Art is My Life: မုန်တိုင်း
Showing posts with label မုန်တိုင်း. Show all posts
Showing posts with label မုန်တိုင်း. Show all posts

Friday, June 27, 2008

HMY Update

ဆောက်လုပ်ပြီးစီး

ပြင်ကနုကုန်း (C-5)
ပြင်ကနုဝ (C-5)
ကုက္ကိုလ် (S-39)
ကျောင်းစု- ရွှေကျွန်းသာ (S-25)
ကညင်တပင် (S-9 C-4)
ရခိုင်ကုန်း (C-6)
သိုင်းချောင်း (S-23)
မလေးကြီးကုန်း (S-6)
ကန့်ဘလာတစ်ပင် (C-6)
ဆင်ကွင်း (S-6)


ဆောက်လုပ်နေဆဲ

ဒေါင့်ချောင်း (S-9)
အထက်စု (C-5)
ဒရယ်ဖြူ (S-5)


နောက်ဆုံးဆောက်လုပ်မည့်ရွာ

ဆိပ်ကလေး (S-29)
ချောင်းကြီး (-)


ဆိပ်ကလေးက မနက်ဖြန် စဆောက်ပါမယ်။ ဆောက်လုပ်နေဆဲ ရွာတွေက ပစ္စည်းတွေ ချထားပေးပြီးသားပါ။ တချို့က လာမတိုက်သေးတာ၊ တချို့က ပြီးမပြီး အကြောင်းမပြန်သေးတာပါ။ ကျွန်တော့်ဆီကို လှူထားပါတယ်ဆိုပြီး အီးမေးလ်တွေ ပို့ထားတာ တွေ့ရပါတယ်။ ဒါပေမယ့် ကျွန်တော် လက်ခံ မရရှိသေးတာတွေလည်း ရှိနေပါတယ်။ ဒါကြောင့် ဒီနေရာမှာ [Donor List] ကျွန်တော်တို့ လက်ခံ ရရှိတဲ့ အလှူရှင် စာရင်းကို ကြည့်ပြီး ကိုယ့်နာမည် မပါသေးရင် ကျွန်တော်တို့ကို အမြန်ဆုံး ဆက်သွယ်စေလိုပါတယ်။ နောက်ဆုံး ကောက်ခံရရှိတဲ့ အလှူငွေ စုစုပေါင်းက ၂၉၇၀၅၂၅၀ ကျပ် ဖြစ်ပါတယ်။ http://myanmargidai.wordpress.com ကလည်း နောက်ထပ် သိန်းသုံးဆယ်ကျော် လှူဒါန်းမယ်လို့ သိရပါတယ်။

Read More...

Wednesday, June 18, 2008

ကမ္ဘာမီးလောင်သားတောင်ချနင်း

ရေတွေတက်လာတော့ ခါးတောင်းကို မြှောင်အောင်ကျိုက်ပြီး ကျွန်တော်အိမ်ခေါင်မိုးပေါ်တက်နေတာ။ ရေကလဲ အိမ်ခေါင်မိုးအထိ တက်တယ်။ လိုင်းပုတ်လို့ အိမ်လည်းပြိုရော ကျွန်တော်လဲ ကူးမိကူးရာ ကူးလိုက်တာ နောက်ဆုံးတော့ ရွာထဲက အုန်းပင်တစ်ပင်ကို ဖက်မိသွားတယ်။ ကျွန်တော် အုန်းပင်ကို ဖက်ထားတုန်းမှာ အနောက်လည့် ကြည့်လိုက်တော့ ကျွန်တော့် ခါးထောင်းမြှောင်စကို မိန်းမကြီးတစ်ယောက်က ဆွဲထားတယ်။ အဲဒီအနောက်မှာ လူရှစ်ယောက်လောက် ရှိတယ်။ အတန်းလိုက်ကြီးပဲ။ ကျွန်တော်လဲ ဘာရမှာလဲ ပုဆိုးကိုချွတ်ချပေးလိုက်တယ်။ အဲဒီလူတွေအားလုံး ရေထဲကို မြောသွားရော . . . .

သူကြုံတွေ့ခဲ့ရစဉ်က အဖြစ်အပျက်ကို အားရပါးရ ပြန်ပြောပြသည်။ သူပြောသည့်လေသံက ၀မ်းနည်းမှုစိုးစဉ်းမျှ မရှိ။ သူ့ပုဆိုးစကို ဆွဲထားသူများကို ဖြုတ်ချနိုင်လိုက်သည်ကိုပင် အောင်မြင်မှုတစ်ခုလို ပြောပြနေသည်။ ငါပုဆိုးကို ဖြည်ချလိုက်လို့ ရေထဲမျှောပါသွားသော သူများသည် သက်ရှိလူသားဖြစ်သည်ကိုလည်း သတိပြုမိပုံ မပေါ်ပေ။

· * * * *

လေတွေတိုက်ပြီး ရေတွေတက်လာတော့ အခြေအနေ မကောင်းတော့ဘူးဆိုတာကို သိလိုက်ပြီ။ အဲဒါကြောင့် ကျွန်တော်တို့ မိသားစုအားလုံး လှေပေါ်ကိုတက်ပြီး လှေကိုသိမ်ကျောင်းနဲ့ ချည်ထားလိုက်တယ်။အဲဒီလို လှေကို သိမ်ကျောင်းမှာ ချည်ထားတာက အစပိုင်းမှာ အဆင်ပြေပေမယ့် လေတိုက်အားက အားကောင်းတော့ သိမ်ကျောင်းနဲ့ လှေနဲ့ကို ရိုက်နေသလို ဖြစ်နေတယ်။

အမေက ပြောတယ်။ ငါ့သား လှေကို ကြိုးဖြုတ်လိုက်တော့ ကြာရင်လှေကွဲတော့မယ်တဲ့။ အဲဒါကြောင့် ကျွန်တော်လှေကို ကြိုးဖြုတ်လိုက်တယ်။ လှေကိုကြိုးဖြုတ်လိုက်တယ်ဆိုရင်ပဲ လှေက လှိုင်းပုတ်အားကြောင့် မှောက်သွားတယ်။ လှေမှောက်သွားတော့ ညီရယ် သူ့မိန်းမရယ် သားသမီးတွေရယ် ရေထဲကို မျှောသွားကြတယ်။ ကျွန်တော်နဲ့ ရယ်အဖေရယ် အမေရယ်က ပလပ်စတစ် ပုံးကြီးတစ်ပုံကို ကိုင်ပြီး အတူတူ ကူးကြတယ်။

