Art is My Life: July 2009

Thursday, July 30, 2009

ဘာကြည့်တာလဲ အိုဘားမား

သတင်း ၀က်ဆိုက်တွေ အိုဘားမှာ ဘာကိုကြည့်လဲဆိုတာ ပုံတွေတွေ့ခဲ့ဖူးပါတယ်။ ကိုညီလင်းဆက်ကတော့ ဖိနပ်ကိုကြည့်တာလို့ သူ့ဘလော့ဂ်မှာ ရေးထားပါတယ်။ အခု ဗီဒီယိုဖိုင်လေး မက်တာကဖေးက ရလို့ ပြန်မျှဝေပေးလိုက်ပါတယ်။ အိုဘားမား ဘာကိုကြည့်တာလဲ


Obama and Sarkozi Admiring a Woman's Backside - Watch a funny movie here

Read More...

Wednesday, July 29, 2009

ငါပြောသလိုလုပ် ငါလုပ်သလို မလုပ်နဲ့



ကျွန်တော် ဆေးလိပ်ကို သုံးတန်းနှစ်လောက်ကတည်းက စသောက်ဖူးတယ် အကိုဝမ်းကွဲ တစ်ယောက်သင်ပေးတာလေ။ ကျွန်တော့်ကို ဆေးလိပ်သောက်သင်ပေးတဲ့ အချိန်မှာ သူက ရှစ်တန်း။ အဲဒီတုန်းက ငယ်သေးတော့ ဆေးလိပ်သောက်တယ်ဆိုတာထက် ဆေးလိပ်ဖွာတယ်လို့ ပြောရင် ပိုမှန်မယ်ထင်တယ်။ သူရှိုက်သလို ရှိုက်ကြည့်တယ် ရှိုက်လို့မရဘူး။ အဲဒီတုန်းက ကျွန်တော်တို့ ဆေးလိပ်သောက်တဲ့နေရာက အစ်ကိုဝမ်းကွဲတို့ အိမ်နောက်က မန်ကျီးပင်ကြီးပေါ့။ အုန်းပင်တစ်ပင်စာလောက်မြင့်တဲ့ မန်းကျီးပင်ကြီးရဲ့ ထိပ်ဖျားကို တက်သောက်တော့ အိမ်ကလူတွေ အမြင်နိုင်တော့ဘူးပေါ့။ ဒါပေမယ့် ဘာဖြစ်လို့လဲမသိဘူး နောက်ပိုင်းမှာ ဆက်မသောက်ဖြစ်တော့ဘူး။

ကိုးတန်းရောက်တော့ ကျွန်တော်က H ခန်းမှာနေရတယ်။ စာတော်တဲ့လူ မတော်တဲ့လူ အစရှိသဖြင့် ABCD စဉ်ပြီးထားတာဆိုတော့ H ခန်းဆိုတာ ဘိတ်ဆုံးခန်းပဲ။ ကိုးတန်းကျတဲ့ လူတွေလဲ H ခန်းမှာနေရတယ်။ ပြောမယ်ဆိုရင်တော့ ဗရုတ်အကျဆုံး ကျောင်းသားတွေ စုနေရတဲ့အခန်းပေါ့။ ကျောင်းမှာ ဆေးလိပ်သောက် ကွမ်းစားတာတော့ စကားထဲထည့်ပြောမနေနဲ့ ဆေးချတဲ့လူတွေလဲရှိတယ်။ တစ်ချို့က ဆေးကိုအမှုန့်ကြိတ်ပြီး ဆေးလိပ်ထဲ ထည့်သောက်ကြတယ်။ တစ်ခန်းလုံးမှာ ယေကျာင်္းလေးတွေထဲမှာ ဆေးလိပ်မသောက်တာ ကျွန်တော် တစ်ယောက်တည်းရယ်။ အဲဒါကြောင့် ဘာရယ်မဟုတ်ဘူး သူတို့နဲ့ လိုက်သောက်ကြည့်တယ်။ ငယ်ငယ်တုန်းက ဆေးလိပ်ဖွာခဲ့ဖူးပေမယ့် ကိုးတန်းအရွယ်မှာ ဆေးလိပ်ဖွာရတာကို ကျွန်တော်ခတွင်းမတွေ့ဘူး ပါးစပ်ထဲမှာ ဖန်တယ်။ ပြီးတော့ မီးခိုးနံ့တွေကို ကျွန်တော်မခံနိုင်ဘူး။ အဲဒီလိုနဲ့ ဆေးလိပ်ကို အခုအချိန်အထိ မသောက်ဖြစ်တော့ဘူး။

ကွမ်း ဆိုတာကတော့ ကျွန်တော့်လက်တစ်ကမ်းမှာပဲ။ အဖေက ကွမ်းအရမ်းစားတယ်။ အိမ်မှာ ကွမ်းအစ်ရှိတယ်။ ကျွန်တော်တို့ ငါးတန်းအရွယ်လောက်မှာ ကျောင်းက သူငယ်ချင်းတစ်ချို့ ကွမ်းကိုစပြီး စားကြပြီ အဲဒီအရွယ်ကတော့ အဆိမ့်ပေါ့။ ဆေးရွက်ကြီးမပါပဲ ဗလရှင် ဂုန်ခါး သံပရာ အစရှိသဖြင့် ထည့်စားကြတာပေါ့။ အဲဒီမှာ ကျွန်တော်လဲ သူတို့နဲ့ အတူလိုက်စားကြည့်တယ် ရှတတနဲ့ ကျွန်တော်သိပ်မကြိုက်ဘူး။ ဒါပေမယ့် သူငယ်ချင်းတွေက ပြောတယ် ဆက်တိုက် မစားလို့ အဲလိုဖြစ်တာတဲ့ ဆက်တိုက်စားရင် ဘာမှမဖြစ်တဲ့။ အဲဒါနဲ့ အိမ်ရောက်တော့ အဖေ့ကွမ်းအစ်ကိုယူပြီး တစ်ယာပြီးတစ်ယာ ထိုင်စားကြည့်တယ်။ လျှာတွေထုံးပေါက်ပြီး ငါးရက်လောက် ထမင်းကောင်းကောင်း မစားနိုင်အောင်ဖြစ်သွားတယ်။ အဲဒီနောက်ပိုင်း ကွမ်းဆိုရင် ပါးစပ်ထဲမထည့်တော့တာ အခုအချိန်အထိပဲ။

