Art is My Life: 2010

Sunday, November 21, 2010

ဆေးပေါင်းခတဲ့ည

ဆေးပေါင်းခတဲ့ ညဖြစ်သည်။ ဒီညသည် ကျွန်တော်တို့ ဒေသမှာဆိုလျှင် လူငယ်တွေအတွက် သူခိုးကြီးညဟုလည်း ခေါ်ကြသည်။ တစ်ချို့ အရပ်ဒေသ များတွင်တော့ လပြည့်ကျော် တစ်ရက်နေ့ကို သူခိုးကြီးညဟု ခေါ်ကြပြီး ကျွန်တော်တို့ အရပ် ကျွန်တော်တို့ ဒေသမှာတော့ လပြည့်ညသည် သူခိုးညဖြစ်သည်။

ကျွန်တော်တို့ ကလေးပေါက်စအရွယ် နှစ်တန်းသုံးတန်းလောက် တုန်းကတော့ အခုလို ညမျိုးဆိုရင် ဘယ်သူ့အိမ်က ဘာသွားခိုးလျှင် ကောင်းမလဲဟု သူငယ်ချင်းများ အချင်းချင်း ခေါင်းချင်းရိုက် တိုင်ပင်ခဲ့ဖူးကြသည်။ ထိုစဉ်က အသက်ကလဲ သိပ်မကြီးသေးသည့် အတွက် တစ်ကောင်တနွဲထိအောင်လဲ အိမ်အပြင်ထွက်လို့မရပေ။ ညရှစ်နာရီခွဲ ကိုးနာရီ လောက်ဆိုရင် အားလုံး အိမ်ပြန်ကြရမည်။ ထို့ကြောင့် ကျွန်တော်တို့ အိမ်မျက်နှာချင်းဆိုင်ရှိ သစ်စက်ဝင်းအတွင်းက ဘူးသီးတစ်လုံးကို ၀င်ခိုးလိုက်ကြသည်။ ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက် ဘူသီးကြီးကို ကမ္ဘာ့ဖလားပိုက်သလို တစ်ယောက်တစ်လှည့်စီ ပိုက်ပြီး ပျော်နေကြသည်။ အိမ်ပြန်ဖို့ အချိန်ရောက်တော့ ဘယ်သူယူရမည်မှန်း မသိ။ ဘယ်သူမှလည်းမယူချင်။ ဘူသီးကြီးယူလာပါက ဘယ်သွားတာလဲ ဘာလုပ်တာနဲ့ အိမ်မှာ အဆဲခံထိမည်ကို စိုးကြသည်။ နောက်ဆုံးတော့ လမ်းက ဖြတ်သွား ဖြတ်လာထဲက လင်မယားနှစ်ယောက်ကို ဘူးသီးကြီးကို ပေးလိုက်ပြီး ကျွန်တော်တို့ အိမ်ပြန်ခဲ့ကြသည်။

ကျွန်တော်တို့ ကိုးတန်းကျောင်းသား ရောက်တော့ ဒိုးပတ် တစ်လုံးကို ငှားပြီး ၀ါးလက်ခုပ်များ လုပ်ကာ သူငယ်ချင်း လေးငါးခြောက်ယောက် စုပြီး ရပ်ကွက်ထဲမှာ လိုက်တောင်းကြသည်။ ပိုက်ဆံ လာထည့်အခါတွင် အိမ်ရှင်နာမည်ကို မေးသည်။ ပြီးလျှင် အိမ်ရှင်နာမည်ကိုတပ်ပြီး ဦး... တို့မိသားစု ကျန်းမာပါစေ ချမ်းသာပါစေဟု အော်ကြသည်။ ထိုခေတ်က ငါးကျပ် တစ်ဆယ် ထည့်သည့်ခေတ် ဖြစ်သည်။ ငါးဆယ်တန် ထည့်သည့် အိမ်ဆိုလျှင် ထိုအိမ်ရှေ့မှာ အသံပိုကျယ်ကျယ် အော်ကြသည်။ ညဆယ်နာရီခွဲ လောက်ရောက်တော့ ကျွန်တော်တို့ တောင်းတာကို ရပ်လိုက်ကြသည်။ ထို့နောက် ရပ်ကွက်ထဲရှိသည့် ကြက်ရှိသည့် အိမ်တွင် ကြက်သွားဝယ်ပြီး သူငယ်ချင်းတစ်ယောက် အိမ်တွင် ကြက်သားကာလသားဟင်းချက်ပြီး ဘီအီးဖြင့် သောက်ကြသည်။ နောက်နေ့ မနက် စာရင်းချုပ်သည့်အခါ ဒိုးပတ်ငှားခ ပေးရန် ပိုက်ဆံ လိုနေသဖြင့် ပိုက်ဆံ တစ်ယောက် တစ်ရာ့ငါးဆယ်စီ ထပ်ထည့်လိုက်ရသည်။

နောက်ပိုင်း နှစ်များတွင်တော့ တန်ဆောင်တိုင်ညတွင် ဒိုးပတ်တီးပြီး မတောင်းဖြစ်တော့သည့်တိုင် သူငယ်ချင်းများနှင့်စုကာ ကြက်သားကာလသားဟင်း ချက်စားဖြစ်သည်။ ဆယ်တန်းအောင်ပြီးတော့ မုံရွာတွင် အဝေးသင် တက္ကသိုလ်တက်ရသည်။ မုံရွာတွင် အဝေးသင် သွားသည့်အချိန်တိုင်း တန်ဆောင်မုန်းလပြည့်ညနှင့် အမြဲတိုက်သည်။ မုံရွာတွင်လည်း သူငယ်ချင်းများနှင့် စုကာ ကြက်သားကာလသားဟင်း ချက်စားဖြစ်သည်။

အခုပြန်စဉ်းစားကြည့်တော့ တန်ဆောင်တိုင်လပြည့်တွင် ကြက်သားဟင်း ချက်မစားဖြစ်တာ တော်တော်ကြာသွားပြီ။ ရန်ကုန်ရောက်လာပြီး နောက်ပိုင်း တန်ဆောင်တိုင်ညဆိုတာကို သတိမထားမိလိုက်သည့် နှစ်များပင်ရှိသည်။ ပြီးခဲ့သည့်နှစ် တန်ဆောင်တိုင် တုန်းကတော့ တောင်ကြီးမီးပုံပျံပွဲ သွားကြည့်ဖြစ်သည်။ ဒီနှစ် တန်ဆောင်တိုင်တော့ ဘယ်ကိုမှ မသွားဖြစ်။ မနေ့က ရွှေတိံဂုံဘုရား သွားရင်း ဘုရားရဲများနှင့် အတက်မှာရော အဆင်းမှာပါ စကားများခဲ့ရသည်။ သူတို့ကပဲ အချိုးမပြေတာလား ကျွန်တော်ကပဲ အချိုးမပြေတာလားတော့ မပြောတတ်။ သေချာတာတော့ တစ်ယောက်ယောက်က အချိုးမပြေခြင်းဖြစ်သည်။ ထို့ကြောင့် ဒီနေ့လည်း ရွှေတိဲံဂုံဘုရားကို မသွားချင်တော့ပေ။

အခုအချိန်လောက်ဆိုရင်တော့ ကျွန်တော်တို့ နယ်က ရပ်ကွက်ထဲမှာ ဒိုးပတ်သံတွေ ဆူဆူညံညံနဲ့ ကိုကိုကာလသားတွေ ပိုက်ဆံ လိုက်တောင်းနေကြရော့မည်။ အခုတော့ ကိုးနာရီထိုးလျှင် ဆိုင်ပိတ်မည်ဟု အင်တာနက်ဆိုင်က ကောင်လေးက လာပြောနေပြီ။ ဒါကြောင့် ကျွန်တော့်ဇာတ်လမ်းကတော့ တိုးလို့တန်းနှင့် ဒီမှာပဲ စခန်းရပ်ရတော့မည်။ နောင်အလျှင်းသင့်မှ မနေ့ကရွှေတိံဂုံတွင် စကားများခဲ့ရသည့် အကြောင်းကို ဆက်ပြောပါတော့မည်။ အားလုံးပဲ ဆေးပေါင်းခတဲ့ ညလေး ဖြစ်ပါစေ.....

Read More...

Sunday, September 26, 2010

ကြိမ်ဖူးဟင်းချို





ငွေဆောင်ကမ်းခြေတွင် ဖြစ်သည်။ ဖော်ဖော်ရီလ အချိန်က နေ့လည် နှစ်နာရီထိုးခါနီးပြီ။ နေက တော်ပင်ပူပါသည်။ ကမ်းခြေတစ်လျှောက်မှာ ငါးပိုက်ဆွဲနေသည့် တံငါသည်များကို ကျွန်တော် နေပူပူထဲတွင် ဓာတ်ပုံလိုက်ရိုက်နေသည်။ ကမ်းခြေတွင် ပိုက်ဆွဲနေသူများကတော့ ဘယ်လိုရှိသည် မသိ ဓာတ်ပုံလိုက်ရိုက်နေသော ကျွန်တော်ကတော့ ချွေးသီးချွေးပေါက်များ ကျကာ တော်တော်ပင်ပန်းနေပြီ။

ကမ်းခြေတွင်ငါးပိုက်ဆွဲသည်က တခြားမြစ်ထဲချောင်းထဲမှာ ငါးပိုက်ဆွဲတာနှင့်မတူပေ။ တစ်မိုင်လောက်ရှည်သော ပိုက်ကြီးကို စက်လှေပေါ်တွင်တင် ကမ်းခြေတစ်လျှောက်တွင် ငါးအုပ်ကို လိုက်ရှာပြီး ငါးအုပ်တွေ့သည့်အခါမှ ပိုက်ကို ခြံစည်းရိုးဝိုက်သလို ငါးအုပ်ကို ၀ိုက်လိုက်ပြီး ကမ်းပေါ်ကို လူအင်အားဖြင့် တစ်ဖြည်းဖြည်းခြင်းဆွဲ တင်ခြင်းဖြစ်သည်။