ငါးဂါလန်ဝင် ပလပ်စတစ်ပုံးလေး တစ်ပုံက လူသုံးယောက်လုံးကို မနိုင်ဘူးလေ။ အဲဒါကြောင့် ကျွန်တော်က အလယ်ကနေပြီး ပလပ်စတစ်ပုံးကြီးကို ဖက်ထားတယ် အမေက ကျွန်တော့်ရဲ့ ညာဘက်လက်မောင်းကို ဖက်ပြီး ကူးတယ်။ အဖေက ကျွန်တော့် ဘယ်ဘက်လက်မောင်းကို ဖက်ပြီးကူးကြတယ်။

ညကလည်းမှောင် လှိုင်းတွေကလဲ ပုတ် လူတွေလဲ ဘယ်ရောက်လို့ ရောက်နေမှန်းမသိဘူး။ အဲလိုကူးရင်း ကူးရင်း နဲ့ မေက ပြောတယ် သူလိုက်မကူးနိုင်တော့ဘူးတဲ့။ သူ့ကို လွှတ်လိုက်ပါတော့တဲ့။ အစကတော့ ကျွန်တော်လဲ မလွတ်ဘူးဆိုပြီး အတွင်းဆွဲပြီး ကူးသေးတယ်။ ဒါပေမယ့် သူဆက်မကူးနိုင်တော့ ရေထဲမှာ တရွှတ်တိုက်လိုက်သလို ဖြစ်နေတယ်။ အဲဒါကြောင့် မတတ်နိုင်တဲ့အဆုံး အမေ့ကို လက်လွတ်လိုက်ရတယ်။

အမေ့လက်ကို ကျွန်တော့်လက်ကနေ လျှော့ချပြီး ဖြေးဖြေးချင်းကျွန်တော့်လက်ကနေ လွတ်လိုက်ရတယ်။ ကျွန်တော် မေ့ကို လက်ကနေ ဖြေးဖြေးချင်း လွှတ်လိုက်ရတာကို အခုအထိ မေ့လို့မရဘူးဗျာ။

ဆိုပြီး သူစကားစကို ဖြတ်လိုက်သည်။ ထို့နောက် မျက်နှာတွင်စီးကျနေသော မျှက်ရည်များကို သုတ်လိုက်သည်။ ထို့နောက် ပြာမလော့မြစ် ဘက်ဆီသို့ ငေးကြည့်ရင်း

ခဏလောက်ကြာတော့ အဖေက မေးတယ် မင့်အမေရောတဲ့။ မကူးနိုင်လို့ လက်လွှတ်လိုက်ရပြီ အဖေလို့ ပြောတော့၊ မင့်အမေမပါရင် ငါလဲ မလိုက်တော့ဘူးကွာ ငါ့လက်ကိုလွှတ်တဲ့။ အဖေနဲ့ အမေက ဆယ်နှစ်ကွာတယ်။ ဒါပေမယ့် သူတို့က ငယ်ချစ်တွေဆိုတော့ အရမ်းချစ်ကြတယ်လေ။ ကျွန်တော်က ပြောတယ်။ တောင်းပန်ပါတယ် အဖေရယ် အမေ့ကိုလဲ လက်လွှတ်ခဲ့ရပြီးပြီး အဖေကိုတော့ ကျွန်တော်လက် မလွှတ်ပါရစေနဲ့လို့ တောင်းပန်တယ်။ ကျွန်တော် တောင်းပန်ပေမယ့် မင့်မေမပါရင်တော့ ငါမလိုက်ဘူးဆိုပြီး ကျွန်တော့်လက်ကနေ အတင်းရုန်းပြီးထွက်သွားတယ်။

ခဏလောက်ကြတော့ ကျွန်တော် သစ်ကိုင်းတစ်ကိုင်းကို စမ်းမိတယ်။ အဲဒီစမ်းမိတဲ့ သစ်ကိုင်းကိုတွယ်ပြီး သစ်ပင်ပေါ်ကို တက်ခဲ့ရတယ်။ အဲလိုနဲ့ ကျွန်တော် အသက်ရှင်လာတာ။ တကယ်လို့များသာ အမေ့ကို နည်းနည်းလေးလောက် တွဲပြီးကူးနိုင်ခဲ့ရင် အမေရော ဖေရော သေမှာ မဟုတ်ဘူး။

လေမုန်တိုင်းတိုက်တဲ့နေ့က ကျွန်တော်တို့ မိသားစုက ဆားကွင်းထဲမှာ။ အလုပ်သမားတွေပါ အားလုံးပေါင်းရင် လူနှစ်ရာကျော်လောက်ရှိတယ်။ ပထမတော့ အိမ်မပြိုလောက်ဘူးဆိုပြီးတော့ ဆားကွင်းထဲက အိမ်ပေါ်မှာ စုပြီးတက်နေကြတယ်။ နောက်တော့ အိမ်ပြိုသွားတယ်။ အိမ်ပြိုပြီဆိုတော့ အိမ်ပေါ်မှာနေတဲ့ လူတွေအားလုံးက ရေထဲကိုမျှောတော့တာပဲ။ ကံဆိုးချင်တာက အိမ်ပြိုတဲ့အချိန်မှာ မှောင်နေပြီ။ လေကတိုက် မိုးကရွာဆိုတော့ ဘာကိုမှ မမြင်ရတော့ဘူး။ လေအရှိန် လှိုင်းအရှိန်ကြောင့် အဲဒီအချိန်မှာ ရေကူးလို့လဲမရတော့ဘူး မျှောချင်ရာမျှောတော့ ကံကြမ္မာအတိုင်းပဲဆိုပြီး သတိထားပြီး ကူးနေရတယ်။

ရေကူးပြီးတစ်နာရီလောက်အကြာမှာ လျှပ်စီးလက်တယ်။ ကံကောင်းတယ်ပဲ ပြောရမလားမသိဘူး လျှပ်လက်တဲ့အချိန်မှာ ထွက်လာတဲ့ အလင်းရောင်ကြောင့် ကျွန်တော်ဟာ သစ်ပင်တစ်ပင်အောက်မှာ ရောက်နေတယ်ဆိုတာ မြင်လိုက်ရတယ်။ အဲဒါကြောင့် မြင်လိုက်ရတဲ့ သစ်ကိုင်းကို လှမ်းဖမ်းဆွဲထားလိုက်တယ်။ အားကကုန်နေတော့ သစ်ကိုင်းကိုခိုပြီး ရုတ်တရက်သစ်ပင်ပေါ် မတက်နိုင်သေးဘူး။

ခဏလောက်အားယူပြီးတော့ ကျွန်တော်သစ်ကိုင်းပေါ်ကို ခိုတက်တယ်။ အဲလိုတက်နေတုန်းမှာ လူတစ်ယောက်က ကျွန်တော့်ခြေထောက် ဆွဲပြီး လာခိုနေတယ်။ ကျွန်တော်က သစ်ကိုင်းကို မှီပြီး ရေထဲကို မမြှောအောင်နေသလို သူက ကျွန်တော့်ခြေထောက်ကို မှီပြီး ရေထဲကို မမျှောအောင်နေတယ်။

