Art is My Life

Friday, May 16, 2008

လပွတ္တာ မှတ်တမ်း

ဒဂုံဧရာ အဝေးပြေးကွင်းကို ရောက်ပြီဆိုသည်နှင့် စိတ်မကောင်းစရာ မြင်ကွင်းများကို စမြင်ရသည်။ အမျိုးသမီးတစ်ယောက် ရှိုက်ရှိုက်ပြီး ငိုနေသည်။ ကားစီးဖို့ စောင့်ဆိုင်နေသူများ၏ မျက်နှာမှာလည်း ညိုးငယ်နေကြသည်။

ထိုအချိန်တွင် နေက၀င်တော့မည်။ ၀င်လုဆဲ နေလုံးကြီးမှာ နီကြန့်ကြန့် အရောင်များ ဖြာထွက်နေသည်။ ညီအမ ဖြစ်ဟန်တူသော အမျိုးသမီးနှစ်ယောက်ကတော့ လက်ယှက်ထိုင်ကာ လက်လေးတွေပေါ် ခေါင်းလေးတွေ တင်ပြီး ၀င်လုဆဲ အနီရောင်နေလုံးကြီးကို လှမ်းကြည့်နေကြသည်။

ကားက ခုနှစ်နာရီတွင်ထွက်မည် ဖြစ်သည်။ အချိန်ရသေးတာကြောင့် ကျွန်တော်တို့ ပတ်ဝန်းကျင်နား တစ်ဝိုက်ကို ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့် ကြည့်ဖြစ်ကြသည်။ ထိုသို့ကြည့်ရင်း ပတ်ဝန်းကျင်က လူများကို အနည်းငယ် စပ်စုကြည့်မိသည်။

“အန်တီတို့က ရန်ကုန်ကို ခဏလာတာ အိမ်မှာ သားသမီးနဲ့ မြေးတွေကျရစ်တယ်။ ရွာကတော့ ရွားလုံးကျွတ်သွားတယ် ပြောတာပဲ။ လောလောဆယ်တော့ ကျန်ရစ်ခဲ့တဲ့ မိသားစုတွေကို ဘာအဆက်မှ မရသေးဘူး”

“ရွာမှက ပင်လယ်နားနီးတော့ ရေကန်တွေကို အဓိကထား သုံးရတာလေ။ အခုအဲဒီရေကန်တွေကို ပင်လယ်ရေနစ်ပြီး တစ်ချို့ကန်တွေမှာ လူသေတွေ ကျနေတော့ ရေသောက်ဖို့ အဆင်မပြေဘူး”

“သားအကြီးကောင်နဲ့ ချွေးမက ဆံပင်ဝယ်မယ်ဆိုပြီး လေမတိုက်ခင် နှစ်ရက်လောက် အလိုက လပွတ္တာဘက်ကို ထွက်သွားတာလေ။ သတင်းမရလို့ လိုက်ကြည့်မလို့”

* * * *

လပွတ္တာကို သွားဖို့ ပြင်ပြီဆိုကတည်းက နှစ်ရက်သုံးရက်လောက် ကြိုပြီးပြင်ရသည်။ ဟိုရောက်ရင် ဘယ်မှာ တည်းရမည် ဘယ်လိုစားရမည်။ ဘယ်ကို သွားကြမည် အစရှိသဖြင့် ကြိုတင် စုံစမ်းရသည်။ တစ်ချို့က ပြောကြတော့ တစ်မြို့လုံးကုန်ပြီ ဘာမှ မကျန်တော့ဘူးတဲ့။ တစ်ချို့ကျတော့လည်း ကျန်ပါသေးတယ်တဲ့။ ဘာပဲဖြစ်ဖြစ် ကိုယ့်ဘက်က ပိုတယ်လို့ မရှိအောင် ပြင်ဆင်သည့် နေဖြင့် အဆိုးဆုံး အခြေအနေကို ကြိုပြီး တွက်ဆထားပြီး ပြင်ရသည်။