အရက်ဆိုတာတော့ တက္ကသိုလ်ကျောင်းသား ဖြစ်တဲ့အချိန်အထိ တစ်ခါမှ မစမ်းခဲ့ဖူးဘူး။ ဒါပေမယ့် ကျွန်တော့်မှာ အိပ်မပျော်တဲ့ ရောဂါတစ်ခုက စွဲလာတယ်။ အဲဒီအချိန်တုန်းက ၂၀၀၄ ခုနှစ်ပေါ့ ကျွန်တော် 7 Day ဂျာနယ်မှာ သတင်းထောက်လုပ်နေပြီ။ ညဘက်ရောက်ရင် အိပ်လို့မပျော် နေ့ခင်းဘက်မှာ ရုံးတက်ရ သတင်းလိုက်ရနဲ့ဆိုတော့ အဆင်မပြေဘူး။ အဲဒါကြောင့် အရက်သောက်ပြီး အိပ်ကြည့်မယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်။ အဲဒီတုန်းက Grand royal ၀ီစကီတစ်တောင့်ကို ၁၂၀၀ ပေးရတယ်။

ပထဆုံးစသောက်တဲ့နေ့က နှစ်ပက်လောက်ကို တစ်ဘရိတ်ထဲ ရေမရောပဲ သောက်လိုက်တာ ဗိုက်ထဲမှာ ပူပြီးဆင်းသွားတာကြောင့် ရေတွေသုံးလေးခွက်လောက် ဆက်သောက်ရတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီညကတော့ ရစ်ချာရစ်ချာနဲ့ အိပ်ပျော်သွားတယ်။ အဲဒါကြောင့် နောက်ညမှလဲ အဲလိုပဲ တစ်ခွက်ထပ်သောက်တယ်။ ဒါပေမယ့် ကျွန်တော်သောက်ရင်း သောက်ရင်း သတိထားမိတာက အရက်သောက်ခါနီးတိုင်းမှာ ဆေးသောက်ရမှာ ပျင်းတဲ့ လူတစ်ယောက်လိုပဲ သိပ်မသောက်ချင်ဘူး။ အဲဒါကြောင့် တစ်ချို့ညတွေဆို ခွက်ထဲထည့်ပြီးမှ မသောက်ဖြစ်လို့ သွန်ပစ်လိုကရတာတွေရှိတယ်။ အဲလိုနဲ့ ၀ီစကီသုံးလေးပုလင်းလောက် ကုန်သွားပြီးတော့ ကျွန်တော်ဆက်မ၀ယ်ဖြစ်တော့ဘူး သောက်လဲ မသောက်ချင်တော့ဘူး။

ဘီယာ။ ဘီယာကိုတော့ ကျွန်တော်ပထဆုံး လျှာပေါ်ကို တင်ဖူးတာ ဆယ်တန်းစာမေးပွဲ နောက်ဆုံးညကပေါ့။ သူငယ်ချင်းတစ်ယောက်က တိုက်ဂါးဘူးတစ်ဘူး ကျွန်တော့်ကို ပေးတယ်။ ရော့မင်းဒါသောက်တဲ့။ အဲဒါနဲ့ ကျွန်တော်လဲ ဖွင့်ပြီး မော့ကြည့်လိုက်တယ်။ ပါးစပ်ထဲမှာ ပဲကြီးလှော်တွေကို ရေစိပ်ထားသလိုပဲ ထင်ရတယ် အဲဒါနဲ့ ကျွန်တော် ပြန်ထွေးထုတ်လိုက်ပြီး မသောက်တော့ဘူးဆိုပြီး သူ့ကို ဘူးပြန်ပေးလိုက်တယ်။ အဲဒီကနေ နေလာတာ ဆယ်တန်းအောင်ပြီး ရန်ကုန်ရောက်လာတော့ အလုပ်အဆင်းမှာ မန်နေဂျာ အကိုကြီး ဦးဆောင်ပြီး ကျွန်တော်တို့ သုံးလေးယောက် ဆယ့်ကိုးလမ်းကို ချီတက်ခဲ့ကြတယ်။ ဆယ့်ကိုးလမ်းရောက်တော့ ဘီယာတွေမှာပြီး သောက်ကြတယ်။ ကျွန်တော်က မသောက်ပဲ ထိုင်ကြည့်နေတယ်။ အဲဒီမှာ ရုံးမှာ အသေးလေးလို့ ခေါ်တဲ့ စာရေးမ လူကောင်သေးသေးလေးက ဘီယာနှစ်ခွက်ကုန်သွားပြီ ကျွန်တော့်ဘီယာခွက်က မသောက်ရသေးဘူး။ အဲဒီတော့ မန်နေဂျာအကိုကြီးက ဟေ့ရောင်သောက် ဟိုမှာ အသေးလေးတောင် နှစ်ခွက်ကုန်ပြီ ဆိုတော့ မကောင်းတတ်လို့ တစ်ငုံနှစ်ငုံသောက်ပြီး ထားလိုက်တယ်။ အဲလိုနဲ့ ဆေးလိပ်မသောက် ကွမ်းမစား အရက်မသောက် ဘီယာမသောက်ပဲ ကျွန်တော်ရန်ကုန်မြို့မှာ ရှင်သန်ကျင်လည်ခဲ့တယ်။

ဒါပေမယ့် နောက်ပိုင်းမှာ ကျွန်တော် ဘာရယ်မဟုတ်ဘူး အပေါင်းသင်းတွေနဲ့တွေ့လို့၊ စာမူခတွေပိုရလို့၊ စသည်ဖြင့် ခေါင်းစဉ်တွေ အမျိုးမျိုးတပ်ပြီး ဘီယာကိုသောက်ဖြစ်လာတယ်။ ကျွန်တော်သတိထားမိတဲ့ အချိန်မှာ ကျွန်တော်ဘီယာကို ကောင်းကောင်း သောက်တတ်နေပြီ။ ဘယ်လောက်အထိ သောက်တတ် လာသလဲဆိုတော့ ကျွန်တော့်နဲ့ စပေါင်းခါစက သူငယ်ချင်းတွေတောင် မျက်လုံးပြူရလောက်တဲ့ အဆင့်ရောက်သွားတယ်။ ဒါကတော့ ကျွန်တော် ဘီယာသောက်ဖြစ်သွားတဲ့ သမိုင်းကြောင်းပေါ့ဗျာ။

ကျွန်တော် သတိထားမိတာကြာပြီ။ အခုနောက်ပိုင်း ကျွန်တော် အမြဲတမ်းလိုလို ပိုက်ဆံပြတ်နေတတ်တယ်။ တစ်ချို့ရက်တွေဆို ထမင်းစားဖို့ မပြောနဲ့ ဘတ်စကားစီဖို့ အကြွေငါးဆယ်တောင် မကျန်အောင်ပြတ်တယ်။ အဲလို ပြတ်တာ တစ်ခါလား၊ နှစ်ခါလား၊ သုံးခါလား။ အဲလို မဟုတ်ဘူး လတိုင်းဖြစ်နေတယ်။ အမြဲတမ်းလိုလိုကို ပြတ်နေတယ်။ အဲဒီတော့ ကျွန်တော် ပြန်စဉ်းစားကြည့်တယ် ငါ့ဝင်ငွေများ နည်းလို့လား....