ဒါပေမယ့် သူကျွန်တော့်ခြေထောက်ကို ဆွဲထားတာကြောင့် ကျွန်တော်သစ်ပင်ကို တက်လို့ မရနိုင်ဘူး။နောက်ဆုံးတော့ မထူးပါဘူးဆိုပြီး သူ့ရဲခေါင်းကို ခြေထောက်နဲ့ ဆောင့်ကန်ချလိုက်တယ်။ အဲလိုလဲ ဆောင့်ကန်ချလိုက်ရော အသံထွက်ပြီး အဲဒီလူ ရေထဲကို မျှောသွားတယ်။ သူ့အသံထွက်လာမှ သိလိုက်တယ်၊ ကျွန်တော်ကန်ချလိုက်တဲ့ လူက ကျွန်တော့်ညီဖြစ်နေတယ်။ မှောင်မှောင်နဲ့ မဲမဲဆိုတော့ ဘာမှ မမြင်လိုက်ရဘူး။

အဲဒီမှာ ကျွန်တော်ဇဝေ ဇ၀ါ ဖြစ်သွားတယ်။ ကျွန်တော်သစ်ပင်ကို မတက်တော့ပဲ ကျွန်တော့်ညီနောက် လိုက်ရင်ကောင်းမလား။ သစ်ပင်ပေါ်တက်နေတာပဲ ကောင်းမလားပေါ့။ ဒါပေမယ့် မှောင်မှောင်မဲ လှိုင်းလေတွေကြားထဲမှာ ကျွန်တော့်ညီနောက်ကို လိုက်နေလို့လဲ တွေ့နိုင်တော့မှာမှ မဟုတ်ပဲလေ။ အဲဒါကြောင့် စိတ်မကောင်းစွာနဲ့ပဲ သစ်ကိုင်းလေးကို ခိုပြီး သစ်ပင်ပေါ် တက်နေလိုက်ရတယ်။

နောက်ဆုံးတော့ဗျာ ကျွန်တော် အသံကို နားကြားမှားတာ ဖြစ်မှာပါ လို့ပဲ ကိုယ့်စိတ်ကို ဖြေလိုက်ရတော့တယ်။


* * * * *

ကျွန်တော့်သူငယ်ချင်း တစ်ယောက်နှင့်တွေ့သော ထိုအဖြစ်အပျက်များကို ပြန်ပြောပြဖြစ်သည်။

အဲလူဗျာ သူအနောက်မှာ လူတွေတန်းစီးနေတာကို ဖြုတ်ချလိုက်တဲ့ ဟာကို အားရပါးရ ပြောနေလိုက်တာ။ သူမို့လို့သာ ဖြုတ်ချရက်တယ်။ အဲဒီလူတွေလဲ အသက်နဲ့ပါလားဆိုတာ မစဉ်းစားမိဘူးလား။

ဟိုလူကရော သူ့အမေကို ဘာပဲဖြစ်ဖြစ် တွဲခေါ်သင့်တာပေါ့။ ကျွန်တော်သာ သူ့နေရာမှုာဆိုရင် ကျွန်တော်သေချင်သေ အမေနဲ့ အဖေကို ပလပ်စတတ်ပုံးပေါ်တင်ပေးလိုက်မယ်။

ကိုယ့်ခြေထောက်ကို အားကိုးတကြီးလာခိုနေတဲ့လူဗျာ။ ကိုယ်လဲ ရေထဲနှစ်သွားမှာမဟုတ်ပဲနဲ့ ခိုချင်ခိုပါစေ ကျွန်တော်တာဆိုရင်တောင့်ခံထားမယ်။

ဒီလူတွေ တော်တော်ကို ကိုယ်ချင်းစာတရားမရှိတဲ့လူတွေပဲဟု ကျွန်တော်က ပြောလိုက်သည်။ ထိုအခါ ကျွန်တော့်သူငယ်ချင်းက

အဲလိုတော့ ပြောလို့မရဘူးဗျ။ အဲလိုမှ မလုပ်ရင် သူတို့ပါသေမှာလေ။ ဟု ကျွန်တော့် မိတ်ဆွေက ပြန်ပြောသည်။

ကျွန်တော်ကတော့ ခေါင်းကို သွင်သွင်ခါပြီး ရမ်းပြသည်။ ဒါက မဖြစ်သင့်သည့် ကိစ္စဖြစ်သည်။ ကျွန်တော်သာ သူတို့နေရမှာသာဆိုရင်တော့ သေချာတယ် ဘာပဲဖြစ်ဖြစ် အဲလိုမျိုး ခြေထောက်နှင့် ကန်ချလိုက်တာမျိုး၊ ခါးတောင်းကျိုက် ဖြည်ချလိုက်သမျိုး ရက်ရက်စက်စက် လုပ်မှာ မဟုတ်ဘူး။ ဒုက္ခရောက်လာသူအချင်းချင်း ကိုယ်လည်းသေမှ သေရော တတ်နိုင်သလောက် ကူညီလိုက်မည်။

အဲဒီတော့ ကျွန်တော့်မိတ်ဆွေက ပြန်ပြောသည်။ ခင်ဗျားက တကယ်မှ မကြုံသေးတာကိုးဗျတဲ့။ တကယ်ကြုံရင် ခင်ဗျား စိတ်ကူးထားသလိုမျိုး ကိုယ်လည်းသေချင်သေဆိုပြီး သူတို့ကို ကူညီနိုင်ပါ့မလား။

ကူညီနိုင်တာ သေချာတာပေါ့ဗျာ။ ဟုဆိုပြီး သူနှင့်ကျွန်တော်လမ်းခွဲခဲ့ကြသည်။

* * * * *

ကျွန်တော်တို့ ငယ်ငယ်လေးကတည်းက ကြားဖူးသော ပုံပြင်ရှိသည်။ ကမ္ဘာတစ်ခုမှ ကမ္ဘာတစ်ခုသို့ အပြောင်းအလဲ လုပ်ပါက ကမ္ဘာကြီးတစ်ခုလုံးတွင် မီးလောင်သည်၊ ထို့နောက် မိုးရွာပြီး ရေတွေကြီးကာ ကမ္ဘာကြီးကို ဆေးကျောပစ်သည်ဟုဆိုသည်။

ထိုသို့ကမ္ဘာကြီး ပြောင်းရန်အတွက် မီးလောင်သည့်အခါတွင် ကမ္ဘာမြေသည် ခြေထောက်များ မချနိုင်အောင်ပင် ပူသည်ဟုဆိုသည်။ ထိုအခါတွင် မိမိရင်ခွင်အတွင်းတွင် ချီထားသော သားကို မြေသို့ ချကာနင်းကြရသည်ဟုဆိုသည်။ ထိုမှ ကမ္ဘာမီးလောင် သားတောင်ချနင်း ဆိုသည့် စကားပုံ ဖြစ်လာသည်။

