Art is My Life: September 2007

Thursday, September 27, 2007

ခွေးနှစ်ကောင် ကြောင်တမြှီးနှင့် ထိုတစ်ည

အချိန်က ကိုးနာရီပင် မထိုးသေး . . . လမ်းမကြီးတစ်လျှောက် လူတွေ ပြောင်ရှင်းကုန်ကြပြီ။ အစိုးရက ဥပဒေပုဒ်မှ ၁၄၄ အရ မာရှယ်လော ထုတ်ထားတော့ လမ်းပေါ်မှာ မည်သူမျှ မရှိကြတော့။
ကျွန်တော် နေထိုင်ရာ တိုက်ပေါ်ကနေ ခါတိုင်းလှမ်းမြင်တွေ့ နေကြ ဆိုက္ကားဂိတ်လဲ မရှိတော့၊ လမ်းထိပ်က ရပ်ကွက်လူကြီးတွေ စုထိုင်နေကြတဲ့ ကင်းစောင့်ဝိုင်းလည်း မရှိတော့ပြီ။

ညဆယ်နာရီ . . . .
အိမ်ရှေ့ ၀ရန်တာက ထွက်ကြည့်မိပြန်သည်။ လမ်းမကြီးကာ ပြောင်ရှင်းလျှက်။ အစီအရီ ရပ်နားထားသော မော်တော်ကားများမှာလည်း ငြိမ်သက်လျှက်။ တစ်လုံးမှာလည်း တိတ်ဆိတ်လျှက်။

ညဆယ့်တစ်နာရီ . . .
လမ်းမကြီးကို ကြည့်လိုက်တော့ တောင်ဘက်ဆီမှာ ခွေးတစ်ကောင်၊ ဒရိမ်းဒရိုင်နဲ့ ဟိုနား အနံ့ထိုး ဒီနားအနံ့ထိုးနှင့် အစာရှာနေဟန် တူသည်။ ကျွန်တော် ထိုခွေးကို ဓာတ်ပုံ ရိုက်မလို့ စဉ်းစားလိုက်သေးသည်။ သို့ရာတွင် အလှမ်းကွာ ဝေးလွန်းသောကြောင့် မဖြစ်နိုင်ပေ။ ထို့ကြောင့် အိမ်အတွင်းသို့ ပြန်ဝင်ခဲ့လိုက်သည်။

ဆယ့်တစ်နာရီ ကျော်ကျော် . . . .
ပြန်ထွက်ကြည့်လိုက်တော့ စောစောက ခွေးကိုပင် မတွေ့ရတော့ လမ်းမကြီးက ပကတိ ပြောင်ရှင်းနေသည်။ ကျွန်တော်သည် စောစောက ခွေးတစ်ကောင်ကို တွေ့လိုက်ရသည့် နေရာသို့ပင် လမ်းမျှော် ကြည့်ရှုနေမိသည်။

ခဏကြတော့ စောစောက ခွေးပြန်ရောက်လာသည်။ ထို့နောက် ကျွန်တော်တို့ တိုက်ဆီသို့ အစာကို အနှံ့ထိုးရှာရင်း ရောက်လာသည်။ ထိုခွေးကို သေချာ ကြည့်လိုက်တော့ ခွေးပိန်မ တစ်ကောင်ဖြစ်သည်။ ကျွန်တော်တို့ တိုက်အရှေ့က ဓာတ်မီးတိုင်အောက် အမိုက်ပုံ အရောက်တော့ အနံ့ထိုးပြီး ရပ်သွားသည်။ သူအစာကို တွေ့သွားပြီ။ အဲဒီအမိုက်ပုံမှာ အစာစားနေသည်။ ခွေးပိန်မ အစာစားနေတုန်း ခွေးထီး တစ်ကောင် ထပ်ရောက်လာသည်။ ထိုနောက် အစာတူတူ စားကြသည်။

ထိုခွေးတွေကို ကြည့်နေချိန်တွင် လမ်းမပေါ်ကို မဲမဲတစ်ခု ရိပ်ကနဲ ဖြတ်သွားတာကို တွေ့လိုက်သည်။ ကြည့်လိုက်တော့ ကြောင်တစ်ကောင် ဖြစ်နေသည်။ ကြောင်သည် ကျွန်တော်တို့ တိုက်ဘက်အခြမ်းမှ ထွက်လာပြီး လမ်းမကို ဖြတ်ကူးကာ တစ်ဘက် ကားလမ်းဘေးမှာ ရပ်ထားတဲ့ ကားဘီးနာလေးမှာ ဆောင့်ဆောင့် ထိုက်လျှာက် အစာစားနေသော ခွေးနှစ်ကောင်ကို ကြည့်နေသည်။

မြန်မာလူမျိုးတို့သည် ဘာမျှမရှိသည့် နေရာတစ်ခု သို့မဟုတ် လူမရှိ သူမရှိ လမ်းမကြီးများကို တွေ့ခဲလျှင် ခွေးတစ်ကောင် ကြောင်တမြှီးတောင် မတွေ့ရဘူးဟု သုံးနှုန်းလေ့ရှိကြသည်။ ကျွန်ုပ်မှုကား လူမရှိသော လမ်းတွင် ခွေးနှစ်ကောင်နှင့် ကြောင်တစ်ကောင်ကို တွေ့မြင်နေရပြီ။

ကျွန်တော့ မျက်စိတစ်ဆုံး မြင်နေရသည့် လမ်းမကြီး တစ်လျှောက်လုံးတွင် သက်ရှိဟူ၍ ခွေးနှစ်ကောင်နှင့် ကြောင်တစ်ကောင်သာ ရှိတော့သည်။ လမ်းထိပ်က တက္ကစီ ဂိတ်မှာလည်း ကားမရှိတော့။ ဆိုက္ကား ဂိတ်မှာလည်း ဒီတိုင်းပင်။

အရင်ကဆိုရင် ဒီလမ်းလေးသည် နှစ်လေးနာရီ ပတ်လုံး လူပြတ်သည်ဟူ၍ မရှိ။ ကျွန်တော်သည် အိပ်မပျော်သော ညများတွင် လမ်းထဲတွင် ထိုကဲ့သို့ လုပ်ရှား သွားလာနေကြသည့် လူများကို ဘာရယ်မဟုတ် ထိုင်ပြီး ကြည့်နေမိတတ်သည်။

ပူလောင် သောနွေညများ ဆိုရင် ည၁၂ လောက်ထိ လမ်းဘေး ပလက် ဖောင်းလေးတွေမှာ လူတွေ ထွက်ထိုင်နေ တတ်ကြသည်။ မိုးလေးကင်း လွတ်သော ညများတွင် ဓာတ်တိုင်အောက်၌ လူငယ်များ ဂစ်တာလာတီးကြသည်။ ညတစ်နာရီ လောက်ဆိုလျှင် စည်ပင်သာယာက အမိုက်သိမ်းတဲ့ ၀န်ထမ်းတွေ တံမျှက်စည်း လာလှဲကြသည်။ အဲဒီ အချိန် လောက်မှာပဲ ကုလားမ တစ်စု ဒီလမ်းရဲ့ ပလက်ဖောင်း ပေါ်မှာ စည်ပင်ရေပိုက် ခေါင်းကို ဖြုတ်၍ အ၀တ်လျှော် နေတတ်ကြသည်။ ပြောမည်ဆိုလျှင်ကား ဤလမ်းလေသည် လူနှင့်မပြတ်ပါ။

အရင်လို ညတိုင်း လူများနဲ့ စိုပြေနေတဲ့ ဒီလမ်းလေး တစ်နေ့မှာတော့ ခြောက်ကပ်သွား လိမ့်လို့ ဘယ်သူက ကြိုပြီး ဟောကိန်း ထုတ်ခဲ့မိမှာလဲ။ ကံကြမ္မာက အကြောင်းဖန်လာပြီ ဆိုတော့ စိုပြေနေတဲ့ လမ်းလေး ခြောက်သွေ့သွားသည်။

လူ့လောက သည်ရော။ ဟုတ်ပါသည်။ လူ့ဘ၀သည်လည်း ကျွန်တော့် အိမ်ရှေ့က လမ်းလေးလို ဖြစ်သည်။ အဆင်ပြေ ချောမွေ့ချင်သည့် အခါတွင် ဘ၀သည် သာယာစို ပြေနေတတ်သည်။ သာယာစိုပြေနေသော လမ်းလေးသည် ပုဒ်မ တစ်ခုကြောင့် ခြောက်ကပ်သွားသလို အရာရာ အဆင်ပြေနေသော ဘ၀လေးသည်လည်း အကြောင်းအရာ တစ်ခုကြောင့် ပျောက်ပျက်သွား နိုင်ပါသည်။


ဓာတ်တိုင်ရှေ့တွင် စားစရာများ ကုန်သွားသည့်အခါ ခွေးနှစ်ကောင်သည် ပြန်ထွက်ခွါ သွားကြသည်။ ကားလမ်း ဟိုဘက်ကို ကြည့်လိုက်တော့ စောစောက ကြောင်မရှိတော့ပေ။ ဘယ်အချိန်ကတည်းက ထွက်သွားလိုက်သည် ကိုပင် ကျွန်တော် သတိမထား မလိုက်ပါ။

မျက်စိတစ်ဆုံး ကြည့်လိုက်တော့ လမ်းမသည် ခြောက်သွေ့နေသည်။ အရင်က လူစည်ခဲ့သော လမ်းလေးသည် ခွေးနှစ်ကောင် ကြောင်တမြီးနှင့် ထိုညတစ်ညကို ဖြတ်သန်းခဲ့သည်။

Read More...

Wednesday, September 26, 2007

So What ?

So What ? အဲဒီတော့ ဘာဖြစ်လဲ . . . .

ဒီစကားလုံးကတော့ သတင်းထောက်တွေနဲ့ အယ်ဒီတာတွေကြားမှာ မကြာခဏဆိုသလို သုံးစွဲဖြစ်ကြပါတယ်။ ဘယ်လို နေရာတွေမှာ သုံးတာလဲ . . . .

သတင်းထောက်က အဖြစ်အပျက် အကြောင်းအရတစ်ခုကို သတင်းတစ်ပုဒ် အဖြစ်ရေးတိုင်းမှာ နောက်ဆုံးအပိုဒ်မှာတော့ Sow What ? ဆိုတာကို ထည့်ပေးရပါတယ်။

ဥပမာ မြန်မာပြည်မှာ ဘလော့ဂ်တွေကို ဘမ်းကုန်ပြီ၊ ဘယ်နေ့ ဘယ်အချိန်က ဘယ်သူ့ဘလော့ဂ်ကနေ စဘမ်းလိုက်တာ၊ ဘာအကြောင်းကြေင့် ဘမ်းလိုက်တာ အစရှိသဖြင့် ရေးပါလိမ့်မယ်။ သင်တာ စာဖတ်သူဆိုရင် ဘလော့ဂ်တွေကို ဘမ်းလိုက်တော့ ဘာဖြစ်လဲ ဆိုတဲ့ အဖြစ်အပျက်ကို သိချင်ပါလိမ့်မယ်။ အဲလို အဖြစ်ပျက်တစ်ခု ဖြစ်သွားတော့ ဘာဖြစ်လဲလို့ မေးတာကို သတင်းလောက မှာတော့ So What? ဆိုပြီး မကြာခဏ သုံးလေ့ရှိပါတယ်။

အခုလည်း ဘလော့ဂ်တွေ ဘမ်းတော့ ဘာဖြစ်မလဲ ဆိုတာကို ပြောပြချင်ပါတယ်။

ဘလော့ဂ်ကာ ဒေါ့ကွန်းကို ဘမ်းလိုက်လို့ ဘလော့ဂ် ရေးသူတွေ ရပ်သွားကြမယ်လို့ ထင်ပါသလား။ မထင်လိုက်ပါနဲ့ မရရတဲ့ နည်းနဲ့ ရေးမှာပါ။ မေးတူ ဘလော့ဂ် သုံးမယ်။ ကိုယ်သတ်မှတ် ပေးထားတဲ့ အီးမေးလေးကို ပို့လိုက်တာနဲ့ ပုံတွေ စာတွေ ဘလော့ဂ် ပေါ်တက်သွားတဲ့နည်းပေါ့။

နောက်ဖရီးဒန်း သုံးမယ်။ ကျော်ခွရေးမယ်။ ဘယ်လို ဖြစ်ဖြစ် ရေးချင်တဲ့လူကတော့ မဖြစ်ဖြစ်တဲ့ နည်းနဲ့ ရေးကိုရေးကြပါလိမ့်မယ်။ သို့သော် ဘာဖြစ်လာမလဲ . . . .

