Art is My Life

Thursday, October 20, 2011

Canon EOS-1D X

Canon ကနေ  EOS-1D X ကင်မရာကို လာမဲ့နှစ် March လကနေ စတင်ရောင်းချတော့မယ်လို့ ဒီနေ့ကြေငြာလိုက်ပါတယ်။  အခုထွက်မဲ့ အကင်မရာကတော့ 1D series ထဲကပါ။ ရောင်းဈေးကတော့ US of $6,800

1D series ဆိုတာ...... 

Canon ကင်မရာရဲ့ အမြင့်ဆုံး Series ပါ။ EOS 1D ကို ၂၀၀၁ ခုနှစ်မှာ စရောင်းခဲ့ပြီး 4 Mega pixel  ပဲရှိပါတယ်။ ဒါပေမယ့် Digital Camera ခေတ်ဦးမှာတော့ အဲဒီကင်မရာက ဆရာပေါ့လေ။ သူ့နောက်မှာတော့ 1Ds(2002), 1D Mark II (2004), 1Ds Mark II (2004), 1D Mark II N (2005), 1D Mark III (2007), 1Ds Mark III (2007), 1D Mark IV (2009) တွေမှာ ဈေးကွက်တင် ရောင်းချခဲ့ပါတယ်။ အခုလာမယ့် 2012 မှာတော့ 1D X ဆိုပြီး ထုတ်လုပ်ရောင်းချတော့မှာပါ။


ဒါကတော့ 1DX ရဲ့ အသေးစိတ်အချက်အလက်တွေပါ။

Type Single-lens reflex
Sensor 36 mm × 24 mm CMOS
Maximum resolution 18.1 Megapixels
Lens Interchangeable (EF)
Shutter Electromechanical carbon fiber focal-plane shutter. Selectable electronic 1st curtain shutter.
Shutter speed range 1/8000 to 30 sec. (1/3-stop increments), bulb, X-sync at 1/250 sec.
Exposure metering 100,000 pixel RGB sensor, 0-20 EV, 252-zones
Focus areas 61 AF points
Focus modes One-shot, AI Servo, Manual
Continuous shooting 14 fps JPEG with mirror locked up. 12 fps RAW, JPEG, RAW+JPEG.
Viewfinder Optical pentaprism
ASA/ISO range 100–51,200 in 1/3 stops. Simulations of ISO 50, 102,400 and 204,800.
Rear LCD monitor 3.2 inch 1,040,000-dot LCD
Storage Dual CompactFlash (Type I or Type II)
Battery LP-E4N lithium-ion battery pack
Made in Japan   







Read More...

Monday, October 10, 2011

ဘေဂျင်းသူတောင်းစားက သာမာန်သူဌေးထက် ချမ်းသာဆိုပဲ......

ဘေးဂျင်းမြို့ လမ်းဘေးတစ်နေရာမှာ တွေ့နေကျ သူတောင်းစားတစ်ယောက်ဟာ ထင်မှတ်မထားရလောက်အောင် ချမ်းသာနေတယ်လို့ Jiangxi Satellite TV စက်တင်ဘာလ သီတင်းတစ်ပုဒ်က ဆိုပါတယ်။ 

သူ့မှာ ကားလေးစီးနဲ့ ပိုင်ဆိုင်မှုပစ္စည်းတော်တော်များများ ရှိနေတယ်လို့ Jiangxi Satellite TV ကဆိုပါတယ်။

ယင်းသတင်းရဲ့ အဆိုရ သူဌေးသူတောင်းစားဟာ သူ၏ မိခင်၊ သားနှစ်ယောက်နှင့် အတူ တရုပ်နိုင်ငံရဲ့မြို့တော် ဘေကျင်းမြို့မှာ နေထိုင်ပါတယ်တဲ့။ မိခင်က ရွှေနဲ့ ကျောက်မျက်ရတနာတွေကို ၀တ်ဆင်ထားပြီး သားနှစ်ယောက်ကတော့ ဦးခေါင်းကနေ ခြေဖျားအထိ နာမည်ကြီး အသုံးအဆောင်တွေကို ၀တ်ဆင်ထားတယ်လို့ဆိုပါတယ်။ သူ့ဆီမှာ ပိုက်ဆံလာထည့်တဲ့ လူတွေထက် သူက ပိုပြီး ချမ်းသာတာ သေချာပါတယ်လို့ တီဗီက ဆက်ပြောပါတယ်။ 

သူ့ကိုတော့ Xidan ဒေသရဲ့ လမ်းတွေပေါ်မှာ လိုက်တောင်းနေတာကို မှာတွေ့ရပါလိမ့်မယ်တဲ့။ တရုပ်ပြည်က သူတောင်းစားမှ မဟုတ်ပါဘူး မြန်မာပြည်က သူတောင်းစားတွေကိုလည်း အထင်မသေးလိုက်ပါနဲ့။ ပြီးခဲ့တဲ့လပိုင်းက NLD ရုံးအရှေ့မှာတွေ့တဲ့ ကလေးတစ်ယောက်ကို မေးကြည့်လိုက်တာ တစ်နေ့ကို ခုနှစ်ထောင်လောက် ရတယ်တဲ့.... ကျွန်တော်တို့ လမ်းထဲက အဖိုးကြီးကတော့ တစ်သောင်းခွဲလောက်များ ရမလားမသိဘူး၊ ကျွန်တော် အကဲခတ်ကြည့်နေတာ သူ့ကို ထည့်တဲ့လူတွေက အနှိမ့်ဆုံး ငါးရာတစ်ထောင်ပဲ.......

Read More...

IPhone မှာ Slr Lens တွေတပ်ပြီးရိုက်ရအောင်



IPhone 4 အတွက် SLR lens Mount ပါ။  တန်ဖိုးကတော့၂၄၉ ဒေါ်လာပါ။ အခုလောလောဆယ်မှာတော့ Canon နဲ့ Nikon Lens တွေအတွက်ထုတ်ထားတာပါ။ Nikon Lens Mount မှာတော့ Nikon ကင်မရာမှာ တပ်လို့ရတဲ့ Lens အားလုံး တပ်လို့ရပါတယ်။ Canon Lens Mount မှာတော့ EF Lens( အနီစက်) တွေပဲ တပ်လို့မှာဖြစ်ပြီး EFS (အဖြူစက်) ပါတဲ့ Lens တွေ တပ်လို့ရမှာ မဟုတ်ပါဘူး။ 

Aperture 
Lens Aperture တစ်ခါတည်း တွဲပါတဲ့ Lens တွေသုံးမယ်ဆိုရင်တော့ Aperture ကို ချိန်လို့ရမှာဖြစ်ပေမယ့်၊ နောက်ထွက်တဲ့ Lens တော်တော်များများမှာ Lens Aperture မပါတော့ပါဘူး။ အဲဒီလို Lens မျိုးကို သုံးမယ်ဆိုရင်တော့ Lens Aperture သုံးလို့ရတော့မှာ မဟုတ်ပါဘူး။