* * * * *

ကမ္ဘာမီးလောင်သည့်အခါ ကိုယ့်ခြေထောက် ရပ်နိုင်ရေးအတွက် ကိုယ့်ရင်ခွင်ထဲက သားကိုတောင် မြေပေါ်မှာ ချနင်းရသည်ဆိုသည်ဟု ဆိုသည်။

ညအိပ်တော့ နေ့ခင်းဘက်က သူငယ်ချင်းနှင့် ကျွန်တော် ငြင်းခုန်ခဲ့သည့် ကိစ္စကို ပြန်စဉ်းစားမိသည်။ ပြန်စဉ်းစားကြည့်ရင်း တကယ်လို့များသာ ငါသာ အဲလိုဖြစ်ရပ်မျိုးကြုံလာခဲ့ရင် ကိုယ့်အသက်ကို ဂရုမစိုက်ပဲ ဘ၀တူတွေကို ကယ်တင်မလား။ ဒါမှမဟုတ် သူတို့အသက်ကို ဂရုမစိုက်ပဲ ကိုယ့်အသက်ကိုပဲ ရှင်အောင်ကြိုးစားမှာလား။

ကျွန်တော်စဉ်းစားရင်း အိပ်ပျော်သွာခဲ့သည်။

Read More...

Friday, June 06, 2008

လှိုင်းခုန်ပွဲ

ကျွန်တော် အိပ်မရလို့ လူးလှဲထပြီး ကြည့်လိုက်တော့ မီးဖိုမှာ မီးတွေ သေလုဖြစ်နေပြီ။ နာရီကို ကြည့်လိုက်တော့ သုံးနာရီ ထိုးဖို့ ဆယ့်ငါးမိနစ်ခန့် လိုသေးသည်။ ကျွန်တော့ ပတ်ဝန်းကျင်မှာတော့ ရွာသားများ အိပ်မောကျနေကြ နေကြသည်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ မှောင်မဲသည်။ ပင်လယ်မှ ရေလှိုင်းသံကို တစ်ချက် တစ်ချက် ကြားရသည်မှအပ အရာရာအားလုံး တိတ်ဆိတ်နေသည်။

ဒီတိုင်း ပေအိပ်နေလို့ မဖြစ်သေးပေ။ ဖြုတ်နှင့် ခပ်ဆင်ဆင် တူသည့် ပိုးလောင်းဆိုသည့် အကောင်းလေးများနှင့် ခြင်များ ကိုက်ခြင်းကြောင့် ဆက်အိပ်နေလည်း အိပ်ပျော်လိမ့်မည် မဟုတ်။ ထို့ကြောင့် မီးဖို ရှိရာဆီသို့ ထလာပြီး မီးထည့်သည်။ ညနေက လူသေအလောင်း တစ်ခုကို မီးရှို့ထားသော မီးဖိုကို လှမ်းကြည့်လိုက်တော့ မီးခိုးငွေ့ လေးတွေ ထွက်နေသေးသည်ကို တွေ့ရသည်။ ထိုမီးဖိုနှင့် ကျွန်တော်တို့ အိပ်ရသော အိပ်ရာသည် ကိုက်ငါးဆယ်ခန့်သာ ဝေးမည်။

အိပ်မရသည့် အတူတူ မီးဖိုဘေး ငုတ်တုတ် ထိုင်ကာ၊ နာရီကို တစ်လှည့် မီးဖိုကို တလှည့်၊ ကောင်းကင်ကို တစ်လှည့် ကြည့်ရင်း မိုးလင်းမည့် အချိန်ကိုသာ မျှော်နေမိတော့သည်။ သုံးနာရီ မထိုးသေးဘူးဆိုတော့ မိုးလင်းဖို့ နောက်ထပ် အနည်းဆုံး နှစ်နာရီခန့် စောင့်ရဦးမည်။

* * * *


ကျွန်တော် သည် လပွတ္တာမြို့နယ် ပင်လယ်ဝတွင် ရှိသည့် ပြင်ကနုဝ ဆိုသည့် ကျေးရွာလေးတွင် ရောက်ရှိနေခြင်း ဖြစ်သည်။ လာရောက်စဉ်က ညအိပ်ဖို့ရာ စိတ်ကူးမရှိပဲ နေ့ခြင်းပြန်ရန် စီစဉ်ထားခြင်း ဖြစ်သည်။ ထိုရွာလေးနှင့် လပွတ္တာသည် တော်တော်မြန်သည့် ပဲ့ထောင်နှင့် သွားလျှင်ပင် လေးနာရီခန့် အနည်းဆုံး မောင်းရသည်။ ရေဆန် ဖြစ်ပါက ခြောက်နာခန့် ကြာသည်။

ယခုတော့ လပွတ္တာက စထွက်တာ နောက်ကျသည့်အပြင် လမ်းတွင် စက်လှေပါပျက်သည်။ စက်လှေပြင်ပြီးတော့ ဒီရေကျသွား သဖြင့် ရွာသို့ အသွားလမ်းရှိ ချောင်းသွယ်လေး အတွင်းသို့ လှေဝင်၍ မရတော့ပေ။ ထို့ကြောင့် စက်လှေပျက်သည့် မိကျောင်းအိုင် ဆိုသည့်ရွာမှ ပြင်ကုနုဝဆိုသည့် ရွာရောက်အောင် နေ့လည် နေပူကြဲကြဲတွင် ကုန်းကျောင်းလျှောက် လိုက်ရသည်။ နေ့လည် တစ်နာရီခွဲ က လျှောက်ခဲ့ရာ ပြင်ကနုဝ ရွာရောက်တော့ လေးနာရီ ခွဲခန့် ရှိနေပြီ။

* * * *


ရွာထဲကို ၀င်လိုက်တော့ အိမ်နဲ့တူတာ တစ်လုံးမျှမရှိ။ အုန်းပင်အချို့နှင့် သစ်ပင်များလည်း ကျိုးပဲ့နေကြသည်။ ရွာလည်ခေါင် လောက်မှာတော့ သင်္ကန်းများ ချုံပေါ်တွင် လှမ်းထားသည်ကို မြင်ရသည်။ ရွာထဲကို တဖြည်းဖြည်း ၀င်ရင်း သင်္ကန်းများ လှမ်းထားသည့် နေရာရောက်တော့ ချုံပေါ်တွင် သင်္ကန်းများ လှမ်းထားသည် မဟုတ်ပဲ ဘုန်းကြီးကျောင်း ပျက်မှ ရေမျှောပြီး တင်ကျန်နေရစ်သည့် သင်္ကန်းများ ဖြစ်နေသည်။

