Art is My Life

Monday, July 23, 2007

မနက်ဖြန် သံလွင်အိမ်မက်ထွက်ပါပြီ

အွန်လိုင်းပေါ်က စာဖတ်ပရိသတ်တွေ မျှော်လင့် စောင့်စားနေတဲ့ သံလွင်အိမ်မက် အွန်လိုင်းမဂ္ဂဇင်း အမှတ် ၁၁ ကို မနက်ဖြန် မနက်က စပြီး ဖတ်လို့ ရပြီ ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။
ကျွန်တော်ရဲ့ ဓာတ်ပုံလေးကိုလဲ သံလွင်အိမ်မက် အယ်ဒီတာများက ဖော်ပြပေးထားပါတယ်။ အဲဒီပုံလေးက မိတ္ထီလာ ကန်နဘေးမှာ ရိုက်ခဲ့တဲ့ပုံလေးပါ။
လိပ်စာကတော့
http://www.thanlwin.com/thanlwinainmat/

Read More...

Sunday, July 22, 2007

ဘလော့ဂ်ကာများ ဖိုရမ်ပြန်ဝင်ကြဖို့

အရင်က မြန်မာဘလော့ကာ ဖိုရမ်လေးဟာ ဘလော့ဂ်ကာတွေနဲ့ စည်စည်ကားကား ရှိခဲ့ပါတယ်။ အခုတော့ ၀င်သူမရှိသလောက် နည်းသွားပါတယ်။
ဘလော့ဂ်စာအုပ် ထုတ်ဖို့ ကိစ္စမှာ အဲဒီဖိုရမ်ကနေ တိုင်ပင်ဆွေးနွေးရင်း တော်တော်လေး ခရီးရောက်ခဲ့ပါတယ်။ အခုလည်း ဘလော့ဂ် ပေါ်တယ် ထောင်ဖို့ ကိစ္စကို တော့ပစ်တစ်ခုအနေနဲ့ စဆွေးနွေးနေပါပြီ။
ဘလော့ဂ်ကာ အားလုံး ၀င်ရောက်ဆွေးနွေးပေးကြပါလို့ ဖိတ်ခေါ်ပါရစေ။
ဒါပြင် ဘလော့ဂ်စလုပ်ရင် တင်းပလိတ် အခက်ခဲ ကြုံနေသူများလည်း ဒီဖိုရမ်မှာ ၀င်ရောက် အကူညီတောင်းခံနိုင်ပါတယ်။
ဖိုရမ်လိပ်စာက
http://www.myanmarbloggers.co.nr/ ဖြစ်ပါတယ်။

Read More...

ကျွန်တော် ၏စွန့်စားခန်းများ ပိုက်ဆံအိတ် ပိုင်ရှင်ရှာပုံတော်

အချိန်ကား ညနေသုံးနာရီခွဲခန့်။ ဆူးလေဘုရား ဘက်ကနေ ကျွန်တော်နေထိုင်ရာ ဆိပ်ကမ်းသာ လမ်းမဆီသို့ မဟာဗန္ဒုလ လမ်းအတိုင်း လူတစ်ယောက် ပြေးလာနေသည်။ ပြေးလာသူရဲ့ နောက်မှာ လူသုံးယောက်က ထပ်ကြပ်မကွာ ပြေးလိုက်လာကြသည်။ ပြေးသူက အသက်သုံးဆယ် ၀န်းကျင်ခန့် အရပ် ငါးပေ ၄ လက္မခန့် ကိုယ်လုံးကိုယ်ထည်က မပိန်မ၀။ လိုက်သူ သုံးယောက် ကပြေးသူထက် ကိုယ်လုံး ကိုယ်ဖန်ကြီးသည်။ ပြေးသူတစ်ယောက် လိုက်သူသုံးယောက် ဖြစ်၍ လူတွေက တအံ့တအော ကြည့်နေကြသည်။ ဆိပ်ကမ်းသာ လမ်းထိပ်ရောက်တော့ ပြေးသူကို လိုက်သူတွေ မိသွားကြသည်။ ပြေးသူကို လိုက်သူ သုံးယောက်က မိတယ်ဆိုရင်ပဲ ၀ိုင်းဝန်း ထိုးကြိတ်ကြတော့သည်။

ပတ်ဝင်းကျင်မှာ လူများစွာ ရှိနေပေမယ့် ဘာကြောင့် ဘာဖြစ်မှန်း မသိ၍ ဘယ်သူမှ ၀င်မကူရဲကြ။ စိတ်တိုင်းကြ ထိုးကြိတ်ပြီး လူသုံးယောက်က ပြေးသူကို ဂုတ်ကနေဆွဲကာ တက္ကစီပေါ်တင် ခေါ်သွားကြသည်။ပြီးတော့ ဖမ်းသူတွေက ကားနားမှာ ၀ိုင်းအုံကြည့်နေတဲ့ လူတွေကို ပြောသွားသေးသည်။

ဘာမှ မဖြစ်ဘူး ကိုယ့်အလုပ်ကို အေးဆေးလုပ်ကြ

တက္ကစီကားက ထွက်သွားပြီ။ ကျန်ခဲ့တဲ့ လူအုပ်ကြီးရဲ့ ပိစပ်မှာတော့ တွေးထင်သံများ ကို တစ်ယောက်တစ်ပေါက် ပြောဆိုကျန်ရစ်ခဲ့ကြသည်။

ခါးပိုက်နိုက်ကို ရဲဖမ်းသွားတာ ထင်တယ်

အချင်းချင်း အဝေမတည့်လို့ ဖြစ်တာ နေမှာ

ကြည့်ရတာ ရည်းစားလု ဘက်တွေလားမှ မသိတာ

.x . …. . … . . . . . …………………………….

ဒီမှာပိုက်ဆံအိတ်တစ်လုံး

စောစောက ပြေးသူလဲကျသွားသည့် နေရာမှာဖြစ်သည်။ ပိုက်ဆံအိတ်မှာ ယောက်ကျားလေးကိုင် ခေါက်ပိုက်ဆံအိတ် နွမ်းနွမ်းလေး တစ်ခုဖြစ်ပြီး သွေးများစွန်းပေနေသည်။ ဆိပ်ကမ်းသာ လမ်းထိပ်မှာ ၀က်သားထုတ်ထိုးနဲ့ ခေါက်ဆွဲ ရောင်တဲ့ မိန်းမကြီးက ပိုက်ဆံအိတ်ကို မီးညှပ်နှင့် ညှပ်ကာ လမ်းမပေါ်ကို ပစ်ချလိုက်သည်။ သူကိုကြည့်ရတာ ဘာမှန်းမသိ တဲ့အရှုပ်ထုပ်ထဲ ၀င်ပါချင်ပုံမရ။ ပိုက်ဆံအိတ်ကို လူတွေဝိုင်းကြည့် နေကြသည်။ သို့သော် ကိုင်ရဲတဲ့လူမည်သူမှ မရှိ။ ၀ိုင်းကြည့်နေသူများ ထဲက စပ်စပ်စုစု နိုင်ပုံရသည့် အသက်ငါးဆယ်ခန့် လူကြီးတစ်ဦးက ပိုက်ဆံအိတ်ကို ကောက်ကိုင်လိုက်သည်။ လူကြီး ဖွင့်ကြည့်လိုက်တော့ ပိုက်ဆံအိတ် အတွင်းမှာ ဒေါ်လာနှင့် Fe များကိုတွေ့ရသည်။ လူကြီးက ပိုက်ဆံအိတ်ကို ဖွင့်ကြည့်ရင်း ရဲစခန်းသွားအပ်မယ် တစ်ယောက်ယောက် အဖော်လိုက်ခဲ့ပါ လို့ပြောသည်။ မည်သူမျှလိုက်ပါ ချင်ပုံမရ။

ကျွန်တော်လိုက်ခဲ့မယ်

ကျွန်တော်လူကြီးကို ၀င်ပြောလိုက်သည်။ လူကြီးကလည်း ခေါင်းညိမ့်ပြသည်။ နောက်တော့ ကျွန်တော်တို့ နှစ်ယောက် ကျောက်တံတား ရဲစခန်းရှိရာဘက်ကို ဦးတည်လာသည်။ ၃၆ ထိပ်ရောက်တော့ နောက်က အမျိုးသမီး တစ်ဦးပြေးလိုက်လာသည်။ အဲဒီအမျိုးသမီးက လူကြီးရဲ့ ဇနီးဖြစ်နေသည်။

ရှင်တော်တော်ရှုပ်ပါလား ကိုယ့်အလုပ်မဟုတ်တာကို ရှုပ်ချင်တယ်။ မလိုက်သွားနဲ့။

ဇနီးဖြစ်သူက တားတော့ လူကြီးက ကျွန်တော့ကို အားတုန့်အားနာနှင့် ကြည့်သည်။ ပြီးတော့ ပိုက်ဆံအိတ်ကို ကျွန်တော့် လက်ကိုအပ်လိုက်သည်။ သူဆက်မလိုက်တော့ပေ။

လူကြီးနှင့် ဇနီးသည်တို့ ထွက်သွားကြပြီ။ ၃၆ လမ်းထိပ်မှာ ပိုက်ဆံအိတ်နှင့် ကျွန်တော်တစ်ယောက် တည်းကျန်ရစ်ခဲ့တယ်။ ကျွန်တော်တစ်ယောက် တည်းကျန်ရစ်ခဲ့တော့မှ စဉ်းစားကြည့်သည်။ ပိုက်ဆံအိတ်က ဒေါ်လာတွေ။ ဒေါ်လာဆိုတာ မြန်မာနိုင်ငံမှာ တရားဝင်ကိုင်ဆောင်ခွင့်ရှိတဲ့ ပိုက်ဆံမဟုတ်ဘူး။ ရဲစခန်းရောက်မှ နေရင်ထိုင်ရင်း ကျွန်တော်ပါ အမှုပတ်သွားနိုင်သည်။ ကံကောင်းလို့ ကျွန်တော့ကို အမှုလာမပတ် သည့်တိုင်အောင် ပိုက်ဆံအိတ်ပိုင်ရှင်က ဒေါ်လာတွေကို ဆုံးရှုံသွားနိုင်သည်။ ဒါကြောင့် ပိုင်ရှင်ကိုပဲ တိုက်ရိုက်ဆက်သွယ်ပြီး ပေးလိုက်ရင်ကောင်းမလား။

ကျွန်တော် ပိုက်ဆံအိတ်ကို ဖွင့်ပြီးရှာကြည့်တော့ ဒေါ်လာ ၂၃၀၀ ကျော် Fe 300 ကျော်၊ လိပ်စာကဒ် တစ်ခု နှင့် ကားလိုင်စင်တစ်ခု။ ကားလိုင်စင်ကတော့ ပိုက်ဆံအိတ် ပိုင်ရှင်ရှင်၏ ကားလိုင်စင် ဖြစ်ဟန်တူသည်။ လိပ်စာကဒ်ကတော့ အလွှတ်တမ်း ဓာတ်ပုံဆရာ တစ်ယောက်၏ လိပ်စာကဒ်။ ဒါဆိုရင်တော့ ပိုက်ဆံ အိတ်ပိုင်ရှင်ကို ဆက်သွယ်လို့ ရနိုင်စရာ အကြောင်းရှိသည်။ သို့သော် ဒီပိုက်ဆံတွေက သူတကယ်ပိုင်တဲ့ ပိုက်ဆံတွေ ဟုတ်ပမလား။ ဒီပိုက်ဆံတွေက ဒုစရိုက်မှု တစ်ခုခုနဲ့ ပတ်သက်နေမလား။ ဒုစရိုက် မှုနဲ့ ပတ်သက်ပြီးရလာတဲ့ ပိုက်ဆံတွေကို ကျွန်တောက်က စေတနာတွေ ပလပွနဲ့ သွားအပ်မိရင် ကျွန်တော်ပါ ဒုက္ခရောက်သွားနိုင်သည်။ ဒီတော့ ပိုက်ဆံတွေကို ရဲစခန်းပဲသွားအပ်တာ ကောင်းမလား ဒါမှမဟုတ် ကားလိုင်စင်ထဲက လူကိုဆက်သွယ်ပြီး ပေးရင်ကောာင်းလား။

ကားလိုင်စင်ထဲက လူကိုကြည့်လိုက်တာ့ စောစောက ပြေးတဲ့လူ။ သူပုံကိုကြည့်ရတာ လူရိုးလူကောင်ပုံပဲ ခက်တာက လူပုံကိုကြည့်ရုံနဲ့ တော့လူဆိုးလူကောင်း မသိနိုင်။ ဘာဘဲဖြစ်ဖြစ် သေချာတာ တစ်ခုကတော့ ပိုက်ဆံအိတ် ပိုင်ရှင်သည် ကားလိုင်စင်ထဲက လူဖြစ်လိမ့်မည်။ ဘာဖြစ်လို့လဲဆိုတော့ ခါးပိုက်နိုက်ပြီး ပြေးလာသူဆိုပါက ပိုက်ဆံအိတ် အတွင်းကို ကားလိုင်စင် ထည့်ဖို့ အချိန်ရလိမ့်မည်မဟုတ်ပေ။

