်မှ တစ်ဦးသည် နသံသီး ကျသွားသော မှတ်စေ့ကို ရှာတွေ့သွားလေသည်။ ထိုအခါ နားသံသီးသည် သူပြောထားသည့် အတိုင်း ရေငုတ်ရှာနိုင်သူကို ငါးမူးပေးကာ ချောင်းအတွင်းက ပြန်ရသော မတ်စေ့ကို ယူသွားလေသည်။

ထိုအခါ ချောင်းအတွင်း ရေချိုးနေသူများက ဒီကုလားက ငကြောင်ပဲ ပိုက်ဆံ တစ်မတ် ပြန်ရဖို့ ပိုက်ဆံ ငါးမူး အကုန်ခံနေတယ်၊ အချို့ကလည်း ဒီမတ်စေ့က အဆောင်မို့လို့ ပိုက်ဆံ ငါးမူး အကုန်ခံပြီး ငုတ်ခိုင်းတာ ဖြစ်မယ်ဟု ပြောကြသည်။ ထိုအကြောင်းကို နားသံနှင့် ရင်းနှီးသူများက ကြားသိသွားပြီး အကြောင်းစုံ မေးမြန်းကြည့်ရာ။

ကျွန်တော့် လက်ထဲ ပိုက်ဆံ ကျသွားတယ်ဆို သိကြပေမယ့် ကျွန်တော် ပြန်မယူဘူး ငုတ်ပြီး ရှာကြပါ ဆိုရင်တောင်...။ ပိုက်ဆံ မတ်စေ့လေး တစ်စေ့ အတွက်နဲ့ လူနှစ်ရပ် စာလောက်ရှိတဲ့ ရေထဲမှာ ငုတ်ပြီး ခဲရာခဲဆစ် ဘယ်သူမှ ရှာနေမှာ မဟုတ်ဘူး။ ဒါကြောင့် အဲဒီမတ်စေ့ကို ဒီတိုင်းထား လိုက်မယ်ဆိုရင် ဘယ်သူမှလဲ မသုံးရဘူး။ ဒီတိုင်းဆုံးသွားမှာ။ ဒါကြောင့် ကျွန်တော်က ပိုက်ဆံ ငါးမူးပေးပြီး ရှာခိုင်းလိုက်တာပါ။ အဲဒီအခါမှာ ကျွန်တော့် မတ်စေ့ ပြန်ရသလို ရေငုတ်တဲ့ လူလဲ ပိုက်ဆံ ငါးမူး သုံးရတယ်။ သာမန် အားဖြင့် ကြည့်ရင် ကျွန်တော့ ဘက်က တစ်မတ်ရှုံးတယ်လို့ ထင်မယ်။ တကယ်တော့ လက်ထဲက ပြုတ်ကျပြီ ဆိုကတည်းက ကျွန်တော်ဟာ ပိုက်ဆံ တစ်မတ် ဆုံးသွားပြီ။ ဒါပေမယ့် ရေထဲက ပိုက်ဆံကတော့ အလဟသ မဖြစ်တော့ဘူးပေါ့။

Read More...

Friday, June 29, 2007

ထန်း နှင့် ညောင်

ထန်းပင် နှင့် ညောင်ပင်သည် တူညီသော သပါဝရှိသလို မတူညီသော သဘောတရားများလည်း ရှိတတ်ကြသည်။