Focus 
Focus ကိုတော့ SLR Lens Mount က Auto မလုပ်ပေးနိုင်ပါဘူး။ ဒါပေမယ့်  မြင်ရတဲ့ မြင်ကွင်းအတိုင်းကို IPhone မှာ ပါတဲ့ ကင်မရာက Auto Focus လုပ်နိုင်ပါတယ်။ ပိုပြီး Sharp ဖြစ်ဖို့ဆိုရင်တော့ Lens မှာ Manual ( ကိုယ့်လက်နဲ့ကိုယ်) ချိန်ပေးဖို့ လိုပါလိမ့်မယ်။



ဒါကတော့ ရေဘ၀ဲ ခြေထောက်ပေါ်မှာ တင်ထားတဲ့ IPhone




50 MM ခေါ် ၅၀ မမ ခေါ် Normal Lens  နဲ့ ရိုက်ထားတဲ့ အရုပ်ပါ




 400 MM 5.6 နဲ့ တွဲထားတာပါ








 Canon 50 mm 1.4 နဲ့ ရိုက်ထားတဲ့ စတော်ဘယ်ရီလေးတွေပါ




50mm Canon 1.4 ကို တပ်ပြနေတာပါ 



24 ~ 70 Canon 2.8 နဲ့ တွဲထားတာပါ 





400 mm Canon 5.6 ပါ 




Canon 24 70, F 2.8 နဲ့ 




Canon 50mm 1.4 နဲ့ ရိုက်ထားတဲ့ အရုပ်ပါ..





Read More...

Saturday, September 17, 2011

Nik Color Efex Pro


ဒီနေ့ ကျွန်တော် ပြောပြမှာကတော့ Nik Color Efex Pro လို့ခေါ်တဲ့ ဓာတ်ပုံပြင်တဲ့ ဆော့ဝဲ အကြောင်းဖြစ်ပါတယ်။ ဒီဆော့ဝဲကို Photo Shop နဲ့ တွဲပြီးသုံးရတာ ဖြစ်ပါတယ်။ အခုအချိန်မှာ Pro4 version အထိထွက်နေပါပြီ။ ဒါပေမယ့် ကျွန်တော့်ဆီမှာတော့ 3.0 version ပဲရှိပါသေးတယ်။ Pro 4 version ကို တွေ့ရင် ကျွန်တော် ထပ်ပြီး အပ်ဒိတ် လုပ်ပေးပါမယ်။ တကယ်လို့များ အဲဒီ ဘားရှင်းကို ရှိတဲ့လူ ရှိရင်လည်း ပြန်ရှဲပေးပါလို့ မေတ္တာရပ်ခံပါတယ်။ ပထဆုံးအနေနဲ့ NIK ကို ဒီနေရာကနေ ဒေါင်းလုပ်ပါ။ Install လုပ်နေတဲ့ အချိန်မှာ ဖိုတိုရှော့ကို ပိတ်ထားရပါမယ်။ အင်စတော လုပ်ပြီးတဲ့ အခါမှာ ဖိုတိုရှော့ကို ဖွင့်လိုက်ပါ။    

ဖိုတိုရှော့ထဲမှာ Nik ရဲ့ Tools ဘောက်လေးကို အခုလို မြင်နေရပါလိမ့်မယ်။


ပြီးရင် ကိုယ်ပြင်ချင်တဲ့ ဓာတ်ပုံကို ဖိုတိုရှော့ထဲမှာ ဖွင့်ပါ။ ဒါကတော့ ဘာမှ မပြုပြင်ရသေးခင် အနေထားလေးပါ အခုလို ဖွင့်ပြီးသွားတဲ့ အခါမှာ ဘေးနားမှာမှာရှိတဲ့ Nik Tools ဘောက်ထဲက နှစ်သက်ရာ တစ်ခုကိုကို ရွေးကြည့်ပါ။ 




 
 အခုလို ဘောက်လေး ကျလာပါလိမ့်မယ်။ ဘယ်ဘက်မှာ အနီနဲ့ ပြထားတာတော့ Nik Effects တွေရဲ့ နာမည်တွေပါ။ အစိမ်းလေးနဲ့ ပြထားတာတော့ Effects တွေကို မျိုးတူရာ တူရာ အုပ်စုလိုက် စုစည်းပေးထားတဲ့ ဘောက်လေးပါ။ ညာဘက်မှာ အပြာနဲ့ ပြထားတာတော့ Nik ကနေ အလိုလျှောက် လုပ်ပေးတဲ့ Effects တွေကို မိမိ အလိုရှိသလောက် အတိုးအလျှော့ လုပ်တဲ့ Function ပါ။ ပုံကို ဘယ်လို Effect နဲ့ ပြင်မယ် Effect amount ဘယ်လောက်ထိပေးမယ်ဆိုတာကတော့ မိမိပြင်မဲ့ ပုံ မိမိလိုအပ်ချက်ပေါ်မှုတည်ပြီး သင့်တော်ရာကို ကိုယ့်ဘာသာကိုယ် ရွှေးချယ်ရမှာပါ။ 



လောလောယ် ဒီပုံလေးကိုတော့ Colorize နဲ့ လိုက်ဖက်မယ်လို့ ထင်လို့ အဲဒါလေးကို ရွှေးလိုက်ပါပြီ။ အဲလို ရွေချယ်လိုက်တဲ့အခါမှာ ပုံတစ်ပုံလုံး အုတ်နီခဲရောင်ဖြစ်သွားတာကို တွေ့ရပါလိမ့်မယ်။



 
 ဘာဖြစ်လို့ လဲဆိုတော့ ၀ိုင်းပြထားတဲ့ နေရာလေးမှာ အုတ်နီခဲရောင်ဖြစ်နေလို့ပါ။  



အုတ်နီခဲရောင်ဟာ ဒီပုံနဲ့ မလိုက်တဲ့ အတွက်ကြောင့်မို့လို့ သူနဲ့ လိုက်ဖက်မယ် ထင်တဲ့ အစိမ်းရောင်းလေးကို ရွေးလိုက်ပါတယ်။ နောက်ပြီးတော့ amount ကို 100% ထားလိုက်ပါတယ်။ ဒီနေရာမှာ ဘယ်လောက် ရာနှုန်းထားရမယ်ဆိုတာတော့ ကိုယ်ရွေးတဲ့ အရောင် ကိုယ်ပြင်တဲ့ ပုံပေါ်မှာ မူတည်ပြီး လိုက်ဖက်တဲ့ ဟာကို မိမိဘာသာ ဆုံးဖြတ်ရမှာပါ။ 


 
 အခုလို အစိမ်းဖျော့ရောင်ကို အပေါ်ကနေ အုပ်လိုက်တဲ့ အတွက်ကြောင့် တစ်ပုံလုံး အခုလို စိမ်းစိမ်းကြီးဖြစ်သွားပါပြီ။ လူပုံပါ စိမ်းစိမ်းဖြစ်နေတာကို မကြိုက်ပါဘူး။ ဒါကြောင့် လူပုံပေါ်မှာ အုပ်ထားတဲ့ အစိမ်းရောင်တွေကို ပြန်နုတ်ပါမယ်။ 
                               
