Art is My Life: မှတ်တမ်း
Showing posts with label မှတ်တမ်း. Show all posts
Showing posts with label မှတ်တမ်း. Show all posts

Friday, June 27, 2008

HMY Update

ဆောက်လုပ်ပြီးစီး

ပြင်ကနုကုန်း (C-5)
ပြင်ကနုဝ (C-5)
ကုက္ကိုလ် (S-39)
ကျောင်းစု- ရွှေကျွန်းသာ (S-25)
ကညင်တပင် (S-9 C-4)
ရခိုင်ကုန်း (C-6)
သိုင်းချောင်း (S-23)
မလေးကြီးကုန်း (S-6)
ကန့်ဘလာတစ်ပင် (C-6)
ဆင်ကွင်း (S-6)


ဆောက်လုပ်နေဆဲ

ဒေါင့်ချောင်း (S-9)
အထက်စု (C-5)
ဒရယ်ဖြူ (S-5)


နောက်ဆုံးဆောက်လုပ်မည့်ရွာ

ဆိပ်ကလေး (S-29)
ချောင်းကြီး (-)


ဆိပ်ကလေးက မနက်ဖြန် စဆောက်ပါမယ်။ ဆောက်လုပ်နေဆဲ ရွာတွေက ပစ္စည်းတွေ ချထားပေးပြီးသားပါ။ တချို့က လာမတိုက်သေးတာ၊ တချို့က ပြီးမပြီး အကြောင်းမပြန်သေးတာပါ။ ကျွန်တော့်ဆီကို လှူထားပါတယ်ဆိုပြီး အီးမေးလ်တွေ ပို့ထားတာ တွေ့ရပါတယ်။ ဒါပေမယ့် ကျွန်တော် လက်ခံ မရရှိသေးတာတွေလည်း ရှိနေပါတယ်။ ဒါကြောင့် ဒီနေရာမှာ [Donor List] ကျွန်တော်တို့ လက်ခံ ရရှိတဲ့ အလှူရှင် စာရင်းကို ကြည့်ပြီး ကိုယ့်နာမည် မပါသေးရင် ကျွန်တော်တို့ကို အမြန်ဆုံး ဆက်သွယ်စေလိုပါတယ်။ နောက်ဆုံး ကောက်ခံရရှိတဲ့ အလှူငွေ စုစုပေါင်းက ၂၉၇၀၅၂၅၀ ကျပ် ဖြစ်ပါတယ်။ http://myanmargidai.wordpress.com ကလည်း နောက်ထပ် သိန်းသုံးဆယ်ကျော် လှူဒါန်းမယ်လို့ သိရပါတယ်။

Read More...

Wednesday, June 18, 2008

ကမ္ဘာမီးလောင်သားတောင်ချနင်း

ရေတွေတက်လာတော့ ခါးတောင်းကို မြှောင်အောင်ကျိုက်ပြီး ကျွန်တော်အိမ်ခေါင်မိုးပေါ်တက်နေတာ။ ရေကလဲ အိမ်ခေါင်မိုးအထိ တက်တယ်။ လိုင်းပုတ်လို့ အိမ်လည်းပြိုရော ကျွန်တော်လဲ ကူးမိကူးရာ ကူးလိုက်တာ နောက်ဆုံးတော့ ရွာထဲက အုန်းပင်တစ်ပင်ကို ဖက်မိသွားတယ်။ ကျွန်တော် အုန်းပင်ကို ဖက်ထားတုန်းမှာ အနောက်လည့် ကြည့်လိုက်တော့ ကျွန်တော့် ခါးထောင်းမြှောင်စကို မိန်းမကြီးတစ်ယောက်က ဆွဲထားတယ်။ အဲဒီအနောက်မှာ လူရှစ်ယောက်လောက် ရှိတယ်။ အတန်းလိုက်ကြီးပဲ။ ကျွန်တော်လဲ ဘာရမှာလဲ ပုဆိုးကိုချွတ်ချပေးလိုက်တယ်။ အဲဒီလူတွေအားလုံး ရေထဲကို မြောသွားရော . . . .

သူကြုံတွေ့ခဲ့ရစဉ်က အဖြစ်အပျက်ကို အားရပါးရ ပြန်ပြောပြသည်။ သူပြောသည့်လေသံက ၀မ်းနည်းမှုစိုးစဉ်းမျှ မရှိ။ သူ့ပုဆိုးစကို ဆွဲထားသူများကို ဖြုတ်ချနိုင်လိုက်သည်ကိုပင် အောင်မြင်မှုတစ်ခုလို ပြောပြနေသည်။ ငါပုဆိုးကို ဖြည်ချလိုက်လို့ ရေထဲမျှောပါသွားသော သူများသည် သက်ရှိလူသားဖြစ်သည်ကိုလည်း သတိပြုမိပုံ မပေါ်ပေ။

· * * * *

လေတွေတိုက်ပြီး ရေတွေတက်လာတော့ အခြေအနေ မကောင်းတော့ဘူးဆိုတာကို သိလိုက်ပြီ။ အဲဒါကြောင့် ကျွန်တော်တို့ မိသားစုအားလုံး လှေပေါ်ကိုတက်ပြီး လှေကိုသိမ်ကျောင်းနဲ့ ချည်ထားလိုက်တယ်။အဲဒီလို လှေကို သိမ်ကျောင်းမှာ ချည်ထားတာက အစပိုင်းမှာ အဆင်ပြေပေမယ့် လေတိုက်အားက အားကောင်းတော့ သိမ်ကျောင်းနဲ့ လှေနဲ့ကို ရိုက်နေသလို ဖြစ်နေတယ်။

အမေက ပြောတယ်။ ငါ့သား လှေကို ကြိုးဖြုတ်လိုက်တော့ ကြာရင်လှေကွဲတော့မယ်တဲ့။ အဲဒါကြောင့် ကျွန်တော်လှေကို ကြိုးဖြုတ်လိုက်တယ်။ လှေကိုကြိုးဖြုတ်လိုက်တယ်ဆိုရင်ပဲ လှေက လှိုင်းပုတ်အားကြောင့် မှောက်သွားတယ်။ လှေမှောက်သွားတော့ ညီရယ် သူ့မိန်းမရယ် သားသမီးတွေရယ် ရေထဲကို မျှောသွားကြတယ်။ ကျွန်တော်နဲ့ ရယ်အဖေရယ် အမေရယ်က ပလပ်စတစ် ပုံးကြီးတစ်ပုံကို ကိုင်ပြီး အတူတူ ကူးကြတယ်။

ငါးဂါလန်ဝင် ပလပ်စတစ်ပုံးလေး တစ်ပုံက လူသုံးယောက်လုံးကို မနိုင်ဘူးလေ။ အဲဒါကြောင့် ကျွန်တော်က အလယ်ကနေပြီး ပလပ်စတစ်ပုံးကြီးကို ဖက်ထားတယ် အမေက ကျွန်တော့်ရဲ့ ညာဘက်လက်မောင်းကို ဖက်ပြီး ကူးတယ်။ အဖေက ကျွန်တော့် ဘယ်ဘက်လက်မောင်းကို ဖက်ပြီးကူးကြတယ်။

ညကလည်းမှောင် လှိုင်းတွေကလဲ ပုတ် လူတွေလဲ ဘယ်ရောက်လို့ ရောက်နေမှန်းမသိဘူး။ အဲလိုကူးရင်း ကူးရင်း နဲ့ မေက ပြောတယ် သူလိုက်မကူးနိုင်တော့ဘူးတဲ့။ သူ့ကို လွှတ်လိုက်ပါတော့တဲ့။ အစကတော့ ကျွန်တော်လဲ မလွတ်ဘူးဆိုပြီး အတွင်းဆွဲပြီး ကူးသေးတယ်။ ဒါပေမယ့် သူဆက်မကူးနိုင်တော့ ရေထဲမှာ တရွှတ်တိုက်လိုက်သလို ဖြစ်နေတယ်။ အဲဒါကြောင့် မတတ်နိုင်တဲ့အဆုံး အမေ့ကို လက်လွတ်လိုက်ရတယ်။

အမေ့လက်ကို ကျွန်တော့်လက်ကနေ လျှော့ချပြီး ဖြေးဖြေးချင်းကျွန်တော့်လက်ကနေ လွတ်လိုက်ရတယ်။ ကျွန်တော် မေ့ကို လက်ကနေ ဖြေးဖြေးချင်း လွှတ်လိုက်ရတာကို အခုအထိ မေ့လို့မရဘူးဗျာ။

ဆိုပြီး သူစကားစကို ဖြတ်လိုက်သည်။ ထို့နောက် မျက်နှာတွင်စီးကျနေသော မျှက်ရည်များကို သုတ်လိုက်သည်။ ထို့နောက် ပြာမလော့မြစ် ဘက်ဆီသို့ ငေးကြည့်ရင်း

ခဏလောက်ကြာတော့ အဖေက မေးတယ် မင့်အမေရောတဲ့။ မကူးနိုင်လို့ လက်လွှတ်လိုက်ရပြီ အဖေလို့ ပြောတော့၊ မင့်အမေမပါရင် ငါလဲ မလိုက်တော့ဘူးကွာ ငါ့လက်ကိုလွှတ်တဲ့။ အဖေနဲ့ အမေက ဆယ်နှစ်ကွာတယ်။ ဒါပေမယ့် သူတို့က ငယ်ချစ်တွေဆိုတော့ အရမ်းချစ်ကြတယ်လေ။ ကျွန်တော်က ပြောတယ်။ တောင်းပန်ပါတယ် အဖေရယ် အမေ့ကိုလဲ လက်လွှတ်ခဲ့ရပြီးပြီး အဖေကိုတော့ ကျွန်တော်လက် မလွှတ်ပါရစေနဲ့လို့ တောင်းပန်တယ်။ ကျွန်တော် တောင်းပန်ပေမယ့် မင့်မေမပါရင်တော့ ငါမလိုက်ဘူးဆိုပြီး ကျွန်တော့်လက်ကနေ အတင်းရုန်းပြီးထွက်သွားတယ်။

ခဏလောက်ကြတော့ ကျွန်တော် သစ်ကိုင်းတစ်ကိုင်းကို စမ်းမိတယ်။ အဲဒီစမ်းမိတဲ့ သစ်ကိုင်းကိုတွယ်ပြီး သစ်ပင်ပေါ်ကို တက်ခဲ့ရတယ်။ အဲလိုနဲ့ ကျွန်တော် အသက်ရှင်လာတာ။ တကယ်လို့များသာ အမေ့ကို နည်းနည်းလေးလောက် တွဲပြီးကူးနိုင်ခဲ့ရင် အမေရော ဖေရော သေမှာ မဟုတ်ဘူး။

လေမုန်တိုင်းတိုက်တဲ့နေ့က ကျွန်တော်တို့ မိသားစုက ဆားကွင်းထဲမှာ။ အလုပ်သမားတွေပါ အားလုံးပေါင်းရင် လူနှစ်ရာကျော်လောက်ရှိတယ်။ ပထမတော့ အိမ်မပြိုလောက်ဘူးဆိုပြီးတော့ ဆားကွင်းထဲက အိမ်ပေါ်မှာ စုပြီးတက်နေကြတယ်။ နောက်တော့ အိမ်ပြိုသွားတယ်။ အိမ်ပြိုပြီဆိုတော့ အိမ်ပေါ်မှာနေတဲ့ လူတွေအားလုံးက ရေထဲကိုမျှောတော့တာပဲ။ ကံဆိုးချင်တာက အိမ်ပြိုတဲ့အချိန်မှာ မှောင်နေပြီ။ လေကတိုက် မိုးကရွာဆိုတော့ ဘာကိုမှ မမြင်ရတော့ဘူး။ လေအရှိန် လှိုင်းအရှိန်ကြောင့် အဲဒီအချိန်မှာ ရေကူးလို့လဲမရတော့ဘူး မျှောချင်ရာမျှောတော့ ကံကြမ္မာအတိုင်းပဲဆိုပြီး သတိထားပြီး ကူးနေရတယ်။

ရေကူးပြီးတစ်နာရီလောက်အကြာမှာ လျှပ်စီးလက်တယ်။ ကံကောင်းတယ်ပဲ ပြောရမလားမသိဘူး လျှပ်လက်တဲ့အချိန်မှာ ထွက်လာတဲ့ အလင်းရောင်ကြောင့် ကျွန်တော်ဟာ သစ်ပင်တစ်ပင်အောက်မှာ ရောက်နေတယ်ဆိုတာ မြင်လိုက်ရတယ်။ အဲဒါကြောင့် မြင်လိုက်ရတဲ့ သစ်ကိုင်းကို လှမ်းဖမ်းဆွဲထားလိုက်တယ်။ အားကကုန်နေတော့ သစ်ကိုင်းကိုခိုပြီး ရုတ်တရက်သစ်ပင်ပေါ် မတက်နိုင်သေးဘူး။

ခဏလောက်အားယူပြီးတော့ ကျွန်တော်သစ်ကိုင်းပေါ်ကို ခိုတက်တယ်။ အဲလိုတက်နေတုန်းမှာ လူတစ်ယောက်က ကျွန်တော့်ခြေထောက် ဆွဲပြီး လာခိုနေတယ်။ ကျွန်တော်က သစ်ကိုင်းကို မှီပြီး ရေထဲကို မမြှောအောင်နေသလို သူက ကျွန်တော့်ခြေထောက်ကို မှီပြီး ရေထဲကို မမျှောအောင်နေတယ်။

ဒါပေမယ့် သူကျွန်တော့်ခြေထောက်ကို ဆွဲထားတာကြောင့် ကျွန်တော်သစ်ပင်ကို တက်လို့ မရနိုင်ဘူး။နောက်ဆုံးတော့ မထူးပါဘူးဆိုပြီး သူ့ရဲခေါင်းကို ခြေထောက်နဲ့ ဆောင့်ကန်ချလိုက်တယ်။ အဲလိုလဲ ဆောင့်ကန်ချလိုက်ရော အသံထွက်ပြီး အဲဒီလူ ရေထဲကို မျှောသွားတယ်။ သူ့အသံထွက်လာမှ သိလိုက်တယ်၊ ကျွန်တော်ကန်ချလိုက်တဲ့ လူက ကျွန်တော့်ညီဖြစ်နေတယ်။ မှောင်မှောင်နဲ့ မဲမဲဆိုတော့ ဘာမှ မမြင်လိုက်ရဘူး။

အဲဒီမှာ ကျွန်တော်ဇဝေ ဇ၀ါ ဖြစ်သွားတယ်။ ကျွန်တော်သစ်ပင်ကို မတက်တော့ပဲ ကျွန်တော့်ညီနောက် လိုက်ရင်ကောင်းမလား။ သစ်ပင်ပေါ်တက်နေတာပဲ ကောင်းမလားပေါ့။ ဒါပေမယ့် မှောင်မှောင်မဲ လှိုင်းလေတွေကြားထဲမှာ ကျွန်တော့်ညီနောက်ကို လိုက်နေလို့လဲ တွေ့နိုင်တော့မှာမှ မဟုတ်ပဲလေ။ အဲဒါကြောင့် စိတ်မကောင်းစွာနဲ့ပဲ သစ်ကိုင်းလေးကို ခိုပြီး သစ်ပင်ပေါ် တက်နေလိုက်ရတယ်။

နောက်ဆုံးတော့ဗျာ ကျွန်တော် အသံကို နားကြားမှားတာ ဖြစ်မှာပါ လို့ပဲ ကိုယ့်စိတ်ကို ဖြေလိုက်ရတော့တယ်။


* * * * *

ကျွန်တော့်သူငယ်ချင်း တစ်ယောက်နှင့်တွေ့သော ထိုအဖြစ်အပျက်များကို ပြန်ပြောပြဖြစ်သည်။

အဲလူဗျာ သူအနောက်မှာ လူတွေတန်းစီးနေတာကို ဖြုတ်ချလိုက်တဲ့ ဟာကို အားရပါးရ ပြောနေလိုက်တာ။ သူမို့လို့သာ ဖြုတ်ချရက်တယ်။ အဲဒီလူတွေလဲ အသက်နဲ့ပါလားဆိုတာ မစဉ်းစားမိဘူးလား။

ဟိုလူကရော သူ့အမေကို ဘာပဲဖြစ်ဖြစ် တွဲခေါ်သင့်တာပေါ့။ ကျွန်တော်သာ သူ့နေရာမှုာဆိုရင် ကျွန်တော်သေချင်သေ အမေနဲ့ အဖေကို ပလပ်စတတ်ပုံးပေါ်တင်ပေးလိုက်မယ်။

ကိုယ့်ခြေထောက်ကို အားကိုးတကြီးလာခိုနေတဲ့လူဗျာ။ ကိုယ်လဲ ရေထဲနှစ်သွားမှာမဟုတ်ပဲနဲ့ ခိုချင်ခိုပါစေ ကျွန်တော်တာဆိုရင်တောင့်ခံထားမယ်။

ဒီလူတွေ တော်တော်ကို ကိုယ်ချင်းစာတရားမရှိတဲ့လူတွေပဲဟု ကျွန်တော်က ပြောလိုက်သည်။ ထိုအခါ ကျွန်တော့်သူငယ်ချင်းက

အဲလိုတော့ ပြောလို့မရဘူးဗျ။ အဲလိုမှ မလုပ်ရင် သူတို့ပါသေမှာလေ။ ဟု ကျွန်တော့် မိတ်ဆွေက ပြန်ပြောသည်။

ကျွန်တော်ကတော့ ခေါင်းကို သွင်သွင်ခါပြီး ရမ်းပြသည်။ ဒါက မဖြစ်သင့်သည့် ကိစ္စဖြစ်သည်။ ကျွန်တော်သာ သူတို့နေရမှာသာဆိုရင်တော့ သေချာတယ် ဘာပဲဖြစ်ဖြစ် အဲလိုမျိုး ခြေထောက်နှင့် ကန်ချလိုက်တာမျိုး၊ ခါးတောင်းကျိုက် ဖြည်ချလိုက်သမျိုး ရက်ရက်စက်စက် လုပ်မှာ မဟုတ်ဘူး။ ဒုက္ခရောက်လာသူအချင်းချင်း ကိုယ်လည်းသေမှ သေရော တတ်နိုင်သလောက် ကူညီလိုက်မည်။

အဲဒီတော့ ကျွန်တော့်မိတ်ဆွေက ပြန်ပြောသည်။ ခင်ဗျားက တကယ်မှ မကြုံသေးတာကိုးဗျတဲ့။ တကယ်ကြုံရင် ခင်ဗျား စိတ်ကူးထားသလိုမျိုး ကိုယ်လည်းသေချင်သေဆိုပြီး သူတို့ကို ကူညီနိုင်ပါ့မလား။

ကူညီနိုင်တာ သေချာတာပေါ့ဗျာ။ ဟုဆိုပြီး သူနှင့်ကျွန်တော်လမ်းခွဲခဲ့ကြသည်။

* * * * *

ကျွန်တော်တို့ ငယ်ငယ်လေးကတည်းက ကြားဖူးသော ပုံပြင်ရှိသည်။ ကမ္ဘာတစ်ခုမှ ကမ္ဘာတစ်ခုသို့ အပြောင်းအလဲ လုပ်ပါက ကမ္ဘာကြီးတစ်ခုလုံးတွင် မီးလောင်သည်၊ ထို့နောက် မိုးရွာပြီး ရေတွေကြီးကာ ကမ္ဘာကြီးကို ဆေးကျောပစ်သည်ဟုဆိုသည်။

ထိုသို့ကမ္ဘာကြီး ပြောင်းရန်အတွက် မီးလောင်သည့်အခါတွင် ကမ္ဘာမြေသည် ခြေထောက်များ မချနိုင်အောင်ပင် ပူသည်ဟုဆိုသည်။ ထိုအခါတွင် မိမိရင်ခွင်အတွင်းတွင် ချီထားသော သားကို မြေသို့ ချကာနင်းကြရသည်ဟုဆိုသည်။ ထိုမှ ကမ္ဘာမီးလောင် သားတောင်ချနင်း ဆိုသည့် စကားပုံ ဖြစ်လာသည်။

* * * * *

ကမ္ဘာမီးလောင်သည့်အခါ ကိုယ့်ခြေထောက် ရပ်နိုင်ရေးအတွက် ကိုယ့်ရင်ခွင်ထဲက သားကိုတောင် မြေပေါ်မှာ ချနင်းရသည်ဆိုသည်ဟု ဆိုသည်။

ညအိပ်တော့ နေ့ခင်းဘက်က သူငယ်ချင်းနှင့် ကျွန်တော် ငြင်းခုန်ခဲ့သည့် ကိစ္စကို ပြန်စဉ်းစားမိသည်။ ပြန်စဉ်းစားကြည့်ရင်း တကယ်လို့များသာ ငါသာ အဲလိုဖြစ်ရပ်မျိုးကြုံလာခဲ့ရင် ကိုယ့်အသက်ကို ဂရုမစိုက်ပဲ ဘ၀တူတွေကို ကယ်တင်မလား။ ဒါမှမဟုတ် သူတို့အသက်ကို ဂရုမစိုက်ပဲ ကိုယ့်အသက်ကိုပဲ ရှင်အောင်ကြိုးစားမှာလား။

ကျွန်တော်စဉ်းစားရင်း အိပ်ပျော်သွာခဲ့သည်။

Read More...

Wednesday, January 16, 2008

ချိန်ကိုက်ဗုံးခြောက်လုံးနှင့် အချုပ်ခန်းထဲက နံနက်စာ


၂၀၀၆ ခုနှစ် နှစ်ဦးပိုင်းကာလက ဖြစ်သည် . . . .