အကယ်၍ ရွှံ့တော့ထဲတွင် အိပ်ရမည်ဆိုပါက အဆင်သင့်ဖြစ်အောင် ရေလုံအောက်ခင်းစများ၊ မိုးကာများ၊ ဖော့ပန်းကန်များ၊ ခြင်မကိုက်ဆေးများ၊ တောစီးဖိနပ်များ၊ မိုးကာအင်္ကျီ များမှ အစ ဓာတ်မီး မီးခြစ် ဖရောင်းတိုင် အစရှိသော စားဖို့ နေဖို့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ လိုအပ်မည် ထင်သော ပစ္စည်းတွေကို လိုက်ဝယ်ရသည်။

* * * *

မိုးက တဖြည်းဖြည်းချုပ်လာပြီ။ မီးမလာသောကြောင့် ပတ်ဝန်းကျင်လည်း မဲမှောင်နေသည်။ ကားဂိတ်တွင် စောင့်ဆိုင်းနေသော ခရီးသည်များမှာလည်း လည်ပင်းရှည်နေပြီ။ မြန်မာပြည်ရဲ့ ထုံးစံအတိုင်း ခြောက်နာရီခွဲ ထွက်ပါမည် ဆိုသောကားသည် ခြောက်နာရီ ကျော်သည်အထိ ဂိတ်သို့ ရောက်ရှိလာခြင်း မရှိသေး။

ကားဂိတ်ထဲတွင် ကြားရသော သတင်းများအရ လပွတ္တာတွင် သောက်သုံးရေအတွက် အခက်အခဲ တော်တော်ဖြစ်နေဟန် တူသည်။ ထိုမြို့အနီးနားတစ်ဝိုက်ရှိ ကျေးရွာများမှာ ပင်လယ်နားနီးခြင်းကြောင့် မြေအောက်ရေ မရနိုင်ပဲ မိုးရေခံ ရေကန်များကို အားထား သောက်သုံးကြရသည်။ ယခုတော့ ထိုကန်များကို ပင်လယ်ရေ လွမ်းသွားပြီး အချို့သော ကန်များအတွင်းတွင် လူသေများ ကျနေသောကြောင့် သောက်သုံးရေ ရရှိဖို့ရာ အခက်ခဲ ဖြစ်နေသည်ဟု ဒေသခံတွေက ပြောကြသည်။

ကျွန်တော်တို့ နှစ်ယောက်စာ အတွက် ရေသန့်ဘူး ငါးပါကင်စီ ၀ယ်ထားပြီးဖြစ်သည်။ ထိုသို့ရေ ရှားသည်ဆိုသော သတင်းကို ကြားသည့်အခါ ကျွန်တော်နဲ့ ပါလာသော သူငယ်ချင်းက ရေကို ရနိုင်သမျှ ထပ်ဝယ်သွား ချင်သည်ဟု ဆိုသည်။ ဘာကြောင့်လဲဆိုတော့ ဒုက္ခသည်အားလုံးးအတွက် မပေးနိုင်သည့်တိုင် ကိုယ်နှင့်နီးစပ်ရာ ဒုက္ခသည်များကို ဝေငှပေးနိုင်မည် ဖြစ်သည်။ ထို့ကြောင့် ကားမထွက်သေးသည့် အတူတူ ရေ၀ယ်ရန်အတွက် ဒဂုံဧရာ အဝေးပြေးဝင်း အတွင်း လိုက်ရှာကြည့်မိကြသည်။

ဒဂုံဧရာ အဝေးပြေးဝင်းအတွင်းမှာ ရှိသော ဆိုင်များကို ရေဘူး လိုက်မေးကြည့်တော့ ရေတစ်ဘူးကို ငါးရာ လုံးဝ လျှော့၍ မရဟု ဆိုကြသည်။ ကျွန်တော်တို့ ပြန်ရောင်းဖို့ မဟုတ်ပါဘူး လှုဖို့ပါဟု ပြောတော့ ဆိုင်တစ်ဆိုင်က လေးရာ နှင့်ထားပေးမည် သူယူထားရသည့် ဈေးမှာလည်း မြှင့်နေသဖြင့် ဒီထက်လျှော့၍ မရနိုင်တော့ဟု ဆိုသည်။