ကျော်နေရတဲ့အတွက် စောင့်ရတယ်။ စောင့်ရလို့ အချိန်ကုန်တယ်။ လူငယ်တစ်ယောက်ဟာ ပို့တစ်ကို ၁၅ မိနစ်နဲ့တင်လို့ ပြီးရမဲ့ အစား လေးဆယ့် ငါမိနစ်လောက် အချိန်ပိုကြာသွားမယ်။ အဲလို အပိုကုန်သွားတဲ့ အချိန် ဘလော့ဂ်ရေးတဲ့ လူငယ် တစ်ယောက်ကို နာရီဝက် အပိုကုန်သွားတယ် ထားလိုက်ပါ၊ လူဆယ်ယောက်ရေးရင် နိုင်ငံတော်ရဲ့ လူငယ်စွမ်းအား မိနစ်သုံးရာစာ မလိုအပ်ပဲ အချိန်ပိုကုန်သွားပြီ။ တနေ့တစ်နေ့ မြန်မာနိုင်ငံကနေ ဘလော့ဂ်ရေးနေကြတဲ့ လူအယောက် တစ်ရာနဲ့ အထက်ရှိပါတယ်။ ဒါကြောင့် နေ့တိုင်း နေ့တိုင်းမှာ နိုင်ငံတော်ရဲ့ လူစွမ်းအား မိနစ်သုံးထောင်နဲ့ အထက်ဟာ မလိုအပ်ပဲ အလဟသ အချိန်ပိုကုန်ပါလိမ့်မယ်။

အရင်က အီးမေးတွေကို ဘမ်းတယ်။ အိးမေးတွေ ဘမ်းလိုက်လို့ လူတွေ အီးမေးတေကို မကြည့်ပဲ မသုံးပဲနေကြသလား။ မနေပါဘူး မရရတဲ့နည်းနဲ့ သုံကြတာပဲလေ။ အဲဒီမှာ ပရောက်စီတွေ ဖရီးဒန်းတွေ ပရောက်စီ ဖိုင်ရာတွေ အစရှိတဲ့ ဆော့ဝဲတွေ သုံးပြီး ကြည့်ကြတာပဲ။ ပို့ကြတာပဲ။ အဲဒီတော့ ဘာဖြစ်လာဆိုတော့ ဖရီးဒန်းတို့လို ဆော့ဝဲတွေရဲ့ ဆွဲအားကြောင့် အင်တာနက် ကော်နက်ရှင်တွေ ကျလာတယ်။ နှေးလာတယ်။

ပိတ်ခြင်းရဲ့ ရည်ရွယ်ချက်က မသုံးအောင်လို့ ပိတ်တာ။ ဒါပေမယ့် မသုံးအောင် ပိတ်တာနဲ့ မတူပဲ အင်တာနက် ကော်နက်ရှင်ကို နှေးအောင်လုပ်လိုက်သလို ဖြစ်နေတယ်။

ဒါကြောင့် ဘယ်လိုပဲ ပိတ်သည်ဖြစ်ပါစေ၊ အင်တာနက်ကော်နက်ရှင် နှေးသွားတာရင် နိုင်ငံတော်လူသား အရင်းမြစ်ရဲ့ အချိန်တွေ ပိုကုန်သွားတာရယ်ကလွဲလို့ ဘာမှ ထူးခြားလာမှာ မဟုတ်ပါဘူး

Read More...

လော်စပီကာ နဲ့ ဘလော့ဂ်

ဘလော့ဂ်ဆိုတာ ဘာလဲ . . . .

ကျွန်တော် အပြင်မှာတွေ့တိုင်း မကြာခဏ ပြောဖြစ်ပါတယ်။ တချို့လူတွေကိုလဲ ရှင်းပြဖြစ်ပါတယ်။ ဘလော့ဂ်ဆိုတာ လော်စပီကာလိုပဲ . . . .

လော်စပီကာဆိုတာ သာမာန် ပြောနေကြ အသံထက် ပိုပြီး ကျယ်အောင် စွမ်းဆောင်ပေးနိုင်တယ်။ ဘလော့ဂ် ဆိုတာလဲ ဒီသဘောတရားပါပဲ။

အရင်က ကျွန်တော်ကဗျာရေးတယ်။ ကျွန်တော်ရေးတဲ့ ကဗျာဟာ စာအုပ်ထဲမှာ နေလိမ့်မယ်။ သများတွေကို ဖတ်စေချင်လွန်းလို့ လိုက်ပြတယ်ထား။ အများဆုံး လိုက်ပြနိုင်လှရင် လူဆယ်ယောက်ပေါ့ ဒီထက်မပိုဘူး။ ဒါပေမယ့် အဲကဗျာကိုပဲ စာအုပ်ထဲမှာ မရေးဘူး။ ဘလော့ဂ်ပေါ်မှာရေးတယ် တစ်နေ့တစ်နေ့ကို လူရာနဲ့ချီပြီး ကျွန်တော်လိုက်ပြ နိုင်စွမ်းရှိလာတယ်။

လော်စပီကာ ဆိုတာကတော့ဗျာ ... .
အဲဒီလော်စပီကာကို လူတစ်ယောက် လက်ထဲကို ထည့်လိုက်တယ်ဆိုပါစို့၊ အဲဒီလူဟာ အဆိုတော် ဖြစ်ရင် လော်စပီကာကို သုံးပြီး သီချင်းဆိုလိမ့်မယ်၊ ဘုန်းကြီးဖြစ်ရင် တရားဟောလိမ့်မယ်၊ ကျောင်းဆရာဆိုရင် သင်ထောက်ကူပြု ပစ္စည်းတစ်ခုအဖြစ် အသုံးချလိမ့်မယ်၊ ထီသယ်ကတော့ ထီရောင်းလိမ့်မယ်၊ ဈေးသည်ကတော့ ဈေးသည်ကတော့ ဈေးရောင်းလိမ့်မယ်၊ အရက်သမား လက်ထဲရောက်သွားရင်း မူးတဲ့ အခါမှာ ရပ်ကွက်ထဲလှည့်ပြီး အော်ဆဲကောင်း အော်ဆဲလိမ့်မယ်။

အဲလို အရက်သမားက လော်စပီကာကိုသုံပြီး အော်ဆဲတာနဲ့ လော်စပီကာသုံးတဲ့ လူတိုင်းကို လော်စပီကာ မသုံးရဆိုတဲ့ အမိန့်ထုတ်ပြန်လိုက်တော့မှာလား။

ဘလော့ဂ်ဆိုတာလဲ ဒီသဘောတရားပါပဲ . . . .

Read More...

Saturday, September 22, 2007

အရှုပ်ထုပ်များနှင့်ကျွန်တော်

ဒီရက်ပိုင်းမှာ အလုပ်တွေရှုပ်တာလား အရှုပ်တွေလုပ်တာလား အရှုပ်တွေရောက်လာတာလား ကျွန်တော်ကပဲ အရှုပ်တွေ ဆီသွားနေတာလား တော့မသိဘူး၊ ဘယ်လို ဖြစ်ဖြစ် ကျွန်တော် တော်တော်ရှုပ်နေပါတယ်။

ခြေထောက်တွေလဲ နာနေပါပြီ။ မိုးတွေမိတာလဲ နေ့တိုင်းပါပဲ။ ကျီးလိုလို ကြောင်လိုလိုနဲ့ ဟိုဘက်လှည့်ကြည့် ဒီဘာက်လှည့်ကြည့် လုပ်နေလို့လားမသိဘူး ဇက်တွေလည်း ညှောင်းလှပေါ့။

အဲလိုအဲလို ရှုပ်နေတဲ့ ကျွန်တော် ဘလော့ဂ် ရေးဖို့မပြောနဲ့ ကိုယ့်စီဘောက်ကိုလာတဲ့ မိတ်ဆွေတွေကိုတောင် စကားပြန်မပြောဖြစ်ပါဘူး။ အဲလို ကိုယ့်စီဘောက်မှာ တောင်စကားမပြော ဖြစ်တဲ့ ကျွန်တော်ဟာ မနိုင်းနိုင်းတို့ ကိုညီလင်းဆက်တို့ မြို့စားကြီးတို့ အပါဝင် ကျွန်တော်ကြည့် နေကြ ဘလော့ဂ်တွေတောင် မဖွင့်ဖြစ်ပါဘူး။

ဒါကြောင့် ဘယ်သူ့ စီဘောက်မှာမှလည်း ဒီရက်ပိုင်းအတွင်းမှာ သွားမအော်ဖြစ်ခဲ့ပါဘူး။ သို့သော် အချို့သော စီဘောက်တွေမှာ ကျွန်တော့် အိုင်ပီနဲ့ ပေါက်တကရ ရေးထားလို့ ကျွန်တော်လား ဆိုပြီး လာမေးတဲ့လူတွေ ရှိကြပါတယ်။ တချို့ ကတော့ အားနာလို့လား အိုင်ပီကို မကြည့်မိလို့လား မသိဘူး လာမမေးကြဘူး။ သေချာတာတော့ ကျွန်တော်မဟုတ်ပါ။

ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်ရှုပ်နေသောကြောင့် ဖြစ်ပါသည်။

Read More...

Friday, September 21, 2007

မေးတူဘလော့ဂ်ကနေ ပုံတွေတင်လို့ရပါပြီ

မေးတူ ဘလော့ဂ်ကနေ ပုံတွေတင်လို့ရ ပါပြီ။ အရင်က မရသေးပါဘူး။ အခုမှ ရတာပါ။ ကိုယ်တွေ့ တွေ့ရှိပြီးဖြစ် ကြောင်း ပါ

Read More...