ခပ်ဝေးဝေးမှ ပေါက်ကွဲသံလိုလို အသံကြောင့် ကျွန်တော် အိမ်နေရာမှ လန့်နိုးလာသည်။ နာရီကို ကြည့်လိုက်တော့ ညနှစ်နာရီ ကျော်နေပြီ။

ထုံးစံ အတိုင်းဆို ကျွန်တော့်မှာ အစောကြီး အိပ်တတ်သည့် အကျင့်မရှိပါ။ ပုံမှန်အားဖြင့် ညနှစ်နာရီ ကျော်မှသာ အိပ်ဖြစ်သည်။ ရုံးပိတ်သော စနေလို ညမျိုးဆိုလျှင် နေထွက်လောက်မှ အိပ်ဖြစ်သည်။ ထိုသို့ ညပိုင်း အအိပ်နည်းသော ကျွန်တော်သည် ထိုနေ့က ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ခဏလဲ ခိုက် အိပ်ပျော်သွားခဲ့ ခြင်းဖြစ်သည်။

ကျွန်တော် အိပ်ရာမှ လူလဲထက ၀ရံတာကို ထွက်ကြည့်လိုက်တော့ ကျီးကန်း အော်သံ ဆူဆူ ကြားရသည်။ ထို့ကြောင့် မအိပ်သေးသော သူငယ်ချင်းများကို ဘာဖြစ်တာလဲဟု ကျွန်တော် လိုက်မေးကြည့် သေးသည်။ သူတို့က မသိကြ။ ပေါက်ကွဲသံလိုလို အသံတစ်သံ မကြားမိဘူးလားဟု ကျွန်တော်က မေးတော့လည်း သူတို့က မကြားမိကြပြန်ဘူး။ ထို့ကြောင့် ကျွန်တော် ပြန်အိမ်မည်ဟု စီစဉ်နေတုန်း နောက်ထပ် ပေါက်ကွဲသံ တစ်သံကို ထပ်ကြားရပြန်သည်။

သေချာပြီ တစ်နေရာရာမှာတော့ ဗုံးပေါက်ပြီ။ ယခု တစ်ဖန်ကြားရသော အသံသည် ကျွန်တော်တို့ သိပ်ဝေးပုံ မပေါ်။ ထို့ကြောင့် ကျွန်တော် ကင်မရာကို ယူကာ အောက်သို့ ဆင်းလာခဲ့သည်။

မဟာဗန္ဒုလ လမ်းပေါ်ရောက်တော့ လမ်းထိပ် ဆိုက္ကားဂိတ်က လူတစ်ချို့က ပုစွန်တောင် ဘက်ကို လှမ်းကြည့် နေကြသည်။ ကျွန်တော် မေးကြည့်တော့ ဗုံးပေါက်တာ ထင်တယ်ဆိုရုံကလွဲ ပြီး သေသေချာချာ မသိကြ။ ကုန်သည် လမ်းဘက်ကို ကျွန်တော် လှမ်းမျှော် ကြည့်ပြန်တော့ အဲဒီ ဘက်က လူစုကလည်း ပုစွန်တောင်ဘက်ကို လှမ်းမျှော် ကြည့်နေကြသည်။ ထို့ကြောင့် ကျွန်တော် ကုန်သည်လမ်းဘက် ဆီသို့ ဆင်းလာခဲ့သည်။

ကုန်သည်လမ်း ရောက်တော့ ဗိုလ်အောင်ကျော် လမ်းဆီမှ လူတစ်ယောက်က ကျွန်တော်တို့ ဘက်ကို လာနေသည်။ သူ့လက်ထဲတွင်လည်း ကျီးကန်း အသေတစ်ကောင်ကို ကိုင်ထားသည်။ ဗုံးဘယ်နားမှာ ကွဲတာလဲလို့ အဲလူကို မေးတော့ ဗိုလ်အောင်ကျော်နဲ့ ကုန်သည် လမ်းဒေါင့်မှာတဲ့။

ကျွန်တော် ကုန်သည်လမ်းနှင့် ဗိုလ်အောင်ကျော်လမ်း ဒေါင့်ကို ရောက်တော့ လူတစ်ယောက် ဓာတ်မီးတစ်လက်နဲ့ ရပ်နေသည်။ သူက ဗုံးကွဲသည့် နေရာကိုလည်း ကြည့်ချင် သေးသည် ကြည့်ကလည်း မကြည့်ရဲ ဖြစ်နေသည်။ ကျွန်တော်က သူ့ဆီက ဓာတ်မီးငှားပြီး သွားကြည့်တော့ ထို လမ်းဒေါင့်ရှိ လျှပ်စစ် ဗရိတ်ကာ ပုံးကြီးကို ဗုံးကွဲထားသည်ကို တွေ့ရသည်။ ဗုံးရမ်းအား ပျော့ရွေ့လား မသိ သိပ်ကြီးကြီးမှား အပျက်အစီး မရှိပေ။ သို့ပေမယ့် ထိုဘရိတ်ကာ ပုံအပေါ်ရှိ အပင်ပေါ်မှ ကျီးကန်းများ ကတော့ ဆူဆူညံညံ ဖြစ်နေကြသည်။ ကျွန်တော်လည်း ဓာတ်ပုံ နှစ်ပုံသုံးပုံ ရိုက်ကာ ရုံးသို့ ပြန်လာခဲ့သည်။

ကျွန်တော် ပြန်ရောက်တော့ သူငယ်ချင်းတွေက ကျွန်တော်ရိုက်ခဲ့သော ဗုံးကွဲသည့် ပုံများကို ပြန်ကြည့်ကြသည်။ ကင်မရာ LCD တွင်ကြည့်တာ အားမရကြတာ ကြောင့် ကွန်ပျူတာအတွင်း ထည့်ကာ ကြည့်ရန် ပြင်ကြသည်။ ထိုသို့ ပုံများ ကွန်ပျူတာ အတွင်းသို့ ထည့်ရန် ပြန်နေတုန်း နောက်ထပ် ပေါက်ကွဲသံ နှစ်ချက်ကို ထပ်ကြားရသည်။

ထို့ကြောင့် ကျွန်တော် ကင်မရာကို ပြန်ယူကာ အောက်သို့ ပြန်ဆင်းလာခဲ့သည်။ ကျွန်တော် ဆင်းသာ ဆင်းလာရသည် ပထမအသံ ကြားတုန်းကကဲ့သို့ပင် မည်သည့်နေရာတွင် ကွဲသည်ကိုကား ခန့်မှန်း၍ မရ။ ထုံးအစံအတိုင်း အထက်အောက် ကြည့်လိုက်တော့ လူတွေက ကုန်သည် လမ်းထပ်မှာပဲ စုနေပြီး ဗိုလ်အောင်ကျော်လမ်း ဘက်ကိုပဲ ကြည့်နေကြသည်။ ထို့ကြောင့် ကျွန်တော် ပထမဗုံးကွဲသည့် နေရာသို့ပင် ဆက်လာခဲ့သည်။

ကျွန်တော် စောစောက ဓာတ်ပုံရိုက်သွားသည့် နေရာရောက်တော့ ရဲတွေနှင့် တခြား ဓာတ်ပုံ သမားတွေ ရောက်နေကြပြီ။ ထို့ကြောင့် ကျွန်တော်လည်း အခြား ဓာတ်ပုံ သမားများနှင့် အတူ ပထမ ကျွန်တော် ရိုက်ခဲ့ပြီးသား နေရာကို ပင်ထပ်ကာ ရိုက်လိုက်သေးသည်။

ယခု ဗုံးကွဲခြင်းသည် စုစု ပေါင်းငါးလုံး ရှိသွားပြီ ဖြစ်ပြီး တစ်လုံးကိုတော့ လမ်းမတော် ဘက်တွင် မကွဲမှီ တွေ့ရှိလိုက်ကာ ဗိုလ်အောင် ကျော်လမ်းထဲတွင်ပင် နှစ်နေရာ ကွဲသည်ဟု ရဲများ၏ ပြောစကား အရသိရသည်။ သို့ပေမယ့် ဗိုလ်အောင်ကျော် လမ်းထဲက နောက်တစ်နေရာ ဘယ်နားမှာကွဲမှန်း ရှ၍မရသေး။ ထိုအချိန်တွင် စာတိုက်ကြီးဘက်မှ လူတစ်ဦး ရောက်လာပြီး ဗုံးကွဲသည့် နောက်တစ်နေရာကို လိုက်ပြသည်။ ဗုံးကွဲသည့် နေရာမှာ Silver Oak အနီးရှိ ဆက်သွယ်ရေး ရုံးအရှေ့တွင် ဖြစ်သည်။ ပထမ နေရာနှင့် ဒုတိယနေရာ လွန်လွန်းကျွန်လွန်း ပေနှစ်ရာခန့်သာ ကွာမည် ထင်သည်။

ထိုနေရာတွင် ကျွန်တော်တို့ ဓာတ်ပုံ ရိုက်နေခိုက် တိုင်းမှုးနှင့် ရဲချုပ်ရုံးမှ ရဲအရာ ရှိများ ရောက်လာကြသည်။ သူတို့ ပြောနေသော စကားသံများအရ အခြားလေးနေရမှာ လမ်းလေးဆယ် ဗိုလ်ချုပ်လမ်းထိပ်၊ ဆူးလေ အနော်ရထာထိပ် ရထားသံလမ်း နဲ့ လမ်းမတော် မြို့နယ်အတွင်း တို့မှာ ဖြစ်ကြောင်း ကျွန်တော် သိလိုက်သည်။ ထို့ကြောင့် ကျန်နေရာများကိုလည်း သွားရိုက်ရန် ကျွန်တော် လှည့်ထွက်လာခဲ့သည်။

လမ်းလေးဆယ်နှင့် ဗိုလ်ချုပ်လမ်းထိပ် ရောက်တော့ ထရန်စဖော်မာကို ဗုံးခွဲထားသည်ကို တွေ့ရသည်။ ဗုံးအားသေးသောကြောင့် ထရန်စေဖော်မာကို ထိခိုက်မှု မရှိသော်လည်း ကာရံထားသည့် အုတ်ထရံများ ကျိုးပဲ့နေသည်ကို တွေ့ရသည်။ ကျွန်တော်လည်း ထိုနေရာတွင် ဓာတ်ပုံ နှစ်ပုံ သုံးပုံခန့် ထပ်ရိုက်လိုက်သည်။ ထိုသို့ ရိုက်နေတုန်း AFP မှ ဓာတ်ပုံဆရာ ရောက်လာသည်။ နောက်ထပ်ကွဲ သည့်နေရာ ရွှေမြင်းပျံ စတိုးအရှေ့ (ဂျပန် သတင်းထောက် သေသွားသည့် နေရာနှင့် မျက်နှာချင်းဆိုင်) မှာကွဲခြင်း ဖြစ်ပြီး သူကတော့ ရိုက်ခဲ့ပြီ ဖြစ်ကြောင်း ပြောသည်။ ထို့ကြောင့် ထိုနေရာတွင် ရိုက်ရန် ဆက်လက်ထွက်ခဲ့သည်။

ကျွန်တော်လည်း ဒီတိုင်းသွားရမှာ ခြေညှောင်းသောကြောင့် ဆိုက္ကားငှားပြီး ထွက်လာခဲ့သည်။ ရွှေမြင်းပျံ စတိုးအရှေ့ကို ရောက်တော့ အစောင့်ချထားသော ရဲနှစ်ယောက်ကို တွေ့ရသည်။ ကျွန်တော်က ထိုရဲ နှစ်ယောက် ကို ဗုံးကွဲသည့် နေရာအား မေးကာ ဓာတ်ပုံ နှစ်ချက်ရိုက်လိုက်သည်။

ထိုအခါ ရဲနှစ်ယောက်က ဘာဖြစ်လို့ ဓာတ်ပုံရိုက်တာလဲဟု မေးသည်။ ကျွန်တော် ဂျာနယ်တိုက်က ဖြစ်ကြောင်းပြောသည်။ သူတို့က ဂျာနယ်တိုက် အမည် မေးသည်။ ကျွန်တော်က ဂျာနယ်တိုက် အမည်ပြောကာ ပြန်မည် လုပ်နေတုန်း ဘာဖြစ်တာလဲ ဘာဖြစ်တာလဲဟု ဆိုက ဝေါ်ကီ တော်ကီ ကိုင်ထားသော သုံးပွင့်နှင့် စစ်ဗိုလ် တစ်ဦး ရောက်လာသည်။

ရဲများက ဓာတ်ပုံ ရိုက်သွားကြောင်း ပြောတော့ ထိုသုံးပွင့်နှင့် စစ်ဗိုလ်က ပုံများကို ဖျက်ပစ်ခဲ့ဖို့ ကျွန်တော့်ကိုပြောသည်။ စောစောက တိုင်းမှုး အရှေ့တွင် ရိုက်တာတောင် ဘာမှ မပြောသည့်ဟာကို သူကလာပြီး ဖျက်ဖို့ ပြောနေတော့ ကျွန်တော်လဲ မဖျက်နိုင်ဘူးဟု ပြောလိုက်သည်။ ဖျက်ပြီးသား ပုံများကို Recovery ဆော့ဝဲနှင့် ပြန်ခေါ်လျှင် ရသည်ကိုလည်း ထိုစဉ်က မသိသေးပါ။ ထို့ကြောင့် ခဲရာခဲဆစ် ရိုက်ထားသည့် ပုံများကို ကျွန်တော် ဘယ်နည်းနှင့်မျှ ဖျက်မပေးနိုင်ပါ။

ထိုအခါ သုံးပွင့်နှင့် ပုဂ္ဂိုလ်က မဖျက်ပေးနိုင်လျှင် ကင်မရာ ထားခဲ့ရမည်ဟု ပြောသည်။ ကျွန်တော်လည်း သူ့ကို ကင်မရာပေးလိုက်သည်။ ထို့နောက် ကျွန်တော်က ထိုပုဂ္ဂိုလ် နာမည်နှင့် တာဝန် ဌာနတို့ကို ပြန်မေးသည်။ ကျွန်တော် မေးသည့် ရည်ရွယ်ချက်မှာ အခြားတော့ မဟုတ် နောက်တစ်နေ့ ကင်မရာ ပြန်ရွေးရန်အတွက် ကိုယ့်ကင်မရာကို မည်သူက သိမ်းသွားသည်ကို သိရန်ဖြစ်သည်။

ကျွန်တော်လည်း ကင်မရာကို စစ်ဗိုလ်လက်ထဲသို့ ထည့်ကာ ပြန်ထွက်ရန် အတွက် ဆိုက္ကားပေါ်သို့ တက်ခဲ့သည်။ ဆိုက္ကား ထွက်မည်ပြုစဉ် ခဏလာဦးဟု ဆိုကာ စောစောက စစ်ဗိုလ်က ပြန်ခေါ်သည်။ ကျွန်တော်လည်း ဆိုက္ကားပေါ်က ဆင်းသွားတော့ သူနဲ့ခဏ လိုက်သွားလိုက် ဆိုကာ ရဲတပ်ကြပ်ကြီး တစ်ဦးနှင့် ကျွန်တော့်ကို ထည့်ပေးလိုက်သည်။

ရဲတပ်ကြပ်ကြီးက ကျွန်တော့်ကို ကျောက်တံတား ရဲစခန်းသို့ ခေါ်သွားသည်။ ကျွန်တော်လည်း ရဲစခန်းရောက်မှ ရုံးကို ဖုန်းလှမ်းဆက်ရင် ရုံးက လိုက်ရှင်းလိမ့်မည် ဟုတွေးကာ အေးအေး ဆေးဆေးပင် လိုက်ခဲ့သည်။ ရဲစခန်းရောက်တော့ နာမည် အသက် နေရပ် အလုပ်အကိုင်တို့ကို မေးကာ စာအုပ်ကြီးထဲတွင် ရေးထည့်နေသည်။ ထိုသို့ ကျွန်တော့်ကို ထိုင်ခုံတွင် ထိုင်ခိုင်းထားသည်။ ကျွန်တော်က ရုံးကို ဖုံးခေါ်ပေးရန် ပြောသောအခါ ခေါ်ပေးခြင်းမရှိ။ စစ်ဒေသမှ အပ်ထားခြင်း ဖြစ်သောကြောင့် သူတို့ခေါ်ဆိုခွင့် ပေးနိုင်းခြင်း မရှိဟုဆိုသည်။

ခဏလောက် ကြာတော့ လူကြီးတွေ လာမည်ဖြစ်ကြောင့် ကျွန်တော့်ကို ခုံတန်းမှာ မထိုင်ပဲ အတွင်းခန်းတွင် ထိုင်ရန် ပြောသည်။ ထို့ကြောင့် ကျွန်တော် အတွင်းခန်းသို့ ၀င်ခဲ့ရသည်။ ကျွန်တော် အတွင်းခန်းထဲသို့ ရောက်သည်နှင့် အပြင်က တံခါးကို သော့ခတ် လိုက်ကြသည်။ ကျွန်တော်လဲ ခတ်ပစေ ဆိုပြီး အသာ ကြည့်နေ လိုက်သည်။ အတွင်းခန်းဆိုသည်မှာ တာဝန်မှုးအခန်းနှင့် အချုပ်ခန်းကြားရှိ အခန်းလေး တစ်ခန်း ဖြစ်သည်။ ကျွန်တော်နှင့် အချုပ်ခန်းနေရာသည် ဆယ်ပေခန့်သာ ဝေးတော့မည် ထင်သည်။ ထို့ကြောင့် အချုပ်ခန်းအတွင်းမှ အချုပ်သားများကို လှမ်းမြင်နေရသည်။

ထိုကဲ့သို့ အချုပ်သားများထဲတွင် ကျွန်တော်နှင့် သိသော အရာရှိကြီး တစ်ယောက်လည်း ကိုလည်း တွေ့ရသည်။ ထိုအရာရှိကြီးသည် လုပ်ငန်းအတွင်း ငွေကြေးကွာဟ သဖြင့် ကျောက်တံတား ရဲစခန်းတွင် ဖမ်းခံထားရသည်ကို ကျွန်တော် ယခင်ကတည်းပင် ကြားပြီးသားဖြစ်သည်။ ထိုအရာရှိကြီး ဘေးတွင် တရုပ်တစ်ယောက်က စာအုပ်တစ်အုပ်ကို သဲကြီးမဲကြီးဖတ်နေသည်။

အချုပ်ခန်း၏ အပြင်ဘက်၌ ဆယ်နှစ် ၀န်းကျင်ခန့်ရှိ ကောင်လေး နှစ်ယောက်ကို တွေ့ရသည်။ ကောင်လေး နှစ်ယောက်ကို ကြည့်ရသည်မှာ တစ်ခုခုကို အလစ်သုတ်၍ ချုပ်ထားဟန် တူသည်။ ခဏလောက် ကြာတော့ ထိုကောင်လေး နှစ်ယောက်သည် အချုပ်သားများ ပေးသော ဆေးပေါ့လိပ်ကို တစ်ယောက်တစ်လှည့်စီ ဟန်ပါပါ သောက်နေကြသည်။

ကျွန်တော် စိတ်ထဲတွင် ထင်ထားသည်က ကျွန်တော့်ကို အတွင်းခန်းထဲတွင် ခဏထည့်ထားခြင်း သာဖြစ်သည်ဟု ထင်ထားသည်။ သူတို့လူကြီး ဆိုသူတွေ လာပြီးသွားပါက ကျွန်တော့်ကို အပြင်သို့ ပြန်ထုတ် ပေးလိမ့်မည်ဟု ထင်ထားသည်။ ထို့ကြောင့် သူတို့ လူကြီးဆိုသူများ အလာကို ကျွန်တော် စောင့်ကြည့်နေသည်။ ကျွန်တော် စောင့်ရင်း စောင့်ရင်းဖြင့် တစ်နာရီခန့်သာ ကြာသွားသည် သူတို့ လူကြီးဆိုသူလဲ ကျွန်တော့်ကိုလည်း အပြင်သို့ ထုတ်မပေးပဲ ထားသည်။

ထိုအခါ ကျွန်တော်ကို အပြင်ထုတ် ပေးဖို့ လှမ်းမြင်နေရသော ရဲတပ်ကြပ်ကြီးကို ပြောသည်။ ထုတ်ပေးလို့ မရဘူး မင်းကို စစ်ဒေသက အပ်ထားတာ။ ခဏနေရင် အချုပ်ခန်းထဲကို ထည့်မယ် ဟု ရဲတပ်ကြပ်ကြီးက ပြန်ပြောသည်။ အဲဒီတော့ ကျွန်တော် သဘောပေါက်လိုက်သည်။ သေချာသည်ကတော့ ဒီည ကျွန်တော့်ကို ပြန်လွတ်ပေးဖို့ အစီစဉ်မရှိ။

ကိုယ့်ကို ချုပ်နှောင်လိုက်ပြီဟု သိရသည့်အခါတွင် စိတ်ထဲတွင် ကျဉ်းကျပ်လာသလို ခံစားလာရသည်။ ကျွန်တော် အချုပ်ခန်းအတွင်းက သံတိုင်ကြီးများကို ကြည့်ကာ စဉ်းစားနေမိသည်။ ကျွန်တော် တကယ်ပဲ အပြစ်ကျူးလွန် မိခဲ့သလား။ ကျွန်တော်ပဲ နိုင်ငံတကာ ဥပဒေတွေကို လက်လှမ်းမှ၍လား မသိ သာမန်နေရာ တစ်ခုမှာ ဗုံးကွဲတာကို ဓာတ်ပုံရိုက်ရင် ဖမ်းခံရတယ် ဆိုတာ နိုင်ငံတကာမှာတော့ ကျွန်တော်တစ်ကြိမ်မှ မကြားဖူးပါ။ မကြားဖူးပေမယ့် လောလောဆယ်တော့ အချုပ်ခန်း ၀ ကိုတော့ ကျွန်တော် ရောက်နေပြီ။

ကျွန်တော် အပြင်ကို ထွက်လို့ ရနိုင်တဲ့ နည်းလမ်းများကို စဉ်းစားကြည့်မိသည်။ ကျွန်တော်စဉ်းစား မိသော နည်းလမ်းများထဲက တစ်ခုမှာ ကျွန်တော့် ပတ်ဝန်းကျင်တွင် အိမ်သာကို မတွေ့ရ။ ထို့ကြောင့် ပေါ့စွန့်ခြင်းကို အကြောင်းပြလျှင်တော့ အိမ်သာတက်ဖို့ တခါးဖွင့်ပေး ပေလိမ့်မည်။ ထိုအခါ ကျွန်တော် အပြင်သို့ ထွက်ရမည်။ အပြင်သို့ ထွက်ရသည့် အချိန်သည် ငါးမိနစ်ပဲ ဖြစ်ဖြစ် ဆယ်မိနစ်ပဲ ဖြစ်ဖြစ် သော့ခတ်ထားသော အခန်းထဲတွင် ဒီတိုင်း ငုတ်တုပ်ကြီး ထိုင်နေရ တာထက်တော့ မွန်းကျပ်မှု သက်သာပေလိမ့်မည်။ ထို့ကြောင့် ကျွန်တော် အပေါ့စွန့် ချင်သည်ဟု လှမ်းအော်ပြောလိုက်သည်။

ထိုသို့လဲ ပြောလိုက်ရော ရဲတစ်ယောက် တံခါးဖွင့်ပြီး ၀င်လာသည်။ ကျွန်တော့် စိတ်ထဲမှာ အပြင်သို့ ထုတ်ပေးမည်ဟု ထင်ထားသော်လည်း သူက အမျိုးသမီး အချုပ်ခန်းအတွင်းသို့ ခေါ်သွားသည်။ ထိုအချိန်တွင် အမျိုးသမီး အချုပ်သားများ မရှိသောကြောင့် အချုပ်ခန်းက လွတ်နေသည်။ ကျွန်တော့်ကို ထိုအခန်းအတွင်းတွင် စွန့်ရန် ပြောသည်။ ထိုအခန်းသွင်းသို့ ခွေးတိုးပေါက်လို တံခါးလေးမှ ကုန်းပြီး ၀င်ရသည်။ အထဲရောက်ပြီး ကျွန်တော် အပေါ့စွန့်သည်။ ပြီးတော့ ပြန်ထွက်မလို့ ကြည့်လိုက်တော့ အပြင်က သော့ခတ်သွားသည်။ ပြန်ထွက်၍ကား မရတော့ပြီ။ ကျွန်တော် မှန်းချက်နှင့် နှမ်းထွက်လွဲသွားသည်။ အပြင်ထွက်ရမလားလို့ အပေါ့စွန့်ချင်သည် ဆိုလိုက်ခါမှ ပိုဆိုးသော အချုပ်ခန်း အတွင်းသို့ ရောက်သွားသည်။