ငါးပိုက်ကို ဆွဲတင်ရာတွင် အနည်းဆုံး အချိန် သုံးနာရီခန့်ကြာမြင့်ပြီး လူဆယ့်ငါးယောက် အယောက်နှစ်ဆယ်လောက် လူအင်အားသုံးက အဖြည်းဖြည်းချင်းကမ်းပေါ်ကို ဆွဲတင်ရခြင်းဖြစ်သည်။ ထိုသို့ တဖြည်းဖြည်း ဆွဲလာရင်းဆွဲလာရင်းဖြင့် ခြံစီးရိုးဝိုက်သလို ၀ိုက်ထားသော ပိုက်က တဖြည်းဖြည်းကျဉ်းလာပြီး နောက်ဆုံး ကမ်းပေါ်ရောက်သည့်အခါတွင် ပိုက်၏အကျယ်ဝန်းမှာ ငါးပေပတ်လည်ခန့်သာ ရှိတော့သည်။ ထိုအချိန်ကျမှ ပိုက်ထဲတွင်ပါလာသော ငါးများကို တင်းတောင်းများဖြင့် ကျုံးယူကြသည်။ ငါးများကို တင်းတောင်းဖြင့်ကျုံးပြီး သောင်ပြင်ပေါ်သို့ သယ်သွားကြသည်။ နေပူပူသောင်ပြင်ပေါ်တွင် ပိုက်များ ဖြန့်ခင်းပြီး ချက်ခြင်းနေပူလှန်းလိုက်သည်။



သောင်ပြင်ပေါ်မှာ ငါးများအား သူတို့နေပူလှန်းနေသည်ကို ဓာတ်ပုံရိုက်နေရင်း နေပူလှန်းသူများထဲတွင် ၀င်လုပ်ကူနေသည့် ကလေးတစ်ယောက် ရဲ့ခြေထောက်ကို သတိထားမိလိုက်သည်။ ကလေးမလေးက အသက်ရှစ်နှစ် ကိုးနှစ်အရွယ်လောက်သာ ရှိပြီး ခြေထောက်တွင် အမာရွှတ်များမှာ အစဉ်းလိုက် အစဉ်းလိုက်ဖြစ်နေသည်။ ကျွန်တော်က ဘာဖြစ်တာလဲလို့ မေးတော့ သူ့ဖေက ရခိုင်သံလား ထားဝယ်သံလား တော့မပြောတတ် ထိုကဲ့သို့ အသံဝဲ၀ဲဖြင့် နပေါက်မပါလို့လေ။ ပြောစကား ဆိုစကား နားမထောင်မလို့ရိုက်ထားတာ။ နားမှာ အပေါက်မပါတဲ့ ကလေးတွေက အဲလို ရိုက်ပေးမှရတယ်.. ဟုကျွန်တော့်ကို ပြန်ပြောသည်။



အဲလူကြီးစကား ဆုံးသွားတော့ ကလေးလေးရဲ့ ခြေထောက်ကို ကြည့်ပြီး ကျွန်တော်စဉ်းစားကြည့်မိသည် အဲလောက်ငယ်တဲ့ ကလေးလေး တစ်ယောက်ကို အမာရွှတ်တွေထင်သွားအောင် ရိုက်သင့်ရဲ့လား…..

ကျွန်တော်ကျောင်းက ပြန်လာပြီး ပုဆိုးလှဲတော့ ကျွန်တော့်အမက လှမ်းမေးသည် နင့်ခြေထောက်က အရာကြီးတွေက ဘာဖြစ်တာလဲတဲ့။ ကျွန်တော်ကတော့ ဘာမှမဖြစ်ပါဘူးဟု ခပ်အေးအေးပင် ပြန်ပြောလိုက်သည်။ အမက ထပ်မေးသည် နင်အရိုက်ခံထားရတာမဟုတ်လားတဲ့။ မဟုတ်ပါဘူး စက်ဘီးလှဲထားတာလို့ လိမ်ပြီး ကျွန်တော် အိမ်ပေါ်သို့ ပြေးတက်သွားလိုက်သည်။ အိမ်ပေါ်ရောက်တော့မှ ကျွန်တော့်ခြေသလုံးကို သေခြာပြန်ကြည့်လိုက်သည် ခြေသလုံးမှာ အရှိုးလိုက် အရှိုးလိုက် အညိုမဲစွဲနေသည်။ အဲဒီတုန်းက ကျွန်တော်ငါးတန်းနှစ်………

ကျွန်တော်တို့ ကျောင်းမှာ ကြိုသက် ဆိုသည့်ဘာသာရပ်တစ်ခုကို အလယ်တန်း ကျောင်းသားဘ၀က သင်ရသည်။ မြန်မာတစ်နိုင်ငံလုံးတွင် ကြိုသက် ဘာသာသင်ရသည့် ကျောင်းမှာ ကျောင်းငါးဆယ်ခန့်သာ ရှိသည်ဟု ဆိုသည်။ ကြိုသက် ဘာသာသည် ယေကျာင်္းလေးများအတွက် စိုက်ပျိုးရေး မွေးမြူရေး အခြေခံများကို သင်ကြားရသည်ဖြစ်ပြီး မိန်းကလေးများက အိမ်တွင်းမှု အခြေခံကိုသင်ရသည်။ မိန်းကလေးများ သင်ရသည့် ဘာသာနှင့် ယေကျာင်္းလေးများသင်ရသည့် ဘာသာက မတူပေ။

ထို့ကြောင့် ကြိုသက်ချိန်ရောက်ပြီ ဆိုလျှင် အခန်းနှစ်ခန်းပေါင်းကာ ယေကျာင်္းလေး သတ်သတ် မိန်းကလေး သတ်သတ် ပေါင်းပြီး သီးခြားစီသင်ရသည်။ ကျွန်တော်က ဘီခန်းကဖြစ်သည်။ ကြိုသက်ချိန်ရောက်ပြီ ဆိုလျှင် ဘီခန်းက မိန်းကလေးများက စီခန်းသို့သွား၍ စီခန်းမှ ယေကျာင်္းလေးများက ကျွန်တော်တို့ ဘီခန်းကိုလာပြီး စာသင်ရသည်။

ကျွန်တော်တို့ ကျောင်းမှာထုံးစံက အတန်းတိုင်း ဘုရားညောင်ရေအိုးနှင့် ဆရာ ဆရာမထိုင်သည့် စားပွဲပေါ်တွင် ဖန်ပန်းအိုလေး တစ်လုံးရှိသည်။ ၀ါစိမ်းနီပြာ အသင်းခွဲထားပြီး ယေကျာင်္းလေးများက အသင်းကျသည့်နေ့တွင် သောက်ရေ သွားခပ်ရသည်။ မိန်းကလေးများက အသင်းကျသည့်နေတွင် အခန်းကို တံမျှက်စီးလှဲပြီး ပိုက်ဆံစုကာ ဘုရားပန်းအိုးနှင့် ဆရာ ဆရာမ စားပွဲပေါ်က ပန်းအိုးလေးကို ပန်းထိုးပေးရသည်။

တစ်ရက်……..
ကြိုသက်ချိန် ရောက်တော့ မိန်းကလေးတွေက စီခန်းသို့ပြောင်းသွားပြီး စီခန်းက ယေကျာင်္းလေးတွေက ဘီခန်းသို့ ရောက်လာကြသည်။ ကြိုသက်ချိန်ရဲ့ ထုံးစံအတိုင်း စာသင်မည့်ဆရာက ရောက်မလာသေးပေ။ ထို အချိန်မှာ စီခန်းက စာလာသင်သည့် ကျောင်းသားများထဲမှ ဆရာဆရာမ စားပွဲနှင့် နီးသူများက စားပွဲပေါ်ရှိ ပန်းအိုးထဲက နှင်းဆီပန်းလေးများကို လက်ဖြင့်လှမ်းပြီး ပွင့်ဖတ်လေးတွေကို ခြွေကြသည် ။ စီခန်းက ယေကျာင်္းလေးတွေက ပန်းအိုးထဲက နှင်းဆီပန်းပွင့်ဖတ်လေးတွေကို အဲလို လှမ်းလှမ်းပြီးခြွှေချနေတာကို ကျွန်တော်တို့ ဘီခန်းက မိန်းကလေးတွေက ဘယ်လိုသိသွားမှန်းမသိ မိန်းကလေး နှစ်ယောက် ရောက်လာပြီး ပန်းတွေကို လာယူသွားသည်။ အဲလိုပန်းတွေကို ယူသွားချိန်မှာ ကျောင်းသားတွေက မယူတားရင်းက ၀ိုင်းလုကြသည်။

အတန်းကြီးလာမှသာ မိန်းကလေးတွေ ယေကျာင်္းလေးတွေက မျက်ထောင့်လေးတွေ ပေစောင်းပေစောင်းကြည့်ပြီး သူငယ်ချင်း အရမ်းခင်တယ်လို့ ဖြစ်သွားကြပေမယ့် ငါးတန်းခြောက်တန်း အရွယ်မှာတော့ ယေကျာင်္းလေးနဲ့ မိန်းကလေးသည် ရန်သူဖြစ်သည်။

အဲဒီတုန်းက ကျွန်တော်တို့ကလဲ ယေကျာင်္းလေးပီပီ ယေကျာင်္းလေး စိတ်ဓာတ်တိုင်း အတိုင်း ဘာလို့ ဒီလိုလာယူရမှာလဲဆိုပြီး ကျွန်တော်လဲ ယေကျာင်္းလေးတွေဘက်က ၀င်ပြီးပန်းတွေကို လုကူသည်။ အဲလို လုရင်းက မိန်းကလေးနှစ်ယောက်က ပန်းတွေကို လွှင့်ပစ်ထားခဲ့ပြီး ထွက်သွားသည်။ နောက်တော့ ကောင်မလေး တစ်ယောက်က ကြိုသက်ဆရာကို ငိုပြီးသွားတိုင်သည်။ ကျွန်တော်က သူ့ကျောကုန်းကို လက်သီးနဲ့ထိုးပါတယ်တဲ့။ အဲဒီတော့မှ ကြိုသက်ဆရာက ရောက်လာပြီး ကျွန်တော့်ကို အတန်းရှေ့ထွက်ရပ်ခိုင်းသည်။ အဖြစ်မှန်ကိုလဲ မမေး ဘယ်လိုဖြစ်ကြတယ်ဆိုတာလဲ မစုံစမ်း။ မင်းသူ့ကိုထိုးလားတဲ့ ကျွန်တော့်ကို လာမေးသည်။ ကျွန်တော်မှ မထိုးတာ ကျွန်တော်က မထိုးဘူးဆိုတော့။ လက်ထဲက ကြိမ်လုံးကို စားပွဲပေါ်ကို နှစ်ချက်သုံးချက်လောက် ရိုက်လိုက်သည်။ အဲလိုရိုက်လိုက်တော့ ကြွက်စီကြွက်စီ ပြောနေတဲ့ စကားတွေတိတ်သွားသည်။