ကျွန်တော်တို့က လှုဖို့ ရာအတွက် ၀ယ်သည်ဟု ဆိုသော အသံကို ကြားသည့်အခါ ဘေးချင်းကပ် ဆိုင်က ရေတစ်ဘူးကို အရင်းအတိုင်း သုံးရာနှုန်းဖြင့် ပေးပါဟု ဆိုသည်။ ထို့ကြောင့် ကျွန်တော်တို့လည်း ထိုဆိုင်တွင်ရှိသော ရေဘူးခြောက်ကဒ် စလုံးကို ၀ယ်ပြီး ကားဂိတ်ရှိရာ ဆီသို့ ပြန်လာခဲ့ကြသည်။

ထိုနေ့ညစာကိုတော့ ဒဂုံဧရာ အဝေးပြေးဝင်းထဲ မှာပဲ စားကြလိုက်ပြီး၊ ကားလာအောင် ဆက်စောင့်နေသည်။ ခြောက်နာရီခွဲတွင် ထွက်ပါမည်ဆိုသော ကားက ညရှစ်နာရီ ထိုးခါနီးမှ ကားဝင်းအတွင်းသို့ ရောက်လာသည်။ ကားလာသည် ဆိုသည်နှင့် ကားဂိတ်တွင် စောင့်နေသော လူအုပ်ကြီးက အထုပ်အပိုးကိုယ်စီဆွဲကာ ကားဆီသို့ တန်းပြေးကြသည်။

ကျွန်တော်တို့က နောက်ဆုံးခုံနားတွင် ဖြစ်သောကြောင့် အရင်တက်ရသည်။ ကားမှာ မှန်လုံး အဲကွန်းကား အမျိုးစား ဖြစ်ပြီး၊ တော်တော်ကြီးကို စုတ်နေပြီကာ အဲကွန်းမပါရုံမျှမက ထိုင်ခုံများမှာလည်း ရွဲ့စောင်းနေသည်။ ထိုင်ခုံလူစေ့သွားသော အခါ ကြားခုံသမားများကို တင်သည်။ ကားတစ်စီးစာ လမ်းကြားလေးမှာ လူ ၂၈ ယောက် ပါအောင် တင်သည်ဟု ဆိုသည်။ ထို့ကြောင့် ကြားခုံများမှာ တစ်ခုံနှင့်နှင့် တစ်ခုံ အရမ်းစိတ်လွန်းပြီး တစ်ယောက်နှင့်တစ်ယောက် ရင်ခွင်ထဲသို့ ထည့်ထိုင်ကြရသည်။ ရာသီဥတု ပူပူတွင် မှန်လုံးကားတွင်း၌ လူများ ပြည့်ကြပ်စွာ ထိုင်ရခြင်းကြောင့် ပူအိုက်ပြီး နေရထိုင်ရ တော်တော်လေး ဒုက္ခရောက်သည်။

ကိုးနာရီထိုးခါနီးတော့ ကားတော့ထွက်သည်။ ကားထွက်တော့မှ ပြူတင်းပေါက် လေးတွေက လေ၀င်ပြီး အအိုက်သက်သာ သလိုရှိလာသည်။ ကားက အဝေးပြေးဝင်းမှ ထွက်ပြီး မိနစ်နှစ်ဆယ် အကြာပဲရှိသေးသည် ထိုးရပ်က ပျက်သွားသည်။ ထိုနေရာတွင် တစ်နာရီခွဲခန့်ကြာ ပြီးနောက် ဆက်လက်ထွက်လာခဲ့သည်။ ညောင်တုန်းတံတား ကျော်တော့ လဘက်ရည် သောက်ဆိုပြီး ကားကိုခဏနားသည်။ ကျွန်တော့် သူငယ်ချင်းများ ကတော့ ဆိုင်အတွင်းသို့ ၀င်ကာ စားကြသောက်ကြသည်။ ကျွန်တော်ကတော့ စားချင်စိတ်မရှိသဖြင့် ဘာမှ မစားပဲ လမ်းလျှောက်နေမိသည်။

