Art is My Life: ကိုယ်ရေးကိုတာ
Showing posts with label ကိုယ်ရေးကိုတာ. Show all posts
Showing posts with label ကိုယ်ရေးကိုတာ. Show all posts

Friday, December 18, 2009

ကျွန်တော် account လေးနှစ်ပြည့်ပြီ

Gmail Team
toBRAVE BOY
dateSat, Dec 17, 2005 at 1:35 AM
subjectGmail is different. Here's what you need to know.
mailed-bygoogle.com

hide details 12/17/05

First off, welcome. And thanks for opening a Gmail account! We think Gmail is different. So to help you get started, you may want to:

  • Check out the new Gmail Tour in our Getting Started section. It's good for, well, getting started.
  • Visit our Help Center. Here you can browse frequently asked questions, search for answers and learn about some of Gmail's cool features, like labels, keyboard shortcuts and free POP access.
  • Import your contacts to Gmail from Yahoo! Mail, Outlook, Hotmail and other programs. Then email your friends with your brand new Gmail address.

As you're using Gmail, you might also see some ads or related links. We believe that you shouldn't have to share your inbox with large, blinking, irrelevant ads. Gmail's small text ads are matched by computers, and designed to be relevant to the messages you're viewing. Which means for once, you might even find ads to be interesting and useful.

Users have often told us that the more they use Gmail, the more they discover its added benefits--such as being able to find any message instantly or to manage all your contacts in one place. So go ahead and give it a try. In the meantime, we'll keep working on making Gmail the best email service around. Thanks for joining us for the ride. We hope you'll enjoy Google's approach to email.

Thanks,

The Gmail Team

P.S. You can sign in to your account any time by visiting http://mail.google.कॉम

သေချာပြန်စဉ်းစားတော့ အရာရာဟာ ဘာမှ မကြာလိုက်သလိုပဲနော် ........


Read More...

Saturday, July 18, 2009

ပိုင်ဆိုင်မှုတွေဆုံးရှုံးခြင်း

ပိုင်ဆိုင်ခွင့်မရခြင်းကြောင့် ခံစားရတာထက် ပိုင်ဆိုင်ပြီးမှ ဆုံးရှုံးသွားတဲ့အခါမှာ ပိုပြီးခံစားရတယ် ..........


ဒီလိုရယ်ပါ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ ကျွန်တော် ၂၀၀၉ ဧပြီလလောက်အထိ ရိုက်ခဲ့သမျှ ပုံတွေကို သိမ်းထားတဲ့ စီဒီအယ်ဘမ်လေး ပျောက်သွားတယ်။ ဒါရောဆိုရင် ကျွန်တော်ဒေတာတွေ ဆုံးရှုံးဖူးသွားတာ နှစ်ကြိမ်ရှိသွားပါပြီ။ ပထဆုံး အကြိမ်တုန်းကတော့ သူငယ်ချင်းတစ်ယောက်ရဲ့ ကွန်ပျူတာထဲမှာ သိမ်းထားတာပါ။ သူ့ကွန်ပျူတာကို အိမ်ပြန်ယူသွားပါတယ်။ သူ့အိမ်က လာယူတဲ့အချိန်မှာ ဒေတာတွေယူနေရင် စောင့်နေရမှာ စိုးတာကြောင့် ဒီတိုင်းပေးလိုက်ပါတယ် နောက်နေ့မှ လာယူမယ်ပေါ့။ ဒါပေမယ့် ကျွန်တော်လည်းတော်တော်နဲ့ သွားမယူဖြစ်ဘူး။ သုံးလလောက်ကြာမှ သွားယူတော့ အဲဒီကွန်ပျူတာကို ဆိုင်ဘာကဖေးထဲမှာ ထည့်ထားတယ်တဲ့။ ဘယ်အလုံးလဲဆိုတော့ မမှတ်မိတော့ဘူး။ အဲဒါကြောင့် ဆိုင်ဘာကဖေးထဲမှာရှိတဲ့ ကွန်ပျူတာ ဆယ့်ငါးလုံးလောက်မှာ တစ်လုံးပြီးတစ်လုံး လိုက်ရှာကြည့်တယ် ဘယ်အလုံးမှာမှ မရှိတော့ဘူး။ Recovery လုပ်ဖို့ကျတော့လည်း ဘယ်အလုံးမှန်းမသိတော့ ခက်ပြန်တယ်။ ဒါနဲ့ပဲ အဲဒီဒေတာလေးတွေ ပလုံးသွားတယ်။ အဲဒီပလုံသွားတဲ့ထဲမှာ ရေးလက်စ တစ်ဝက်တစ်ပျက် ၀တ္တုလေးတွေ ဓာတ်ပုံတွေပါသွားပါတယ်။ အဲဒီအထဲမှာ နှမျှောဆုံးကတော့ ပလောင်ရွာမှာရိုက်ခဲ့တဲ့ ပုံလေးတွေပါ။

အခုတစ်ကြိမ်ကတော့ .....
ကွန်ပျူတာထဲမှာ ပုံတွေထည့်ပြီဆိုတာနဲ့ DVD ဘန်းထားလိုက်ပါတယ်။ ဒီတစ်ခါတော့ စနစ်ကျအောင်ဆိုပြီ စီဒီချပ်မှာ နံပါတ်တွေထိုး အဲဒီထဲမှာပါတဲ့ ပုံအမျိုးစားတွေကို သေချာရေးပြီး မှတ်ထားပါတယ်။ ပြီးတော့ စီဒီဘန်းဘန်းပြီးချင်းမှာလဲ ချက်ခြင်းမဖျက်သေးပဲ စီဒီဘန်းပြီးသားဆိုတဲ့ Folder လေးဆောက်ပြီး ထည့်ထားပါတယ်။ ဟက်ဒစ်မှာ ပုံတွေပြည့်လုပြည့်ချင် ဖြစ်နေပြီဆိုမှ စီဒီဘန်းပြီးသားလို့ နာမည်ပေးထားတဲ့ Folder ထဲကို ၀င်ပြီး အရေးမကြီးတဲ့ဟာတွေကို ဦးစားပေးပြီး ဖျက်ပါတယ်။

အဲဒီလိုနဲ့ အရင်တစ်ပတ်ကျော်က ကွန်ပျူတာကို ၀င်းဒိုးအသစ်တင်ဖို့ အကြောင်းပေါ်လာပါတယ်။ ၀င်းဒိုးတင်မယ်ဆိုတော့ စီဒီမဘန်းရသေးတာတွေကို စီဒီဘမ်းပါတယ်။ ပြီးတော့ ကွန်ပျူတာထဲက ရှိသမျှဒေတာတွေ အကုန်လုံးကို ဒလိလုပ်ပြီး ဆိုင်ပို့လိုက်ပါတယ်။ အကုန်လုံးကို ဒလိလုပ်ပြီးမှ ဆိုင်ပို့တယ်ဆိုတာကလဲ အော်ရယ်ဂျင်နယ် ဓာတ်ပုံဖိုင်တွေ မလိုအပ်ပဲ အပြင်ကို မရောက်အောင်လို့ပါ။ ဓာတ်ပုံသမားတစ်ယောက်အတွက် ကိုယ်ရိုက်ထားတဲ့ ဓာတ်ပုံတွေ အပြင်မှာ ဘယ်လိုပဲ ပျံ့နေပါစေ ကိုယ့်ဆီမှာ အော်ရင်ဂျင်နယ် ဖိုင်ရှိနေသမျှ ကာလပတ်လုံး မူပိုင့်ခွင့်ဥပဒေရ တရားဝင်ပိုင်ဆိုင်ခွင့်ရှိပါတယ်။ ဒါကြောင့် ဖျက်ပြီးမှ ပေးလိုက်တာပါ။ ရည်ရွယ်ချက်ကတော့ တခြားလူရဲ့ လက်ထဲကို အော်ရယ်ဂျင်နယ်ဖိုင် ရောက်မသွားနိုင်ပေါ့။

ကွန်ပျူတာလဲ ပြန်ရတော့ ပုံတွေပြန်ကြည့်ဖို့ရှာတာ စီဒီအယ်ဘမ်နှစ်ခုထဲက တစ်ခုပျောက်နေတယ်။ ဘယ်မှာ ဘယ်လိုပျောက်တာလဲ။ စဉ်းစားကြည့်တယ်..။ သေချာတာကတော့ ဆိုင်ဘာကဖေးဆိုင်မှာ ကျန်ခဲ့တာ ဖြစ်ဖို့များပါတယ်။ ဘယ်တုန်းက ပျောက်နေမှန်းမသိတဲ့ စီဒီအယ်ဘမ်ကို ပြန်ရဖို့ဆိုတာတော့ ပင်လယ်ထဲ အပ်ကျသလိုပဲ မျှော်လင့်ချက်လဲ မရှိတော့ပါဘူး။ တတ်သလောက်မှတ်သလောက် ပညာစွမ်းလေးနဲ့ ရီကာဘာရီ လုပ်ကြည့်တော့ ပုံတွေက သုံးမရပါဘူး အထစ်တွေ အပိုင်းတွေ အပြတ်တွေ ဖြစ်နေပါတယ်။ နားလည်တဲ့လူတွေကို မေးကြည့်တော့ ရီကာဘာရီ ခဏခဏ လုပ်ထားတဲ့ ဟက်ဒစ်ဆိုရင်တော့ ပြန်ရဖို့ မဖြစ်နိုင်တော့ဘူးလို့ ပြောပါတယ်။

ဘာပဲဖြစ်ဖြစ်ပါ ပျောက်သွားတဲ့ ပုံလေးတွေကို မျက်စိထဲပြန်မြင်ကြည့်မိရင် ရင်နာလို့ မဆုံးတာတော့ အမှန်ပါပဲ။


ပြန်ရဖို့ မဖြစ်နိုင်တော့တဲ့ ဓာတ်ပုံလေးတွေထဲက တစ်ချို့ကိုတော့ ဒီနေရာမှာ ကလစ်နှိပ်ကြည့်လို့ရပါတယ်။

Read More...