အဲလိုတိတ်သွားတော့မှ….
အရှေ့ဆုံးမှာ ထိုင်နေတဲ့ ကျောင်းသားကို ကြိမ်လုံးကြီးပြပြီး မေးသည် ဒီကောင်မလေးကျောကုန်းကို သူက လက်သီးနဲ့သွားထိုးတယ်ဆို ဟုတ်လား ဆိုတော့ အဲဒီကောင်လေးက ဟုတ်ပါတယ်ဟု ဖြေသည်။ နောက်တစ်ယောက်ကို ထပ်မေးပြန်သည် နောက်တစ်ယောက်ကလဲ ဟုတ်ပါတယ်လို့ပဲဖြေသည်။ သူတို့ပြောတာ ဟုတ်တယ်တဲ့ မင်းဝန်ခံမှာလား ကြိမ်လုံးကြီးကို ပြပြီး ကျွန်တော့်ကို မေးသည်။ မင်းဝန်မခံဘူးဆိုရင် ကျောင်းထွက်ရမယ်။ ကျောင်းထွက်ပြီးရင်တော့ ဘူတာရုံမှာ ကူလီသာ ထမ်းနေပေတော့ဟု ပြောသည်။ မင်း ၀န်မခံပဲ ကျောင်းထွက်မှာလား ၀န်ခံပြီး အရိုက်ခံမှာလားတဲ့။

ကျွန်တော် ကျောင်းထွက်ရမှာတော့ ကြောက်ပါသည်။ ကျွန်တော် ငါးတန်းကျောင်းသားဘ၀က တွေးလိုက်မိသည်က ၀န်ခံလိုက်ရင် ရိုက်ခံရမည် ၀န်မခံရင် ကျောင်းထွက်ရမည်။ ကျောင်းတော့ မထွက်နိုင် အရိုက်ပဲ ခံတော့မည်ဟု ဆုံးဖြတ်ကာ ကျွန်တော် တကယ်မထိုးခဲ့ပေမယ့်လည်း ထိုးပါသည်ဟု ပြောလိုက်တော့သည်။ ၀န်ခံလိုက်ပြီဆိုတော့ စတိတ်စင်ပေါ်တက်ခိုင်းပြီး ပုဆိုးကို ဒူးခေါင်းထိ လှန်ခိုင်းသည်။ ပြီးတော့ လက်ညိုးလောက်ရှိသော ကြိမ်လုံးဖြင့် ခြေသလုံးကို ငါးချက်လွှဲရိုက်သည်။

ဆယ်နှစ်သားအရွယ်မှာ လူကြီးအားဖြင့် လွှဲရိုက်ခံရသော ငါးချက်သည် တော်တော်နာသည်။ ကျွန်တော်ငိုချင်သည် ဒါပေမယ့် မငိုမိအောင် မျက်ရည်ကိုထိမ်းထားလိုက်သည်။ စာသင်ခန်းထဲမှာ ဒီတိုင်းကြိတ်ထိုင်နေပြီး အိမ်ပြန်ခဲ့လိုက်သည်။ ရိုက်ရိုက်ခံရခြင်းနေ့က ခြေသလုံးမှာ အစဉ်းစဉ်းတွေ အပိန့်အပိန့်လိုက် အပိန့်လိုက် ဖြစ်နေပြီး အရေခွံများ ပွန်းကာ တစ်ချို့နေရာမှာ သွေးနည်းနည်းစို့နေသည်။ နောက်နေ့ရောက်တော့ အစင်းတွေ ပျောက်သွားပေမယ့် အညိုမဲစွဲပြီး ကျန်ရစ်ခဲ့သည်။

ကျွန်တော်တို့နိုင်ငံ ကျွန်တော်တို့လူမျိုးမှာ အခုအထိ အရိုးစွဲနေကြတာက အိုးကောင်းတစ်လုံးဖြစ်လာအောင် နာနာရိုက်ရတယ် နာနာရိုက်မှ အိုကောင်းတစ်လုံးဖြစ်လာမယ်။ ဒါကြောင့် ကလေးတွေကိုလဲ လိမ္မာစေချင်ရင် နာနာရိုက်ရမယ်။

ကျွန်တော်တော်စောစောက ပြောပြသွားတာက ကျွန်တော်တွေ့ကြုံခဲ့တဲ့ ဖြစ်ရပ်။ ကျောင်းတွေ ကျောင်းတွေမှာ မိမိဘတွေ မိဘတွေမှာ ကျွန်တော်တွေ့ကြုံခဲ့တဲ့ ဖြစ်ရပ်ထက် ဆိုးအောင်ရိုက်တာတွေ ဘယ်လောက်တောင် ရှိနေမလဲ။ ဘယ်လောက် ရှိနေမလဲ ဆိုတော အတိကျမသိပေမယ့် အရွယ်နဲ့ မမျှအောင် ရိုက်ခံနေကြ ရတာတွေ ကတော့ သေချာပေါက်ရှိမှာပါ။

ကျွန်တော်တို့ ငယ်ငယ်ကဆိုလျှင် တစ်ချို့မိဘများက အရိုက်ကြမ်းသည်ဆိုသော ကျူရှင်များမှာပင် ရွှေးထားသည်ကိုတွေ့ဖူးပါသည်။ ကျွန်တော်တို့လဲ ထိုကျူရှင်တွင်ပင်တက်ရပါသည်။ ဒီနေ့ မီးနင်းတွေ အလွှတ်ကျက်ခဲ့။ နောက်နေ့ စာမေးလို့ တစ်လုံးမရလျှင် သစ်သားပေတံဖြင့် တစ်ချက်ရိုက်သည်။ တစ်ခါတစ်ရံတွင် ရိုက်ရင်းဖြင့် ထင်းရူးသစ်သားပေတံ ကွဲသွားသည်ကိုပင် ကြုံခဲ့ဖူးသည်။ ဒါပေမယ့် စာညံ့တဲ့ကလေးကတော့ အရိုက်ခံရလွှန်းလို့ ကျူရှင်ပြေးချင်စိတ်တာ ဖြစ်လာသည် စာကတော့ တော်မလာပါ။

ငယ်ရွယ်စဉ်ကာလမှာ အထိုက်အလျှောက် ရိုက်သင့်သည်ဆိုတာကို လက်ခံကောင်း လက်ခံလို့ရနိုင်ပေမယ့် အရွယ်နဲ့မမျှအောင် အလွန်အကျွံရိုက်တယ်ဆိုတော့ ဖြစ်သင့်သည်ဟုမထင်ပါ။ အဲလို အရွယ်နဲ့မမျှအောင် ရိုက်လိုက်တော့ရော အဲဒီကလေးက နားလည်သွားလား။ အဲဒီကလေးက တကယ်လိမ္မာသွားလား…..

အဲလိုစဉ်းစားနေရင်း ကြည်ဖြူသျှင် အမေရိကားမှာ ဆုရသည့် ၀သုန်ရဲ့ ကောက်ကြောင်း ၁၅ မိနစ်စာ မှတ်တမ်း ရုပ်ရှင်ထဲမှာ ပန်းချီဝသုန် ပြောသွားတာ သွားသတိရလိုက်သည်။ ကျွန်တော့်ကလေးတွေကို တစ်ခါမှ မရိုက်ဖူးဘူး မယုံရင်မေးကြည့်ပါလား။ ကျွန်တော်ငယ်ငယ်က အရိုက်ခံရတယ်။ အဲလိုအရိုက်ခံရရင် ကျွန်တော် အရမ်းစိတ်ဆိုးတယ်။ ပြီးတော့ ကလေးဆိုတာ ရိုက်တိုင်းလည်း လိမ္မာတာမှမဟုတ်တာတဲ့….

တစ်ချိန်ကျရင် ကျွန်တော့်မှာရော မိတ်ဆွေတို့မှာပါ ကလေးတွေ ရှိလာပေလိမ့်မည်။ တစ်ချို့ဆိုလျှင် အခုကတည်းက ရှိနှင့်ပြီးသား ဖြစ်နေပေလိမ့်မည်။ အဲဒီအချိန်ကျရင် ကလေးတွေကို ကြိမ်ဖူးဟင်းချို လို့ တင်စားခေါ်တဲ့ ကြိမ်လုံးကြီးနဲ့ ကိုယ်လိုရာပုံကို ရိုက်သွင်းတဲ့ brainwash နည်းလမ်းကို ဆက်လက်သုံးသွားကြ ဦးမှာလား.......





Read More...

Tuesday, September 21, 2010

အကြော်သည် ကုလားမင်း အပိုင်းနှစ်

အပိုင်း တစ်မဖတ်ရသေးရင် ဒီကို ကလစ်ခေါက်လိုက်

အဲဒီလိုနဲ့ အကြော်သည်ကုလား ဘုရင်ရဲ့ ဆမူဆာကြော်ကြော်တဲ့ ပရိုဂရမ်တွေဟာ ဗယာကြော်နသီ ပြည်နယ်က တီဗီလိုင်းတွေမှာ ပါပြီးတဲ့အခါမှာ သူကျေနပ်ပြီး အပျော်ကြီး ပျော်နေတာပေါ့လေ။

တစ်ရက်ညီလာခံမှာ အမတ်ကြီးတပါးက အကြော်သည်ကုလား မင်းကို လျှောက်တင်တယ် အရှင်ဘုရား ဘုရင်ဖြစ်တာ တစ်ပတ်ရှိပြီ တိုင်းပြည်ရဲ့ ယိုယွင်းနေတဲ့ စီးပွားရေးတွေကို ပြုပြင်ဖို့လဲ နှလုံးသွင်းတော်မှုပါဦးပေါ့။ အဲဒီတော့ အကြော်သည်ကုလားမင်းက ဘာပြန်ပြောလဲ ဆိုတော့ ငါက အခုမှ ဘုရင်ဖြစ်တာ တစ်ပတ်ပဲ ရှိသေးတယ် အိုဘားမားဆိုရင် တစ်နှစ်ကျော်နေပြီ ဘယ်မှာလဲ အမေရိကန်စီးပွားရေး ပြန်ကောင်းသေးလို့လား လို့ဆိုပြီး စေဒက ပြန်တက်ပါတယ်။

အဲဒီတော့ အမတ်ကြီးက ဘာပြောလဲဆိုတော့ အရှင်ဘုရား ဒီလိုနေလို့တော့ မဖြစ်ဘူး ဘာပဲ ဖြစ်ဖြစ် လူရှိန်အောင်တော့ စီးပွားရေးလုပ်ငန်းရှင်တွေ ခေါ်ပြီး အစည်းဝေးလုပ်ရမယ် လို့ ပြန်ပြောတယ်။ အဲဒီတော့ အကြော်သည်ကုလားက ခဏစဉ်းစားပြီး စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အစည်းဝေးလုပ်ဖို့ သဘောတူလိုက်တယ်…..