ဒီတစ်ကြိမ်တွင်တော့ ကျွန်တော် တင်းသွားသည်။ ထို့ကြောင့် ကျွန်တော်ကို အပြင်ထုတ်ပေးဖို့ လှမ်းအော် ပြောလိုက်သည်။ ထိုအခါ ကျွန်တော့်ကို အမျိုးသမီး အချုပ်ခန်း အတွင်းမှ ထုတ်က စောစောက နေရာတွင် ပြန်ထားလိုက်သည်။ ညနေက အိပ်ထားသည့် အရှိန်ကြောင့်ပဲလား သို့တည်းမဟုတ် အချုပ်ထဲမှာ မို့လားမသိ ကျွန်တော် အိပ်၍မရပါ။ ထို့ကြောင့် ကျွန်တော် တစ်ချိန်လုံး ငုတ်တုပ် ထိုင်နေလိုက်သည်။

မနက်မိုးလင်း၍ အလင်းရောင်ကို မြင်ရပြီ။ အခု အချိန်ထိ ကျွန်တော်တို့ ရုံးက လိုက်မလာ ကြသေး။ နံနက် ခြောက်နာရီခန့် ရောက်သော အခါတွင် တရုပ်မလေး တစ်ယောက် ဂျိင့်လေးဆွဲကာ ရောက်လာသည်။ ထိုအခါ ယမနေ့ညက မြင်ရသော တရုပ်ကြီးကို အချုပ်ခန်း အတွင်းက ထုတ်ပေးပြီး ကျွန်တော့် ဘေးနားသို့ခေါ်လာသည်။ ထိုအခါ တရုပ်မလေးက ၀င်လာကာ ဂျိုင့်အတွင်းမှ မုန့်ဟင်းခါးများကို တရုပ်ကြီး အတွက် ပြင်ပေးသည်။ ကြည့်ရသည်မှာ ထိုတရုပ်မလေးသည် တရုပ်ကြီး၏ သမီး ဖြစ်ဟန်တူပြီး ကျွန်တော်နှင့် ရွယ်တူခန့်ရှိသည်။

ထိုတရုပ်ကြီး သားအဖကို မြင်တော့ ကျွန်တော် အကြံတစ်ခု ရသွားသည်။ တရုပ်ကြီးကို မုန့်ဟင်းခါး ကျွေးပြီးလျှင် သူ့သမီး သေချာပေါက် ပြန်လိမ့်မည်။ ထိုအခါတွင် ကျွန်တော့ရုံးကို ဖုန်းဆက်ပေးဖို့ အကူညီ တောင်းမည်ဟု စိတ်ကူးထားသည်။ ခဏကြတော့ တရုပ်ကြီး မုန့်ဟင်းခါး စားပြီးသွားပြီ။ တရုပ်မကလဲ ပြန်ဖို့ ပြင်နေပြီ။ ထို့ကြောင့် ကျွန်တော့က ရုံးကို ဖုန်းဆက်ပေးဖို့ တရုပ်မထံတွင် အကူညီတောင်သည်။ ကောင်မလေးက ဖုန်းနံပါတ်ကို မှတ်ဖို့ပြင်တုန်းပင် ရှိသေးသည် တရုပ်ကြီးက သူ့သမီးကို ဇွတ်အပြန် ခိုင်းလိုက်သည်။ သူ့ကို ကြည့်ရတာ သူ့သမီးကို ကျွန်တော် စကားပြောတာကို ပင်ကြိုက်ပုံမရ။ ထို့ကြောင့် ကျွန်တော်၏ ဖုန်းဆက်ခိုင်းဖို့ မျှော်လင့်ချက် ပျက်သွားသည်။ မည်သို့ ပင်ဖြစ်စေ ည၀တ်အိပ်သည့် အင်္ကျီအစုတ် ပုဆိုးအစုတ် ဆံပင် ဘုတ်သိုက် နှင့် ဘာအမှုနဲ့ ရောက်လာမှန်း မသိတဲ့ ကျွန်တော့်ကို အကူညီ မပေးစေလိုသည်က တော့ သဘာဝကျပါသည်။

ခဏလောက်ကြာတော့ ချုပ်ခံထားရသည့် အရာရှိကြီး၏ ဇနီးနှင့် သားရောက်လာသည်။ ထိုအခါ ပထမ တရုပ်ကြီး တုန်းက ကဲ့သို့ပင် အချုပ်ခန်းတွင်းမှ ထုတ်ကာ ကျွန်တော့်ဘေးသို့ ခေါ်လာသည်။ အရာရှိကြီးက ကျွန်တော့်ကို မြင်တော့ မေးသည်။ မင်းက ဘာဖြစ်လို့ ရောက်လာတာလဲတဲ့။ ကျွန်တော်က အကျိုးအကြောင်း ပြောပြတော့ အဲဒါဆိုရင်တော့ မပူပါနဲ့ ခဏနေ မင့်ရုံးက ရောက်လာရင် ပြန်လွတ်ပေးလိမ့်ဟု အားပေးစကား ပြောသည်။ ထိုအရာရှိနှင့် သူ့ဇနီးတို့ စကားပြောနေကြတုန်း ကျွန်တော် အိပ်ငိုက်သွားသည်။

“စစ်ဒေသက အပ်ထားတာမို့ ကျွန်တော်တို့ လွပ်ပေးလို့မရဘူး”

ကျွန်တော် အသံကြားလို့ ခေါင်းထောင် ကြည့်လိုက်တော့ ကျွန်တော်တို့ ရုံးက အယ်ဒီတာ ရောက်နေပြီ။ ကျွန်တော်တို့ အယ်ဒီတာနှင့် တာဝန်မှုးနှင့် စကားပြောနေကြသည်။ ပြီးနောက် အယ်ဒီတာက ကျွန်တော့်ဆီ ရောက်လာသည်
“မင်း မပူပါနဲ့ကွာ အကို စစ်ဒေသကို သွားလိုက်ဦးမယ် ခဏစောင့်ဦး” ပြောကာ ပြန်ထွက်သွားသည်။

၁၅ မိနစ်လောက် နေတော့ ကျွန်တော့် အယ်ဒီတာ ပြန်ရောက်လာသည်။ ထို့နောက် စစ်ဒေသမှုးက မရောက်သေးလို့ စောင့်ရဦးဖြစ်ကြောင့် ကျွန်တော့အတွက် နံနက်စာ ၀ယ်ကျွေးလို့ ရမလားဟု တာဝန်မှုးကို မေးသည်။ တာဝန်းမှုးက ကောင်းတာပေါ့ဗျာဟု ပြောသည်။

ထိုအခါ ကျွန်တော်တို့ အယ်ဒီတာက ကျောက်တံတား ရဲစခန်း အပြင်ဘက်ရှိ ဆိုင်မှ ထမင်းကြော်နှင့် ရေသန့်ဘူးတစ်ဘူး ၀ယ်ပြီးလာပေးသည်။ သူ စစ်ဒေသတွင် သွားစောင့်နေ ဦးမည်ဖြစ်ကြောင်း နှင့် အားမငယ် ဖို့ ပြောပြီး ပြန်ထွက်သွားသည်။

ကျွန်တော် ညကတည်း အိပ်ရာ ထနေခြင်းဖြစ်သောကြောင့် ဗိုက်ထဲမှာ ဆာသလိုလိုတော့ ရှိသည်။ သို့ပေမယ့် စားချင်စိတ် မရှိ။ ထိုအခါ ကျွန်တော့် ဘေးနားတွင် ထိုင်နေသော အချုပ်ကျနေသည့် အရာရှိကြီးက စားထားဖို့ ပြောသည်။ ကျွန်တော် အဲဒီမှာ သဘောပေါက်လိုက်သည်။ ကံမကောင်းလို့ ဒီနေ့ မနက် ပြန်မလွတ်ရင် ငတ်သွားလိမ့်မယ် စားစရာရှိတာတုန်း စားထားလိုက်ဟု တိုက်ရိုက် မပြောသော်လည်း ထိုအဓိပ္ပယ်ကို ဆိုလိုမှန်းတော့ ကျွန်တော် သဘောပေါက်သည်။ ထိုကြောင့် ထိုထမင်းကြော်ကို မစားချင်ပဲ တို့ဂဏန်း ဆိတ်ဂဏန်းဖြင့် စားနေရသည်။ တစ်ဝက်လောက် ကုန်သွားသောအခါ ကျွန်တော် လုံးဝ ဆက်စား၍ မရတော့ပေ။ ထို့ကြောင့် ထမင်းမစားတော့ပဲ ရေတစ်ငုံနှစ်ငုံလောက် သောက်ပြီး နေလိုက်သည်။

ကျွန်တော်တို့ အယ်ဒီတာ ထွက်သွားပြီး တစ်နာရီခန့် အကြာတွင် တာဝန်မှုးက ကျွန်တော့်ကို လာထုတ်သည်။ ထို့နောက် ရဲတစ်ယောက်ကို ခေါ်ကာ ကင်မရာကို ပေး၍ ကျွန်တော့်ကို မြို့တော်ခန်းမ အတွင်းရှိ စစ်ဒေသသို့ လိုက်ပို့ရန် ပြောသည်။

ကျွန်တော် စစ်ဒေသမှုး ရုံးခန်းကို ရောက်တော့ ကျွန်တော်တို့ အယ်ဒီတာ ရောက်နှင့်နေပြီ။ စစ်ဒေသမှုးကို ကြည့်လိုက်တော့ ကျွန်တော့်ကို မနေ့ညက ရဲလက်အပ်လိုက်သည့် သုံးပွင့်နှင့် ပုဂ္ဂိုလ်ဖြစ်နေသည်။ ကျွန်တော် သူ့စားပွဲ အရှေ့တွင် မှတ်တပ်ရပ်နေတော့ ထိုင်ဖို့ ပြောသည်။ ထို့နောက် ဗုံးကွဲသည့် နေရာမှာ ဓာတ်ပုံ ရိုက်ခွင့်ရှိသ လားဟု ကျွန်တော့်ကို မေးသည်။

“ကျွန်တော်က ရှိပါတယ်” ဟု ပြန်ဖြေလိုက်သည်။

“တွေ့တယ် မဟုတ်လား ခင်ဗျားတပည့်က၊ စကား ပြောတာ အချိုးမပြေဘူး။ မနေ့ညကလဲ ဒီပုံပဲ။ တော်ပြီး ကျွန်တော်သူ့ကို ရဲလက်ပဲ အပ်လိုက်တော့မယ်” ဟု ဆိုကာ ရဲစခန်းကို ဖုန်းခေါ်ပြီး စောစောက ကျွန်တော့်ကို လိုက်ပို့တဲ့ ရဲကို ပြန်ခေါ်သည်။

“မလုပ်ပါနဲ့၊ မလုပ်ပါနဲ့ ကျွန်တော့် ကလေးက ငယ်သေးတော့၊ စကားပြော မတတ်လို့ပါ ”
ထိုအခါတွင် ကျွန်တော်တို့ အယ်ဒီတာက ပျာပျာသလဲ တောင်းပန်သည်။ ပြီးနောက် စစ်ဒေသမှုးကို ပြန်တောင်းပန် ဖို့ ကျွန်တော်ကို ပြောသည်။

ထို့ကြောင့် ကျွန်တော်လည်း စစ်ဒေသမှုးကို တောင်းပန်လိုက်ရသည်။

“မင်းနားလည် အောင်ပြောထားမယ်။ မင့်ဆရာက လာတောင်းပန်လို့ မင့်ဆရာ မျက်နာနဲ့မို့ မင့်ကို ရဲစခန်းက ပြန်ခေါ်လိုက်တာ။
မင်းတို့က ဓာတ်ပုံရိုက်တယ်ဆိုရင် အလွယ်ပဲ ရိုက်လိုက်ကြတယ်။ တကယ်လို့ အဲဒီနေရာမှာ နောက်ထပ် တစ်လုံး ထပ်ကွဲရင် ဘယ်လို လုပ်မလဲ။ မင်းလဲ သေမယ် နိုင်ငံရေးအရလဲ သိက္ခကျတယ်။
အဲလို ပေါက်ကွဲမှု ဖြစ်တဲ့နေရာတွမှာ ဓာတ်ပုံကို စွတ်စွတ်ရိုက်ခွင့်မရှိဘူးကွ။ မင်းနိုင်ငံခြား ဇာတ်လမ်းတွေမှာ မမြင်ဖူးဘူးလား။ တစ်ခုခု ဖြစ်ပြီးဆိုတာနဲ့ အ၀ါရောင်စီးတွေ တားထားဖြစ် တားမြစ် ဧရိယာ လုပ်ထားတာ။ နောက်ကို ဘယ်တော့မှ မရိုက်ပါနဲ့။ ခံဝန်မှာ လက်မှတ်ထိုး”
ထို့နောက် ကျွန်တော် ခံဝန်တွင် လက်မှတ်ထိုး ကင်မရာထဲမှ ပုံများ ဖျက်ကာ ပေးပြီးနောက် ပြန်လွတ်ပေး လိုက်သည်။

ဘာပဲဖြစ်ဖြစ် ထိုနေ့ညက အဖြစ်အပျက် ကျွန်တော့်အတွက် အများကြီး အသိတရား ရသွားပါသည်။ ဗုံကွဲသွားပြီးသည့် နေရာတွင် နောက်ထပ်ဗုံး တစ်လုံး ထပ်ကွဲနိုင်သည် ဆိုတာကို ကျွန်တော် အရင်က မစဉ်းစားခဲ့မိပါ။ နောက်တစ်ချက်က ကျွန်တော်တို့သည် သတင်းထောက်များဖြစ်သည်။ ဓာတ်ပုံ ရိုက်ခြင်းသည် သတင်းအတွက် ရိုက်ခြင်းဖြစ်သည်။ အဖြစ်အပျက်ကြီး တစ်ခုလုံးကို မှတ်တမ်းတင်နေ ခြင်းမဟုတ်။ ယခု ကျွန်တော် အဖမ်းခံ ထိခြင်းမှာ အဖြစ်အပျက် တစ်ခုလုံး လိုက်ရိုက်နေ သောကြောင့်ဖြစ်သည်။ သတင်းတွင် ဓာတ်ပုံ ဖော်ပြသည့် အခါတွင်လည်း အဖြစ် အပျက် တစ်ခုလုံးက ပုံတွေ ဖော်ပြနိုင်မည် မဟုတ်။ သို့ဖြစ်သောကြောင့် သတင်းအတွက် ဖော်ပြရန် လုံလောက်သော ဓာတ်ပုံ တစ်ပုံ နှစ်ပုံကောင်းရသည် နှင့် ကိုယ့်ရဲ့ ဓာတ်ပုံ ရိုက်ကူးမှုကို အဆုံးသတ်ရမည်။

* * * *


နောက်တစ်ရက် ညနေရောက်တော့ ကျွန်တော် ဗြိတိသျှ ဘုရင်မကြီး မွေးနေ့ အထိမ်းမှတ် ညစာစားပွဲသို့ သွားရသည်။ ထိုညစာစားပွဲသည် အလံပြဘုရား လမ်းရှိ ဗြိတိသျှ သံအမတ်ကြီး နေအိမ်ဝင်း အတွင်းတွင် ပြုလုပ်ခြင်း ဖြစ်သည်။

ထို့နေ့ညက တိုက်ပုံအင်္ကျီ ပိုးပုဆိုးနှင့် စားသော ညစာနှင့် မနေ့မနက်က အင်္ကျီအစုတ် ပုဆိုးစုတ် ဆံပင်စုတ်ဆောင်းနှင့် အချုပ်ခန်းတွင်းက နံနက်စာက မည်သို့မျှ မဆိုင် ……………

သို့ရာတွင် ကျွန်တော် အသက်ကြီး၍ မေ့မေ့ပျောက်ပျောက် ဖြစ်သည့်အခါတွင် အခြားသော နေရာများတွင် စားသောက်ခဲ့သည့် ပုံရိပ်များကို မေ့ပျောက်ကောင်း မေ့ပျေက်ပါလိမ့်မည်။ အချုပ်ခန်း အတွင်းက နံနက်စာကိုတော့ မည်သည့်အခါတွင်မျှ မေ့ပျောက်၍ ရနိုင်မည်ကား မဟုတ်။

Read More...

Thursday, January 10, 2008

မှတ်မိသေးတဲ့ သတင်းထောက်ဘ၀က နေ့ရက်များ

လွန်ခဲ့တဲ့ တစ်ပတ် ကျော်လောက်က လေးနှစ်နီးပါး လုပ်ခဲ့သော သတင်းထောက် အလုပ်ကို ကျွန်တော် ကျောခိုင်းခဲ့သည်။ သုံးနှစ်ကျော် လေးနှစ် ဆိုသည့် အချိန်သည် ဘာမျှ မကြာဟု ထင်ရသော်လည်း ကလေး တစ်ယောက်ကို စတင် မွေးဖွားသည့် အချိန်က စတင် ရေတွက်ကြည့်မည် ဆိုပါက သုံးနှစ်ခွဲ ကျော်ကလေး တစ်ယောက်သည် စကား ပြောတတ် လမ်းလျှောက်တတ်ပြီး မူကြိုပင် ထား၍ ရသော အရွယ်ရောက်နေ ပေပြီ။

ထိုကဲ့သို့ လေးနှစ်နီးပါး ရှင်သန်ခဲ့သော ပတ်ဝန်းကျင်ကို ကျွန်တော် ရုတ်တရက် မေ့ပျောက်လို့ ရလိမ့်မဟုတ်ပါ။ ထိုအခါ ထိုပတ်ဝန်းကျင်တွင် ကျွန်တော် အသက်ရှင်စဉ်က အဖြစ်အပျက် အချို့ကို ပြန်လည် အမှတ်ရလာပါသည်။ အမှတ်ရလာချိန်တွင် မှတ်မိသေးတဲ့ သတင်းထောက် ဘ၀ကို ပြန်လည် ချရေး မိပါတော့သည်။


* * * *

နယ်မှာ နေတုန်းက ကျွန်တော့်ကို သူများတွေက သတင်းထောက်ကြီးလို့ ခေါ်ကြတယ်။ အဲဒီတုန်းက ကျွန်တော် သတင်းထောက် လုပ်လို့ သတင်းထောက် လို့ခေါ်တာ မဟုတ်ပါဘူး။ ဟိုနေရာ စပ်စပ် ဒီနေရာစပ်စပ် နဲ့ နေတာကြောင့် ရပ်ကွက်ထဲမှာ မြို့ထဲမှာ ဘာပဲ ဖြစ်သွား ဖြစ်သွား၊ မသိလို့ ကျွန်တော်ကို လာမေးရင် ကျွန်တော်က တော်တော်များများကို သိနေတာကြောင့် သတင်းထောက်လို့ ခေါ်ကြခြင်းသာ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချိန်မှာ သတင်းထောက် တစ်ယောက် ဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်မထားမိခဲ့ဘူး ……..

* * * * * *

ကျွန်တော် ရန်ကုန်ကို ရောက်လာတဲ့ အဓီက ရည်မှန်းချက်မှာ တစ်ခုတည်းရှိသည်။

အောင်မြင်တဲ့ စာရေးဆရာ တစ်ယောက် ဖြစ်ဖို့ . . .

ကျွန်တော် ရန်ကုန် ရောက်ရောက်ချင်း လုပ်နေရသည့် အလုပ်က စာပေ အသိုင်းအ၀ိုင်းနှင့် မည်သို့မျှ သက်ဆိုင် ပတ်ခြင်းမရှိသည့် အလုပ်ဖြစ်နေသည်။ ထို့ကြောင့် ရန်ကုန်ရောက်ပြီး တစ်နှစ်လောက် အတွင်းမှာ စာရေးဖို့ မပြောနဲ့ ရုံးက အလုပ်တွေ ပင်ပန်းတာကြောင့် စာပင် မဖတ်အား နိုင်အောင် ရှိနေသည်။

ကျွန်တော်စာရေး ဆရာဖြစ်ဖို့ အတွက် နည်းလမ်းတွေကို ကျွန်တော် စဉ်းစားကြည့်သည်။ မုဆိုးနားနီး မုဆိုး တံငါနားနီး တံငါ ဆိုသလို၊ မုဆိုးဖြစ်ချင်ရင်တော့ မုဆိုးနား သွားရမည်ဟု ကျွန်တော် နားလည်သည်။ ထို့ကြောင့် စာပေနှင့် သက်ဆိုင်သော အသိုင်းအ၀ိုင်းတွင် အလုပ်လုပ်ရန် စီစဉ်လိုက်သည်။

၂၀၀၄ ဧပြီလ ခုနှစ်ရက်မှ စတင်ကာ ကျွန်တော် သတင်းထောက် တစ်ယောက် ဖြစ်လာခဲ့သည်။ ကျွန်တော် သတင်းထောက်ဖြစ်ဖြစ်ချင်း ကျွန်တော့်ကို ရုံးကနေ စမ်းသပ်တဲ့ သဘောဖြင့် လိုက်ခိုင်းသည့် သတင်းက စာရေးကိရိယာ ဈေးကွက် အကြောင်းဖြစ်သည်။ ကျွန်တော်လည်း မင်္ဂလာဈေး မြို့ထဲနှင့် စာရေးကိရိယာ ဆိုင်တော်တော်များကနေ ဘောလ်ပင်၊ ခဲတံ၊ ကွန်ပါ၊ စာအုပ် အစရှိသည့် စာရေး ကိရိယာ ဈေးနှုန်းများကို လိုက်မေးပြီး ညရောက်တော့ စတင်ချရေးပါတော့သည်။

စာရေးကိရိယာဈေးကွက် အကြောင်းကို ချရေးလိုက်တာ စုစုပေါင်း လေးမျက်နှာခန့် ရှိသွားသည်။ မနက်ရုံးမှာ အယ်ဒီတာတွေကို သွားပေးတော့ ကျွန်တော်ဟားခံ လိုက်ရသည်။ ဘာဖြစ်လို့လဲ ဆိုတော့ သတင်းက သတင်းနဲ့ မတူပဲ ၀တ္ထုနှင့် တူနေသော ကြောင့် ဖြစ်သည်ဟု ဆိုသည်။ ရှိစေတော့လေ ဒါကတော့ အစကိုး။

ကျွန်တော် သတင်းထောက် ဖြစ်ပြီး သိပ်မကြာခင်မှာပဲ အောင်ဆန်းကွင်းကို သွားဖို့ ဆရာက ကျွန်တော့်ကို ခေါ်သည်။ ဘာကြောင့် သွားသည်ကိုတော့ ကျွန်တော်လဲ မသိ။ ဆရာက လိုက်ခဲ့ဟု ခေါ်၍သာ လိုက်သွားခြင်း ဖြစ်သည်။

ဟိုရောက်တော့ ခရာတေးဒို လေ့ကျင့်ရေး ခန်းမသစ် ဖွင့်ပွဲဖြစ်သည်။ ခရာတေး ဒိုလေ့ကျင့်ရေး ခန်းမ ဖွင့်ပွဲပြီးတော့ ခရာတေးဒို အဖွဲ့ချုပ် ဥက္ကဌဆိုသူက့ ကျွန်တော့် ဆရာကို လာပြီး ပြောသည် “အင်တာလေး ဘာလေး မဗျူးတော့ဘူးလား ဆရာ” တဲ့။ ကျွန်တော် အကဲ ခတ်မိ သလောက် ခရာတေးဒို ဥက္ကဌနှင့် ကျွန်တော့်ဆရာက အနည်းငယ်တော့ ရင်းနှီးပုံရသည်။ ဆရာက ခရာတေးဒို ဥက္ကဌကို မေးခွန်းတွေ မေးသည်။ ပြီးတော့ ကျွန်တော်လည်း ဆက်မေးသည်။ ကျွန်တော် မေးခွန်းတွေ မေးပြီး မှတ်စုမှာ လိုက်မှတ်နေတုန်း အချိန်မှာ ဆရာက ကျွန်တော်နှင့် ဥက္ကဌ အင်တာဗျူးနေသည့် ပုံကို ဓာတ်ပုံတွေ တဖျပ်ဖျပ်ရိုက်နေသည်။

ကရာတေးဒို ဥက္ကဌက လူငယ်ပိုင်းပဲ ရှိဦးမည်။ ပြီးတော့ မေးလိုက်သည့် မေးခွန်းကို လိုရင်းကို မဖြေပဲ အရှည်ကြီး ဇာချဲ့ပြောနေသည်။ မေးတာကို လိုရင်း မဖြေတော့ ကျွန်တော် စိတ်ကောင်းကောင်း မရှည်။ မေးခွန်းလဲ မေးပြီးရော ကျွန်တော်က သူ့နာမည်ကို ဘယ်လိုခေါ်လဲ လို့မေးလိုက်သည်။ ဘာဖြစ်လို့လဲ မေးတာလဲ ဆိုတော့ သတင်းရေးမှာ နာမည် ထည့်ရေးဖို့ မေးခြင်းဖြစ်သည်။ အဲတော့ သူက ဖြန်ဖြေသည် ဒေါက်တာ ရဲနိုင်ဝင်း။

ကျွန်တော် နာမည်မေးလိုက် သည့်အတွက် ဆရာက အားနာသွားဟန် တူသည်။ လမ်းရောက်တော့ ကျွန်တော့်ကို ဆရာက ပြောသည်။ သူက ဒီလောက် နာမည်ကြီးတာ သူ့ကို မသိဘူးလားတဲ့။ ကျွန်တော်လဲ မိသိမှ မသိတာ မသိဘူးဟု ပဲ ဖြေလိုက်သည်။ အဲတော့ ဆရာက ထပ်ပြောသည်။

“ အဲဒါဗိုလ်ချုပ်ကြီးရဲ့ သားလေကွာ”

“ ဘယ်က ဗိုလ်ချုပ်ကြီးလဲ”

“ ဗိုလ်ချုပ်ကြီး ခင်ညွန့်”

“သြော် . . .”