Wednesday, July 01, 2009

ခြေက်နှစ်ပြည့်ပြီ

ဘာလိုလိုနဲ့ ကျွန်တော် ရန်ကုန်မြို့ကို ရောက်လာတာ ဒီနေ့ဆို ခြောက်နှစ်ပြည့်သွားပြီ။ ကီးစိန်ကတော့ ပြောပါတယ် ခြောက်နှစ်ပြည့် ချီးယား လုပ်ချင်တယ်တဲ့။ ခက်တာပဲ ကီးစိန်ရယ် ...... ခြောက်နှစ်တာ ပြည့်လာတယ် ပိုက်ဆံပြတ်ပြတ်နေတာတော့ လွန်ခဲ့ ခြောက်နှစ်တုန်းက အတိုင်းပါပဲ။

Read More...

Friday, May 15, 2009

နေမကောင်းဘူး

အခုရက်ပိုင်း နေမကောင်းဘူး အဆုပ်အအေးပတ်လို့ နာစေးချောင်းဆိုးဖြစ်နေတယ်။ ဆေးခန်းလဲ မသွားတော့ပါဘူး ဆေးတွေဘာတွေလဲ မသောက်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကိုယ်ခံအားကို ကိုယ့်ဘာသာကို ယုံကြည့်မှု အပြည့်အ၀ ရှိတယ်လေ။ :P တစ်ရက်နှစ်ရက်နေရင်တော့ ပျောက်သွားမယ်ထင်တာပဲ။ လောလောဆယ်တော့ နာစေးချောင်းဆိုး ဆိုတော့ နေရတော်တော်ခက်တယ်။

စကားမစပ် မနေ့ညက အိပ်မက်ထဲမှာတော့ ဘုရားထီးတင်ရတယ်လို့ အိပ်မက်မက်တယ်။ အဲလိုအိပ်မက်မျိုးတခါမှ မမက်ဖူးဘူး။

Read More...

Sunday, March 29, 2009

အားနာလိုက်တာယောရယ်




သို့ချစ်လှစွာသော ယော.....။ ကျွန်ုပ်ဘီယာ သောက်နေချိန်မှာ သင့်ကို သတိရမိတာတော့ အမှန်ပဲလေ။ ခင်ဗျားနဲ့ ကျုပ် ရန်ကုန်မှာတုန်းက ဘီယာအတူတူ သောက်ရင်း ဘန်းကီးမွန်းဆီ ဖုန်းဆက်သင့် မဆက်သင့်၊ ဂျော့ဘုနဲ့ ဆာဒန်ဟူစိန် ဘယ်သူမှန်မှန် ဆိုတာ လည်ပင်ရိုးကြီးတွေ ထောင်ပြီး ငြင်းကြတာလဲ မှတ်မိသေးပါတယ်။

မနက်ဖြန် ကျုပ်ရန်ကုန် ပြန်တော့မယ်ဗျာ။ ဒီညတော့ ကျုပ်အခန်းထဲမှာ ခုံလေးနှစ်လုံးချပြီး တစ်နေရာကို ခင်ဗျားအမှတ်နဲ့ ကျုပ်သောက်နေတယ်။ ခင်ဗျားကို မမြင်ရပေမယ့် ကျုပ်မျက်နှာခြင်းဆိုင်က ခုံကို ကြည့်ပြီး ခင်ဗျားရှိတယ် အမှတ်နဲ့ ထိုင်ဆဲနေမိတယ်။

ဘာဖြစ်လို့လဲဆိုတော့ မနက်ဖြန် မြန်မာပြည်ပြန်ရာက်ရင် ခင်ဗျားစကားယုံစားမိလို့ လုပ်ခဲ့တဲ့ အလုပ်က အကြွေးရှင်တွေ မျက်နှာကို ရင်ဆိုင်ရတော့လေ။ ခင်ဗျားကို မယုံကြည်ရဘူးဆိုတာ သိလို့ အထပ်ထပ်အခါအခါ မေးတယ် မောင်မောင်ယောရယ် သေချာရဲ့လား။ သေချာပါတယ် ဒီလကုန်ရင် ဒေါ်လာထောင့်ငါးရာလွှဲလိုက်မယ် ခင်ဗျားဆိုင်ခန်းကိုသာ ငှားထားနှင့်။ ဆိုင်ခန်းနေရာလေးကလည်း မဆိုး ဈေးကလည်းတော် သူများလက်ဦးသွားမှာစိုးလို့ ငွေတိုးလေးယူပြီး စရံချထားလိုက်တယ်။ ကိုညီလင်းဆက်က တော့ ပြောရှာပါတယ်။ “ဟေ့လူ ယောသား စကားယုံစားလို့ ” ဆိုပြီး သတိပေးရှသေးတယ်။ ဒါပေမယ့် ငမိုက်သားကျုပ် သြော်ဒီတစ်ခါတော့ မောင်ယော မကြည်စားလောက်ပါဘူး ထင်ပြီး လုပ်လိုက်မိတယ်။

အင်း .............

မနက်ဖြန် ရန်ကုန်ရောက်ရင် အကြွေးရှင်တွေ ဘယ်လို ရင်ဆိုင်ရမလဲ .....

သြော်ဒီည ဘီယာသောက်နေတာကိုတော့ ခင်ဗျားကို တိုက်ချင်ပါတယ်။ ဒါပေမယ့် ခင်ဗျားက သင်္ဘောပေါ်မှာ ရာသီဥတုဆိုးကြီးထဲမှာ ရုန်းကန်နေရရှာတယ်ဆိုတော့ မတိုက်ရတာ အားနာမိတယ်ဗျာ ......

Read More...

Monday, March 23, 2009

ဒီနေ့မီးလေးတို့နဲ့တွေ့ဖြစ်တယ်



ဒီနေ့ လုံပနီညဈေးမှာ ဘလော့ဂ်ကာ မီးလေးဇာတို့ အုပ်စုနဲ့ ညစာစားဖြစ်ပါတယ်။ အခုတင်ထားတဲ့ ပုံတွေထဲမှာ မီးလေးပုံ ပါပါတယ်။ သူဘယ်သူဆိုတာ မှန်အောင်ဖြေနိုင်ရင် ဆုချမယ်လို့ ဆိုပါတယ်။

Read More...

Thursday, February 12, 2009

Today Is My Birthday

ဒီနေ့ ကျွန်တော့်မွေးနေ့ပါ။ အသက်နှစ်ဆယ့်လေးနှစ် ပြည့်တဲ့နေ့ပေါ့။ အသက်နှစ်ဆယ် ပြည့်တဲ့နှစ်ကလည်း ဘုရားသွားဖြစ်တယ်။ အသက်နှစ်ဆယ့်တစ်နှစ် ပြည့်တဲ့နေ့ကလည်း ဘုရားသွားဖြစ်တယ်။ အသက်နှစ်ဆယ့်နှစ်နှစ် ပြည့်တဲ့နေ့ နဲ့ အသက်နှစ်ဆယ့်သုံးနှစ် ပြည့်တဲ့နေ့တွေကတော့ ဘီယာဆိုင်မှာပဲ အချိန်ကုန်သွားလို့ ဘုရားမသွားလိုက်ရဘူး။

ဒီနှစ်တော့ ဘုရားသွား လိုက်ရတယ်။ ဒီနေ့မှာ ဘီယာလုံးဝ မသောက်ဘူး (မနေ့ကတော့ အကြိုဆိုပြီးသောက်ပြီး သွားပြီလေ)။

Read More...