လွန်ခဲ့ သုံးနှစ်ကျော်က ကျွန်တော့်သတင်းထောက်လစာက တစ်လကို တစ်သောင်းနဲ့နှစ်ထောင် စာမူခက တစ်ပါတ်ကို ပျမ်းမျှခြင်း ငါးထောင်လောက်ရတယ်။ ငါးထောင်က ကျွန်တော့တစ်ပတ်စာ စားစရိတ်ကို ဖူလုံတယ်။ လစာကို အသားတင်စုနိုင်ခဲ့တယ်။

အခု ကျွန်တော်ဝင်ငွေက အဲဒီတုန်းကထက်စာရင် အများကြီးမြှင့်လာတယ်။ ပြန်စဉ်းစားကြည့်တော့ မစုနိုင်ဘူးဆိုရင်ထားဦး စားစရာမရှိအောင်ကို ပိုက်ဆံပြတ်ပြတ်သွားတယ်ဆိုတော့ မဖြစ်သင့်ဘူးလို့ ထင်လာမိတယ်။ အဲဒါဘာကြောင့်လဲ။ စဉ်းစားနေဖို့ မလိုပါဘူး။ ဘီယာသောက်လို့ပေါ့။ ဘီယာသောက်ပြီဆိုတော့ တစ်ခါသောက်ရင် မကုန်ဘူးဆိုရင် ငါးထောင်ပေါ့ဗျာ။ တစ်ရက်ငါးထောင်ပဲထား တစ်လလုံးဆိုရင် တစ်သိန်းခွဲဖြစ်နေပြီ။

ပြီးခဲ့တဲ့ သုံးလလောက်ကစပြီး ညီအရင်းကို ရန်ကုန်မှာ ကျွန်တော်ခေါ်ထားခဲ့တယ်။ သူကလဲ အနုပညာကို ၀ါသနာပါတယ်။ နယ်ကနေ ရေးပို့တဲ့ သူ့ကဗျာတစ်ချို့လဲ မဂ္ဂင်္ဇင်းတွေမှာပါဖူးတယ်။ ကျွန်တော့်ဘလော့ဂ်မှာ တင်ထားတဲ့ စိုးမိုးသွင် ဆိုတဲ့ နာမည်နဲ့ ရေးထားတဲ့ ကဗျာတွေက သူရေးတာတွေပေါ့။ အဲဒီတော့ သူဝါသနာပါတဲ့ စာပေလိုင်းထဲကို ၀င်လို့ရအောင်ဆိုပြီး ကျွန်တော်နဲ့လာနေဆိုပြီး ရန်ကုန်ကို ခေါ်လိုက်တာပေါ့။

ရန်ကုန်က ငှားထားတဲ့ အခန်းမှာက သူနဲ့ကျွန်တော် နှစ်ယောက်တည်းနေရတာကိုး။ အဲဒီတော့ ညပိုင်းတွေ ကျွန်တော်ဘီယာသွားသွားသောက်ရင် အိမ်မှာ တစ်ယောက်တည်းကျန်ခဲ့ရမှာ ပျင်းတော့ ကျွန်တော်နဲ့ လိုက်လိုက်လာတယ်။ လိုက်လာရင်းနဲ့ ကျွန်တော်နဲ့ အတူ လိုက်သောက်တယ်။ သူပထဆုံး ကျွန်တော်နဲ့ လိုက်လာတဲ့နေ့က တစ်ခွက်ကုန်သွားတော့ မင်းယူမှာဆိုတော့ တော်ပြီတဲ့။ သူခေါင်းခါပြတယ်။ နောက်တော့ အဲလိုနဲ့ ကြာလာတော့ နှစ်ခွက် နှစ်ခွက်ကနေ သူသုံးခွက်အထိ သောက်လာနိုင်တယ်။

ဟိုတစ်လောက်က ဘီယာဆိုင်ထိုင်တော့ သူလဲ ထုံးစံအတိုင်းလိုက်လာတယ်။ ကျွန်တော်က ဘီယာကို တစ်ခွက်ပဲမှာလိုက်တယ် သူ့အတွက်မမှာတော့ သူနဲနဲတော့ ငုတ်သွားတယ်။ ဘာဖြစ်လို့လဲတဲ့ ကျွန်တော့်ကိုမေးတယ်။ မင့်ကိုမသောက်စေချင်လို့ ပေါ့ကွလို့ပြောလိုက်တယ်။ နောက်နေ့က စပြီး ကျွန်တော်အပြင်ထွက်ပြီး ဘီယာသွားသောက်ရင်လဲ သူ့ကို အိမ်မှာပဲထားခဲ့တယ် ဘီယာဆိုင်ကို ခေါ်မသွားတော့ဘူး။

အဲဒီတော့သူက ဘာမှတော့ မပြောပါဘူး။ ဘီယာသောက်ပြီး ပြန်လာရင် သူကျွန်တော့်ကို ကြည့်တဲ့ အကြည့်က “မင်းက ငါပြောသလိုလုပ် ငါလုပ်သလို မလုပ်နဲ့ ဆိုတဲ့လူစားမျိုးပဲလို့” ပြောနေသလိုပဲ။

လူတော်တော်များများက ပီမိုးနင်းကို သဘောကျကြတယ်။ သူ့စာတွေကို ဖတ်ကြတယ်။ ကျွန်တော်လဲ ဖတ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အထုပ္ပတ္တိကို သောချာသိလာတဲ့အခါမှာ ကျွန်တော်သူ့စာတွေ သိပ်မဖတ်ဖြစ်တော့ဘူး။ ဒီလူက ငါပြောသလိုလုပ် ငါလုပ်သလို မလုပ်နဲ့ဆိုတဲ့ လူစားမျိုးပဲလို့ ကျွန်တော်မှတ် ချက်ချခဲ့ဖူးတယ်။ သူကိုယ်တိုင်ကလဲ ပြောခဲ့ပါတယ် ငါပြောသလိုလုပ် ငါလုပ်သလို မလုပ်နဲ့တဲ့။ ဒါပေမယ့် အဲဒီတုန်းက ကျွန်တော်သူ့စကားကိုကြီးကို ဘ၀င်မကျဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြောဆိုဆုံးမတဲ့လူကလည်း စံပြဖြစ်နေရမယ်လို့ ထင်တယ်။ ကိုယ်ကိုယ်တိုင်က မလိုက်နိုင်တဲ့အရာတွေကို လူကိုလိုက်နာဖို့ ဘာလို့ တိုက်တွန်းနေပါလိမ့်လို့ ကျွန်တော်တွေးနေခဲ့မိတယ်။