ရွာလည်ခေါင်တွင်တော့ မဏ္ဍပ်လေး ထိုးထားသည်။ မဏ္ဍပ်လေးကို အုန်းလက်များ ခင်းပြီး မိုးကာစများကို အုန်းပင်များတွင် ချီထားပြီး အမိုးလုပ်ထားသည်။ မဏ္ဍပ်ထိပ် ဖျာခင်းထားသည့် နေရာမှာတော့ ဘုန်းကြီး ငါးပါးထိုင်နေသည်။ ထို့နေ့က လေမုန်တိုင်း တိုက်တာ တစ်လပြည့်သည့် နေ့ဖြစ်သောကြောင့် လပြည့်တရားနာရန် ပြင်ဆင်ထားခြင်း ဖြစ်ပြီး၊ လပွတ္တာက ဆင်းလာမည့် ကျွန်တော်တို့ အုပ်စုကို စောင့်နေခြင်းဖြစ်သည်။

* * * * *


`` ဒကာလေးတို့ ဒီည ဒီမှာပဲ အိပ်လိုက်ကြပါ ပြန်ဖို့ အချိန်မရှိတော့ဘူး ´´ တရားပွဲ ပြီးသွားတော့ ဆရာတော်က မိန့်ကြားသည်။ ဟုတ်တော့လည်း ဟုတ်ပါသည်။ တရားပွဲပြီးတော့ နေက၀င်လုပြီ။ ထိုအချိန်မှ ပြန်လျှင် လမ်းတွင် မိုးချုပ်သွားလိမ့်မည်။ ရွေးမြစ်ကလည်း ညပိုင်းတွင် လှိုင်းထသည်။ လှေကလည်း ကောင်းကောင်း ကောင်းသည် မဟုတ်။ ထို့ကြောင့် အားလုံး ညအိပ်ကြရန်သာ ဆုံးဖြတ် လိုက်ကြသည်။

ညနေစာကို မြို့က ချက်လာသည့် ထမင်းဟင်းများနှင့် စားသောက်ကြသည်။ ကျွန်တော်က မဆာသေး၍ မစားချင်သေးဟု ငြင်းသော်လည်း နေ၀င်လျှင် ထမင်းစားဖို့ မသင့်တော်တော့ဘူး ဟုဆိုသောကြောင့် မဆာပဲ စားလိုက်ရသည်။ ထမင်းစားပြီးတော့ နေက၀င်လုပြီ။ ကျွန်တော်က ကမ်းခြေဘက်ကို လျှောက်ဖို့ ပြောတော့ နေ၀င်နေပြီ ဖြစ်သောကြောင့် ရွာသားများက မသွားဖို့ တားကြပြီး မနက်မှ အေးအေး ဆေးဆေး လျှောက်ကြည့်ပါဟု ပြောသည်။

စားသောက်ပြီး ကြတော့ လူတွေအားလုံး သူ့အစု ကိုယ့်အစုနှင့် ထိုင်နေကြသည်။ တချို့ကလည်း မီးတွေ ဖိုကြသည်။ ကျွန်တော်တို့ အိပ်ရမည့်နေရာကတော့ စောစောက တရားနာသည့် အုန်းလက်ခင်း မဏ္ဍပ် ဖြစ်သည်။ အပေါ်က အမိုးကလည်း မကောင်း အောက်က အခင်းကလည်း မကောင်းနှင့် မိုးရွာလျှင်တော့ အခက်တွေ့ ပေတော့မည်။

* * * *


နေ၀င်သွားတော့ မီးဖိုကြီး ဘေးမှာ ကျွန်တော်တို့ ၀ိုင်းထိုင်ပြီး စကားပြောကြသည်။ ရွာသားများက လေမုန်တိုင်း တိုက်စဉ်က အတွေ့အကြုံများ၊ ဒုက္ခသည်စခန်းတွင် နေခဲ့ရစဉ်က အတွေ့အကြုံများကို တစ်ယောက် တလှည့်စီ ပြောပြကြသည်။ သူတို့ တွေ့ကြုံခဲ့ရသော အတွေ့အကြုံများသည် ကြောက်မက်ဖွယ်ကောင်းသည် ခါးသီးသည် တစ်ခါတစ်လေ နားထောင်ရင်းပင် ကြောထဲသို့ စိမ့်ဝင်သွားပြီ ကြက်သီးများပင် ထလာသည်။ ငိုအားထက် ရယ်အားသန် ဆိုသလို သူတို့ပြောပြသည့် အတွေ့အကြုံများထဲတွင် ရယ်စရာများလည်း ပါပါလာတတ်သည်။

ထိုသို့ ၀ိုင်းထိုင် ပြောကြရင်း အိပ်ချင်သူများက ၀င်ဝင်အိပ်သွားကြရာ ညတစ်နာရီ ထိုးတော့ မီးဖိုဘေးတွင် ရန်ကုန်မှ ကြွလာသည့် ဦးပဉ္စင်း နှင့် ကျွန်တော် နှစ်ယောက်တည်း သာကျန်တော့သည်။ နောက်တော့ ဦးပဉ္စင်းလည်း ကျိန်းတော့မည် ဆိုကာ အိပ်ရာ တွင်းသို့ ၀င်သွားသည်။ မီးဖိုဘေးတွင် တစ်ယောက်တည်း ငုတ်တုန်ကြီး ထိုင်နေရမည့် အတူတူ အိပ်ပျော်လို အိပ်ပျော်ငြား ကျွန်တော်လည်း အုန်းလက်ခင်း အိပ်ရာလေး အတွင်း သို့ဝင်လာခဲ့သည်။

အိပ်ရာ အတွင်းသို့ ရောက်သော်လည်း ပိုးလောင်းများ ခြင်းများ ကိုက်ခြင်းကြောင့် အိပ်၍ကားမရ။ ဒေသခံ ရွာသားများကတော့ ထိုသို့ အကောင် ပလောင်များ ကိုက်ခဲနေသည့် ကြားပင် အိပ်ပျော်နေကြသည်။ ကျွန်တော်ကတော့ အိပ်မပျော်သည့် အတွက် မီးဖို ဘေးတွင်း ငုတ်တုတ်ထိုင်းရင်း မိုးလင်းချိန်ကိုသာ ထိုင်စောင့် နေမိတော့သည်။


* * * *


မနက်ငါးနာရီ ထိုးတော့ ကျွန်တော့ဘေးနားကို
ဦးပဉ္စင်း ကျိန်းနေရာက ထပြီး လာထိုင်သည်။ ထို ဦးပဉ္စင်းသည် ကျေးရွာမှ မွေးဖွားပြီး ယခုအခါတွင် တောင်ဒဂုံ တွင်စာချနေသည် ဟုသိရသည်။ ကျွန်တော်နှင့် ဦးပဉ္စင်း စကားပြောနေစဉ်မှာပင် အလင်းရောင်လေး တော်တော်ထွက်လာသည်။ ထို့နောက် ကမ်းခြေဘက်သို့ လမ်းလျှောက်ခဲ့ကြသည်။