Friday, February 06, 2009

နေပြည်တော်သွားမည်

မနက်ဖြန်မနက် နေပြည်တော်သို့ ခရီးဆက်မည်ဖြစ်ပါသည်။ အကြောင်းမှာ အကယ်ဒမီပေးပွဲသို့ သွားရောက်ဖြစ်သည်။

Read More...

Sunday, November 02, 2008

ဗိုင်းရပ်ထိသွားတယ်

မနေ့ညက ဗိုင်းကျွန်တော့်ဂျီတော့ကို ဗိုင်းရပ်ထိသွားတယ်
Ripway ဗိုင်းရပ်ပဲ။ တစ်ယောက်ကနေ လာပို့တာ အဲဒီကောင်ကို ဘလော့ဂ်မလို့ လုပ်တာ မောက်ကစုတ်တော့ ဘလော့ဂ်တဲ့နေရာကို မရောက်ပဲ အဲဒီကောင်ကို ကလစ်ခေါက်သလို ဖြစ်သွားတယ်။ အဲဒီမှ သကောင့်သားက ကျွန်တော့်ဂျီတော့မှာ ရှိတဲ့လူတွေကို တန်းစီးပြီးပို့တော့တာပဲ။ တော်တော်စိတ်ပျက်ဖို့ ကောင်းတဲ့ ဗိုင်းရပ်။ ဒါပေမယ့် အခုအချိန်အထိတော့ ဘာမှဖြစ်မလာသေးဘူး။ ပတ်စ၀ပ်တော့ ပြောင်းထားလိုက်ရတာ် နောက်တော့ဘာထပ်ဖြစ်ဦးမလဲ မသိဘူး။

Read More...

Thursday, October 30, 2008

Hacker

အခုတလော ဟို့လူ့ဂျီမေး ဒီလူ့ဂျီမေးတွေ ဟက်ခံရတယ်။ အကောင့်ဖွင့်မရဘူး ဆိုတဲ့ အသံတွေ ဟိုနားတစ်စ ဒီနားတစ်စ ကြားနေရပါတယ်။ အဲဒီလိုကြားနေရတဲ့ ဟက်ခြင်းတွေ ပတ်စ၀ပ်ပျောက်ခြင်းတွေက ကျွန်တော့်ဆီကို တိုင်လာပတ်မယ်လို့ ထင်မထားခဲ့မိဘူး။

ဒီနေ့ နေ့လည် ထူးထူးဆန်းဆန်း ကျွန်တော့်ဆီကို ဖုန်းဆက်ခဲတဲ့ မိန်းကလေးတစ်ယောက် ဖုန်းဆက်တယ် သူ့အကောင့်ဖွင့်လို့ မရလို့ကူညီပါဦးတဲ့။ အဲဒါကြောင့် ကျွန်တော်လည်း သူ့အကောင့်မှာ Security Question ပေးထားလားဆိုတော့ ပေးထားတယ်တဲ့။ သူ့ရဲ့ ပထမဆရာ နာမည်တဲ့။ အဲဒါကြောင့် ကျွန်တော်လည်း Forgot Password ကနေ ပြန်ဝင်ဖို့ လုပ်တယ်။ ဒါပေမယ့် သူ့ကောင့်က Disabled ဆိုပြီး ပြတယ်။ Security Question ကိုတောင်မမေးတော့ဘူး။ အဲဒါနဲ့ ကျွန်တော်လည်း လက်လျှော့လိုက်တယ်။ ပြသနာက ဒီမှာတင် ပြီးလားဆိုတော့ ......

ညပိုင်းမှာ နောက်တစ်ယောက် ပြသနာ ပေါ်လာပြန်တယ်။ ပြသနာက ကျွန်တော်နဲ့ စကားကတောက်ကဆ ဖြစ်ထားတဲ့ မိန်းကလေး သူငယ်ချင်းတစ်ယောက် ဖုန်းဆက်တယ်။ နင်ဘာတွေ လုပ်ထားတာလဲတဲ့။ ငါဘာလုပ်လို့လဲလို့ ပြန်မေးတော့ ကိုယ်လုပ်ထားတာ ကိုယ်သိမှာပေါ့တဲ့။ ဘာလုပ်ထားလို့ငါက သိရမှာတုန်း ဆိုတော့ မသိရင်နေ မပြောတော့ဘူးတဲ့။ နဂိုကတည်း ကျွန်တော်က သူ့ကို အမြင်မကြည်ရတဲ့ ကြားက ဒါမျိုးလာပြောတော့ မပြောချင်လည်းနေပေါ့ ဆိုပြီးဖုန်းချလိုက်တယ်။ သူပြန်ဆက်တယ်။ ကိုင်တော့ သူ့အီးမေးကို သုံးပြီး ဘာဖြစ်လို့ ပေါက်တကရ မေးတွေ ပို့ထားတာလဲတဲ့။ သူ့အီးမေးကို ကျွန်တော်လုပ်ပေးထားတာ ဖြစ်တဲ့အတွက်ကြောင့် သူ့အီးမေးပတ်စ၀ပ်ကို ကျွန်တော်နဲ့ သူနှစ်ယောက်ပဲ သိတယ်တဲ့။ ကျွန်တော်မလုပ်ရင် တခြားလူ လုပ်နိုင်စရာ အကြောင်းမရှိဘူးတဲ့။ အဲဒီမှာ အမှုက တိုင်ပတ်ပြီ။

ပထမကတော့ ငါမလုပ်ဘူးလို့ ပြောပါသေးတယ်။ ဒါပေမယ့် ထပ်ပြောနေတာနဲ့။ အရူးမ ကိုယ့်ဘာသာကို အသုံးမကျလို့ ပတ်စ၀ပ်အခိုးခံထိတာ ငါ့လာပြီးရစ်နေတယ်ဆိုပြီး ဆဲဆိုကြိမ်းမောင်းပေးလိုက်မှ ဖုန်းချသွားတယ်။ ဒါပေမယ့် သေချာတာကတော့ သူ့စိတ်ထဲမှာ အဲလိုအီးမေး ပို့တဲ့လူက ကျွန်တော်ကိုပဲ ထင်နေမှာသေချာတယ်။ ဘယ်လိုဖြစ်လဲတော့ မသိဘူး။ ဒါပေမယ့်လည်း မတတ်နိုင်ဘူးလေ။ ကိုယ်မှ တရာခံကို ဖမ်းပြလို့မရတာကိုး။

Read More...

Sunday, October 26, 2008

စက်ရပ်သတင်း

ရန်ကုန်မှာ မိုးများ အဆက်မပြတ်ရွာ သွန်းမှုကြောင့် မြန်မာဘလော့ဂ်ကာ တစ်ဦး ဒုက္ခရောက် ..........


အိမ်ရှေ့မှ မြင်ရသော မိုးရွာသွန်းမှု အခြေနေ



ရန်ကုန်မြို့တွင် မိုးများ အဆက်မပြတ် ရွာသွန်းနေမှုကြောင့် မြန်မာဘလော့ဂ် ကာတစ်ဦး ဖြစ်သူ ကျွန်ုပ်သည် ဒုက္ခရောက်လျှက် ရှိကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ သူသည်(ကျွန်ုပ်သည်) ယနေ့ မိုးများ ရွာသွန်းခြင်းကြောင့် အပြင်သို့ မသွားနိုင်ပါ။ (ထီးမရှိတာကြောင့် လည်းဖြစ်နိုင်သည်) ထိုပြင် အိမ်မှာ မိုးမလုံသောကြောင့် ပုံတွင် မြင်ရသည့်အတွင်း မိုးယိုနေသော နေရာများတွင် ရေပုံလေးများ လိုက်လံခံထားရသည်။ ၀ါယာလက်သည် အိမ်၏၀ရံတာ အနီး တစ်နေရာတည်း တွင်မိသောကြောင့် ကွန်ပျူတာကို မိုးလုံသောနေရာသို့ ရွှေ့ပြောင်းသုံး စွဲရန် လည်းမဖြစ်နိုင်ပေ။ ထို့ကြောင့် မိုးယိုခြင်းကို သည်းခံကာ အင်တာနက်ကို သုံးနေရသည်။

မိုးယိုသောနေရာများတွင် ယခုကဲ့သို့ ရေပုံးလေးများ ခံထားရသည်

ထို့အပြင် ဈေးသွားရန် ထီးလည်းမရှိ (အကြောင်းပြခြင်းသာ ဖြစ်ပြီး အမှန်တကယ်မှာ ဈေးဝယ်ရန် ပိုက်ဆံမရှိခြင်းလည်း ဖြစ်နိုင်သည်) မနေ့ညက ၀ယ်ထားသော လက်ကျန် ချည်ပေါင်းလေး တစ်စီးကို ချက်ပြီး မိုးလည်းမလုံ အိမ်အိုကြီးထည်းတွင် ချည်ပေါင်းဟင်းနှင့် နှစ်ပါးသွားရမည့် ကိန်းဆိုက်လျှက် ရှိပေတော့သည်။


တနေ့လုံးစာအတွက် ချည်ပေါင်ရွက်

Read More...