အဲဒီစီးပွားရေး ညီလာခံကို တက်ရောက် လာကြာတာကတော့ သူဌေးကြီး အနိစ္စဦးဆောင်တဲ့ လုပ်ငန်းရှင်အဖွဲ့ပါ။ ဒီနေရာမှာ သူဌေးကြီးအနိစ္စနဲ့ စပ်လင်းပြီး ပြောပြရရင်တော့ သူကလဲ နယ်နယ်ရရတော့ မဟုတ်ဘူး မျိုးနဲ့ ရိုးနဲ့ ကုန်သည်တွေလေ။ သူ့နာမည်ကို ပေးခဲ့တာတော့ သူ့ဖေ သူဌေးကြီး အနာပလပွက ပေးခဲ့တာ။ သူသားလေး မွေးတဲ့အချိန်မှာ သူ့သားလေးကို နာမည်ပေးချင်တယ်။ အားလုံးသိကြတဲ့အတိုင်းလေ လူဆိုတာ နာမည်နဲ့လိုက်ပြီး ကံကြမ္မာက ပြောင်းလဲတတ်တယ်လို့ အယုံအကြည်ရှိကြတာကိုး။ အဲဒီတော့ သူ့သားလေး နာမည်ကို အနိစ္စလို့ပေးလိုက်တယ်။

ဘာကြောင့်လဲဆိုတော့ လောကမှာ ဘယ်အရာမှာ မတည်မြဲတဲ့ မမြဲခြင်းတရားဆိုတဲ့ နိရာမရှိတယ်။ ဘယ်အရာမှ မတည်မြဲဘူးလေ။ ဒါပေမယ့် မမြဲခြင်းတရားကတော့ အမြဲတမ်းတည်မြဲနေတယ်။ ဒါကြောင့် သူ့သားလေးကို အမြဲခြင်းတရားလို အမြဲတမ်းတည်မြဲ နေပါစေလို့ ရည်စူးပြီး သူ့သားလေးကို အဲလို နာမည်ပေးလိုက်တာ။ ဒါက သူဌေးကြီး အနိစ္စအကြောင်းပါ။

စောစောကဟာကို ပြန်ဆက်ရမယ်ဆိုရင်တော့ သူဌေးကြီး အနိစ္စဦးဆောင်တဲ့ ကုန်သည်တွေက ညီလာခံမှာ ရောက်နေကြပြီပေါ့လေ။ ဒါပေမယ့် အကြော်သည်ကုလားက ဘာပြောရမှန်းမသိဘူး။ ဒါပေမယ့် ဘုရင်လုပ်နေပြီဆိုမှတော့ ဟန်ကိုယ့်ဖို့ ဆိုတဲ့အတိုင်း သိက္ခာကျတော့ မခံဘူးလေ။ သူဌေး အနိစ္စကိုမေးတယ် မင်းဘာလုပ်ငန်း လုပ်လဲ တစ်နှစ်ကို ဘယ်လောက် ရင်းနှီးမြုတ်နှံပြီး အမြတ်ဘယ်လောက်ရလဲပေါ့။

သူဌေး အနိစ္စက စဉ်းစားတယ်။ ငါ့လုပ်ငန်းကို မေးတာ ဘယ်လောက်ရင်းနှီးမြှပ်နှံတာက ပြောလို့ရပါတယ်။ ဒါပေမယ့် ရှော့ရှိတာက အမြတ်ငွေ။ ဘာဖြစ်လို့လဲဆိုတော့ အမှန်တိုင်းပြောရင် အခွန်တွေ အမှန်တိုင်း ဆောင်ရမှာစိုးတာကိုး။ အဲဒီတော့သူက လျှော့ပြောမယ်လို့ စဉ်းစားပြီ။ ကျွန်တော်မျိုးကြီးက ကွန်ပျူတာ OS ဆော့ဝဲတွေ ထုတ်ပါတယ်။ ရင်းနှီးမြှမ်နှံမှုကတော့ ရေပေါ် ကုဋေ လေးဆယ် လေပေါ် ကုဋေလေးဆယ် ရှိပါတယ်ဘုရား။ အမြတ်ငွေကတော့ တစ်နှစ်ကို တစ်ကုဋေမြတ်ပါတယ်လို့ တင်လျှောက်လိုက်တယ်။

အဲဒီတော့ အကြော်သည်ကုလားမင်းက ထပ်မေးတယ်။ တခြားကုန်သည်တွေရဲ့ လုပ်ငန်းတွေရော ဘယ်လောက်မြတ် ကြလဲဆိုတော့။ သူဌေးကြီးအနိစ္စက တခြားကုန်သည်တွေလဲ အခွန်သက်သာပါစေ ဆိုတဲ့ စေတနာနဲ့ တခြားလုပ်ငန်းတွေရဲ့ အမြတ်ငွေဟာလဲ ကျွန်တော့်လိုပါပဲ တစ်နှစ်ကို ရင်းနှီးမြှတ်နှံမှုရဲ့ ရှယ်ဆယ်ပုံ တစ်ပုံပဲ မြတ်ပါတယ်။လို့ ပြန်လျှောက်တယ်။

အဲဒီတော့ အကြော်သည်ကုလားက ဟုတ်လား ဒါဆိုရင် မင်းတို့တွေအားလုံး ဗယာကြော်စက်ရုံ တည်ဆောက်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗယာကြော်က ကုလားပဲ တစ်ပိတာကို နှစ်ထောင်ဝယ်ပြီး အကြော်ကြော်ပြီး ပြန်ရောင်းရင် တစ်သောင်းရတယ်။ ဆီဖိုးနဲ့ မီးသွေးဖိုး နုတ်လိုက်ရင် စားပြီးသောက်ပြီး အသားတင် ခြောက်ထောင်လောက် ကျန်တယ်။ ငါတို့ တိုင်းပြည်ရဲ့ GDP တိုးတက်စေဖို့ တစ်နိုင်ငံလုံးက စီးပွားရေး လုပ်ငန်းရှင်တွေ ဗယာကြော်စက်ရုံ မဖြစ်မနေ ဆောက်စေ။ တတ်နိုင်တဲ့လူက တတ်နိုင်သလို ဗယာကြော်စက်ရုံကြီးတွေ ဆောက်ဖို့ မြေနေရာတွေ ချထားပေးမယ်။ မတတ်နိုင်တဲ့လူက မတတ်နိုင်သလို နိုင်သလောက် အိုးလေးနဲ့ မဖြစ်နေမနေ ကြော်ရမယ်။ ဒါငါတို့ ဗယာကြော်နသီ ပြည်ကြီးရဲ့ GDP တိုးတက်ဖို့ပဲ။ လို့ မိန့်လိုက်တယ်။

အဲဒီမှာ သူဌေးကြီး အနိစ္စက အဖြစ်နိုင်ပါဘူး အရှင်မင်းကြီး မဖြစ်နိုင်.... လို့ ဆိုကာရှိသေးတယ်။ တော်တန်တိတ် အနိစ္စ ရှာမရှည်နဲ့ ။ မင်းလုပ်ရင် မလုပ်ရင်လဲ နေ မင့်သဘောပဲ။ တစ်ခုတော့ ရှိတယ် မင်းမလုပ်ဖူးဆိုရင် မင့်ကုမ္မဏီ ထုတ်ကုန်အားလုံးကို ၁၀၀% အခွန်ကောက်ပြီး မင့်ပြိုင်ဖက် ထုတ်ကုန်တွေကို အခွန်ကင်းလွှတ်ခွင့်နဲ့ ထုတ်ပေးလိုက်မယ် ဘာမှတ်လဲ ဆိုပြီး အကြော်သည်ကုလားမင်းက ပြန်ပြောလိုက်တယ်။

အဲဒီတော့ သူဌေးကြီး အနိစ္စကလဲ ဘာပြန်ပြောလဲဆိုတော့ ဒါလိုလဲ ကျွန်တော်မျိုးကြီး ဆောင်ရွက်ပေးပါမယ်။ ဒါပေမယ့် ကျွန်တော်မျိုးကြီးကို ပါမစ်တစ်ခုတော့ ပြန်ပေးရမယ်။ အဲဒီတော့ အကြော်သည်ကုလားမင်းက ဒါဆိုလဲ ရတယ်လေ မင့်ကို ငါတို့ တပြည်လုံးမှာ ရှိတဲ့ ဆိုက္ကားတွေကို မီတာ တပ်ခွင့်လိုင်စင်ချပေးမယ်လို့ မိန့်လိုက်တယ်။

အဲဒီတော့ အနိစ္စသူဌေးက ဘာပြောပြန်ပြောမယ်။ အရှင်မင်းကြီး စဉ်းလဲစဉ်းစားပါဦး ဘယ်သူက ဆိုက္ကားကို မီတာနဲ့စီးမှာတုန်းဗျ။ တပ်လဲ ငတပ်ပေါ့ ဘယ်သူမှမစီးဘူး ဘုရင်ကြီးကို ပြန်ပြောတယ်။ အဲဒီတော့ အကြော်သည်ကုလားက ငတုံးရဲ့ ဆိုက္ကားမီတာ တပ်ရင် ဘယ်သူမှ မီတာနဲ့ မစီးတာ နင်ပြောမှလား ကလေးပေါက်စတောင် သိတယ်။ စီးတာ မစီးတာ မင့်အပူပါလို့လား။ ပါမစ်ယူမှာလား မယူဘူးလား မယူချင်နေ သူများပေးလိုက် မယ် ဆိုတော့။ သူဌေးကြီးကလဲ ယူပါမယ် ယူပါမယ်လို့ ခေါင်းကို တွင်တွင်ငြိမ့်လိုက်တယ်........

နောက်တစ်ရက်ဆက်ဖတ်ရန်.....

Read More...