* * * *

အဖေသည် ကျွန်တော်တို့ မောင်နှမတွေ အတွက် တခါတရံတွင် အဖေနှင့်မတူပဲ သူငယ်ချင်း တစ်ဦးနှင့်သာ တူနေတတ်သည်။ များသောအားဖြင့် အဖေသည် တည်တည်ခန့်ခန့် နေလေ့မရှိပဲ ကျွန်တော်တို့ မောင်နှမများနှင့် သူငယ်ချင်းများလို ပြောပြော ဆိုဆို စစ နောက်နောက် နေတတ်သည် ကများသည်။ တခါတရံတွင်တော့ အဖေ တစ်ယောက်လို ကျွန်တော်တို့ အပေါ် စိတ်ဆိုးသည်လဲ ရှိသည်။ ရိုက်သည်လဲ ရှိသည်။ သို့ရတွင် သူငယ်ချင်းလို နေသည်က များပါသည်။
ကျွန်တော် ရန်ကုန်သွားမည် ဆိုသည့် အခါတွင် အမေသည် တစ်လလောက် အလိုကတည်းက ဆုံးမ၍ မပြီးနိုင်။ ပုတီးစိမ်နည်း အမျိုးမျိုး ဘုရားရှစ်ခိုးနည်း အမျိုးမျိုးများ ကိုလည်း ကျက်ခိုင်း သေးသည်။ အမေ့မှာ ဗေဒင်သွားကြည့်လိုက် ရတြာခြေလိုက်နှင့် မအားနိုင်အောင် ပင်ရှိသည်။ ရန်ကုန်ကို အင်းတော်မှ ထွက်ခဲ့ရသည်မှာလည်း ယင်းရတြာ၏ အစိတ်ပိုင်း တစ်ခုဟု ပြော၍ ရပါသည်။
သို့ရာတွင် အဖေကမှု အေးအေး ဆေးဆေးပင် ရှိသည်။ မင်းအလုပ်တွေ ငါလုပ်ရတော့မှာပေါ့။ မင်းငါ့ကို မသနားလို့ သွားတာကတော့ ငါကတော့ မတားပါဘူး။ အစရှိသဖြင့် နောက်တီး နှောက်တောက် စကားများကိုသာ ပြောသည်။
အမေက အရက်မသောက်နဲ့ ဘာမှလုပ်နဲ့ ညာမလုပ်နဲ့ မှာသည့်အခါမျိုးတွင်လည်း။ နင်ကလဲဟယ် သူ့ဖာသူ ဘာလုပ်လုပ်။ တစ်ခုတော့ရှိတယ် ရန်ကုန်ကနေ ဘာမလုပ်တတ် ဘာမကိုင်တတ် လေးတော့ ခေါ်မလာနဲ့ ဟုဆိုကာ စကားကို ၀င်ဝင်နှောက်လေ့ ရှိသည်။
ထို့ကြောင့်လဲ အဖေ့ကို ကလေးတွေကို ဆုံမရကောင်းမသိဘူး ဟု အမေက မကြာခဏပြော လေ့ရှိသည်။ ထိုအခါမျိုးတွင် အောင်မှာ ငါ့သားသမီးတွေက လိမ်မာပြီးသား ဆုံးစရာကို မလိုဘူးဟု ရယ်ရယ်မောမော ဖြင့်ပင် ပြန်ပြောလေ့ရှိသည်။
ထိုသို့ အမြဲတမ်း ရယ်ရယ်မောမော ဖြင့်နေသော အဖေသည် ကျွန်တော် အိမ်နဲ့ စခွဲ့သည့်နေ့ ရထားထွက်ခါနီးတွင် မရယ်ဘူး ဆိုတာကိုတော့ ကျွန်တော် သတိထားမိသည်။ ပါးစပ်မှ လည်းတစ်ခုခု ပြောဖို့ စဉ်စားနေသလို ရှိပေမယ့် ထုံးစံအတိုင်း ကွမ်းဝါးနေသည်ဟုပင် ထင်မိသည်။
နာရီဝက်ခန့် ဘာမှ မပြောပဲ ရထားပြူတင်းပေါက် အနီးမှာ လာရပ်နေသော အဖေသည် ရထားထွက်ခါနီးမှ စကား စပြောသည်။ မင့်ကိုငါ ပြောစရာရှိသေးတယ်တဲ့။
လူဆိုတာ ထန်းပင်လို မကျင့်ရဘူးကွ ညောင်ပင်လို ကျင့်ရတယ်
ကျွန်တော်အံ့သြသွားသည်။ အဖေသည် ကျွန်တော်သိသလောက် ယင်းကဲ့သို့ စာသံပေသံ နှင့် ကျွန်တော်တို့ကို ပြောသည်ကို တခါမျှမကြားဖူးပါ။