ထိုခေတ်က ဗိုလ်ချုပ်ကြီး ခင်ညွှန့်မှာ တန်ခိုးထွားနေချိန် ဖြစ်သောကြောင့် တစ်ကြောင်း၊ ဒေါက်တာ ရဲနိုင်ဝင်းသည် ပုဂံဆိုက်ဘာတက်၏ ဖောင်တာ ဖြစ်တာက တစ်ကြောင်းကြောင့် လူတိုင်း မသိတဲ့ သူမရှိသလောက် ဖြစ်သည်။ အနည်းဆုံးတော့ လူကို မသိကြသည့်တိုင် နာမည်ကိုတော့ ကြားဖူးကြသည်။ ထိုစဉ်က ဗိုလ်ချုပ်ကြီးသည် ဗိုလ်ချုပ်ကြီး ဖြစ်သည် ဆိုသည်က လွဲ၍ ကျန်တာ ဘာမျှမသိပါ။

တကယ်တော့ ရာထူးတိုင်း အဆင့်တိုင်းတွင် သူ့နေရာနှင့်သူ လုပ်ပိုင်ခွင့်ရှိကြသည်။ ထိုလုပ်ပိုင် ခွင့်နှင့် အာဏာကို ကျွန်တော် ကောင်းစွာ မသိပါ။ ထို့ကြောင့် ကျွန်တော်သည် သတင်းကိစ္စ မေးစရာ ရှိလျှင် ဒီတိုင်း ၀င်မေးလိုက်သည်။

ထိုကဲ့သို့ မေးစရာ ရှိရင် အခန်းထဲကို ခပ်တည်တည်နဲ့ ဒီတိုင်း ၀င်ဝင်မေးတတ်သည့် ကျွန်တော် တကြိမ်မှာတော့ အခန်းထဲက မောင်းထုတ်ခံ လိုက်ရသသည်။

ဝန်ကြီး ဌာနတစ်ခု တွင်ဖြစ်သည်။ ထိုနေ့အထိ ကျွန်တော့်၏ သတင်းထောက် လုပ်သက်သည် သုံးလ မပြည့်သေးပါ။ ကျွန်တော်က သတင်းတစ်ခုကို သိချင်လို့ ၀န်ကြီးရုံး ၀င်ပေါက်တွင် စုံစမ်းကြည့်သည် ထိုသို့ စုံစမ်းရင်းဖြင့် သွားလိုက်ရာ ထိုသတင်းသည် ညွန်ချုပ်မှ ဖြေနိုင်မည်ဟု ဆိုသည်။ ကျွန်တော်လဲ သိပ်စဉ်းစား မနေပါ ညွန်ချုပ်အခန်း ရှိရာနေရာကို မေး၍ ညွန်ချုပ် အခန်းသို့ တန်းသွားခဲ့သည်။

အစိုးရ အရာရှိများ၏ ရုံးခန်းများသည် အဆင့်နှစ်ဆင့်နှင့် ရုံးခန်းများ ဖြစ်ကြသည်။ ပထမ အဆင့် တံခါးကို ဖွင့်ပြီး ၀င်သွားပါက ကိုယ်ရေး အရာအရှိကို အရင်တွေ့ရမည် ဖြစ်ပြီး ကိုယ်ရေး အရာရှိဆီမှာ ခွင့်တောင်းပြီးမှသာ အတွင်းမှ ပုဂ္ဂိုလ်ကို ၀င်ရောက် တွေ့ဆုံ ခွင့်ရခြင်း ဖြစ်သည်။

ထိုစဉ်က ထိုသဘော သဘာဝကို နားမလည်ပါ။ ထို့ကြောင့် အခန်းတံခါးကို တွန်းဖွင့်ပြီး ၀င်သွားသည်။ အထဲရောက်တော့ ညွန်ကြားရေးမှုးချုပ်ဟု ဆိုင်းဗုဒ် တပ်ထားသည့် တံခါးတစ်ခုကို ထပ်တွေ့ရသည်။ ထိုတံခါး၏ ဘေးတွင် ကိုယ်ရေး အရှိဟု စာရေးထားသော စားပွဲ တစ်လုံးကို တွေ့ရပြီး ထိုစားပွဲတွင် လူမရှိ။

ပထမက ကျွန်တော် တံခါးကို ခေါက်ဖို့ စဉ်းစားကြည့် သေးသည်။ နောက်တော့ တံခါးခေါက်ရမှာ အားနာပါတယ်လေ ဆိုပြီး တံခါးကို တွန်းဖွင့်ဝင် သွားလိုက်သည်။ ကျွန်တော် တံခါးကို တွန်းဖွင့်ပြီးလဲ ၀င်သွားရော အထဲက ညွန်ချုပ်က ရုတ်တရက် လန့်သွားဟန်တူသည်။

ထို့နောက် ကျွန်တော့်ကိုမေးသည်။ ဘာကိစ္စလဲတဲ့။ ကြည့်ရတာ ကျွန်တော့်ကို အမြင်ကြည် ပုံမရ။ ကျွန်တော်ကလဲ ဂျာနယ်ကပါ။ သတင်းကိစ္စ မေးစရာ ရှိလို့ လို့လဲ ပြောရော။

“ဟေ့ကောင်၊ ငါ့အခန်းထဲကို မင်းဝင်ချင်သလို ၀င်ပြီး မေးချင်တိုင်း မေးလို့ရအောင်၊ ငါကို ကလေ အချေ ကောင်များ မှတ်နေလား။ ညွန်ချုပ်ကွ ညွန်ချုပ်၊ အခု ချက်ခြင်း ထွက်သွားစမ်း”

ကျွန်တော်လဲ ပြန်လည့်ထွက်ခဲ့သည်။

ကျွန်တော်လည်း ထွက်ခဲ့ရော သူ့တပည့်ကို လှမ်းခေါ်နေသံ ကြားရသည်။ သေချာသည်ကတော့ ထိုနေ့က သူ့တပည့် ပီအက်အို ဆိုသူကတော့ ကျွန်တော့် ကြောင့် ကောင်းကောင်း အဆဲခံရပေလိမ့်မည်။


နောက်ထပ်အမှတ်ရစာတွေကို သတိရလျှင် ဆက်ရေးပါမည်

Read More...

Friday, August 17, 2007

မျှော်လင့်ချက်များနှင့် မီးစာပင်

`` ကံကြမ္မာက သိပ်ကိုဆန်းကြယ်တာပဲ။ နံနက်စာကို စားသောက်ဆိုင် ပိုင်ရှင်ဘ၀နဲ့ ကောင်းကောင်းမွန်မွန် စားသောက်ခဲ့ပေမယ့် ညနေစာလဲ ရောက်ရော စားစရာ ဘာမှမရှိတော့တဲ့ ဘ၀ကို ရောက်သွားတယ်´´ ဟု ရွှေပြည်သာမြို့နယ် လှိုင်မီးဘေးသင့်သူများ ရပ်ကွက် ရပ်ကွက် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဦးပြုံးချိုက သူ၏ခံစားချက်ကို ပြောပြသည်။

ဟုတ်ပါသည်။ ယခုဆိုလျှင် လှိုင်မြို့နယ် ၁၃ ရပ်ကွက် မီးဘေးသင့်ခဲ့မှု တစ်နှစ်ပင်ပြည့်ခဲ့ပြီ။ လှိုင် ၁၃ ရပ်ကွက်မီးသည် ရန်ကုန်မြို့တွင် ဆယ်စုနှစ်အတွင်း ဖြစ်ပွားခဲ့သော မီးလောင်မှုများတွင် အဆိုးဆုံး ဖြစ်သည်။

`` အချိန်ကတော့ မွန်းလွဲ ၁၂ နာရီကျော်ကျော်၊ မီး . . မီးဆိုတော့ ကျွန်တော် ထမင်းစား နေရာက လှမ်းကြည့်လိုက်တယ်။ ငါ့အိမ်နဲ့ ဝေးပါတယ် ဆိုပြီး ထမင်းကို အေးအေး ဆေးဆေး စားနေလိုက်တယ်။ ရုန်ရင်းဆန်ခတ် ပြေးလွှားနေတဲ့ လူတွေကိုတောင် မီးကဝေးပါသေးတယ် ဆိုပြီး ကျွန်တော် လိုက်ဖျောင်းဖျ နှစ်သိမ့်ခဲ့ သေးတယ်။
ဆောင်းတွင်း မြောက်ပြန် လေကလည်း တိုက်ပြန် ဆိုတော့ သိပ်မကြာလိုက်ဘူး။ ကျွန်တော့အိမ် မီးထဲပါသွားတယ်။ မီးသတ်ကားတွေ ရောက်လာပေမယ့် အိမ်တွေက မီးကူးဖို့ လွယ်ပေမယ့် မီးသတ်ကားဝင်ဖို့ ခက်ခဲတယ်။ မီးကူးတာလဲ မြန်သလား မမေးနဲ့ ကြည့်နေရင်း ကြည့်နေရင်မှာ မီးလုံးကြီးတွေက တစ်အိမ်ပြီးတစ်အိမ် ၀ါးမျိုသွားတော့တာပဲ။ ကတ္တရာလမ်း မီးလောင်တာဆို ကြောက်ဖို့ တောင်ကောင်းတယ်´´ ဟု ဦးပြုံချိုက မီးလောင်စဉ်မြင်ကွင်းကို ပြန်ပြောင်း ပြောပြသည်။

`` ကျွန်တော်တို့ ဒုက္ခသည်တွေကို စခန်းလေးခု ခွဲပြီး ခေတ္တနေရာ ချထားပေးတယ်။ ဒုက္ခသည် စခန်းကနေ အစိုးရချထားပေးတဲ့ မြေကွက်ကို စပြောင်းလာတော့ ဒီနေရာကို ရောက်ခဲ့ရတာပေါ့။
ဒီရောက်တော့ ချပေးထားတဲ့ မြေကွက်တွေက လယ်ကွင်းတွေ စပါးတွေကလည်း မည့်နေပြီ။ မရိပ်ရသေးဘူး။ စပါးခင်းပိုင်ရှင်တွေ ဆိုရင် မရိပ်ရသေးတော့ ငိုလို့ နေကြတယ်။ ကျွန်တော်တို့လည်း စိတ်မကောင်းဘူး။ ကိုယ်ချင်းလည်း စာတယ် ဒါကြောင့် ပစ္စည်းတွေကို လယ်ကွင်းဘေးမှာတွေ ပုံပြီး သူတို့ စပါးရိတ်ပြီးအောာင် တစ်ပတ်လောက် စောင့်ရတယ် ´´ ဟု ဦးပြုံးချိုကပြောသည်။

လှိုင် ၁၃ ရပ်ကွက် မီးဘေးသင့်သူများကို နေရာချထားပေးသည့် နေရာများမှာ ရွေပြည်သာမြို့နယ် လှော်ကားကျေးရွာ အကျော် နှစ်မိုင်ခန့်တွင် ဖြစ်ပြီး အပိုင်း ၁၊ ၂၊ ၃၊ ၄ ဟူ၍ လေးပိုင်းခွဲကာ နေရာချထားပေးခဲ့သည်။ ယင်းကဲ့သို့ ချထားပေးရာတွင် မီးဘေးသင့် အိမ်ရှင် ၁၇၀၀ ခန့်အတွက် ပေ ၂၀x၄၀ နှင့် ပေ ၄၀x၆၀ မြေကွက်များ ချထားပေးခဲ့သည်။ ယင်းနောက် တစ်အိမ်လျှင် ကျပ်ငွေ ၃၇၅၀၀ ထောက်ပံပေးခဲ့ပြီး သစ်တစ်တန်လျှင် ကျပ်ခြောက်သောင်းနှုန်းဖြင့် တစ်အိမ်လျှင် သစ်နှစ်တန်စီ ရောင်းချပေးခဲ့သည်။ ယင်းအနက်မှ မြေဂရမ် ပိုင်ဆိုင်သည့် ၂၀ ကျော်ခန့်ကို လှိုင်၁၃ ရပ်ကွက် မူရင်းနေရာတွင် ပြန်လည် ပေးအပ်ခဲ့သည်ဟု သိရသည်။

မီးလောင်ရာတွင် တိုက်ခန်းပိုင်များ ပါဝင်သော်လည်း ယင်းတိုက်ခန်းများ အပါအ၀င် အိမ်များမှာ ကျူးကျော်မြေနေရာများ ဖြစ်သောကြောင့် ယခုကဲ့သို့ ရွှေပြည်သာ ဘက်သို့ ပြောင်းရွှေ့ခဲ့ရခြင်း ဖြစ်သည်။ မီးဘေးသင့် သူများ ထဲတွင် အိမ်ရှင်လူဦးရေထက် အိမ်ငှားလူဦးရေက သုံးပုံ နှစ်ပုံခန့်ရှိရာ အိမ်ငှားသူများကို မည့်သည့် နေရာတွင်မျှ မြေကွက်ချထားပေးခြင်း မရှိကြောင်းသိရသည်။

အချို့ကတော့လည်း အိမ်ရှင်နဲ့ အိမ်ငှား အတူနေလာတာ ကြာတော့ သံယောဇဉ် တွယ်ပြီး အသစ်ရတဲ့ မြေကွက် အိမ်ရှင်က အရှေ့ကဆောက် အိမ်ငှားက အနောက်ကဆောက်ပြီး လိုက်နေကြတာမျိုးလဲ ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

လမ်းပန်း ဆက်သွယ်ရေးမှာ ကားလမ်းနှင့် မီးဘေးသင့်သူများ ရပ်ကွက် အတွင်းပိုင်းသည် နှစ်မိုင်ခန့်ဝေးသောကြောင့် လမ်းလျှေက်ဝင်ရသည်။ ပွင့်လင်းရာသီ ခြောက်သွေ့နေချိန်တွင် ဆိုက်ကား၊ ထော်လာဂျီတို့ဖြင့် သွားလာ နိုင်သော်လည်း မိုးကျလျှင် လမ်းများ အားလုံး ရေမြုတ်ကာ လူပင်လျှင် အနိုင်နိုင် သွားလာနေရသည်ဟု သိရသည်။

`` ဒီကလူတွေ အများစုကတော့ မြို့ထမှဲာ သွားပြီးအလုပ်လုပ်၊ ဈေးရောင်းရတာ သူတို့မှာ ပြန်လာရင်လဲ ဆန်းဖို့ ကျပ် ၇၀၀၊ ၈၀၀ အပြင် အပိုမပါဘူး။ ဒီတော့ ဘယ်လို ဆိုက်ကား စီးနိုင်မှာလည်း လမ်းလျှောက်ပေါ့။ သမိုင်းချည်မျှင်နဲ့ အထည်စက်ရုံမှာ အလုပ်လုပ်နေတဲ့ လူတွေ အတွက်ကတော့ လမ်းမအထိ ဖယ်ရီ လာကြိုပါတယ်ဟု လုပ်သား တစ်ဦးက ပြောသည်။

လမ်းပန်း ဆက်သွယ်ရေး ခက်ခဲမှု ကျန်းမာရေး အတွက် ဆေးရုံ ဆေးခန်းများနှင့် အလှမ်းဝေးမှုများ ကြောင့် တခါတရံတွင် အချို့သော မကျန်းမာသူများသည် မဖိတ်စင်သင့်ပဲ အသက်ဆုံးရှုံးရသည့် ဖြစ်ရပ်နှင့်လည်း ကြုံတွေ့ရသည်ဟု ဆိုသည်။

`` ဒါကြောင့် ဒီမှာနေတဲ့လူတွေ အတေင့်တဆုံးကတော့ ဆေးပေးခန်းလေးပဲ ဖြစ်ဖြစ် ပုဂ္ဂလိက ဆေးခန်းလေးပဲ ဖြစ်ဖြစ် အဲဒါလေး တစ်ခုခုကိုတော့ အားလုံးက မျှော်လင့်နေကြတယ်´´ ဟု ဦးပြုံးချိုက ဒေသခံများ ကိုယ်စားပြောပြသည်။

ယခုကဲ့သို့ ဆေးခန်း အခက်အခဲများ၏ အဓိကမှာ ပြသနာမှာ သွားရေးလာရေး လမ်းပန်း ဆက်သွယ်ရေး ကြောင့်ဖြစ်သည်ဟု သိရသည်။ ယခုအခါ လမ်းပန်း ဆက်သွယ်ရေး အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနတို့က ကျပ်သိန်း ၁၅၅၀ စီထည့်ဝင်ကာ မီးဘေးသူများ ရပ်ကွက်နှင့် လှော်ကားလမ်းကို ကျောက်ချောခင်းရန် စီစဉ်ထားပြီး ဖြစ်သည်ဟုသိရသည်။ ယင်းကျောက် ချောလမ်းကကို ယခုနှစ်မိုးမကျမှီ အပြီးခင်းရန် စီစဉ်ထားပြီး ယင်းကျောက်ချော လမ်းပြီးစီးသွားပါက လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်လာပြီး ကျန်းမာရေးအတွက်လည်း အဆင်ပြေလာမည်ဟု ဒေသခံများက မျှော်လင့်ကြသည်။

`` အခုအနေ အထားက ဘယ်လိုဖြစ်နေလဲ ဆိုတော့ နာရေးဖြစ်ရင်တောင် မိုးတွင်းပိုင်း ဆိုရင် အလောင်းကို ရေကျော်နေတဲ့ လမ်းပေါ်ကနေ ကားလမ်းရောက်အောင် တစ်မိုင်စာလောက် ထိန်းထိန်း သိမ်းသိမ်းနဲ့ ထမ်းထုတ်ရတယ်။ သူတို့ကလည်း ချက်ချင်း လာမသယ်နိုင်ဘူး။ နံနက်ကတည်းက သေရင် ညနေမှ လာသယ်တယ်။ ညပိုင်းကတည်းက ဆုံးတဲ့ အလောင်းဆိုရင် နောက်နေ့ ညနေပိုင်းမှ လာသယ်တော့ ဒီမှာ အနေအထားတွေက မကောင်းတော့ဘူး။ ကားလမ်းပြီးသွားရင်တော့ ဒီပြသနာတွေ အဆင်ပြေမယ်လို့ မျှော်လင့်ရတာပဲ´´ ဟု ဒေသခံ တစ်ဦးက သူတို့၏ မျှော်လင့်ချက်ကို ပြောပြသည်။

ကျောက်ချောလမ်း ဖောက်လုပ် ပြီးစီးပါကလည်း အဓိကလမ်းမကြီးသာ ရေနှစ်မြုတ်မှု သက်သာနိုင်မည် ဖြစ်ပြီး ရပ်ကွက်အတွင်းရှိ လမ်းများနှင့် အိမ်များမှာမှု မိုးရာသီတွင် ဆက်လက် ရေ၀ပ် နေဖွယ်ရာ ရှိသည့်အတွက် ရေ၀င်လမ်းများကို ရေတံခါးများ တံခါးများ တည်ဆောက်ပြီး ရေနုတ်သည့် ရေပြွန်များကိုလည်း ပြန်လည်ပြင်ဆင်ပေး ရန်လိုအပ်သေးသည်ဟု သိရသည်။

သေက်သုံးရေအတွက် နာရေး ကူညီမှု အသင်းနှင့် YMCA တို့မှ လက်နှိပ် ရေတုံကင်တပ် အ၀ီစိ တွင်းလေးများ တူးဖော်ပေးထားသည်ဟု သိရသည်။ ယင်းအ၀ီစိ တွင်းမှ ထွက်သော ရေးများမှာလည်း သံဓာတ်ပါဝင်သည့်အတွက် သောက်သုံးရာတွင် အဆင်ပြေမှု မရှိကြောင်းသိရသည်။