ပီမိုးနင်းက ကိုယ်မလိုက်နာနိုင်တဲ့ အရာတွေကို ဘာဖြစ်လို့ အခြားလူတွေကို လိုက်နာပါဆိုပြီး စာအုပ်တွေထဲမှာ ဘာဖြစ်လို့ ရေးထားခဲ့လဲဆိုတာ အဲဒီညမှ ကျွန်တော်ကောင်းကောင်း သဘောပေါက်သွားခဲ့တယ်။

Read More...

မြွေပွေးသားပေါက် ၃

ခြောက်လက္မသာရှည်တဲ့ လျှာတစ်ချောင်းက ခြောက်ပေရှည်တဲ့ လူတစ်ယောက်ရဲ့ အသက်ကို သေစေနိုင်တယ်။ (ဂျပန်စကားပုံ)

အဲဒီလျှာတစ်ချောင်းကြောင့် နားလည်မှုတွေလွှဲပြီး သူငယ်ချင်းတွေ ဆုံးရှုံးသွားခဲ့ရဖူးတယ်။ တစ်ခါတစ်လေတော့လဲ အဲဒီလျှာကို ဖြတ်ပစ်ချင်လောက်အောင် ကိုယ့်စကားကိုယ် နောင်တရခဲ့ဖူးတယ်။ တစ်ခါတစ်လေမှာ ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် လူတွေ ပျော်ရွှင်သွားခဲ့တာ တွေ့ဖူးပါတယ်။ ဒါပေမယ့် စကားကြောင့် ကောင်းကြိုးရလဒ်တွေရတဲ့အခါမှာ လျှာကြောင့်လို့ မတွေးမိပဲ စကားကြောင့် အမှားတွေရတဲ့အခါကျမှ ဘာဖြစ်လို့ လူတွေက လျှာကို အပြစ်ပုံချချင်ရတာလဲ။

အင်းလေ လျှာဆိုတာ ကားမဟုတ်တော့လည်း စိတ်ရဲ့ အနှိပ်အမြှင့် အတက်အကျတွေမှာ ဘယ်လိုလုပ်ပြီး ဘရိတ်အုပ်နိုင်မှာလဲ။

Read More...

Tuesday, July 28, 2009

နီဗီရာကတော့ မသုံးရဲအောင်စွမ်းပါပေတယ်


Smooth!!! - The most amazing videos are a click away

Read More...

Monday, July 27, 2009

မြွေပွေးသားပေါက် ၂

အချစ်ဆိုတာ လက်ကိုင်ဖုန်း တစ်လုံးလိုပဲ။ မရှိမဖြစ်လားတော့ မဟုတ်ပြန်ဘူး။ ရှိရင်တော့ကောင်းတယ် အသုံးတည့်တယ်။ ဒါပေမယ့် တစ်ခါလေမှာ လက်ကိုင်ဖုန်းဆိုတာ အသုံးတဲ့တာနဲ့ မတန်အောင် တဂျီဂျီနဲ့ နားငြီးစရာကောင်းတယ်။ ဒါပေမယ့် လူတစ်ချို့က လက်ကိုင်ဖုန်းဆိုတာ မရှိမဖြစ်လိုအပ်တဲ့အရာလို့ မြင်နေကြပြန်တယ်။

(စိုးဇေယျထွန်း)

Read More...

မြွေပွေးသားပေါက် ၁

သံယောဇဉ်ဆိုတာ သန်းဥတွေလိုပဲ၊ ပွားတာမြန်တယ်။ အချစ်ဆိုတာတော့ သန်းပေါ့၊ လူကို ယားယံစေတယ်။
သံယောဇဉ်ဆိုတဲ့ သန်းဥကနေ အချစ်ဆိုတဲ့ သန်းကောင်တွေ ပေါက်တယ်။ အချစ်ဆိုတဲ့ သန်းကောင်တွေက သံယောဇဉ်ဆိုတဲ့ ဥတွေကို ထပ်ထပ်ပြီးဥချတယ်။ ဥလိုက် ပေါက်လိုက် ယားလိုက် ကုတ်လိုက်၊ အဲဒီလိုနဲ့ လုံးချာပတ်ချာလိုက်ပြီး လူကို ဘေးဥပါဒ် ဖြစ်စေတယ်။

(စိုးဇေယျထွန်း)

Read More...

Saturday, July 25, 2009

လွမ်းကဗျာ

နင်မရှိတဲ့မိုးရာသီဟာ
ငါ့ရင်ဘတ်ပေါ်ကို အလွမ်းတွေတ၀ုန်းဝုန်းရွာချတယ်

အလွမ်းတွေရွာချလို့
တိုးလျှိုပေါက်သွားတဲ့ နှလုံးသားကို
အလွမ်းကဗျာတွေနဲ့ ဖာထေးလို့မရနိုင်တော့ဘူးဆိုတာ
သိလိုက်ရချိန်မှာတော့
နင်က ဟိုးအဝေးမှာ ......

တကယ်တော့
အလွမ်းကဗျာဆိုတာ အတောင်ပံမပါတော့လည်း
နင့်ဆီရောက်အောင်တော့ ဘယ်ပျံနိုင်မှာလဲလေ


အလွမ်းကဗျာတွေ မပျံနိုင်ပေမယ့်
နင်ပြန်လာတဲ့တစ်နေ့မှာ ဒီကဗျာတွေ့ရင်
ငါဘယ်လောက်လွမ်းခဲ့ဆိုတာ
နင်သိမှာပါ

စိုးဇေယျထွန်း

Read More...

Saturday, July 18, 2009

ပိုင်ဆိုင်မှုတွေဆုံးရှုံးခြင်း

ပိုင်ဆိုင်ခွင့်မရခြင်းကြောင့် ခံစားရတာထက် ပိုင်ဆိုင်ပြီးမှ ဆုံးရှုံးသွားတဲ့အခါမှာ ပိုပြီးခံစားရတယ် ..........