Saturday, October 25, 2008

တန်ဖိုး

ကြယ်တွေကပြောတယ် မင်းမမြင်ပေမယ့်ကောင်းကင်မှာ ငါတို့ရှိနေတယ်တဲ့ ......

စမ်းချောင်းလေးကပြောတယ် တိတ်ဆိတ်နေရင် ရေစီးသံက တေးသွားတပုဒ်ပဲတဲ့ ......

လူတစ်ချို့ပြောတာပေါ့ ကြယ်တွေက တန်ဖိုးရှိတယ် ငါတို့ကို လမ်းပြတယ်တဲ့

လူတစ်ချို့ကပြောတာပေါ့ ကြယ်ဆိုတာ ကောင်းကင်မှ မရေတွက်နိုင်အောင် များနေတာ ဘာမှ တန်ဖိုးမရှိပါဘူးတဲ့

လူတစ်ချို့ကပြောတာပေါ့ ရေစီးသံကို နားထောင်ရတာ စိတ်ကိုအပမ်းပြေစေတယ်တဲ့

လူတစ်ချို့ကတော့ စမ်းချောင်းထဲက ရေကိုသာ ခပ်သောက်သွားကြတယ် ရေစီးသံကို မကြားမိလိုက်ကြဘူး

တကယ်တော့ အရာရာ အားလုံးဟာ အသုံးတည့်ရင် တန်ဖိုးရှိပေမယ့်၊ တန်ဖိုးမထားတတ်ရင် အရာရာ အလုံးဟာ အနုတ်စုတ်ဂုတ်စုတ် ပါပဲ

ဒါကြောင့် တစ်ရံတစ်ခါမှာ
တေးသွားတွေ ကဗျာတွေ အချစ်တွေဟာ တန်းဖိုးမထားတတ်သူရဲ့ အရှေ့မှာ အနုတ်စုတ်ဂုတ်စုတ် ဖြစ်ခဲ့ရဖူးတယ်

Read More...

Monday, October 20, 2008

ဘာလိုလိုနဲ့နှစ်နှစ်ပြည့်ပြီ . . . . . .

အခုဆိုရင် ဘာလိုလိုနဲ့ ကျွန်တော်ဘလော့ဂ် ရေးလာတာ နှစ်နှစ်ပြည့်သွားပြီ။ ကျွန်တော်ပထဆုံး ဘလော့ဂ်ကို သိတာကတော့ Service+ က ကိုရဲဆီမှာ အင်တာနက်သင်တန်း တက်ရင်း ဘလော့ဂ်ဆိုတာ ကိုသိလာတယ်။ နောက်တော့ ဘလော့ဂ်ရေးဖို့ ကြိုးစားကြည့်တယ်။ အဲဒီတုန်းကတော့ ဘလော့ဂ်မှာ မြန်မာလို ရေးလို့ရတယ်ဆိုတာ မသိခဲ့ဘူး။ အင်္ဂလိပ်လိုကလည်း မတတ်နဲ့ဆိုတော့ ဘလော့ဂ်တွေ လုပ်ပြီးဆက်မရေးဖြစ်ဘူး။ အဲဒါနဲ့ပဲ ဘလော့ဂ်မှာ ကျွန်တော်ရိုက်ခဲ့တဲ့ ပုံလေးတွေကို တင်ပြီး အောက်မှာလည်း ခပ်တည်တည်နဲ့ ဈေးနှုန်းတွေ ကပ်ထားခဲ့တယ်။


နောက်တော့ ကျွန်တော်တို့ရုံးကို ရွှေမြတ် ရောက်လာတယ်။ အဲဒီတုန်းက ကျွန်တော်တို့ရုံးကို ကွန်ပျူတာ လာပြင်တာ။ ကွန်ပျူတာ ပြင်ရင်း သူ့ဘလော့ဂ်ကို သူဖွင့်ထားတာကို တွေ့တယ်။ ပြီးတော့ သူ့ဘလော့ဂ်မှာက မြန်မာစာတွေနဲ့။ အဲဒီတော့မှ ဘလော့ဂ်ပေါ်မှာ မြန်မာလို ရေးလို့ရတယ်ဆိုတာ သိရတယ်။ အဲဒီမှာ သူ့ကို ဘယ်လိုရေးရတာလည်း ဆိုတာမေးတယ်။ အဲတော့သူက ကိုညီလင်းဘလော့ဂ် လိပ်စာကိုပေးပြီး အဲဒီမှာ မြန်မာလို ဘယ်လိုရေးရတယ်ဆိုတာ ရှင်းပြထားတယ်။ အဲဒီမှာ ဖတ်ပြီးလုပ်ကြည့်တဲ့။ ပြီးတော့ သူက နည်းပညာ တစ်ခုကို သင်ပေးထားခဲ့သေးတယ် ဘလော့ဂ်မှာ ခင်ဗျားလိုချင်တဲ့ဟာတွေ ရှိရင် Selection မှတ် ပြီးရင် Right Click ပြီးရင် View Source ကိုနှိပ် ပြီးရင် Source ကို ကော်ပီကူး ပြီးရင် ကိုယ့်ရဲ့ တင်းပလိတ်ထဲမှာ ထည့်တဲ့။

အဲလိုနဲ့ ကျွန်တော် ဟိုလိုစမ်း ဒီလိုစမ်းနဲ့ ဆယ်ရက် ကျော်ကျော်လောက် အိပ်ရေးပျက်ပြီး သွားချိန်မှာ ဘလော့ဂ်က မြန်မာလို ပေါ်တဲ့ အဆင့်ကိုရောက်လာတယ်။ (မြန်မာလို စရေးလို့ ရကတည်းက ဘလော့ဂ်ကို တစိုက်မှတ်မှတ် ရေးဖြစ်ခဲ့တာ ဒီနှစ်အောက် တိုဘာမှာ နှစ်နှစ် ပြည့်သွားပါပြီ။ )

ဒါပေမယ့် ကျွန်တော့်ဘလော့ဂ်မှာ စီဘောက်မရှိဘူး။ အဲဒါကြောင့် ရုရှက ဘလော့ဂ်ကာ အကိုကြီး တစ်ယောက်ဆီက စီဘောက်ကို Selection မှတ်တယ်။ ပြီးတော့ Source ကိုယူတယ်။ ပြီးတော့ ကျွန်တော့် တင်းပလိတ်မှာ ထည့်ပြီး သူများ စီဘောက်ကြီးကို ကျွန်တော့်ဘလော့ဂ်မှာ ခပ်တည်တည်နဲ့ ကောက်တင်ထားလိုက်တယ်။ တစ်ရက်နှစ်ရက်လောက် အထိ မသိသေးဘူး။ ကျွန်တော့်စီဘောက်ကို လာလာအော်နေကြပါလား ပေါ့။ နောက်တော့မှ အဲဒီအကိုကြီးက လာပြောတယ်။ ငါ့ညီတပ်ထားတာ အကို့စီဘောက်ကြီးတဲ့။ အဲတော့မှ အဖြစ်မှန်ကို သိပြီး မဖြစ်ချိမ့်ဘူး ဆိုပြီး စီဘောက်ကို အသစ်ပြန်လုပ်ရတယ်။

နောက်တော့ ဘလော့ဂ်က ဒီတိုင်းကြည့်ရင် ပြောင်စပ်စပ်နဲ့ပါ ဘင်နာလေး ဘာလေးတင်မှ ဆိုပြီး ဘင်နာဒီဇိုင်းကို ဆွဲပါတယ်။ တင်ပုံတင်နည်းကတော့ ထုံးစံအတိုင်းပဲပေါ့ ဘလော့ဂ်နေရာမှာ ထားပုံထားနည်းကိုတော့ ကိုညီလင်းဆက် ဘလော့ဂ် ဘင်နာကို ဆလက်ရှင်မှတ် Source ကိုကော်ပီကူး ယူပြီး ကျွန်တော့်တင်းပလိတ်မှာ ထည့်ပါတယ်။ (အဲဒီတုန်းက ဘလော့ဂ် ဖူတာ၊ ဆိုက်ဘား၊ ဘင်နာတွေကို အခုလို Page Element ကနေ အလွယ်တကူ ၀င်ပြင်လို့ မရသေးပါဘူး။ အားလုံးကို Html ကုဒ်နဲ့ ၀င်ရေးပြီး ပြင်ရတာဖြစ်ပါတယ်။) အဲဒီမှ ပြသနာက ဘာလဲဆိုတော့ ကျွန်တော့်ဘလော့ဂ်က ဘင်နာကို ကလစ်ခေါက်လိုက်ရင် ကိုညီလင်းဆက် ဘလော့ဂ်ကို ရောက်ရောက် သွားပါတယ်။ ဒါပေမယ့် ပြသနာမရှိပါဘူး ထားလိုက်ပါဆိုပြီး ထားထားပေးလိုက်တယ်။