Sunday, September 19, 2010

ဗယာကြော်နသီ ပြည့်ရှင် အကြော်သည်ကုလားမင်း

တရံရော အခါက ဗယာကြော်နသီ ပြည်နယ်မှာ အကြော်သည် ကုလားကြီးက မင်းလုပ်ပြီး အုပ်ချုပ်တယ်တဲ့...။ ဗယာကြော်နသီ ပြည်နယ်က ဘုရင် အကြော်သည် ကုလားကို မိတ်ပေးရမယ် ဆိုရင် သူဘုရင် ဖြစ်လာပုံကလဲ သိပ်ဆန်းတယ်ကိုး။
ရှေးခေတ် ရှေးကာလကတော့ ဘုရင်ကို သတ်နိုင်ရင် မင်းဖြစ်တဲ့ ဓလေ့ထုံးစမ်း ရှိလေတာကိုး။ အကြော်သည် ကုလား မတိုင်ခင် ဘုရင်က ဓားလှန် လေးမြှားလက်နက် ဓါဏ် အကုန်ပီးတယ်ဆိုပဲ။ သူ့ကို ဘယ်လိုမှ လုပ်ကြံ သတ်ဖြတ်လို့ မရနိုင်ဘူး။

တစ်ခါဆိုရင် ရောမက စစ်သည်သိန်းချီပါတဲ့ စစ်တပ်ကြီးတစ်ခု ချီတက်လာတုန်းက သူတစ်ယောက်တည်း သွားချတယ်။ စစ်တပ်နဲ့ မျက်နှာချင်း ရောက်ပြီဆိုတာနဲ့ ပုဆိုးချွတ်ပြီး လိုက်ရမ်းလိုက်တာ ရောမစစ်တပ်ကြီး အကုန်လုံး ကစဥ့်ကလျှား ထွက်ပြေးသွားကြရတယ်။ တစ်လွှဲ မတွေးပါနဲ့ ပုဆိုးကို လက်နဲ့ ကိုင်ပြီး တရုပ် သိုင်းကားထဲက လို လိုက်ရမ်းတာ။

အဲ လို ရဲ ရဲ တောက်ဘုရင်ကြီး ဒုတ်ပီး ဓားပီး လှန်ပြီး ဘာလက်နက်နဲ့မှ သတ်လို့မရဘူး။ တစ်ရက်မှာ အကြော်သည်ကုလားရဲ့  ပဲ အသိုးတွေနဲ့ လုပ်ထားတဲ့ ဗယာကြော်ကို စားမိရကာ ၀မ်းလျှောပြီး အဲဒီဘုရင်ကြီး မူလီရွာ စံ အိုင်တော်ကုန် သွားတယ်။ အဲဒါကြောင့် အကြော်သည်ကုလားက အော်တိုမစ်တစ် ဘုရင်ကြီး ဖြစ်လာရတာပေါ့။

အဲလိုနဲ့ အကြော်သည်ကုလား ဘုရင်ဖြစ်လာချိန်မှာ ပထဆုံး ညီလာခံတစ်ခုကို သူကျင်းပလိုက်တယ်။ အဲဒီညီလာခံမှာ အရေးကြီးဆုံး အချက်တစ်ချက်ကို ပြောစရာရှိတယ်တဲ့။ အဲဒါနဲ့ပဲ နိုင်ငံခြား သွားနေတဲ့ ၀န်ကြီးတွေ အမတ်ကြီးတွေ အားလုံး ပြန်လာပြီး သူ့ရဲ့ ပထဆုံး ညီလာခံကို လာတက်ကြရတယ်။ ပထဆုံး သူ့ရဲ့ ညီလာခံမှာ သူက ဘာပြောလဲဆိုတော့ ဗယာကြော်နသီ ပြည်မှာရှိတဲ့ TV ချယ်နယ်လိုင်း အားလုံးမှာ အကြော်ကြော်ပြတဲ့ အစီစဉ်ကို မဖြစ်မနေ ထည့်သွင်းရမယ်တဲ့။ ပြီးတော့ အဲဒီမှာ သူကိုယ်တိုင် သရုပ်ဆောင်မယ် ဆိုပဲ။

အဲဒီတော့ အမတ်ကြီးတွေက ထောက်ပြကြတယ် မလုပ်ပါနဲ့ မင်းကြီး ကျွန်တော်တို့ ရာဇ၀င်မှာ ၀န်ကြီးချုပ်တစ်ပါး TV ရဲ့ အစားသောက် ပရိုဂရမ်မှာ ထမင်းဝင်ချက်ပြလို့ အလုပ်ဖြုတ်ခဲ့ဖူးပါတယ်။ ဥပဒေအရလဲ ခွင့်ပြုမထားပါဘူး ဆိုတော့၊ ဗယာကြော်ကုလားက ဘာပြောတယ်မှတ်လဲ ဟဲ့ အမတ်ကြီး ဥပဒေမှာ ထမင်းမချက်လို့ပဲ ပါတယ် အကြော်မကြော်ရလို့မပါဘူး တဲ့လေ။ ပြောပြောဆိုဆိုပဲ ကင်မရာ မင်းတွေ ချက်ခြင်း ဆင့်ခေါ်ပြီး ညီလာခံ အလယ်မှာ စမူဆာ ကြော်နည်းကို ကိုယ်တိုင် သရုပ်ဆောင်ပြီး ရိုက်ပြပါတော့တယ်.....

နောက်တစ်ရက် ဆက်ဖတ်ရန်.....

Read More...

Friday, June 25, 2010

ထမခြောက်လေး တစ်စလယ်နဲ့ မိုးခေါင်ခိုင်းတဲ့လူ

ဒီနေ့ ကျွန်တော် FEC သွားလှဲတော့ ၉၁၅ ကျပ်ပဲ ပေါက်ဈေးရှိသည်။ ကျွန်တော် တော်တော်ဖု သွားသည်။ ပြီးခဲ့ အပတ်က လှဲတာ ၉၆၀ ရသေးသည် တစ်ပတ်အကြာမှာ ၉၁၅ ကျပ်ဆိုတော့ ဘယ်လိုဖြစ်တာလဲ ကျွန်တော်စဉ်းစားလို့ကား ဥာဏ်မမှီ။ ကျွန်တော် FEC လှဲနေကျ ဆိုင်က အမကြီးကတော့ ပြောရှာသည် “မောင်လေးရယ် အခုဈေးတွေကျနေတယ်............. ”

ကျွန်တော် မှတ်မိသလောက် ၂၀၀၅ ခုနှစ် ပတ်ဝန်းကျင် တစ်ဒေါ်လာလျှင် မြန်မာငွေ ကိုးရာကျော်ကျော်ပတ်ဝန်းကျင် တွင်ပေါက်ဈေးရှိသည်။ ထိုစဉ်က ဘဲဥတစ်လုံးကို ငါးဆယ်ကျပ်ပေးရသည်။ ကျွန်တော် ၀ယ်နေကျ ဆန်တစ်အိတ်ကို တစ်သောင်းရှစ်ထောင် ပေးရသည်။ နောက်တော့ ဘယ်လိုဖြစ်သည်မသိ ဒေါ်လာဈေးက ရုတ်တရက်ခုန်တက်သွားသည်။ တစ်ဒေါ်လာကို တစ်ထောင်ကျော်ဈေး။ အဲဒီတော့ ကျွန်တော် ၀ယ်နေကျ ဘဲဥတစ်လုံးကို ငါးဆယ်နှင့် မရတော့သလို ကျွန်တော်ဝယ်နေကျ ဆန်တစ်အိတ်ကို တစ်သောင်းရှစ်ထောင်နှင့် မရတော့ပေ။ ဘာကြောင့်လဲ ဆိုတော့ ဒေါ်လာဈေးတက်လို့လေ.......

ကျွန်တော်ငယ်ငယ်က အဖေပြောပြသော ပုံပြင်လေးတစ်ပုဒ်ကို အခုအထိ အမှတ်ရနေပါသေးသည်။ ပုံပြင်လေးနာမည်က ထမခြောက်(ထမင်းခြောက်) တစ်စလယ်နဲ့ မိုးခေါင်ခိုင်းတဲ့လူတဲ့။ ပုံပြင်ထဲက လူမှာ ထမခြောက် တစ်စလယ်(ဆန်နို့ဆီဗူးနှစ်လုံး)ရှိသည်။ ထိုထမင်းခြောက်လေး တစ်စလယ်ကို ရောင်းလျှင် ဈေးကောင်းရဖို့ဆိုလျှင် ဆန်စပါး ရှားမှဖြစ်မည်။ ဆန်စပါးရှားဖို့ဆိုလျှင် မိုးခေါင်ပြီး ဆန်တွေအထွက်နှုန်းကျမှ ဖြစ်မည်။ သို့ကြောင့် သူ့ထမခြောက်လေး တစ်စလယ်ကို ရောင်းရင် ဈေးကောင်းရဖို့အတွက် မိုးခေါင်ပါစေလို့ ဆုတောင်းပါတော့သည်။ ပုံပြင်ထဲက လူကတော့ သူ့ထမခြောက်လေး တစ်စလယ်ကို ဈေးကောင်းရဖို့ အရေးတတိုင်းပြည်လုံးကို ဒုက္ခရောက်ခိုင်းနေသည်။

ကျွန်တော်လည်း တစ်ခါတစ်လေ ပြန်စဉ်းစားမိသည်။ ရတဲ့ လစာ FEC နှစ်ပဲခြောက်ပြားလေး ဈေးကောင်းရဖို့ ဈေးတွေစွတ်တက်ခိုင်း နေသလိုများဖြစ်ပြီလား။ ကျွန်တော်ကတော့ ကိုယ်များများရဖို့အတွက်တစ်ခုတည်းနဲ့ FEC ဈေးတွေကို စွတ်တက်စေချင်သည်မဟုတ်ပါ။ ဒေါ်လာဈေးတွေတက်လျှင် ကုန်ဈေးနှုန်းတွေက ဒေါ်လာဈေးတက်လို့ဆိုပြီး စွတ်လိုက်ကြသည်။ ဒေါ်လာဈေးတက်တာက နှစ်လက်မလောက်ဆိုရင် ကုန်ဈေးနှုန်းတွေက နှစ်ပေလောက် ခုန်တက်လိုက်ကြသည်။ ဒေါ်လာဈေးကျတော့ ကုန်ဈေးနှုန်းတွေက ထင်သာမြင်သာအောင် လိုက်မကျ မသိချင်ယောင် ဆောင်နေကြသည်။ ဘယ်သူ့ကို အပြစ်တင်ရမည်မသိ။ ကျွန်တော် တရားခံလိုက်ရှာကြည့်သည်။ ကုန်သည်တွေလား ကုန်ခြောက်ဆိုင်တွေလား လူပုဂ္ဂိုလ်တွေလား။ နောက်ဆုံးတော့ ကိုယ့်ကိုသာ အပြစ်တင်ပါတော့သည်။ ကိုယ်မှ အသုံးမကျခဲ့တာကိုး..........

ဒါကတော့ မြန်မာ့ဆန်စပါး ချင်တွယ်တဲ့ ယူနစ်ပါ
နှစ်လမြူ တစ်လမျက်
နှစ်လက်မျက် တစ်လမယ်
နှစ်လမယ် တစ်စလယ်
နှစ်စလယ် တစ်ခွက်
နှစ်ခွက် တပြည်
လေးပြည် တစ်စိတ်
နှစ်စိတ် တစ်ခွဲ
နှစ်ခွဲ တစ်တင်း


Read More...

Thursday, June 24, 2010

အလုပ်လက်မဲ့........