Tuesday, September 18, 2007

ရှက်စရာမဟုတ်သော ရှက်ခြင်းများ

ကျွန်တော်သည် ငယ်စဉ်ကတည်း ကဗျာများရေးသည်။ သို့ရာတွင် ကျွန်တော်ရေး သောကဗျာများကို မည်သူ့ကိုမျှ အပြင်မှာ ပေးမဖတ်ပါ။ ကျွန်တော်တို့ ထက် အတန်းကြီးသော ကျောင်းသားများ ဦးစီးထုတ်ဝေသည့် ကဗျာစာအုပ် များတွင်တော့ ပါဝင်ရေးသား လေ့ရှိသည်။ ထိုသို့ ကဗျာစာအုပ်တွင် ပါလာပြီးချိန်တွင် ကဗျာနှင့် စပ်လျှင်း၍ လာရောက် မေးမြန်ပါက ကျွန်တော် ဖြေလေ့မရှိပါ။ ကိုယ်ရေးထားသည့် ကဗျာ အကြောင်း ပြောရမည်ကို ရှက်သောကြောင့် ဖြစ်သည်။

ကျွန်တော် အထက်တန်းကျောင်းသာ ဘ၀က ကဗျာပြိုင်ပွဲ တစ်ခုတွင် ဆုရဖူးပါသည်။ ရွာသို့ အလည်သွားသော အခါ အဒေါ်ဖြစ်သူက ကျွန်တော် ဆုရခဲ့သော ကဗျာကို ရွတ်ခိုင်းသည်။ ကျွန်တော် မေ့သွားပြီဟု ပြောလိုက်သည်။ အမှန်တော့ မမေ့ပါ ဆိုပြရမှာ ရှက်သောကြောင့် ထိုကဲ့သို့ ပြောလိုက်ခြင်းသာ ဖြစ်သည်။

ကျွန်တော် ရန်ကုန်ရောက်ခါစက ၀တ္ထုတိုတစ်ပုဒ်နှင့် ကဗျာတစ်ပုဒ်ကို မဂ္ဂဇင်းတိုက်သို့ ပို့ဖူးသည်။ မဂ္ဂဇင်းတိုက်နှင့် ကျွန်တော်နေသည် နေရာမှာ နီးသောလည်း ကိုယ်တိုင်သွားပေးမည်ကို ရှက်သောကြောင့် ပိုဝေးသော စာတိုက်ကြီးသို့ သွားကာ စာတိုက်မှ ထည့်လိုက်သည်။

ကျွန်တော် ဘလော့ဂ်တွင် ရေးသော အချစ်နှင့် သက်ဆိုင်သော ၀တ္ထုတိုလေးများ နှင့် ကဗျာများသည် တချို့သည် ဖြစ်ရပ်မှန် များဖြစ်ကြပြီး တချို့သည် စိတ်ကူးသက်သက် မျှသာဖြစ်သည်။ အချို့သည် ဖြစ်ရပ်မှန်နှင့် စိတ်ကူများကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။ မည်သို့ ပင်ဖြစ်စေ အချစ်နှင့် ပတ်သက်သော အကြောင်းအရာများကို ရေးထားသည့် စာများကို အပြင်တွင် မည်သူ့ကိုမျှ ပြသလေ့မရှိပါ။ အဓိက အကြောင်းရင်းမှာ ရှက်သောကြောင့် ဖြစ်သည်။

ထိုအတူ ကျွန်တော် ဘလော့ဂ် ရေးပြီးချိန်မှ လူဘယ်နှစ်ယောက် ဖတ်ဖတ် ကျွန်တော် မမြင်ရ၍လား မသိ ရှက်စရာ ကောင်းသည်ဟု မခံစားမိပါ။ သို့ရာတွင်ရေး နေစဉ်တွင် နောက်မှ လူတစ်ယောက် ထိုင်ကြည့်လျှင် ကျွန်တော်မရေး တတ်ပါ။

ဘလော့ဂ်စရေး စဉ်က ကျွန်တော့်ကို ဘလော့ဂ် ဖတ်သူများ ဘယ်သူမျှ အပြင်မှ မသိကြသောကြောင့် တော်တော်လေး အဆင်ပြေပါသည်။ သို့ရာတွင် ယခုအခါ၌ ဘလော့ဂ် ကိုဖတ်သူများနှင့် အပြင်တွင် သိသွားကြပြီဖြစ်သလို အပြင်မှာ သိသူများလည်း ကျွန်တော့်ဘလော့ဂ်ကို လာလာဖတ်နေကြပြီ ဖြစ်သည်။

ထိုအခါ ကျွန်တော်အဓိက ရင်ဆိုင်ရသော ပြသနာမှာ ဘယ်ဇာတ်လမ်းထဲက ကောင်မလေးက ဘယ်သူလဲ။ အဲတာ အကယ်လား။ ဘယ်တုန်းက ဖြစ်ခဲ့တာလဲ ။ နောက်ထပ်မတွေ့ ဖြစ်ကြတော့ ဘူးလား အစရှိသည့် မေးခွန်းများကို မေးခံရသည်။ သူငယ်ချင်းလို ရင်းနှီးပြီး အဆင့်တူ လူတစ်ယောက်က မေးလျှင် သိပ်ပြသနာ မဟုတ်သော်လည်း ကိုယ့်ထက် ၀ါကြီးသောလူများ မိမိ ရိုသေရသူများက ထိုမေးခွန်း များ အမေးခံရသည့် အခါတွင် ကျွန်တော်အဖို့ အတော်နေရ ကြတ်ပါသည်။ ထိုသို့ မေးသည့်အခါတွင် ရှောင်ထွက်လို့ ရပါက တောင်လို မြောက်လိုနှင့် ရှောင်ထွက် သွားလိုက်သည်။ တခါတရံတွင် တော့လည်း ရှက်ရှက်နှင့် ပင်ဖြေရသည်။

တကယ်တန်း ပြန်စဉ်းစားကြည့် ယခုကိစ္စသည် ရှက်စရာ မဟုတ်ပါ။ သို့ရာတွင် ကျွန်တော်ရှက်ပါသည်။

Read More...

ဒို့တိုင်းဌာနီ


ဒို့တိုင်းဌာနီ အမည်ရတဲ့ စာအုပ်လေးကို ကျွန်တော်ဖတ်ဖြစ်ပါတယ်။ ဒီစာအုပ်လေးဟာ ကိုလိုနီခေတ် နောက်ခံ ဇာတ်လမ်းတစ် ပုဒ်ဖြစ်ပါတယ်။ ဇာတ်လမ်းထဲက ဇာတ်ကောင်ဟာ မြန်မာ့လွတ်လမ်း ရေးကြိုးပမ်းမှုမှာ ပါဝင်ခဲ့ကြတဲ့ ရဲဘော်သုံးကြိတ် ထဲမှရဲဘော် ရဲဘော်တစ်ဦး အဖြစ် ဖန်တီး အသက်သွင်း ထားခြင်းဖြစ်ပါတယ်။

ဒီဝတ္ထုကို စာရေးဆရာကြီး မဟာဆွေ၏ သမီး စာရေးဆရာမ ခင်ဆွေးဦးက ရေးသားခဲ့ဖြစ်ပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ စာပိုဒ်လေးကတော့ ဒီဝတ္ထုဇာတ်လမ်းရဲ့ ဇာတ်ကောင် ကိုသူရ ရဲ့ မှတ်စု စာအုပ်အတွင်းမှ စာသားလေးများ ဖြစ်ပါတယ်။ ဤစာ သာလေးကို ကြည့်ခြင်းအားဖြင့် ကိုလိုခေတ်တွင် မြန်မာလူမျိုးတို့ နှိမ့်ကျခဲ့ရပုံကို တွေ့ရှိခံစားနိုင်ပါသည်။



လွပ်လပ်ရေး တိုက်ပွဲ

  • လူတိုင်း၌ ညီမျှသော အခွင့်တရားရှိသင့်သည်
  • လူတစ်မျိုးက လူတစ်မျိုးကို အုပ်ချုပ်ရန် အလိုမရှိ

သွေးနှင့်လဲရသည်
  • လွပ်လပ်ရေးကား သွေးနှင့်လဲယူရသော အလုပ်ဖြစ်၏
  • ရာထူးလခနှင့်လဲယူခြင်းသည် လွတ်လပ်ရေး အစစ်မဟုတ်
  • သို့ဖြစ်လျှင် လူယုတ်မာများကို သုတ်သင်ရဲသော အာဇာနည်များ အဘယ့်ကြောင့် မပေါ်ထွက်သေးသနည်း

တွေးကြည့်ပါ
  • မိတ်ဆွေ . . . အဆွေသည် မြန်မာလူမျိုးဖြစ်ပါသည်
  • မော်တော်ကားကြီးစီး တိုက်တာကြီးနှင့် စည်းစိပ်ယစ်နေသောအခါ အမိုးမလုံး သားသမီးတစ်ပြုံကြီးနှင့် တဲကုတ်လေးတွင် ငတ်ပြတ် ခွေလှဲနေသော မြန်မာများကို တွေးကြည့်ပါ

အလိုရှိသည်
  • (ဗလနံ) မဟုတ်သော လူမိုက်အလိုရှိသည်။ အလုပ် လုပ်လိုသူများ မည်သည့်နေရာမှ လျှောက်ထားဖို့မလို။


အပြည့်အစုံ ဖတ်လိုပါက တို့တိုင်းဌာနီ အမည်ရ စာအုပ်လေးကို ဒီနေရာမှာ ယူလိုက်ပါ

Read More...

Sunday, September 16, 2007

သွားရောက် ကြည်ရှုလေ့လာ အားပေးသင့်သည် ဆိုဒ်လေးတစ်ခု

  • `` Boxing ကိုသင်တာ အင်္ဂလိပ်ကို အထင်ကြီးလို့ မဟုတ်ဘူး၊ အင်္ဂလိပ်ကို ကြိုးဝိုင်းထဲမှာ တရားဝင် အလှဲထိုးဖို့
  • အနောက်တိုင်း ၀တ်စုံ ၀တ်တာ အင်္ဂလိပ်ကို အထင်ကြီးလို့ မဟုတ်ဘူး မင်းတို့ ၀တ်တတ်သလို ငါတို့လဲ ၀တ်တတ်တယ်ဆိုတာ ပြဖို့
  • ဇွန်းခက်ရင်းနဲ့စားတာ အင်္ဂလိပ်ကို အထင်ကြီးလို့ မဟုတ်ဘူး မင်းတို့လို ငါတို့လဲ စားတတ်တယ်ဆိုတာ ပြဖို့
  • အင်္ဂလိပ်ကို အင်္ဂလိပ်လို ဆဲဖို့ဆိုရင် အင်္ဂလိပ်စာ တတ်ဖို့လိုတယ် ´´
ဦးရာဇတ် ( အမျိုးသား ကျောင်းအုပ်ကြီး )

source The Yangon Times Journal( နှစ်(၆၀) တိုင် မမေ့နိုင် ကျောက်စာတိုင်ပမာ မြန်မာ့သမိုင်းစာမျက်နှာ ) ဆောင်းပါမှ

အာဇာနည် ခေါင်းဆောင်ကြီး ဦးရာဇတ်ရဲ့ စကားကို ပြန်ကောက် ကြည့်ရင် အင်္ဂလိပ်ကို အထင်ကြီးကြီး မကြီးကြီး အင်္ဂလိပ်ကို ပုခုံးချင်း ယှဉ်ဖို့ အင်္ဂစာကို တတ်ဖို့ လိုတယ်ဆိုတာကို ထင်ရှားပေါ်လွင်ပါတယ်။

အခုခေတ်မှာလည်း ထိုနည်းလည်း ကောင်းပါပဲ။ ကျွန်တော်တို့ မြန်မာလူ ငယ်တွေအနေနဲ့ နိုင်ငံတကာ နဲ့ရင်ဘောင်တန်း ဖို့ဆိုရင် အနည်းဆုံးတော့ နိုင်ငံတကာသုံး ဘာသာစကား ဖြစ်တဲ့ အင်္ဂလိပ်စာကိုတော့ တတ်ဖို့လိုပါတယ်။

သင်ဟာ အင်္ဂစာကို လေ့လာနေသူ တစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင် မြန်မာ ဘလော့ဂ်ကာ တစ်ဦး ဖန်တီးထားတဲ့ Unisonity အမည်ရတဲ့ ဆိုဒ်လေးမှာ သွားရောက် လေ့လာနိုင်ပါတယ်။ အဲဒီ ဆိုဒ်လေးဟာ အင်္ဂလိပ်စာကို လေ့လာ လိုက်စား လိုသူများ အတွက် ဖန်တီး ပေးထားတာ ဖြစ်ပါတယ်။ လိုအပ်တဲ့နေရာတွေမှာ မြန်မာလို ဘာသာပြန် ရှင်းပြပေးထားပါတယ်။ သင့်အတွက် အထောက် အကူ ဖြစ်မှာ သေချာပါတယ်။

တကယ်လို့ သင်ဟာ အင်္ဂလိပ် စာကို ကျွမ်းကျင်သူ တစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင် လည်း ဒီဆိုဒ်ရဲ့ အားနည်းချက်လေး တွေကို ပြင်ပေးခြင်း၊ အကြံပေးခြင်း၊ အီးစာအုပ်များ သင်ထောက်ကူပြု အော်ဒီယို ဖိုင်များ ရှဲပေးခြင်း၊ အစရှိ သဖြင့် သင်ပါဝင် တတ်နိုင်သည်များကို ကူညီခြင်းဖြင့် နိုင်ငံတကာကို ရင်ဘောင်တန်းဖို့ အင်္ဂလိပ်စာကို လေ့လာ သင်ယူကြမည့် လူငယ်များကို ကူညီရာရောက်ပါသည်။

သို့ဖြစ်သောကြောင့် ကျွန်တော့်ဘလော့ဂ်ကို တမင်တကာ လာလည်သူပဲ ဖြစ်ဖြစ် မျက်စိလည်၍ ရောက်လာသူပဲ ဖြစ်ဖြစ် ဘယ်လို အကြောင်းနဲ့ ရောက်လာခဲ့သည် ဖြစ်စေ ဒီနေရာလေးကို နှိပ်ပြီး အင်္ဂလိပ်စာ သင်ထောက်ကူပြု ဆိုက်လေးကို လေ့လာပြီး လိုအပ်သည့် အကြံဥာဏ်များ ပေးစေလိုပါသည်။

ဆက်သွယ်ရန် mg.equanimity@gmail.com

Read More...

