Art is My Life: ထန်း နှင့် ညောင်

Friday, June 29, 2007

ထန်း နှင့် ညောင်

ထန်းပင် နှင့် ညောင်ပင်သည် တူညီသော သပါဝရှိသလို မတူညီသော သဘောတရားများလည်း ရှိတတ်ကြသည်။

* * * *

အဖေသည် ကျွန်တော်တို့ မောင်နှမတွေ အတွက် တခါတရံတွင် အဖေနှင့်မတူပဲ သူငယ်ချင်း တစ်ဦးနှင့်သာ တူနေတတ်သည်။ များသောအားဖြင့် အဖေသည် တည်တည်ခန့်ခန့် နေလေ့မရှိပဲ ကျွန်တော်တို့ မောင်နှမများနှင့် သူငယ်ချင်းများလို ပြောပြော ဆိုဆို စစ နောက်နောက် နေတတ်သည် ကများသည်။ တခါတရံတွင်တော့ အဖေ တစ်ယောက်လို ကျွန်တော်တို့ အပေါ် စိတ်ဆိုးသည်လဲ ရှိသည်။ ရိုက်သည်လဲ ရှိသည်။ သို့ရတွင် သူငယ်ချင်းလို နေသည်က များပါသည်။
ကျွန်တော် ရန်ကုန်သွားမည် ဆိုသည့် အခါတွင် အမေသည် တစ်လလောက် အလိုကတည်းက ဆုံးမ၍ မပြီးနိုင်။ ပုတီးစိမ်နည်း အမျိုးမျိုး ဘုရားရှစ်ခိုးနည်း အမျိုးမျိုးများ ကိုလည်း ကျက်ခိုင်း သေးသည်။ အမေ့မှာ ဗေဒင်သွားကြည့်လိုက် ရတြာခြေလိုက်နှင့် မအားနိုင်အောင် ပင်ရှိသည်။ ရန်ကုန်ကို အင်းတော်မှ ထွက်ခဲ့ရသည်မှာလည်း ယင်းရတြာ၏ အစိတ်ပိုင်း တစ်ခုဟု ပြော၍ ရပါသည်။
သို့ရာတွင် အဖေကမှု အေးအေး ဆေးဆေးပင် ရှိသည်။ မင်းအလုပ်တွေ ငါလုပ်ရတော့မှာပေါ့။ မင်းငါ့ကို မသနားလို့ သွားတာကတော့ ငါကတော့ မတားပါဘူး။ အစရှိသဖြင့် နောက်တီး နှောက်တောက် စကားများကိုသာ ပြောသည်။
အမေက အရက်မသောက်နဲ့ ဘာမှလုပ်နဲ့ ညာမလုပ်နဲ့ မှာသည့်အခါမျိုးတွင်လည်း။ နင်ကလဲဟယ် သူ့ဖာသူ ဘာလုပ်လုပ်။ တစ်ခုတော့ရှိတယ် ရန်ကုန်ကနေ ဘာမလုပ်တတ် ဘာမကိုင်တတ် လေးတော့ ခေါ်မလာနဲ့ ဟုဆိုကာ စကားကို ၀င်ဝင်နှောက်လေ့ ရှိသည်။
ထို့ကြောင့်လဲ အဖေ့ကို ကလေးတွေကို ဆုံမရကောင်းမသိဘူး ဟု အမေက မကြာခဏပြော လေ့ရှိသည်။ ထိုအခါမျိုးတွင် အောင်မှာ ငါ့သားသမီးတွေက လိမ်မာပြီးသား ဆုံးစရာကို မလိုဘူးဟု ရယ်ရယ်မောမော ဖြင့်ပင် ပြန်ပြောလေ့ရှိသည်။
ထိုသို့ အမြဲတမ်း ရယ်ရယ်မောမော ဖြင့်နေသော အဖေသည် ကျွန်တော် အိမ်နဲ့ စခွဲ့သည့်နေ့ ရထားထွက်ခါနီးတွင် မရယ်ဘူး ဆိုတာကိုတော့ ကျွန်တော် သတိထားမိသည်။ ပါးစပ်မှ လည်းတစ်ခုခု ပြောဖို့ စဉ်စားနေသလို ရှိပေမယ့် ထုံးစံအတိုင်း ကွမ်းဝါးနေသည်ဟုပင် ထင်မိသည်။
နာရီဝက်ခန့် ဘာမှ မပြောပဲ ရထားပြူတင်းပေါက် အနီးမှာ လာရပ်နေသော အဖေသည် ရထားထွက်ခါနီးမှ စကား စပြောသည်။ မင့်ကိုငါ ပြောစရာရှိသေးတယ်တဲ့။
လူဆိုတာ ထန်းပင်လို မကျင့်ရဘူးကွ ညောင်ပင်လို ကျင့်ရတယ်
ကျွန်တော်အံ့သြသွားသည်။ အဖေသည် ကျွန်တော်သိသလောက် ယင်းကဲ့သို့ စာသံပေသံ နှင့် ကျွန်တော်တို့ကို ပြောသည်ကို တခါမျှမကြားဖူးပါ။