အဲလို နုတ်ဖို့ရာအတွက် ညာဘက်မှာရှိတဲ့ Control Point အနုတ်ကိုရွှေးပါ။ အဲဒီအနုတ်ရဲ့ ဆိုလိုရင်းကတော့ ဒီပုံမှာ ပြင်ထားတဲ့ Effect မသက်ရောက်ချင်တဲ့ နေရာတွေကို ပြန်နုတ်တာပါ။ ဘေးနားလေးက အပေါင်းကတော့ Control Point လိုက်မှတ်ပေးတဲ့ ဧရိယာကိုပဲ ပြင်မှာဖြစ်ပါတယ်။ 



 အဲဒီမှာ မိမိ စိတ်ကြိုက် လိုသလောက် ပွိုင့်လေးတွေ ပေးပါ။ ပွိုင့်ရဲ့ အရွယ်အစား ဧရိယာကိုလည်း မိမိစိတ်ကြိုက် သတ်မှတ်နိုင်ပါတယ်။ သူက select ဧရိယာအတွင်းမှာရှိတဲ့ ဗဟိုချက်နဲ့ အရောင်တူတွေ အားလုံးကို လိုက်နုတ်ပေးတာပါ။ 


ကိုယ်လိုတဲ့နေရာမှာ ပွိုင့်လေးတွေ လိုက်ပေးပြီး စိတ်ကြိုက်ဖြစ်ပြီဆိုရင် Ok နဲ့ ထွက်လိုက်ပါ။ 




ဒါကတော့ နောက်ဆုံး ဖိုင်နယ် ထွက်လာတဲ့ပုံပါ။ နောက်ဆုံး ဖိုင်နယ်ထွက်လာတဲ့ အခါမှာ အလင်းအမှောင် Level တွေကို ပုံပေါ်မှာ မူတည်ပြီး အနည်းငယ်တော့ ပြုပြင်ဖို့ လိုမှာ ဖြစ်ပါတယ်။




ဒါကတော့ ပြင်ပြီးပုံနဲ့ မပြင်ခင်ပုံ။ အကယ်၍ မရှင်းလင်းတာများ ရှိပါက soezeya@gmail.com ကို အီးမေးပို့မေးနိုင်ပါတယ်။ မသိတဲ့ အီးမေးအကောင့်တွေကို Gtalks မှာ Accept လုပ်လေ့ မရှိတာကြောင့် ဂျီတော့ကို အင်ဗိုက်လုပ်လို့ ရနိုင်မှာမဟုတ်ပါဘူး။ နောက်အပတ်ကျရင် အခုပြင်ထားပြီးသားပုံကို onone software သုံးပြီး မွန်းမံတဲ့ အကြောင်းကို ဆက်လက် တင်ပေးသွားပါမယ်။ 


စိုးဇေယျထွန်း
All Rights Reserved




Read More...

Tuesday, September 13, 2011

ကျိန်စာသင့်သူများ......

ဟိုရှေးရှေးတုန်းက ဗာရာသီပြည့်ရှင် အာသောက မင်းတရားကြီးဟာ ကမ္ဘာပတ်ပြီး စေတီပေါင်း ရှစ်သောင်းလေးထောင် ရေတွင်းပေါင်း ရှစ်သောင်းလေးထောင် ညောင်ပင်ပေါင်း ရှစ်သောင်းလေးထောင် စိုက်လှူသတဲ့။ အဲလို စိုက်လှူတဲ့ အကြောင်းကို နိုင်ငံတကာက သိရှိရလေအောင် သတင်းထောက်တွေကို လေယဉ်လက်မှတ်ခတွေ စပွန်ဆာပေးပြီးတော့ သူလှူခဲ့တဲ့နေရာတွေကို ခေါ်သွားတယ်တဲ့။

အဲလို ကမ္ဘာပတ်ခေါ်သွားပြီး အပြန်ခရီးမှာ အာသောက မင်းတရားကြီးက သတင်းထောက်တွေကို မိန့်သတဲ့။

“ငါလှူထားတာလေးတွေကို မင်းတို့ ဂျာနယ်ထဲမှာ ဆောင်းပါးလေးရေးပြီး သေချာ ထည့်ပေးပါကွာ၊ တစ်ချို့နေရာတွေမှာတော့ အားနည်းချက်တွေ ရှိလိမ့်မယ်။ အဲဒါကိုတော့ ထိန်းထိန်း သိမ်းသိမ်းလေး လုပ်ကြပေါ့”

ဒါပေမယ့် ဂျာနယ်ထွက်လို့ ဖတ်ကြည့်လိုက်တော့........ ဘယ်ဂျာနယ်ကမှ သူ့အကြောင်းကို အရေးလုပ်ပြီး မထည့်ဘူးတဲ့လေ။ အဲဒီတော့ အာသောက မင်းကြီးက ဘယ်လို တွေးလိုက်မိလဲဆိုတော့ သတင်းထောက်တွေကို လက်ဆောင် မပေးလို့ မရေးတာလား။ လက်ဆောင်လေး သွားပေးရင်တော့ ရေးကောင်းပါရဲ့ ဆိုပြီး ဒေါ်လာတွေကို စာအိတ်လေးထဲ ထည့်ပြီး သတင်းထောက်တွေကို သွားပေးတယ်တဲ့။

အဲဒီမှာ သတင်းထောက်က ဘာပြန်ပြောလဲဆိုတော့......
“ ခင်ဗျားက ဘုရင်လုပ်နေပြီး ရှိတ်စပီးယား ရေးတဲ့ စာနယ်ဇင်းကျင့်ဝတ်တွေ အကြောင်းမဖတ်ဖူးဘူး ထင်တယ်။ ကျုပ်တို့ကို ဒီလိုလဒ်ထိုးလို့ဘယ်ရမှာလဲ” လို့ ပြန်ပြောလိုက်တယ်တဲ့။

အဲဒီမှာ ဘုရင်ကြီးက ပြာပြာသလဲ တောင်းပန်ပြီး။ အဲလို မဟုတ်ရပါဘူး ကိုယ့်တော့်ရဲ့ အလှူကို နတ်လူသာဓုခေါ်နိုင်အောင်လို့ ဂျာနယ်မှာထည့်ဖို့ တောင်းပန်တာပါ။ ထည့်ဖြစ်အောင်တော့ ထည့်ပေးပါလို့တောင်းပန်ပြီး ပြန်လာခဲ့တယ်။

တစ်ပတ်အကြာမှာတော့.......