မြင်းတစ်ကောင်ဖြစ်ဖို့

ဆရာဖေမြင့် ရေးသည့် ဂျီးနိယပ် ဆိုသည့် စာအုပ်ကို လူတော်တော်များများ ဖတ်ဖူးကြပါလိမ့်မည်။ မဖတ်ဖူးသေး လျှင်လည်း ဖတ်ကြည့်ဖို့ တိုက်တွန်းလိုပါသည်။ ထိုစာအုပ်ကို ဖတ်ဖူးလျှင် စာအုပ်၏ ဆိုလို ရင်းကို အသက်သွင်းထားသည့် မြင်းနှင့်ဘဲ ပုံပြင်ကိုလည်း မှတ်မိကြပါ လိမ့်မည်။ ထိုစာအုပ်ကို ဖတ်ခဲ့ဖူးသည်မှာ အတော်ကြာပြီ ဖြစ်သော်လည်း ထိုပုံပြင်လေးကို ကြိုက်လွန်းသောကြောင့် မှတ်မိနေပါ သေးသည်။

ထိုပုံပြင်အရ မြင်းနှင့်ဘဲတို့ စကားစစ်ထိုးကြသည်။
ဘဲကပြောသည်
ငါသည် ရေလည်းကူးတတ်သည် လမ်းလည်း လျှောက်တတ်သည် မိုးပေါ်လည်းပျံနိုင်။ သင်သည် (မြင်းကိုပြောခြင်းဖြစ်သည်) ကုန်းပေါ်တွင်သာ ပြေးနိုသူတစ်ယောက် ဖြစ်သည်။
ဆိုလိုသည်မှာ မြင်းသည် သူ့လောက် (ဘဲ) လောက်မတော်ဟု ပြောခြင်း ဖြစ်သည်။

ထိုအခါ ကျွန်တော်သည် ဘဲတစ်ကောင်နှင့်တူသည်။

ကွန်ပျူတာ အကြောင်း ကျွန်တော် သိသည် တတ်သည်၊ ဓတ်ပုံ အကြောင်း သိသည် တတ်သည်၊ ကင်မရာ အကြောင်း သိသည် တတ်သည်၊ ကျောက်ဖရုံယို လုပ်နည်း၊ ပန်းချီ၊ ဂရမ်ဖစ် ဒီဇိုင်း၊ စာနယ်ဇင်း ပညာ၊ ၀တ္ထုရေးခြင်း၊ ပုံပြင်ပြောခြင်း၊ အိပ်သုံး အီလထရောနစ် ပစ္စည်းများကို ပြုပြင်ခြင်း၊ စာအုပ်များ အကြောင်း၊လက္ခဏာ အစရှိသည့် အရာများ အကြောင်းကို သိသည်တတ်သည်။ ထိုအခါ ကျွန်တော်သည် အကြောင်းအရာ တော်တော်များများကို သိသူ တတ်သူဖြစ်သည်။

မြင်းကပြန်ပြောသည်
မင်း(ဘဲကိုရည်ညွှန်းသည်) ငါး တစ်ကောင်ကို ကူးနိုင်သလား၊ ရေကူးတတ်တယ်ဆိုတာ ရေငြိမ်သက်နေတဲ့ ကန်ရေပြင်မှာ ယက်ကန်ယက်ကန်နဲ့ ကူးတတ်တာ မဟုတ်လား၊ တကယ်လို့တာ လှိုင်းထန်တဲ့ ရေပြင်တစ်ခုမှာဆို မင်းမကူးနိုင်ပါဘူး ကြောက်ပြီး ထွက်ပြေးမှာပါ။
မင်းလမ်းလျှောက် တတ်တယ်ဆိုတာ လိမ်ဖယ်လိမ်ဖယ်နဲ့ပါ၊ မင်းလူတွေလို ပီပီပြင်ပြင် လျှောက်တတ်သလား၊ ဒါကြောင့် လမ်းကို ပီပီပြင်ပြင် မလျှောက်တတ်တဲ့ လူတွေကိုတောင် ဘဲသွားသွားတယ်လို့ အချင်းချင်း ပြောကြတယ်။
မင်းပျံနိုင်တယ်ဆိုတာ မြေပြင်ရှပ်ပြီး ဖလပ်ဖလပ်ပျံရုံပါပဲ။ ငှက်တွေလို ကောင်းကင်မှာ ပျံနိုင်သလား။

ငါကတော့ ပြေးတာ တစ်ခုပဲ တတ်တယ်။ ဒါပေမယ့် ကုန်းပေါ်မှာရှိတဲ့ သတ္တ၀ါတွေထဲမှာ ပြိုင်ပြေးကြမယ်ဆိုရင် ငါကဘုရင်ပဲ။ ငါကြွားကြွားလေး တစ်ချက်ခုန်လိုက်ရုံနဲ့ ငါခန္ဒာကိုယ်မှာ ကြွက်သားတွေ ဘယ်လောက်ထိ ရှိတယ်ဆိုတာ သိနိုင်တယ်။

ကျွန်တော် ပြည်ပ တစ်နေရာမှာ အလုပ်သွားလုပ်ဖို့ စိတ်ကူးမိသည်။ ထိုအခါ ပြည်ပရောက် ရင်းနှီးသူများ ထံတွင် စုံစမ်းကြည့်သည်။ မင်းတို့ဆီမှာ ငါဘာလာလုပ်လို့ ရနိုင်မလဲ။

ကျွန်တော်သည် ကွန်ပျူတာကို တတ်သည် . . . .
မင်းပရိုဂရမ် ရေးတတ်လား
အင်း တက်တော့တက်ဖူးတယ် သေသေချာချာတော့ မရေးတတ်ဘူး
ဝက်ပိတ်ရေးတတ်လား
ရေးတတ်ဘူး
ဒီဇိုင်းရော
ဖိုတိုရှော့တော့ သုံးတတ်တယ် နောက်ပိုင်း တူးတွေ မသုံးတာကြာတော့ တစ်ခုခုလုပ်ချင်ရင် စာအုပ်ပြန်လှန် နေရတယ်ကွ

ကျွန်တော်သည် စီးပွားရေး တက္ကသိုလ် ကျောင်းသားတစ်ယောက်ဖြစ်သည်
စာရင်းကိုင်ရသလား . . . .
ကျောင်းမှာ သင်တာလောက်နဲ့ မင်းသိတဲ့ အတိုင်းပဲကွာ၊ အပြင်က အကောင့်လိုင်းတွေလဲ ဆက်မဆက်ဖြစ်ဘူး

ကျွန်တော် ဓာတ်ပုံရိုက်တတ်သည်
ISO တို့ အပါချာတို့ကို အလင်းရောင် ဘယ်လောက်မှာ ဘယ်လောက်ထားသင့်လဲ
သိဘူးဗျ၊ ရိုက်ဆိုရင်တော့ ရိုက်လိုက်တာပဲ၊ အမြဲတမ်း ကင်မရာကို ပရိုဂရမ် ဒါမှ မဟုတ် အော်တိုမှာ ထားရိုက်လိုက်တယ်

ကျွန်တော် အိမ်သုံး အီလက်ထရောနစ် ပစ္စည်းတွေ ပြင်တတ်သည်
ပန်ကာ ကွိုင်ကျွမ်းသွားတာ ပတ်တတ်လား
အဲလောက်ထိ တတ်ဘူး၊ ဘယ်အစိတ်ပိုင်းက ပျက်နေလို့ အလုပ်မလုပ်တာ ဆိုတာလောက်ပဲ သိတယ်

လက္ခဏာလဲ ဟောတတ်တယ်ဆို ငါဘယ်တော့ အိမ်ထောင်ကျမှာလဲ
အလောက်ထိတော့ မဟောတတ်ဘူး၊ အိမ်ထောင်ရေး လမ်းကြောင်း ကောင်းမကောင်း ဆိုတာလောက်ပဲ သိတယ်

ကျွန်တော်သည် ထိုကဲ့သို့ ဘဲတစ်ကောင်နှင့် တူသောလူ တစ်ယောက်သာ ဖြစ်ပါသည်။ ဘဲတစ်ကောင်လောက်သာ သိသော ပညာမျှဖြင့် လူကြားသူကြား (ကိုယ့်လောက်မသိသူများ) အရှေ့တင် အသံကောင်းဟစ်ရုံမျှ လွဲ၍ အောင်မြင်တဲ့ ဘ၀တစ်ခု သွားဖို့ အဆင်သင့် ဖြစ်မလာပါ။

ထိုအခါ ကျွန်တော်သည် မြင်းတစ်ကောင် ဖြစ်ဖို့ ကြိုးစားရဦးမည်။

မြင်းတစ်ကောင်လို တစ်လိုင်းသန် သွားဖို့ဆိုလျှင် အချို့ သော အကြောင်းရာများကို ရွေးချယ်၍ အချို့သော အကြောင်းအရာများကို စွန့်လွတ်ရမည်။ ထိုအခါ ဘာကို ရွေးလို့ ဘာကိုစွန့်လွှတ် ရမည်နည်း။ ဖြစ်နိုင်ရင် ဘယ်အရာကိုမျှ မစွန့်လွတ်ချင်ပါ။ သို့ရာတွင် မတတ်နိုင်ပါ။ ၀ါသနာလည်း ပါ အကျိုးရှိသည့် (ပိုက်ဆံတစ်ခုတည်းကို ပြောခြင်းမဟုတ်ပါ) အရာများ ဆီသို့သာ ဦးတည် ရပေတော့မည်။

မှတ်ချက်။ ။ မူရင်းပုံပြင်ကို ချုံ့ရေးလိုက်ခြင်း ဖြစ်သောကြောင့် ပုံပြင်၏ အဓိပ္ပယ်နှင့် အနှစ်အရသာများ ပျောက်ပြက်သွားပါက ကျွန်တော်၏ ညံ့ဖျင်းမှုသာလျှင်ဖြစ်သည်။

Read More...