အဲဒီအချိန်တုန်းက မြန်မာစာရိုက်တာလည်း အခုလို ကျွမ်းကျွမ်းကျင်ကျင် မရှိသေးပါဘူး။ စာလေးတစ်ပိုဒ်ရဖို့ တစ်နာရီနှစ်နာရီလောက် ရိုက်ရပါတယ်။ ကီးဘုတ်ကို ကြည့်ရတယ်။ လက်ကွက်စာရွက်ကို ကြည့်ရတယ်။ ပြီးတော့ ကွန်ပျူတာ မော်နီတာကို ကြည့်ရတယ်။ အဲလိုဆိုတော့ စာရိုက်တာ ခရီးမတွင်လှပါဘူး။ အဲလို မတွင်တဲ့ ကြားထဲက တစ်ရက်မှာ ဇော်ဂျီမရှိတဲ့စက်မှာ သွားပြီး ၀င်းဖောင့်တွေနဲ့ ရိုက်ပါတယ်။ ၀င်းတွေကို အင်တာနက်ချိတ်ထားတဲ့ စက်ကိုရောက်မှာ ဇော်ဂျီပြောင်းမယ်ပေါ့။ တကယ်ပြောင်းတော့ ပြောင်းလို့မရပါဘူး။ မရဘူးဆိုတာက ကျွန်တော်က ကွန်ဘာတာနဲ့ ပြောင်းတာမဟုတ်ပဲ ၀င်းအင်းဝကနေ ၀င်းကလော အစရှိတဲ့ ဖောင့်တွေကို ပြောင်းတဲ့ ပုံစံမျိုး သွားပြောင်းတာကိုး။ အဲဒီတုန်းက ကွန်ဘာတာနဲ့ ပြောင်းလို့ရမှန်းလည်း မသိပါဘူး။ အဲဒါကြောင့် မထူးပါဘူးကွာ ဆိုပြီး ပရင့်စကင်ဖမ်းပြီး ဓာတ်ပုံဖိုင်အနေနဲ့ တင်ပေးလိုက်တယ်။ အစပိုင်းက Blog Post တစ်ချို့မှာ အဲလိုဖြစ်နေတာကို တွေ့နိုင်ပါတယ်။

နောက်တော့ တစ်ရက်မှာ ကိုညီလင်းဆက်က ရုံးကို ပေါက်ချလာပါတယ်။ ပြသနာကတော့ ဂန္ထ၀င်ကိစ္စပေါ့။ သူရေးထားတဲ့ ဂန္ထ၀င်ပုံပါတဲ့ ဘလော့ဂ်ပို့တစ်ခုကို ကျွန်တော်က ဂျာနယ်ထဲမှာ ထည့်ရေးလိုက်တယ်။ ညီလင်းဆက် ဘလော့ဂ်မှ ကူးယူဖော်ပြသည်ဆိုပြီး။ အဲဒီမှာ ကိုညီလင်းဆက်က ရုံးကို ပေါက်ချလာပြီး ကိုညီလင်းဆက်နဲ့ ခင်သွားပါတယ်။ နောက်တော့ ကိုညီလင်းဆက် အကူညီနဲ့ Hit Conter , Online User, Adress ဘားက ဒင်္ဂါးပုံလေး အစရှိတာတွေကို ထည့်ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ဘလော့ဂ်လေးက လူစင်မှီသွားပြီး ပို့လေးတွေကိုပုံ မှန်လေးရေးဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းတော့ တဖြည်းဖြည်းချင်း အိုကေလာခဲ့ပါတယ်။ အိုကေလာသလို ဘလော့ဂ်ပေါ်က လူတွေနဲ့လည်း ခင်မင်ရင်းနှီးလာခဲ့ပါတယ်။ တကယ်တော့ ကိုယ့်ဘလော့ဂ်ကို လာတဲ့ကောင်တာဟာ ပိုက်ဆံတစ်ပြားမှ မရပါဘူး။ ဒါပေမယ့် ကောင်တာမှာ ဂဏန်းတွေ တိုးလာလေလေ ရေးရတာ ပိုပြီး အားရှိလေလေပါပဲ။

လောလောဆယ်တော့ အိပ်ချင်ပြီ ကျန်တာ နောက်နေ့ မှ ခေါင်းစဉ်တစ်မျိုးနဲ့ ထပ်ရေးတာပေါ့ .....

Read More...

Monday, October 13, 2008

စာရေးရမှာ ပျင်းတဲ့ကျွန်တော် ..........

တကယ်တော့ ကျွန်တော်၊ တော်တော်ပျင်းပါသည်။ အိပ်ရာ စောစောထရမှာ ပျင်းပါသည်။ ကျွန်တော် စာကျက်ရမှာ ပျင်းပါသည်။ မိုးရေစက်လက် မိုးရွာထဲမှာ လမ်းလျှောက်ရမှာ ပျင်းပါသည်။ နေပူလျှင် အပြင်ထွက်ရမှာ ပျင်းပါသည်။ အလုပ်ကြမ်းတွေ လုပ်ရမှာ ပျင်းပါသည်။ ထိုကဲ့သို့ ကျွန်တော် တော်တော် အပျင်းကြီးပါသည်။ ကျွန်တော်ပျင်းတတ်သည် ဆိုတာကို ကျွန်တော်ကိုယ့် ကျွန်တော်ငယ်ငယ်ကတည်းက သိပါသည်။ သို့ရာတွင် စာရေးမှာကို ပျင်းလိမ့်မည်ဟု ထိုအချိန်က တွေးမထင်ခဲ့မိပါ။

ကျွန်တော်စာရေးမှာ တော်တော်ပျင်းသည် ဆိုတာကိုတော့ ၀ါသနာပါလှချည်ရဲ့ဆိုပြီး စာရေးခြင်းအလုပ်ဖြင့် အသက်မွေးဝမ်း ကျောင်းသည့်အခါမှ သြော် .... ငါဆိုတဲ့ အကောင်စာရေးရမှာလဲ ပျင်းတာပဲ ဆိုတာကို သိလိုက်ရသည်။

ကျွန်တော်တို့ သတင်းထောက်လုပ်တုန်းက ဖြစ်သည်။ အယ်ဒီတာက သတင်းပေးပါ သတင်းပေးပါ။ သတင်းထောက်ဆီမှာ တစာစာ လိုက်တောင်းသည်။ သတင်းထောက်တွေကလည်း ကျွန်တော့်လိုပဲ စာရေးရမှာ ပျင်းကြသည်(လူတိုင်းကို မဆိုလိုပါ)။ ဒီနေ့ရတဲ့ သတင်းကို ဒီနေ့မရေးချင်ကြ။ နောက်ဆုံး ဖောင်ပိတ်ပြီ Last minute ရောက်မှ ပြူးကာ ပြာကာ ရေးကြသည်။ တစ်ပတ်လည်း မဟုတ် နှစ်ပတ်လည်းမဟုတ် အမြဲတမ်းဖြစ်သည်။ ထိုသို့ရေးနေရင်းက ဒီတစ်ပတ်တော့ တွက်ခြေကိုက်သွားပြီ ကျန်တာနောက်အပတ်မှ ရေးမည်ဆိုသော ကိုယ့်ထက်ပျင်းသည့် သတင်းထောက်များလည်း ရှိသေးသည်။ ထိုစဉ်က ကျွန်တော်ထင်မိသည်။ သတင်းမို့ ပျင်းတာဖြစ်မှာပါ။ လုံးခြင်းတွေ ပါတွေရေးရင်တော့ ပျင်းမည်မထင်ပါဘူး။ ထိုကဲ့သို့သာ လျှောက်တွေးနေသည်။ လုံးခြင်းရေးဖို့ ခေါင်းစဉ်ကို စဉ်းစားရမှာတောင် ပျင်းနေခဲ့သည်ကို ကိုယ့်ကို သတိမထားမိခဲ့။