တစ်ချို့ဂျာနယ်တွေက လုံးဝ မထည့်ဘူး၊ တစ်ချို့ဂျာနယ်တွေက တိုတိုလေး ထည့်တယ်။ အလကားသက်သက် ပိုက်ဆံ ဖြုန်းတာပါ ဆိုပြီး တစ်ဂျို့ဂျာနယ်တွေက ရေးကြတယ်။ ထိန်းထိန်းသိမ်းသိမ်း ရေးပေးပါလို့ မှာထားတဲ့ ကြားက အဲလိုရေးတော့ အာသောက မင်းကြီးက ဖုသွားတယ်။

အဲဒါနဲ့ပဲ ဂျာနယ်တိုက်တွေကို ဖုန်းလှမ်းဆက်ပါရော.......
“ ဘာဖြစ်လို့ ဂျာနယ်ထဲမှာ မထည့်တာလဲ မင်းတို့ကို ခေါ်သွားရတဲ့ လေယဉ်လက်မှတ်က အလကားရတယ်များ မှတ်နေလား”
“ဘာဖြစ်လို့ တိုတိုလေး ရေးတာလဲ ”
“ငါဒီလောက် ကောင်းအောင် လုပ်ထားတာကို ဘာဖြစ်လို့ အပြစ်ပြောရတာလဲ”

“အေး ငါ့ရဲ့ သဘောထားကြီးမှု အပေါ်မှာ စော်ကားတဲ့ သတင်းထောက်တွေ ဖြစ်လေရာ ဘ၀မှာ အသေဆိုးနဲ့ သေပါစေ။ ငါပေးတဲ့ပိုက်ဆံကို သောက်ကြီးသောက်ကျယ် စကားတွေပြောပြီး မယူတဲ့ သတင်းထောက်တွေ ဖြစ်လေရာ ဘ၀မှာ မွဲပါစေ။ ငါပေးတဲ့ သတင်းစာ လွှတ်လပ်ခွင့်ကို အလွှဲသုံးစားလုပ်ပြီး ငါ့ကို အပြစ်ပြောတဲ့ သတင်းထောက်တွေ ဖြစ်လေရာ ဘ၀မှာ သတင်းစာ လွှတ်လပ်ခွင့်တွေ ဆုံးရှုံးပါစေ” ဆိုပြီး ကျိန်စာ တိုက်လိုက်တယ်........

သူကျိန်စာတိုက်ပြီး သိပ်မကြာခင်မှာ ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်ပြီး စစ်အတွင်းမှာ သတင်းထောက် ၆၈ ယောက် အသေဆိုးနဲ့ သေဆုံးခဲ့တယ်။ မရှေးမနောင်းမှာပဲ ဆက်တိုက်ဆိုသလို စစ်ပွဲတွေ တစ်ခုပြီး တစ်ခု ဖြစ်ပြီး ၁၉၅၅ ဗီယက်နမ်စစ်ပွဲမှာ သတင်းထောက် ၆၃ ယောက်သေဆုံးခဲ့တယ်။ ၂၀၀၃ ခုနှစ်မှာတော့ အီရတ်မှာ စစ်ဖြစ်ပြီး သတင်းထောက် ၂၁၅ ယောက်သေဆုံးခဲ့တယ်။

ပထမ ကြိမ်စာ သင့်ခံရသူတွေကတော့ ဥရောပနဲ့ အမေရိကားက သတင်းထောက်တွေဖြစ်ပါတယ်။ ဒုတိယနဲ့ တတိယ ကြိမ်စာသင့်ခံရတာတော့ နိုင်ငံတစ်ခုက သတင်းထောက်တွေပဲ။ ဘယ်နိုင်ငံက သတင်းထောက်တွေလဲ ဆိုတာတော့ ပြောတော့ဘူးနော် ကိုယ်ဘာသာကိုယ်ပဲ ဆက်လေ့လာပေတော့...........

Read More...

Monday, August 29, 2011

လေးနှစ်နီးပါးအကြာမှာ ပွင့်လာတဲ့ Blogspot

ဘလော့ဂ်ဆိုတာကို ၂၀၀၅ ခုနှစ်လောက်မှာ စပြီးကြားဖူးပါတယ်။ အဲဒီတုန်းကတည်းက ဘလော့ဂ်ကို စပြီးစမ်းရေးကြည့်ပါတယ်။ တကယ်တမ်း ပုံမှန်ရေးဖြစ်ခဲ့တာကတော့ ၂၀၀၆ ခုနှစ်နောက်ပိုင်းမှပါ။ ဘလော့ဂ်ကို ခရေဇီဖြစ်ပြီး ရေးလို့ကောင်းနေတုန်းရှိသေးတယ် ၂၀၀၇ စက်တင်ဘာလမှာ blogspot.com ကို အပိတ်ခံခဲ့ရပါတယ်။

မှတ်မှတ်ရရ အဲဒီနေ့က ကျွန်တော်တို့တွေ တာမွေဈေးနားလေးက အင်တာနက်ဆိုင်ထဲမှာပါ။ သူများတွေ လမ်းလျှောက်တာကို လိုက်ကြည့်ပြီး၊ ညနေပိုင်းအင်တာနက် သုံးတော့၊ သုံးနေတုန်း တန်းလန်းကြီးမှာပဲ Blogspot ကိုပိတ်သွားခဲ့တာပါ။

အခု ၂၀၁၁ ဆိုတော့ ရှေ့လဆိုရင် blogspot ကိုပိတ်တာ လေးနှစ်ပြည့်ပြည့်ပါပြီ။ လေးနှစ်မပြည့်ခင်လေးမှာ ပြန်ပွင့်လာတဲ့ အတွက် ၀မ်းသာမိပါတယ်။

Read More...

Sunday, November 21, 2010

ဆေးပေါင်းခတဲ့ည

ဆေးပေါင်းခတဲ့ ညဖြစ်သည်။ ဒီညသည် ကျွန်တော်တို့ ဒေသမှာဆိုလျှင် လူငယ်တွေအတွက် သူခိုးကြီးညဟုလည်း ခေါ်ကြသည်။ တစ်ချို့ အရပ်ဒေသ များတွင်တော့ လပြည့်ကျော် တစ်ရက်နေ့ကို သူခိုးကြီးညဟု ခေါ်ကြပြီး ကျွန်တော်တို့ အရပ် ကျွန်တော်တို့ ဒေသမှာတော့ လပြည့်ညသည် သူခိုးညဖြစ်သည်။