* * * *

ဆရာ့ဘ၀မှာ အမှားတွေ အများကြီး လုပ်ဖူးတဲ့အထဲမှာ သိသိကြီးနဲ့ မှားလိုက်တာ ရှိတယ်။ အဲဒါက ဘာလဲ ဆိုတော့ မိဘကို မထောက်ပံ့ နိုင်ခင်မှာ အိမ်ထောင် ပြုလိုက်တာပဲ။ ကျွန်တော်တို့ ခြောက်တန်းနှစ်က ကြိုသက် ဘာရပ်သင်ကြားသော ဆရာ တစ်ဦးပြောသည့် စကားဖြစ်ပါသည်။ သူ့တွင် အမေတစ်ဦးသာရှိပြီး ကျောင်းဆရာ အလုပ်ရချိန်တွင် မေကို မကျွေးနိုင်ခင် မိန်းမယူ လိုက်မိခြင်း ဖြစ်သည်ဟုဆိုသည်။ ကျောင်းဆရာ လခသည် များစွာမရသောကြောင့် မိန်းမရှိနေသည့် သူ့အဖို့ မိခင်ကို ဘာမျှမလုပ်ပေး နိုင်ခဲ့ဟုဆိုသည်။
ယင်းကဲ့သို့သော ခပ်ဆင်ဆင် အဖြစ်များစွာကို ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် အမြဲလိုလိုပင်တွေ့ မြင်နေကြရသည်။ ဆရာ ကောင်းသန့် သည်ပင်လျှင် ထိုကဲ့သို့ အမှားမျိုး ကျူးလွန်ခဲ့မိသည်ဟု သူ့ဆောင်းပါးတစ်ပုဒ် တွင်ရဖူးသည်။

* * * *

တကယ်တော့ ထန်းပင် နဲ့ ညောင်ပင်ဟာ ကြီးထွားကြတဲ့ သပါဝချင်း တူပေမယ့် ထန်းပင်ဆိုတာ အမြင့်ကိုတာ တက်ပြီး ပတ်ဝန်းကျင်ကို မပြောနဲ့ သူ့အသီးနဲ့ သူတောင် မိုးလုံတာ မဟုတ်ဘူး။
ညောင်ပင် ဆိုတာကတော သူကြီးထွားလာတာနဲ့ အမျှ သူ့ရဲ့ အရိပ်ကို အားလုံးက ခိုလုံလို့ရတယ်။
လူဆိုတာ ဘာကိုပဲလုပ်လုပ် ထန်းပင်လို ကိုယ်တက်သွားရင် ပြီးရော ဆိုပြီး မလုပ်ရဘူး။ ကိုယ်နဲ့ သက်ဆိုင်တဲ့ ပတ်ဝန်းကျင်ပါ ကိုယ့်ကို မှီခို အားထားလို့ ရလောက်တဲ့ ညောင်ပင်လိုဖြစ်အောင် ကြိုးးစား အားထုတ်သင့်တယ်။

အဖေ စကားသံ ဆုံးတော့ ခရာထွက်လာသည် ခရာသံ ဆုံးတော့ ဥသြသံထွက်လာသည် ဥသြသံ ဆုံးတော့ ရထားဘီးလုံးများသည် သံလမ်းပေါ်တွင် တကျီကျီ နှင့် စတင်လိမ့် သွားသည်။ ထို့နောက် ရထားသည် ဘူတာရုံလေးကို ကျောခိုင်း၍ မိုင်ပေါင်းများစွာ ခုတ်မောင်ခဲ့ ပါသည်။









*

Read More...