လက္ဘရည်သောက်ဖို့ ဟုဆိုပြီး ကားရပ်နားချိန်မှာ တစ်နာရီကျော်သွားပြီ။ သို့ပေမယ့် ကားက တုတ်တုတ်မှ မလုပ်သေး။ ကျွန်တော်တွေ့ဘူးသလောက် လဘက်ရည် သောက်ဖို့ ကားရပ်တာ ယခုလို မကြာပေ။ ထို့ကြောင့် ကားနောက်ဘေး သွားကြည့်လိုက်တော့ ထင်ထားသည့် အတိုင်းပဲ၊ ကားလေအိတ်ပေါက်လို့ ပြန်တယ်တဲ့လေ။ အဲဒီနေရာမှာ သုံးနာရီလောက် ပြင်ပြီး ကားကို ဆက်ထွက်လာခဲ့သည်။ ကားမောင်းချိန် တစ်နာရီ ကျော်ကျော်လေးပဲ ရှိသေးသည်။ ကားက ထပ်ရပ်သွားပြန်သည်။ ဘာများဖြစ်တာလည်းဟု ကားပေါ်က ခရီးသည်များက ငြိမ်စောင့်ကြည့်နေကြသည်။ လမ်းလည်ခေါင်ခုံများမှပါ လူပြည့်ညပ်နေအောင် တင်ထားသည် ဖြစ်သောကြောင့် တော်ရုံတန်ရုံ ကားပေါ်သို့ အတက်အဆင်း လုပ်ရတာ မလွယ်လှပေ ထို့ကြောင့် ခရီးသည်များ ငြိမ်စောင့်ကာ ထိုင်နေရခြင်းဖြစ်သည်။ ၁၅ မိနစ်ခန့် ကြာသည်အထိ မည်သို့မျှ ထူးခြားလာခြင်း မရှိသောကြောင့် ခရီးသည်အားလုံးက ဆင်းမယ်ဟေ့ ဆင်းမယ်ဟေ့ဟု အော်ပြီး အောက်သို့ ဇွတ်အတင်း ဆင်းကြသည်။ ကျွန်တော်လဲ လိုက်ဆင်းကြည့်တော့ ကားဘီးပေါက်သွားတာ ကြာဦးမည်တဲ့။

ကားစပါယ်ရာများ လုပ်ပေါက်ကတော့ ကိုယ်နယ်မှာသာဆိုရင် ပယ်ပယ်နယ်နယ် ရိုက်ပစ်လိုက်ချင်စရာ ကောင်းသည်။ ကားဘီးပေါက်လို့ ကြာဦးမည်ဆိုလည်း ကြာဦးမည် အောက်ကို ခြေခင်းလက်သာ ခဏဆင်းနိုင်သည် နည်းနည်းပါးပါး ပြန်ပြောဖို့ကောင်းသည်။ အခုတော့ ချက်ခြင်းပဲ ပြန်ထွက်မှာလို ပုံစံမျိုးနှင့် ဘာမှ မပြောပဲနေသည်။

အောက်မှာ ခဏလောက်ဆင်း လမ်းလျှောက်ပြီး နောက် အိပ်ချင်သလိုလို ရှိလာတာကြောင့် ကားပေါ်ပြန်တက်ပြီး အိပ်လိုက်သည်။ ဝေလီ ဝေလင်းရောက်တော့ ကျွန်တော် နိုးလာသည်။ ကြည့်လိုက်တော့ ညက ကားဘီးပေါက်သည့် နေရာမှာပဲ ရှိသေးသည်။

ထိုနေ့သည် မေလ ဆယ်ရက်နေ့ မနက်ဖြစ်သည်။ ထို့ကြောင့် ခပ်ဝေးဝေးမှ လွင့်လာသည့် မဲရုံကို သွားကြပါစို့ ဆိုသော သီချင်းသံကို ကြားနေရသည်။ ဘေးနားလေးတွင် Max Myanmar ကုမဏီ ဧရာဝတီတိုင်း လေဘေး ကယ်ဆယ်ရေးဟု ရေးထားသည့် ကားတန်းကြီး ရပ်ထားသည်ကိုလည်း တွေ့ရသည်။

ဆက်လက်ရေးသားပါမည် ..................

Read More...

Thursday, May 15, 2008

လပွတ္တာက ဒုက္ခသည်စခန်း





Read More...

ယောသားကြီးရဲ့ စေတနာ အလှု




အရေးကြုံရင် သုံးဖို့ ယူသွားတဲ့ ဆေးသေတ္တာလေးနဲ့ မြို့နဲ့ အလှမ်းဝေးတဲ့နေရာက ထိခိုက်ရှနာ ဒါဏ်ရာရသူများကို အခုလို ကုသပေးနိုင်ခဲ့ပါတယ်

Read More...