ဒီလိုရယ်ပါ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ ကျွန်တော် ၂၀၀၉ ဧပြီလလောက်အထိ ရိုက်ခဲ့သမျှ ပုံတွေကို သိမ်းထားတဲ့ စီဒီအယ်ဘမ်လေး ပျောက်သွားတယ်။ ဒါရောဆိုရင် ကျွန်တော်ဒေတာတွေ ဆုံးရှုံးဖူးသွားတာ နှစ်ကြိမ်ရှိသွားပါပြီ။ ပထဆုံး အကြိမ်တုန်းကတော့ သူငယ်ချင်းတစ်ယောက်ရဲ့ ကွန်ပျူတာထဲမှာ သိမ်းထားတာပါ။ သူ့ကွန်ပျူတာကို အိမ်ပြန်ယူသွားပါတယ်။ သူ့အိမ်က လာယူတဲ့အချိန်မှာ ဒေတာတွေယူနေရင် စောင့်နေရမှာ စိုးတာကြောင့် ဒီတိုင်းပေးလိုက်ပါတယ် နောက်နေ့မှ လာယူမယ်ပေါ့။ ဒါပေမယ့် ကျွန်တော်လည်းတော်တော်နဲ့ သွားမယူဖြစ်ဘူး။ သုံးလလောက်ကြာမှ သွားယူတော့ အဲဒီကွန်ပျူတာကို ဆိုင်ဘာကဖေးထဲမှာ ထည့်ထားတယ်တဲ့။ ဘယ်အလုံးလဲဆိုတော့ မမှတ်မိတော့ဘူး။ အဲဒါကြောင့် ဆိုင်ဘာကဖေးထဲမှာရှိတဲ့ ကွန်ပျူတာ ဆယ့်ငါးလုံးလောက်မှာ တစ်လုံးပြီးတစ်လုံး လိုက်ရှာကြည့်တယ် ဘယ်အလုံးမှာမှ မရှိတော့ဘူး။ Recovery လုပ်ဖို့ကျတော့လည်း ဘယ်အလုံးမှန်းမသိတော့ ခက်ပြန်တယ်။ ဒါနဲ့ပဲ အဲဒီဒေတာလေးတွေ ပလုံးသွားတယ်။ အဲဒီပလုံသွားတဲ့ထဲမှာ ရေးလက်စ တစ်ဝက်တစ်ပျက် ၀တ္တုလေးတွေ ဓာတ်ပုံတွေပါသွားပါတယ်။ အဲဒီအထဲမှာ နှမျှောဆုံးကတော့ ပလောင်ရွာမှာရိုက်ခဲ့တဲ့ ပုံလေးတွေပါ။

အခုတစ်ကြိမ်ကတော့ .....
ကွန်ပျူတာထဲမှာ ပုံတွေထည့်ပြီဆိုတာနဲ့ DVD ဘန်းထားလိုက်ပါတယ်။ ဒီတစ်ခါတော့ စနစ်ကျအောင်ဆိုပြီ စီဒီချပ်မှာ နံပါတ်တွေထိုး အဲဒီထဲမှာပါတဲ့ ပုံအမျိုးစားတွေကို သေချာရေးပြီး မှတ်ထားပါတယ်။ ပြီးတော့ စီဒီဘန်းဘန်းပြီးချင်းမှာလဲ ချက်ခြင်းမဖျက်သေးပဲ စီဒီဘန်းပြီးသားဆိုတဲ့ Folder လေးဆောက်ပြီး ထည့်ထားပါတယ်။ ဟက်ဒစ်မှာ ပုံတွေပြည့်လုပြည့်ချင် ဖြစ်နေပြီဆိုမှ စီဒီဘန်းပြီးသားလို့ နာမည်ပေးထားတဲ့ Folder ထဲကို ၀င်ပြီး အရေးမကြီးတဲ့ဟာတွေကို ဦးစားပေးပြီး ဖျက်ပါတယ်။

အဲဒီလိုနဲ့ အရင်တစ်ပတ်ကျော်က ကွန်ပျူတာကို ၀င်းဒိုးအသစ်တင်ဖို့ အကြောင်းပေါ်လာပါတယ်။ ၀င်းဒိုးတင်မယ်ဆိုတော့ စီဒီမဘန်းရသေးတာတွေကို စီဒီဘမ်းပါတယ်။ ပြီးတော့ ကွန်ပျူတာထဲက ရှိသမျှဒေတာတွေ အကုန်လုံးကို ဒလိလုပ်ပြီး ဆိုင်ပို့လိုက်ပါတယ်။ အကုန်လုံးကို ဒလိလုပ်ပြီးမှ ဆိုင်ပို့တယ်ဆိုတာကလဲ အော်ရယ်ဂျင်နယ် ဓာတ်ပုံဖိုင်တွေ မလိုအပ်ပဲ အပြင်ကို မရောက်အောင်လို့ပါ။ ဓာတ်ပုံသမားတစ်ယောက်အတွက် ကိုယ်ရိုက်ထားတဲ့ ဓာတ်ပုံတွေ အပြင်မှာ ဘယ်လိုပဲ ပျံ့နေပါစေ ကိုယ့်ဆီမှာ အော်ရင်ဂျင်နယ် ဖိုင်ရှိနေသမျှ ကာလပတ်လုံး မူပိုင့်ခွင့်ဥပဒေရ တရားဝင်ပိုင်ဆိုင်ခွင့်ရှိပါတယ်။ ဒါကြောင့် ဖျက်ပြီးမှ ပေးလိုက်တာပါ။ ရည်ရွယ်ချက်ကတော့ တခြားလူရဲ့ လက်ထဲကို အော်ရယ်ဂျင်နယ်ဖိုင် ရောက်မသွားနိုင်ပေါ့။

ကွန်ပျူတာလဲ ပြန်ရတော့ ပုံတွေပြန်ကြည့်ဖို့ရှာတာ စီဒီအယ်ဘမ်နှစ်ခုထဲက တစ်ခုပျောက်နေတယ်။ ဘယ်မှာ ဘယ်လိုပျောက်တာလဲ။ စဉ်းစားကြည့်တယ်..။ သေချာတာကတော့ ဆိုင်ဘာကဖေးဆိုင်မှာ ကျန်ခဲ့တာ ဖြစ်ဖို့များပါတယ်။ ဘယ်တုန်းက ပျောက်နေမှန်းမသိတဲ့ စီဒီအယ်ဘမ်ကို ပြန်ရဖို့ဆိုတာတော့ ပင်လယ်ထဲ အပ်ကျသလိုပဲ မျှော်လင့်ချက်လဲ မရှိတော့ပါဘူး။ တတ်သလောက်မှတ်သလောက် ပညာစွမ်းလေးနဲ့ ရီကာဘာရီ လုပ်ကြည့်တော့ ပုံတွေက သုံးမရပါဘူး အထစ်တွေ အပိုင်းတွေ အပြတ်တွေ ဖြစ်နေပါတယ်။ နားလည်တဲ့လူတွေကို မေးကြည့်တော့ ရီကာဘာရီ ခဏခဏ လုပ်ထားတဲ့ ဟက်ဒစ်ဆိုရင်တော့ ပြန်ရဖို့ မဖြစ်နိုင်တော့ဘူးလို့ ပြောပါတယ်။