* * * *

ဆရာ့ဘ၀မှာ အမှားတွေ အများကြီး လုပ်ဖူးတဲ့အထဲမှာ သိသိကြီးနဲ့ မှားလိုက်တာ ရှိတယ်။ အဲဒါက ဘာလဲ ဆိုတော့ မိဘကို မထောက်ပံ့ နိုင်ခင်မှာ အိမ်ထောင် ပြုလိုက်တာပဲ။ ကျွန်တော်တို့ ခြောက်တန်းနှစ်က ကြိုသက် ဘာရပ်သင်ကြားသော ဆရာ တစ်ဦးပြောသည့် စကားဖြစ်ပါသည်။ သူ့တွင် အမေတစ်ဦးသာရှိပြီး ကျောင်းဆရာ အလုပ်ရချိန်တွင် မေကို မကျွေးနိုင်ခင် မိန်းမယူ လိုက်မိခြင်း ဖြစ်သည်ဟုဆိုသည်။ ကျောင်းဆရာ လခသည် များစွာမရသောကြောင့် မိန်းမရှိနေသည့် သူ့အဖို့ မိခင်ကို ဘာမျှမလုပ်ပေး နိုင်ခဲ့ဟုဆိုသည်။
ယင်းကဲ့သို့သော ခပ်ဆင်ဆင် အဖြစ်များစွာကို ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် အမြဲလိုလိုပင်တွေ့ မြင်နေကြရသည်။ ဆရာ ကောင်းသန့် သည်ပင်လျှင် ထိုကဲ့သို့ အမှားမျိုး ကျူးလွန်ခဲ့မိသည်ဟု သူ့ဆောင်းပါးတစ်ပုဒ် တွင်ရဖူးသည်။

* * * *

တကယ်တော့ ထန်းပင် နဲ့ ညောင်ပင်ဟာ ကြီးထွားကြတဲ့ သပါဝချင်း တူပေမယ့် ထန်းပင်ဆိုတာ အမြင့်ကိုတာ တက်ပြီး ပတ်ဝန်းကျင်ကို မပြောနဲ့ သူ့အသီးနဲ့ သူတောင် မိုးလုံတာ မဟုတ်ဘူး။
ညောင်ပင် ဆိုတာကတော သူကြီးထွားလာတာနဲ့ အမျှ သူ့ရဲ့ အရိပ်ကို အားလုံးက ခိုလုံလို့ရတယ်။
လူဆိုတာ ဘာကိုပဲလုပ်လုပ် ထန်းပင်လို ကိုယ်တက်သွားရင် ပြီးရော ဆိုပြီး မလုပ်ရဘူး။ ကိုယ်နဲ့ သက်ဆိုင်တဲ့ ပတ်ဝန်းကျင်ပါ ကိုယ့်ကို မှီခို အားထားလို့ ရလောက်တဲ့ ညောင်ပင်လိုဖြစ်အောင် ကြိုးးစား အားထုတ်သင့်တယ်။

အဖေ စကားသံ ဆုံးတော့ ခရာထွက်လာသည် ခရာသံ ဆုံးတော့ ဥသြသံထွက်လာသည် ဥသြသံ ဆုံးတော့ ရထားဘီးလုံးများသည် သံလမ်းပေါ်တွင် တကျီကျီ နှင့် စတင်လိမ့် သွားသည်။ ထို့နောက် ရထားသည် ဘူတာရုံလေးကို ကျောခိုင်း၍ မိုင်ပေါင်းများစွာ ခုတ်မောင်ခဲ့ ပါသည်။









*

7 comments:

Thet Htoo@Myat Lone said...

ညောင်ပင်နဲ့ တူအောင် ကြိုးစားရဦးမယ်ဗျာ

ကိုစိုးဇေယျကိုရော ကိုစိုးဇေယျအဖေကိုရော ဒီစကားလေးအတွက် ကျေးဇူးပါဗျာ

Andy Myint said...

တကယ် မတွေ့ဘူးလို့ မေးရတာပါ။ `ကြေခိုင်း´တယ်ဆိုတာ `ကျောခိုင်း´သလိုမျိုးလား။ အကြေ= အောက် နဲ့ယူပြီး အောက်ဖက်ကို ထွက်ခွာသွားသည်လို့ဆိုတာလား။

သန့်ဇော်မင်း said...

အရိပ်ပေးနိုင်တာချင်တူရင်..
ညောင်ပင်တော့ မဖြစ်ချင်ဘူးဗျာ..
ညောင်ပင်ဆိုတာက ကိုယ် ရှင်သန်ဖို့အတွက် တခြားအပင်တွေ တခြားအရာတွေကို ဖျက်ဆီးဝါးမျို တတ်လို့ပါ...
တခြားအပင်လုပ်ဗျာ.. ဥပမာ..
ကျွန်း, ပိတောက်, ကုက္ကို... စသည်ဖြင့်ပေါ့..

:D
အပျော်နော် ကိုစိုးဇေယျ..
tzm

စိုးဇေယျထွန်း said...

ကျောခိုင်းပါ သတ်ပုံမှားနေလို့
ကိုတီဇက်အမ် ကျွန်တော် အဖေနဲ့ တွေ့မှ ပြောလိုပ်ပါမယ်

Anonymous said...

ဒီဟာလေး ကောင်းတယ် စိုးဇေ ။ ဒါနဲ့ မင်း သတ်ပုံမှားတာတော့ ko andy myint တောင် တွေ့ နေတယ်း)

စိုးဇေယျထွန်း said...

အစ်မရေ သတ်ပုံကပြင်ပြီးသွားပါပြီ

Andy Myint said...

စိတ်မရှိပါနဲ့ ခင်ဗျာ။ တကယ် ထင်ပြီး မေးမိတာပါ။ ဒီလို မတော်တဆဖြစ်သွားတာဆို ခပ်မဆိတ်ပဲ နေလိုက်မှာပါ။