Saturday, September 15, 2007

မြန်မာနိုင်ပြီ ဒို့မြန်မာနိုင်ပြီ

ဒီနေ့ မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘော့လုံးအသင်းက ထိုင်းလက်ရွေးစင် အမျိုးသမီး ဘော့လုံးအသင်းကို ၅ ဂိုး ၂ ဂိုးနဲ့ အနိုင်ရ ဗိုလ်စွဲ သွားပါပြီ။
ပထမပိုင်းမှာ ဘယ်သူဘယ်သူမှ ဂိုးမသွင်းနိုင်ပဲ ရှိနေရာက ဒုတိယပိုင်းမှ မြန်မာက အဖွင့်ဂိုးသွင်းခဲ့ပါတယ်။ ထိုင်းကခြေပ ဂိုးပြန်သွင်းပါတယ်။ တစ်ဂိုးတစ်ဂိုး သရေကြောင့် အချိန်ပိုကန်ပါတယ်။ အချိန်ပို သရေကျတော့ ပင်နယ်တီကန်ရပါတယ်။ ထိုင်းအသင်းဟာ ပထမဆုံး သွင်းတဲ့ အလုံးက လွဲပြီး ကျန်အလုံးများ မ၀င်တော့ သည့်အတွက် မြန်မာ အသင်းက လေးလုံး ကန်ပြီးမှာ လေးလုံးစလုံးဝင်ပြီး အနိုင်ရှုံး သိသာသွားပြီး ဖြစ်တော့ကြောင့် ငါးလုံး မြောက်အလုံးကို ဆက်ကန်စရာ မလိုပဲ စုစုပေါင်း ၅ ဂိုး ၂ ဂိုးနဲ့ နိုင်သွားခဲ့ပါတယ်။

မှတ်ချက်။ ။ ဒိုင်မညစ်ပါ အမှန်အကန် နိုင်ခြင်း ဖြစ်သည် :D

Read More...

Tuesday, September 11, 2007

နားသံသီး ရဲ့ မတ်စေ့ပုံပြင်

တစ်ခါတုန်းက ကျွန်တော်တို့ မြို့တွင် နားသံသီးဟု ခေါ်သည့် လူတစ်ယောက်ရှိသည်။ သူသည် အိန္ဒယ နိုင်ငံသား ဟိန္ဒူ လူမျိုး တစ်ဦးဖြစ် ပြီး စစ်အတွင်းက မြန်မာပြည်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။ ကျွန်တော်တို့ မြို့ကို ရောက်လာစဉ်က သူ့နားတွင် သံနှင့် လုပ်ထားသော နားဆွဲသီးကြီး တပ်ဆင် ထားခြင်းကြောင့် နားသံသီးဟု ခေါ်ကြမှ အမည်တွင်သွား ခြင်းဖြစ်သည်။

တစ်ရက်တွင် နားသံသီးသည် ချောင်းတစ်ခု ကို တံတားပေါ်မှာ ဖြတ်ကူးရင်း သူ့ လက်ထဲမှ မတ်စေ့လေး တစ်စေ့ ချောင်းအတွင်းသို့ ကျသွား လေသည်။ မတ်စေ့ ကျသွားသော ချောင်းသည် လူနှစ်ရပ်စာ လောက်နက်သည်။ သူကိုယ်တိုင်လည်း ရေမကူးပါတတ်ပါ။ လူနှစ်ရပ်စာ မျှနက်သော ချောင်းအတွင်းတွင် မတ်စေ့တစ်စေ့ကို ရှာရသည်မှာ မလွယ်ကူပါ။ ထိုအခါ နားသံသီးသည် ချောင်းထဲတွင် ရေချိုးနေသူ များကို သူကျသွားသော မတ်စေ့ကို ရအောင် ပြန်ရှာပေး နိုင်ပါက ငါးမူးပေးမည် ဖြစ်ကြောင်း ပြောလိုက်သည်။

ထိုအခါ ချောင်းအတွင်း ရေချိုး နေသူများသည် နားသံသီးကျ သွားသော ပိုက်ဆံမတ်စေ့ကို ရှာကြသည်။ များမကြာမီ ရေငုတ်ရှာသူများ အနက်မှ တစ်ဦးသည် နသံသီး ကျသွားသော မှတ်စေ့ကို ရှာတွေ့သွားလေသည်။ ထိုအခါ နားသံသီးသည် သူပြောထားသည့် အတိုင်း ရေငုတ်ရှာနိုင်သူကို ငါးမူးပေးကာ ချောင်းအတွင်းက ပြန်ရသော မတ်စေ့ကို ယူသွားလေသည်။

ထိုအခါ ချောင်းအတွင်း ရေချိုးနေသူများက ဒီကုလားက ငကြောင်ပဲ ပိုက်ဆံ တစ်မတ် ပြန်ရဖို့ ပိုက်ဆံ ငါးမူး အကုန်ခံနေတယ်၊ အချို့ကလည်း ဒီမတ်စေ့က အဆောင်မို့လို့ ပိုက်ဆံ ငါးမူး အကုန်ခံပြီး ငုတ်ခိုင်းတာ ဖြစ်မယ်ဟု ပြောကြသည်။ ထိုအကြောင်းကို နားသံနှင့် ရင်းနှီးသူများက ကြားသိသွားပြီး အကြောင်းစုံ မေးမြန်းကြည့်ရာ။

ကျွန်တော့် လက်ထဲ ပိုက်ဆံ ကျသွားတယ်ဆို သိကြပေမယ့် ကျွန်တော် ပြန်မယူဘူး ငုတ်ပြီး ရှာကြပါ ဆိုရင်တောင်...။ ပိုက်ဆံ မတ်စေ့လေး တစ်စေ့ အတွက်နဲ့ လူနှစ်ရပ် စာလောက်ရှိတဲ့ ရေထဲမှာ ငုတ်ပြီး ခဲရာခဲဆစ် ဘယ်သူမှ ရှာနေမှာ မဟုတ်ဘူး။ ဒါကြောင့် အဲဒီမတ်စေ့ကို ဒီတိုင်းထား လိုက်မယ်ဆိုရင် ဘယ်သူမှလဲ မသုံးရဘူး။ ဒီတိုင်းဆုံးသွားမှာ။ ဒါကြောင့် ကျွန်တော်က ပိုက်ဆံ ငါးမူးပေးပြီး ရှာခိုင်းလိုက်တာပါ။ အဲဒီအခါမှာ ကျွန်တော့် မတ်စေ့ ပြန်ရသလို ရေငုတ်တဲ့ လူလဲ ပိုက်ဆံ ငါးမူး သုံးရတယ်။ သာမန် အားဖြင့် ကြည့်ရင် ကျွန်တော့ ဘက်က တစ်မတ်ရှုံးတယ်လို့ ထင်မယ်။ တကယ်တော့ လက်ထဲက ပြုတ်ကျပြီ ဆိုကတည်းက ကျွန်တော်ဟာ ပိုက်ဆံ တစ်မတ် ဆုံးသွားပြီ။ ဒါပေမယ့် ရေထဲက ပိုက်ဆံကတော့ အလဟသ မဖြစ်တော့ဘူးပေါ့။

Read More...

ဝမ်းနည်းကြေကွဲခြင်း

ကျွန်တော်နှင့် ခင်မင်ရင်းနှီးသော ဘလော့ဂ်ကာ တစ်ဦးဖြစ်သူ ကိုချမ်းမြစိုး ၏ မိခင်

(ဒေါ်အေးအေး) သည်

စက်တင်ဘာလ ၁၁ ရက် အင်္ဂါနေ့ နံနက်တွင် ဘ၀တစ်ပါးသို့ ကူးပြောင်းသွားကြောင်း သိရပါသောကြောင့် မိသားစုနှင့် ထပ်တူ ထပ်မျှ ၀မ်းနည်းကြေကွဲ ရပါတယ်။

ကိုဖိုးချမ်း၏ မိခင် ကောင်းရာ သုဂတိလားပါစေ . . . .

Read More...

Monday, September 10, 2007

သရဖူကို လုံးချော ကာကွယ်

ဒီနေ့ မြန်မာ့ရိုးရာ ၀ိတ်တန်းလိုက် ရွှေခါးပတ်ချန်ပီယံ ဗိုလ်လုပွဲကြီကို အားကစားပြိုင်ပွဲ ရုံ(၁) သုဝဏ္ဏမှာ ကျင်းပခဲ့ပါတယ်။

ရွှေခါးပါတ်ချန်ပီယံ ဗိုလ်လုပွဲ ဆိုတာကတော့ မြန်မားရိုးရာ လက်ဝှေ့လောကမှာ အမြင့်ဆုံး ပြိုင်ပွဲတစ်ခုပေါ့။ ရွှေခါးပတ်ချန်ပီယံ ဗိုလ်လုပွဲကို ကျင်းပတာ အခုအကြိမ်ကတော့ လေးကြိမ်မြောက်ပါ။ ပထမဆုံ အကြိမ်ကို ၁၉၉၆ ခုနှစ်မှာ စတင်ကျင်းပခဲ့ပါတယ်။ အဲဒီပွဲတုန်းက ၀မ်ချိုင်းဟာ အောင်အောင်ထွန်း မန္တလေးကို နိုင်ပြီး နာမည်ကြီး လာခဲ့ပါတယ်။ အဲဒီနှစ်ပွဲရဲ့ အလွတ်တန်း ချန်ပီယံဆုကိုတော့ ရွှေဒူဝံက ရွေဝါထွန်းကို အလှဲထိုးပြီး အနိုင်ရသွားပါတယ်။

ဒုတိယ အကြိမ် ရွှေခါးပတ် ချန်ပီယံ ဗိုလ်လုပွဲကို ၁၉၉၈ ခုနှစ်မှာ ကျင်းပခဲ့ပါတယ်။ တတိယ အကြိမ်ကိုတော့ ၂၀၀၆ ခုနှစ်မှာ ကျင်းပခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ် ရွှေခါးပတ် ချန်ပီယံ ဗိုလ်လုပွဲမှာ ထးခြားတာက မြန်မာ့ရိုးရာ လက်ဝှေ့ လောက ကနေ အချိန်အတော်ကြာ ပျောက်နေတဲ့ ဆယ်နှစ်ချန်ပီယံ ရွှေဝါထွန်း ပါဝင်လာခြင်းပဲ ဖြစ်ပါတယ်။ ချန်ပီယံဟောင်း ရွှေဝါထွန်းဟာ အလွတ်တန်းမှာ ပါဝင်ပြီး လက်ရှိချန်ပီယံ လုံးချောနဲ့ ထိုးသတ်ရပါတယ်။ ပြီးတော့ ရွှေဝါထွန်းဟာ မျက်လုံး တစ်ဖက်လဲ ကွယ်နေပါပြီ။ အဲဒီပွဲမှာ ရွှေဝါထွန်းက လက်သီးထိုးလုံး ကောင်းတာမှန်ပေမယ့် အသက်အရွယ်နဲ့ အင်အား မညီမျှမှုကြောင့် ငါးချီမြောက်မှာပဲ အလဲထိုးခံခဲရပါတယ်။

ဒီနှစ် ကျင်းပတဲ့ ရွှေခါးပတ်ချန်ပီယံ ဗိုလ်လုပွဲမှာတော့ ပွဲတော်တော်များများ ကြည့်ကောင်းပါတယ်။ နောက်ဆုံး အလွတ်တန်း ချန်ပီယံပြိုင်ပွဲမှာတော့ လုံးချော လက်ရှိအလွတ်တန်း ရွှေခါးပတ်ချန်ပီယံ နဲ့ ဈန်ထူး( ၂၀၀၆ခုနှစ် မစ်ဒယ်ဝိတ်တန်း ရွေခါးပတ် ချန်ပီယံ) တို့ထိုးသတ် ယဉ်ပြိုင်ကြပါတယ်။