ဘာပဲဖြစ်ဖြစ်ပါ ပျောက်သွားတဲ့ ပုံလေးတွေကို မျက်စိထဲပြန်မြင်ကြည့်မိရင် ရင်နာလို့ မဆုံးတာတော့ အမှန်ပါပဲ။


ပြန်ရဖို့ မဖြစ်နိုင်တော့တဲ့ ဓာတ်ပုံလေးတွေထဲက တစ်ချို့ကိုတော့ ဒီနေရာမှာ ကလစ်နှိပ်ကြည့်လို့ရပါတယ်။

Read More...

Tuesday, July 14, 2009

အဆုံးမှတ်

အလွမ်းရောင်ရင့်ရင့်နဲ့
ကြေကွဲပွင့်တွေအဆင့်ဆင့်ဖူးပွင့်နေလိုက်ကြပုံများ
တစ်လောကလုံးဆိတ်သုဉ်းတော့မလိုပါ။

စိတ်ကူးယဉ်လို့မဆုံးခင်
ငိုကြွေးစရာတွေပန်ဆင်ပေးခံရသူအဖို့
အနေအထိုင်ခက်ခဲ့ရတာပါ။

တစ်ခါတစ်လေတော့လည်း
ပိုးဖလံတစ်ကောင်ဖြစ်နေမှတော့
မီးပုံထဲဝင်တိုးဖို့မကြောက်ချင်တော့ဘူး
မီလျှံတွေကြားမှာတစ်ကိုယ်လုံးမီးတူး
ကိုယ့်ကိုယ်ကိုယ်လည်းသင်္ဂြိုခဲ့ဖူးတယ်။


တကယ်ဆို နှလုံးသားတောင်ထိပ်မှာ
အလံဖြူတလူတလူ လွင့်ထူနေတာတောင်
အသိမှတ်ပြု မခံရသူတစ်ယောက်အတွက်
ကံကြမ္မာရယ် နင့်မျက်စိမှောက်လွန်းပါတယ်။



စိုးမိုးသွင်

Read More...

Friday, July 10, 2009

သက်မဲ့

ရိုးရာအလိုက်ကျစ်ကျစ်ပါအောင်စွဲမှတ်ထားတဲ့
တစ်ဖက်သတ်အချစ်တွေက
ဟိုတစ်စ ဒီတစ်စ
စုလိုက်တော့ခက်မလေးဖြာ
အုပ်ဆိုင်းရင့်မာလာပေမယ့်
ခုခံအားကျဆင်းစပြုနေတဲ့မျှော်လင့်ချက်တွေပေါ်
ထိုးကျလာတဲ့လောင်းရိပ်ကလည်း
နေလောင်ကွက်တွေလိုပဲ
အညိုအမွဲတွေစွဲထင်စေခဲ့

သူ့ရဲ့တုံ့ပြန်မှုတိုင်းဟာ ကိုယ့်အတွက်
အီဂျစ်ပြကဒိန်ဟောင်းတစ်ခုလို
ရင်ခုန်သံတွေဆယ်ရက်စာလောက်နားကြားလွဲနေစေတယ်

တောင့်တပေမယ့်
မရနိုင်တာတွေစုပုံမီးရှို့လိုက်ရင်
တောက်ပတဲ့အနာဂါတ်တွေရနိုင်လိမ့်မယ်
ဆိုပေမယ့် ကိုယ်ဟာ
မှော်ဆရာတစ်ယောက်ရဲ့လက်မှာ
ဝိညာဉ်ချုပ် လိပ်ပြာနုတ်ခံလိုက်ရတယ်။



စိုးမိုးသွင်

Read More...

နှင်းသီး

ခိုးစားတဲ့ အသီးက ပိုချိုတယ်

ကြားဖူးကြလိမ့်မယ် လို့ထင်ပါတယ်။ အဲဒီစကားပုံထဲကလိုပဲ ကျွန်တော်နယ်မှာတုန်းက ငတက်ပြားပေါက်စပေါ့။ ကျွန်တော်တို့ အိမ်ပတ်ပတ်လည်မှာ သရက်ပင်မျိုးစုံရှိပေမယ့် ကျွန်တော် ယောင်လို့တောင် ကောက်မစားဖူးဘူး။ ကျွန်တော်ကိုယ်တိုင်ကလည်း အချဉ်ကို မကြိုက်ဘူးလေ။ ဒါပေမယ့် ရပ်ကွက်ထဲက သရက်သီးတွေပင်တွေက အငြိမ်မနေရဘူး။ ညပိုင်းမှာ ကျွန်တော်ရယ် သူငယ်ချင်းနှစ်ယောက်ရယ် လှည့်ပတ်ပြီး ခိုးကြတယ်။ တစ်ခါကဆို သရက်သီးတွေ ခိုးလာတာ တစ်တင်းခွဲအိပ်နဲ့ တစ်အိပ်စာ ရှိတယ်။ အဲဒါတွေကို အိမ်ကို ယူသွားလို့လည်း မဖြစ်ဘူး။ အိမ်ကိုယူသွားရင် ဘယ်ကရတာလဲ ဆိုတာ မေးပြီး အရိုက်ခံရမှာလေ အဲဒါကြောင့် ကျွန်တော်တို့ သူငယ်ချင်း သုံးယောက်သား ခိုးလာတဲ့ သရက်သီးအိပ်ကြီးကို လမ်းထိပ်က ကွမ်းယာဆိုင်ပေါ်မှာ တင်ထားခဲ့ကြတယ်။ ထူးဆန်းတာက သုံးယောက်စလုံး ခိုးလာခဲ့တဲ့ သရက်သီးတွေ ချိုလား ချဉ်လားဆိုတာတောင် ကိုက်မကြည့်မိကြဘူး။ နေ့လည်မှာ ဖြတ်သွားဖြတ်လာ မြင်နေရလို့သာ လက်ယားပြီး သက်သက်မဲ့ ၀င်ခိုးလိုက်တာလေ။ အခုနေ ပြန်စဉ်းစားကြည့်တော့ တော်တော်အကျိုးမရှိတဲ့ အလုပ်ပဲ။