လပွတ္တာမှတ်တမ်း

အပျက်စီးကြားက ပိုင်ရှင်မဲ့ပုံ


ရွာလုံးကျွတ်သွားတဲ့ ပင်လယ်ဝက ရွာလေးတစ်ရွာ


ရွာလုံးကျွတ်ရွာလေး တစ်ရွာ


လှိုင်းလေ ကြားက စွန့်စွန့် စားစား

Read More...

Friday, May 09, 2008

လေမုန်တိုင်း



ကော်နက်ရှင် မကောင်းလို့ အခုမှ တင်ရတာပါ

Read More...

Thursday, May 08, 2008

ဒီနေရာလေးမှာ အကူညီ မဲ့နေတယ်




ဒီဒုက္ခသည် စခန်းလေးကတော့ မရမ်းကုန်မြို့နယ် အလက ၈ ကျောင်းဝင်းထဲမှာ တည်ရှိပါတယ်။ အဲဒီစခန်းမှာ အိမ်ထောင်စု ၂၇ စုက လူဦးရေ ၂၀၅ ယောက် ရှိပါတယ်။

အဲဒီဒုက္ခသည်တွေက အလက ရှစ် ပတ်ဝန်းကျင် နားတစ်ဝိုက်မှာ နေထိုင်တဲ့လူတွေလို့ သိရပါတယ်။ လတ်တလောမှာ သူတို့ စားဖို့ အတွက် နီးစပ်ရာ ပတ်ဝန်းကျင်နဲ့ စေတနာရှင်တွေရဲ့ လှုဒန်းမှုနဲ့ စားသောက်နေရပါတယ်။

အဲဒီ အိမ်ထောင်စု ၂၇ စုမှာ အိမ်ထောင်စု နှစ်ဆယ်လောက်က သူတို့ တစ်နေ့စာ စားဖို့ အတွက် ဖန်တီးနိုင်စွမ်းရှိကြပေမယ့် သူတို့ရဲ့ အဓိက ပြသနာက သူတို့ ပြန်ဖို့ အိမ်ကို ပြန်ဆောက်ဖို့ရာ အတွက် ငွေကြေးတစ်ပြားမှ မရှိခြင်းပဲ ဖြစ်ပါတယ်။

မကြာခင်မှာ ကျောင်းပြန်ဖွင့်တော့မှာ ဖြစ်တဲ့အတွက်ကြောင့် သူတို့ဟာ တခြားနေရာကို ရွေ့ပြောင်းပေး ရမဲ့ အနေထားမှာ ရှိနေပါတယ်။

အဲဒီစခန်းမှာ မွေးကင်းစနေ အသက်ခုနှစ်ဆယ်ကျော်အရွယ်ရှိတဲ့ လူကြီးပိုင်းတွေပါ ပါဝင်ပါတယ်။

အဲဒီစခန်းကို ဆက်သွယ်လှုဒန်းလိုရင်တော့ .........
အလက ရှစ် မရမ်းကုန်းမြို့နယ် မှာ သွားလှုလို့ရပါတယ်။

ဘယ်လိုသွားရမလဲဆိုရင် ကျောက်ရေတွင်း ကုန်ကျော်တံတား လေဆိပ်ဘက်အခြမ်း ထိရောက်အောင်သွားပါ။ အဲဒီနားမှာ ဂျိုးဖြူ ရေပိုက်ကြီး ရှိပါတယ်။ အဲဒီနားလေးရောက်ရင် အလက ရှစ် ဘယ်မှာလဲလို့ မေးရင် အကုန်လုံး သိပါတယ်။

Read More...

နာဂစ်


Read More...

Friday, April 11, 2008

Table Tennis



Read More...