ကမ်းခြေရောက်တော့ သဲသောင်ပြင်တစ်ခုလုံးတွင် ကတီပါ အနီစတစ်စ ခင်းထားသလို နီရဲနေသည်။ မျက်စိနှင့် မြင်နိုင်သည့် နေရာရောက်တော့ သောင်ပြင်ကြီး နီရဲနေရခြင်းမှာ အနီရောင်အကောင် လေးတွေ ကြောင့်ဖြစ်ပြီ။ ထိုအကောင်းလေးများသည် ဟိုမှ သည်သွားလာနေကြသည်။ အနီကပ်သွားကြည့်တော့ ထိုအကောင်လေးများသည် ဂဏန်းအနီကောင်လေးများ ဖြစ်ပြီး လူလာသည့်အခါတွင် ကြွင်းထဲသို့ အသီးသီး ပြေးဝင်သွားကြသည်။


ပင်လယ်ဘက်ဆီကို မျှော်ကြည့်လိုက်တော့ မိုးကုတ်စက်ဝိုင်းထိပ်နားရှိ တိပ်တိုက်များတွင် ထွက်လုဆဲ နေ၏ အလင်းတန်းများ ဖျာကြနေသည်။ ပင်လယ်ဆီမှ လာသော လှိုင်းလုံးများကလည်း ကမ်းခြေကို တ၀ုန်းဝုန်းနှင့် ရိုက်ခတ်လျှက်ရှသည်။ ယခုကမ်းခြေသည် အလျှားအားဖြင့် ချောင်းသာ ကမ်းခြေထက်ရှည်လျှားပြီး ရွှံ့အနည်းငယ် ရှိသည်။ သိုပေမယ့် စက်စဲ ကမ်းခြေထက်တော့ ပိုကောင်းမည်ဟု ထင်မိသည်။ အကယ်၍များသာ ကမ်းခြေတွင် ရွှံ့မပါသော သဲဖြူသောင်ခုံကြီး ဖြစ်ပါက အပန်းဖြေကမ်းခြေ တစ်ခု ဖြစ်လာနိုင်ဖွယ်ရာရှိသည်။

ပင်လယ်တွင်းရှိ ခပ်ဝေးဝေး တစ်နေရာမှာ့တော့ အဖြူရောင် လှိုင်းတန်းရှည်တစ်ခု ထနေသလို မြင်ရသည်။ ကျွန်တော်က အဲဒီအဖြူတန်းကို ဘာလဲဟု ဦးပဉ္စင်း မေးကြည့်တော့ “ အဲဒါ ပင်လယ်ဝမှ ခံနေတဲ့ သောင်ခုံတစ်ခုပဲ။ အဲဒီသောင်ခုံကို ရေတိုးအားက ရိက်မိပြီး လှိုင်းတန်းကြီးထွက်လာတာ ” ဟု ဦးပဉ္စင်း ကမိန့်သည်။

၂၀၀၄ ခုနှစ် ဘန်ဒါအာချေး ငလျှင်ကြောင့် စူနာမီလှိုင်းလာစဉ် ထိုရွာမှနေ၍ ကြည့်လိုက်လျှင် ပင်လယ်ထဲတွင် အုန်းပင် တစ်ရပ်ခန့် မဲမဲ ကြီး တစ်ခု ကမ်းခြေဆီသို့ လာနေသည်ကို တွေ့ရပြီး ထိုသောင်ခုံကို ရိုက်ပြီးနောက် ရေလှိုင်းအရှိန်လျှော့ကျကာ ရွာထဲသို့ ရေအနည်းငယ်သာ ၀င်ခဲ့သည်ဟုဆိုသည်။ စူနာမီလာစဉ်က ထိုသောင်ခုံကြောင့် ရွာတွင်းမှာ အပျက်အစီး မဖြစ်ခဲ့တာ ဖြစ်ကြောင်း ဦးပဉ္စင်း ရှင်းပြသည်။

ယခုမုန်တိုင်းကျမှ ကျေးရွာအတွင်းသို့ ရေဆယ့်ငါးပေ ခန့် တက်ပြီး ဆယ့်ငါးပေပေါ်တွင် ဆယ်ပေခန့် လှိုင်းများ ထပ်ဆင့်လိုက်သည့် အခါတွင်း ရွာတွင်းရှိ အိမ်များကို တံမျှက်စီး သိမ်းချသလို ပြောင်းသလင်း ခါသွားခဲ့ရသည်။

* * * *


“၀ါဆိုလပြည့်ကျော် တစ်ရက်နေ့တိုင်း ဒီရွာမှာ လှိုင်းခုန်ပွဲလုပ်တယ် ”
အသံကြားလို့ လှည့်ကြည့်လိုက်တော့ အနောက်မှာ လူတစ်ယောက် ရောက်နေသည်။ သူပြောသော လှိုင်းခုန်ပွဲ ဆိုသည့် ဝေါဟာရကို ကျွန်တော်နားမလည်။ ထို့ကြောင့် ဆက်မေးတော့မှ သူက ရှင်းပြသည်။

“ ဒီရေရဲ့ သလောသဘာဝအရ လပြည့်ကျော်တစ်ရက်နေ့ဟာ ပုံမှန်ရက်တွေထက် ပိုပြီး ရေထတယ်။ ၀ါဆိုလပြည့်ကျော် တစ်ရက်နေ့ ရေထချိန်မှာ ပုတ်တဲ့လှိုင်းက အခု လက်ရှိမြင်နေရတဲ့ ပုံမှန်လှိုင်းတွေထက် နှစ်ဆလောက် ပိုကြီးတယ်။ အဲဒီလှိုင်းကို အပျော်စီးကြတဲ့ ပွဲကို လှိုင်းခုန်ပွဲလို့ ခေါ်တာ” ဟုဒေသခံ ရွာသားက ရှင်းပြသည်။

* * * *


လှိုင်းခုန်ပွဲ


နှစ်စဉ်နှစ်တိုင်း လှိုင်းခုန်ပွဲကို ပြင်ကနုဝ ကျေးရွာလေးတွင် ပြုလုပ်ပြီး ပြင်ကနုဝနှင့် စက်လှေတစ်နာရီ ခန့်စီးရသော ပြင်စလှု မြို့နယ်ခွဲမှ အစိုးရ အရာရှိများ အပါဝင် ပတ်ဝန်းကျင် ကျေးရွာများက လာရောက်ကြပြီး အချို့ဆိုလျှင် ၀ါဆိုလပြည့်နေ့ ညနေ ကတည်းက ရောက်ရှိနေတတ်သည်။