ကျွန်တော်တို့ ကလေးပေါက်စအရွယ် နှစ်တန်းသုံးတန်းလောက် တုန်းကတော့ အခုလို ညမျိုးဆိုရင် ဘယ်သူ့အိမ်က ဘာသွားခိုးလျှင် ကောင်းမလဲဟု သူငယ်ချင်းများ အချင်းချင်း ခေါင်းချင်းရိုက် တိုင်ပင်ခဲ့ဖူးကြသည်။ ထိုစဉ်က အသက်ကလဲ သိပ်မကြီးသေးသည့် အတွက် တစ်ကောင်တနွဲထိအောင်လဲ အိမ်အပြင်ထွက်လို့မရပေ။ ညရှစ်နာရီခွဲ ကိုးနာရီ လောက်ဆိုရင် အားလုံး အိမ်ပြန်ကြရမည်။ ထို့ကြောင့် ကျွန်တော်တို့ အိမ်မျက်နှာချင်းဆိုင်ရှိ သစ်စက်ဝင်းအတွင်းက ဘူးသီးတစ်လုံးကို ၀င်ခိုးလိုက်ကြသည်။ ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက် ဘူသီးကြီးကို ကမ္ဘာ့ဖလားပိုက်သလို တစ်ယောက်တစ်လှည့်စီ ပိုက်ပြီး ပျော်နေကြသည်။ အိမ်ပြန်ဖို့ အချိန်ရောက်တော့ ဘယ်သူယူရမည်မှန်း မသိ။ ဘယ်သူမှလည်းမယူချင်။ ဘူသီးကြီးယူလာပါက ဘယ်သွားတာလဲ ဘာလုပ်တာနဲ့ အိမ်မှာ အဆဲခံထိမည်ကို စိုးကြသည်။ နောက်ဆုံးတော့ လမ်းက ဖြတ်သွား ဖြတ်လာထဲက လင်မယားနှစ်ယောက်ကို ဘူးသီးကြီးကို ပေးလိုက်ပြီး ကျွန်တော်တို့ အိမ်ပြန်ခဲ့ကြသည်။

ကျွန်တော်တို့ ကိုးတန်းကျောင်းသား ရောက်တော့ ဒိုးပတ် တစ်လုံးကို ငှားပြီး ၀ါးလက်ခုပ်များ လုပ်ကာ သူငယ်ချင်း လေးငါးခြောက်ယောက် စုပြီး ရပ်ကွက်ထဲမှာ လိုက်တောင်းကြသည်။ ပိုက်ဆံ လာထည့်အခါတွင် အိမ်ရှင်နာမည်ကို မေးသည်။ ပြီးလျှင် အိမ်ရှင်နာမည်ကိုတပ်ပြီး ဦး... တို့မိသားစု ကျန်းမာပါစေ ချမ်းသာပါစေဟု အော်ကြသည်။ ထိုခေတ်က ငါးကျပ် တစ်ဆယ် ထည့်သည့်ခေတ် ဖြစ်သည်။ ငါးဆယ်တန် ထည့်သည့် အိမ်ဆိုလျှင် ထိုအိမ်ရှေ့မှာ အသံပိုကျယ်ကျယ် အော်ကြသည်။ ညဆယ်နာရီခွဲ လောက်ရောက်တော့ ကျွန်တော်တို့ တောင်းတာကို ရပ်လိုက်ကြသည်။ ထို့နောက် ရပ်ကွက်ထဲရှိသည့် ကြက်ရှိသည့် အိမ်တွင် ကြက်သွားဝယ်ပြီး သူငယ်ချင်းတစ်ယောက် အိမ်တွင် ကြက်သားကာလသားဟင်းချက်ပြီး ဘီအီးဖြင့် သောက်ကြသည်။ နောက်နေ့ မနက် စာရင်းချုပ်သည့်အခါ ဒိုးပတ်ငှားခ ပေးရန် ပိုက်ဆံ လိုနေသဖြင့် ပိုက်ဆံ တစ်ယောက် တစ်ရာ့ငါးဆယ်စီ ထပ်ထည့်လိုက်ရသည်။

နောက်ပိုင်း နှစ်များတွင်တော့ တန်ဆောင်တိုင်ညတွင် ဒိုးပတ်တီးပြီး မတောင်းဖြစ်တော့သည့်တိုင် သူငယ်ချင်းများနှင့်စုကာ ကြက်သားကာလသားဟင်း ချက်စားဖြစ်သည်။ ဆယ်တန်းအောင်ပြီးတော့ မုံရွာတွင် အဝေးသင် တက္ကသိုလ်တက်ရသည်။ မုံရွာတွင် အဝေးသင် သွားသည့်အချိန်တိုင်း တန်ဆောင်မုန်းလပြည့်ညနှင့် အမြဲတိုက်သည်။ မုံရွာတွင်လည်း သူငယ်ချင်းများနှင့် စုကာ ကြက်သားကာလသားဟင်း ချက်စားဖြစ်သည်။

အခုပြန်စဉ်းစားကြည့်တော့ တန်ဆောင်တိုင်လပြည့်တွင် ကြက်သားဟင်း ချက်မစားဖြစ်တာ တော်တော်ကြာသွားပြီ။ ရန်ကုန်ရောက်လာပြီး နောက်ပိုင်း တန်ဆောင်တိုင်ညဆိုတာကို သတိမထားမိလိုက်သည့် နှစ်များပင်ရှိသည်။ ပြီးခဲ့သည့်နှစ် တန်ဆောင်တိုင် တုန်းကတော့ တောင်ကြီးမီးပုံပျံပွဲ သွားကြည့်ဖြစ်သည်။ ဒီနှစ် တန်ဆောင်တိုင်တော့ ဘယ်ကိုမှ မသွားဖြစ်။ မနေ့က ရွှေတိံဂုံဘုရား သွားရင်း ဘုရားရဲများနှင့် အတက်မှာရော အဆင်းမှာပါ စကားများခဲ့ရသည်။ သူတို့ကပဲ အချိုးမပြေတာလား ကျွန်တော်ကပဲ အချိုးမပြေတာလားတော့ မပြောတတ်။ သေချာတာတော့ တစ်ယောက်ယောက်က အချိုးမပြေခြင်းဖြစ်သည်။ ထို့ကြောင့် ဒီနေ့လည်း ရွှေတိဲံဂုံဘုရားကို မသွားချင်တော့ပေ။

အခုအချိန်လောက်ဆိုရင်တော့ ကျွန်တော်တို့ နယ်က ရပ်ကွက်ထဲမှာ ဒိုးပတ်သံတွေ ဆူဆူညံညံနဲ့ ကိုကိုကာလသားတွေ ပိုက်ဆံ လိုက်တောင်းနေကြရော့မည်။ အခုတော့ ကိုးနာရီထိုးလျှင် ဆိုင်ပိတ်မည်ဟု အင်တာနက်ဆိုင်က ကောင်လေးက လာပြောနေပြီ။ ဒါကြောင့် ကျွန်တော့်ဇာတ်လမ်းကတော့ တိုးလို့တန်းနှင့် ဒီမှာပဲ စခန်းရပ်ရတော့မည်။ နောင်အလျှင်းသင့်မှ မနေ့ကရွှေတိံဂုံတွင် စကားများခဲ့ရသည့် အကြောင်းကို ဆက်ပြောပါတော့မည်။ အားလုံးပဲ ဆေးပေါင်းခတဲ့ ညလေး ဖြစ်ပါစေ.....

Read More...