လုံးချောနဲ့ ဈန်ထးဟာ ပြီးခဲ့တဲ့ မျှော်စင်ကျွန်း လှက်ဝှေ့ပွဲမှာ လုံးချောနဲ့ သရေကျခဲ့ဖူးပါတယ်။ သရေ ကျတယ်ဆိုပေမယ့် အဲဒီပွဲတုန်းက ဈန်ထူးဟာ လုံးချောထိုး သမျှကို ကြံ့ကြံ့ခံ ပြီး လုံးချောက အသာစီးနဲ့ ထိုးသတ်သွားတာပါ။ လုံးချောနဲ့ ဈန်ထူးဟာ အရပ်ချင်း ဘော်ဒီချင်းယှဉ်ရင် လုံးချောက လူကောင်ပိုထွားပါတယ်။ ဒါကြောင့် ဒီပွဲမှာလဲ လုံးချော အသာစီးရမယ်လို့ ထင်ထားကြပါတယ်။ လုံးချော ကိုယ်တိုင်းလည်း အဲလိုထင်ထားပုံရပါတယ်။

ပွဲစပြီဆိုတာနဲ့ လုံချောဟာ ဈန်ထူးကို တရစပ် ၀င်ထိုးပါတယ်။ သို့ပေမယ့် လုံးချောထင်သလို ဖြစ်မလာပါဘူး။ ဈန်ထူးဟာ လုံးချောလောက် အထိုးအသတ် မကောင်းဘူးဆို ပေမယ့် မျှော်စင်ကျွန်းပွဲတုန်းကလို ဒီပွဲမှာ လုံးချောဟာ ထင်သလို ၀င်ထိုးလို့ မရတော့ပါဘူး။ ဈန်ထူးရဲ့ တစ်တစ်ချက် လက်သီးထိုးချက်တွေ ခြေကန်ချက်တွေကြောင့် လုံးချော ဖင်ထိုင်လဲလဲကျသွားပါတယ်။ ဒီလိုနဲ့ ဘတပြန်ကျား တစ်ပြန်ထိုးရင် ငါးချီ အပြီးမှာ သရေ ဖြစ်သွားပါတယ်။

လုံးချောဟာ ဈန်ထူးထက် ထိအောင်တိုက်ခိုက် နိုင်တဲ့ ရာခိုင်နှုန်း ပိုများတဲ့တွက် အမှတ်ပေးစနစ် အရ လုံးချောက ရွှေခါးပတ် ချန်ပီယံဆုကို ရရှိသွားခဲ့ပါတယ်။

မျှော်စင်ကျွန်းတုန်းက လုံးချောနဲ့ ဈန်ထူးတို့ ထိုးသတ်တဲ့ ပွဲကို ကြည့်ချင်ရင် ဒီနေရာကို နှိပ်ပါ။

Read More...

Sunday, September 09, 2007

နောက်ပိုင်း မင်းသားကြီး

အဲဒီလူကို စသိတုန်းက . . . . .

"ဘယ်လိုလဲ ကိုစိုးဇေယျ ခင်ဗျားရဲ့ ချက်အစားထိုး သီးနှံစိုက်ခင်းကြီးက အောင်မြင်ရဲ့လား"

အဲဒီအချိန်တုန်းက မြန်မာဘလော့ဂ် စာအုပ်ကို လုပ်ဖို့ရာတွက် လူစုနေချိန်ပေါ့။ သူက စီဘောက်မှာ အခုလို လာအော်သွားတာ။ သူပြောတဲ့ အဓိပ္ပယ်က အားပေးတာလို သရောက်နေတာလိုလို လှောင်နေတာလိုလိုပေါ့ဗျာ။ ကျွန်တော် ဘာမှတော့ မပြောပါဘူး။ အခြေအနေ ကောင်းပါတယ်လို့ ပြန်ပြောခဲ့ပါတယ်။

နောက်တော့ ကျွန်တော် သူ့အီးမေးလိပ်စာကို တောင်းလိုက်တယ်။ အီးမေးမှာ သူနဲ့ စကားပြောဖြစ်တယ်။ နောက်တော့ သူ့ဖုန်းနံပါတ် ပေးသွားတယ်။

နောက်တော့ ပထမဆုံး အကြိမ် အစည်းဝေး လုပ်ဖို့ ကျွန်တော် သူ့ဆီကို ဖုန်းဆက်ပါတယ်။

" ဟဲလို "
" ............... "
" ကိုတက်စလာနဲ့ ပြောချင်လို့ပါ "
"ဘယ်က တက်စလာလဲ မရှိဘူး"
" ဖုန်းနံပါတ် ............. မှန်ပါတယ်နော် "
"နံပါတော့မှန်တယ် တက်စလာဆိုတာ မရှိဘူး"

သေချာအောင် ချက်လော့ထဲမှာ ပြန်ရှာကြည့်တော့လဲ နံပါတ်ကမှန်တယ်။ ဖြစ်နိုင်ချေရှိတာက သူ့ရဲ့ နစ်နိမ်းကို အိမ်ကမသိတာပဲ ဖြစ်ရမယ်ဆိုပြီး နောက်တစ်ခေါက် ထပ်ဆက်ပါတယ်။ ထပ်ဆက်ပြီး ကျွန်တော်မေးတဲ့ တက်စလာက KMD အလုပ်လုပ်တယ်လို့ ရှင်းပြတော့မှ ရှိပါတယ် အခုတော့ အောက်ဆင်းသွားတယ်တဲ့။

ကော်ဖီကင်းမှာ အစည်းဝေး လုပ်ကြတော့ ကိုတက်စလာ ရောက်လာပါတယ်။ သူကတော့ အေးရာအေးကြောင်းပဲ ဘာမှ ၀င်မပြောဘူး။ အစည်းဝေး ပြီးလို့ ပြန်ကြတော့မှ သူက ထီးချိုင့်သားတဲ့။ ထီးချိုင့်ဆိုတာ ကျွန်တော်တို့ ကောလင်း မြို့နယ်နဲ့ ကပ်လျှက် ဖြစ်တာကြောင့် တစ်နယ်ထဲ သားလို့တောင် ပြောလို့ရပါတယ်။ အရင်က ရွယ်တူလို့ ထင်ထားခဲ့တာ ကျွန်တော့်ထက် ခုနှစ်နှစ် ကြီးနေလို့ သိလိုက်ရတယ်။

အဲဒီလိုနဲ့ ထီးချိုင့်သား ကိုတက်စလာနဲ့ ကျွန်တော် စတင်ခင်မင် ရင်းနှီးလာခဲ့တာပါ။ ဒါပေမယ့် ကိုတက်စလာဟာ အစည်းဝေးဆိုရင် ပထမဆုံး အကြိမ်လုပ်တဲ့ အစည်းဝေးကလွဲလို့ နောက်ပိုင်း ဘယ်အစည်းဝေးမှာမှ သူတက်ရောက်ခြင်း မရှိတော့ပါဘူး။ ဒါပေမယ့် အစည်းဝေးအပြီးမှာ လုပ်တတ်တဲ့ နောက်ပိုင်း အစီစဉ်တွေမှာတော့ မပျက်မကွက် တက်ရောက်လေ့ရှိပါတယ်။ ဒါကြောင့် သူ့ကို ကျွန်တော်တို့ အဖွဲ့မှာ နောက်ပိုင်းမင်းသားကြီးလို့တောင် တင်စားခေါ်ဝေါ် လာကြပါတော့တယ်။

ကိုတက်က စာအရေးအသား လည်းကောင်းသလို ဗဟုသုတလဲ စုံပါတယ်။ ကျွန်တော်မမြင်တဲ့ အခြားဘက်က အမြင်တစ်ခုနဲ့ ကြည့်တတ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့နှစ်ယောက် တွေ့ရင်မကြာခဏ ဆိုသလို အငြင်းပွားရပါတယ်။ အဲလို အငြင်းပွားရင်းနဲ့ပဲ ကျွန်တော် မစဉ်းစားခဲ့မိတဲ့ တချို့ သောအကြောင်းအရာတွေကို စဉ်းစားမိသလို ကျွန်တော်ရဲ့ အားနည်းချက် တွေထဲက တချို့ကိုလဲ အဲလို အငြင်းပွားရင်နဲ့ မြင်လာပါတယ်။ ဘာပဲ ဖြစ်ဖြစ် အဲလို ကိုတက်နဲ့ အငြင်းပွားရတာကိုတော့ ကျွန်တော် သဘောကျမိတာ အမှန်ပါပဲ။

ဒီနေ့တော့ ကိုတက်ကြီး အသက်သုံး ဆယ်ပြည့်ပြီ။
ဒီနေ့ညနေမှာ ကိုတက်ကြီးအတွက် မွေးနေ့ကိတ်ကို ဘာညာ၊ ကိုကျော်ဇေယျ၊ ဘလာဂေါက်တို့ က ပြင်ဆင်ထားပြီးပြီ။ ညနေ ဘုရားသွားကြမည်။ ကျွန်တော် တကယ်လာချင်ပါတယ်။ သို့ပေမယ့် ဒီနေ့မှာ လက်ဝှေ့ပွဲက ရှိနေပြန်တယ်။ ၀ါသနာ တစ်ခုတည်းကြောင့် သွားကြည့်ရမယ် ဆိုရင်တော့ လက်ဝှေ့ပွဲ သွားမကြည့်တော့ဘူး၊ ကိုတက် မွေးနေ့ကို သွားမည်။ အခုဟာက အလုပ် တာဝန်ကြောင့် ကိုတက်မွေးနေ့ပွဲကို မတက်ဖြစ်တော့။ ကိုတက်ကြီးနဲ့ ကိုဂေါက်တို့ နားလည်ပေးမည်ဟု မျှော်လင့်ပါသည်။

ဒီနေမှာ ကျရောက်တဲ့ မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် အိုးမိုင်ဘလော့ဂ် နိုင်ပါစေလို့ ဆန္ဒပြုရင် နိဂုံးချုပ်လိုက်ပါသည်။ ကိုတက်ကြီး အောင်မြင်ပါစေ။

Read More...

ရွှေခါးပတ်ချန်ပီယံ ဗိုလ်လုပွဲ


ဒီနေ့ အမျိုးသား အားကစားပြိုင်ပွဲ ရုံ(၁) သုဝဏ္ဏမှာ ရွှေခါးပတ် ချန်ပီယံ ဗိုလ်လုပွဲကို နေ့လည်နှစ်နာရီ တိတိမှာ စမှာဖြစ်ပါတယ်။ မြန်မာ့ရိုးရာ လက်ဝှေ့ပွဲကို စိတ်ဝင်စားသူတွေ အတွက်တော့ လက်လွပ်ခံလို့ မဖြစ်တဲ့ ပွဲကြီးပေါ့။

နောက်ဆုံး အလွတ်တန်း ရွှေခါးပတ်ချန်ပီယံ ဗိုလ်လုပွဲမှာ လုံးချောနဲ့ ဈန်ထူးတို့ ပြန်တွေ့ ကြမှာ ဖြစ်ပါတယ်။

ဈန်ထူးကတော့ ပြီးခဲ့ရွေခါးပတ်ချန်ပီယံ ပြိုင်ပွဲမှာ မစ်ဒယ်ဝိတ်တန်းရဲ့ ချန်ပီယံ ဖြစ်ပြီး လုံးချောကတော့ အလွတ်တန်း ရွှေခါးပတ်ချန်ပီယံ ဖြစ်ပါတယ်။

သူတို့နှစ်ယောက်ဟာ ပြီးခဲ့တဲ့ မျှော်စင်ကျွန်းက စိန်ခေါ်သံ လှက်ဝှေ့ပွဲမှာဆုံ ခဲ့ဖူးပါတယ်။ အဲဒီမှာတော့ သရေပွဲ ဖြစ်သွားပေမယ့် လုံးချောက အသာစီးရပါတယ်။ ရွေခါးပတ်ချန်ပီယံမှာတော့ သရေပွဲဆိုတာ မရှိပါဘူး။ အမှတ်နဲ့ ဖြတ်တာဖြစ်တဲ့ အတွက် တစ်ယောက်ယောက် ကတော့ သေချာပေါက် နိုင်သွားမှာပါ။

ဘယ်သူချန်ပီယံ ဖြစ်မလဲဆိုတာတော့ ပွဲပြီးအောင် ကြည့်ရဦးပေါ့လေ

Read More...