`` တတ်နိုင်တဲ့ လူတွေကြတော့ ရေသန့်တစ်ဘူး ကျပ် ၂၅၀ နဲ့ ၀ယ်သောက်ကြတယ်။ မတတ်နိုင်သူတွေ ကတော့ ဒီရေကိုပဲ သောက်ကြရတယ်။ နားလည်တဲ့ လူတွေ ပြောကြတာတော့ ပေလေးရာ အနက်အထိ တူးရင် ရေကြည်ရေ ကောင်းရနိုင်တယ်လို့ ပြောကြတာပဲ။ တကယ်လို့ စက်ရေတွင်း လှူဒါန်းလိုတဲ့ အလှူရှင်ရှိရင်တော့ အများနဲ့ သက်ဆိုင်တဲ့ နေရာမှာပဲ ဖြစ်ဖြစ် ဘုန်းတော်ကြီး ကျောင်းမှာပဲ ဖြစ်ဖြစ် လှူဒါန်းထားမယ် ဆိုရင်တော့ သောက်သုံးရေအတွက် အဆင်ပြေနိုင်ပါမယ် ´´ ဟု ရပ်ကွက် ဥက္ကဋ္ဌ ဦးပြုံးချိုက ပြောသည်။

ပညာရေးအတွက်မှု ဂျပန်လူမှုရေး အဖွဲ့စည်းတစ်ခုက မှုလတန်းလွန် ကျောင်းတစ်ကျောင်းကို တည်ဆေက်ပေးထားပြီး ဖြစ်သော်လည်း အပိုင်းတစ်နှင့် အပိုင်းနှစ်တွင် နေထိုင်သူများ အတွက် အနည်းငယ် အလှမ်းဝေးကွာ နေသော ကြောင့် မူလတန်းအရွယ် ကျောင်းသားများ အတွက် သွားတက်ရန် အဆင်မပြေနိုင်၍ သိရိမင်္ဂလာ ဘုန်းတော်ကြီး ကျောင်းဆရာတော်က ကုန်ကျစရိတ်ခံပြီး ဘုန်းတော်ကြီးသင် မူလတန်းကျောင်းကို ဖွင့်လှစ်ထားသည်ဟု သိရသည်။ ယင်းအပိုင်းတွင် မူလတန်း ကျောင်းတစ်ကျောင်း ဆောက်လုပ်ရေးအတွက် မြေနေရာ ချထား ပေးပြီးဖြစ်ကာ လာမည့် ပညာသင်နှစ်တွင် ဆောက်လုပ်သွားဖွယ်ရာ ရှိသည်ဟုသိရသည်။

လှိုင်မီးဘေး သင့်သူများ၏ အဓိက စီးပွားရေးမှာ ရန်ကုန်မြို့ပေါ်တွင် တက်ရောက် ဈေးရောင်းချခြင်း မြို့ပေါ်တွင် နေ့စား အလုပ် လုပ်ကြပြီး တပိုင်တစ်နိုင်စီးပွားရေးမှာ Iron Brushes လုပ်ငန်းလေး တစ်ခုသာရှိပြီး တိုလီမုတ်စရောင်းချသည် ဆိုင်လေးမှာ တစ်ဆိုင်သာရှိသည်ဟုသိရသည်။

`` ဒီမှနေရတာ အရင်ကနေရာ ထက်စာရင် လေကောင်း လေသန့်ရတယ်။ ကိုယ့်ဝင်းကိုယ့်အိမ်နဲ့ ဆိုတော့ သီးသီးသန့်သန့် လည်းရှိတယ် ရေရှည်အတွက် နေမယ်ဆိုရင် ကောင်းသွားမှာပါ။ အခုလတ်တလောမှာတော့ နေသားမကျတာရယ်၊ အရင်က မြို့ထဲမှ နေခဲ့ပြီး ဒီလို လမ်းပမ်းဆက်သွယ်ရေး ဝေးလန်တဲ့ နေရာမှာ ဖြစ်နေတာရယ်ကြောင့် မနေတတ် မထိုင်တတ် ဖြစ်နေတာပါ´´ ဟု ဒေသခံတစ်ဦးကပြောသည်။

မီးဘေး သင့်မှုကြောင့် လူလတ်တန်းစားများ၏ စီးပွားရေးကို ထိခိုက်မှု ရှိခဲ့သော်လည်း ဆင်းရဲသူများမှာမှု နိုင်ငံတော်နှင့် အများပြည်သူ တို့၏ ၀ိုင်းဝန်း ထောက်ပံ့မှုကြောင့် ပစ္စည်းဆုံးရှုံးမှု သိပ်မရှိလှကြောင်း သိရသည်။

ယခုလ၂၇ ရက်တွင်မှု မီးဘေးသင့်သူများ နေထိုင်ရာ ရပ်ကွက်တွင် စည်ကားသိုက်မြိုက်လာစေရန် ရည်ရွယ်ချက်ဖြင့် မီးလောင်မှု နှစ်ပတ်လည် ပွဲဈေးတန်း တစ်ခုကို ပြုလုပ်မည်ဟု သိရသည်။

မီးလောင်ကျွမ်းမှုတွင် မီးလောင်ခံရသည့် အိမ်ရှင်များနှင့် ရွေပြည်သာမှ စပါးခင်း ပိုင်ရှင်များသည် မီးစာပင် ဖြစ်ခဲ့ရသည်။ မီးလောင်မှုကို စတင်ရာ ကျော်စိန်ဖိနပ်စက်ရုံ ပိုင်ရှင်ကို ပြီးခဲ့သည့် နှစ်လခန့်က ထောင်ဒဏ် သုံးနှစ်အပြစ်ပေး လိုက်ပြီ ဖြစ်သည်ဟု သိရသည်။ မီးလောင်ကျွမ်းမှု ကတော့ ပြီးဆုံးခဲ့သည်မှာ တစ်နှစ်ပင်ကြာခဲ့ပြီ။ မီးလောင်မှုတွင် မီးစာဖြစ်ခဲ့ရသည် လှိုင်မီးဘေးသင့်သူများနှင့် စပါးခင်းပိုင်ရှင်များကတော့ သူတို့ ဘ၀တွင် ဆက်လက်လောင်ကျွမ်းနေသည့် အပူမီးများ ငြှိမ်းသတ်မည့်နေ့ကို စောင့်မျှော်နေကြသည်။

၁၈ . ၁၁. ၂၀၀၆ နေ့တွင် လှိုင်မီးဘေးသင့်သူများ ရပ်ကွက်သို့ ကွင်းဆင်းလေ့လာ ရေးသားခဲ့ ဖြစ်သည်။

Read More...

Tuesday, August 07, 2007

မီးခိုးဖြစ်သွားတဲ့ ကဗျာဆရာ

.





ဒီနေ့ တာရာမင်းဝေရဲ့ နောက်ဆုံးခရီးကို လိုက်ပို့ဖြစ်တယ်။

ကျွန်တော် ထွက်လာတော့ နောက်ကျနေပြီ။ ကားမှီပါ့မလား။ လေထံကုန်းမှာ မေးကြည့်တော့ ကားတွေက ၀ဇီယာရုံအရှေ့မှာ ထွက်သွားလောက်ပြီတဲ့။

ဝဇီယာရုံအရှေ့ရောက်တော့ BM နဲ့တူတဲ့ကား တစ်စီးမှ မရှိတော့ဘူး။ ထွက်သွားပြီထင်တယ်။ ဒါပေမယ့် လူအုပ်ကြီး။ အများကြီးပါလား။ ကားမလာသေးလို့လား။

မဟုတ်ဘူး။ ကားလာတယ်။ လေးစီး။

ဒါဆိုအဲဒီကားတွေ ဘယ်ရောက်သွားတာလဲ

ကားတွေက လူတွေထားခဲ့ပြီး ထွက်သွားကြတာ။ ဘယ်ကိုလဲ။

မသိဘူး။

ကားမလာရင် ခြေလျှင်လျှောက်ကြမယ်။ ရေဝေးရောက်တဲ့အထိ။

လူအုပ်ကြီးက ကြီးလာပြီ။

ဘေးမှာ ၀ိုင်းကြည့်နေတဲ့ လူတွေကလဲ တစ်အုပ်ကြီး

ဟေ့ဓာတ်ပုံမရိုက်နဲ့
လူအုပ်ထဲက စကားသံတွေ ထွက်လာတယ်

သူတို့လျှော့သွားပြီ။ ကားတွေ ရောက်လာတော့မယ်။

ဗိုလ်ချုပ်ဈေးရှေ့မှာ ရောက်နေပြီ။

မတက်ကြနဲ့ဦး၊ လေးစီးလုံး ရောက်မှ တက်။

လေးယောက်စီ တန်းစီတက်ကြ။

ကင်မရာပါတဲ့လူတွေ ကားတွေကို မျှတက်ပေးကြပါ။

ဖြောင်းဖြောင်းဖြောင်း

လက်ခုပ်သံတွေ အဆက်မပြတ်ထွက်နေတယ်

ထိပ်ဆုံးမှာတော့ လူတွေအုံလို့

အုံနေတဲ့လူတွေကြားထဲကို တို့ဝှေ့ကြည့်လိုက်တော့

တာရာမင်းဝေ မှန်ခေါင်းထဲမှာ ပန်းတွေနဲ့ အတူလှဲလျောင်းနေတယ်

အားလုံး အားလုံး တာရာမင်းဝေအတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တစ်မိနစ်တိတိ ငြိမ်နေကြမယ်

ဇာဂနာရဲ့ အသံ တိတ်သွားတော့ ကျွတ်စီကျွတ်စီ အသံတွေရပ်သွားတယ်

တစ်မိနစ်ကြာပြီး

ကျေးဇူးတင်ပါတယ်

နောက် အစီစဉ်တစ်ခုနေဖြင့် တာရာမင်းဝေရဲ့ သူငယ်ချင်းက ကဗျာရွတ်ပါမယ်

ဇာဂနာကြေငြာလိုက်တော့ တာရာမင်းဝေရဲ့ သူငယ်ချင်းဆိုတဲ့ လူတက်လာတယ်

တာမင်းဝေရဲ့ ခေါင်းအရှေ့တည့်တည့်မှာ ရပ်တယ်

သူငယ်ချင်း ....................
................................
............................
ကျေးဇူးတင်ပါတယ်

ဖြောင်းဖြောင်းဖြောင်း

လက်ခုပ်သံတွေ ညံသွားတယ်

တော်တော်နဲ့ မရပ်ဘူး

တာရာမင်းဝေရဲ့ နောက်ဆုံးခရီး ဆက်လက်ပို့ဆောင်ပါတော့မယ်

ကြေငြာသူ ဇာဂနာရဲ့ အသံဆုံးတော့

တာရာမင်းဝေကို အုပ်ကြီးက ဆွဲခေါ်သွားတယ်

တစ်ခဏအကြာ

ကဗျာဆရာဟာ မီးခိုးဖြစ်သွားတယ်

Read More...

Sunday, July 22, 2007

ကျွန်တော် ၏စွန့်စားခန်းများ ပိုက်ဆံအိတ် ပိုင်ရှင်ရှာပုံတော်

အချိန်ကား ညနေသုံးနာရီခွဲခန့်။ ဆူးလေဘုရား ဘက်ကနေ ကျွန်တော်နေထိုင်ရာ ဆိပ်ကမ်းသာ လမ်းမဆီသို့ မဟာဗန္ဒုလ လမ်းအတိုင်း လူတစ်ယောက် ပြေးလာနေသည်။ ပြေးလာသူရဲ့ နောက်မှာ လူသုံးယောက်က ထပ်ကြပ်မကွာ ပြေးလိုက်လာကြသည်။ ပြေးသူက အသက်သုံးဆယ် ၀န်းကျင်ခန့် အရပ် ငါးပေ ၄ လက္မခန့် ကိုယ်လုံးကိုယ်ထည်က မပိန်မ၀။ လိုက်သူ သုံးယောက် ကပြေးသူထက် ကိုယ်လုံး ကိုယ်ဖန်ကြီးသည်။ ပြေးသူတစ်ယောက် လိုက်သူသုံးယောက် ဖြစ်၍ လူတွေက တအံ့တအော ကြည့်နေကြသည်။ ဆိပ်ကမ်းသာ လမ်းထိပ်ရောက်တော့ ပြေးသူကို လိုက်သူတွေ မိသွားကြသည်။ ပြေးသူကို လိုက်သူ သုံးယောက်က မိတယ်ဆိုရင်ပဲ ၀ိုင်းဝန်း ထိုးကြိတ်ကြတော့သည်။

ပတ်ဝင်းကျင်မှာ လူများစွာ ရှိနေပေမယ့် ဘာကြောင့် ဘာဖြစ်မှန်း မသိ၍ ဘယ်သူမှ ၀င်မကူရဲကြ။ စိတ်တိုင်းကြ ထိုးကြိတ်ပြီး လူသုံးယောက်က ပြေးသူကို ဂုတ်ကနေဆွဲကာ တက္ကစီပေါ်တင် ခေါ်သွားကြသည်။ပြီးတော့ ဖမ်းသူတွေက ကားနားမှာ ၀ိုင်းအုံကြည့်နေတဲ့ လူတွေကို ပြောသွားသေးသည်။

ဘာမှ မဖြစ်ဘူး ကိုယ့်အလုပ်ကို အေးဆေးလုပ်ကြ

တက္ကစီကားက ထွက်သွားပြီ။ ကျန်ခဲ့တဲ့ လူအုပ်ကြီးရဲ့ ပိစပ်မှာတော့ တွေးထင်သံများ ကို တစ်ယောက်တစ်ပေါက် ပြောဆိုကျန်ရစ်ခဲ့ကြသည်။

ခါးပိုက်နိုက်ကို ရဲဖမ်းသွားတာ ထင်တယ်

အချင်းချင်း အဝေမတည့်လို့ ဖြစ်တာ နေမှာ

ကြည့်ရတာ ရည်းစားလု ဘက်တွေလားမှ မသိတာ

.x . …. . … . . . . . …………………………….

ဒီမှာပိုက်ဆံအိတ်တစ်လုံး

စောစောက ပြေးသူလဲကျသွားသည့် နေရာမှာဖြစ်သည်။ ပိုက်ဆံအိတ်မှာ ယောက်ကျားလေးကိုင် ခေါက်ပိုက်ဆံအိတ် နွမ်းနွမ်းလေး တစ်ခုဖြစ်ပြီး သွေးများစွန်းပေနေသည်။ ဆိပ်ကမ်းသာ လမ်းထိပ်မှာ ၀က်သားထုတ်ထိုးနဲ့ ခေါက်ဆွဲ ရောင်တဲ့ မိန်းမကြီးက ပိုက်ဆံအိတ်ကို မီးညှပ်နှင့် ညှပ်ကာ လမ်းမပေါ်ကို ပစ်ချလိုက်သည်။ သူကိုကြည့်ရတာ ဘာမှန်းမသိ တဲ့အရှုပ်ထုပ်ထဲ ၀င်ပါချင်ပုံမရ။ ပိုက်ဆံအိတ်ကို လူတွေဝိုင်းကြည့် နေကြသည်။ သို့သော် ကိုင်ရဲတဲ့လူမည်သူမှ မရှိ။ ၀ိုင်းကြည့်နေသူများ ထဲက စပ်စပ်စုစု နိုင်ပုံရသည့် အသက်ငါးဆယ်ခန့် လူကြီးတစ်ဦးက ပိုက်ဆံအိတ်ကို ကောက်ကိုင်လိုက်သည်။ လူကြီး ဖွင့်ကြည့်လိုက်တော့ ပိုက်ဆံအိတ် အတွင်းမှာ ဒေါ်လာနှင့် Fe များကိုတွေ့ရသည်။ လူကြီးက ပိုက်ဆံအိတ်ကို ဖွင့်ကြည့်ရင်း ရဲစခန်းသွားအပ်မယ် တစ်ယောက်ယောက် အဖော်လိုက်ခဲ့ပါ လို့ပြောသည်။ မည်သူမျှလိုက်ပါ ချင်ပုံမရ။

ကျွန်တော်လိုက်ခဲ့မယ်

ကျွန်တော်လူကြီးကို ၀င်ပြောလိုက်သည်။ လူကြီးကလည်း ခေါင်းညိမ့်ပြသည်။ နောက်တော့ ကျွန်တော်တို့ နှစ်ယောက် ကျောက်တံတား ရဲစခန်းရှိရာဘက်ကို ဦးတည်လာသည်။ ၃၆ ထိပ်ရောက်တော့ နောက်က အမျိုးသမီး တစ်ဦးပြေးလိုက်လာသည်။ အဲဒီအမျိုးသမီးက လူကြီးရဲ့ ဇနီးဖြစ်နေသည်။

ရှင်တော်တော်ရှုပ်ပါလား ကိုယ့်အလုပ်မဟုတ်တာကို ရှုပ်ချင်တယ်။ မလိုက်သွားနဲ့။

ဇနီးဖြစ်သူက တားတော့ လူကြီးက ကျွန်တော့ကို အားတုန့်အားနာနှင့် ကြည့်သည်။ ပြီးတော့ ပိုက်ဆံအိတ်ကို ကျွန်တော့် လက်ကိုအပ်လိုက်သည်။ သူဆက်မလိုက်တော့ပေ။

လူကြီးနှင့် ဇနီးသည်တို့ ထွက်သွားကြပြီ။ ၃၆ လမ်းထိပ်မှာ ပိုက်ဆံအိတ်နှင့် ကျွန်တော်တစ်ယောက် တည်းကျန်ရစ်ခဲ့တယ်။ ကျွန်တော်တစ်ယောက် တည်းကျန်ရစ်ခဲ့တော့မှ စဉ်းစားကြည့်သည်။ ပိုက်ဆံအိတ်က ဒေါ်လာတွေ။ ဒေါ်လာဆိုတာ မြန်မာနိုင်ငံမှာ တရားဝင်ကိုင်ဆောင်ခွင့်ရှိတဲ့ ပိုက်ဆံမဟုတ်ဘူး။ ရဲစခန်းရောက်မှ နေရင်ထိုင်ရင်း ကျွန်တော်ပါ အမှုပတ်သွားနိုင်သည်။ ကံကောင်းလို့ ကျွန်တော့ကို အမှုလာမပတ် သည့်တိုင်အောင် ပိုက်ဆံအိတ်ပိုင်ရှင်က ဒေါ်လာတွေကို ဆုံးရှုံသွားနိုင်သည်။ ဒါကြောင့် ပိုင်ရှင်ကိုပဲ တိုက်ရိုက်ဆက်သွယ်ပြီး ပေးလိုက်ရင်ကောင်းမလား။

ကျွန်တော် ပိုက်ဆံအိတ်ကို ဖွင့်ပြီးရှာကြည့်တော့ ဒေါ်လာ ၂၃၀၀ ကျော် Fe 300 ကျော်၊ လိပ်စာကဒ် တစ်ခု နှင့် ကားလိုင်စင်တစ်ခု။ ကားလိုင်စင်ကတော့ ပိုက်ဆံအိတ် ပိုင်ရှင်ရှင်၏ ကားလိုင်စင် ဖြစ်ဟန်တူသည်။ လိပ်စာကဒ်ကတော့ အလွှတ်တမ်း ဓာတ်ပုံဆရာ တစ်ယောက်၏ လိပ်စာကဒ်။ ဒါဆိုရင်တော့ ပိုက်ဆံ အိတ်ပိုင်ရှင်ကို ဆက်သွယ်လို့ ရနိုင်စရာ အကြောင်းရှိသည်။ သို့သော် ဒီပိုက်ဆံတွေက သူတကယ်ပိုင်တဲ့ ပိုက်ဆံတွေ ဟုတ်ပမလား။ ဒီပိုက်ဆံတွေက ဒုစရိုက်မှု တစ်ခုခုနဲ့ ပတ်သက်နေမလား။ ဒုစရိုက် မှုနဲ့ ပတ်သက်ပြီးရလာတဲ့ ပိုက်ဆံတွေကို ကျွန်တောက်က စေတနာတွေ ပလပွနဲ့ သွားအပ်မိရင် ကျွန်တော်ပါ ဒုက္ခရောက်သွားနိုင်သည်။ ဒီတော့ ပိုက်ဆံတွေကို ရဲစခန်းပဲသွားအပ်တာ ကောင်းမလား ဒါမှမဟုတ် ကားလိုင်စင်ထဲက လူကိုဆက်သွယ်ပြီး ပေးရင်ကောာင်းလား။

ကားလိုင်စင်ထဲက လူကိုကြည့်လိုက်တာ့ စောစောက ပြေးတဲ့လူ။ သူပုံကိုကြည့်ရတာ လူရိုးလူကောင်ပုံပဲ ခက်တာက လူပုံကိုကြည့်ရုံနဲ့ တော့လူဆိုးလူကောင်း မသိနိုင်။ ဘာဘဲဖြစ်ဖြစ် သေချာတာ တစ်ခုကတော့ ပိုက်ဆံအိတ် ပိုင်ရှင်သည် ကားလိုင်စင်ထဲက လူဖြစ်လိမ့်မည်။ ဘာဖြစ်လို့လဲဆိုတော့ ခါးပိုက်နိုက်ပြီး ပြေးလာသူဆိုပါက ပိုက်ဆံအိတ် အတွင်းကို ကားလိုင်စင် ထည့်ဖို့ အချိန်ရလိမ့်မည်မဟုတ်ပေ။

ကျွန်တော် လိပ်စာကပ်ထဲက ဓာတ်ပုံဆရာကို ဖုန်းလှမ်းဆက်ကြည့်လိုက်သည်။ လိပ်စာကဒ်ထဲက လူကဖုန်းကိုင်သည်။ ကားလိုင်စင်ထဲက ကိုကျော်ကျော်လတ် ဆိုတဲ့လူကိုသိလား လို့ ကျွန်တော်က မေးလိုက်တော့ ဘာကိစ္စရှိလို့ လဲဆိုပြီး ဖုန်းထဲက လူကပြန်မေးသည်။ ကျွန်တော် သူပိုက်ဆံအိတ်ကို ကောက်ရထားလို့ပါ ပိုက်ဆံအိတ်ထဲမှာ အစ်ကို့လိပ်စာကဒ်ကို တွေ့လို့ အစ်ကိုနဲ့ များသိမလားလို့ မေးကြည့်လိုက်တာပါလို့ ကျွန်တော်က ပြန်ပြောလိုက်သည်။ ဒီတော့ ဖုန်းထဲကလူက သိပါကြောင်း မတွေ့ကြသည်မှာ လေးငါးခြောက်နှစ် ကြာပြီဖြစ်ပြီး ပြီးခဲ့သည့် နှစ်ရက်ကမှ ပြန်ဆုံမိရာတွင် လိပ်စာကဒ်ကို ပေးလိုက်ခြင်းဖြစ်ကြောင်း ကျော်ကျော်လတ်က လည်းသူ့ကို ဖုန်းနံပါတ်ပေးသွားကြောင်း ပြောပြီး ကျော်ကျော်လတ် ၏ ဖုန်းနံပါတ်ကို ကျွန်တော့ကို ရှာပေးသည်။

ကျွန်တော် ဖုန်းနံပါတ်ကိုရတယ် ဆိုရင်ပဲ ချက်ခြင်းဆက်လိုက်သည်။ အရေးထဲမှ ဖုန်းက ဆက်သွယ်မူ ဧရိယာပြင်ပ ကိုရောက်နေသည်။

များမကြာမှီ ကျွန်တော်သည် အရှုပ်တော်ပုံ တစ်ခုအတွင်း ရောက်ရှိသွားနိုင် သည်ကို မတွက်ဆမိခဲ့။