Tuesday, April 08, 2008

Blog, Caravan and Dog

ကျွန်တော်နှင့် ဘလော့ဂ်ရေးဖော် ရေးဖက် ဘလော့ဂ်များ မကြာခဏဆိုသလို ဘလော့ဂ်ရေးခြင်းကို ရပ်ပစ်ချင်လောက်အောင် စိတ်ပျက်ဖူးကြသည်။ ထိုသို့ ဘလော့ဂ်ရေးခြင်းကို ရပ်ပစ်ချင်လောက်အောင် စိတ်ပျက်ချင်ရသည့် အကြောင်းရင်းမှာ အခြားမဟုတ် စီပေါက်နှင့် ကော့မင့်များတွင် ပျက်စီးရာ ပျက်စီးကြောင်း ပေါက်တကရ လာရောက် ရေးသားနေကြခြင်း ဖြစ်သည်။

* * * * *

ကျွန်တော်တို့ ကျောင်းသားဘ၀ကတည်းက ရွတ်ဆိုနေကျ ကဗျာလေး တစ်ပုဒ်ရှိသည်။ ထိုကဗျာကလေးကို မာန်လည် ဆရာတော်ဘုရားကြီးက ရေးသားခဲ့ပြီး လူတိုင်းလည်းကြားဘူး ကြပါလိမ့်မည်။ ထိုကဗျာလေးထဲက တစ်ကြောင်းမှာ အောက်ပါ အတိုင်း ဖြစ်ပါတော့သည် . . .

“ အပြစ်မရှိ အပြစ်ရှာ လမင်းကို ခွေးဟောင်လို့ ရွှေလရောင်ပြောင်မပျက်တယ် ထွန်းလျှက်ပင်သာ ”

ဤကဗျာလေးရဲ့ ဆိုလိုရင်းကတော့ အခြားမဟုတ်ပါ။ လူတစ်ယောက်ကို မနာလို ၀န်တိုစိတ်နဲ့ အလကားသက်သက် အပုတ်ချနေသူများကို ဆရာတော်က ခွေးနဲ့ခိုင်းနှိင်းရေး ဖွဲ့ထားခြင်း ဖြစ်ပါသည်။

* * * * * *

လောကတွင် အကောင်းမြင် ၀ါဒီသမားနှင့် အဆိုးမြင်ဝါဒီ သမားဟူ၍ နှစ်မျိုးရှိသည်။ အကောင်းမြင် ၀ါဒီသမားများသည် ဝေဖန်၍ အဆိုးမြင် ၀ါဒီသမားများသည် အပုတ်ချကြသည်။

ဝေဖန်ခြင်းဆိုသည်မှာ ကောင်းစေချင်သော စေတနာကို ရှေ့တန်းတင်ထားခြင်း ဖြစ်သောကြောင့်၊ ကောင်းသည့်အရာများကို ထုတ်ဖော်ချီးကျူးသလို အားနည်းသည့် အကြောင်းရာများကို ထောက်ပြကာ မှန်ကန်မည်ထင်သော နည်းလမ်းများကို ညွန်ပြကြသည်။

အပုတ်ချခြင်းဆိုသည်မှာတော့ သူတပါး ပျက်စီးရာ ပျက်စီးကြောင်း အကြောင်းရာများကို ရှေ့တန်းတင်ပြီး၊ ကောင်းသည့်အရာများကို မျက်ကွယ်ပြုကာ မကောင်းသည့်အရာများကို ဆီလိုအပေါက်ရှာပြီး ကဲ့ရဲ့ပြောဆိုခြင်း ဖြစ်သည်။

* * * * *

လောကတွင် တစ်ဘက်လူကို ပျက်စီးစေလိုသည်မှာ အတိတ်က ရန်ညိုးတစ်ဆူကြောင့် ပျက်စီးစေလိုသည်လည်း ရှိသလို ဘာရန်ညိုးမှ မရှိသော်လည်း သက်သက်မဲ့ ကိုယ်တွင်း မကောင်းစိတ်ကြောင့် အကြောင်းမဲ့ ပျက်စီးစေလိုသည်လည်း ရှိသည်။

တကယ်တော့ ဘလော့ဂ်ကာများနှင့် စီဘောက်တွင် ၀င်ရောက်ခါ ပေါက်တကရ ရေးသားနေ ကြသူများသည် ဘာရန်ညိုးရန်စမှ မရှိဘူးခဲ့ကြပါ။ သို့ပေမယ့် ထိုလူများသည် မကြာခဏ ၀င်ရောက်ကာ ပျက်စီးပျက်စီးကြောင်း ရေးသားကြသည်။ ထိုသို့ ရေးသားကြခြင်းမှာ တနည်းအားဖြင့် ပြောရလျှင် အပုတ်ချနေကြခြင်း ဖြစ်သည်။ထို့ကြောင့် ဘာရန်ညိုးမှ မရှိပဲ တပါးသူကို ပျက်စီးစေရန် လုပ်ကြံပြောဆိုသူကို မာန်လည်ဆရာတော် ဘုရားကြီး၏ ကဗျာအရ ဥပမာပေးခိုင်းနှိုင်းရလျှင် ထိုသူများ ခွေးဖြစ်ချေတော့မည်။