ကျွန်တော် လိပ်စာကပ်ထဲက ဓာတ်ပုံဆရာကို ဖုန်းလှမ်းဆက်ကြည့်လိုက်သည်။ လိပ်စာကဒ်ထဲက လူကဖုန်းကိုင်သည်။ ကားလိုင်စင်ထဲက ကိုကျော်ကျော်လတ် ဆိုတဲ့လူကိုသိလား လို့ ကျွန်တော်က မေးလိုက်တော့ ဘာကိစ္စရှိလို့ လဲဆိုပြီး ဖုန်းထဲက လူကပြန်မေးသည်။ ကျွန်တော် သူပိုက်ဆံအိတ်ကို ကောက်ရထားလို့ပါ ပိုက်ဆံအိတ်ထဲမှာ အစ်ကို့လိပ်စာကဒ်ကို တွေ့လို့ အစ်ကိုနဲ့ များသိမလားလို့ မေးကြည့်လိုက်တာပါလို့ ကျွန်တော်က ပြန်ပြောလိုက်သည်။ ဒီတော့ ဖုန်းထဲကလူက သိပါကြောင်း မတွေ့ကြသည်မှာ လေးငါးခြောက်နှစ် ကြာပြီဖြစ်ပြီး ပြီးခဲ့သည့် နှစ်ရက်ကမှ ပြန်ဆုံမိရာတွင် လိပ်စာကဒ်ကို ပေးလိုက်ခြင်းဖြစ်ကြောင်း ကျော်ကျော်လတ်က လည်းသူ့ကို ဖုန်းနံပါတ်ပေးသွားကြောင်း ပြောပြီး ကျော်ကျော်လတ် ၏ ဖုန်းနံပါတ်ကို ကျွန်တော့ကို ရှာပေးသည်။

ကျွန်တော် ဖုန်းနံပါတ်ကိုရတယ် ဆိုရင်ပဲ ချက်ခြင်းဆက်လိုက်သည်။ အရေးထဲမှ ဖုန်းက ဆက်သွယ်မူ ဧရိယာပြင်ပ ကိုရောက်နေသည်။

များမကြာမှီ ကျွန်တော်သည် အရှုပ်တော်ပုံ တစ်ခုအတွင်း ရောက်ရှိသွားနိုင် သည်ကို မတွက်ဆမိခဲ့။

* * *


လုပ်ချင်စိတ်တွေ ပြင်းပြနေချိန်မှာ လုပ်မိတဲ့ အလုပ်တွေဟာ တစ်ခါတစ်ရံမှာ တူမတူအောင် ပြောင်မြောက်သလို တစ်ခါတစ်ရံမှာ တစ်သက်စာ ရှင်းမရတဲ့ အမှားတွေလည်း ဖြစ်သွားတတ်ကြသည်။ ဘာပဲဖြစ်ဖြစ် အလုပ်တစ်ခု လုပ်ခြင်းကြောင့် ဖြစ်လာမည့် ဆိုးကြိုးများကို အဆုံးထိသာ တွေးကြည့်လိုက်ပါ။ အဲဒီလောက် ငါ့ကံကြမ္မာက ဆိုးရွားခဲ့ရင် ငါဘာဖြစ်သွားနိုင်လဲ။

ကျွန်တော် သေချာစဉ်းစားကြည့်သည်။ အကောင်းဘက်က စဉ်းစားကြည့်ရင် ပိုက်ဆံအိတ် ပိုင်ရှင်သာ သူပိုက်ဆံတွေ ပြန်ရရင် ဘယ်လောက်များ ၀မ်းသာသွားမလဲ။ တကယ်လို့ အမှုခင်းတစ်ခု မှာပါဝင်ပတ်သက် နေတယ်ဆိုရင် အဆိုးဆုံး အခြေနေသည် ရဲစခန်းရောက် ရုံးရောက် ဖြေရှင်းရမည်။ ကျွန်တော့ဘက်က မှန်နေသဖြင့် အမှုမှာ ပတ်သက်ခဲ့သည့်တိုင် ကောင်းကောင်း မွန်မွန် ဖြေရှင်းပါက ဘာမှဖြစ်နိုင်စရာ အကြောင်းမရှိပေ။ ထို့ကြောင့် ပိုက်ဆံအိတ်ကို ပိုင်ရှင်လက်ကို မရောက်ရောက်အောင် ထည့်ပေးမည်ဟု ဆုံးဖြတ်လိုက်သည်။ အခုလောက်ဆိုရင် တောင်ပိုက်ဆံအိတ် ပိုင်ရှင်စိတ်ပူနေရောမည်။

ကျွန်တော် နောက်တစ်ကြိမ် ဖုန်းထပ်ခေါ်ကြည့်တော့ ဖုန်းကိုင်သည်။ ကျော်ကျော်လတ် ဟုတ်ပါသလားလို့ ကျွန်တော့က မေးလိုက်တော့ ဟုတ်ပါသည်တဲ့။ ကျွန်တော်ထင်ထားတာက ပိုက်ဆံအိတ် ပျောက်နေသူ တစ်ယောက် အနေဖြင့် ဒီအချိန်လောက်ဆိုရင် ပြာရာခတ် နေရောမည်။ သို့သော် သူ၏အသံက အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ပင်။

ကိစ္စရှိလို့လား

ဟုတ်ကဲ့ ကျွန်တော် ခင်ဗျားပိုက်ဆံအိတ်ကို ကောက်ရထားလို့ပါ။ အဲဒါဘယ်နေရာကို လာပေးရမလဲလို့

တကယ်ပြောတာလား၊ မလိမ်နဲ့နော်

အာ မလိမ်ပါဘူးတကယ်ပါ

ဒါနဲ့ စောစောက ဖြစ်ခဲ့တဲ့နေရာမှာ လူတွေရုတ်ရုတ်သဲသဲ ဖြစ်ပြီးကျန်ခဲ့သေးလား

မဖြစ်ပါဘူး

ဟုတ်လား တကယ်နော်

တကယ်ပါ

အေးကွာ ငါဒီမှာ ပြသနာနဲနဲရှိလို့ အခုတော့ ရဲတွေနဲ့ ညှိလိုက်တာ အဆင်ပြေသွားပြီ၊ မင်းအခုဘယ်နေရာမှာ ရောက်နေတာလဲ

ကျွန်တော် ဆူးလေ ကဆက်နေတာပါ

ပိုက်ဆံအတ်ထဲမှ ဘယ်လောက် ပါသလဲ ငါကပြေးရင်းလွားရင်း ဆိုတော့ မမှတ်မိတော့လို့

အဲဒါတော့မသိဘူးဗျ

ဒါဆိုရင် မင်းပုစွန်တောင်ဈေး အရှေ့ကိုလာခဲ့ကွာ ဒီမှာ ရဲတွေကို ပြုစုရအောင် ကောင်မလေးတွေလဲ ခေါ်ထားတယ်၊ မင်းဈေးအရှေ့ရောက်တာနဲ့ ကြည့်လိုက် ကောင်မလေးတွေ ကောရှိနေတော့ မင်းမြင်လိုက်တာနဲ့ သိမှာပါ။

ဟုတ်ကဲ့ ကျွန်တော် အခုထွက်လာမယ်

မင်းက ဘယ်လိုပုံစံလဲ

T Shirt အ၀ါရောင် ဘောင်းဘီရှည်နဲ့ ဘေးလွယ်အိတ် အစိမ်းရောင်ကို လွယ်ထားတယ်

ကျွန်တော် Taxi ပေါ်ရောက်မှ စဉ်းစားမိသည်။ စောစောက ဖုန်းကိုင်တဲ့လူသည် ကျော်ကျော်လတ် အစစ်ဟုတ်ပါ့မလား။ သူပြောတဲ့ ပုံအရဆိုပါက သံသယဖြစ်စရာ များစွာရှိသည်။ ပိုက်ဆံအိတ် ပျောက်နေသူတစ်ယောက် ပိုက်ဆံအိတ်ကို ပြန်ရတော့မည်လို့ သိလိုက်ရချိန်မှာ မည်သူမျှ ၀မ်းမသာပဲ နေလိမ့်မည်မဟုတ်။ သူ့ အသံက ၀မ်းသာပုံမရ ပိုက်ဆံပေးမှာ ထားတဲ့ကုန်ပစ္စည်းတစ်ခုကို နေရာရောက်အောင် ပို့ခိုင်းနေသည်ထက် သူလေသံက ပိုမထူး။ နောက်တစ်ချက်က ပိုက်ဆံအိတ် ပိုင်ရှင်ဖြစ်ပါက ကိုယ့်ပိုက်ဆံအိတ် ထဲမှာ ဘယ်လောက်ရှိသည်ကို သိရမည်။ ဒီတော့ ဖုန်းကိုင်သူသည် ပိုက်ဆံအိတ် ပိုင်ရှင် မဖြစ်နိုင်။ ဒါဆိုရင် ဘာဆက်လုပ်ရမလဲ။

ကားလိုင်စင် ပါတာပဲ ဘယ်သူပဲ ဖြစ်ဖြစ် ကိုယ့်မှတ်ပုံတင်နံပါတ်တော့ အလွတ် ရတတ်ကြသည်။ ကျော်ကျော်လတ် အစစ်အမှန်ဆိုရင် ကားလိုင်စင်ထဲက မှတ်ပုံတင်နံမှတ်ကို အလွတ်ရရမည် ။ ကျွန်တော် ဆုံဖြစ်ချက်ချလိုက်သည် မှတ်ပုံတင်နံပါတ်ကို အလွတ်မရွှတ်ပြနိုင်ပါက ပိုက်ဆံအိတ်ကို ပြန်ယူလာမည်။

ပုစွန်တောင် ဈေးအရှေ့ ရောက်ပါပြီ။ ကျွန်တော် Taxi ခပေးပြီး ကားပေါ်က ဆင်ခဲ့သည်။ စောစောက တယ်လီဖုန်းထဲတွင် ပြောသော ကောင်မလေး များနှင့် လူအုပ်ကို မတွေ့။ ကျွန်တော်က သူတို့ကို မတွေ့ရင်တောင် ကျွန်တော့ကို သူတို့မြင်နိုင်အောင် ခေါက်တုံ့ခေါက်ပြန် ဈေးအရှေ့မှာ လျှောက်ပြနေသည်။ ငါးမိနစ်ခန့် ကြာသွားပြီ အခြေအနေက ထူးမလာ။ ဒီတော့ ကျွန်တော် ဖုန်းပြန်ဆက်ကြည့်သည်။

ကျော်ကျော်လတ် ဟုတ်ပါသလား

ဟုတ်ပါတယ်

တဘက်ပြောသည့် အသံက စောစောက အသံနှင့် လုံးဝမတူသည်ကို ကျွန်တော်သတိထား လိုက်မိသည်။ ဒီလိုဆိုရင်တော့ အခြေအနေက ကျွန်တော် ထင်တာထက် ပိုရှုပ်ထွေးနေပြီ ဆိုတာကို ကျွန်တော်သိလိုက်ပြီ။ သို့ပေမယ့် ဟန်မပျက် စကားဆက်ပြောလိုက်သည်။

ကျွန်တော် ပုစွန်တောင် ဈေးအရှေ့ ရောက်နေပြီ

ဗျာ

တစ်ဘက်က ဖုန်းပြောသည့် လူတုန်လုပ်သွား သည်

ခင်ဗျားပဲ ခင်ဗျား ပိုက်ဆံအိတ်ကို ပုစွန်တောင် ဈေးအရှေ့မှာလာပေးဆို

ပိုက်ဆံအိတ် တကယ်လား၊

တစ်ဘက်လူ ၀မ်းသာအားနှင့်အော်လိုက်သည်။ ပြီးမှ ငိုသံနှင့်ဆက်ပြောသည်။

မနောက်ပါနဲ့ဗျာ၊ ကျွန်တော့ကို ဖမ်းဦးမလို့လား

မနောက်ပါဘူဗျာ ကျွန်တော့ဆီမှာ ခင်ဗျားရဲ့ပိုက်ဆံ အိတ်ရထားလို့ ခင်ဗျာကို လိုက်ရှာနေတာ

အစ်ကို အစ်ကိုက ကျွန်တော့ဖမ်းမဲ့ လူတွေတော့ မဟုတ်ပါနော်

ကျွန်တော့ကို မ၀ံ့မရဲနှင့်ပြန်မေးသည်။ ပြီးတော့ သူဆက်ငိုနေသည်။

မဟုတ်ပါဘူးဗျာ တကယ်ပါ။ ဒီမှာ ခင်ဗျားရဲ့ ကားလိုင်စင်တောင် ပါသေးတယ်။

သူကျွန်တော့ အပေါ်မှာ ယုံကြည်စိတ်ချသွား အောင် ပိုက်ဆံအိတ်အတွင်း ကားလိုင်စင်ပါကြောင်း ပြောပြလိုက်သည်။ တစ်ဆက်တည်းမှာဘဲ သုကို ကျော်ကျော်လတ် အစစ် ဟုတ်မဟုတ် သိရအောင် သူ့မှတ်ပုံတင်နံပါတ်ကို ရွှတ်ပြရန် တောင်းဆိုလိုက်သည်။