* * *


လုပ်ချင်စိတ်တွေ ပြင်းပြနေချိန်မှာ လုပ်မိတဲ့ အလုပ်တွေဟာ တစ်ခါတစ်ရံမှာ တူမတူအောင် ပြောင်မြောက်သလို တစ်ခါတစ်ရံမှာ တစ်သက်စာ ရှင်းမရတဲ့ အမှားတွေလည်း ဖြစ်သွားတတ်ကြသည်။ ဘာပဲဖြစ်ဖြစ် အလုပ်တစ်ခု လုပ်ခြင်းကြောင့် ဖြစ်လာမည့် ဆိုးကြိုးများကို အဆုံးထိသာ တွေးကြည့်လိုက်ပါ။ အဲဒီလောက် ငါ့ကံကြမ္မာက ဆိုးရွားခဲ့ရင် ငါဘာဖြစ်သွားနိုင်လဲ။

ကျွန်တော် သေချာစဉ်းစားကြည့်သည်။ အကောင်းဘက်က စဉ်းစားကြည့်ရင် ပိုက်ဆံအိတ် ပိုင်ရှင်သာ သူပိုက်ဆံတွေ ပြန်ရရင် ဘယ်လောက်များ ၀မ်းသာသွားမလဲ။ တကယ်လို့ အမှုခင်းတစ်ခု မှာပါဝင်ပတ်သက် နေတယ်ဆိုရင် အဆိုးဆုံး အခြေနေသည် ရဲစခန်းရောက် ရုံးရောက် ဖြေရှင်းရမည်။ ကျွန်တော့ဘက်က မှန်နေသဖြင့် အမှုမှာ ပတ်သက်ခဲ့သည့်တိုင် ကောင်းကောင်း မွန်မွန် ဖြေရှင်းပါက ဘာမှဖြစ်နိုင်စရာ အကြောင်းမရှိပေ။ ထို့ကြောင့် ပိုက်ဆံအိတ်ကို ပိုင်ရှင်လက်ကို မရောက်ရောက်အောင် ထည့်ပေးမည်ဟု ဆုံးဖြတ်လိုက်သည်။ အခုလောက်ဆိုရင် တောင်ပိုက်ဆံအိတ် ပိုင်ရှင်စိတ်ပူနေရောမည်။

ကျွန်တော် နောက်တစ်ကြိမ် ဖုန်းထပ်ခေါ်ကြည့်တော့ ဖုန်းကိုင်သည်။ ကျော်ကျော်လတ် ဟုတ်ပါသလားလို့ ကျွန်တော့က မေးလိုက်တော့ ဟုတ်ပါသည်တဲ့။ ကျွန်တော်ထင်ထားတာက ပိုက်ဆံအိတ် ပျောက်နေသူ တစ်ယောက် အနေဖြင့် ဒီအချိန်လောက်ဆိုရင် ပြာရာခတ် နေရောမည်။ သို့သော် သူ၏အသံက အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ပင်။

ကိစ္စရှိလို့လား

ဟုတ်ကဲ့ ကျွန်တော် ခင်ဗျားပိုက်ဆံအိတ်ကို ကောက်ရထားလို့ပါ။ အဲဒါဘယ်နေရာကို လာပေးရမလဲလို့

တကယ်ပြောတာလား၊ မလိမ်နဲ့နော်

အာ မလိမ်ပါဘူးတကယ်ပါ

ဒါနဲ့ စောစောက ဖြစ်ခဲ့တဲ့နေရာမှာ လူတွေရုတ်ရုတ်သဲသဲ ဖြစ်ပြီးကျန်ခဲ့သေးလား

မဖြစ်ပါဘူး

ဟုတ်လား တကယ်နော်

တကယ်ပါ

အေးကွာ ငါဒီမှာ ပြသနာနဲနဲရှိလို့ အခုတော့ ရဲတွေနဲ့ ညှိလိုက်တာ အဆင်ပြေသွားပြီ၊ မင်းအခုဘယ်နေရာမှာ ရောက်နေတာလဲ

ကျွန်တော် ဆူးလေ ကဆက်နေတာပါ

ပိုက်ဆံအတ်ထဲမှ ဘယ်လောက် ပါသလဲ ငါကပြေးရင်းလွားရင်း ဆိုတော့ မမှတ်မိတော့လို့

အဲဒါတော့မသိဘူးဗျ

ဒါဆိုရင် မင်းပုစွန်တောင်ဈေး အရှေ့ကိုလာခဲ့ကွာ ဒီမှာ ရဲတွေကို ပြုစုရအောင် ကောင်မလေးတွေလဲ ခေါ်ထားတယ်၊ မင်းဈေးအရှေ့ရောက်တာနဲ့ ကြည့်လိုက် ကောင်မလေးတွေ ကောရှိနေတော့ မင်းမြင်လိုက်တာနဲ့ သိမှာပါ။

ဟုတ်ကဲ့ ကျွန်တော် အခုထွက်လာမယ်

မင်းက ဘယ်လိုပုံစံလဲ

T Shirt အ၀ါရောင် ဘောင်းဘီရှည်နဲ့ ဘေးလွယ်အိတ် အစိမ်းရောင်ကို လွယ်ထားတယ်

ကျွန်တော် Taxi ပေါ်ရောက်မှ စဉ်းစားမိသည်။ စောစောက ဖုန်းကိုင်တဲ့လူသည် ကျော်ကျော်လတ် အစစ်ဟုတ်ပါ့မလား။ သူပြောတဲ့ ပုံအရဆိုပါက သံသယဖြစ်စရာ များစွာရှိသည်။ ပိုက်ဆံအိတ် ပျောက်နေသူတစ်ယောက် ပိုက်ဆံအိတ်ကို ပြန်ရတော့မည်လို့ သိလိုက်ရချိန်မှာ မည်သူမျှ ၀မ်းမသာပဲ နေလိမ့်မည်မဟုတ်။ သူ့ အသံက ၀မ်းသာပုံမရ ပိုက်ဆံပေးမှာ ထားတဲ့ကုန်ပစ္စည်းတစ်ခုကို နေရာရောက်အောင် ပို့ခိုင်းနေသည်ထက် သူလေသံက ပိုမထူး။ နောက်တစ်ချက်က ပိုက်ဆံအိတ် ပိုင်ရှင်ဖြစ်ပါက ကိုယ့်ပိုက်ဆံအိတ် ထဲမှာ ဘယ်လောက်ရှိသည်ကို သိရမည်။ ဒီတော့ ဖုန်းကိုင်သူသည် ပိုက်ဆံအိတ် ပိုင်ရှင် မဖြစ်နိုင်။ ဒါဆိုရင် ဘာဆက်လုပ်ရမလဲ။

ကားလိုင်စင် ပါတာပဲ ဘယ်သူပဲ ဖြစ်ဖြစ် ကိုယ့်မှတ်ပုံတင်နံပါတ်တော့ အလွတ် ရတတ်ကြသည်။ ကျော်ကျော်လတ် အစစ်အမှန်ဆိုရင် ကားလိုင်စင်ထဲက မှတ်ပုံတင်နံမှတ်ကို အလွတ်ရရမည် ။ ကျွန်တော် ဆုံဖြစ်ချက်ချလိုက်သည် မှတ်ပုံတင်နံပါတ်ကို အလွတ်မရွှတ်ပြနိုင်ပါက ပိုက်ဆံအိတ်ကို ပြန်ယူလာမည်။

ပုစွန်တောင် ဈေးအရှေ့ ရောက်ပါပြီ။ ကျွန်တော် Taxi ခပေးပြီး ကားပေါ်က ဆင်ခဲ့သည်။ စောစောက တယ်လီဖုန်းထဲတွင် ပြောသော ကောင်မလေး များနှင့် လူအုပ်ကို မတွေ့။ ကျွန်တော်က သူတို့ကို မတွေ့ရင်တောင် ကျွန်တော့ကို သူတို့မြင်နိုင်အောင် ခေါက်တုံ့ခေါက်ပြန် ဈေးအရှေ့မှာ လျှောက်ပြနေသည်။ ငါးမိနစ်ခန့် ကြာသွားပြီ အခြေအနေက ထူးမလာ။ ဒီတော့ ကျွန်တော် ဖုန်းပြန်ဆက်ကြည့်သည်။

ကျော်ကျော်လတ် ဟုတ်ပါသလား

ဟုတ်ပါတယ်

တဘက်ပြောသည့် အသံက စောစောက အသံနှင့် လုံးဝမတူသည်ကို ကျွန်တော်သတိထား လိုက်မိသည်။ ဒီလိုဆိုရင်တော့ အခြေအနေက ကျွန်တော် ထင်တာထက် ပိုရှုပ်ထွေးနေပြီ ဆိုတာကို ကျွန်တော်သိလိုက်ပြီ။ သို့ပေမယ့် ဟန်မပျက် စကားဆက်ပြောလိုက်သည်။

ကျွန်တော် ပုစွန်တောင် ဈေးအရှေ့ ရောက်နေပြီ

ဗျာ

တစ်ဘက်က ဖုန်းပြောသည့် လူတုန်လုပ်သွား သည်

ခင်ဗျားပဲ ခင်ဗျား ပိုက်ဆံအိတ်ကို ပုစွန်တောင် ဈေးအရှေ့မှာလာပေးဆို

ပိုက်ဆံအိတ် တကယ်လား၊

တစ်ဘက်လူ ၀မ်းသာအားနှင့်အော်လိုက်သည်။ ပြီးမှ ငိုသံနှင့်ဆက်ပြောသည်။

မနောက်ပါနဲ့ဗျာ၊ ကျွန်တော့ကို ဖမ်းဦးမလို့လား

မနောက်ပါဘူဗျာ ကျွန်တော့ဆီမှာ ခင်ဗျားရဲ့ပိုက်ဆံ အိတ်ရထားလို့ ခင်ဗျာကို လိုက်ရှာနေတာ

အစ်ကို အစ်ကိုက ကျွန်တော့ဖမ်းမဲ့ လူတွေတော့ မဟုတ်ပါနော်

ကျွန်တော့ကို မ၀ံ့မရဲနှင့်ပြန်မေးသည်။ ပြီးတော့ သူဆက်ငိုနေသည်။

မဟုတ်ပါဘူးဗျာ တကယ်ပါ။ ဒီမှာ ခင်ဗျားရဲ့ ကားလိုင်စင်တောင် ပါသေးတယ်။

သူကျွန်တော့ အပေါ်မှာ ယုံကြည်စိတ်ချသွား အောင် ပိုက်ဆံအိတ်အတွင်း ကားလိုင်စင်ပါကြောင်း ပြောပြလိုက်သည်။ တစ်ဆက်တည်းမှာဘဲ သုကို ကျော်ကျော်လတ် အစစ် ဟုတ်မဟုတ် သိရအောင် သူ့မှတ်ပုံတင်နံပါတ်ကို ရွှတ်ပြရန် တောင်းဆိုလိုက်သည်။

ဝမ်းသာလိုက်တာဗျာ

သူငိုသံကြီးနဲ့ ပြောပြီးဆက်ငိုနေသည်။ ငိုနေသည့်အရှိန်ကြောင့် မှတ်ပုံတင်နံပါတ်ကို မရွှတ်ပြနိုင်အောင်ရှိနေသည်။ တော်တော်လေးငို ပြီးမှာ သူမှတ်ပုံတင်နံပါတ်ကို ရွှတ်ပြသည်။ ပြီတော့ ကျွန်တော်ရှိနေသည့် ပုစွန်တောင်ဈေး အရှေ့ကို လာခဲ့မည့်အကြောင်း ပြောပြီးဖုန်းချသွားသည်။ ဖုန်းချသည် အထိသူငိုသံက မတိတ်သေး။ ပါးစပ်မှလည်း အယောင်ဆောင်တွေ ယောင်ဆောင်တွေ ဟု တတွတ်တွတ် ပြေသွားသေးသည်။ ဘာကို အယောင်ဆောင်တာလဲ ကျွန်တော်နားလည်။ သူ့ယောင်ကို ဆောင်တာကို ဆိုလိုချင်တာလား။ ကိစ္စမရှိ သူလာမှပဲ မေးတော့မည်။

ခဏလောက်ကြာတော့ Taxi တစ်စီးရောက်လာသည်။ ကားထဲမှာပါလာသူ ကတော့ စောစောပြေးသည့်လူ။ မျက်နှာတစ်ခုလုံး ဖုရောင်နေသည်။ နုတ်ခမ်းက ကွဲထွက်ပြီး သွေးများစီးကျနေသည်။ သူက ဆင်းမလာ ကားပေါ်ကနေ ကျွန်တော့ကို လှမ်းခေါ်သည်။ ကျွန်တော်က သူ့ကိုပိုက် ဆံအိတ်ပေးလိုက်တော့ သူလှမ်းယူသည်။ ပိုက်ဆံ အိတ်လှမ်းယူသော သူလက်မှာ သွေးများနှင့် နီရဲနေသည်။ ကြည့်ရတာ လက်မှာလည်း ဒဏ်ရာ ရထားပုံပေါ်သည်။ ကျေးဇူးတင်ကြောင်း ငိုရင်းနှင့် တစ်ဖွဖွပြောသည်။ ပြီးတော့ ကျွန်တော့ကို ဘယ်ပြန်မှာလည်းလို့ မေးသည်။ ကျွန်တော်က မြို့ထဲပြန်မည့် အကြောင် ပြောတော့ လမ်းကြုံသည်လိုက်ခဲ့ပါဟု သူကခေါ်သည်။ ကျွန်တော်လည်း သူဘယ်လို ဖြစ်တယ်ဆိုတာ အကြောင်းစုံ သိချင်တာကြောင့် ကားပေါ်အတူလိုက်ခဲ့သည်။

ကားပေါ်ရောက်တော့ ၀မ်းနည်းသံနှင့် သူရှိုက်ရှိုက်ပြီးငိုနေသည်။ အယောင်ဆောင်တွေ၊ သူတွင် တမိသားစုလုံးမှာ မှအဖွားတစ်ယောက်သာရှိပြီး အဖွားဖြစ်သူမှာ ယခုဆေးရုံတက်နေရသည်။ ဆိုတာလောက် ကလွဲပြီး ပိုပြောနိုင်ခဲ့။ ရှိစေတော့ သူဝမ်းနည်းပြီးငိုနေတာပဲ ကျွန်တော်လည်း ဆက်မမေးတော့ပေ ဆိပ်ကမ်းသာ လမ်းထိပ်ရောက်တော့ ကားရပ်ခိုင်းပြီး ကျွန်တော်ဆင်းခဲ့သည်။ သူကကျွန်တော်သွားခါနီးမှာ ကျေးဇူးတင်ပါ ကြောင်းနှင့် ကျေးဇူးဆပ်ရန် နာမည်နှင့်ဖုန်းနံပါတ် ပေးခဲ့ပါရန် တောင်းဆိုသည်။ ကျွန်တော် ဖုန်းနံပါတ်ပေးပြီး ပြန်လာခဲ့သည်။ ပြန်လာခဲ့ပေမယ့် ကျော်ကျော်လတ် တွေ့ကြုံခဲ့သည့် အဖြစ်ကို ကျွန်တော်သိချင် စိတ်ကပျင်းပြနေသည်။

ညပိုင်းရောက်တော့ သူကျွန်တော့ဆီကို ဖုန်းဆက်သည်။ ၃၉ လမ်းမှာ ရောက်နေပါကြောင်း နှင့် ကျေးဇူးတင်စကား အေးအေးဆေးဆေးပြောရန် လှမ်းခေါ်သည်။ ကျွန်တော်က သူနှင့်လည်း မရင်းနှီးသလို သူဘာဖြစ်ထားမှန်းလဲ ကျွန်တော်မသိသေး၊ အကယ်၍ ဆင်းသွားရင် . . . ။ ကျွန်တော် စဉ်းစားကြည့်ပြီး စာမေးပွဲရှိလို့ မဆင်းတော့ ဘူးလို့သူ့ကို လိမ်ပြောလိုက်သည်။ သို့သော် သူ ဘာဖြစ်ခဲ့တာလဲဆိုတာကို လည်းသိချင်သည်။ ထို့ကြောင့် သူအကြာင်းကို ဖုန်းထဲကပဲ မေးလိုက်တော့သည်။

သူပြောပြတဲ့ သူ့အကြောင်းက စိတ်ဝင်စားဖို့ ကောင်းပါသည်။ သူပြောတဲ့ သူ့အကြောင်းမှာ သတိထား ဆင်ခြင်စရာတွေ၊ ဆန်းကျယ်တဲ့ ကံကြမ္မာတွေ၊ ၀မ်းနည်းကြောက်လန့် စရာတွေကို ကျွန်တော်ခံစားသိရှိလိုက်ရသည်

ကျော်ကျော်လတ်ပြောတဲ့ သူ၏အဖြစ် အပျက်



ကျွန်တော်က ပန်းဆိုးတန်းလမ်းမှာ ဒေါ်လာ ၀ယ်ရောင်းလုပ် ပါတယ်။ အရင်က ဒေါ်လာမှုနဲ့ ထောင်သုံးနှစ် ကျဖူးတယ်။ အခု အိမ်မှာ ကျွန်တော်ရယ် ကျွန်တော့် အဖွားရယ် နှစ်ယောက်တည်းရှိတယ်။. အဖွားက ဆေးရုံတက်နေတာ။

ခါတိုင်းနေ့ တွေဆိုရင်တော့ ညီတစ်ယောက် လာပြီး ကူတယ်။ ပစ္စည်း(ဒေါ်လာများ ကို ပွဲစားများက ပစ္စည်းဟု ခေါ်ကြသည်) ကို ညီကို ပေးထားပြီး ကျွန်တော်က စကားပြောတယ်။ အရောင်းအ၀ယ် ဖြစ်မှ ပစ္စည်းကို ယူပေးတယ်။ အဲလို ပစ္စည်းတခြား လူတခြား ထားတော့ အန္ဒရယ်ကင်းတယ်။ ဖြစ်ချင်တော့ ညီက ဒီနေ့ ဒဂုံတက္ကသိုလ်မှာ ကျောင်းသွားအပ်တယ်။ အဲဒီတော့ ကျွန်တော် တစ်ယောက်တည်း။ ပစ္စည်းတွေလဲ ကျွန်တော့် လက်ထဲမှာ။

ညနေပိုင်းရောက်တော့ ကျွန်တော့်ဆီကို လူတစ်ယောက် FE လေးရာ လာဝယ်တယ်။ ကျွန်တော် ဆီက FE လေးရာ သူ့ကိုပေးလိုက်ပြီ။ သူ့ဆီက ပိုက်ဆံ တောင်းနေတုန်းမှာ လူသုံးယောက် ရောက်လာတယ်။

ကျော်ကျော်လတ် ဆိုတာမင်းလားတဲ့ ။ ဟုတ်ပါတယ်လို့ ပြောတော့

မင်းကို ငါတို့ ဋ္ဌာနက စစ်စရာရှိတယ် လိုက်ခဲ့လို့ ခေါ်တယ်

ကျွန်တော် အရင်က ဒေါ်လာမှုနဲ့ ထောင်တစ်ခါ ကျဖူးထားတော့ နောက်တစ်ခါ ထောင်ထပ်ကျမှာ အရမ်းကြောက်တယ်။ နောက်ပြီးတော့ အဖွားကလည်း ဆေးရုံတက်နေတာ။ ဒါကြောင့် ကျွန်တော် အခုအချိန်မှာ အဖမ်းခံလို့ မဖြစ်သေးဘူး။ ဒါကြောင့် ကျွန်တော်လွတ်မလားလို့ ထွက်ပြေးတယ်။ ကျွန်တော်ပြေးတော့ သူတို့ သုံးယောက် လိုက်လာကြတယ်။ ကျွန်တော် ပြေးရင်းပြေးရင်း မလွတ်တော့ ဘူးဆိုတာ သိလိုက်တယ်။ ဒါကြောင့် ဒေါ်လာထည့်ထားတဲ့ ပိုက်ဆံ အိတ်ကို ဆိပ်ကမ်းသာ လမ်းထိပ်မှာ လွင့်ပစ်လိုက်တယ်။

တကယ်လို့ အဖမ်းခံခဲ့ရရင်တောင်မှ ပစ္စည်းကို လက်ပူးလက်ကြပ် မမိဘူးဆိုရင် အမှုသက်သာ နိုင်တယ်လေ။ ဒါကြောင့် ပိုက်ဆံအိတ်ကို လွင့်ပစ်ခဲ့တာ။ ကျွန်တော့်ကို သူတို့ ဖမ်းမိတော့ ထိုးကြိတ်ပြီး Taxi ပေါ် တင်သွားတယ်။ သူတို့ကတော့ ခပ်တည်တည်နဲ့ စခန်းကို သွားမယ်ပြောတယ်။ ဒါပေမယ့် Taxi သမားကို မောင်းခိုင်းတာက သာကေသဘက်ကို။ ပြီးတော့ ကားပေါ်မှာ သူတို့က ပြောတယ်။

မင်းငါတို့ညှိမလား။ အမှုသက်သာမယ် စခန်းရောက်မှ ဆိုရင် ထောင်ကျလိမ့်မယ်လို့ ပြောတယ်။

ကျွန်တော်က လက်ထဲမှာ ပစ္စည်းမပါတာကြောင့် မညှိဘူးလို့ ပြောလိုက်တယ်။ နောက်တော့ သာကေတာ တံတားကျော် လူပြတ်တဲ့နေရာမှာ ရပ်ခိုင်းတယ်။ ပြီးတော့ ကားကိုပြန်လွတ်လိုက်တယ်။ ကားပြန်ထွက်သွားတာနဲ့ သူတို့ သုံးယောက်က ကျွန်တော့်ကို ၀ိုင်းပြီးထိုးကြိတ် တော့တာပဲ။ ပထမက အရောင်ဆောင်နေပေမယ့် နောက်တော့ သူတို့ အယောင်ဆောင်တွေ ဆိုတာ ပြောတယ်။ ပြီးတော့ ကျွန်တော့ဆီမှာ ရှိတဲ့ ပိုက်ဆံ အကုန်တောင်းတယ်။ ဆွဲကြိုးကို ဆွဲဖြတ်ယူတယ်။ ပြီးတော့ ကျွန်တော့် ဖုန်းကို ယူပြီး မနက်ဖြန် ပိုက်ဆံနဲ့ ပြန်လာရွေးလို့ ပြောတယ်။ ကျွန်တော်က တောင်းပန်တယ်။

အဲဒီဖုန်းက ကျွန်တော်ပိုင်တာ မဟုတ်ဘူး ငှားသုံးနေတာ လို့ ပြောနေတုန်းမှာ ဖုန်းဝင်လာတယ်။ ကျွန်တော့ကို ပေးမပြောဘူး။ သူတို့ထဲက တစ်ယောက်က တစ်ယောက်က ခပ်လှမ်းလှမ်းမှာ သွားပြောတယ်။ ပြီးတော့ ပြန်လာပြီး သူတို့ချင်း တိုးတိုးနဲ့ တိုင်ပင်တယ်။ နဲနဲလောက် တိုင်ပင်ပြီးတော့ ကျွန်တော့်ကို ဖုန်းပြန်ပေးပြီး ထွက်သွားကြတယ်။