ထိုသို့ ဘလိုင်းကြီး ၀င်ရောက် အပုတ်ချသူများကို မြန်မာကဗျာတွင်သာ ခွေးနှင့် နိုင်သာမဟုတ်ပဲ၊ ထိုသူများကို အမေရိကန် စကားပုံတွင်လည်း ခွေးနှင့်နိုင်းယှဉ် ပေးသော ဥပမာ ပုံပြင်လေး တစ်ပုဒ်ရှိသည်။ ထိုပုံပြင်လေးမှာ ...........

“ခွေးတွေ ဘယ်လောက်ဟောင်ဟောင် caravan လှည်းကြီးကတော့ ခရီးဆက်နေဦးမှာပဲ”
(အမေရိကားစကားပုံ)

အမေရိကားတိုက်မှာ အင်္ဂလိပ်လူမျိုးတွေ စတင်ရောက်ရှိ ခါစက အခြေတကျမရှိပဲ ရေကြည်ရာ မျက်နုရာသို့ Caravan ခေါ် ဘီရိုလှည်းကြီးများဖြင့် လှည့်လည်သွားလာ နေခဲ့ကြသည်။ ထိုသို့ သွားလာရင် တဖြည်ဖြည်း အခြေကျလာသည့်အခါ ကျေးရွာများ တည်ထောင်ကာ နေထိုင်ကြသည်။ အများစုက ကျေးရွာများ တည်ထောင်ကာ အခြေကျ နေထိုင်ကြသော်လည်း ဈေးရောင်းသူများက caravan ခေါ် ဘီရိုလှည်းကြီးများတွင် ဒန်အိုး ဒန်ခွက်များ ခွက်ယောက်များ ပစ္စည်းများ စုံနေအောင် ထည့်ကာ တစ်ရွာဝင် တစ်ရွာထွက် လှည့်လည်ဈေးရောင်း ကြသည်။

ထိုသို့လှည်းကြီးတွင် ပစ္စည်းများ စုံနေအောင် ပါသောကြောင့် လမ်းတစ်လျှောက်တွင် တစ်ခုနှင့်တစ်ခု ထိမိပြီး တဒုံတဒုံ တဂွမ်ဂွမ်းဖြင့် မည်နေပါတော့သည်။ ထိုကဲ့သို့ အသံစုံနှင့် caravan လှည်းကြီးများ ရွာများသို့ ဖြတ်သွားပါက ရွာအတွင်းရှိ ခွေးများ ပြေးထွက်ကာ တစ်စီစီဟောင်ကြပါတော့သည်။ ခွေးများ မည်မျှပင် ဟောင်နေပါစေ caravan လှည်းကြီးကတော့ ရပ်သွားခြင်းမရှိပဲ သူသွားရမည့် ခရီးကိုသာ ပုံမှန်သွားသည်။

ခွေးဟောင်တိုင်းသာ ရပ်ရမည်ဆိုပါက caravan လှည်းကြီး လိုရာခရီးရောက်တော့မည်မဟုတ်ပေ။ ထို့ကြောင့် ကျွန်ုပ်တို့ စီဘောက်များနှင့် ကော့မင့်များတွင် မည်သူတွေ ဘယ်လိုပြောပြော caravan လှည်းကြီး ခွေးဟောင်တာကို ဂရုမစိုက်မစိုက်ပဲ ခရီးဆက်သွားသလို၊ ခွေးဟောင်သာကို အရေးမလုပ်ပဲ သာမြဲတိုင်းတိုင်နေတဲ့ လမင်းလို ကျွန်ုပ် ရေးစရာရှိသည်များကို ဆက်ရေးရင်း ဆက်လက်ခရီးသွား နေရဦးမည် မဟုတ်ပါလား။





Read More...

Sunday, April 06, 2008

Visit To A Market













Read More...