Sunday, September 26, 2010

ကြိမ်ဖူးဟင်းချို





ငွေဆောင်ကမ်းခြေတွင် ဖြစ်သည်။ ဖော်ဖော်ရီလ အချိန်က နေ့လည် နှစ်နာရီထိုးခါနီးပြီ။ နေက တော်ပင်ပူပါသည်။ ကမ်းခြေတစ်လျှောက်မှာ ငါးပိုက်ဆွဲနေသည့် တံငါသည်များကို ကျွန်တော် နေပူပူထဲတွင် ဓာတ်ပုံလိုက်ရိုက်နေသည်။ ကမ်းခြေတွင် ပိုက်ဆွဲနေသူများကတော့ ဘယ်လိုရှိသည် မသိ ဓာတ်ပုံလိုက်ရိုက်နေသော ကျွန်တော်ကတော့ ချွေးသီးချွေးပေါက်များ ကျကာ တော်တော်ပင်ပန်းနေပြီ။

ကမ်းခြေတွင်ငါးပိုက်ဆွဲသည်က တခြားမြစ်ထဲချောင်းထဲမှာ ငါးပိုက်ဆွဲတာနှင့်မတူပေ။ တစ်မိုင်လောက်ရှည်သော ပိုက်ကြီးကို စက်လှေပေါ်တွင်တင် ကမ်းခြေတစ်လျှောက်တွင် ငါးအုပ်ကို လိုက်ရှာပြီး ငါးအုပ်တွေ့သည့်အခါမှ ပိုက်ကို ခြံစည်းရိုးဝိုက်သလို ငါးအုပ်ကို ၀ိုက်လိုက်ပြီး ကမ်းပေါ်ကို လူအင်အားဖြင့် တစ်ဖြည်းဖြည်းခြင်းဆွဲ တင်ခြင်းဖြစ်သည်။



ငါးပိုက်ကို ဆွဲတင်ရာတွင် အနည်းဆုံး အချိန် သုံးနာရီခန့်ကြာမြင့်ပြီး လူဆယ့်ငါးယောက် အယောက်နှစ်ဆယ်လောက် လူအင်အားသုံးက အဖြည်းဖြည်းချင်းကမ်းပေါ်ကို ဆွဲတင်ရခြင်းဖြစ်သည်။ ထိုသို့ တဖြည်းဖြည်း ဆွဲလာရင်းဆွဲလာရင်းဖြင့် ခြံစီးရိုးဝိုက်သလို ၀ိုက်ထားသော ပိုက်က တဖြည်းဖြည်းကျဉ်းလာပြီး နောက်ဆုံး ကမ်းပေါ်ရောက်သည့်အခါတွင် ပိုက်၏အကျယ်ဝန်းမှာ ငါးပေပတ်လည်ခန့်သာ ရှိတော့သည်။ ထိုအချိန်ကျမှ ပိုက်ထဲတွင်ပါလာသော ငါးများကို တင်းတောင်းများဖြင့် ကျုံးယူကြသည်။ ငါးများကို တင်းတောင်းဖြင့်ကျုံးပြီး သောင်ပြင်ပေါ်သို့ သယ်သွားကြသည်။ နေပူပူသောင်ပြင်ပေါ်တွင် ပိုက်များ ဖြန့်ခင်းပြီး ချက်ခြင်းနေပူလှန်းလိုက်သည်။



သောင်ပြင်ပေါ်မှာ ငါးများအား သူတို့နေပူလှန်းနေသည်ကို ဓာတ်ပုံရိုက်နေရင်း နေပူလှန်းသူများထဲတွင် ၀င်လုပ်ကူနေသည့် ကလေးတစ်ယောက် ရဲ့ခြေထောက်ကို သတိထားမိလိုက်သည်။ ကလေးမလေးက အသက်ရှစ်နှစ် ကိုးနှစ်အရွယ်လောက်သာ ရှိပြီး ခြေထောက်တွင် အမာရွှတ်များမှာ အစဉ်းလိုက် အစဉ်းလိုက်ဖြစ်နေသည်။ ကျွန်တော်က ဘာဖြစ်တာလဲလို့ မေးတော့ သူ့ဖေက ရခိုင်သံလား ထားဝယ်သံလား တော့မပြောတတ် ထိုကဲ့သို့ အသံဝဲ၀ဲဖြင့် နပေါက်မပါလို့လေ။ ပြောစကား ဆိုစကား နားမထောင်မလို့ရိုက်ထားတာ။ နားမှာ အပေါက်မပါတဲ့ ကလေးတွေက အဲလို ရိုက်ပေးမှရတယ်.. ဟုကျွန်တော့်ကို ပြန်ပြောသည်။



အဲလူကြီးစကား ဆုံးသွားတော့ ကလေးလေးရဲ့ ခြေထောက်ကို ကြည့်ပြီး ကျွန်တော်စဉ်းစားကြည့်မိသည် အဲလောက်ငယ်တဲ့ ကလေးလေး တစ်ယောက်ကို အမာရွှတ်တွေထင်သွားအောင် ရိုက်သင့်ရဲ့လား…..

ကျွန်တော်ကျောင်းက ပြန်လာပြီး ပုဆိုးလှဲတော့ ကျွန်တော့်အမက လှမ်းမေးသည် နင့်ခြေထောက်က အရာကြီးတွေက ဘာဖြစ်တာလဲတဲ့။ ကျွန်တော်ကတော့ ဘာမှမဖြစ်ပါဘူးဟု ခပ်အေးအေးပင် ပြန်ပြောလိုက်သည်။ အမက ထပ်မေးသည် နင်အရိုက်ခံထားရတာမဟုတ်လားတဲ့။ မဟုတ်ပါဘူး စက်ဘီးလှဲထားတာလို့ လိမ်ပြီး ကျွန်တော် အိမ်ပေါ်သို့ ပြေးတက်သွားလိုက်သည်။ အိမ်ပေါ်ရောက်တော့မှ ကျွန်တော့်ခြေသလုံးကို သေခြာပြန်ကြည့်လိုက်သည် ခြေသလုံးမှာ အရှိုးလိုက် အရှိုးလိုက် အညိုမဲစွဲနေသည်။ အဲဒီတုန်းက ကျွန်တော်ငါးတန်းနှစ်………

ကျွန်တော်တို့ ကျောင်းမှာ ကြိုသက် ဆိုသည့်ဘာသာရပ်တစ်ခုကို အလယ်တန်း ကျောင်းသားဘ၀က သင်ရသည်။ မြန်မာတစ်နိုင်ငံလုံးတွင် ကြိုသက် ဘာသာသင်ရသည့် ကျောင်းမှာ ကျောင်းငါးဆယ်ခန့်သာ ရှိသည်ဟု ဆိုသည်။ ကြိုသက် ဘာသာသည် ယေကျာင်္းလေးများအတွက် စိုက်ပျိုးရေး မွေးမြူရေး အခြေခံများကို သင်ကြားရသည်ဖြစ်ပြီး မိန်းကလေးများက အိမ်တွင်းမှု အခြေခံကိုသင်ရသည်။ မိန်းကလေးများ သင်ရသည့် ဘာသာနှင့် ယေကျာင်္းလေးများသင်ရသည့် ဘာသာက မတူပေ။