တစ်ခါတစ်လေ ကိုယ့်ကို ပြန်မေးကြည့်မိသည်။ မင်းရန်ကုန်ကိုလာတာ ဘာလုပ်ဖို့လဲ။ ပြန်ဖြေကြည့်သည် စာရေးဆရာလုပ် မလို့။ စာရေးဆရာ လုပ်မယ်ဆိုရင် မင်းဘာကိုရေးမှာလဲ။ စာရေးဆရာ လုပ်မည်ဟု ပြောတော့သာ လွယ်သည်။ ရေးချင်တာတွေကလည်း များသည်။ ဘာကိုရေးမှာလဲ ဆိုတော့ လိုင်းတွေရွှေးနေတာနဲ့ ပင်အချိန်တွေက သုံးလေးနှစ်ကုန်သွားခဲ့သည်။ ထိုသုံးလေး နှစ်အတွင်း ကျွန်တော့်ခေါင်းထဲမှာတော့ လုံခြင်းအုပ်ရေပေါင်း မြောက်များစွာကို ရေးပြီးသွားပြီ။ သို့ပေမယ့် စာရွက်ပေါ်ကိုတော့ ရောက်လာခဲ့ခြင်းမရှိ။

တစ်နေ့တော့ ဆရာဖေမြင့်ရဲ့ ဂျက်လန်ဒန် အကြောင်းကို ဖတ်မိသည်။ ဂျက်လန်ဒန်သည် စာရေးဆရာ ဖြစ်ရန် ရေးစရာ ရှိချင်ရှိ မရှိချင်နေ တစ်နေ့ အနည်းဆုံး ငါးမျက်နှာတော့ရအောင် ရေးသည်ဟုဆိုသည်။ ထိုစာကို ဖတ်ပြီးချိန်တွင် မဖြစ်ချေဘူးဆိုပြီ ကျွန်တော် ခေါင်းထဲမှာ ရှိနေသော ၀တ္ထုလေးရဲ့ ဇာတ်လမ်း အစကို ပျိုးလိုက်သည်။ ငါးမျက်နှာ ပြီးပါသည်။ အပျိုးလေးကို ကျွန်တော်လည်း ကြိုက်ပါသည်။ ထို့အတူ ဆက်ရေးမည်ဟု ကတိက၀တ်ခံပြီး ဘလော့ဂ်ပေါ်မှာပင် ခပ်တည်တည်နှင့် ကောက်တင်လိုက်သေးသည် (ကြည့်ချင်ရင် ဒီနေရာကိုနှိပ်)။ သို့ပေမယ့် ကျွန်တော်ဆက်မရေး ဖြစ်ခဲ့ပါ။

ငယ်ငယ်တုန်းက တင့်ဆန်း ရေးသည့် စာအုပ်တစ်အုပ်ထဲတွင် သူသည် စာရေးရမှာ ပျင်းသည်ဟု ဖတ်ဖူးသည်။ ထိုစဉ်က ဒီလူနှယ် စာရေးဆရာ လုပ်နေပြီး စာရေးရမှာ ပျင်းရန်ကောဟု အပြစ်တင် ဝေဖန်ခဲ့ဖူးသည်။ ယခု ကိုယ်တွေ့ ကြုံတော့မှ အော် သူပြောတာ ဟုတ်ပေသားပဲဟု ထောက်ခံမိသည်။

တစ်ရက်တွင် ဇင်ယောက်နီ ရေးသော ဆောင်းပါးတစ်ပုဒ်ကို ဖတ်လိုက်ရသည်။ မင်းသိင်္ခကို အလုပ်အရမ်းပင်ပန်း နေပြီ မအိပ်သေးဘူးလာဟု ဇင်ယော်နီက မေးကြည့်သည်ဟုဆိုသည်။ မအိပ်သေးဘူး စာရေးဦးမယ်ဟု မင်းသိင်္ခက ပြန်ပြောသည်ဟု ဆိုသည်။ ထိုအခါ ဇင်ယော်နီက ဆရာကြီး ပင်ပန်းနေပြီ ဖြစ်တာကြောင့် အိပ်သင့်ပြီဟု တိုက်တွန့်သည့်အခါတွင် ပင်ပန်းလို့သာ စာမရေးပဲ အိပ်ခဲ့ရင် မင်းသိင်္ခ ဆိုတာ ဖြစ်လာမှာ မဟုတ်ဘူး ဟု ဆရာ မင်းသိင်္ခက ပြန်ပြောခဲ့သည်ဟု ဆိုသည်။ ထိုဆောင်းပါးကို ဖတ်ပြီးတော့ ကျွန်တော် ရေးလိုက်ပါသေးသည်။ နှစ်ညသုံးည။ သို့ပေမယ့် ဆက်မရေးဖြစ်ခဲ့။

ထို့သို့ ထိုသို့ဖြင့် ပြန်စဉ်းစားကြည့်တော့ ရန်ကုန်ရောက်တာ ငါးနှစ်ကျော်လာခဲ့ပြီ။ ခြောက်လကို တစ်အုပ်ပြီးရင်တောင် စာအုပ်ဆယ်အုပ်ခန့် ပြီးစီနေလောက်ပြီ။ ယုခုတော့ တိုတိုမွမွ စာတွေက လွှဲလို့ အုပ်လိုက် ပြစရာ တစ်ခုမှမရှိ။ ထို့ကြောင့် ကျွန်တော်၏ အပျင်းများကို ပြင်ဆင်ပြီး ခေါင်းထဲမှ စာများကို ယခုအခါ ပြန်လည်ရေးသား နေသည်။ သို့ရာတွင် ဘယ်နှစ်ရက်ခံမည်ကား ကျွန်တော်ကိုယ် တိုင်မသိသေး။


Read More...

Tuesday, September 16, 2008

ဓာတ်ပုံသမား ဖြစ်တော့မည်လော...........


ကျွန်တော်ရိုက်သည့်ပုံ။ မနေ့က ဖိုးဝ မီဒီယာက ထုတ်တဲ့ ကြော်ငြာစာအုပ် မျက်နှာဖုံးပါ

ရန်ကုန်ကို လာတုန်းက ရည်ရွယ်ချက်က တစ်ခုတည်း.........။ စာရေးဆရာ လုပ်မယ်ပေါ့။ ရန်ကုန်ရောက်တော့ ဂျာနယ်တိုက်မှာ အလုပ်ဝင်လုပ်ပြီး သတင်းထောက် ဖြစ်လာတယ်။ သတင်းထောက် လုပ်နေရင်းက နိုင်ငံခြားသွားမယ်ဆိုပြီး ကွန်ပျူတာ သင်တန်းတက်ပြီး ကိုယ့်ကို ပရိုရရမ်မလိုလို ၀က်ဒီဇိုင်နာလိုလို။ နိုင်ငံခြား မသွားဖြစ်တော့ဘူးဆိုတော့ ရုပ်ရှင်သင်တန်းတက်ပြီး ဒါရိုက်တာလုပ်မလိုလို ဇာတ်ညွန်းဆရာပဲ လုပ်မလိုလို။ အဲလိုအဲလိုနဲ့ ............

အခုတော့ ဟိုကမြောက်ပေး ဒီကမြောက်ပေးနဲ့ ဟိုမော်ဒယ်ရိုက် ဒီမော်ရိုက်နဲ့ ဓာတ်ပုံသမား ဖြစ်လာလေရဲ့ ........... ။ နောက်တော့ ဘာဖြစ်ဦးမယ် မသိသေးဘူး။



Read More...

Monday, September 01, 2008

ငွေတစ်သောင်းနဲ့လက်တော့တစ်လုံး

ကျွန်တော့မှာ ကျောပိုးအိတ်တစ်လုံး ရှိတယ်။ အဲဒီအိတ်က နယ်နယ်ရရတော့ မဟုတ်ဘူး။ နာဂစ်လေဘေး သွားရင်းနဲ့ လပွတ္တာက ရလာတဲ့အိတ်။ လေဘေးသွားရင်းနဲ့ ရလာတာဆိုလို့ သူများကို လှူမဲ့ထဲက ယူထားတယ်လို့ မထင်လိုက်နဲ့ဦး။ အဲလိုမှ မဟုတ်ရင် ရေမျှောကမ်းတင်နေတဲ့ အိတ်လားလို့လဲ မမေးလိုက်နဲ့ဦး။ လူတစ်ယောက် ဆီကနေ ကျော်လာတဲ့ အိတ်။

လူတစ်ယောက်ဆိုတာ တစ်ခြားလူတော့ မဟုတ်ပါဘူး ကျွန်တော်တို့ အဖွဲ့ထဲက မောင်မောင်ယောဆီက ကျော်လာတာ။ အဲဒီအိတ်ကို သူကိုယ်တိုင်ဝယ် ထားတာလဲ မဟုတ်ပါဘူး။ သူကလဲ ကိုညီလင်းဆက် ဆီက ကျော်ထားတာ။ ဆိုလိုချင်တာကတော့ဗျာ အချောင်ရထားတဲ့ လူဆီကနေကနေ အချောင်ပြန်ရထားတဲ့ အိတ်ပေါ့။