ယင်းလှိုင်းခုန်ပွဲကို ပင်လယ်ရေ စတက်ချိန်ဖြစ်သည့် နံနက် ခြောက်နာရီခန့်မှ စပြီး ရေပြန်ကျချိန် ဆယ့်တစ်နာရီ ဆယ့်နှစ်နာရီ လောက်အထိ သောင်ပြင်တွင် ကျင်းပသည်။ ထိုနေ့တွင် သောင်ခြေတစ်ဝိုက်တွင် ကွမ်းယာဆိုင်များ မုန့်ရောင်းဆိုင်များ အရက်ရောင်းဆိုင်များနှင့် အစရှိသဖြင့် ကမ်းခြေတစ်လျှောက်တွင် ဈေးဆိုင်ခန်းလေးများလည်း လာရောက် ရောင်းချကြသည်။

ထိုနေ့တွင် ရွာအတွင်းရှိ ငွေကြေးတတ်နိုင်သူတို့ကလည်း ထမင်းနှင့်ဟင်းများကို ပုံမှန်နေ့ထက် ပိုမိုချက်ထား ကြပြီး အိမ်သို့ရောက်လာသူ မည်သူ့ကို မဆို ကျွေးမွေးကြသည်။ လှိုင်းကြီးများကို ဘောကျွတ်ကွင်းများနှင့် အပျော်စီးသလို ဘောကျွတ်ကွင်းမပါပဲ ပျော်စီးကြသူများလည်း ရှိသည်။ ထိုနေ့တွင် ရွာနီးချုပ်စပ်မှ လူပျို အပျို ပေါင်းစုံ လာရောက်ကြသော ကြောင့် ကာလသား ကာလသမီးပျို များအတွက် ပျော်ရွယ်ဖွယ်ရာ ကောင်းသော ပွဲတော်တစ်ခု ဖြစ်သည်။

* * * * *


“ အဲဒီနေ့မှာ သောက်စားတတ်တဲ့ လူငယ်ကာလသားတွေကတော့ သောက်စားပျော်ပါး ကြပေါ့ဗျာ။ ပြီးတော့ အဲဒီပွဲမှာ တွေ့ပြီး ကြိုက်သွားကြရာက အကြင်လင်မယား ဖြစ်သွားတဲ့ အတွဲတွေလဲ ရှိခဲ့ဘူးတယ်။ ကျွန်တော် အိမ်ထောင်ကျတာလဲ ဒီလှိုင်းခုန်ပွဲမှာ စတွေ့တာပါပဲ။ အခုတော့ ....... ”

ဆိုပြီး သူစကား ပြောရပ်သွားသည်။

ပြီးတော့သူ ပင်လယ်ပြင်ကြီးဆီကို ငေးကြည့်နေသည်။ ထို့နောက် သူတို့လှိုင်းခုန်ပွဲက စခဲ့သည့် ရင်ခုန်စရာ သူ့ငယ်ဘ၀ ဇာတ်လမ်းကို ပြောပြသည်။
“ အခုတော့ လည်းဗျာ ...... ” ဟု သက်ပြင်းတစ်ချက် ချကာ သူ့ဇာတ်လမ်းကို အဆုံးသတ်လိုက်သည်။

( သူပြောပြချက်အရ သူနှင့် သူဇနီးတို့ လှိုင်းခုန်ပွဲတွင် စတင်တွေ့ဆုံးခဲ့ပြီး မိဘတွေ သဘောမတူသည့် သမီးရည်းစား ဘ၀ကိုခက်ခဲစွာ ဖြတ်သန်းကာ သားသမီး နှစ်ဦး ထွန်းကားခဲ့သည်။ လေမုန်းတိုင်း တိုက်တော့ ဇနီးသည်ရော ကလေးနှစ်ဦးပါ ဆုံးပါးသွားခဲ့ခြင်း ဖြစ်သည် )


ထိုလှိုင်းခုန်ပွဲကို လွန်ခဲ့သော နှစ်ပေါင်းများစွာက စတင်ပြီး နှစ်စဉ်နှစ်တိုင်း ရိုးရာ မပျက်ကျင်းပခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် ဒီနှစ် ၀ါဆိုလပြည့်ကျော် တစ်ရက်နေ့မှာ ကျင်းပနိုင်ဦးလော ဆိုသည့် မေးခွန်းကို ကျွန်တော်မေးကြည့်တော့ .........

သူချက်ခြင်း မဖြေပဲ ပင်လယ်ပြင်ကြီး ဆီသို့ ငေးကြည့်ပြီး တိတ်ဆိတ်နေသည်။ ထို့နောက် သူ လေပူတစ်ချက်ကို ၀ူး ...... ကနဲ မုတ်ထုတ်လိုက်ပါတော့သည်။

· * * * * *

လှေထွက်တော့မည်ဟု နောက်မှ ရွာသားတစ်ဦးက လာပြောသည်။ ထို့ကြောင့် ကျွန်တော်တို့ သောင်စပ်တွင်လမ်း လျှောက်နေရာမှ ရွာဘက်ဆီသို့ ပြန်လာခဲ့ကြသည်။ ထိုရွာလေးသည် ရေလုပ်ငန်းဖြင့် ၀င်ငွေကောင်းသော ရွာလေးဖြစ်ပြီး လေမတိုက်ခင်က ကျေးရွာအထိ ဒစ်ဂျစ်တယ် ဖုန်းလိုင်းဆွဲထား သူများပင်ရှိသည်။

ရွာလေးတွင် စာသင်ကျောင်း တစ်ကျောင်း ဘုန်းတော်ကြီး ကျောင်းတစ်ကျောင်း ရှိပြီး ယခုတော့ ရွာအတွင်းတွင် ကျိုးကြေလုနီးပါ အုန်းပင်များမှအပ အဆောက်ဦးနှင့် တူသည့်အရာ ဘာတစ်ခုမျှကျန်ခဲ့ခြင်းမရှိပေ။

· * * * *

စက်လှေထွက်ပြီဆိုသည်နှင့် ရွာတန်းလေးသည် အဝေးမှာကျန်ရစ်ခဲ့သည်။ တဖြည်းဖြည်းဝေးသွားတော့ ရွာတန်းရှိခဲ့ဘူးသည့် နေရာလေးသည် အုန်းတောတန်းလေး အဖြစ်မြင်ရသည်။ ထိုမြင်နေရသော အုန်းတောတန်းလေးသည် တဖြည်းဖြည်းဝေး၍ ဝေး၍ ကျန်ရစ်ခဲ့ကာ နောက်ဆုံးတွင် ဒနိတောတစ်ခု ထိုအုန်းတောတန်းလေးကို ကွယ်သွားသည်။