ဝမ်းသာလိုက်တာဗျာ

သူငိုသံကြီးနဲ့ ပြောပြီးဆက်ငိုနေသည်။ ငိုနေသည့်အရှိန်ကြောင့် မှတ်ပုံတင်နံပါတ်ကို မရွှတ်ပြနိုင်အောင်ရှိနေသည်။ တော်တော်လေးငို ပြီးမှာ သူမှတ်ပုံတင်နံပါတ်ကို ရွှတ်ပြသည်။ ပြီတော့ ကျွန်တော်ရှိနေသည့် ပုစွန်တောင်ဈေး အရှေ့ကို လာခဲ့မည့်အကြောင်း ပြောပြီးဖုန်းချသွားသည်။ ဖုန်းချသည် အထိသူငိုသံက မတိတ်သေး။ ပါးစပ်မှလည်း အယောင်ဆောင်တွေ ယောင်ဆောင်တွေ ဟု တတွတ်တွတ် ပြေသွားသေးသည်။ ဘာကို အယောင်ဆောင်တာလဲ ကျွန်တော်နားလည်။ သူ့ယောင်ကို ဆောင်တာကို ဆိုလိုချင်တာလား။ ကိစ္စမရှိ သူလာမှပဲ မေးတော့မည်။

ခဏလောက်ကြာတော့ Taxi တစ်စီးရောက်လာသည်။ ကားထဲမှာပါလာသူ ကတော့ စောစောပြေးသည့်လူ။ မျက်နှာတစ်ခုလုံး ဖုရောင်နေသည်။ နုတ်ခမ်းက ကွဲထွက်ပြီး သွေးများစီးကျနေသည်။ သူက ဆင်းမလာ ကားပေါ်ကနေ ကျွန်တော့ကို လှမ်းခေါ်သည်။ ကျွန်တော်က သူ့ကိုပိုက် ဆံအိတ်ပေးလိုက်တော့ သူလှမ်းယူသည်။ ပိုက်ဆံ အိတ်လှမ်းယူသော သူလက်မှာ သွေးများနှင့် နီရဲနေသည်။ ကြည့်ရတာ လက်မှာလည်း ဒဏ်ရာ ရထားပုံပေါ်သည်။ ကျေးဇူးတင်ကြောင်း ငိုရင်းနှင့် တစ်ဖွဖွပြောသည်။ ပြီးတော့ ကျွန်တော့ကို ဘယ်ပြန်မှာလည်းလို့ မေးသည်။ ကျွန်တော်က မြို့ထဲပြန်မည့် အကြောင် ပြောတော့ လမ်းကြုံသည်လိုက်ခဲ့ပါဟု သူကခေါ်သည်။ ကျွန်တော်လည်း သူဘယ်လို ဖြစ်တယ်ဆိုတာ အကြောင်းစုံ သိချင်တာကြောင့် ကားပေါ်အတူလိုက်ခဲ့သည်။

ကားပေါ်ရောက်တော့ ၀မ်းနည်းသံနှင့် သူရှိုက်ရှိုက်ပြီးငိုနေသည်။ အယောင်ဆောင်တွေ၊ သူတွင် တမိသားစုလုံးမှာ မှအဖွားတစ်ယောက်သာရှိပြီး အဖွားဖြစ်သူမှာ ယခုဆေးရုံတက်နေရသည်။ ဆိုတာလောက် ကလွဲပြီး ပိုပြောနိုင်ခဲ့။ ရှိစေတော့ သူဝမ်းနည်းပြီးငိုနေတာပဲ ကျွန်တော်လည်း ဆက်မမေးတော့ပေ ဆိပ်ကမ်းသာ လမ်းထိပ်ရောက်တော့ ကားရပ်ခိုင်းပြီး ကျွန်တော်ဆင်းခဲ့သည်။ သူကကျွန်တော်သွားခါနီးမှာ ကျေးဇူးတင်ပါ ကြောင်းနှင့် ကျေးဇူးဆပ်ရန် နာမည်နှင့်ဖုန်းနံပါတ် ပေးခဲ့ပါရန် တောင်းဆိုသည်။ ကျွန်တော် ဖုန်းနံပါတ်ပေးပြီး ပြန်လာခဲ့သည်။ ပြန်လာခဲ့ပေမယ့် ကျော်ကျော်လတ် တွေ့ကြုံခဲ့သည့် အဖြစ်ကို ကျွန်တော်သိချင် စိတ်ကပျင်းပြနေသည်။

ညပိုင်းရောက်တော့ သူကျွန်တော့ဆီကို ဖုန်းဆက်သည်။ ၃၉ လမ်းမှာ ရောက်နေပါကြောင်း နှင့် ကျေးဇူးတင်စကား အေးအေးဆေးဆေးပြောရန် လှမ်းခေါ်သည်။ ကျွန်တော်က သူနှင့်လည်း မရင်းနှီးသလို သူဘာဖြစ်ထားမှန်းလဲ ကျွန်တော်မသိသေး၊ အကယ်၍ ဆင်းသွားရင် . . . ။ ကျွန်တော် စဉ်းစားကြည့်ပြီး စာမေးပွဲရှိလို့ မဆင်းတော့ ဘူးလို့သူ့ကို လိမ်ပြောလိုက်သည်။ သို့သော် သူ ဘာဖြစ်ခဲ့တာလဲဆိုတာကို လည်းသိချင်သည်။ ထို့ကြောင့် သူအကြာင်းကို ဖုန်းထဲကပဲ မေးလိုက်တော့သည်။

သူပြောပြတဲ့ သူ့အကြောင်းက စိတ်ဝင်စားဖို့ ကောင်းပါသည်။ သူပြောတဲ့ သူ့အကြောင်းမှာ သတိထား ဆင်ခြင်စရာတွေ၊ ဆန်းကျယ်တဲ့ ကံကြမ္မာတွေ၊ ၀မ်းနည်းကြောက်လန့် စရာတွေကို ကျွန်တော်ခံစားသိရှိလိုက်ရသည်

ကျော်ကျော်လတ်ပြောတဲ့ သူ၏အဖြစ် အပျက်



ကျွန်တော်က ပန်းဆိုးတန်းလမ်းမှာ ဒေါ်လာ ၀ယ်ရောင်းလုပ် ပါတယ်။ အရင်က ဒေါ်လာမှုနဲ့ ထောင်သုံးနှစ် ကျဖူးတယ်။ အခု အိမ်မှာ ကျွန်တော်ရယ် ကျွန်တော့် အဖွားရယ် နှစ်ယောက်တည်းရှိတယ်။. အဖွားက ဆေးရုံတက်နေတာ။

ခါတိုင်းနေ့ တွေဆိုရင်တော့ ညီတစ်ယောက် လာပြီး ကူတယ်။ ပစ္စည်း(ဒေါ်လာများ ကို ပွဲစားများက ပစ္စည်းဟု ခေါ်ကြသည်) ကို ညီကို ပေးထားပြီး ကျွန်တော်က စကားပြောတယ်။ အရောင်းအ၀ယ် ဖြစ်မှ ပစ္စည်းကို ယူပေးတယ်။ အဲလို ပစ္စည်းတခြား လူတခြား ထားတော့ အန္ဒရယ်ကင်းတယ်။ ဖြစ်ချင်တော့ ညီက ဒီနေ့ ဒဂုံတက္ကသိုလ်မှာ ကျောင်းသွားအပ်တယ်။ အဲဒီတော့ ကျွန်တော် တစ်ယောက်တည်း။ ပစ္စည်းတွေလဲ ကျွန်တော့် လက်ထဲမှာ။

ညနေပိုင်းရောက်တော့ ကျွန်တော့်ဆီကို လူတစ်ယောက် FE လေးရာ လာဝယ်တယ်။ ကျွန်တော် ဆီက FE လေးရာ သူ့ကိုပေးလိုက်ပြီ။ သူ့ဆီက ပိုက်ဆံ တောင်းနေတုန်းမှာ လူသုံးယောက် ရောက်လာတယ်။

ကျော်ကျော်လတ် ဆိုတာမင်းလားတဲ့ ။ ဟုတ်ပါတယ်လို့ ပြောတော့

မင်းကို ငါတို့ ဋ္ဌာနက စစ်စရာရှိတယ် လိုက်ခဲ့လို့ ခေါ်တယ်

ကျွန်တော် အရင်က ဒေါ်လာမှုနဲ့ ထောင်တစ်ခါ ကျဖူးထားတော့ နောက်တစ်ခါ ထောင်ထပ်ကျမှာ အရမ်းကြောက်တယ်။ နောက်ပြီးတော့ အဖွားကလည်း ဆေးရုံတက်နေတာ။ ဒါကြောင့် ကျွန်တော် အခုအချိန်မှာ အဖမ်းခံလို့ မဖြစ်သေးဘူး။ ဒါကြောင့် ကျွန်တော်လွတ်မလားလို့ ထွက်ပြေးတယ်။ ကျွန်တော်ပြေးတော့ သူတို့ သုံးယောက် လိုက်လာကြတယ်။ ကျွန်တော် ပြေးရင်းပြေးရင်း မလွတ်တော့ ဘူးဆိုတာ သိလိုက်တယ်။ ဒါကြောင့် ဒေါ်လာထည့်ထားတဲ့ ပိုက်ဆံ အိတ်ကို ဆိပ်ကမ်းသာ လမ်းထိပ်မှာ လွင့်ပစ်လိုက်တယ်။

တကယ်လို့ အဖမ်းခံခဲ့ရရင်တောင်မှ ပစ္စည်းကို လက်ပူးလက်ကြပ် မမိဘူးဆိုရင် အမှုသက်သာ နိုင်တယ်လေ။ ဒါကြောင့် ပိုက်ဆံအိတ်ကို လွင့်ပစ်ခဲ့တာ။ ကျွန်တော့်ကို သူတို့ ဖမ်းမိတော့ ထိုးကြိတ်ပြီး Taxi ပေါ် တင်သွားတယ်။ သူတို့ကတော့ ခပ်တည်တည်နဲ့ စခန်းကို သွားမယ်ပြောတယ်။ ဒါပေမယ့် Taxi သမားကို မောင်းခိုင်းတာက သာကေသဘက်ကို။ ပြီးတော့ ကားပေါ်မှာ သူတို့က ပြောတယ်။

မင်းငါတို့ညှိမလား။ အမှုသက်သာမယ် စခန်းရောက်မှ ဆိုရင် ထောင်ကျလိမ့်မယ်လို့ ပြောတယ်။

ကျွန်တော်က လက်ထဲမှာ ပစ္စည်းမပါတာကြောင့် မညှိဘူးလို့ ပြောလိုက်တယ်။ နောက်တော့ သာကေတာ တံတားကျော် လူပြတ်တဲ့နေရာမှာ ရပ်ခိုင်းတယ်။ ပြီးတော့ ကားကိုပြန်လွတ်လိုက်တယ်။ ကားပြန်ထွက်သွားတာနဲ့ သူတို့ သုံးယောက်က ကျွန်တော့်ကို ၀ိုင်းပြီးထိုးကြိတ် တော့တာပဲ။ ပထမက အရောင်ဆောင်နေပေမယ့် နောက်တော့ သူတို့ အယောင်ဆောင်တွေ ဆိုတာ ပြောတယ်။ ပြီးတော့ ကျွန်တော့ဆီမှာ ရှိတဲ့ ပိုက်ဆံ အကုန်တောင်းတယ်။ ဆွဲကြိုးကို ဆွဲဖြတ်ယူတယ်။ ပြီးတော့ ကျွန်တော့် ဖုန်းကို ယူပြီး မနက်ဖြန် ပိုက်ဆံနဲ့ ပြန်လာရွေးလို့ ပြောတယ်။ ကျွန်တော်က တောင်းပန်တယ်။

အဲဒီဖုန်းက ကျွန်တော်ပိုင်တာ မဟုတ်ဘူး ငှားသုံးနေတာ လို့ ပြောနေတုန်းမှာ ဖုန်းဝင်လာတယ်။ ကျွန်တော့ကို ပေးမပြောဘူး။ သူတို့ထဲက တစ်ယောက်က တစ်ယောက်က ခပ်လှမ်းလှမ်းမှာ သွားပြောတယ်။ ပြီးတော့ ပြန်လာပြီး သူတို့ချင်း တိုးတိုးနဲ့ တိုင်ပင်တယ်။ နဲနဲလောက် တိုင်ပင်ပြီးတော့ ကျွန်တော့်ကို ဖုန်းပြန်ပေးပြီး ထွက်သွားကြတယ်။

သူတို့ ထွက်သွားပြီးတော့ ကျွန်တော်လည်း ဆိပ်ကမ်းသာလမ်းထိပ်မှာ ပိုက်ဆံအိတ်ကို ပြန်ရှာမလို့ ကားငှားပြီး အဲဒီနေရာက ထွက်ခဲ့တယ်။