လူတွေက ခိုးစားရတာကို သဘောကျကြတယ်လို့ တော့ကြားဖူးတယ်။ ကျွန်တော်လဲ အလားကားရထားတဲ့ ကျောပိုးအိတ်မို့လား မသိဘူး။ လက်ထဲကို ရောက်ပြီးကတည်းက တစ်ခါမှလည်း မလျှော်ရသေးဘူး။ တစ်ရက်မှလဲ လက်က မချဘူး ကျွန်တော့်ဆီမှာ ရှိတဲ့ ပစ္စည်းလေးတွေကို ထည့် နေ့တိုင်းလွယ် ပြီး ဖာတစ်လုံး ခေါင်းကြားလို လျှောက်သွား နေတာပဲ။ ဒါပေမယ့် အိတ်က ဇစ် မကောင်းဘူးဆိုတာကိုတော့ သတိထားမိတယ်။

အဲဒီဇစ်က လမ်းသွားရင်းပဲ ဖြစ်ဖြစ်။ အလကားနေ အလားကားပဲ ဖြစ်ဖြစ် ဇစ်က ပွင့်ပွင့်နေနေတတ်တယ်။ ဒီလို ဇစ်ပွင့်ပုံနဲ့ ကျွန်တော့် ပစ္စည်းလေးတွေ ဘစ်စကားပေါ်မှာ ခါးပိုက်နှိက် လက်စာမိမလား။ သို့တည်းမဟုတ် တနေရာရာမှာပဲ ကျကျန်ရစ်မလား အမြဲတွေးပူနေရတယ်။ ဒါကြောင့် အဲဒီအိတ်လေးကို ပင်စင်ပေးပြီး အိတ်အသစ်လေး တစ်လုံးဝယ်ဖို့ စိတ်ကူးမိတယ်။

အိတ်ဆိုင်တွေကို လိုက်ကြည့်တော့ ငွေတစ်သောင်းအောက် အိတ်မရှိဘူးဗျာ။ ဒါကြောင့် ငွေလေးနှမျှောတာနဲ့ စောစောက အိတ်လေးကို ဆက်လွယ်နေဖြစ်တယ် စိတ်ကူးထဲကတော့ ဇစ်လေးကိုတော့ ပြန်ပြင်မယ်ပေါ့။ ဒါပေမယ့် လမ်းမကြုံတာရယ် ပျင်းတာရယ်နဲ့ ဇာတ်ပြင်တဲ့ ဆိုင်တွေကို ခြေဦးက မလှည့်ဖြစ်ဘူး။ ဒီလိုနဲ့ အဲဒီဇစ်မကောင်းတဲ့ အိပ်လေးကို ဆက်လွယ်နေမိတယ်။

ဒီနေ့ .........

လက်ဘက်ရည်ဆိုင်ကနေ ထွက်တော့ ကျောပိုးအိတ်လေးကို လွယ်မယ်ဟဲ့ဆိုပြီး ကောက် မ လိုက်တယ်။ အဲဒီမှာ ဇစ်က ပွင့်ထွက်ပြီး ကျောပိုးအိတ်ထဲက ကွန်ပျူတာလေးက ခုန်ထွက်သွားပြီး ကတ္တရာလမ်းပေါ်မှာ ကျွမ်းနှစ်ပတ်လောက် ထိုးသွားတယ်။ အဲလို ကွန်ပျူတာ လမ်းပေါ်ကျလို့ မည်တဲ့အသံက ကျွန်တော့်နားထဲမှာ မိုးခြိမ်းသံထက် ပိုကျယ်ပြီး အသည်းပေါ်ကို မူဆယ်လမ်းက ဆယ်ဘီးကားကြီး တက်ကြိတ်သွားသလိုပဲ။

ထွက်ကျသွားတဲ့ ကွန်ပျူတာလေးကို လက်လေးနဲ့ ပွတ်သပ်ပြီး ဘာမှမဖြစ်ပါစေနဲ့ ....။ ဆုတွေ တောင်းပြီး အိပ်ပြန်လာခဲ့တယ်။ အိပ်ရောက်မှ သေချာကြည့်တော့ Writer ပျက်သွားတယ်။ ဘယ်ဘက်ဒေါင့်မှာ ပဲ့သွားပြီး ဟသွားတယ်။

အင်း .........

ငါသာ ငွေတစ်သောင်းကျော်ကို မနှမျှောမိခဲ့ရင် ......................

1 .8 . 08

Read More...

Wednesday, July 09, 2008

ကျေးဇူး



ဒီနေ့မနက် ကျွန်တော် လပွတ္တာက ပြန်ရောက်တော့ ကျွန်တော့်အတွက် စာတစ်စောင် ရောက်နေတယ်တဲ့။ အဲဒါနဲ့ ဘာစာလဲလို့ ဖွင့်ကြည့်လိုက်တော့ စင်္ကာပူက ပိုကပို့လိုက်တဲ့ ပို့စကဒ်လေး တစ်စောင်ဖြစ်နေတယ်။

အဲဒီပို့စကဒ်လေးက ကျွန်တော် လပွတ္တာ အိမ်လေးတွေ ဆောက်ပေးနေတဲ့အတွက် အမှတ်တရ ပို့လိုက်တဲ့ ပို့စကဒ်လေးတွေ ဖြစ်နေတယ်။ ပို့စကဒ်လေးဟာ တန်ဖိုးမရှိပေမယ့် တကူးတက ပို့ပေးတဲ့ မချိုမာညွှန့်ကို ကျွန်တော်တို့ အဖွဲ့ကိုယ်စား အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

Read More...

Tuesday, April 08, 2008

Blog, Caravan and Dog

ကျွန်တော်နှင့် ဘလော့ဂ်ရေးဖော် ရေးဖက် ဘလော့ဂ်များ မကြာခဏဆိုသလို ဘလော့ဂ်ရေးခြင်းကို ရပ်ပစ်ချင်လောက်အောင် စိတ်ပျက်ဖူးကြသည်။ ထိုသို့ ဘလော့ဂ်ရေးခြင်းကို ရပ်ပစ်ချင်လောက်အောင် စိတ်ပျက်ချင်ရသည့် အကြောင်းရင်းမှာ အခြားမဟုတ် စီပေါက်နှင့် ကော့မင့်များတွင် ပျက်စီးရာ ပျက်စီးကြောင်း ပေါက်တကရ လာရောက် ရေးသားနေကြခြင်း ဖြစ်သည်။

* * * * *

ကျွန်တော်တို့ ကျောင်းသားဘ၀ကတည်းက ရွတ်ဆိုနေကျ ကဗျာလေး တစ်ပုဒ်ရှိသည်။ ထိုကဗျာကလေးကို မာန်လည် ဆရာတော်ဘုရားကြီးက ရေးသားခဲ့ပြီး လူတိုင်းလည်းကြားဘူး ကြပါလိမ့်မည်။ ထိုကဗျာလေးထဲက တစ်ကြောင်းမှာ အောက်ပါ အတိုင်း ဖြစ်ပါတော့သည် . . .

“ အပြစ်မရှိ အပြစ်ရှာ လမင်းကို ခွေးဟောင်လို့ ရွှေလရောင်ပြောင်မပျက်တယ် ထွန်းလျှက်ပင်သာ ”

ဤကဗျာလေးရဲ့ ဆိုလိုရင်းကတော့ အခြားမဟုတ်ပါ။ လူတစ်ယောက်ကို မနာလို ၀န်တိုစိတ်နဲ့ အလကားသက်သက် အပုတ်ချနေသူများကို ဆရာတော်က ခွေးနဲ့ခိုင်းနှိင်းရေး ဖွဲ့ထားခြင်း ဖြစ်ပါသည်။

* * * * * *

လောကတွင် အကောင်းမြင် ၀ါဒီသမားနှင့် အဆိုးမြင်ဝါဒီ သမားဟူ၍ နှစ်မျိုးရှိသည်။ အကောင်းမြင် ၀ါဒီသမားများသည် ဝေဖန်၍ အဆိုးမြင် ၀ါဒီသမားများသည် အပုတ်ချကြသည်။

ဝေဖန်ခြင်းဆိုသည်မှာ ကောင်းစေချင်သော စေတနာကို ရှေ့တန်းတင်ထားခြင်း ဖြစ်သောကြောင့်၊ ကောင်းသည့်အရာများကို ထုတ်ဖော်ချီးကျူးသလို အားနည်းသည့် အကြောင်းရာများကို ထောက်ပြကာ မှန်ကန်မည်ထင်သော နည်းလမ်းများကို ညွန်ပြကြသည်။

အပုတ်ချခြင်းဆိုသည်မှာတော့ သူတပါး ပျက်စီးရာ ပျက်စီးကြောင်း အကြောင်းရာများကို ရှေ့တန်းတင်ပြီး၊ ကောင်းသည့်အရာများကို မျက်ကွယ်ပြုကာ မကောင်းသည့်အရာများကို ဆီလိုအပေါက်ရှာပြီး ကဲ့ရဲ့ပြောဆိုခြင်း ဖြစ်သည်။