Saturday, June 09, 2007

ကလေးတစ်ယောက်နဲ့ ခြေလှမ်းများ

အဖြူရောင်သက်တံ ကဗျာရွတ်ပွဲမှ
မြင့်မိုးအောင် ရေးဖွဲ့သည့် ကဗျာ


ကလေးတစ်ယောက်နဲ့ ခြေလှမ်းများ

ကလေးတစ်ယောက် ငိုနေတယ်
ချိုင့်ခွက်များတဲ့ လမ်းပေါ်မှာ သူချော်လဲသွားခဲ့တယ်

ကလေးတစ်ယောက် ငိုနေတယ်
လွယ်အိတ်အပေါက်ထဲကနေ
သူ့ခဲတံလေးကျပျောက်သွားခဲ့တယ်

ကလေးတစ်ယောက် ငိုနေတယ်
ညစာချက်ကျွေးမယ့် သူ့အမေ
အိမ်ပြန်နောက်ကျလို့နေတယ်

ကလေးတစ်ယောက် ငိုနေတယ်
ခုတိမရပ်သေးတဲ့ မိုးသဲထဲမှာ
သူအဖျားနဲ့ချမ်းနေတယ်

ကလေးတစ်ယောက် ငိုနေတယ်
ခွေးတစ်ကောင်လိုက်လို့ ပြေးရင်းနဲ့
သူရောင်းနေတဲ့ ဖရဲသီးဗန်းကလေး
သဲတွေထဲကို ကျသွားတယ်

မင်းလဲကြားရတယ် ငါးလဲကြးရတယ်
ကလေးတစ်ယောက် ငိုနေတယ်
အနားမှာလဲကြားရတယ် အဝေးကလဲကြားရတယ်
ကလေးတစ်ယောက် ငိုနေတယ်

မငိုပါနဲ့တော့ ကလေးရယ်
နှစ်သိမ့်စကားလေးတစ်ခွန်း
တစ်ယောက်ကပြောလိုက်တယ်
မငိုပါနဲ့တော့ ကလေးရယ်
နွေးထွေးတဲ့လက်တစ်ဖက်
တစ်ယောက်ကကမ်းလိုက်တယ်

တစ်ယောက်က တွေးမိတယ်
အလင်းရောင်တွေ မဖြန့်ကျက်ခဲ့ဘဲ
ဘယ်ကြယ်စင်လေး တစ်ပွင့်မှ
ကမ္ဘာမြေကို စွန့်ခွာမသွားသင့်ဘူး

တစ်ယောက်က တွေးမိတယ်
မွှေးရနံ့တွေ မလွှင့်ထုတ်ခဲ့ဘဲ
ဘယ်ပန်းပွင့်လေးတစ်ပွင့်မှ
ကမ္ဘာမြေကို ချန်ရစ်မထားခဲ့ဘူး

တစ်ယောက်ပြောဖူးတယ်
အလင်းဆုံးကြယ်စင်တွေတောင်မှ
တိမ်ညိုတွေနောက်မှာ အကြာကြီး
လမ်းပျောက်မသွားအောင် ခရီးဆက်ရအောင်

တစ်ယောက်ကပြောဖူတယ်
အမွှေးဆုံးပန်းပွင့်တွေတောင်မှ
မုန်တိုင်းတွေကြားမှာ အကြာကြီး
ကြွေကျမသွားအောင် အားတင်းကြရအောင်

ကလေးရေ ခြေတစ်လှမ်းလောက်
ရှေ့ကိုလှမ်းလိုက်ပါ
မင်းရဲ့မြင်ကွင်းတွေ နည်းနည်းတော့ပြောင်းသွားမှာ
ခြေတစ်လှမ်းလောက် နောက်ထပ်လှမ်းလိုက်ပါ
မင်းရဲ့မြင်ကွင်းတွေ ပိုပြီးတော့ပြောင်းသွားမှာ

ခြေလှမ်းတွေအများကြီးရောက်တဲ့အခါ
ကမ္ဘာအသစ်တစ်ခု မင်းရှေ့ကိုရောက်လာမှာ
ကမ်းနေတဲ့လက်ကို ဖမ်းဆုပ်ကာ
ခြေတစ်လှမ်းလောက် လှမ်းလိုက်ပါ......