သူတို့ ထွက်သွားပြီးတော့ ကျွန်တော်လည်း ဆိပ်ကမ်းသာလမ်းထိပ်မှာ ပိုက်ဆံအိတ်ကို ပြန်ရှာမလို့ ကားငှားပြီး အဲဒီနေရာက ထွက်ခဲ့တယ်။

သူတို့ နောက်ကို မြန်မာငွေ သုံးသိန်းကျော်နဲ့ ဆွဲကြိုးတစ်ကုန်း ပါသွားတယ်။ သူတို့ လာဖမ်းတုန်းမှာ ရောင်းနေတုန်းတန်းလှန်း FE လေးရာဖိုးက ပိုက်ဆံ မရလိုက်ဘူး။ ရှုင်းရှင်းပြောရရင် ကျွန်တော့်မှာ ဘာမှ မကျန်တော့ဘူ။ ကျွန်တော်ပစ်ထားခဲ့တဲ့ ပိုက်ဆံအိတ်ကို ပြန်ရရင်ရ မရရင် ဘ၀ပျက်ပြီ။

အဲလို ပိုက်ဆံကို ပြန်ရှာဖို့ သွားနေတုန်းမှာ အစ်ကိုဆီက ဖုန်းဝင်လာတယ်။ အစ်ကို ဖုန်းဆက်တော့ စောစောက အကောင်တွေ ပြန်လာပြီး ကျွန်တော့ကို ပြန်ဖမ်းမယ်လို့ ထင်နေတာ။ အစ်ကို ပိုက်ဆံအိတ် ပြန်ပေးမယ် ဆိုလို့ သာလာရတာ စိတ်ထဲမှာ သိပ်မယုံဘူး။ ပိုက်ဆံ အိတ်ကို လက်ထဲ ပြန်ရောက်မှပဲ စိတ်အေးနိုင်တာ။

ဘာပဲဖြစ်ဖြစ်ပါ။ ဆုံးသွားတာတော့ ဆုံးသွားတာပေါ့၊ ပစ္စည်းပြန်ရတာကို ကံကောင်းလှပါပြီ၊ လက်ထဲမှာ ပစ္စည်းရှိနေရင် ပြန်လည်ပတ်လို့ ရတာပေါ့။

ထိုနောက် သူသည် ကျွန်တော့်ကို အခါခွင့်သင့်လျှင် ကျေးဇူးပြန်ဆပ်ပါမည့် အကြောင်းပြော၍ ဖုန်းချသွားလေသည်။ ကျွန်တော်လည်း သူဖုန်းချ သွားပြီးမှ ပြန်စဉ်စားမိသည်။ တကယ်လို့သာ သူ့ကို ဖမ်းသွားသော လူဆိုးများသည် ပုစွန်ထောင်ဈေး အရှေ့တွင် ပိုက်ဆံအိတ်လာပေးမည့် ကျွန်တော့ကို စောင့်နေခဲ့မည်ဆိုလျှင် မည်သို့ ဆက်ဖြစ်မည်ကိုကား ကျွန်တော် မတွေးတတ်တော့ပါ


မှတ်ချက်။ ။ ဤဖြစ်ရပ်ကို ဖေဖော်ဝါရီ လအတွင်းအက ရေးခဲ့ပြီး ဖြစ်သော်လည်း တန်းလန်းကြီး လက်စပ်မသပ်ပဲ ထားခဲ့သည်။ ထို့ကြောင့် ယခုမှ တစ်ဖန် ပြန်လည် လက်စပ်သပ်ခြင်း ဖြစ်ပါသည်။



* * *

Read More...

Friday, July 20, 2007

အာဇာနည်ကုန်းသို့ တစ်ခေါက်

အာဇာနည်နေ့က အာဇာနည်ကုန်းမှာ သွားပြီး အလေးပြု ဖြစ်ခဲ့ပါတယ်။ တကယ်တော့ ကျွန်တော် ရန်ကုန်မှာ အာဇာနည်နေ့ လေးခုကို ကျော်ဖြတ်ခဲ့ ဖူးပါတယ်။ ဒါပေမယ့် အရင်က မရောက်ခဲ့ ဖြစ်ပါဘူး။ ဒီနှစ်မှပဲ အာဇာနည်ကုန်းကို ရောက်ဖြစ်ခဲ့တာပါ။

အာဇာနည်ကုန်းကို သွားဖို့ရာတွက် သူငယ်ချင်း တစ်ယောက်နဲ့ ဆူးလေက သုံးကား စီးခဲ့တယ်။ ရည်ရွယ် ချက်ကတော့ ရွှေတိံဘုရားကို တောင်ဘက် မုဒ်က တက်ပြီး အရှေ့ဘက်မုဒ်က ဆင်းမယ်ပေါ့။ တကယ်တန်း ရွှေတိံဂုံ ဘုရားကို ရောက်တော့ တောင်ဘက်မုဒ် ဓာတ်လှေကားမှာ ဘုရား လုံခြုံရေးတွေက စစ်ဆေးပါတယ်။ အဲဒီမှာ ကျွန်တော့ သူငယ်ချင်း ပါလာတဲ့ ကင်မရာကို ယူသွားလို့ မရဘူးဆိုပြီး ရစ်နေပါတယ်။ ကျွန်တော် တော်တော် လေ သွားတယ်။ ဘုရားပေါ် ကင်မရာ ယူလို့ မရဘူး ဆိုတာ တစ်ခါမှ မကြားဖူးသေးလို့ပါ။ အရင်ကလည်း ဒီလိုပဲ ကျွန်တော်တို့ ဘုရားပေါ်တက်ပြီး ဓာတ်ပုံရိုက် နေကြတာပဲလေ။ အခုမှ ထူးထူးဆန်းဆန်း လာလုပ်နေတယ်။ ကျွန်တော်လည်း စိတ်ချဉ် ပေါက်ပေါက်နဲ့ ဂေါပက ရုံးအဖွဲ့ကို ဖုန်းဆက်ပြီး စေဒက တက်ဦးမလို့ပဲ။ ဒါပေမယ့် အလုပ်မရှုပ်ချင် တာကြောင့် ဘုရားပေါ်က မတက်တော့ပဲ အာဇာနည်လမ်း အတိုင်း လျှောက်ခဲ့တယ်။

ဘုရား အရှေ့မုဒ်ကျော်တော့ လမ်းကြီးကို ပိတ်ထားတာ တွေ့လိုက်ရတယ်။ အဲဒီထိပ်မှာ စစ်သားတွေရော ရဲတွေရော စောင့်နေကြတယ်။ ကျွန်တော်တို့ သွားတော့ လမ်းပိတ်ထားတယ် ၀င်လို့မရဘူးတဲ့။ အာဇာနည်ကုန်း ပြည်သူ အလေးပြုချိန် မဖွင့်ပေးဘူးလားလို့ မေးတော့၊ M3 ဘက်ကနေ ၀င်ရမှာတဲ့ ဒီဘက် ဂိတ်က ပိတ်ထားတယ်တဲ့။

ဒါကြောင့် ကျွန်တော်တို့ ရွှေတိံဂုံဘုရား အရှေ့ဘက် မုဒ်ဘကနေ ဗဟန်းဈေး အရှေ့ ရေတာရှည် လမ်းဟောင်း၊ အဲဒီကနေ ရေတာရှည် လမ်းသစ်၊ ရေတာရှည် လမ်းသစ်ကနေမှ အနောက် ရွှေဂုံတိုင် လမ်းမကြီး ပေါ်ကို ရောက်ခဲ့ပါတယ်။ အနောက် ရွှေဂုံတိုင် လမ်းမကြီးမှာတော့ SB အဖွဲ့တွေရယ် NLD အဖွဲ့တွေရယ် ပျားပန်း ခတ်နေကြပါတယ်။

ကျွန်တော်တို့ အနောက်ရွှေဂုံတိုင်လမ်း M3 နားလေး ရောက်တော့ လမ်းပိတ်ထားပြီး စစ်ဆေးရေး ဂိတ်ဖွင့်ထားတာကို တွေ့ရပါတယ်။ အဲဒီမှာ ၀င်ပေါက်ကို မိန်းကလေး ၀င်ပေါက်နဲ့ ယောကျာင်္းလေး ၀င်ပေါက် နှစ်ပေါက် ခွဲထားတာကို တွေ့ရပါတယ်။ ယောကျာင်္းလေး ပေါက်ကို အမျိုးသား စစ်သားတွေ စစ်ဆေးပြီး မိန်းကလေး ၀င်ပေါက်ကို ရဲမေတွေက စစ်ဆေးပါတယ်။

ကျွန်တော်တို့ ၀င်မလို့ လုပ်တော့ ပစ္စည်းတွေ ဘောပင်က အစ ဘာမှ ယူသွားလို့ မရဘူး အကုန်လုံး အပြင်မှာ ထားခဲ့ရမယ်တဲ့။ အဲလို ကိုယ်နဲ့ ပါလာတဲ့ ပစ္စည်းတွေကို ဂိတ်က လက်ခံပြီး သိမ်းပေးထားမလား ဆိုတော့လည်း မသိမ်းပေးပါဘူးတဲ့။ ကိုယ့်ဟာကို အဆင်ပြေတဲ့ နေရာမှာ သွားထားပြီးမှာ ပြန်လာပါတဲ့။ ဒါကြောင့် အဲဒီနားက ဆိုင်တွေမှာ အပ်မယ်ဆိုတော့လည်း အဲဒီနားလေး တစ်လျှောက်က ဆိုင်တွေ အကုန်ပိတ်ပါတယ်။ ဒါကြောင့် မ၀င်ပဲ ပြန်လာရတော့ မလိုဖြစ်နေပါတယ်။ အဲဒီအချိန်မှာ ကံအားလျှော်စွာ အသိတစ်ယောက်ရဲ့ ကားဖြတ်သွားတာ တွေ့လိုက်လို့ သူ့ကားပေါ်ကို ပစ္စည်းတွေ အားလုံး တင်ပေးလိုက်ပါတယ်။

ကျွန်တော်တို့ စစ်ဆေးရေး ဂိတ်ရှေ့ကို တစ်ခါပြန်ရောက်တော့ တန်းစီပြီး တစ်ယောက်ပြီး တစ်ယောက် အ၀တ်ကာထားတဲ့ အထဲကို ၀င်ပြီး အစစ်ဆေးခံရပါတယ်။ အစစ်ဆေးခံ ဂိတ်ကို ကျော်တော့ ချက်ခြင်းသွားလို့ မရသေးပါဘူး။ မိန်းလေး ဆိုရင် မိန်းကလေး ဆယ်ယောက် ပြည့်အောင် စောင့်ရပါတယ်။ ယောကျာင်္းလေး ဆိုလည်း ယောကျာင်္းလေး ဆယ်ယောက် ပြည့်အောင် စောင့်ရပါတယ်။ အဲလို ဆယ်ယောက်ပြည့် ပြီဆိုမှ ဆယ်ယောက် တစ်သုတ်စီ လွတ်ပေးပါတယ်။

အာဇာနည်ကုန်း ၀င်ပေါက်ရောက်တော့ စစ်ဆေးရေး ဂိတ်တစ်ခုကို ထပ်တွေ့ရပါတယ်။ ကျွန်တော်တို့ ၀င်ပေါက်ထဲကို တန်းဝင်လို့ မရသေးပါဘူး။ ကျွန်တော်တို့ အရှေ့ကရောက်နှင့် နေပြီးသားလူတွေ ၀င်ပေါက်ဂိတ်မှာ စစ်ဆေးပြီးအောင် အပြင်ကနေ ရပ်စောင့်နေရပါတယ်။ ကျွန်တော်တို့ အရှေ့ကအဖွဲ့ တွေကို စစ်ဆေးလို့ ပြီးပြီဆိုမှ ကျွန်တော်တို့ အဖွဲ့ကို ထပ်သွင်းပါတယ်။ အဲဒီဂိတ်မှာကတော့ အသေးစိတ် ထပ်စစ်ပြီး နာမည် မှတ်ပုံတင်နံပါတ်နဲ့ နေရပ်လိပ်စာတွေ ပေးရပါတယ်။

ကျွန်တော်တို့ ဆယ်ယောက် အသုတ်မှာ ကျွန်တော်ရှေ့ဆုံးက ၀င်တာမို့ အရင်ဆုံး စစ်ဆေးခံ ပြီးပေမယ့် အာဇာနည်ဂူဗိမာန်ကို တခါတည်း တန်းသွားလို့ မရသေးပါဘူး။ ကျွန်တော်တို့ အသုတ်ထဲက လူတွေ အားလုံး စစ်ဆေးခံ ပြီအောင် စောင့်ရပါတယ်။ ဒါပေမယ့် သံဃာတော်တွေကို ဦးစားပေး စစ်ဆေးပေးတာကို တွေ့ပါတယ်။

အာဇာနည်ကုန်းတွင်းမှာ သစ်ပင်တွေ အမျိုးစားစုံ ပေါများပြီး အုံ့အုံ့ဆိုင်းဆိုင်းနဲ့ တွေ့ရပါတယ်။ ကျွန်တော်တို့ ကွန်ကရစ်လျှောက် လမ်းလေး အတိုင်း လျှောက်လာပြီး လှေကားထစ် ငါးထစ်လောက်ပါတဲ့ ပထမ လှေကားဆင့်ကို ကျော်ပြီးတော့ အာဇာနည် ဗိမာန်ကြီးကို ထင်ထင်ရှားရှား တွေ့ရပါတယ်။ အဲလို လေးကားထစ် ငါးခုလောက် ပါတဲ့ လှေကားဆင့် သုံးခုကို ကျော်ပြီး ချိန်မှာတော့ အာဇာနည် ဂူဗိမာန် အရှေ့ကို ရောက်သွားပါတယ်။

ဂူဗိမာန် အရှေ့မှာ အဖွဲ့အစည်း အသီးသီးနဲ့ အာဇာနည် မိသားစု ၀င်တွေ ချထားတဲ့ လွမ်သူ့ ပန်းခွေတွေကို အစီအရီ တွေ့ရပါတယ်။ အာဇာနည် ဂူဗိမာန်ကြီးဟာ ထုထည်ကြီးမားပြီး ခန့်ညှားတဲ့ ဗိသုကာ လက်ရာတစ်ခု ဆိုတာကို တွေ့မြင်ရပါတယ်။ ဂူဗိမာန်မှာ ကျဆုံးသွားတဲ့ အာဇာနည်တွေရဲ့ အမည်တွေကို သူ့နေရာအလိုက် ရေးထိုးတာ တွေ့ရပါတယ်။

ခဏလောက်နေတော့ ကျွန်တော့်တို့ ဆယ်ယောက် အုပ်စုကို တန်းစီပေးဖို့ မိုက်နဲ့ ကြေငြာပါတယ်။ အဲဒီနောက်မှာတော့ ဗိုလ်ချုပ်အောင်ဆန်း နှင့် တကွ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများကို အလေးပြုရန် အားလုံးသတိ ဆိုတဲ့ အသံ ထွက်လာပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ စတိတ် ကျောင်းသား ဘ၀က အလေးပြု ခဲ့ရတာကို ပြန်ပြီး အမှတ်ရပါတယ်။ နောက်တော့ ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်းကို အလေးပြု ဆိုတဲ့ အသံ ထွက်လာတော့ ကျွန်တော့ တစ်ညီတညာတည်း အလေးပြုလိုက်ကြပါတယ်။ နောက်တော့ သက်သာ ဆိုတဲ့ အသံ ထွက်လာပါတယ်။ အဲဒါနဲ့ တစ်ဆက်တည်းမှာပဲ နောက်လာမဲ့ ပြည်သူတွေ လာရောက် ဂါရ၀ ပြုဦးမှာ ဖြစ်တဲ့ အတွက်ကြောင့် တစ်ဖက် အပေါက်မှ ပြန်လည်ထွက်ခွာ ပေးဖို့ ကြေငြာ ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ရွှေတိံဂုံ မြောက်မုဒ် နားလေးက အပေါက်ကနေ ပြန်ထွက်ခဲ့ရပါတယ်။

ကျွန်တော်တို့လည်း အပြင်ရောက်ရော မိုးက သည်းကြီးမဲ ကြီး ရွာချပါတော့တယ်။

Read More...

Wednesday, July 18, 2007

အာဇာနည်များ အကြောင်း

အာဇာနည်နေ့မှာ ကျဆုံးခဲ့တဲ့ ခေါင်းဆောင်ကြီးတွေရဲ့ ရာထူးနဲ့ ဌာတွေကို ကျွန်တော်သိသလောက် ဖော်ပြလိုက်ပါတယ်။

ဗိုလ်ချုပ်
၁၉၁၅ - ၁၉၄၇

၁၉၁၅ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ (၁၂ရ၆ခု၊ တပေါင်းလဆန်း ၁ ရက်) စနေ့နေ့တွင် ဖွားမြင်ခဲ့ပါတယ်။ ဗိုလ်ချုပ် အကြောင်းကတော့ တော်တော်များ သိကြပြီး ဖြစ်တာကြောင့် ထူးထူးထွေထွေ မတင်ပြတော့ပါဘူး။



သခင်မြ
၁၉၈၇ - ၁၉၄၇

သခင်မြသည် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ၀န်ကြီးအဖွဲ့တွင် ပြည်ထဲရေး ၀န်ကြီးအဖြစ် တာဝန် ထမ်းဆောင်သည်။ ၁၈၉၇ ခု၊ အောက်တိုဘာလ ၇ ရက်၊ ကြသာပတေးနေ့ ည ၇ နာရီအချိန်တွင် ပြည်ခရိုင်၊ ထုံးဘိုမြို့၌ ဖွားမြင်သည်။ အဘ ဦဘိုးချွန်၊ အမိမှာ ဒေါ်သက်လယ်ဖြစ်သည်။ ငယ်မည်မှာ မောင်မြရွှေဖြစ်သည်။
၁၉၃၆ တွင် သခင်တစ်ယောက် ဖြစ်လာသည်။ စစ်အတွင်းတွင် အစိုးရအဖွဲ့ဝင် ၀န်ကြီး အဖြစ်လည်းကောင်း ဒုတိယ၀န်ကြီးချုပ် အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။


ဦးဘချို
၁၈၉၃ - ၁၉၄၇

ဦးဘချိုသည် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ၀န်ကြီးအဖွဲ့တွင် ပြန်ကြားရေး ၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်သည်။ ဦဘချိုသည် မြောင်းမြမြို့ ဆေးဆရာကြီး ဦးဘိုစော ဒေါ်စောမြစ်တို့မှ ၁၈၉၃ခု ဧပြီလ ၂၃ ရက်နေ့တွင် ဖွာမြင်သည်။
ဦဘချိုသည် ဒီဒုတ်ဂျာနယ်ကို ၁၉၅၂ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ ထိုဂျာနယ်ဖြင့်တွဲကာ ဦးဘချိုကို ဒီးဒုတ်ဦးဘချိုဟု အများက သိခဲ့ကြသည်။
သူ၏ ဒီးဒုတ်ဂျာနယ်သည် အမျိုးသား လွပ်လပ်ရေးတိုက်ပွဲ၊ အမျိုးသား ပညာရေး၊ အမျိုးသာ ယဉ်ကျေးမှု ထိန်းသိမ်းရေး တို့အတွက် ရှေ့တန်း အောင်လံဂျာနယ် တစ်စောင်ဟု သိခဲ့ကြသည်။
၁၉၂၇ ဇူလိုင်လ ၁၉ ရက်နေ့ နံနက် တွင် ခေါင်းဆောင်ကြီးများ နှင့်အတူ လုပ်ကြံခံခဲ့ ရပြီး မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် ကွယ်လွန်ခဲ့သည်။


ဦးရာဇတ်
၁၈၉၈ - ၁၉၄၇

ဦးရာဇတ်သည် ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သော အစိုးရအဖွဲ့တွင် ပညာရေးနှင့် အမျိုးသား စီမံကိန်းဌာန ၀န်ကြီး အဖြစ်ပါဝင်ခဲ့သည်။ မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥဒေရေးဆွဲရေး ကော်မတီဝင် တစ်ဦးလည်းဖြစ်သည်။
ဦးရာဇတ်ကို မတ္ထီလာမြို့ အငြိမ်းစားတိုက်ပိုင် အင်စပက်တော် မစ္စတာ အေရာမန်နှင့် ဒေါ်ငြိမ်းလှတို့က ၁၈၉၈ခု ဇန်န၀ါရီလ ၂၀ ရက်တွင် ဖွားမြင်သည်။
စစ်အတွင်းက ပိတ်ထားခဲ့သော အမျိုးသား ကျောင်းကြီးကို ၁၉၄၅ ခုနှစ်တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။


ဦးဘ၀င်း
၁၉၀၁ - ၁၉၄၇

ဦးဘ၀င်းသည် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော အစိုးရ အဖွဲ့တွင် ထောက်ပံ့ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန ၀န်ကြီးဖြစ်သည်။
နတ်မောက်မြို့တွင် အဖ ရှေ့နေဦးပါ ဒေါ်စုတို့မှ ၁၉၀၁ခု ဇွန်လ ၁၁ ရက်နေ့တွင် ဖွားမြင်ခဲ့သည်။ ဗိုလ်ချုပ် အောင်ဆန်း၏ အစ်ကို အကြီးဆုံး ဖြစ်သည်။ ၁၉၄၇ ခုနှစ်တွင် ထောက်ပံရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဌာန ၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ် တိုင်းပြု ပြည်ပြု လွှတ်တော် ဖွဲ့စည်ပုံအခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီတွင် လည်းပါဝင်ခဲ့သည်။


မန်းဘခိုင်
၁၉၀၃ - ၁၉၄၇

မန်းဘခိုင်သည် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော အစိုးရ အဖွဲ့တွင် စက်မှုလက်မှုနှင့် အလုပ်သမား ၀န်ကြီးဌာန ၀န်ကြီးအဖြစ် တာဝန်ယူခဲ့သည်။ ထို့အပြင် မန်းဘခိုင်သည် ကရင်နီ ခေါင်းဆောင်လည်း ဖြစ်သည်။
မန်းဘခိုင်ကို ဟင်္သာတခရိုင် ယုန်တလင်းရွာ တွင် ယုန်သလင်းရွာသူကြီး မန်းပေကုန်းနှင့် ဒေါ်ပုတို့က ၁၉၀၃ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ဖွားမြင်သည်။
၁၉၃၇ တွင် ပုသိမ်မြောက်ပိုင်းမှ အမတ်အဖြစ် အရွေးခံရသည်။ ဂျပန်တော်လှန်သည့် အချိန်တွင် ရွပ်ရွပ်ချွံချွံ ဆောင်ရွက်ခဲ့သည်။ ကရင် ဗမာ ချစ်ကြည်ရေးကို အထူးကြိုးပမ်းတည် ဆောက်ခဲ့သည်။


မိုင်းပွန်စော်ဘွားစ၀်စံထွန်း
၁၉၀၇ - ၁၉၄၅

မိုင်းပွန်စောဘွားစ၀်စံထွန်းသည် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော အစိုးရ အဖွဲ့တွင် အတိုင်ပင်ခံ တောင်တန်းဒေသ ၀န်ကြီး အဖြစ် တာဝန်ထမ်းဆောင်သည်။
မိုင်းပွန်စေားကြီး စ၀်ခွန်ထီးနှင့် မြောက်နန်းဆောင် မဟာဒေ၀ီ နန်းစိန်ဥတို့မှ ၁၉၀၇ ခု၊ မေလ ၃၁ ရက် သောကြာနေ့တွင် ဖွားမြင်သည်။
တိုင်းပြုပြည်ပြု လွှတ်တော်တွင် ပြည်ထောင်စုနှင့် ပြည်နယ်များဆိုင်ရာ ဆပ်ကော်မတီ လူနည်းစု ဆိုင်ရာ ဆပ်ကော်မတီ နှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေရေးဆွဲရေး ကော်မတီတို့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲသည်။


ဦးအုန်းမောင်
၁၉၁၃ - ၁၉၄၇

ဦးအုန်းမောင်သည် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော အစိုးရ အဖွဲ့တွင် လမ်းပန်းဆက်သွယ်ရေး အတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ရသည်။
မင်းဘူးမြို့ မစ္စတာ XW.တရပ်(တ်) ၀န်း ဒေါ်ရွှေမြင့်တို့မှ ၁၉၁၃ခု ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဖွားမြင်သည်။


ရဲဘော်ကိုထွေး
၁၉၂၉ - ၁၉၄၇

ရဲဘော်ကိုထွေးသည် ပညာရေးဝန်ကြီး ဦးရာဇတ်၏ သက်တော်စောင့်ဖြစ်သည်။
မန္တလေးမြို့ တောင်ပြင် သိပ္ပံရပ် ပင်စင်စား လယ်ယာစိုက်ပျိုးရေး ၀န်ထောက် ဦးကိုကိုလေး ဒေါ်မင်းရီတို့၏ ဆဌမမြောက် သားဖြစ်သည်။ န၀မတန်းအထိ ပညာသင်ကြားခဲ့ဘူးပြီး ကွယ်လွန်ချိန်တွင် အသက် ၁၈ နှစ်သာရှိသေးသည်


အထက်ပါ အကြောင်းအရများကို ၃၅ နှစ်မြောက် အာဇာနည်နေ့ အထိမ်းမှတ် စာအုပ်မှ ကူးယူဖော်ပြခြင်းဖြစ်သည်။ ယင်းစာအုပ်ကို အများဖတ်နိုင်ရန်အတွက် ကိုစစ်အိမ်မှ မအားသည့်ကြားမှာ အီဘုတ် စာအုပ် အဖြစ်ဖန်တီးပေးခဲ့သည်။ စာအုပ်ကို ဒီနေရာက ဒေါင်းလုပ်လုပ်ယူပါ

Read More...