သူတို့ နောက်ကို မြန်မာငွေ သုံးသိန်းကျော်နဲ့ ဆွဲကြိုးတစ်ကုန်း ပါသွားတယ်။ သူတို့ လာဖမ်းတုန်းမှာ ရောင်းနေတုန်းတန်းလှန်း FE လေးရာဖိုးက ပိုက်ဆံ မရလိုက်ဘူး။ ရှုင်းရှင်းပြောရရင် ကျွန်တော့်မှာ ဘာမှ မကျန်တော့ဘူ။ ကျွန်တော်ပစ်ထားခဲ့တဲ့ ပိုက်ဆံအိတ်ကို ပြန်ရရင်ရ မရရင် ဘ၀ပျက်ပြီ။

အဲလို ပိုက်ဆံကို ပြန်ရှာဖို့ သွားနေတုန်းမှာ အစ်ကိုဆီက ဖုန်းဝင်လာတယ်။ အစ်ကို ဖုန်းဆက်တော့ စောစောက အကောင်တွေ ပြန်လာပြီး ကျွန်တော့ကို ပြန်ဖမ်းမယ်လို့ ထင်နေတာ။ အစ်ကို ပိုက်ဆံအိတ် ပြန်ပေးမယ် ဆိုလို့ သာလာရတာ စိတ်ထဲမှာ သိပ်မယုံဘူး။ ပိုက်ဆံ အိတ်ကို လက်ထဲ ပြန်ရောက်မှပဲ စိတ်အေးနိုင်တာ။

ဘာပဲဖြစ်ဖြစ်ပါ။ ဆုံးသွားတာတော့ ဆုံးသွားတာပေါ့၊ ပစ္စည်းပြန်ရတာကို ကံကောင်းလှပါပြီ၊ လက်ထဲမှာ ပစ္စည်းရှိနေရင် ပြန်လည်ပတ်လို့ ရတာပေါ့။

ထိုနောက် သူသည် ကျွန်တော့်ကို အခါခွင့်သင့်လျှင် ကျေးဇူးပြန်ဆပ်ပါမည့် အကြောင်းပြော၍ ဖုန်းချသွားလေသည်။ ကျွန်တော်လည်း သူဖုန်းချ သွားပြီးမှ ပြန်စဉ်စားမိသည်။ တကယ်လို့သာ သူ့ကို ဖမ်းသွားသော လူဆိုးများသည် ပုစွန်ထောင်ဈေး အရှေ့တွင် ပိုက်ဆံအိတ်လာပေးမည့် ကျွန်တော့ကို စောင့်နေခဲ့မည်ဆိုလျှင် မည်သို့ ဆက်ဖြစ်မည်ကိုကား ကျွန်တော် မတွေးတတ်တော့ပါ


မှတ်ချက်။ ။ ဤဖြစ်ရပ်ကို ဖေဖော်ဝါရီ လအတွင်းအက ရေးခဲ့ပြီး ဖြစ်သော်လည်း တန်းလန်းကြီး လက်စပ်မသပ်ပဲ ထားခဲ့သည်။ ထို့ကြောင့် ယခုမှ တစ်ဖန် ပြန်လည် လက်စပ်သပ်ခြင်း ဖြစ်ပါသည်။



* * *

Read More...

နာမည်မပေးရသေးသော ဇာတ်လမ်းတစ်ပုဒ်

ကျွန်တော့် ဆိုတဲ့ အကောင်က အမြဲတမ်းလွဲ ချော်နေကြလေ။ ဘယ်နေရာကို သွားသွား၊ ဘာကိုလုပ်လုပ်၊ နေရာတိုင်း အလုပ်တိုင်းမှာ အရာရာနဲ့ အကြောင်းကြောင်းဗျ။ တစ်ခုတစ်လေ မလွဲရရင် ထမင်းစား မ၀င်တဲ့ အကောင်ပေါ့ဗျာ။

အဲလို နေရာတကာမှာ အလွဲလွဲ အချော်ချော်တွေနဲ့ ကျွန်တော်။ အဲဒီလွဲချော်မှုတွေက ကျွန်တော်ကို ဒုက္ခလှလှ ပေးလေ့ရှိတယ်။ တစ်ခါတစ်လေမှာ အဲဒီ ဒုက္ခတွေက ကျွန်တော့်အတွက် ငိုချင်ပေမယ့် ဘေးကကြည့်တဲ့လူအတွက် ဟာသတွေ ဖြစ်နေပြန်တယ်။ အဲအဲလို အဲလို လွဲချော်မှုတွေက တစ်ကြိမ်မှာ ကျွန်တော့်ကို ကြည်နူးမှုလေးတွေ ဖန်တီးပေးခဲ့တယ်ဆိုရင် . . .
သင်ယုံလေမလား

ရန်ကုန်မှာ နေထိုင်လို့ မကောင်းအောင် ပူပြင်းလှတဲ့ နွေရာသီတစ်ခုမှာ ကျွန်တော် ပြင်ဦးလွင်ကို အလုပ်ကိစ္စနဲ့ ရောက်ခဲ့တယ်။ နာမည်ကျော် ပြင်ဦးလွင်ကတော့ နာမည်ကျော်တဲ့ အတိုင်းပါပဲ ရန်ကုန်နွေနဲ့ ပြင်ဦးလွင်နွေက လုံးဝ တစ်ခြားစီ။ ကျွန်တော်ရဲ့ ဇတ်လမ်းလေးကတော့ အဲဒီ ပြင်ဦးလွင်မှာ အစပျိုးခဲ့တာပေါ့။

အဲဒီနေ့က နံနက် ဆယ်နာရီဝန်းကျင် လောက်မှာ ပြင်ဦးလွင်ကို ရောက်တယ်။ ကျွန်တော်တို့ တည်းရမဲ့ ဟိုတယ် ရောက်တော့ ပစ္စည်းတွေထား ရေတွေပါတွေချိုးပေါ့ဗျာ။ ပြီးတော့ တရေး တမောအိပ်တယ်။ အဲလို အဲကွန်းမဖွင့်ပဲ အေးတဲ့ နွေရာသီ နေ့လည်ခင်းလေးမှာ ကျွန်တော် အိပ်ပျော်နေတုန်း။

`` ဟေ့ကောင်ထ သွားကြမယ် ´´ ဆိုတဲ့ အသံကြောင့် ကျွန်တော် မထချင်ထချင်နဲ့ ထလိုက်ရတယ်။ သူတို့ပြောတာတော့ ပြင်ဦးလွင် နေရာအနှံ့ကို ပတ်မယ်ဆိုပဲ။ အဲဒီတော့လည်း ထရတာပေါ့လေ။ မျက်နှာလေး ဘာလေးသစ် အ၀တ်စားလှဲ ကင်မရာလေး ဆွဲပြီး ကျွန်တော် ဟိုတယ်အောက်ထပ်ကို ဆင်းလာခဲ့တယ်။

အောက်ထပ်ရောက်တော့ ကျွန်တော့် ကောင်တွေက ကားပေါ်ရောက်နေပြီ။ တက်တဲ့။ ကျွန်တော် ကားပေါ်တက် ထိုင်လိုက်တယ်။ ဒါပေမယ့် ကားမထွက်သေးဘူး။ အဲဒီ အချိန်လေးမှာ ကောင်မလေး တစ်ယောက် စက်ဘီးစီး သွားတာတွေ့လိုက်လို့ ကင်မရာကို အလျှင်အမြန်ထုတ်ပြီး ရိုက်ဖို့ ပါဝါဖွင့်လိုက်တယ်။ ပွင့်မလာဘူး။ အဲဒီအချိန်မှာ ကားက ထွက်ပြီ။ အခုမှ သတိရတယ် ကျွန်တော် ဘထ္ထရီက အခန်းထဲမှာ အားသွင်းထားတာ ထည့်မလာခဲ့မိပဲကိုး။ အဲတော့မှ ``ကားဆရာရေ ဟိုးဟိုး´´ လို့အော်ရပ်ခိုင်းပြီး ဘက္ထရီ ယူဖို့ ဟိုတယ် ဆီကို တစ်ခေါက်ပြန် ပြေးခဲ့ရတယ်။

ဧည့်ကြိုကောင်တာ ရောက်တော့ ဧည့်ကြိုကောင်မလေးက ကျွန်တော့်ကို ပြုံးပြတယ်။ ကျွန်တော် သူပြုံးပြတာ မကြည့်အားဘူး။ အခန်းနံပါတ် 201 သော့ပေးပါလို့ တောင်းပြီး အပေါ်ထပ်ကို တက်လာခဲ့တယ်။ ဒုတိယထပ် အခန်းနံပါတ် 201 ရောက်တော့ ပြသနာက အဲဒီမှာ စတာဗျ။

ကျွန်တော် သော့ကို ဖွင့်ပြီး အခန်းထဲ ကိုဝင်လိုက်တာနဲ့ မိန်းကလေး အော်သံတွေထွက်လာတယ်။ အခန်းက သုံးယောက် အိပ်ခန်း။ ကြည့်လိုက်တော့ အခန်းထဲကုတင်တွေပေါ်မှာ ကောင်မလေးတွေ ခြေပစ်လက်ပစ် ထိုင်နေရာကနေ နီးရာ စောင်တွေကို ဆွဲခြုံကြတယ်။ ဘယ်လိုဖြစ်ပါလိမ့်လို့ ကျွန်တော် ကြက်သေသေပြီး ငေးကြည့်နေတုန်းမှာ ၀ှီးကနဲ အသံ ကြားလိုက်ရတယ်။ ကြည့်လိုက်တော့ လိမ္မော်သီး တစ်လုံး ကျွန်တော့နားသယ် နားလေးကဖြတ်ပြီး တံခါးကို သွားမှန်တယ်။ ကျွန်တော် ဒီတိုင်း ဆက်ရပ်နေရင် လိမ်မော်ပျံတွေ အပြင် ခေါင်းအုန်းပျံ ဒေါက်ဖိနပ် ပျံတွေ ဆက်တိုက် ၀င်လာနိုင်တာမို့ အခန်းပြင်ကို ပြန်ထွက်ပြီး တံခါကို ၀ုန်းကနဲ ဆွဲပိတ်လိုက်တယ်။ ဘယ်လို ဖြစ်ရတာပါလိမ့် . . .

ကျွန်တော်စဉ်းစား နေတုန်းမှာ လှေကားအတိုင်း ပြေးတက်လာတဲ့ ဖိနပ်သံတွေကြားရတယ်။ ကြည့်လိုက်တော့ ဧည့်ကြိုက ကောင်မလေး။

`` အစ်ကို! အစ်ကို! သော့မှား ယူသွားတယ်။ အစ်ကို့ အခန်းက 301 ´´
လို့ လက်ထဲက သော့လေးကို ကိုင်ပြရင် ပြာပြာသလဲ ပြောတယ်။

`` ဟာ ဒါဆို ဒါကျွန်တော့ အခန်းမဟုတ်ဘူးပေါ့ ´´

`` မဟုတ်ဘူး၊ အစ်ကိုတို့ အခန်းက အပေါ်ထပ်မှာ´´

`` ဒါဆိုဘာဖြစ်လို့ အဲဒီသော့ကြီးပေးလဲ´´

`` အစ်ကိုက 201 ဆိုပြီးတောင်းတော့ သမီးက ကြောင်ပြီးပေးလိုက်မိတာ´´

ကျွန်တော် အဲဒီ အူကြောင်ကြောင် ကောင်မလေးနဲ့ ဆက်ပြီး အငြင်းပွားနေလို့ မဖြစ်။ ကားပေါ်က စောင့်နေတဲ့ လူတွေ မေတ္တပို့ တော့မည်။ ထို့အတူ ဤနေရာတွင် ကြာရှည်စွာ ရပ်နေခြင်းသည် ကျွန်တော့် အတွက် အင်မတန် အန္ဒယ် ကြီးမားတယ်။ ဒါကြောင့် ကောင်မလေး လက်ထဲက သော့ကို ဆွဲယူပြီး အပေါ်ထပ်ကို ပြေးတက်ခဲ့တယ်။ ဒီတစ်ခါတော့ အခန်းမမှားတော့ပါဘူး။

ကျွန်တော် ကားပေါ် ပြန်ရောက်တော့  အားလုံးက မေတ္တာပို့နေကြပြီ။ မတတ်နိုင်ဘူးလေ။ အခုသွားမှာ ပိတ်ချင်မြှေင်ကိုတဲ့ ကျွန်တော် စိတ်မ၀င်စားနိုင်ဘူး။ အခု ဟိုတယ်မှာ ဖြစ်ခဲ့တဲ့ ပြသနာက ကျွန်တော့် အတွက် နောက်ဆက်တွဲ ဘာတွေ ဆက်ဖြစ်နိုင်သေးလဲ ဆိုတာ မသိသေးဘူးလေ။