ထို့ကြောင့် ကြိုသက်ချိန်ရောက်ပြီ ဆိုလျှင် အခန်းနှစ်ခန်းပေါင်းကာ ယေကျာင်္းလေး သတ်သတ် မိန်းကလေး သတ်သတ် ပေါင်းပြီး သီးခြားစီသင်ရသည်။ ကျွန်တော်က ဘီခန်းကဖြစ်သည်။ ကြိုသက်ချိန်ရောက်ပြီ ဆိုလျှင် ဘီခန်းက မိန်းကလေးများက စီခန်းသို့သွား၍ စီခန်းမှ ယေကျာင်္းလေးများက ကျွန်တော်တို့ ဘီခန်းကိုလာပြီး စာသင်ရသည်။

ကျွန်တော်တို့ ကျောင်းမှာထုံးစံက အတန်းတိုင်း ဘုရားညောင်ရေအိုးနှင့် ဆရာ ဆရာမထိုင်သည့် စားပွဲပေါ်တွင် ဖန်ပန်းအိုလေး တစ်လုံးရှိသည်။ ၀ါစိမ်းနီပြာ အသင်းခွဲထားပြီး ယေကျာင်္းလေးများက အသင်းကျသည့်နေ့တွင် သောက်ရေ သွားခပ်ရသည်။ မိန်းကလေးများက အသင်းကျသည့်နေတွင် အခန်းကို တံမျှက်စီးလှဲပြီး ပိုက်ဆံစုကာ ဘုရားပန်းအိုးနှင့် ဆရာ ဆရာမ စားပွဲပေါ်က ပန်းအိုးလေးကို ပန်းထိုးပေးရသည်။

တစ်ရက်……..
ကြိုသက်ချိန် ရောက်တော့ မိန်းကလေးတွေက စီခန်းသို့ပြောင်းသွားပြီး စီခန်းက ယေကျာင်္းလေးတွေက ဘီခန်းသို့ ရောက်လာကြသည်။ ကြိုသက်ချိန်ရဲ့ ထုံးစံအတိုင်း စာသင်မည့်ဆရာက ရောက်မလာသေးပေ။ ထို အချိန်မှာ စီခန်းက စာလာသင်သည့် ကျောင်းသားများထဲမှ ဆရာဆရာမ စားပွဲနှင့် နီးသူများက စားပွဲပေါ်ရှိ ပန်းအိုးထဲက နှင်းဆီပန်းလေးများကို လက်ဖြင့်လှမ်းပြီး ပွင့်ဖတ်လေးတွေကို ခြွေကြသည် ။ စီခန်းက ယေကျာင်္းလေးတွေက ပန်းအိုးထဲက နှင်းဆီပန်းပွင့်ဖတ်လေးတွေကို အဲလို လှမ်းလှမ်းပြီးခြွှေချနေတာကို ကျွန်တော်တို့ ဘီခန်းက မိန်းကလေးတွေက ဘယ်လိုသိသွားမှန်းမသိ မိန်းကလေး နှစ်ယောက် ရောက်လာပြီး ပန်းတွေကို လာယူသွားသည်။ အဲလိုပန်းတွေကို ယူသွားချိန်မှာ ကျောင်းသားတွေက မယူတားရင်းက ၀ိုင်းလုကြသည်။

အတန်းကြီးလာမှသာ မိန်းကလေးတွေ ယေကျာင်္းလေးတွေက မျက်ထောင့်လေးတွေ ပေစောင်းပေစောင်းကြည့်ပြီး သူငယ်ချင်း အရမ်းခင်တယ်လို့ ဖြစ်သွားကြပေမယ့် ငါးတန်းခြောက်တန်း အရွယ်မှာတော့ ယေကျာင်္းလေးနဲ့ မိန်းကလေးသည် ရန်သူဖြစ်သည်။

အဲဒီတုန်းက ကျွန်တော်တို့ကလဲ ယေကျာင်္းလေးပီပီ ယေကျာင်္းလေး စိတ်ဓာတ်တိုင်း အတိုင်း ဘာလို့ ဒီလိုလာယူရမှာလဲဆိုပြီး ကျွန်တော်လဲ ယေကျာင်္းလေးတွေဘက်က ၀င်ပြီးပန်းတွေကို လုကူသည်။ အဲလို လုရင်းက မိန်းကလေးနှစ်ယောက်က ပန်းတွေကို လွှင့်ပစ်ထားခဲ့ပြီး ထွက်သွားသည်။ နောက်တော့ ကောင်မလေး တစ်ယောက်က ကြိုသက်ဆရာကို ငိုပြီးသွားတိုင်သည်။ ကျွန်တော်က သူ့ကျောကုန်းကို လက်သီးနဲ့ထိုးပါတယ်တဲ့။ အဲဒီတော့မှ ကြိုသက်ဆရာက ရောက်လာပြီး ကျွန်တော့်ကို အတန်းရှေ့ထွက်ရပ်ခိုင်းသည်။ အဖြစ်မှန်ကိုလဲ မမေး ဘယ်လိုဖြစ်ကြတယ်ဆိုတာလဲ မစုံစမ်း။ မင်းသူ့ကိုထိုးလားတဲ့ ကျွန်တော့်ကို လာမေးသည်။ ကျွန်တော်မှ မထိုးတာ ကျွန်တော်က မထိုးဘူးဆိုတော့။ လက်ထဲက ကြိမ်လုံးကို စားပွဲပေါ်ကို နှစ်ချက်သုံးချက်လောက် ရိုက်လိုက်သည်။ အဲလိုရိုက်လိုက်တော့ ကြွက်စီကြွက်စီ ပြောနေတဲ့ စကားတွေတိတ်သွားသည်။

အဲလိုတိတ်သွားတော့မှ….
အရှေ့ဆုံးမှာ ထိုင်နေတဲ့ ကျောင်းသားကို ကြိမ်လုံးကြီးပြပြီး မေးသည် ဒီကောင်မလေးကျောကုန်းကို သူက လက်သီးနဲ့သွားထိုးတယ်ဆို ဟုတ်လား ဆိုတော့ အဲဒီကောင်လေးက ဟုတ်ပါတယ်ဟု ဖြေသည်။ နောက်တစ်ယောက်ကို ထပ်မေးပြန်သည် နောက်တစ်ယောက်ကလဲ ဟုတ်ပါတယ်လို့ပဲဖြေသည်။ သူတို့ပြောတာ ဟုတ်တယ်တဲ့ မင်းဝန်ခံမှာလား ကြိမ်လုံးကြီးကို ပြပြီး ကျွန်တော့်ကို မေးသည်။ မင်းဝန်မခံဘူးဆိုရင် ကျောင်းထွက်ရမယ်။ ကျောင်းထွက်ပြီးရင်တော့ ဘူတာရုံမှာ ကူလီသာ ထမ်းနေပေတော့ဟု ပြောသည်။ မင်း ၀န်မခံပဲ ကျောင်းထွက်မှာလား ၀န်ခံပြီး အရိုက်ခံမှာလားတဲ့။