Friday, July 13, 2007

ကြွေလွင့်သူ၏ နောက်ဆုံး ပုံရိပ်များ


သက်ပျောက်ဆွမ်းတရားနာ


ဒွေးမကွယ်လွန်မှီ ရက်ပိုင်းက ဟိုတယ်နီကိုးအနီး ကန်တော်ကြီးဘေးတွင် ရိုက်ထားသောပုံ


ဒွေးအတွက် လွမ်းသူ့ပန်းခွေများ


အစ်ကိုအတွက် ကြေကွဲနေတဲ့ သားညီ







မီးသဂြိုလ်ရန်သယ်လာစဉ်

Read More...

Tuesday, May 08, 2007

ထရိတ်ဖဲမှာ ဗုံးကွဲစဉ်က

အချိန်ကား ၂၀၀၅ ခုနှစ် မေလ ၇ ရက်နေ့ . . . . .

အဲဒီနေ့က ကုန်သွယ်မူဗဟိုဌာနမှာလုပ်နေတဲ့ ထိုင်းကုန်စည်ပြပွဲရဲ့ နောက်ဆုံးနေ့။ သတင်းစာထဲမှာ ထိုင်းရိုးရာ အစားသောက် ပြိုင်ပွဲရှိတယ်လို့ ပါတာကြောင့် ကျွန်တော်နှင့် အခြားသူငယ် ချင်းတစ်ယောက် အောက်ပုစွန် တောင်မှာရှိတဲ့ ကုန်သွယ်မူ ဗဟိုဌာနကို ရောက်လို့သွား ကြပါတယ်။
ကုန်သွယ်မူ ဗဟိုဌာနကို ရောက်တော့ လူတွေကလည်း တိုးလို့မပေါက်နိုင်အောင် စည်ကားလို့ နေပါတယ်။ ကျွန်တော်မှတ် မိသလောက် ပြန်ပြောရရင် အောက်ထပ်မှာ စာရေးကိရိယာတွေ ဒုတိယထပ်မှာ စလောင်းလိုမျိုး စက်ကိရိယာတွေ တတိယထပ်မှာတော့ ဖျော်ဖြေရေး စင်မြင့်နဲ့ လိုလိန်း လိုမျိုး အလှကုန် ပစ္စည်းတွေရောင်းပါတယ်။ အဲဒီမှာ အလှကုန်ပစ္စည်း ဘယ်လောက်ဝယ်ရင် အလှပြင်ခ ဘယ်လောက်ဖိုးတန် အလှပြန်ပြင်ပေးမယ် ဆိုတာမျိုးတာတွေနဲ့ ပရိုမိုးရှင်းလုပ် ဆွဲဆောင်နေတာကို တွေ့ရပါတယ်။ အပေါ်ဆုံးထပ်မှာတော့ အလှကုန်ပစ္စည်းတွေကိုပဲ အဓိကထားရောင်းတယ် ထင်ပါတယ်။
ကျွန်တော်နဲ့ အတူပါလာတဲ့ ကောင်က ဖျော်ဖြေးရေး စင်မှာ ဖက်ရှင်အလှ ပြတာတွေ ကြည့်ချင်တယ်ဆို တာကြောင့် ခဏထိုင်ကြည့် နေကြပါသေးတယ်။ ဒါပေမယ့် အဓိကလာတဲ့ ရည်ရွယ်ချက် ဖြစ်တဲ့ ထိုင်းအစားသောက် ပြိုင်ပွဲလုပ်တဲ့ နေရာကို ရှာရဦးမှာ ဖြစ်တဲ့ အတွက် သူငယ်ချင်းကို ခေါ်ပြီး ထိုင်းအစားသောက် ပြိုင်ပွဲလုပ်တဲ့ နေရာကို လိုက်ရှာဖို့ရာ ထွက်လာခဲ့ပါတယ်။ အပေါ်ထပ်ရောက်တော့ လည်းမတွေ့ ဒါနဲ့ပဲအောက်ထပ်ကို ဆင်းပြီးပြိုင်ပွဲလုပ်တဲ့ နေရာကို လိုက်ရှာကြည့်ပါတယ်။ ဒါပေမယ့် မတွေ့ပါဘူး။ ဒါနဲ့ပဲ သူငယ်ချင်းက မောဒယ်ရှိုး လျှေက်တာကို ကြည့်ချင်တယ် ဆိုတာကြောင့် ဖျော်ဖြေရေး စင်မြင့်ရှိရာ သုံးထပ်ဆီကို ဦးတည်သွားခဲ့ ကြပါတယ်။
လှေခါးတက်ခါနီးမှာ စာရေးကိရိယာ ဆိုင်က ပစ္စည်းလေးတွေကို စိတ်ဝင်စားတာကြောင့် ၀င်ကြည့်နေတုန်း ပြင်းထန်တဲ့ ပေါက်ကွဲသံ ကြီးကို ကြားလိုက်ရတယ်။ ပေါက်ကွဲ သံကြီးကြောင့် ကျွန်တော်တို့ ကြက်သေသေနေတုန်း နောက်ဆက်တွဲ သေနတ်ပစ်သံလို အသံတွေ ထွက်လာတယ်။ ကျွန်တော်နဲ့ ပါလာတဲ့ ကောင်က ဟေ့ကောင် သေနတ်နဲ့ ပစ်နေတာ ၀ပ်ဝပ်ဆိုပြီး စာရေးကိရိယာ ရောင်းတဲ့ ကောင်မလေးတွေကြားကို ဒိုင်ဗင်ထိုး ၀င်သွားတယ်။ ဘယ်ကမှန်း မသိတဲ့ ပေါက်ကွဲ သံကြောင့် အားလုံးက ကြက်သေသေနေတုန်း အပေါ်ထပ်က လူတွေက ၀ရုံးသုန်းကား ပြေးဆင်း လာကြတယ်။
အဲဒီအချိန်မှာ အဆောက်ဦးကြီး ပြိုကြပြီးပိမိ သွားနိုင်တယ်။ ဒါကြောင့် စာရေးကိရိရောင်းတဲ့ ကောင်မလေးတွေကြားမှာ ၀ပ်နေတဲ့ ကောင်ကို လက်ဆွဲခေါ်ပြီး အပြင်ဘက်ကို ပြေးထွက်လိုက်တယ်။ ကျွန်တော်တို့ ဆင်ဝင်အောက်ကို ရောက်စဉ်မှာ လူတွေသိပ်မရှိဘူး။ အပြင်မှာ မိုးကလဲစိတ်စိတ် ရွာနေတယ်။ ကျွန်တော်အပေါ်ကို မော့ကြည့်လိုက်တော့ သုံးထပ်က မှန်တွေအားလုံးကွဲနေပြီ။ မှန်ကွဲစတွေကလဲ မိုးရွာသလို တဖွဲဖွဲ ပဲ့ကြနေတယ်။ အဲဒီမှန်ကွဲတွေ အဖွာလိုက် အဖွာလိုက် ကျလာတဲ့ အသံတွေက ဗီဒီယို ဇာတ်ကားတွေထဲက စက်သေနတ် ပစ်သံတွေလိုပဲ။
ကွဲနေတဲ့ မှန်ကွဲတွေ

ကျွန်တော် အပေါ်ထပ်ကို ကြည့်နေရာကနေ ဆင်ဝင်ဘက်ကို ပြန်လည့်ကြည့်လိုက်တော့ ဆင်ဝင်အောက်မှာ လူတွေက ပြုံနေကြပြီ။ အရှေ့က ပြေးထွက်တဲ့လူက မောက်လျှက်လဲ။ အဲဒီလူပေါ် ကိုနောက်လူက ထပ်ပြီးလဲ။ အဲလိုနဲ့ ဆင်ဝင်မှာ လူတွေ ထပ်ပြီး ပိတ်မိနေကြတယ်။ အဲဒီအချိန်မှာ အမျိုးသမီး တစ်ယောက်က သူ့ရဲ့ ကလေးပျောက်လို့တဲ့ ငိုနေတယ်။ ပြုံထွက်လာတဲ့ လူတွေကို ကျွန်တော် ဓာတ်ပုံရိုက်နေတုန်းမှာ သွေးတွေရဲ နေတဲ့လူငယ် တစ်ယောက် ရောက်လာတယ်။ သူခေါင်းမှာ သွေးတွေနဲ့ ရဲနေပြီ။ သူမျက်နှာနဲ့ ကိုယ်ခန္ဒာကိုယ် အနှံ့မှာ မီးသွေးခဲလို မဲမဲအတုံးလေးတွေ ကပ်နေတယ်။ သူရဲ့ ဘောင်းဘီနဲ့ အင်္ကျီတွေကလဲ စုတ်ပြဲနေတယ်။ ပြီးတော့ သူရဲ့ သွေးပေနေတဲ့ လက်ကြီးနဲ့ ကျွန်တော့ကို လမ်းဆွဲပြီး သူ့ကို ဓာတ်ပုံရိုက်ခိုင်းတယ်။

အရှေ့ကလူပေါ်ကိုနောက်ကလူကထပ်လျှက်လဲ


ဓာတ်ပုံရိုက်ခိုင်းတဲ့လူ

ကျွန်တော်သူ့ကို အပေါ်မှာ ဒါဏ်ရာရတဲ့ လူတွေရှိသေးလားလို့ မေးတော့ ရှိသေးတယ် အများကြီးပဲတဲ့။ နောက်တော့ သူ့လို အ၀တ်စား အစုတ်တွေနဲ့ သူတောင်းစားလို လူတွေတော်တော် များများ ပြေးထွက်လာတဲ့ လူတွေကြားထဲမှာ ပါလာတွေ့ရတယ်။ သူတို့ပုံတွေက အ၀တ်စားတွေ စုတ်ပြတ်နေပြီ တကိုယ်လုံးကို အိုးမဲနဲ့ သုတ်ထားသလို မဲနေတယ်။ သူတို့တွေ အားလုံးမှာ တူညီတဲ့ အချက်က အဲလိုလူတွေမှာ မီးသွေးခဲလို အခဲလေးတွေက သူတို့ရဲ့ ကိုယ်ခန္ဒာအနှံ့မှာ ကပ်ညှိနေကြတယ်။
ဗုံးကွဲတဲ့ အထပ်


ကျွန်တော် ဗုံးကွဲတဲ့ အထပ်ကို ပြန်မော့ကြည့်လိုက်တာ့ လိုလိန်းက ၀န်ထမ်းတွေက လူတွေပြေးလွားနေတာကို အပေါ်ထပ်ကနေ အေးအေးဆေးဆေး ကြည့်နေကြတယ်။ ကျွန်တော်လဲ အပေါ်ထပ်ကို တက်ကြည့်ဖို့ ရာအတွက် ဘေးက ပေါက်ရှိရာကို သွားခဲ့တယ်။ ကျွန်တော်နဲ့ ပါလာတဲ့ ကောင်က အပေါ်ကို ဆက်မတက်ဖို့ ပြောတယ်။ ကျွန်တော်ကလဲ မင်းကြောက်ရင် မလိုက်ခဲ့ နဲ့ဆိုပြီး အပေါ်ထပ်ကို ဘေးလှေကားက နေတက်ခဲ့တယ်။
ဗုံးကွဲတဲ့ အထပ်ကိုရောက်ပါပြီ။ စောစောက ခမ်းနားလှပစွာ တန်ဆာဆင်ထားတဲ့ အရာတွေ အားလုံးက ကြမ်းပြင်ပေါ်မှာ မွစာကြဲပြီ။ အဖိုးတန်ဆိုတဲ့ ဆိုပြီး အလုအယက် တိုးဝေးကြည့်နေ ကြတဲ့ အလှကုန် ပစ္စည်းတွေ အလကား ကောက်မဲ့လူတောင် မရှိတာ့ဘူး။ ဗုံးကွဲတဲ့ အထပ်မှာ ရမ်းငွေ့တွေ ထောင်းနေတယ်။ အငွေ့တွေကြောင့် အဝေးကြီးကို မမြင်ရဘူး။ မျက်နှာကျက်ကို မော့ကြည့်လိုက်တာ့ စုတ်ဖွာကြဲနေတယ်။ အဲဒီအချိန်မှာ ကျွန်တော်ရယ် သူငယ်ချင်းရယ် ဒါဏ်ရာကြေင့် မထနိုင်တော့တဲ့ သူတွေရယ်ကလွဲရင် ဘယ်သူမှ မရှိဘူး။
ကျွန်တော် ရှေ့ကို တဖြေးဖြေးချင်း လျှေက်လာတယ်။ ကျွန်တော်နဲ့ ငါးပေလောက် အကွာမှာ သူတောင်းစာလို မဲညစ်ပြီး အ၀တ်တွေ စုတ်ပြဲနေတဲ့ အမျိုးသမီး နှစ်ယောက်လဲ ကျနေတယ်။ သေချာကြည့်လိုက်တာ့ တစ်ယောက် ခါးအောက်ပိုင်းမရှိဘူး။ တစ်ယောက်က ခြေတစ်ဖက်မရှိဘူး။ ကျွန်တော် ထင်တယ် သူတို့သေနေပြီ။ ကျွန်တော်ဓာတ်ပုံ ရိုက်ဖို့ ပြင်လိုက်တယ်။ ကင်မရာ မော်နီတာမှာ သူတို့ကို ကြည့်နေတုန်း ခြေတစ်ဘက်မရှိတဲ့ အမျိုးသမီး ရုတ်တရက် ထထိုင်လာတယ်။ သေနေပြီထင်တဲ့ လူကထထိုင်လာတော့ ကျွန်တော် တော်တော် လန့်သွားတယ်။ ပြီးတော့ သူ့ကိုဆေးရုံပို့ပေးပါလို့ ကျွန်တော့ကို ပြောတယ်။ အဲဒီအချိန်မှာ ဝေါ်ကီတော်ကီ ကိုင်ထားတဲ့ အရပ်ဝတ်နဲ့ လူတစ်ယောက် ပြေးတက်လာတယ်။ ပြီးတော့ စောစောက အမျိုးသမီးနှစ်ယောက် ကိုချက်ခြင်း ပို့ပေးပါမယ့် အကြောင့် နှစ်သိမ့်တယ်။ ပြီးတော့ ရှေ့ဆက်သွားကြည့်ဖို့ ကျွန်တော့ကို အဲဒီလူက ဖော်ညှိတယ်။ ကျွန်တော်ခေါင်းညီမ့် ပြလိုက်တယ်။ ဒါပေမယ့်သူ ဆက်မသွားဘူး။ ဒါကြောင့် ကျွန်တော်က ဦးဆောင်ပြီး အရှေ့ကို ဆက်လျှေက်ခဲ့တယ်။ ဗုံးပေါက်ကွဲတဲ့ နေရာတည့်တည့် အပ်ါက မျက်နှာကျက်က အောက်ကို စောင်းကျနေတယ်။ ပလပ်စတစ် ခုံတွေကကလဲ တုန်းလုံးပက်လက်။ အဲလိုတုံးလုံးပက်လက်နဲ့ လှဲနေတဲ့ ခုံတွေနဲ့ အတူ လူတချို့လဲ လဲကျနေကြတယ်။
ပလပ်စတစ်ခုံကျိုးတွေ ကြားထဲမှာ လူတစ်ယောက်က ငုတ်တုတ်ကြီး ထိုင်နေတယ်။ သူရဲ့ အနောက်မှာက ဟောင်းလောင်း ပေါက်ပွင့်သွားတဲ့ မှန်နံရံကနေ အလင်းရောင် ၀င်နေတာကြောင့် သူထိုင်နေတယ် ဆိုတာလွဲရင် ကျန်တာကို သဲသဲကွဲကွဲ မမြင်ရဘူး။ ဒါနဲ့ အနီးကပ်တိုး ကြည့်လိုက်တော့ ခါးအောက်ပိုင်းမရှိတော့ဘူး။ ကိုယ်တစ်ပိုင်း ပြတ်ပြီး တည်လျှက်သား ဖြစ်နေတာ။ သူ့ရဲ့ အောက်ခြေနားမှာ သွေးတွေက ယိုနေတဲ့ဘူးထဲက ထွက်ကျနေတဲ့ ရေတွေလို အိုင်ဆင်းနေတယ်။ အဲဒီအချိန်မှာ အရှေ့ဘက်ခြမ်းက မျက်နှာကျက် အိပြီးပြိုဆင်းလာတယ်။ ဒါကြောင့် ကျွန်တော်တို့ ပြန်လည့်ပြေးခဲ့တယ်။ အောက်ထပ်ကို ဆင်းတဲ့ လှေကားထိပ်ကို ကျွန်တော်တို့ ရောက်တော့ မျက်နှာကျက် ပြိုဆင်းလာတာ ရပ်သွားတယ်။ ဒါပေမယ့် ကျွန်တော် ဆက်မကြည့်တော့ဘူး အောက်ထပ်ကို ပြန်ဆင်းခဲ့တယ်။ အဲဒီတော့မှ ရဲတွေကြက်ခြေနီတွေ မီးသတ်တွေ ပြေးတက်လာကြတယ်။
ကျွန်တော်တို့ ဆင်ဝင်အောက်ကို ပြန်ရောက်တော့ လူတွေကို သက်ဆိုင်ရာက် ရှင်းထားပြီးပြီ။ တော်တော်များများကတော့ ကားလမ်းတစ်ဘက်ကနေ အုံကြည့်နေကြတယ်။ အထဲကနေ ထွက်လာတဲ့ ကျွန်တော်ဆီကို အမျိုးသမီး တစ်ယောက်ပြေးလာပြီး အပေါ်မှာ ကလေးတစ်ယောက်မတွေ့ မိဘူးလား လို့ငိုယိုရင်း လာမေးတယ်။ မတွေ့ခဲ့ဘူး ဒါပေမယ့် တက်ကြည့်ပေးမယ်ဆိုပြီး ပြန်တက်မယ်လုပ်တော့ စစ်သားတွေက ကျွန်တော့ကို အတက်မခံတော့ဘူး။ အဲဒီချိန်မှာပဲ အပေါ်ကနေ ဒါဏ်ရာရသူတွေကို တစ်ယောက်ပြီးတစ်ယေက်သယ် ချလာတာကို တွေ့ရတယ်။
လမ်းမပေါ်မှာလဲ ခရာသံတွေဆူညံနေတယ်။ မိုးကတော့ စိတ်စိတ်လေးရွားတုန်းပဲ။ လူစုကွဲတဲ့ သူတွေက အဆောက်ဦးကြီးကို ကြည့်ပြီးငိုနေကြတယ်။ ခမ်းနားထည်ဝါမှုတွေ လှပမှုတွေ ပျော်ရွင်မှုတွေ စည်းကားမှုတွေအား လုံးက စုတ်ပြတ်သတ်မှုတွေ အကျဉ်းတန်းမှုတွေ ကြောက်ရွံ့မှုတွေ ဆီသို့ ရုတ်ချည်းပြောင်းလဲ သွားကြပြီ။ ကျွန်တော်လဲ ရုတ်ရုတ်သဲသဲ ဖြစ်နေတဲ့ အဆေက်ဦးကြီး ကြောခိုင်းကာ အိမ်ကို ပြန်ခဲ့တယ်။


စာကြွင်း ။ ။ ဒီနေ့ဆိုရင် အဲဒီဗုံးကွဲတာ နှစ်နှစ်ပြည့်ခဲ့ပြီ။ ယင်းနေ့တွင် ထရိတ်ဖဲ အပါဝင် ဒဂုံစင်တာ ဂျမ်းရှင်အိတ် စင်တာ တို့တွင် တပြိင်နက် သုံးနေရာပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီ လူ ၁၁ ဦးပွဲခြင်းပြီးသေဆုံးကာ လူ ၂၀၀ ကျော်ဒဏ်ရာရကာ လူ ၁၆၀ ကျော်မှာ ဒဏ်ရာပြင်းထန်၍ ဆေးရုံတင်ခဲ့ရသည်။
ယင်းသုံးနေရာ ပေါက်ကွဲမှုကြောင့် ဆေးရုံမှာသေသူနှင့် ပေါင်းလျှင် အနည်းဆုံး လူ ၃၀ ကျော်ရှိကြောင်း သိရသည်။
သွားသတိလာသတိ ထားကြပါ။ အာလုံး အဒီလို အဖြစ်ဆိုမျိုးနောက်ထပ် မကြုံပါစေနဲ့လို့ ဆုတောင်းပေးလိုက်ပါတယ်

Read More...