မဟာအံ့ထူးကံသာ၊ ပိတ်ချင်းမြှောင်၊ ပွဲကောက်ရေတံခွန် ညနေပိုင်းရောက်တော့ ကန်တော်ကြီးကို ရောက်ခဲ့တယ်။ ကန်တော်ကြီးထဲ ရောက်တော့ တချို့က ဘာဂီတွေငှားပြီး လျှောက်ပတ်ကြည့်ကြတယ်။ ကျွန်တော့်မှ မကြည့်နိုင်ဘူး။ စိတ်လဲ သိပ်မပါတာကြောင့် ပန်းပင်တွေနားမှာ သွားပြီး လိပ်ပြာလေးတွေကိုပဲ ဓာတ်ပုံလိုက်ရိုက်နေလိုက်တယ်။

ဒေလီယာ ပန်းလေးပေါ်မှာ နားနေတဲ့ လိပ်ပြာတစ်ကောင်ကို ကျွန်တော် အမိအရ ဓာတ်ပုံရိုက်ဖို့ ကြိုးစားနေတုန်း နောက်က ခေါ်သံတစ်ခုကြားလိုက်တယ်။

`` ဓာတ်ပုံဆရာ ဓာတ်ပုံရိုက်မလို့ ´´

ကျွန်တော် လည့်ကြည့်လိုက်တော့ ကောင်မလေး သုံးလေးယောက် ကိုတွေ့ရတယ် ။ အသက်ကတော့ ကျွန်တော်နဲ့ မတိမ်းမရိမ်းတွေ ပါပဲ။ ပုံစံတွေကို ကြည့်လိုက်တော့ တစ်ယောက်မှ လုံချည်မပါဘူး။ ကွာတားပင်နဲ့ ၊ ဘောင်းဘီရှည်နဲ့။ ဆံပင်ကို ဖြောင့်ထားတဲ့ လူနဲ့၊ ကောက်ထားတဲ့ လူနဲ့။ ကျွန်တော့်ကို ဓာတ်ပုံဆရာနဲ့ မှားနေပုံပေါ်ပါတယ်။ ကျွန်တော်က ဓာတ်ပုံဆရာ မဟုတ်ဘူးလို့ ပြောမလို့ ကာရှိသေးတယ် သူတို့ထဲ တစ်ယောက်က ပန်ပွင့်လေးကို ကိုင်ပြီး အမူရာတွေ ဘာတွေလုပ်နေပြီ။

`` ဒီအတိုင်းလေး တစ်ပုံရိုက်´´ တဲ့

ကျွန်တော်လည်း မထူးတော့ပါဘူးလေ ဆိုပြီး အဲဒီကောင်မလေးကို ရိုက်မလို့ ကင်မရာနဲ့ ချိန်လိုက်တယ်။ ရိုက်မလို့ Focus ချိန်နေတုန်းရှိသေးတယ်။ သူတို့ အုပ်စုထဲက အသံထွက်လာတယ်

`` ဟေ့ဟေ့ မတ်တပ်ရပ်ကြီးနဲ့ မလှဘူးထိုင်လိုက် ထိုင်လိုက်ထိုင်လိုက်´´

`` ဟုတ်လား ဒါဆို မရိုက်နဲ့ ဦးထိုင်လိုက်ဦးမယ် ´´
ကျွန်တော်လဲ သက်ပြင်းချလိုက်တယ်

`` အစ်ကိုရပြီ ရိုက်တော့´´

ကောင်မလေးက ပန်းပွင်လေးနားမှာ ဘေးတစ်စောင်း လေးထိုင်နေတယ်။
ကျွန်တော်လည်း ဒူးထောက်ထိုင်ပြီး ရိုက်မလို့ ချိန်လိုက်တယ်။ အဲဒီအချိန်မှာ သူတို့ အုပ်စု ထဲက အသံ ထွက်လာပြန်တယ်။

`` ဟိုလူကြီး ! ဟိုလူကြီ ! ´´

`` ဘယ်လူကြီးလဲ၊ ဘယ်လူကြီးလဲ ´´

`` နေ့လည်က အခန်းထဲ ၀င်လာတဲ့ လူကြီး ´´

`` ဘယ်မှာလဲ ဘယ်မှာလဲ ´´

`` အဲမှာ ဓာတ်ပုံရိုက်နေတဲ့ လူကြီး ´´

`` ဟင် . . ဟုတ်လား ´´ ဆိုပြီး ကောင်မလေးတွေ ထွက်ပြေးကုန်ကြတယ်။

ကျွန်တော်လည်း ရုတ်တရက်ဆိုတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘူး။ သတိရလို့ ကြည့်လိုက်တော့ ကောင်မလေးတွေ ထွက်ပြေးကုန်ကြပြီ။ ရုတ်တရက်ဆိုတော့ ကျွန်တော်လည်း မတောင်းပန်မိလိုက်ဘူး။ ထားလိုက်တော့လေ။ ဟိုတယ်ရောက်မှ ပဲ သွား တောင်းပန်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။

ကျွန်တော်ပန်းပွင့်လေး တွေကို ဓာတ်ပုံရိုက်မလို့ ပန်းပင်နားလေး တိုးလာခဲ့တယ်။ စောစောက ဓာတ်ပုံ အရိုက်ခံမဲ့ ကောင်မလေး ထိုင်နေတဲ့ နေရာနားရောက်တော့။ ပိုက်ဆံ အိတ်တစ်အိတ်လေး တစ်အိတ်။ ကြည့်ရတာ စောစောက ဓာတ်ပုံ အရိုက်ခံ မဲ့ကောင်မလေး ကြောက်အားလန့် အားနဲ့ ထွက်ပြေးရင်း ကျကျန်ထားခဲ့ပုံပဲ။

ကောက်ဖွင့်ကြည့်လိုက်တော့ ပိုက်ဆံ အိတ်ထဲမှာ ပိုက်ဆံ တစ်ချို့ရယ် ထီလက်မှတ်သုံးစောင် မှတ်ပုံတင်တစ်ခုနဲ့ ကျောင်းသားကဒ် တစ်ခုကိုတွေ့တယ်။ ကျွန်တော် ထုတ်ကြည့်လိုက်တော့

ယွန်းဝတ်မှုံ နောက်ဆုံးနှစ် အပိုင်း(က) ဆေးတက္ကသိုလ် (၁) ရန်ကုန်တဲ့ ။ ဟိုတယ်ရောက်ရင် ပြန်ပေးမယ်ဆိုပြိး အဲဒီပိုက်ဆံ အိတ်လေးကို ကျွန်တော် ကောက်ယူခဲ့တယ်။


နောင်တစ်ချိန်တွင် ဆက်ရေးမည်


* * *

Read More...

အွန်လိုင်းကနေ မူပိုင်ခွင့်ပညာကို အဝေးသင် သင်ကြမယ်

ကမ္ဘာ့အသိဥာဏ် ပစ္စည်းဆိုင်ရာ မူပိုင်ခွင့်ရုံး WIPO သင်ကြားပို့ချတဲ့ မူပိုင်ခွင့် သင်တန်းကို အွန်လိုင်းကနေ အခမဲ့ တက်လို့ရပါတယ်။

WIPO က နေအခမဲ့ အွန်လိုင်းက ပို့ချတဲ့ သင်တန်းတွေထဲမှာ DL 001 ၊ DL 101 ဆိုတဲ့ သင်တန်းတွေကို အခမဲ့ သင်ကြားခွင့်ပေးထားပါတယ်။ သင်တန်း ပြီးဆုံးတာနဲ့ အွန်လိုင်းနေပဲ စာမေးပွဲ ဖြေရပါတယ်။ စာမေးပွဲ ရလဒ်ကို ဖြေဖြေပြီး ချင်းသိနိုင်ပါတယ်။ စာမေးပွဲ အောင်တယ် ဆိုရင်တော့ WIPO ကချီးမြှင့်တဲ့ အောင်လက်မှတ်ကို စာတိုက်ကနေ ပို့ပေးပါတယ်။

DL 101 စာမေးပွဲကို တစ်နှစ်ကို နှစ်ခါ ကျင်းပပေးပါတယ်။ မြန်မာက ကျောင်းသား အများစုကတော့ DL 001 ကို ဖြေလေ့မရှိပါဘူး။ DL 101 ကို တိုက်ရိုက် သွားဖြေလေ့ရှိ ကြပါတယ်။ ပထမ စာမေးပွဲကို မတ်နဲ့ဧပြီမှာ လုပ်ပြီး ဒုတိယ စာမေးပွဲကို ဒီနှစ် October 1 to November 15 2007 အတွင်းမှာ လုပ်မှာ ဖြစ်ပါတယ်။ အဲဒီအတွက် Register တွေလက်ခံနေပါပြီ။

အဲဒီမှာ Register လုပ်ပြီးပြီဆိုတာနဲ့ ယူစာနဲ့ ပတ်စ၀ပ်ကို အီးမေးကနေ ပြန်ပို့ပေးပါတယ်။ အဲဒီအခါမှာ ကိုယ်က သင်ခန်းစာတွေကို ၀င်ပြီး ဖတ်သွားရရုံပါပဲ။

စာမေးပွဲ ဆိုပေမယ့် သိပ်အခက်ကြီးမဟုတ်ပါဘူး။ လေးခုပေးထားတဲ့ အထဲက မှန်တာ တစ်ခုကို ရွေးပေးရတာပါ။ စာအုပ် ကြည့်ဖြေလို့လည်း ရပါတယ်။ စာမေးပွဲ ရည်ရွယ်ချက်ကတော့ ကျောင်းသားဟာ မူပိုင်ခွင့်နဲ့ ပတ်သက်ပြီး ဘယ်လောက် နားလည်သဘော ပေါက်သလဲ ဆိုတာကို စစ်တဲ့ သဘောပါ။

ဥပမာ မေးခွန်မှာ
စာပေဆိုင်ရာ မူပိုင်ခွင့်သည် စာရေးသူ ကွယ်လွန်ပြီး နှစ်ငါးဆယ် နှစ်ခြောက်ဆယ် နှစ်တစ်ရာ အထိ ပိုင်ဆိုင်သည် ဆိုတာမျိုး ပေးထားတဲ့ အထဲက မှန်တဲ့ဟာ တစ်ခုကို ကလစ်ခေါက်ပြီး ပေးလိုက်ရုံပါပဲ။

ဘာပဲဖြစ်ဖြစ် လူတိုင်းဟာ အသိဥာဏ်နဲ့ မကင်းတာမို့ ကိုယ်ဖန်တီးထားလေးကို မူပိုင်ခွင့်အရ ဘယ်လို အကာအကွယ်ယူလို့ရတယ်၊ သူများ ဖန်တီးထားတာကို မူပိုင်ခွင့်အရ ဘယ်လောက်အထိ ယူသုံးလို့ရတယ် ဆိုတာကို သပေါပေါက် နားလည် သွားမှာ ဖြစ်တဲ့အတွက် ဘယ်သူမဆို သိထားသင့်တဲ့ ပညာတစ်ခုပါ။
အဲဒီဆိုဒ်ကို သွားချင်တယ်ဆိုရင်
www.academy.wipo.int ပါ။ Register က ဒီလကုန်တာနဲ့ ပိတ်တော့မှာ ဖြစ်တာကြောင့် အခုပဲ သွားပြီး စာရင်းသွင်းလိုက်ပါ။ အခက်ခဲ တစ်စုံတရာ ရှိရင် ကျွန်တော့်ဆီကို မေးပို့ပါ ကျွန်တော် နားမလည်ရင် နားလည်တဲ့ လူတွေကို မေးပြီး ပြန်ဖြေပေးပါ့မယ်။

အခက်ခဲရှိရင် ဒီမေးတွေကို ဆက်သွယ်ပါ။
soezeya@gamil.com, brvboy@gmail.com,



* * *

Read More...

အပျင်းဖြေဖို့

တစ်ခါတလေမှာ အင်တာနက် သုံးရင်းနဲ့ ဘာမှ မလုပ်ချင်လောက်အောင ပျင်းနေတာမျိုးတွေ ရှိဖူးပါတယ်။ အဲလို ပျင်းတဲ့ အခါမှ ဂိမ်းတွေ ပါတွေ ဆော့ဖြစ်တာ ရှိသလို တောင်သွား မြောက်သွား လျှေက်သွား ဖြစ်တာလဲ ရှိပါတယ်။
အဲလို ဂိမ်းဆော့ရမှာလဲ ပျင်းတယ် တောင်သွား မြောက်သွားရမှာ လည်းပျင်းတယ် ဆိုရင် ဒီလင့်လေးကို ဖွင့်ကြည့်လိုက်ပါ။ အဲဒီလင့်လေးက လူကို အပျင်းပြေစေသလို အဓိပ္ပယ်လဲရှိပါတယ်။
အဲဒီလင့်လေးကို ကိုစစ်အိမ် ရဲ့ အိမ်ကို သွား လည်ရင်းနဲ့ သူနေ့တိုင်းထိုင်ကြည့် တယ်ဆိုလို့ ကူးလာတာပါ။

Read More...