အဲဒီတုန်းက ရပ်ကွက်ထဲမှာ တစ်ခုခုခိုးမယ်ဆိုရင် ကျွန်တော်တို့ သုံးယောက်တွဲဖြစ်ကြတယ်။ တစ်ယောက်က ကျွန်တော့်ထက် တစ်နှစ်ကြီးတယ် တစ်ယောက်ကျွန်တော့်ထက် တစ်နှစ်ငယ်တယ်။ ကျွန်တော့်ထက် တစ်နှစ်ကြီးတဲ့ အကောင်က ၀ါရင့်ငတက်ပြားကြီးတွေလိုပဲ အရိပ်အကဲပါးတယ်။ အိပ်ထဲဝင်ရင် သူက အရှေ့ဆုံးကသွားတယ် သူကရပ်ဆို ကျွန်တော်တို့ ရပ်ရတယ် သူကတိုးဆို ကျွန်တော်တို့က တိုးရတယ်။

ကျွန်တော့်ထက် တစ်နှစ်ငယ်တဲ့ကောင်က သစ်ပင်တက်ကျွမ်းတယ်။ ခိုးသမျှအပင်တွေ အားလုံးကိုသူက ဒိုင်ခံတက်တာပေါ့။ သူကအပင်ပေါ်တက်ပြီး အသီးတွေကောက်ပြီးရင် ပစ်ချပေးတယ်။ ကျွန်တော့်ထက်ကြီးတဲ့ကောင်ကတော့ လူရိပ်လူကဲကြည့်နေတာပေါ့။ ကျွန်တော့်တာဝန်ကတော့ အပင်ပေါ်ကနေ ပစ်ချပေးတဲ့ အသီးတွေကို ဖမ်းပြီး အိပ်ထဲထည့်ရတာပေါ့။ အဲဒီလိုနဲ့ ကျွန်တော်တို့သုံးယောက်သား နှစ်တိုင်းလိုလိုပဲ ဟိုအပင်ခိုး ဒီအပင်ခိုးနဲ့ တော်တော်လေး အတွဲညီညီခိုးခဲ့ဖြစ်ကြတယ်ဆိုပါတော့။


တစ်နေ့ရောက်တော့ ကျွန်တော်ရယ် ကျွန်တော့်ထက်ငယ်တဲ့ ကောင်ရယ် နှစ်ယောက်တိုင်ပင်မိတယ် ရပ်ကွက်ထဲက နှင်းသီးပင်ကြီး တစ်ပင်ကို ခိုးဖို့ပေါ့။ ဒါပေမယ့် ဒီအပင်ကိုခိုးရင်တော့ ကျွန်တော့်ထက် ကြီးတဲ့ ကောင်ကိုတိုင်ပင်လို့ မဖြစ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအိမ်က သူ့အဖိုးအိမ်လေ။ သူ့အဖိုးအိမ်ကို ခိုးမယ်ဆိုရင်တော့ သူက သေချာပေါက် ကန့်ကွက်မှာပဲ။ အဲဒါကြောင့် သူမသိအောင် ကျွန်တော်နဲ့ ကျွန်တော်ထက်ငယ်တဲ့ကောင် နှစ်ယောက်တည်း သွားခိုးဖို့ ဆုံးဖြတ်လိုက်ကြတယ်။

ကျွန်တော်တို့ ခိုးမဲ့အိမ်မှာက ခွေးလေးကောင်လောက် ရှိတယ်။ ပြီးတော့ အဲဒီအထဲက ကျားကြီးဆိုတဲ့ အကောင်က ဆိုးတယ်။ လူကိုက်လို့ လျှော်ရတာ ခဏခဏပဲ။ အဲဒီတော့ ကျွန်တော်တို့ လန့်မိတာတော့ အမှန်ပဲလေ။ ခြံနားလေး ကပ်ခါရှိသေးတယ် ခွေးတွေက တစ်ရပ်ကွက်လုံး ဆူနေအောင် ဟောင်တော့တာပဲ။ အဲဒီမှာ ကျားကြီးဆိုတဲ့ အကောင်က ခွေးတိုးပေါက်ကနေ တိုးပြီး အပြင်ထွက်လာတယ်။ ပြီးတော့ ကျွန်တော်တို့ဆီကို ပြေးလာတယ်။ အဲဒီခွေးနောက်က ကျန်တွေခွေးတွေပါ လိုက်လာတယ်။ အဲဒီအချိန်မှာ ထွက်ပြေးလို့တော့ မဖြစ်ဘူး ထွက်ပြေးရင် ကိုက်ခံရမှာကိုး အဲဒါကြောင့် ခဲကောက်ပြီး ခဲနဲ့ ပစ်ရတယ်။ ကျွန်တော်တို့ နှစ်ယောက်သား ခဲနဲ့ဝိုင်းပစ်တော့ ခွေးတွေ ထွက်ပြေးကုန်တယ်။

ခွေးတွေဟောင်လို့ လှည့်ပြန်ရပြီထင်တာ အခုတော့ ခွေးတွေက အိမ်ထဲကို ၀င်ပြေးတာမဟုတ်ပဲ ရပ်ကွက်ထဲကို ထွက်ပြေးသွားကြတာဆိုတော့ ကျွန်တော်တို့အတွက်တော့ မဟာအခွင့်ရေးပဲပေါ့။ ခွေးတွေမရှိတော့ဘူးဆိုတာနဲ့ ကျွန်တော်ကောင်က ခြံဝင်းကိုကျော် သစ်ပင်ပေါ်တက်ပြီး အားရပါးရ ခူးပါတော့တယ်။ ခူးလို့ရတဲ့ နှင်းသီးတွေကို အသင့်ပါလာတဲ့ ပလပ်စတစ်ခြင်းထဲကို ကျွန်တော်ကထည့်တယ်။ ပလပ်စတစ်ခြင်းတစ်ခုလုံး ပြည့်သွားတာတောင် ဒီကောင်က အားမရသေးတော့ သူဝတ်လာတဲ့ အကျီကိုချွတ်ပြီး ထုပ်လိုက်သေးတယ်။