ပထမမြန်မာများ


ဒီနေ့ ပထမ မြန်မာများ ဆိုတဲ့ စာအုပ်လေးကို ဖတ်ဖြစ်ပါတယ်။ စာရေးသူကတော့ ဆရာမင်းယုဝေပါ။

ဒီစာအုပ်မှာ ပထမဆုံး မြန်မာလူမျိုး အနေနဲ့ အင်္ဂလိပ်မြန်မာ ဒေရှင်နယ်ဒီကို ပြုစုရာမှာ ပါဝင်ခဲ့တဲ့ မက္ခရာမင်းသားကြီး၊ ပထမဆုံး သိပ္ပံစာပေကို ပြုစုသူ ရောမင်းကြီး ဦးဖိုးလှိုင်၊ ပြည်တွင်းမှာ ပထမဆုံး ဆေးကုပေးတဲ့ တိုင်းရင်းသား ဆရာဝန် ဒေါက်တာ ရှောလူး၊ ပထမဆုံး ကာလပေါ် ၀တ္ထု ကိုရေးသူ ဂျိမ်းလှကျော် အပါအ၀င် နယ်ပယ်အသီးသီးက ပုဂ္ဂိုလ်ကျော် ၁၈ ဦးရဲ့ ဘ၀ဖြစ်စဉ်တွေ ကြိုးပမ်းချက်တွေကို အတုယူ အားကျဖွယ် ရေးသားထားတာကို တွေ့ရပါတယ်။

အဲဒီမှာ ဖတ်ရင်း ဘုရင်အကြိုက်ကို မလိုက်ပဲ အမြဲတမ်း အမှန်တိုင်း တင်လျှောက်ဝံ့တဲ့ ယောမင်းကြီး ဦးဖိုးလှိုင် ရဲ့ စိတ်ဓာတ်၊ နဲ့ ခေတ်အမြော် မြင်ရှိတဲ့ အတွေးအမြင်တွေကို အားကျမိပါတယ်။

ဖတ်ကြည့်တဲ့ အခါမှာ ပိုကောင်းမှန်း သိလာပါလိမယ့်။ မဖတ်ရသေးသော မိတ်ဆွေများကို ဖတ်ဖြစ်အောင် ဖတ်ပါလို့ တိုက်တွန်းပါရစေ။ စာအုပ်ကို ဒီနေရာမှာ နှိပ်ပြီး ဒေါင်းလုပ်ယူပါ

Read More...

ကျွန်တော်ရိုက်တဲ့ ဓာတ်ပုံ




အခုရက်ပိုင်း အချိန်နဲနဲ့ ပိုနေတာနဲ့ ဓာတ်ပုံဘလော့ဂ်ကို ပုံမှန် တင်ဖြစ်နေပါတယ်။

ဝါသနာ အလျှောက် ရိုက်ထားတဲ့ ပုံလေးတွေကို ကြည့်ချင်တယ် ဆိုရင်တော့ ဒီနေရာကို နှိပ်လိုက်ပါ www.imagemyanmar.blogspot.com

Read More...

Saturday, September 08, 2007

Happy Birthday


ပျော်ရွင်ဖွယ်ရာ မွေးနေ့လေး တစ်ခု ဖြစ်ပါစေ လို့ အစ်ကိုဆုတောင်းပေးလိုက်ပါတယ်။

ဒီနေ့မှာ ကျရောက်တဲ့ ညီမလေးရဲ့ မွေးနေ့မှသည် နောင်နှစ်ပေါင်း များစွာတိုင် ချမ်းမြေ့ပျော်စွာဖြင့် ဖြတ်သန်းရပါစေလို့ ဆုတောင်ပေးလိုက်ပါတယ်။ မနှစ်က ညီမလေး မွေးနေ့မှာ အစ်ကို့ကို လာဖို့ပြောပေမယ့် အစ်ကိုမလာနိုင်ခဲ့ဘူး။ ဒီနှစ်လဲ အစ်ကို မလာနိုင်ပြန်ဘူး။ အဲဒီအတွက် အစ်ကို တကယ်စိတ်မကောင်းပါဘူး။

ညီမလေးကို ဘာလက်ဆောင်ပေးမလဲလို့ စဉ်စားလိုက်တော့ ရွှေဒုံးဘီအောင်ရဲ့ စကားတစ်ခုကို သတိရသွားတယ်။ စားစရာပေးမှာလား ခဏသာ စာရုံးဖြင့် ကုန်သွားလိမ့်မည်။ အ၀တ်အထည် ပေးမှာလား လပိုင်းနှစ်ပိုင်း မျှဝတ်ရုံဖြင့် စုတ်ပြဲသွားလိမ့်မည်။ ဘယ်တော့မှ ကုန်ဆုံး ဟောင်းနွမ်းသွားခြင်း မရှိသည့်အရာက အသိတရားတည်းတဲ့ ဒါကြောင့် ညီမလေးရဲ့ မွေးနေ့မှာ အစ်ကိုသိထားတဲ့ အသိလေးတစ်ခုကို ညီမလေးသိနိုင်အောင် ဝေမျှပေးလိုက်ပါတယ်။

ညီမလေးရေ ဆေးကျောင်းတက်ခွင့် မရခဲ့တဲ့အတွက် အရင်လိုပဲ ၀မ်းနည်းနေတုန်းလား။ ဒါမှ မဟုတ် လက်ရှိတက်နေရတဲ့ ကျောင်းမှာရော ပျော်နေပြီလား။

ဘယ်လို ဖြစ်ဖြစ်လေ ညီမကို အစ်ကို တစ်ခါပြောခဲ့ ဖူးပါတယ်။ ရာဘင်ဒါနတ်တဂိုး ရဲ့ကဗျာလေး ထဲကလိုပေါ့။ ကဗျာလေးရဲ့ ဆိုလိုရင်း ကတော့ ရှင်းပါတယ်။ နေမင်းကြီးနဲ့ လွဲခဲ့ရလို့ စိတ်ပျက် အားငယ်စွာ ငိုကြွေး နေမယ်ဆိုရင် ညအချိန်မှာ ထွန်းလင်း တောက်ပမဲ့ ကြယ်တာရာ များအပါအ၀င် လမင်းကြီးနဲ့လည်း လွဲရပေဦးမည်တဲ့။

ညီမ လူဆိုတာ ဘ၀မှာ ရည်မှန်းချက် ရည်ရွယ်ချက် ကိုယ်စီ ရှိခဲ့ကြတာပဲလေ။ အဲဒီရည်မှန်းချက် ရည်ရွယ်ချက်ကို ရောက်အောင် လူတိုင်းတော့ သွားချင် ကြတာပေါ့ကွာ။ ဒါပေမယ့် ရည်မှန်းချက် ပန်းတိုင်ကို လူတိုင်း မရောက်ကြဘူး။ တချို့ကတော့ မကြိုးစားလို့ တချို့ကတော့ စိတ်အားမသန်လို့ တစ်ချို့ကတော့ လူအားမသန်လို့၊ စိတ်အားရော လူအားရော သန်သည့်တိုင် ကကြမ္မာကြောင့် ရည်မှန်းချက်နဲ့ လွှဲရတဲ့ အခါတွေလဲ ရှိကောင်းရှိပါလေမယ့်။

ဘယ်လိုအကြောင်းနဲ့ပဲ ဘ၀ရဲ့ ရည်မှန်းချက်တွေ လွဲချော်ခဲ့သည်ဖြစ်စေ။ တဂိုးရဲ့ ကဗျာလေးကို သတိရကြည့် စေချင်ပါတယ်။ နေမင်းကြီးနဲ့ လွဲခဲ့လို့ စိတ်ပျက် အားလျှော့နေမယ်ဆိုရင် ညအချိန်မှာ ထွက်လာမဲ့ လမင်းကြီးကိုလဲ ထပ်လွဲရဦးမယ်။

ညီမကို အစ်ကိုပြောချင်တာက ညီမအတွက် နေမင်းကြီးနဲ့ တူတဲ့ ဆေးတက္ကသိုလ် တက်မယ်ဆိုတဲ့ ရည်မှန်းချက်က လွဲသွားခဲ့ပြီ။ အဲဒီအမှာ ညီမတွက် ဘ၀က ရွေးချယ်ခွင့် နှစ်ခု ပေးထားတယ်။ တစ်ခုက စိတ်ပျက်ဝမ်းနည်းစွာနဲ့ တက်ခွင့်မရတော့တဲ့ ဆေးတက္ကသိုလ်ကို လွမ်းဆွတ် တမ်းတရင်း အလွမ်းမပြေနိုင်ဖြစ်နေမလား။ နောက်တစ်ခုက ဖြစ်ခဲ့အပေါ်မှာ သင်္ခန်းစာယူပြီး လက်ရှိတက်ခွင့်ရတဲ့ ကျောင်းမှာ အကောင်းဆုံးဖြစ် အောင်ကြိုးစားမလား။

ညီမအတွက် ရွေးချယ်စာ နှစ်လမ်းပဲ ကျန်တော့တယ်ဆိုပေမယ့် ညီမရဲ့ စိတ်အား ထက်သန် မှုအပေါ်မူတည်ပြီး အနာဂတ်ကို ပြောင်းလဲလို့ရနိုင်ပါ သေးတယ်။ ညီမဘယ်လမ်းကို ရွေးချယ်မလဲ။ ညီမကြိုက်တဲ့ လမ်းကိုရွေးပါ။ ဒါမှ ညီမရဲ့ဆုံးဖြတ်ခွင့်ပဲလေ။ ဘယ်သူမှ ၀င်ပြင်ပေးလို့ မရပါဘူး။ ညီမကြိုက်တဲ့ လမ်းကိုလျှောက်ပေါ့။

ဒီစာကို ဖတ်မိလိမ့်မယ်လို့ အစ်ကို မျှော်လင့်ပါတယ်။


Read More...

အမှတ်တရ နှစ်ပတ်လည်

ဒီနေ့ဟာ ကျွန်တော့်အတွက် အမှတ်တရ တစ်နှစ်ပြည့်တဲ့ ရက်စွဲလေးပါ။ ဒါပေမယ့် တစ်နှစ်ပြည့် ရက်စွဲဟာ ကျွန်တော့ အတွက်တော့ သာမန်နေ့တွေထက် ပိုထူးပြီး ပျော်ရွင်စရာ မရှိပါဘူး။

အရင်လိုသာဆိုရင် . . . .
အရင်လိုသာဆိုရင် ကျွန်တော့်အတွက် ပျော်ရွင်ဖွယ်ရာ နှစ်ပတ်လည်လေး တစ်ခု ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အခုဟာက အခုပဲလေ အရင်မှ မဟုတ်တော့တာ။ အဲဒီတော့ အရင်ကို တမ်းတပြီးတော့ လွမ်းဆွတ် မနေချင်တော့ပါဘူး။

ရင်ဟာ အတိတ်ပါပဲ။ တစ်ခုရှိတာက အတိတ်ကို လွမ်းသည်ဖြစ်စေ မလွမ်းသည်ဖြစ်စေ အတိတ်ကတော့ အတိတ်မှာကျန်ခဲ့ပါပြီ။ သို့ပေမယ့် အတိတ်သည် ကျန်ခဲ့သည်ဖြစ်စေ ပါလာဖြစ်စေ ဖြစ်ရပ်တစ်ခု အဖြစ်အဖြစ် ဘ၀မှာ ဖြစ်ပွားခဲ့ပြီးပါပြီ။

ဒီနေ့ကတော့ အတိတ်မှာ ဖြစ်ရပ်လေးတစ်ခု ဖြစ်ပွားခဲ့တာ တစ်နှစ်ပြည့်တဲ့နေ့ပေါ့လေ။

မှတ်နေပါသေးတယ် . . . .
အဲဒီနေ့က ၂၀၀၆ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့ကပေါ့ . . . . .