ကျွန်တော့် မျက်စိထဲမှာ ထိုအုန်းတော်တန်းလေး ပျောက်ကွယ်သွားပေမယ့်။ ကျွန်တော့်စိတ်ထဲမှာတော့ ထိုအုန်းတောတန်းလေးက ပျောက်ကွယ်သွားခြင်းမရှိပဲ ထိုအုန်းတောတန်းလေး အကြောင်းကို စဉ်းစားနေမိသည်။

တစ်ချိန်ကြလျှင် ထိုအုန်းတောတန်းလေးတွင် လူနေအိမ်များနှင့် အရင်တုန်းကလို ရွာလေးတစ်ရွာ ပြန်ဖြစ်လာမည်။ ရွာလေး ဖြစ်လာပြီဆိုလျှင် လူများပြန်လည်စည်ကားလာပြီ ဆိုပါက ၀ါဆိုလပြည့်ကျော် တစ်ရက်နေ့တွင် နှစ်စဉ်ပြုလုပ်နေကြ လှိုင်းခုန်ပွဲလေးကို ပြုလုပ်လိမ့်မည်။ ထိုအခါ လှိုင်းခုန် နေသူများထဲတွင် ကျွန်တော်လည်း ပါဝင်ကောင်း ပါဝင်နေပါလိမ့်မည်။

Read More...

Wednesday, June 04, 2008

ကုက္ကိုလ်ရွာက တည်ဆောက်ပြီးတဲ့ အိမ်လေးတွေ





ဒါကတော့ ကျွန်တော်တို့ အဖွဲ့က ကုက္ကိုလ်ရွာမှာ သွားပြီးဆောက်ပေးထားတဲ့ အိမ်လေးတွေ အပြီး မသတ်ခင်က ရိုက်ထားတာပါ။ အိမ်လေးတွေကတော့ ဘားဂျက်တဲ ဖြစ်တဲ့အတွက် အားသာချက်ကတော့ မြန်ပါတယ်။ လုံပါတယ်။ တိုင်တွေက သစ်သားတိုင်တွေဖြစ်ပြီး အခင်းကိုလဲ ခြေက်ငါးမူး ပျဉ်တွေ ခင်းပေးထားပါတယ်။ အမိုးနဲ့အကာကိုတော့ တာပေါ်လင်စတွေ သုံးပေးထားတာ ဖြစ်ပါတယ်။ အိမ်ရဲ့ ဖရိန်ကတော့ သစ်သားတွေ ဖြစ်တာကြောင့် အနည်းဆုံး ငါးနှစ်လောက် ကောင်းကောင်းခံပါတယ်။ တာပေါ်လင်စတွေကတော့ တစ်နှစ်လောက်ခံမယ်လို့ ယူဆရပါတယ်။

ယခု ကျွန်တော်တို့ ဆောက်ပေးနေတဲ့ အိမ်လေးတွေဟာ လေမတိုက်ခင်က ဒေသခံတွေ ပိုင်ဆိုင်ခဲ့ကြတဲ့ အိမ်တွေလောက် မကောင်းပေမယ့်၊ လတ်တလော ကာလမှာ မြေကြီးပေါ်မှာ အုန်းလက်ခင်း အိပ်ရတာထက်စာ ရင်တော့ အများကြီး ကောင်းပါတယ်။

ဒီလိုအိမ်မျိုးလေးတွေကို ကျန်ရှိနေသေးတဲ့ ရွာလေးတွေမှာလဲ ဆက်လက်တည် ဆောက်ပေးသွားမှာ ဖြစ်ပါတယ်။


တည်ဆောက်ပြီး တည်ဆောက်ဆဲ ရွာစာရင်း
ကုက္ကိုလ်ရွာ အိမ် ၃၉ လုံး အနက် အလုံးသုံးဆယ် ပြီးစီးပြီ ဖြစ်
ကညှင်တစ်ပင်
ရခိုင်ကုန်း
သိုင်းချေင်း
ပြင်ကနုဝ

Read More...

ဘားဂျက်တဲ





လက်ရှိ ကျွန်တော်တို့ ဆောက်ပေးနေတဲ့ အိမ်ပုံစံလေးပါ။ ပြီးစီးသွားတဲ့ အိမ်ပုံလေးတွေကတော့ ကော်နက်ရှင် အခက်ခဲကြောင့် တင်လို့ မရသေးတာပါ။ ဆက်လက်တင် နိုင်ဖို့ ကြိုးစားသွားပါမယ်။

Read More...

Tuesday, June 03, 2008

လပွတ္တာကနေ ပြန်ရောက်ပြီ

ကျွန်တော်နဲ့ ကိုညီလင်းဆက် လပွတ္တာကနေ အခုပဲ ပြန်ရောက်ပါတယ်။ ကုက္ကိုလ်ကျေးရွာမှာ အိမ်အလုံးသုံးဆယ် ဒီနေ့ ပြီးပါတယ်။ နောက်ထပ် လူထပ်တိုးတာကြောင့် ကုက္ကိုလ်မှာ အိမ် ၃၉ လုံးဆောက်ပေးဖို့ စီစဉ်ထားပါတယ်။ ကျန်တဲ့အိမ်ကိုးလုံးကတော့ တိုင်တွေထူပြီးပြီ ဖြစ်တာကြောင့် လေးရက်အတွင်းမှာ ပြီးစီပါလိမ့်မယ်။

ရခိုင်ကုန်း၊ ကညင်တပင်၊ ပြင်ကနုဝ၊ သိုင်းချောင်း အဲဒီရွာတွေမှာတော့ အိမ်လေးတွေ စပြီးဆောက်နေပါပြီ။ အဲဒီရွာလေးတွေမှာ ဆောက်နေတဲ့ အိမ်တွေကတော့ တစ်ပတ်အတွင်းပြီးပါလိမ့်မယ်။

နောက်ထပ် နှစ်ရက်လောက် ရန်ကုန်မှာ နေပြီးရင် ကျွန်တော်ရော ကိုညီလင်းဆက်ပါ လပွတ္တာကို ပြန်ဆင်းပါလိမ့်မယ်။ အခု လပွတ္တာမှာ ကိုမျက်လုံး နဲ့ ကိုယောသား (ခ) ကိုကျော်ဆွေဝင်း ကျန်ရစ်ခဲ့ပြီး အိမ်ဆောက်လုပ်မှု လုပ်ငန်းတွေကို ကြီးကြပ်ပေးနေပါတယ်။

ယခင် ကျွန်တော်တို့ အဖွဲ့က လုပ်ဆောင်မှုများကို ကိုညီလင်းဆက် ဘလော့ဂ်မှာ ဖတ်နိုင်ပါတယ်

Read More...

Friday, May 09, 2008

လေမုန်တိုင်း



ကော်နက်ရှင် မကောင်းလို့ အခုမှ တင်ရတာပါ

Read More...