Friday, July 20, 2007

စကားလုံးများနှင့် ပတ်သက်၍

မနေ့ညက ပေါ်လစီကား တစ်ကားကို ကြည့်ဖြစ်ပါတယ်။ ဇတ်ကား နာမည်က ကြယ်စင်ပတ်လည် ၀န်းရံလျက်ရှိသော အတိုင်းမသိ ရွှေပြည်တဲ့။ ဇာတ်ကို စင်ရော်မောင်မောင် ရိုက်ပြီး ငြိမ်မင်းက ဇာတ်ညွန်းရေးပါတယ်။ သရုပ်ဆောင် တွေကတော့ ညွန့်ဝင်း နေအောင် ဒွေး လွင်မိုး နန္ဒလှိုင် အိန္ဒြာကျော်ဇင် တို့ပါပဲ။ ပြောချင်တာကတော့ အဲဒီဇာတ်ကားမှာ ပြောသွားတဲ့ ဒိုင်ယာလော့လေး တစ်ခုကိုပါ။

အမှန်တိုင်း ၀န်ခံရရင် ဒီဇတ်ကားဟာ မြန်မာဇတ်ကား တွေထဲမှာတော့ တော်တော်လေး ကြည့်လို့ ကောင်းတဲ့ ကားတစ်ကားပါ။ ပေါ်လစီကား ဆိုပေမယ့်လည်း ဒါရိုက်တာနဲ့ ဇတ်ညွန်းရေးသူတို့ တော်တာကြောင့် တော်တော်လေး ကြည့်ကောင်းပါတယ်။ ဦးငြိမ်းမင်း ဇတ်ညွန်းရေးတဲ့ ကားတွေ တော်တော် များများကို ကြည့်လည်း ကြည့်ဖူးပါတယ်။ ကြိုက်လည်း ကြိုက်ပါတယ်။ ဒါပေမယ့် မနေ့ညက ဇာတ်လမ်းထဲမှာ နန္ဒလှိုင်ပြော သွားတဲ့ ဒိုင်ယာလော့ တစ်ခုကတော့ ဇာတ်ညွန်း ရေးသူတစ်ယောက် အနေနဲ့ မသုံးသင့်ဘူးလို့ ထင်ပါတယ်။

အဲဒီဒိုင်ယာ လော့လေးက ဒွေးနဲ့ နန္ဒာလှိုင် မမျှောင်လင့်ပဲ ဂျပန်ပြည်မှာ ပြန်ဆုံဖြစ်ကြတဲ့ အချိန်မှာ နန္ဒလှိုင်က ပြောတဲ့ ဒိုင်ယာလော့ပါ။ ဒိုင်ယာလော့ လေးကတော့
ကျွန်မက ပိုက်ဆံအတွက်နဲ့ ဒီနိုင်ငံမှာ ရရာအလုပ် လာလုပ်နေတာမဟုတ်ဘူး။ ဒီနိုင်ငံက လူတွေ မသိတဲ့ မတတ်တဲ့ ပညာတွေကို လာသင်ပေးနေတာ
အနည်းငယ် ကွဲလွှဲမှု ရှိပါလိမ့်မယ် အဓိပ္ပယ်ကတော့ အတူတူပါပဲ။

နောက်တစ်ခုကတော့ ပြည်တွင် တီဗီချယ်နယ်က အပတ်စဉ် ထုတ်လွင့်နေကြ စကားဝိုင်း တစ်ခုမှာပါ။ အဲဒီ စကားဝိုင်းမှာ ကားတွေ နဲ့ စည်းကမ်း အကြောင်း ပြောကြတော့ အဲဒီ ထဲက ဆရာ တစ်ယောက်က
ဟုတ်တယ်ဆရာ ကားမားတွေက အိုင်ကျူ နိမ့်တယ် တဲ့

ဘ၀တိုးတက်ဖို့ရာ အတွက် နိုင်ငံခြားမှာ အလုပ်သွားလုပ်နေကြတဲ့ မြန်မာတွေ အများကြီးရှိပါတယ်။ အဲဒီထဲမှာ ပညာတတ် အနေနဲ့ သွားပြီး အလုပ် သွားလုပ်တာတွေ ရှိသလို ကာယ လုပ်သား အဖြစ်နဲ့ အလုပ်သွားလုပ်ကြတဲ့ ရိုးရိုး လေဘာတွေလည်း ရှိပါတယ်။ အဲဒီမှာ စောစောက ပြောတဲ့ ပိုက်ဆံအတွက်နဲ့ ရရာ အလုပ်ကို လာလုပ်နေတာ မဟုတ်ဘူး ဆိုတဲ့ ဒိုင်ယာလော့က ပညာနဲ့ အလုပ်သွားလုပ်သူနဲ့ ကာယ လုပ်သားတွေကြားမှာ အဆင့်အတန်း ခွဲခြား သလို ဖြစ်နေပါတယ်။ အဲဒီ ဒိုင်ယာလော့ကို ကာယနဲ့ အလုပ်သွားလုပ်နေရတဲ့ လေဘာတွေ ကြားခဲ့ရင် သူတို့ ဘယ်လိုခံစားရမလဲ။

အဲလိုပဲ စောစောက စကားဝိုင်းမှာ ပြောတဲ့ ကားသမားတွေက အိုင်ကျူနိမ့် တယ် ဆိုတဲ့ စကားက ကားမောင်းခြင်းဖြင့် အသက်မွေး သူတွေကို နှိပ်ချသလို ဖြစ်နေပါတယ်။ အဲဒီ စကားကို ကားမောင်းခြင်းနဲ့ အသက်မွေးသူတွေ ကြားရင် ဘယ်လိုခံစားရမလဲ။

သူတို့ ပြောတဲ့ အကြောင်းအရာ မှားသည် မှန်သည်ကို ကျွန်တော် မပြောလိုပါ။ သူတို့ ပြောတဲ့ အကြောင်းအရာ မှန်သည် ဖြစ်စေ မှားသည်ဖြစ်စေ လူတစ်ဘက်သားကို ထိခိုက် နစ်နာနိုင်မည့် အပြောမျိုးကိုတော့ အများပြည်သူကို ဖြန့်ဝေသည့် အချိန်မှာ မသုံးသင့်ပါဘူး။ အဲလို စကားမျိုးကို အရပ်ထဲက စကားဝိုင်းမှာ အချင်းချင်း ပြောကြတဲ့ အခါမှာတောင် ကားသမားတွေ အိုင်ကျူမရှိဘူးကွ လို့ ပြောမယ်ဆိုရင် ကားသမား မရှိတဲ့ နေရာမှာ ပြောမှ အဆင်ပြေတဲ့ စကားမျိုးပါ။ ပိုက်ဆံ အတွက်နဲ့ ရရာအလုပ် လာလုပ်နေတာ မဟုတ်ဘူး ဆိုတဲ့ စကားကလည်း အဲလိုပါပဲ။

အဲလိုမျိုး အကြောင်းအရာ တော်တော်များကိုလည်း မြန်မာ စာပေ တချို့မှာ တွေ့မြင်ဖူးပါတယ်။ အခု အကြောင်းအရာ နှစ်ခုကတော့ မှတ်မိနေလို့ ပြောဖြစ်တာပါ။ ဘာပဲဖြစ်ဖြစ် လူတစ်ဘက်သားကို စိတ်အနှောက်ယှက် ဖြစ်စေနိုင်မဲ့ စကားလုံးမျိုးကိုတော့ စာရေးသသူတွေရော ဇာတ်ညွန်းရေးသူတွေပါ ရှောင်ကျဉ်သင့်ပါတယ်။

Read More...

အာဇာနည်ကုန်းသို့ တစ်ခေါက်

အာဇာနည်နေ့က အာဇာနည်ကုန်းမှာ သွားပြီး အလေးပြု ဖြစ်ခဲ့ပါတယ်။ တကယ်တော့ ကျွန်တော် ရန်ကုန်မှာ အာဇာနည်နေ့ လေးခုကို ကျော်ဖြတ်ခဲ့ ဖူးပါတယ်။ ဒါပေမယ့် အရင်က မရောက်ခဲ့ ဖြစ်ပါဘူး။ ဒီနှစ်မှပဲ အာဇာနည်ကုန်းကို ရောက်ဖြစ်ခဲ့တာပါ။

အာဇာနည်ကုန်းကို သွားဖို့ရာတွက် သူငယ်ချင်း တစ်ယောက်နဲ့ ဆူးလေက သုံးကား စီးခဲ့တယ်။ ရည်ရွယ် ချက်ကတော့ ရွှေတိံဘုရားကို တောင်ဘက် မုဒ်က တက်ပြီး အရှေ့ဘက်မုဒ်က ဆင်းမယ်ပေါ့။ တကယ်တန်း ရွှေတိံဂုံ ဘုရားကို ရောက်တော့ တောင်ဘက်မုဒ် ဓာတ်လှေကားမှာ ဘုရား လုံခြုံရေးတွေက စစ်ဆေးပါတယ်။ အဲဒီမှာ ကျွန်တော့ သူငယ်ချင်း ပါလာတဲ့ ကင်မရာကို ယူသွားလို့ မရဘူးဆိုပြီး ရစ်နေပါတယ်။ ကျွန်တော် တော်တော် လေ သွားတယ်။ ဘုရားပေါ် ကင်မရာ ယူလို့ မရဘူး ဆိုတာ တစ်ခါမှ မကြားဖူးသေးလို့ပါ။ အရင်ကလည်း ဒီလိုပဲ ကျွန်တော်တို့ ဘုရားပေါ်တက်ပြီး ဓာတ်ပုံရိုက် နေကြတာပဲလေ။ အခုမှ ထူးထူးဆန်းဆန်း လာလုပ်နေတယ်။ ကျွန်တော်လည်း စိတ်ချဉ် ပေါက်ပေါက်နဲ့ ဂေါပက ရုံးအဖွဲ့ကို ဖုန်းဆက်ပြီး စေဒက တက်ဦးမလို့ပဲ။ ဒါပေမယ့် အလုပ်မရှုပ်ချင် တာကြောင့် ဘုရားပေါ်က မတက်တော့ပဲ အာဇာနည်လမ်း အတိုင်း လျှောက်ခဲ့တယ်။

ဘုရား အရှေ့မုဒ်ကျော်တော့ လမ်းကြီးကို ပိတ်ထားတာ တွေ့လိုက်ရတယ်။ အဲဒီထိပ်မှာ စစ်သားတွေရော ရဲတွေရော စောင့်နေကြတယ်။ ကျွန်တော်တို့ သွားတော့ လမ်းပိတ်ထားတယ် ၀င်လို့မရဘူးတဲ့။ အာဇာနည်ကုန်း ပြည်သူ အလေးပြုချိန် မဖွင့်ပေးဘူးလားလို့ မေးတော့၊ M3 ဘက်ကနေ ၀င်ရမှာတဲ့ ဒီဘက် ဂိတ်က ပိတ်ထားတယ်တဲ့။

ဒါကြောင့် ကျွန်တော်တို့ ရွှေတိံဂုံဘုရား အရှေ့ဘက် မုဒ်ဘကနေ ဗဟန်းဈေး အရှေ့ ရေတာရှည် လမ်းဟောင်း၊ အဲဒီကနေ ရေတာရှည် လမ်းသစ်၊ ရေတာရှည် လမ်းသစ်ကနေမှ အနောက် ရွှေဂုံတိုင် လမ်းမကြီး ပေါ်ကို ရောက်ခဲ့ပါတယ်။ အနောက် ရွှေဂုံတိုင် လမ်းမကြီးမှာတော့ SB အဖွဲ့တွေရယ် NLD အဖွဲ့တွေရယ် ပျားပန်း ခတ်နေကြပါတယ်။

ကျွန်တော်တို့ အနောက်ရွှေဂုံတိုင်လမ်း M3 နားလေး ရောက်တော့ လမ်းပိတ်ထားပြီး စစ်ဆေးရေး ဂိတ်ဖွင့်ထားတာကို တွေ့ရပါတယ်။ အဲဒီမှာ ၀င်ပေါက်ကို မိန်းကလေး ၀င်ပေါက်နဲ့ ယောကျာင်္းလေး ၀င်ပေါက် နှစ်ပေါက် ခွဲထားတာကို တွေ့ရပါတယ်။ ယောကျာင်္းလေး ပေါက်ကို အမျိုးသား စစ်သားတွေ စစ်ဆေးပြီး မိန်းကလေး ၀င်ပေါက်ကို ရဲမေတွေက စစ်ဆေးပါတယ်။