Read More...

Tuesday, September 04, 2007

လွန်ဆွဲပွဲ

ကျွန်တော်လွန် ဆွဲဖူးပါသည် . . . .

ကျွန်တော်တို့ မြို့တွင် မိုးအလွန်ခေါင်သော နှစ်များ၌ လွန်ဆွဲပွဲများ မကြာခဏ ပြုလုပ်ကြသည်။ လွန်ဆွဲပွဲတွင် ယေင်္ကျား၊ မိန်းမ ကလေး သူငယ်မရွေး ၀င်ဆွဲကြပါသည်။ ထိုကဲ့သို့ လွန်ဆွဲပွဲများ ရှိသည့်အခါတွင် ကျွန်တော်တို့သည် ကလေးများပီပီ ၀င်ဆွဲဖြစ်ကြပါသည်။

လွန်ဆွဲပွဲ ပြုလုပ်ရန်အတွက် ထွေထွေ ထူးထူးမလိုပါ။ လက်တစ်ဆုပ်စာ လောက်ရှိသော ကြိုးတစ်ချောင်းသာ လိုအပ်ပြီး မြေပြင်တွင် ထုံးဖြူ စည်းလေး တစ်ခု သားထားရုံသာ လိုအပ်သည်။ လွန်ဆွဲပွဲကို စတင်သူများသည် လူ အယောက် သုံးဆယ်ထက် မပိုပါ။ ထို အယောက်သုံး ဆယ်ခန့်သာရှိသော လူစုက လူစုနှစ်စုခွဲပြီး ပွဲကို စတင်ဆွဲရုံဖြစ်သည်။

ထိုကဲ့သို့ လွန်ဆွဲပွဲကို ဆိုင်းသံများနှင့် စပြီဆိုသည်နှင့် ဈေးသွားဈေးလာနှင့် ကြည့်ရှုနေသူများက မိမိကြိုက်သည့် ဘက်မှ ၀င်ဆွဲကြသည်။ ထိုကဲ့သို့ ဘေးလူများ ၀င်ဆွဲသည့်ဘက်မှ အားကောင်းသွားပြီဆိလျှင် အားနည်းနေသည့်ဘက်ကို ကျန်လူများ ၀င်ဆွဲကြသည်။ ထိုကဲ့သို့ ၀င်ဆွဲကြရင်း ဆွဲကြရင်းဖြင့် ကြိုးတန်းတွင် လူတန်းကြီးဖြစ်သွားသည်။ နောက်ဆုံးတွင် ၀င်ဆွဲသူ များသည့်ဘက်မှ အနိုင်ရရှိသွားလေ့ရှိသည်။

လွန်ဆွဲခြင်းသည် မိုးခေါ် ခြင်း ဖြစ်သောကြောင့် မိုးမကြိုက်သော နတ်စိမ်းများက လွန်ဆွဲပွဲကို ဟန့်တားလေ့ရှိသည်ဟုလည်း ဒေတွင် အယူရှိကြသည်။ ထို့ကြောင့် လွန်ဆွဲပွဲများတွင် နတ်များကို ပူဇော်ပသသည့် ငှက်ပျောပွဲများကို မတွေ့ရပါ။

ထိုကဲ့သို့ လွန်ဆွဲပွဲများကို တစ်ပွဲပြီးတစ်ပွဲ တစ်ရက်ပြီးတစ်ရက် မိုးမရွာမချင်း ကျင်းပလေ့ရှိသည်။ တစ်ကြိမ်တွင် လူမပါသော မြင်လှည်း တစ်စီးသည် ကဆုန်စိုင်းကာ လွန်ဆွဲနေသည့် လူအုပ်တန်းကြီးကို ၀င်တိုက်လိုက်သည်။ သေသူမရှိသူသော်လည်း ကျိုးတဲ့သူကျိုးနှင့် လူအတော်များများ ဆေးရုံရောက်ကုန် ကြသည်။ နောက်ပိုင်းတွင် ကျွန်တော်တို့မြို့၌ လွန်ဆွဲပွဲ လုပ်တာ မတွေ့ရတော့ပါ။

သို့ရာတွင် ကျွန်တော်လွန်ဆွဲပါသည်

ကျွန်တော် ရန်ကုန်ရောက် ခါစက ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ဗိုလ်ချုပ်နေခဲ့သည့်အိမ်) သို့သွားရောက် လေ့လာဖြစ်သည်။ ဗိုလ်ချုပ် ပြတိုက်သည် ကန်တော်ကြီး ဘက်တွင်ရှိသည်။ ကျွန်တော် လေ့လာပြီးသော အခါတွင် တာမွေသို့သွားလိုသည်။ ဗိုလ်ချုပ်ပြတိုက်မှ တာမွေသို့ သွားလိုပါက ရွေဂုံတိုင်ဘက်မှာ သွား၍လည်းရသလို ကျောက်မြောင်းဘက် မှပတ်၍လည်း သွားနိုင်သည်။

သို့ရာတွင် ယင်းလမ်းများမှ သွားမည်ဆိုပါက တစ်ပတ်ကြီး ပတ်ရမည်ဖြစ်ပြီး အချိန်ပိုကြာသည်။ ထိုထက်မြန်သော ဖြတ်လမ်း တစ်ခု ရှိသေးသည်ဟု ကျွန်တော်သိထားသည် သို့ရာတွင် ထိုလမ်းကို ကျွန်တော် မကျွမ်းပါ။ ကျွန်တော်သိ သလောက် ဗိုလ်ချုပ်ပြတိုက်မှ နတ်မောက်လမ်း အတိုင်းထွက် သွားပါက တာမွေဗျိုင်းရေ အိုးစဉ်ကို ထပ်ကိုရောက်နိုင်သည်။ ထို့ကြောင့် ထိုလမ်း အတိုင်းပင် သွားရန် ဆုံးဖြတ်လိုက်သည်။

ယင်းနေရာ တစ်ဝိုက်ရှိ လမ်းများမှာ အချိုးကွေ့ ပေါများပြီး ရွေးချယ်စရာ လမ်းဆုံးလမ်းခွများ ပေါများလှသည်။ မှန်မည် အထင်နှင့် လျောက်လိုက်သည့် အခါတွင် လမ်းပိတ်များ ဖြစ်သွားတတ်သည်။ ထို့ကြောင့် လမ်းနှစ်ခွ နှင့် လမ်းဆုံများ တွေ့တိုင်းမှာ ဘယ်လမ်းကို ရွေးမလည်း ဆိုတာ စဉ်းစားရသည်။ ထိုသို့ စဉ်းစားရာတွင်လည်း ဒီလမ်းပဲ ရွေးရမလိုလို ဟိုလမ်းပဲ ရွေးရမလိုလို နောက်ကြောင်းပဲ ပြန်လှည့်ရမလိုလို၊ နှင့် တစ်ခါတစ်ရံတွင် စိတ်အတွင်း ၌ ချက်ခြင်း ဆုံးဖြတ်ချက်မချနိုင်အောင်ရှိနေတတ်သည်။

လူအားလုံး လွန်ဆွဲကြသည် . . . .

လွန်ဆွဲသည်လို့ ပြောပါက လူအုပ်စုနှစ်က ကြိုးတစ်ချောင်းကို ဟိုဘက်ထိပ် ဒီဘက်ထိပ် ၀ိုင်းဆွဲနေကြသည်ဟု ထင်နိုင်ပါသည်။ ထိုကဲ့သို့ ဆွဲသော လွန်ဆွဲပွဲသည် ပြင်ပလွန်ဆွဲ ဖြစ်ပြီး။ လူတိုင်းဆွဲ ကြသောလွန်ဆွဲပွဲသည် မိမိ အသိစိတ်တွင်း ဖြစ်ပေါ်နေသော တစ်ခုထက် ပိုသည့် အကြောင်းအရာများ အနက် မည်သည့်အရာကို ရွေးချယ်ရမည်ကို ဝေခွဲရခြင်းဖြစ်သည်။

ဘ၀တွင် ရွေးချယ်စရာများ များပြားလှသည်။ ထို့အတူ ဘ၀လမ်းခရီး တစ်လျှောက် အချိုးကွေ့များနှင့် လမ်းဆုံများလည်း ပေါများလှသည်။ အချို့သော လမ်းဆုံများတွင် ရွေးချယ်မှု မှန်ကန်ပါက ပန်းတိုင်ရောက်နိုင်သလို အချို့ သောလမ်းများသည် လမ်းပိတ်ဖြစ်နေတတ်သည်။ သို့ရာတွင် အချို့သော လမ်းများသည် ပြန်လမ်းမရှိပါ။

ထိုအခါ ကျွန်တော်လွန်ဆွဲပါသည် . . . .

Read More...

Sunday, September 02, 2007

ဘလော့ဂ် ဆင်မနာ အောင်မြင်စွာ ကျင်းပပြီးစီး




ဒီနေ့ ရန်ကုန်မြို့ မြန်မာအင်ဖိုတက် မှာကျင်းပတဲ့ Why Do We Blog ဆင်မနာကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။

အစက ဒီဆင်မနာကို လာတက်မဲ့ လူတွေဟာ လူငယ်တွေပဲ ဖြစ်မယ်လို့ ထင်ထားမိပေမယ့် ပညာအသိုင်းဝိုင်းက ပါမောက္ခတွေ စာပေနယ် နဲ့ အနုပညာ နယ်အသီးသီးက အောင်မြင်ကြော်ကြားသူများ အပါဝင် အသက်ကြီးပိုင်း လူများလည်း စိတ်ဝင်တစား လာရောက်ကြတာကို တွေ့မြင်ရပါတယ်။

လာတဲ့ လူတွေကတော့ မြန်မာအင်ဖိုတက်ရဲ့ မိန်းဟောခန်းမကြီးမှာ ထိုင်ခုံသစ်တွေ ထပ်ထည့်ပေးတာတောင် နေရာမရလို့ မတ်ရပ် နားလေထာင်တဲ့ လူတွေရှိတဲ့ အထိ ခန်းလုံးပြည့်လျှံ သွားပါတယ်။ တက်ရောက် အားလုံးပေါင်းလိုက်ရင် လူခြောက်ရာ ကျော်သွားပါတယ်။

ဘလော့ဂ်မှာ ရင်းနှီးပြီးသား ဘလော့ဂ်ကာတွေ အဲဒီပွဲမှာ တွေ့ဆုံခွင့်ရတဲ့ ၀မ်းသာမိပါတယ်။

နောင်ကိုလည်း မြန်မာဘလော့ဂ်ကာ ဆင်မနာကို အလျှင်းသင့်လျှင် သင့်သလို ဆက်လက်ကျင်းပ သွားပါမယ်။ ဘလော့ဂ်ကာတွေ ဆင်မနာပြီးရင် ဘာလုပ်ကြမလဲ လို့မေးရင်တော့ ကျွန်တော်တို့ လုပ်စရာကျန်သေးတဲ့ စာအုပ်ကိစ္စကို အပြီးသတ်လုပ်သွားပါမယ်။

လွန်တယ်လို့ တော့ပြောကြမလားတော့ မသိဘူး။ သင်္ကြန်ရောက်ရင်လည်း မြန်မာဘလော့ဂ်ကာ ရေကစား မဏ္ဍပ်ကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဆင်မနာနဲ့ ပတ်သက်ပြီး အသေးစိတ် လေ့လာချင်တယ် ဆိုရင်တော့
ဒီနေရာလေးကို ကလစ်ခေါက်လိုက်ပါနော် . . . .

Read More...