ကျွန်တော်က နှင်းသီးခြင်းကို ဆွဲ သူက အကျီနဲ့ ထုပ်ပြီး သယ်လာကြတာ နောက်ဆုံးတော့ ကျွန်တော်တို့ အိမ်ကိုရောက်တယ်။ ကျွန်တော်တို့ အိမ်ရှေ့ရောက်တော့ သူနဲ့ကျွန်တော် နှင်းသီးတွေကို ထိုင်စားကြတယ် နှင်းသီးဆိုတာ ချိုပါတယ် ဒါပေမယ့် စားတာကြာလာရင် ပါးစပ်တွေ ဖန်လာတယ်။ ပါးစပ်တွေဖန်လာပြီး နှင်းသီးကို ဆက်မကိုက်ချင်အောင် ဖြစ်သွားပြီဆိုမှာ ကျွန်တော်တို့ နှင်းသီးစားတာကို ရပ်လိုက်ကြတယ်။ ပိုတဲ့နှင်းသီးတွေကိုတော့ သူနဲ့ကျွန်တော် တစ်ယောက်တစ်ဝက်စီ ခွဲယူပြီး အဲဒီညက လမ်းခွဲလိုက်ကြတယ်။


ဟိုနေ့က မြို့ထဲမှာ လျှောက်သွားရင် နှင်းသီးတွေ ရောင်းနေတာ တွေ့တော့ မေးကြည့်တယ် ဘယ်လိုရောင်းလဲလို့၊ အစိတ်သားကို တစ်ထောင်တဲ့။ အဲဒါနဲ့ ကျွန်တော် အစိတ်သားဝယ်လာတယ်။ သူတို့ ရောင်းတဲ့ အစိတ်သားဆိုတာ နှင်းသီး တစ်ခိုင်စာတောင်မရှိဘူး။ စားတော့ ချိုသလိုလိုတော့ ရှိတယ် ဒါပေမယ့် ငယ်ငယ်တုန်းက ခိုးစားရတာလောက်တော့ ခံတွင်းမတွေ့တာတော့ အမှန်ပဲလေ။




Read More...

Wednesday, July 08, 2009

အလွမ်းတွေကြွင်းတဲ့ပုစ္ဆာ

ချောင်းတစ်ဘက်ကမ်း
သင်္ချိုင်းမြေမို့မို့လေးမှာ
နင့်ဇတ်ကြောင်းတစ်ခုလုံးမြေချတဲ့နေ့က
မုဆိုးဖိုတစ်ယောက်နဲ့သူ့အရန်တပ်သားတွေ
ဟီးချလို့ငိုကြတယ်။

လက်တစ်ဖက်ပြတ်ခါစလူလိုပါပဲ
နင်မရှိလည်းနင်ရှိတယ်
နင်မထိလည်းနင်ထိတယ်
ဖမ်းဆုတ်လို့မရတဲ့လွမ်းမောမှုတွေနဲ့
ငါ့အလွမ်းတွေရိုးတံရှည်ခဲ့။

နေ့သစ်ဟာဘယ်တော့လင်းပွင့်လာမှာလဲလို့
နင်နဲ့ငါပြိုင်တူတွက်ခဲ့တဲ့ဂဏန်းပုစ္ဆာမှာ
အကြွင်းတွေများစွာကိုနင်ထားရစ်တော့
သူတို့တွေသောက်သုံးဖို့ငါ့လက်ညှိုးကနို့မထွက်တာ
ဘယ်နှစ်ကြိမ်ခေါက်ခေါက်တံခါးရွက်တွေပွင့်မလာတာနဲ့ပဲ
ဒုက္ခနဲ့လက်ဆက်ပြီးသားဖြစ်မတဲ့လား။

မိုးခါးတွေမွန်နေအောင်ရွာလည်း
ငါ့ရင်ထဲမှာတော့ နင်ဟာနင်ပဲ
သူတို့တွေရဲ့နှလုံးသားကိုလည်း ထိုးကန်းမပစ်ရက်ဘူး။

အခုလည်းဘာရယ်မဟုတ်ဘူး
ကောင်ကင်ကိုမော့ကြည့်မိတိုင်း နင့်ကိုလွမ်းတယ်။

စိုးမိုးသွင်

Read More...

On Air


လေယဉ်ပေါ်ကနေ ရိုက်ထားတဲ့ပုံပါ

ပြည်တွင်းက ဆရာသမားတွေလည်း ကျော်ရခွရတာ များလို့ ကျွမ်းကျင်နေလောက်ပါပြီ ဒါကြောင့် Imageshack မှာ မတင်တော့ပဲနဲ့ ဘလော့ဂ်ကာမှာပဲ တန်းတင်လိုက်တယ်။ ပုံမမြင်ရရင် ကျော်ကြဗျို့

Read More...

Saturday, July 04, 2009

လွမ်းတာနဲ့ပဲဖြေတော့မယ်

သူများပြောတာ ကြားဖူးခဲ့တယ်
လွမ်းတာကို နာတာနဲ့ဖြေတယ်တဲ့
ငါကတော့ နာတာကို လွမ်းတာနဲ့ပဲဖြေတော့မယ်

တကယ်တော့ချစ်သူ . . . .
အမြဲတွေ့ကြတဲ့ နင့်နဲ့ငါ
လွမ်းဖို့တော့ မလိုလောက်ပါဘူး

ဒါပေမယ့်ချစ်သူ . . . .
တွေ့နေစဉ်ခဏမှာ
အေးစက်ခြင်းဆိုတဲ့ ဆူးချွန်တွေက
နင့်အချစ်တွေကို ဆုပ်ကိုင်ထားတဲ့
ငါ့နှလုံးသားကို စူးဝင်စေခဲ့တယ်

ဒါကြောင့်ပေါ့ ချစ်သူ
နာကျဉ်ခြင်းတွေကို အဆုံးသတ်ဖို့
ဆုပ်ကိုင်ခြင်းတွေကို လွှတ်ချလိုက်ပြီ

ငါ့ရင်ဘတ်ထဲက နာကျဉ်ခြင်းတွေကို
လွမ်းတာနဲ့ပဲဖြေတော့မယ်

နင်သွားလိုရာ သွားပါတော့

Read More...

Wednesday, July 01, 2009

ခြေက်နှစ်ပြည့်ပြီ

ဘာလိုလိုနဲ့ ကျွန်တော် ရန်ကုန်မြို့ကို ရောက်လာတာ ဒီနေ့ဆို ခြောက်နှစ်ပြည့်သွားပြီ။ ကီးစိန်ကတော့ ပြောပါတယ် ခြောက်နှစ်ပြည့် ချီးယား လုပ်ချင်တယ်တဲ့။ ခက်တာပဲ ကီးစိန်ရယ် ...... ခြောက်နှစ်တာ ပြည့်လာတယ် ပိုက်ဆံပြတ်ပြတ်နေတာတော့ လွန်ခဲ့ ခြောက်နှစ်တုန်းက အတိုင်းပါပဲ။

Read More...