ကျွန်တော်တို့ ၀င်မလို့ လုပ်တော့ ပစ္စည်းတွေ ဘောပင်က အစ ဘာမှ ယူသွားလို့ မရဘူး အကုန်လုံး အပြင်မှာ ထားခဲ့ရမယ်တဲ့။ အဲလို ကိုယ်နဲ့ ပါလာတဲ့ ပစ္စည်းတွေကို ဂိတ်က လက်ခံပြီး သိမ်းပေးထားမလား ဆိုတော့လည်း မသိမ်းပေးပါဘူးတဲ့။ ကိုယ့်ဟာကို အဆင်ပြေတဲ့ နေရာမှာ သွားထားပြီးမှာ ပြန်လာပါတဲ့။ ဒါကြောင့် အဲဒီနားက ဆိုင်တွေမှာ အပ်မယ်ဆိုတော့လည်း အဲဒီနားလေး တစ်လျှောက်က ဆိုင်တွေ အကုန်ပိတ်ပါတယ်။ ဒါကြောင့် မ၀င်ပဲ ပြန်လာရတော့ မလိုဖြစ်နေပါတယ်။ အဲဒီအချိန်မှာ ကံအားလျှော်စွာ အသိတစ်ယောက်ရဲ့ ကားဖြတ်သွားတာ တွေ့လိုက်လို့ သူ့ကားပေါ်ကို ပစ္စည်းတွေ အားလုံး တင်ပေးလိုက်ပါတယ်။

ကျွန်တော်တို့ စစ်ဆေးရေး ဂိတ်ရှေ့ကို တစ်ခါပြန်ရောက်တော့ တန်းစီပြီး တစ်ယောက်ပြီး တစ်ယောက် အ၀တ်ကာထားတဲ့ အထဲကို ၀င်ပြီး အစစ်ဆေးခံရပါတယ်။ အစစ်ဆေးခံ ဂိတ်ကို ကျော်တော့ ချက်ခြင်းသွားလို့ မရသေးပါဘူး။ မိန်းလေး ဆိုရင် မိန်းကလေး ဆယ်ယောက် ပြည့်အောင် စောင့်ရပါတယ်။ ယောကျာင်္းလေး ဆိုလည်း ယောကျာင်္းလေး ဆယ်ယောက် ပြည့်အောင် စောင့်ရပါတယ်။ အဲလို ဆယ်ယောက်ပြည့် ပြီဆိုမှ ဆယ်ယောက် တစ်သုတ်စီ လွတ်ပေးပါတယ်။

အာဇာနည်ကုန်း ၀င်ပေါက်ရောက်တော့ စစ်ဆေးရေး ဂိတ်တစ်ခုကို ထပ်တွေ့ရပါတယ်။ ကျွန်တော်တို့ ၀င်ပေါက်ထဲကို တန်းဝင်လို့ မရသေးပါဘူး။ ကျွန်တော်တို့ အရှေ့ကရောက်နှင့် နေပြီးသားလူတွေ ၀င်ပေါက်ဂိတ်မှာ စစ်ဆေးပြီးအောင် အပြင်ကနေ ရပ်စောင့်နေရပါတယ်။ ကျွန်တော်တို့ အရှေ့ကအဖွဲ့ တွေကို စစ်ဆေးလို့ ပြီးပြီဆိုမှ ကျွန်တော်တို့ အဖွဲ့ကို ထပ်သွင်းပါတယ်။ အဲဒီဂိတ်မှာကတော့ အသေးစိတ် ထပ်စစ်ပြီး နာမည် မှတ်ပုံတင်နံပါတ်နဲ့ နေရပ်လိပ်စာတွေ ပေးရပါတယ်။

ကျွန်တော်တို့ ဆယ်ယောက် အသုတ်မှာ ကျွန်တော်ရှေ့ဆုံးက ၀င်တာမို့ အရင်ဆုံး စစ်ဆေးခံ ပြီးပေမယ့် အာဇာနည်ဂူဗိမာန်ကို တခါတည်း တန်းသွားလို့ မရသေးပါဘူး။ ကျွန်တော်တို့ အသုတ်ထဲက လူတွေ အားလုံး စစ်ဆေးခံ ပြီအောင် စောင့်ရပါတယ်။ ဒါပေမယ့် သံဃာတော်တွေကို ဦးစားပေး စစ်ဆေးပေးတာကို တွေ့ပါတယ်။

အာဇာနည်ကုန်းတွင်းမှာ သစ်ပင်တွေ အမျိုးစားစုံ ပေါများပြီး အုံ့အုံ့ဆိုင်းဆိုင်းနဲ့ တွေ့ရပါတယ်။ ကျွန်တော်တို့ ကွန်ကရစ်လျှောက် လမ်းလေး အတိုင်း လျှောက်လာပြီး လှေကားထစ် ငါးထစ်လောက်ပါတဲ့ ပထမ လှေကားဆင့်ကို ကျော်ပြီးတော့ အာဇာနည် ဗိမာန်ကြီးကို ထင်ထင်ရှားရှား တွေ့ရပါတယ်။ အဲလို လေးကားထစ် ငါးခုလောက် ပါတဲ့ လှေကားဆင့် သုံးခုကို ကျော်ပြီး ချိန်မှာတော့ အာဇာနည် ဂူဗိမာန် အရှေ့ကို ရောက်သွားပါတယ်။

ဂူဗိမာန် အရှေ့မှာ အဖွဲ့အစည်း အသီးသီးနဲ့ အာဇာနည် မိသားစု ၀င်တွေ ချထားတဲ့ လွမ်သူ့ ပန်းခွေတွေကို အစီအရီ တွေ့ရပါတယ်။ အာဇာနည် ဂူဗိမာန်ကြီးဟာ ထုထည်ကြီးမားပြီး ခန့်ညှားတဲ့ ဗိသုကာ လက်ရာတစ်ခု ဆိုတာကို တွေ့မြင်ရပါတယ်။ ဂူဗိမာန်မှာ ကျဆုံးသွားတဲ့ အာဇာနည်တွေရဲ့ အမည်တွေကို သူ့နေရာအလိုက် ရေးထိုးတာ တွေ့ရပါတယ်။

ခဏလောက်နေတော့ ကျွန်တော့်တို့ ဆယ်ယောက် အုပ်စုကို တန်းစီပေးဖို့ မိုက်နဲ့ ကြေငြာပါတယ်။ အဲဒီနောက်မှာတော့ ဗိုလ်ချုပ်အောင်ဆန်း နှင့် တကွ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများကို အလေးပြုရန် အားလုံးသတိ ဆိုတဲ့ အသံ ထွက်လာပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ စတိတ် ကျောင်းသား ဘ၀က အလေးပြု ခဲ့ရတာကို ပြန်ပြီး အမှတ်ရပါတယ်။ နောက်တော့ ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်းကို အလေးပြု ဆိုတဲ့ အသံ ထွက်လာတော့ ကျွန်တော့ တစ်ညီတညာတည်း အလေးပြုလိုက်ကြပါတယ်။ နောက်တော့ သက်သာ ဆိုတဲ့ အသံ ထွက်လာပါတယ်။ အဲဒါနဲ့ တစ်ဆက်တည်းမှာပဲ နောက်လာမဲ့ ပြည်သူတွေ လာရောက် ဂါရ၀ ပြုဦးမှာ ဖြစ်တဲ့ အတွက်ကြောင့် တစ်ဖက် အပေါက်မှ ပြန်လည်ထွက်ခွာ ပေးဖို့ ကြေငြာ ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ရွှေတိံဂုံ မြောက်မုဒ် နားလေးက အပေါက်ကနေ ပြန်ထွက်ခဲ့ရပါတယ်။

ကျွန်တော်တို့လည်း အပြင်ရောက်ရော မိုးက သည်းကြီးမဲ ကြီး ရွာချပါတော့တယ်။

Read More...

Thursday, July 19, 2007

လူချင်းစာ နှလုံးသား

ဘတ်စ်ကား ပေါ်တွင်ဖြစ်သည်။ ခပ်နွမ်းနွမ်း ၀တ်စားထားသော အသက် ၁၅၊ ၁၆ အရွယ် ကောင်လေး တစ်ယောက် နှင့် သန့်သန့်ပြန့်ပြန့် ၀တ်ဆင်ထားသော မိန်းမကြီး တစ်ယောက် နှစ်ယောက် ထိုင်ခုံကို အတူတူ ထိုင်ရင်း လိုက်လာ ကြသည်။ ကောင်လေးသည် ပြူတင်းပေါက် ဖက်တွင် ထိုင်ပြီး မိန်းမကြီးသည် အတွင်းဘက်တွင် ထိုင်သည်။ ထိုအချိန်တွင် ကျွန်တော်သည် ထိုနေရာနှင့် မနီးဝေးတွင် မတ်တပ်ရပ်စီးပြီး လိုက်ပါလာသည်။

ကျွန်တော် အကဲခတ်လို့ ရလောက် ကောင်လေးသည် ဂျစ်ပစီလေး တစ်ယောက် ဖြစ်နိုင်ပြီး တကိုယ်လုံး ပေပွနေသည်။ အ၀တ်စားများ မှာလည်း မလျှော်ပဲ ၀တ်ထားသည်မှာ အတော်ကြာနေ ပုံပေါ်သည်။ သူ့ပုံကို ကြည့်ရတာ ရေမချိုး ဖြစ်တာ အနည်းဆုံး သုံရက်ခန့် ရှိမည် ထင်ပါသည်။ မိန်းမကြီးသည် မတတ်သာ၍သာ ထိုခုံတွင် ထိုင်နေ ရသော်လည်း ထိုကောင်လေးနှင့် အတူတူ ထိုင်နေရသည် မှာ ငရဲကျနေသည့် အလား ခံစား နေပုံ ပေါ်သည်။ မိန်းမကြီး မျက်နှာမှာ ရှုံ့မဲ့နေသည်။ ကောင်လေးသည် ပြူတင်းပေါက် ဘောင်ကို မှီအိပ်ရင်း လိုက်ပါလာသည်။

* * *

ထိုစဉ်က ကျွန်တော် တောင်တက် အသင်းနှင့် ထရိန်နီ ဆင်းစဉ်က ဖြစ်သည်။ ထရိန်နီမှာ ထွေထွေ ထူးထူးတော့ မဟုတ်ပါ။ စနေ တနင်္ဂနွေ နေ့များတွင် နံနက် စောစော ထ၍ လမ်းလျှောက် ရခြင်းဖြစ်သည်။ ထိုသို့ နံနက် စောစော စီးစီးတွင် ရန်ကုန်မြို့ လမ်းများပေါ်၌ ကျန်းမာ ရေးအတွက် အပြေးလေ့ကျင့် သူများနှင့် စည်ကားလျှက်ရှိသည်။

တစ်ခုသော ရက်တွင် ထရိန်နီ ဆင်းရန်အသွား၊ လုံချည် ၀တ်ထားသော ကောင်မလေး တစ်ယောက် လက်ထဲတွင် ထီးတစ်ချောင်း နှင့် ကျန်လက် တစ်ဖက်တွင် ရေဘူးတစ်ဘူး ကိုကိုင် ညှပ်ဖိနပ်ကို စီးပြီး လမ်းမပေါ်တွင် မသက်မသာ ပြေးနေသည်ကို တွေ့လိုက်သည်။ ကောင်မလေး၏ အရှေ့ ဆယ်ပေခန့် အကွာတွင် သက်လတ်ပိုင်း အရွယ် အမျိုးသမီး တစ်ဦးသည် ဝေါကီးရှုး အားကစား ၀တ်စုံနှင့် ဟန်ချက်ညီညီ ကြွားကြွားလှလှ ပြေးနေသည်ကို တွေ့ရသည်။ ကျွန်တော် သေချာ ကြည့်လိုက်တော့ စောစောက ကောင်မလေးသည် ဟန်ချက်ညီညီ နှင့် ပြေးနေသော သက်လတ် ပိုင်းအမျိုးသမီး နောက်သို့ ပြေးလိုက်နေခြင်း ဖြစ်သည်။

ကျွန်တော် သဘောပေါက်လိုက်သည်။ ကောင်မလေးသည် အမျိုးသမီး၏ အိမ်ဖော် ဖြစ်ဟန်တူပြီး အိမ်ရှင် အပြေးလေ့ကျင့် သည့်နောက်မှ အဖော်အဖြစ် ပြေးလိုက်ပေး နေရခြင်းဖြစ်သည်။ လက်ထဲတွင် ထီးကိုင် ထားရခြင်းမှာ ထိုကာလသည် မိုးတွင်းကာ ဖြစ်သောကြောင့် မိုးရွာလျှင် အိပ်ရှင် ဆောင်းဖို့ ဖြစ်ဟန်တူသည်။ ရေဘူးသည်လည်း အိမ်ရှင် ပြေး၍ မောသော အချိန်တွင် သောက်ရန် အတွက် ဖြစ်ဟန်တူသည်။


* * *

စူပါဝမ်းအနီး သံလမ်း ခုံးကျော်တံတားကို ဘတ်စ်ကား တက်ချိန်တွင် အရှိန်ကြောင့် ကားဆောင့် သွားသည်။ ထိုအခါ ပြူတင်းပေါက် ဘောင်ကို မှီပြီး အိပ်နေသော ဂျစ်စီ ကောင်လေး နိုးသွားသည်။ သူနိုးတာ့ နေရာက ထ လာလပြီး ကလေးငယ် တစ်ဦးကို ပွေ့ချီကာ မှတ်တတ်ရပ် လိုက်စီးလာသော အမျိုးသမီး အတွက် သူ့နေရာကို ပေးလိုက်သည်။