တစ်ခါတုန်းက အလုပ်လက်မဲ့ တစ်ယောက်ဟာ Micro Soft မှာ သန့်ရှင်းရေး ရာထူးအတွက် အလုပ်သွားလျှောက်တယ်။ ၀န်ထမ်းရေးရာ အကြီးအကဲက သူ့ကို လက်ခံတွေ့ဆုံကာ လူတွေ့မေးမြန်းပြီး လိုအပ်တဲ့ အရည်အချင်းတစ်ချို့ကို စစ်ဆေးတယ်။ အင်တာဗျူးပြီးတော့ ၀န်ထမ်းရေးရာ အကြီးကဲက သူ့ကိုပြောတယ် “မင်း အလုပ်ရပြီ။ မင့်ရဲ့ အီးမေးလိပ်စာ ပေး၊ ဘယ်နေ့ ဘယ်အချိန်မှာ အလုပ်စဆင်းရမယ်ဆိုတာ မင့်ဆီကို အီးမေးပို့လိုက်မယ်….” ၀န်ထမ်းရေးရာ အကြီးကဲက သူ့ဆီမှာ အီးမေး လိပ်စာတောင်းတော့ သူ အလွန် စိတ်မကောင်းဖြစ်သွားပြီး “ကျွန်တော့်မှာ ကွန်ပျူတာ မရှိပါဘူး ဒါကြောင့် အီးမေးလဲ မရှိပါဘူးလို့ ” ပြန်ဖြေလိုက်တယ်။ အဲဒီတော့ ၀န်ထမ်းရေးရာ အကြီးအကဲက သူ့ကို ပြန်ပြောလိုက်တယ် “ ဒီခေတ်ကြီးမှာ အီးမေး လိပ်စာလေး တစ်ခုတောင် မရှိဘူးဆိုရင် အသက်ရှင်လို့ မရသလောက်နည်းပါးပဲ ဒါကြောင့် အလုပ်လဲမရနိုင်ဘူး…..”

သူအလုပ်မရတော့ဘူးလို့ သိလိုက်ရတဲ့အချိန်မှာ သူ့အိပ်ကပ်ထဲမှာရှိတဲ့ ပိုက်ဆံ ဆယ်ဒေါ်လာနဲ့ ဘ၀ကို ဘယ်လိုရပ်တည်ရမလဲ ဆိုတဲ့ အတွေးနဲ့ သူ ခြောက်ခြား သွားတယ်။ နောက်ဆုံးမှာတော့ သူဆုံးဖြတ်ချက်ချတယ်။ ပြီးတော့ စူပါမတ်ကက်တစ်ခုကို သွားပြီး စတော်ဘယ်ရီသီး ဆယ်ပေါင်ကို ၀ယ်လာခဲ့တယ်။ ပြီးတော့ မြို့ထဲက အိမ်တံခါးတွေကို လိုက်ခေါက်ပြီး သူဝယ်လာတဲ့ စတော်ဘယ်ရီကို ဈေးနှဆတင်ကာ လိုက်ရောင်းတယ်။ အဲလို အိမ်တံခါးပေါက်တွေမှာ လိုက်ရောင်းရင်းနဲ့ သူ့ရဲ့ စတော်ဘယ်ရီတွေဟာ နှစ်နာရီအတွင်း ကုန်သွားတယ်။ ပြီးတော့ သူရတဲ့ ပိုက်ဆံနဲ့ စူပါမားကက်ကို ပြန်သွား စတော်ဘယ်ရီထပ်ဝယ်ပြီး ထပ်ရောင်းတယ်။ အဲဒီနေ့က သူသုံးကြိမ်ထက်မနည်း အသွားအပြန်လုပ်ပြီး ရောင်းလိုက်တာ နောက်ဆုံးမှာ သူအိမ်ပြန်တော့ အိပ်ကပ်ထဲမှာ ဒေါ်လာခြောက်ဆယ် အသားတင်ကျန်တယ်။

အဲဒီမှာ သူ့ အောင်မြင်ရေးလမ်းစကို သူမြင်သွားတယ်။ နောက်နေ့က စပြီး မနက်စောစောသွားကာ ပထနေ့မှာ လုပ်တဲ့နည်းအတိုင်း စူပါမားကက်ကိုသွားလိုက် တစ်ခုခုကိုဝယ်လိုက် ပြီးရင် အိမ်တံခါးပေါက်တွေကို လိုက်ခေါက်ပြိးရောင်းလိုက်နဲ့ သူနေ့တိုင်းလုပ်တယ်။ ဒါကြောင့်သူ့ဝင်ငွေဟာ တစ်ရက်ကို သုံးဆ သုံးဆ တိုးတိုးသွားပါတယ်။ သူဟာ အချိန်တိုလေး အတွင်းမှာ သစ်သီးတွေ တင်ရောင်းဖို့ တွန်းလှည်းလေးတစ်ခုကို ၀ယ်နိုင်ခဲ့တယ်။ သိမ်ကြာခင်လေးမှာပဲ သစ်သီးတင်းရောင်းတဲ့ သူ့တွန်းလေးကနေ သစ်သီးတင်ရောင်းတဲ့ ကားအဖြစ် ပြောင်းလှဲနိုင်ခဲ့တယ်။ နောက်ထပ် အချိန်အနည်းငယ်အတွင်းမှာ သူဟာ ကုန်ပစ္စည်းတွေကို အိမ်တိုင်ယာရောက် ကားတွေနဲ့ လိုက်ပို့ရောင်းချမှုကို ၀န်ဆောင်ပေးတဲ့ လုပ်ငန်းတစ်ခုကို ပိုင်လာတယ်။

ငါးနှစ်ကြာပြီးတဲ့နောက်………

သူဟာ အမေရိကန် နိုင်ငံရဲ့ အကြီးဆုံး စားသောက်ကုန်တွေ ရောင်းတဲ့ စတိုးဆိုင်တွေရဲ့ ပိုင်ရှင်တစ်ယောက် ဖြစ်လာခဲ့တယ်။ အခုလို သူအောင်မြင်ကြီးပွားလာချိန် ရောက်လာတော့ သူ့နဲ့ သူ့မိသားစုရဲ့ အနာဂတ်အတွက် အာမခံထားဖို့ရာ ဆုံးဖြတ်ချက် ချခဲ့တယ်။ ဒါကြောင့် သူ အေးဂျင့်တစ်ခုကို ခေါ်ပြီးတော့ အာမခံအတွက် ဆွေးနွေးခဲ့တယ်။ သူ့နဲ့ အေးဂျင့်နဲ့ စေ့စပ်ဆွေးနွေးလို့ အပြီးမှာ အေးဂျင့်က သူ့ဆီမှာ အီးမေးလိပ်စာ တောင်းတယ်။ ဒီနေ့ဆွေးနွေးချမှတ်လိုက်တဲ့ ပေါ်လစီ အတည်ပြုချက်ကို အီးမေးနဲ့ ပို့ပေးဖို့ပါတဲ့။

အဲဒီတော့ သူက ပြောလိုက်တယ် ကျွန်တော့်မှာ အီးမေး လိပ်စာမရှိပါဘူးတဲ့လေ။ ဒီလို လုပ်ငန်းပိုင်ရှင်ကြီးတစ်ယောက်မှာ အီးမရှိဘူးဆိုတော့ တော်တော်ထူးဆန်းတာပဲ၊ ခင်ဗျားမှာ အီးမေးလိပ်စာတစ်ခုတောင် မရှိပဲနဲ့ ဒီလိုကြီးမားတဲ့ စီးပွားရေးလုပ်ငန်းစုကြီးကို ထူထောင်နိုင်တယ်ဆိုရင် အီးမေးလိပ်စာ ရှိရင် ခင်ဗျား အခုလောက်ဆို ဘယ်ဝရောက်နေပြီလဲ မသိဘူး လို့ အေးဂျင့်က ပြန်ပြောတယ်။

သူက ခဏလောက်စဉ်းစားပြီး တကယ်လို့သာ ငါ့မှာ အီးမေးလိပ်စာ တစ်ခုရှိခဲ့ရင် အခုလောက်ဆို Micro Soft မှာ အိမ်သာဆေးတဲ့လူတစ်ယောက် ဖြစ်နေမှာ ပေါ့လို့ ပြန်ဖြေလိုက်တယ်…….

တကယ်လို့သင့်မှာ အီးမေးလိပ်စာ တစ်ခုမရှိရင်လဲ အလုပ်ကြိုးစားမယ်ဆိုရင် သန်းကြွယ်သူဌေးတစ်ယောက် ဖြစ်လာနိုင်ပါတယ်……

တကယ်လို့ သင်ဟာ ဒီပုံပြင်လေးကို အီးမေးကနေ လက်ခံရှိခဲ့တာဆိုရင် သင်ဟာ မိးလျှံနာဖြစ်ဖို့ထက် သန့်ရှင်းရေးဝန်ထမ်းတစ်ယောက် ဖြစ်ဖို့ပိုနီးစပ်ပါတယ်……

တကယ်တော့ အင်တာနက်ဆိုတာ ကျွန်တော်တို့ဘ၀ထဲက ပြသနာအားလုံးကို မဖြေရှင်းပေးနိုင်ပါဘူး……



ဒီပုံပြင်လေးကတော့ Metacafe မှာတွေ့တဲ့ ပါဝါပွိုင့်လေးတစ်ခုကို တတ်သလောက် မှတ်သလောက် ဘာသာပြန်ထားတာပါ။ အော်ရင်ဂျယ်နယ်ကို ဒီနေရာမှာ သွားဖတ်လို့ရပါတယ်

Read More...

Tuesday, April 20, 2010

မြွေနဲ့ဖားနဲ့ဝေးတဲ့မြေ



ဖားကိုမြွေမြိုတာကို သင်မြင်ဖူးပါသလား။ ထိုအခါ သင်ဘာလုပ်သလဲ........