Read More...

Monday, June 04, 2007

လမ်းဖြတ်ကူးမဲ့ နှလုံးသားလေးသို့

နှလုံးသားလေးရေ ဘ၀ရဲ့ အစမှာတော့ တစ်ကိုယ်တည်း ဆိုတဲ့ ပလက်ဖောင်းလေးမှာ လျှောက်နေတာပေါ့။
အရွယ် ရောက်လာ ပြီဆိုတော့လဲ စုံတွဲ ပလက်ဖောင်းလေးကို မင်းကူးချင်မှာပဲလေ ငါမတားပါဘူး သဘာဝပဲကိုး

ဒါပေမယ့် မင်းကိုမှာ ပြောချင်တာလေးတွေ မှာကြားပါရစေကွာ

တစ်ကိုယ်တည်းလျှေက်ရတဲ့ ပလက်ဖောင်းနဲ့ စုံတွဲလျှေက်တဲ့ ပလက်ဖောင်း နှစ်ခုကြားမှာ အဝေးပြေး ကားလမ်း ကြီးတစ်ခု ခြားထားတယ်

အဲဒီလမ်းမကြီးကို ကူးမယ်ဆိုရင် မော်တော်ပီကယ် မရှိဘူး၊ ဒါပေမယ့် မီးပွိုင့်တစ်ခု ကိုတော့ သတိထားမိရင် မင်းတွေ့ရပါလိမ့်မယ်
လမ်းကူးတော့မယ် ဆိုရင် မီးပွိုင့်ကို မြင်အောင်ကြည့် မီးစိမ်းနေလား.... မီးဝါနေလား.... မီးနီနေလား.....
မီးဝါနေရင် သွားမကူးနဲ့ ဒါဏ်ရိုက်ခံရ လိမ့်မယ်
နီနေရင်လည်း သွားမကူးနဲ့ အခန့်မသင့်ရင် ပွဲခြင်းပြီး သေသွားနိုင်တယ်
စိမ်းနေရင်တော့ အမြန်ဆုံးတာ ကူးပေတော့ မင်းစဉ်းစားနေလို့ ကြံ့ကြာရင် မီးပွိုင့်ဆိုတာ ပြန်နီချင် နီသွားတတ်မျိုးကွ
တစ်ခါတစ်လေ တော့လဲ လူတွေက ၀ါနေတဲ့ မီးကို လတ်ထိုးပြီး ကူးကြတယ်
မီးနီပြနေရင်လဲ စွန့်စွန့်စားစား ကူးတတ်ကြတယ် အဲဒါကလဲ ရင်ခုန်စရာ တစ်မျိုးကောင်းတာပဲ ကွ
ဒါပေမယ့် မင်းကတော့ အခုမှ စပြီးကူးမှာ ဆိုတော့ မီးနီနေရင် မကူးပါနဲ့ ကံမကောင်းလို့ မဆင်မခြင် မောင်းတဲ့ လူတွေနဲ့ တွေ့ရင် မီးစိမ်းမှာ ကူးတာတောင် တိုက်ခံရတတ်တယ်

သြော်တစ်ခုတော့ မှာလိုက်ဦးမယ်
လမ်းကူးခါနီးမှာ မျက်စိကို အိုင်းတက် စစ်သွားဦးနော် တချို့က ကာလာ ဘလိုင်းဖြစ်တော့ မီးနီကို မီးစိမ်းထင်ပြီး ကူးတတ်ကြလို့
ဒါပဲနော် ကံကောင်းပါစေ . . . .