* * * * *

လောကတွင် တစ်ဘက်လူကို ပျက်စီးစေလိုသည်မှာ အတိတ်က ရန်ညိုးတစ်ဆူကြောင့် ပျက်စီးစေလိုသည်လည်း ရှိသလို ဘာရန်ညိုးမှ မရှိသော်လည်း သက်သက်မဲ့ ကိုယ်တွင်း မကောင်းစိတ်ကြောင့် အကြောင်းမဲ့ ပျက်စီးစေလိုသည်လည်း ရှိသည်။

တကယ်တော့ ဘလော့ဂ်ကာများနှင့် စီဘောက်တွင် ၀င်ရောက်ခါ ပေါက်တကရ ရေးသားနေ ကြသူများသည် ဘာရန်ညိုးရန်စမှ မရှိဘူးခဲ့ကြပါ။ သို့ပေမယ့် ထိုလူများသည် မကြာခဏ ၀င်ရောက်ကာ ပျက်စီးပျက်စီးကြောင်း ရေးသားကြသည်။ ထိုသို့ ရေးသားကြခြင်းမှာ တနည်းအားဖြင့် ပြောရလျှင် အပုတ်ချနေကြခြင်း ဖြစ်သည်။ထို့ကြောင့် ဘာရန်ညိုးမှ မရှိပဲ တပါးသူကို ပျက်စီးစေရန် လုပ်ကြံပြောဆိုသူကို မာန်လည်ဆရာတော် ဘုရားကြီး၏ ကဗျာအရ ဥပမာပေးခိုင်းနှိုင်းရလျှင် ထိုသူများ ခွေးဖြစ်ချေတော့မည်။

ထိုသို့ ဘလိုင်းကြီး ၀င်ရောက် အပုတ်ချသူများကို မြန်မာကဗျာတွင်သာ ခွေးနှင့် နိုင်သာမဟုတ်ပဲ၊ ထိုသူများကို အမေရိကန် စကားပုံတွင်လည်း ခွေးနှင့်နိုင်းယှဉ် ပေးသော ဥပမာ ပုံပြင်လေး တစ်ပုဒ်ရှိသည်။ ထိုပုံပြင်လေးမှာ ...........

“ခွေးတွေ ဘယ်လောက်ဟောင်ဟောင် caravan လှည်းကြီးကတော့ ခရီးဆက်နေဦးမှာပဲ”
(အမေရိကားစကားပုံ)

အမေရိကားတိုက်မှာ အင်္ဂလိပ်လူမျိုးတွေ စတင်ရောက်ရှိ ခါစက အခြေတကျမရှိပဲ ရေကြည်ရာ မျက်နုရာသို့ Caravan ခေါ် ဘီရိုလှည်းကြီးများဖြင့် လှည့်လည်သွားလာ နေခဲ့ကြသည်။ ထိုသို့ သွားလာရင် တဖြည်ဖြည်း အခြေကျလာသည့်အခါ ကျေးရွာများ တည်ထောင်ကာ နေထိုင်ကြသည်။ အများစုက ကျေးရွာများ တည်ထောင်ကာ အခြေကျ နေထိုင်ကြသော်လည်း ဈေးရောင်းသူများက caravan ခေါ် ဘီရိုလှည်းကြီးများတွင် ဒန်အိုး ဒန်ခွက်များ ခွက်ယောက်များ ပစ္စည်းများ စုံနေအောင် ထည့်ကာ တစ်ရွာဝင် တစ်ရွာထွက် လှည့်လည်ဈေးရောင်း ကြသည်။

ထိုသို့လှည်းကြီးတွင် ပစ္စည်းများ စုံနေအောင် ပါသောကြောင့် လမ်းတစ်လျှောက်တွင် တစ်ခုနှင့်တစ်ခု ထိမိပြီး တဒုံတဒုံ တဂွမ်ဂွမ်းဖြင့် မည်နေပါတော့သည်။ ထိုကဲ့သို့ အသံစုံနှင့် caravan လှည်းကြီးများ ရွာများသို့ ဖြတ်သွားပါက ရွာအတွင်းရှိ ခွေးများ ပြေးထွက်ကာ တစ်စီစီဟောင်ကြပါတော့သည်။ ခွေးများ မည်မျှပင် ဟောင်နေပါစေ caravan လှည်းကြီးကတော့ ရပ်သွားခြင်းမရှိပဲ သူသွားရမည့် ခရီးကိုသာ ပုံမှန်သွားသည်။

ခွေးဟောင်တိုင်းသာ ရပ်ရမည်ဆိုပါက caravan လှည်းကြီး လိုရာခရီးရောက်တော့မည်မဟုတ်ပေ။ ထို့ကြောင့် ကျွန်ုပ်တို့ စီဘောက်များနှင့် ကော့မင့်များတွင် မည်သူတွေ ဘယ်လိုပြောပြော caravan လှည်းကြီး ခွေးဟောင်တာကို ဂရုမစိုက်မစိုက်ပဲ ခရီးဆက်သွားသလို၊ ခွေးဟောင်သာကို အရေးမလုပ်ပဲ သာမြဲတိုင်းတိုင်နေတဲ့ လမင်းလို ကျွန်ုပ် ရေးစရာရှိသည်များကို ဆက်ရေးရင်း ဆက်လက်ခရီးသွား နေရဦးမည် မဟုတ်ပါလား။





Read More...

Tuesday, February 12, 2008

ကျွန်တော့်မွေးနေ့

၁၉၉၀ ၀န်းကျင်ခန့် က ( ကောလင်းမြို့နယ် ကြို့ခုန်ရွာ)


ညီလေး မမ ကျွန်တော် (အင်းတော်မြို့)


ငယ်ငယ်တုန်းကစာတော်တယ် (ကျော်ဇေယျာ အမက)

တပ်မတော်နေ့ အထိမ်းမှတ်ကဗျာပြိုင်ပွဲ ၊ မြို့နယ်အဆင့်ပထမ (ဆယ်တန်းနှစ်က)




ဆယ်တန်းအောင်တဲ့နှစ် (2002)


ခရစ်စမတ်နေ့ (2006)



YangonMediaGroup နှစ်ပတ်လည် (2007ဇန်န၀ါရီ)


ကွမ်လုံမြို့နယ် (2007 နိုဝင်ဘာ)


သူများအိမ်မှာ သူများကွန်ပျူတာနဲ့ :P



ကျွန်တော်နဲ့ တစ်ရက်တည်းမွေးတဲ့ ပုဂ္ဂိုလ် (Abraham Lincoln 1809)

Read More...

Thursday, January 31, 2008

လကုန်ရက်

ဒီနေ့ ၃၁ ရက် .................

သာမာန်အားဖြင့် ကြည့်ရင်တော့ ၃၁ ရက်သည် လကုန်ရက် တစ်ရက်သာ ဖြစ်သည်။ သို့သော် ၀န်ထမ်းတစ်ယောက်အတွက် ထိုရက်သည် လခထုတ်သည့်ရက်ဖြစ်သည်။ ကျွန်တော်သည် လကုန်မည့်နေ့ကို လပေါင်းများစွာ မျှော်ခဲ့ဖူးပါသည်။ ထိုစဉ်က လသည်ကုန်ခဲလှသည်။

ဒီနေ့သည် ၃၁ ရက်ဖြစ်သည်။ ကျွန်တော်ဒီလရဲ့ ၃၁ ရက်ကို မမျှော်ခဲ့မိပါ။ သို့ရာတွင် လသည် အကုန်မြန်သည်ဟု ထင်မိသည်။ အကုန်မြန်သည်ဟု ထင်ရသော ယနေ့တွင် ကျွန်တော့်ကို လစာပေးမည့်သူ မရှိတော့ပါ။ ထို့ကြောင့် လခထုတ်ရက်သည် ကျွန်တော်နှင့် သက်ဆိုင်ခြင်း အလျှင်းမရှိတော့ပါ။

လခထုတ်ရက်ဟာ ပြတ်သွားတဲ့ ရည်းစားဟောင်း တစ်ယောက်လို ကိုယ်နဲ့မဆိုင်တော့ဘူးဆိုတာ သိလိုက်ရချိန်မှာ၊ လွမ်းသလိုလို ရှိလာသည်။


လစာထုတ်ရက်သည် ကျွန်တော်နှင့်မဆိုင်............
သို့သော် ကျောင်းလခ ပေးရမည်။ ရစရာမရှိတာ ပြသနာမရှိပေမယ့် ပေးစရာရှိနေသည်။ သို့သော်လည်း မတတ်နိုင်၊ လသည်ကုန်ခဲ့ပြီ။

Read More...