ရန်ကုန်မှာနေသူ တော်တော်များများကတော့ ဖားကိုမြွှေမြိုသည့် မြင်ကွင်းကို မြင်ဖူးသူ နည်းလိမ့်မည်ဟု ထင်ပါသည်။ ကျွန်တော်တို့ နယ်မှာတော့ မြွေလည်းပေါ ဖားလည်း ပေါသည့်အတွက်ကြောင့် ဖားအားမြွေကမြိုတာကို မကြာခဏဆိုသလို မြင်ဖူးပါသည်။

ဖားသည် သာမန်အချိန်တွင် အုံးအွမ်အုံးအွမ်ဟု အော်သော်လည်း အန္ဒရာယ်ကျရောက်သည့် အခါတွင် အုံးအွမ် အုံးအွမ်ဟု မအော်တော့ပါ။ ပုရစ်အော်သံနှင့် ခပ်ဆင်ဆင်တူသော အသံဖြင့်အော်ပါသည်။ သို့ရာတွင် ပရစ်အော်သံက ရှည်ပြီး ဖားအော်သံက တို၍ ပြတ်တောင်း ပြတ်တောင်းထွက်ပါသည်။

ကျွန်တော်ငယ်ငယ်ကတော့ ဖားကို မြွေမြိုသည့်အသံကြားပြီ ဆိုသည့်နှင့် ခဲလုံးသို့မဟုတ် ဒုတ်ကို ကိုင်ပြီး အသံကြားရာတွင် လိုက်ရှာပါသည်။ တွေ့ပြီဆိုသည့်နှင့် မြွှေကိုခဲနှင့်ပစ် ဒုတ်နဲ့ရိုက်ပြီး ဖားအသက်ကို ကယ်လေ့ရှိသည်။ (မြွေ၏ သဘောသ၀သည် အစာကို ချက်ခြင်းမြိုချနိုင်စွမ်းမရှိပါ။ သူ့အပေါ်ကို အန္ဒရာယ်တစ်စုံ တစ်ရာ ကျရောက်လာသည့်နှင့် ပါးစပ်ထဲက အစာကို ချက်ခြင်းထွေးထုတ်ပြီး အသက်လွှတ်ပြေးတတ်သည့် သဘာဝရှိသည်။ ကျွန်တော့် အတွေ့အကြုံအရ ဖားသည် မြွေပါးစပ်မှ လွှတ်သည်နှင့် ချက်ခြင်း ပြေးနိုင်ပါသည်။ နောက်မှ သေသည်ရှင်သည်တော့ မပြောတတ်ပါ)

ထိုအရွယ်က ငယ်သေးလို့လားမသိ မြွေကိုလည်း တော်တော်အမြင်ကတ်သည်။ လမ်းမှာ သူ့ဖာသာသူ ဖြတ်သွားတာ တွေ့လျှင်ပင် လိုက်ပြီးရိုက်သတ်လေ့ရှိသည်။ ထို့ကြောင့် ဖားတစ်ကောင်အား မြိုနေသည်ကို မြင်၍ ဖားအား ကယ်နိုင်လိုက်လျှင် အသက်တစ်ချောင်းကို ကယ်နိုင်ခဲ့ပြီးဆိုပြီး ကိုယ့်ကိုယ် ကျေနပ်ပိတိဖြစ်လေ့ရှိသည်။

ကျွန်တော်မြို့အလည်မှာ ပန်းချီဆိုင်းဘုတ်တွေရေးသော ပန်ချီဆိုင်တစ်ဆိုင်ရှိသည်။ တစ်နေ့ ကျွန်တော် ထိုပန်းချီဆိုင်အနီးက ရေမြောင်းလေး တစ်ခုမှာ လူတွေ ၀ိုင်အုံနေကြသည်ကို တွေ့ရသည်။ စပ်စုသူပီပီ ကျွန်တော်လည်း ထိုလူအုပ်ထဲသို့ တို့ဝှေ့ကြည့်လိုက်မိသည်။ တို့ဝှေ့ပြီး ကျွန်တော်မြင်လိုက်ရတာက လက်မအရွယ်လောက်ရှိသော မြွှေသေးသေးလေး တစ်ကောင်က သူ့ထက်အဆအများကြီး ကြီးသော ဖားတစ်ကောင်ကို ကိုက်ပြီး ကုန်းပေါ်ကို ဆွဲတင်ဖို့ ကြိုးစားနေသည်။ ကျွန်တော်က မြွေကို မြင်လိုက်သည်နှင့် လက်က ယားနေပြီ ထို့ကြောင့် ခဲတစ်လုံးကို ကောက်ပြီး ပစ်ဖို့လုပ်တော့ ပန်းချီဆရာက ကျွန်တော့်ကို တားသည်။

“မလုပ်နဲ့ ဒါသဘာဝပဲ သူ့အစာကို သူ့ဖာသာသူရှာစားတာ”

ကျွန်တော်အဲဒီတုန်းက ခုနှစ်တန်းလောက်ပဲ ရှိသေးအတွက် ကလေးရွယ်ဖြစ်တာကြောင့် ပန်းချီဆရာကို ကြောက်၍သာ အသာလေးနေရသည်။ ကျွန်တော့်လက်ကတော့ မြွေကိုခဲနှင့် ပစ်ချင်နေသည်။ သို့ရာတွင် မတတ်သာ၍ အများနည်းတူ ဆက်ကြည့်နေလိုက်သည်။

မြွေလေးက ပိန်းရိုးတွေကို အားပြုပြီး ဆွဲတင်လိုက် ဖား ရုန်းလိုက်လျှင် အားချင်းမမျှသည့်အတွက် ပြန်ကျသွားလိုက်နှင့် ဖြစ်နေသည်။ နောက်တော့ မြွေက သူ့အမြီးကို ပိန်းရိုးတွေပေါ်မှာ ကြိုးနှင့်ချီသလို မြဲအောင် ချီထားပြီး တဖြည်းဖြည်းချင်း ဆွဲတင်တော့ ဖားက ရေထဲကနေ ကုန်းပေါ်ကိုပါ လာသည်။ မြွေက ကုန်းပေါ်ရောက်အောင် ဖားကို ဆွဲတင်သွားနိုင်ပြီလည်းဆိုရော ပန်ချီဆရာလည်း ထွက်သွားသည်။ ပန်းချီဆရာ ထွက်သွားနှင့် ကျွန်တော် မြွေကို ခဲနှင့်စပစ်ပါတော့သည်။ ကျွန်တော်ခဲနှင့် ပစ်သည့်အတွက် မြွေက ဖားကို ပစ်ထားပြီး ကိုယ်လွှတ်ရုန်းပြေးသွားသည်။ ကုန်းပေါ်တွင် ခုန်ဆွခုန်ဆွနဲ့ ကျန်ရစ်ခဲ့သော ဖားကို တုတ်နှင့် ကလော်ပြီး မြောင်းထဲ ပြန်ချထားခဲ့လိုက်သည်။

* * * * *

တစ်လောက ပြသနာ တော်တော်တက်လိုက်သည်။ သို့ပေမယ့် တက်သည့်ပြသနာက ကိုယ့်ပြသနာမဟုတ်။ သူငယ်ချင်း လင်မယားနှစ်ယောက်ကြားက ပြသနာ။ ယေကျာင်္းဖြစ်သူက ရှုပ်သည်။ မိန်းဖြစ်သူက ယေကျာင်္းရှုပ်တာကို လိုက်စုံစမ်းနေသည်။ အမှန်တိုင်းပြောရရင်တော့ လင်ရယ်မယားရယ်လို့ ဖြစ်လာပြီးတော့ မကွဲစေချင်ပါဘူး။ ဒါကြောင့် သူငယ်ချင်းဖြစ်သူကို နည်းနည်းဆင်ချင်ဖို့ သတိပေးသည်။ သူက သတိပေးလဲ ပေးငပေး သူ့အကျင့်တိုင်း နေမြဲတိုင်းနေသည်။

ပြသနာက တဖြည်းဖြည်းကြီးလာတာအမျှ ယေကျာင်္းဘက်ကပဲ ပါရမလိုလို မိန်းဘက်ပဲ ပါရမလိုလို။ ယေကျာင်္းဘက်က ပါပြန်ရင်လဲ အိမ်ထောင်မှုဖောက်ပြန်တာကြိးကို အားပေးရာရောက်မည်။ အားမပေးပဲ သူလုပ်နေတာကိုရပ်သွားအောင် ဇွတ်အတင်း လိုက်ဖျက်ရအောင်ကလဲ မဟုတ်တတ်။ ကြာလာတော့ မိန်းမဖြစ်သူက သူယေကျာင်္း ရှုပ်တာ ကျွန်တော်တို့ မြောက်ပေးလို့ပဲ ဖြစ်တာလိုလို ဘာလိုလို ထင်လာသည်။ ယေကျာင်္းကလဲ သူရှုပ်တာ မိန်းမသိတယ်ဆိုတော့ ကျွန်တော်တို့ပဲ သတင်းပေးလို့ သိတာလိုလို ဘာလိုလို ထင်လာသည်။

* * * * *


အခုနေ ပြန်စဉ်းစားကြည့်တော့ မြွေကနေ ဖားကို မြိုနေတာတွေ့ရင် ကယ်သင့်လား မကယ်သင့်လားဆိုတာ စဉ်းစားစရာဖြစ်လာသည်။ အင်အားကြီးသူက နှင့် အင်အားနည်းသူ ဖြစ်နေသည့်အတွက် ကယ်သင့်လား။ ပန်းချီဆရာ ပြောသလိုပဲ ဒါသဘာဝပဲ သူ့အစာကို သူ့ဖာသာရှာစားဆိုပြီး ကြည့်နေသင့်လား။ ဘယ်ဟာမှန်လဲ ကျွန်တော်သေသေချာချာ မစဉ်းစားတတ်။

ဘာပဲဖြစ်ဖြစ် ရန်ကုန်ရောက်လာပြီးကတည်းက ဖားကမြွေကိုမြိုတာ တစ်ခါမှမတွေ့ရတော့ပေ။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်နေတဲ့နေရာက မြွေတွေဖားတွေနဲ့ဝေးနေလို့ ဖြစ်ပါလိမ့်မည်။


Read More...