Read More...

Monday, April 16, 2007

ဆန္ဒ

ငါငိုတယ် မျက်ရည်မကျဘူး
ငါအော်တယ် အသံမထွက်ဘူး
ငါခြစ်တယ် အရာထင်ဘူး
ငါတီးတယ် အသံမမြည်ဘူး
ငါပြေးတယ် နေရာမရွေ့ဘူး
ငါစားတယ် အာသာမပြေဘူး
ငါအိပ်တယ် အိမ်မက်မမက်ဘူး
ငါလမ်းလျှေက်တယ် ခြေရာမထင်ဘူး

ငါငိုလို့သာ မျက်ရည်ကျရင် ကမ္ဘာမြေဟာ စင်္ကြာဝလာ အောက်မှာ ရေနှစ်သွားလိမ့်မယ်
ငါအော်လို့သာ အသံထွက်ရင် သိကြားမင်း ထွက်ပြေးသွား လိမ့်မယ်
ငါခြစ်လို့သာ အရာထင်ရင် ပင်လယ်ပြင်မှာ အရူးတစ်ယောက်ရဲ့ နာမည်ကိုရေးထား ချင်တယ်
ငါတီးလို့သာ အသံထွက်ရင် ကမ္ဘာမြေကို မိုးကြိုးဆိုတာ ပစ်ဖို့ မလိုအပ်တော့ဘူး
ငါပြေးလို့သာနေရာရွှေ့ရင် လူသားတွေ ဒုံးပြန်ကို မြန်သည်ထက် မြန်အောင် ကြိုးစာဖို့ မလိုတော့ဘူး
ဝိညာဉ် တစ်ကောင်စားတဲ့ ထမင်းက ဘယ်တော့မှ ၀မှာဟုတ်သလို သေဆုံး နေသူ တစ်ယောက် ရဲ့ ဘ၀ထဲကို ဘယ်အိမ်မက် မှ လာချင်ကြမှာ မဟုတ်ပါဘူး
ငါဟာ သေနေတဲ့ ၀ိညာဉ်တစ်ကောင်လေ ဘယ်လိုလုပ် ခြေရာကျန်မှာလဲ

Read More...

ငါ့ကို လိမ်လိုက်ပါ

လောကသည်
တရံတခါတွင် ဟန်ဆောင်လိမ် ညာလေ့ရှိသည်
ပြုံးထားသော လှပသည့် အရေပြား၏ နောက်ကွယ်တွင် လိမ်ညာမူများရှိသည်
သရဲတကောာင်၏ ခြောက်လှန့် မှု၏နောက်ကွယ်တွင် လိမ်ညာမူများရှိသည်
အိမ်မက်၏ နောက်ကွယ် တွင်လိမ်ညာမူများရှိသည်
ချစ်ခြင်း၏ နောက်ကွယ်တွင် လိမ်ညာမူများရှိသည်
မုန်းခြင်း၏ နောက်ကွယ်တွင် လိမ်ညာမူများရှိသည်
အရာခပ်သိမ်းသော အကြောင်းရာများ ၏နောက်ကွယ်တွင်လိမ်ညာမူများရှိသည်

မိတ်ဆွေ သင်ငါ့ကို လိမ်လိုက်ပါ
င့ါမှာရှိတာ တွေကုန်သွားပါစေ
ငါသေသွားပါစေ
လိမ်လိုက်ပါမိတ်ဆွေ

တစ်ခုတော့ ကြိုတောင်းပန်ချင်ပါတယ်
သင် လိမ်လိမ့်မယ်
လိမ်နေတယ်
လိမ်သွားတယ်
ဆိုတာကို မသိအောင်တော့ လိမ်ပေးပါ
ငါ့ မသေခင် သင်လိမ်တယ် ဆိုတာ မသိပါရစေနဲ့

ငါစိတ်ချမ်းသာသွားပါရစေ

Read More...