အမှန်တော့ ကလေးနှင့် အမျိုးသမီးသည် တာမွေ ဈေးမှတ် တိုင်ကတည်းက တက်လာခြင်း ဖြစ်ပြီး ကားပေါ်တွင် ကလေးကို ပွေ့ချီကာ မှတ်တပ်ရပ်လျှက် စီးလာရ ခြင်းဖြစ်သည်။ ထိုသို့ ကလေးပွေ့နှင့် မတ်တပ်ရပ် နေသော အမျိုးသမီးကို ထိုင်ခုံမှာ တစ်ဦးတည်း လွပ်စွာ ထိုင်စီးနေသူများက မမြင်ချင်ဟန် ပြုနေကြခြင်း ဖြစ်သည်။

* * *

အိမ်ဖော် ဖြစ်ခြင်းကြောင့် အိမ်ရှင် အတွက် အလုပ် လိုက်လုပ် ပေးရခြင်းသည် မဆန်းပါ။ သို့ရာတွင် အားကစား ဖိနပ် ဘောင်ဘီဖြင့် သက်သောင့် သက်သာ ပြေးနေသော မိမိ ကိုယ်တိုင်ပင်လျှင် မောဟိုက် ပင်ပန်းနေလျှင် လုံချည် ညှပ်ဖိန်ပ်နှင့် လက်နှစ်ဖက်တွင် ထီးနှင့်ရေးဘူးကို ကိုင်ပြီး ပြေးနေရသော မိန်းကလေးသည် မည်သို့ ရှိမည်နည်း။

ဘတ်စ်ကားသည် ကြပ်လွန်းသောကြောင့် လူတိုင်းထိုင်စီး လိုကြသည်။ ထိုလူ ကြတ်ကြတ်တွင် မှတ်တပ်ရပ် စီးရသည်မှာ လွန်စွာ ပင်ပန်း လှသည်။ မိမိ တစ်ယောက်တည်း အကောင်းပ ကတိအတိုင်း မှတ်တပ်ရပ် စီးရသည်မှာ အလွန် ပင်ပန်းလျှင် ကလေးပွေ့ ထားသူများ ကိုယ်ဝန် ဆောင်များနှင့် ခြေလက်အင်္ဂါ ချို့တဲ့သူများမှာ မည်သို့ ရှိမည်နည်း။

* * *

လူတိုင်းတွင် နှလုံးသား ရှိကြပါသည်။ ထိုနှလုံးသားတိုင်း ချစ်တတ်သည် မုန်းတတ်သည်။ သို့သော် နှလုံးသား တိုင်းသည် လူခြင်း မစာနာတတ်ကြပါ။
တကယ်တော့ လူခြင်းစား နှလုံးသား ဆိုသည်မှာ ဆင်းရဲခြင်း ချမ်းသာခြင်း ပညာတတ်ခြင်း ပညာမဲ့ခြင်းနှင့် သက်ဆိုင်ခြင်းမရှိပါ။ လူတစ်ဦး တစ်ယောက်၏ ရင်ဘတ်ထဲတွင် ထားရှိသော နှလုံးသား တစ်ခုနှင့်သာ သက်ဆိုင်ပါသည်။




* * *

Read More...

Wednesday, July 18, 2007

အာဇာနည်များ အကြောင်း

အာဇာနည်နေ့မှာ ကျဆုံးခဲ့တဲ့ ခေါင်းဆောင်ကြီးတွေရဲ့ ရာထူးနဲ့ ဌာတွေကို ကျွန်တော်သိသလောက် ဖော်ပြလိုက်ပါတယ်။

ဗိုလ်ချုပ်
၁၉၁၅ - ၁၉၄၇

၁၉၁၅ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ (၁၂ရ၆ခု၊ တပေါင်းလဆန်း ၁ ရက်) စနေ့နေ့တွင် ဖွားမြင်ခဲ့ပါတယ်။ ဗိုလ်ချုပ် အကြောင်းကတော့ တော်တော်များ သိကြပြီး ဖြစ်တာကြောင့် ထူးထူးထွေထွေ မတင်ပြတော့ပါဘူး။



သခင်မြ
၁၉၈၇ - ၁၉၄၇

သခင်မြသည် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ၀န်ကြီးအဖွဲ့တွင် ပြည်ထဲရေး ၀န်ကြီးအဖြစ် တာဝန် ထမ်းဆောင်သည်။ ၁၈၉၇ ခု၊ အောက်တိုဘာလ ၇ ရက်၊ ကြသာပတေးနေ့ ည ၇ နာရီအချိန်တွင် ပြည်ခရိုင်၊ ထုံးဘိုမြို့၌ ဖွားမြင်သည်။ အဘ ဦဘိုးချွန်၊ အမိမှာ ဒေါ်သက်လယ်ဖြစ်သည်။ ငယ်မည်မှာ မောင်မြရွှေဖြစ်သည်။
၁၉၃၆ တွင် သခင်တစ်ယောက် ဖြစ်လာသည်။ စစ်အတွင်းတွင် အစိုးရအဖွဲ့ဝင် ၀န်ကြီး အဖြစ်လည်းကောင်း ဒုတိယ၀န်ကြီးချုပ် အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။


ဦးဘချို
၁၈၉၃ - ၁၉၄၇

ဦးဘချိုသည် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ၀န်ကြီးအဖွဲ့တွင် ပြန်ကြားရေး ၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်သည်။ ဦဘချိုသည် မြောင်းမြမြို့ ဆေးဆရာကြီး ဦးဘိုစော ဒေါ်စောမြစ်တို့မှ ၁၈၉၃ခု ဧပြီလ ၂၃ ရက်နေ့တွင် ဖွာမြင်သည်။
ဦဘချိုသည် ဒီဒုတ်ဂျာနယ်ကို ၁၉၅၂ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ ထိုဂျာနယ်ဖြင့်တွဲကာ ဦးဘချိုကို ဒီးဒုတ်ဦးဘချိုဟု အများက သိခဲ့ကြသည်။
သူ၏ ဒီးဒုတ်ဂျာနယ်သည် အမျိုးသား လွပ်လပ်ရေးတိုက်ပွဲ၊ အမျိုးသား ပညာရေး၊ အမျိုးသာ ယဉ်ကျေးမှု ထိန်းသိမ်းရေး တို့အတွက် ရှေ့တန်း အောင်လံဂျာနယ် တစ်စောင်ဟု သိခဲ့ကြသည်။
၁၉၂၇ ဇူလိုင်လ ၁၉ ရက်နေ့ နံနက် တွင် ခေါင်းဆောင်ကြီးများ နှင့်အတူ လုပ်ကြံခံခဲ့ ရပြီး မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် ကွယ်လွန်ခဲ့သည်။


ဦးရာဇတ်
၁၈၉၈ - ၁၉၄၇

ဦးရာဇတ်သည် ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သော အစိုးရအဖွဲ့တွင် ပညာရေးနှင့် အမျိုးသား စီမံကိန်းဌာန ၀န်ကြီး အဖြစ်ပါဝင်ခဲ့သည်။ မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥဒေရေးဆွဲရေး ကော်မတီဝင် တစ်ဦးလည်းဖြစ်သည်။
ဦးရာဇတ်ကို မတ္ထီလာမြို့ အငြိမ်းစားတိုက်ပိုင် အင်စပက်တော် မစ္စတာ အေရာမန်နှင့် ဒေါ်ငြိမ်းလှတို့က ၁၈၉၈ခု ဇန်န၀ါရီလ ၂၀ ရက်တွင် ဖွားမြင်သည်။
စစ်အတွင်းက ပိတ်ထားခဲ့သော အမျိုးသား ကျောင်းကြီးကို ၁၉၄၅ ခုနှစ်တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။


ဦးဘ၀င်း
၁၉၀၁ - ၁၉၄၇

ဦးဘ၀င်းသည် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော အစိုးရ အဖွဲ့တွင် ထောက်ပံ့ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန ၀န်ကြီးဖြစ်သည်။
နတ်မောက်မြို့တွင် အဖ ရှေ့နေဦးပါ ဒေါ်စုတို့မှ ၁၉၀၁ခု ဇွန်လ ၁၁ ရက်နေ့တွင် ဖွားမြင်ခဲ့သည်။ ဗိုလ်ချုပ် အောင်ဆန်း၏ အစ်ကို အကြီးဆုံး ဖြစ်သည်။ ၁၉၄၇ ခုနှစ်တွင် ထောက်ပံရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဌာန ၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ် တိုင်းပြု ပြည်ပြု လွှတ်တော် ဖွဲ့စည်ပုံအခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီတွင် လည်းပါဝင်ခဲ့သည်။


မန်းဘခိုင်
၁၉၀၃ - ၁၉၄၇

မန်းဘခိုင်သည် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော အစိုးရ အဖွဲ့တွင် စက်မှုလက်မှုနှင့် အလုပ်သမား ၀န်ကြီးဌာန ၀န်ကြီးအဖြစ် တာဝန်ယူခဲ့သည်။ ထို့အပြင် မန်းဘခိုင်သည် ကရင်နီ ခေါင်းဆောင်လည်း ဖြစ်သည်။
မန်းဘခိုင်ကို ဟင်္သာတခရိုင် ယုန်တလင်းရွာ တွင် ယုန်သလင်းရွာသူကြီး မန်းပေကုန်းနှင့် ဒေါ်ပုတို့က ၁၉၀၃ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ဖွားမြင်သည်။
၁၉၃၇ တွင် ပုသိမ်မြောက်ပိုင်းမှ အမတ်အဖြစ် အရွေးခံရသည်။ ဂျပန်တော်လှန်သည့် အချိန်တွင် ရွပ်ရွပ်ချွံချွံ ဆောင်ရွက်ခဲ့သည်။ ကရင် ဗမာ ချစ်ကြည်ရေးကို အထူးကြိုးပမ်းတည် ဆောက်ခဲ့သည်။


မိုင်းပွန်စော်ဘွားစ၀်စံထွန်း
၁၉၀၇ - ၁၉၄၅

မိုင်းပွန်စောဘွားစ၀်စံထွန်းသည် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော အစိုးရ အဖွဲ့တွင် အတိုင်ပင်ခံ တောင်တန်းဒေသ ၀န်ကြီး အဖြစ် တာဝန်ထမ်းဆောင်သည်။
မိုင်းပွန်စေားကြီး စ၀်ခွန်ထီးနှင့် မြောက်နန်းဆောင် မဟာဒေ၀ီ နန်းစိန်ဥတို့မှ ၁၉၀၇ ခု၊ မေလ ၃၁ ရက် သောကြာနေ့တွင် ဖွားမြင်သည်။
တိုင်းပြုပြည်ပြု လွှတ်တော်တွင် ပြည်ထောင်စုနှင့် ပြည်နယ်များဆိုင်ရာ ဆပ်ကော်မတီ လူနည်းစု ဆိုင်ရာ ဆပ်ကော်မတီ နှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေရေးဆွဲရေး ကော်မတီတို့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲသည်။


ဦးအုန်းမောင်
၁၉၁၃ - ၁၉၄၇

ဦးအုန်းမောင်သည် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော အစိုးရ အဖွဲ့တွင် လမ်းပန်းဆက်သွယ်ရေး အတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ရသည်။
မင်းဘူးမြို့ မစ္စတာ XW.တရပ်(တ်) ၀န်း ဒေါ်ရွှေမြင့်တို့မှ ၁၉၁၃ခု ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဖွားမြင်သည်။


ရဲဘော်ကိုထွေး
၁၉၂၉ - ၁၉၄၇

ရဲဘော်ကိုထွေးသည် ပညာရေးဝန်ကြီး ဦးရာဇတ်၏ သက်တော်စောင့်ဖြစ်သည်။
မန္တလေးမြို့ တောင်ပြင် သိပ္ပံရပ် ပင်စင်စား လယ်ယာစိုက်ပျိုးရေး ၀န်ထောက် ဦးကိုကိုလေး ဒေါ်မင်းရီတို့၏ ဆဌမမြောက် သားဖြစ်သည်။ န၀မတန်းအထိ ပညာသင်ကြားခဲ့ဘူးပြီး ကွယ်လွန်ချိန်တွင် အသက် ၁၈ နှစ်သာရှိသေးသည်


အထက်ပါ အကြောင်းအရများကို ၃၅ နှစ်မြောက် အာဇာနည်နေ့ အထိမ်းမှတ် စာအုပ်မှ ကူးယူဖော်ပြခြင်းဖြစ်သည်။ ယင်းစာအုပ်ကို အများဖတ်နိုင်ရန်အတွက် ကိုစစ်အိမ်မှ မအားသည့်ကြားမှာ အီဘုတ် စာအုပ် အဖြစ်ဖန်တီးပေးခဲ့သည်။ စာအုပ်ကို ဒီနေရာက ဒေါင်းလုပ်လုပ်ယူပါ

Read More...