Thursday, April 01, 2010

ဓာတ်ပုံကောင်းတစ်ပုံရဲ့ လျှို့ဝှက်ချက်


ရှင်းလင်းပြတ်သားသော Back ground ကို ရွေးချယ်ပါ

ဓာတ်ပုံကောင်းတစ်ပုံ ဖြစ်ဖို့ ဆိုတဲ့နေရာမှာ သူရဲ့ အဓိက အားသာချက်တွေ အများကြီး ရှိတဲ့ အနက်က ဒီနေ့ ပြောမှာကတော့ ဓာတ်ပုံရဲ့ Back ground ရဲ့ အရေးပါမှုကို ပြောမှာ ဖြစ်ပါတယ်။

အရင်တုန်းက ဓာတ်ပုံတစ်ပုံမှာ ရှင်းလင်းပြတ်သားတဲ့ Back ground ရှိရမယ်လို့ ကျွန်တော့် Editor က ပြောတော့ ကျွန်တော်လက်မခံနိုင်ဘူး ဘာဖြစ်လို့လဲဆိုတော့ အရှေ့က အရာဝတ္ထုက လှနေရင်လဲ ဓာတ်ပုံကောင်း တစ်ပုံ ဖြစ်လာနိုင်တာပဲလေ။ ကျွန်တော်အဲလိုပဲ တွေးပါတယ်။ ဒါပေမယ့် တကမ်း ရိုက်လာတာနဲ့အမျှ သူပြောတဲ့အတိုင်း သေချာ ပြန်စဉ်းစားကြည့်တော့ ဟုတ်ပါတယ် အကောင်းဆုံးဆိုတဲ့ ဓာတ်ပုံတွေရဲ့ ရာနှုန်းပြည့်နီးပါးဟာ ရှင်းလင်းပြတ်သားတဲ့ Back ground ရှိနေတာကို တွေ့ရမှာဖြစ်ပါတယ်။
ဥပမာ အနေနဲ့ ဒီပုံလေးတွေကို ကြည့်ကြည့်ရအောင်



ရှင်းလင်းပြတ်သားတဲ့ Back ground ရှိတဲ့ပုံ



ရှင်းလင်းပြတ်သားတဲ့ Back ground မရှိတဲ့ပုံ

ပထမပုံ မှာကတော့ နောက်ခံ Back ground က ရှင်းလင်းပြတ်သားတဲ့အပြင် အရှေ့ဆုံးက ကိုရင်လေးတစ်ပါးတည်းကိုပဲ Focus လုပ်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီပုံကိုကြည့်လိုက်တာနဲ့ ပြချင်တဲ့ Main Subject ကိုရင်လေးကို ထင်ထင်ရှားရှား မြင်တွေ့နိုင်တာဖြစ်ပါတယ်။

ဒုတိယပုံမှာဆိုရင်လဲ ကိုရင်လေးတစ်ပါးတည်းကို Focus လုပ်ထားတာ ဖြစ်ပေမယ့် နောက်ခံမှာ ပါနေတဲ့ ဥပဇဉ်းက မျက်နှာတစ်ခုလုံး အပြည့်မပါပဲ ပြတ်နေတယ်။ ပြီးတော့ အနောက်မှာ ကားတစ်စီးရှိရှိနေတယ်။ ကားရဲ့ရောင် နောက်က ဥပဇဉ်းရဲ့အရောင်ဟာ အရှေ့က Focus လုပ်ပြထားတဲ့ ကိုရင်လေးနဲ့ ရောနေတဲ့အတွက် ပြချင်တဲ့ Main Subject က ရုပ်လုံးကြွမလာတော့ပါဘူး။ တကယ်လို့များသာ နောက်ခံဟာ ရှင်းလင်းပြတ်သားနေမယ်ဆိုရင် ဒီထက်ကောင်းတဲ့ ပုံလေးတစ်ပုံ ဖြစ်လာမှာပါ။

ဒီနေရာမှာ တစ်ခုမေးစရာ ရှိပါတယ်။ အဲဒါဆိုရင် နောက်ခံရှင်းလင်းပြတ်သားမှု မရှိတဲ့အခါမှာ ကျွန်တ်ာတို့ ဘာလုပ်ကြမလဲ။ ကျွန်တော်နောက်ထပ် ပုံလေး နှစ်ပုံကို ထပ်ပြပါမယ်။



ဒီပုံလေးကတော့ ပဲခူးတိုင်း သနပ်ပင်မြို့နယ် မင်းရွာသွားတုန်းက ရိုက်ခဲ့တာပါ။ ကျွန်တော်ပထဆုံးတွေ့ လိုက်ရတဲ့ အချိန်မှာ အခုလို အနေထားလေးပါ။ ကလေးတစ်ယောက်က ကျွဲပေါ်မှာ တက်စီးပြီး ကလေးတစ်ယောက်က ကျွဲကို ဆွဲသွားတယ်။ သာမှန်အားဖြင့် ပြောမယ်ဆိုရင် ရိုက်လို့လှမဲ့ ပုံလေးတစ်ပုံပါ။ ဒါပေမယ့် ခက်တာက အနောက်မှာ နွားတစ်ကောင်ကလဲ ရှိနေတယ် ပြီးတော့ နောက်ခံအုန်းပင်တွေရဲ့ အရောင်နဲ့ အရှေ့က အရောင်တွေနဲ့ သိပ်ပြီးကွဲပြားမှု မရှိဘူး။ အဲဒါကြောင့် ရိုက်မယ်ဆိုရင် ကိုယ်ပြချင်တဲ့ ကျွဲနဲ့ကလေးတွေရဲ့ပုံက ကြွတက်လာမှာမဟုတ်ဘူး။

အဲဒါကြောင့် ကျွန်တော် ကျွဲရဲ့ ဘယ်ဘက် အခြမ်းကနေ ရိုက်ရာကနေ ညာဘက်ခြမ်းကို ကူးလိုက်တယ်။ ညာဘက် အခြမ်းကနေ ကြည့်ရင် နောက်ခံ သစ်ပင်တွေဟာ ဘယ်ဘက်အခြမ်းက ကြည့်တာလောက် မရှုပ်ပေမယ့် နေလုံးကြီးရှိနေတော့ အလင်းရောင်နဲ့ ထိပ်တိုက်ကြီး ဖြစ်နေတယ်။ အဲဒါကြောင့် F ကို 22 မှာထားပြီးတော့ ရိုက်လိုက်တယ်။



အဲဒီအခါမှာ ဒီပုံလေးရလာတယ်။ ဒီပုံဟာဆိုရင် အရမ်းအကောင်းကြီး မဟုတ်ရင်တောင် ပထမပုံထက်စာရင်တော့ ကိုယ်ပြချင်တဲ့ အကြောင်းရာလေးက ကြွတက်လာတယ်။ F ကို 22 မှာ ထားတဲ့အတွက် နေက ကြယ်လို ဖြစ်သွားတယ် အရှေ့က ရှိတဲ့အရာဝတ္ထုကလည်း မဲသွားတယ်။ ဒီပုံက အဖြူအမည်းပုံမှဟုတ်ပါဘူး Exposure အမှန်က နေရောင်ပေါ်မှာ ရှိနေတဲ့အတွက် ကျန်တဲ့ အရာဝတ္ထုတွေကမည်းသွားတာပါ။

ဒီနေ့ ပြောချင်တဲ့ ဓာတ်ပုံကောင်းတစ်ပုံရဲ့ လျှို့ဝှက်ချက်ကတော့ ဒီလောက်ပါပဲ နောက်ကြုံတဲ့အခါမှ နောက်ထပ် လျှို့ဝှက်ချက်ကို ထပ်ပြောပါမယ်။

Read More...

Wednesday, March 31, 2010

သံဝေဂ

မော်တာလည်တိုင်းသာ ရေတက်မယ်ဆိုရင်
ငါဒီလောက်အထိ ညစ်ပတ်နေမှာမဟုတ်ဘူး

ခလုပ်နှိပ်တိုင်းသာ မီးပွင့်မယ်ဆိုရင်
ငါ့အခန်းတွေ အခုလောက်မှောင်နေမှာမဟုတ်ဘူး


နေနဲ့လနဲ့ တွေ့ဆုံပေးဖို့
ငါတစ်ခါမှ ဆုမတောင်းခဲ့ဖူးဘူး
မီးလာချိန်နဲ့ ရေလာချိန်ဆုံဖို့ကိုတော့
နေ့တိုင်းဆုတောင်းနေရတယ်


မျက်နှာသစ်မဲ့ အချိန်မှာ
ရေလာချိန်နဲ့ မီးလာချိန်ကြုံကြိုက်ခဲ့ရင်
ရိုမီယိုနဲ့ ဂျူးလိယက်တို့
ချစ်သူများနေ့မှာ တွေ့ဆုံထာထက်
ဆယ်ဆမက ပျော်မိမှာတော့အမှန်ပဲလေ

ငါကမ္ဘာပတ်ပြီး
ရွှက်လွှင့်ဖို့ စိတ်ကူးမယဉ်ချင်ပါဘူး
ရေချိုးခန်းက ရေကန်ထဲမှာ
ဖလားခွက်လေး မျှောခွင့်ရရင်ကျေနပ်ပါပြီ

March 31 2010

Read More...

Tuesday, March 09, 2010

ငွေဆောင်





Read More...

Tuesday, January 26, 2010

ခွေး

ခွေးတစ်ကောင်
လမ်းဘေးက အမှိုက်ပုံမှာ
စားကြွင်းစားကျန်တွေကို ရှာဖွေနေလေရဲ့.......

ခွေးတစ်ကောင်
တိရိစ္ဆာန်ဆေးကုန်ခန်းမှာ
အရက်လာဖြတ် တာတဲ့လေ....

ခွေးတစ်ကောင်
အနံ့တစ်ရှုရှုနဲ့
တူမီးထမ်းသူတွေကို လမ်းပြရင်း
အမဲလိုက်နေလေရဲ့........

ခွေးတစ်ကောင်
သူ့သခင်ရင်ခွင်ထဲမှာနေပြီ
အမွေးပွပွလေးတွေကို
ပွတ်သပ်ပေးတာ ခံနေလေရဲ့ .....

လူတစ်ယောက်
လမ်းဘေးမှာအိပ်တယ်
တစ်နေ့တော့ အဲဒီလူသမ္မတဖြစ်သွားတယ်

လမ်းဘေးမှာနေတဲ့ ခွေးကတော့
သေတဲ့အထိ လမ်းဘေးမှာပဲနေသွားကြရတာများပါတယ်
ခင်ဗျားက လမ်းဘေးမှာနေပြီး
ဘာကြောင့် သမ္မတဖြစ်သွားရတာလဲ.....

ငါက ခွေးမှ မဟုတ်တာ

Read More...

ဆုထက်ကုဋေ







မော်ဒယ် ဆုထက်ကုဋေ

မန္တလေးက ကျူရှင်ကျောင်း တစ်ခုအတွက် ကြော်ငြာ ရိုက်ပေးတာပါ

Read More...

Sunday, January 24, 2010

Bar camp

Bar camp တွင် ကင်မရာအသေးလေးနဲ့ ဓာတ်ပုံလှလှလေးတွေ ရိုက်ကြမယ် ခေါင်းစဉ်နဲ့ ကျွန်တော် ဟောပြောပါမယ်။ တက်ရောက်သူများ အားလုံးကို စိမ်းလန်းစိုပြေ ပန်းခြံ စတူဒီယိုမှာ ဓာတ်ပုံရိုက်ရင် 20% လျော့ပေးမယ့် Discount Card များကိုလဲ ပေးသွားပါမယ်။ အချိန်ကတော့ ၂၄.၁.၂၀၁၀ နေ့လည် ဆယ့်တစ်နာရီ နေရာကကတော့ Bar camp Yangon ကျင်းပရာ မြန်မာအင်ဖိုတက်မှာ ဖြစ်ပါတယ်။

Read More...