ကျွန်တော် ကျောင်းထွက်ရမှာတော့ ကြောက်ပါသည်။ ကျွန်တော် ငါးတန်းကျောင်းသားဘ၀က တွေးလိုက်မိသည်က ၀န်ခံလိုက်ရင် ရိုက်ခံရမည် ၀န်မခံရင် ကျောင်းထွက်ရမည်။ ကျောင်းတော့ မထွက်နိုင် အရိုက်ပဲ ခံတော့မည်ဟု ဆုံးဖြတ်ကာ ကျွန်တော် တကယ်မထိုးခဲ့ပေမယ့်လည်း ထိုးပါသည်ဟု ပြောလိုက်တော့သည်။ ၀န်ခံလိုက်ပြီဆိုတော့ စတိတ်စင်ပေါ်တက်ခိုင်းပြီး ပုဆိုးကို ဒူးခေါင်းထိ လှန်ခိုင်းသည်။ ပြီးတော့ လက်ညိုးလောက်ရှိသော ကြိမ်လုံးဖြင့် ခြေသလုံးကို ငါးချက်လွှဲရိုက်သည်။

ဆယ်နှစ်သားအရွယ်မှာ လူကြီးအားဖြင့် လွှဲရိုက်ခံရသော ငါးချက်သည် တော်တော်နာသည်။ ကျွန်တော်ငိုချင်သည် ဒါပေမယ့် မငိုမိအောင် မျက်ရည်ကိုထိမ်းထားလိုက်သည်။ စာသင်ခန်းထဲမှာ ဒီတိုင်းကြိတ်ထိုင်နေပြီး အိမ်ပြန်ခဲ့လိုက်သည်။ ရိုက်ရိုက်ခံရခြင်းနေ့က ခြေသလုံးမှာ အစဉ်းစဉ်းတွေ အပိန့်အပိန့်လိုက် အပိန့်လိုက် ဖြစ်နေပြီး အရေခွံများ ပွန်းကာ တစ်ချို့နေရာမှာ သွေးနည်းနည်းစို့နေသည်။ နောက်နေ့ရောက်တော့ အစင်းတွေ ပျောက်သွားပေမယ့် အညိုမဲစွဲပြီး ကျန်ရစ်ခဲ့သည်။

ကျွန်တော်တို့နိုင်ငံ ကျွန်တော်တို့လူမျိုးမှာ အခုအထိ အရိုးစွဲနေကြတာက အိုးကောင်းတစ်လုံးဖြစ်လာအောင် နာနာရိုက်ရတယ် နာနာရိုက်မှ အိုကောင်းတစ်လုံးဖြစ်လာမယ်။ ဒါကြောင့် ကလေးတွေကိုလဲ လိမ္မာစေချင်ရင် နာနာရိုက်ရမယ်။

ကျွန်တော်တော်စောစောက ပြောပြသွားတာက ကျွန်တော်တွေ့ကြုံခဲ့တဲ့ ဖြစ်ရပ်။ ကျောင်းတွေ ကျောင်းတွေမှာ မိမိဘတွေ မိဘတွေမှာ ကျွန်တော်တွေ့ကြုံခဲ့တဲ့ ဖြစ်ရပ်ထက် ဆိုးအောင်ရိုက်တာတွေ ဘယ်လောက်တောင် ရှိနေမလဲ။ ဘယ်လောက် ရှိနေမလဲ ဆိုတော အတိကျမသိပေမယ့် အရွယ်နဲ့ မမျှအောင် ရိုက်ခံနေကြ ရတာတွေ ကတော့ သေချာပေါက်ရှိမှာပါ။

ကျွန်တော်တို့ ငယ်ငယ်ကဆိုလျှင် တစ်ချို့မိဘများက အရိုက်ကြမ်းသည်ဆိုသော ကျူရှင်များမှာပင် ရွှေးထားသည်ကိုတွေ့ဖူးပါသည်။ ကျွန်တော်တို့လဲ ထိုကျူရှင်တွင်ပင်တက်ရပါသည်။ ဒီနေ့ မီးနင်းတွေ အလွှတ်ကျက်ခဲ့။ နောက်နေ့ စာမေးလို့ တစ်လုံးမရလျှင် သစ်သားပေတံဖြင့် တစ်ချက်ရိုက်သည်။ တစ်ခါတစ်ရံတွင် ရိုက်ရင်းဖြင့် ထင်းရူးသစ်သားပေတံ ကွဲသွားသည်ကိုပင် ကြုံခဲ့ဖူးသည်။ ဒါပေမယ့် စာညံ့တဲ့ကလေးကတော့ အရိုက်ခံရလွှန်းလို့ ကျူရှင်ပြေးချင်စိတ်တာ ဖြစ်လာသည် စာကတော့ တော်မလာပါ။

ငယ်ရွယ်စဉ်ကာလမှာ အထိုက်အလျှောက် ရိုက်သင့်သည်ဆိုတာကို လက်ခံကောင်း လက်ခံလို့ရနိုင်ပေမယ့် အရွယ်နဲ့မမျှအောင် အလွန်အကျွံရိုက်တယ်ဆိုတော့ ဖြစ်သင့်သည်ဟုမထင်ပါ။ အဲလို အရွယ်နဲ့မမျှအောင် ရိုက်လိုက်တော့ရော အဲဒီကလေးက နားလည်သွားလား။ အဲဒီကလေးက တကယ်လိမ္မာသွားလား…..

အဲလိုစဉ်းစားနေရင်း ကြည်ဖြူသျှင် အမေရိကားမှာ ဆုရသည့် ၀သုန်ရဲ့ ကောက်ကြောင်း ၁၅ မိနစ်စာ မှတ်တမ်း ရုပ်ရှင်ထဲမှာ ပန်းချီဝသုန် ပြောသွားတာ သွားသတိရလိုက်သည်။ ကျွန်တော့်ကလေးတွေကို တစ်ခါမှ မရိုက်ဖူးဘူး မယုံရင်မေးကြည့်ပါလား။ ကျွန်တော်ငယ်ငယ်က အရိုက်ခံရတယ်။ အဲလိုအရိုက်ခံရရင် ကျွန်တော် အရမ်းစိတ်ဆိုးတယ်။ ပြီးတော့ ကလေးဆိုတာ ရိုက်တိုင်းလည်း လိမ္မာတာမှမဟုတ်တာတဲ့….

တစ်ချိန်ကျရင် ကျွန်တော့်မှာရော မိတ်ဆွေတို့မှာပါ ကလေးတွေ ရှိလာပေလိမ့်မည်။ တစ်ချို့ဆိုလျှင် အခုကတည်းက ရှိနှင့်ပြီးသား ဖြစ်နေပေလိမ့်မည်။ အဲဒီအချိန်ကျရင် ကလေးတွေကို ကြိမ်ဖူးဟင်းချို လို့ တင်စားခေါ်တဲ့ ကြိမ်လုံးကြီးနဲ့ ကိုယ်လိုရာပုံကို ရိုက်သွင်းတဲ့ brainwash နည်းလမ်းကို ဆက်လက်သုံးသွားကြ ဦးမှာလား.......





Read More...

Tuesday, September 21, 2010

အကြော်သည် ကုလားမင်း အပိုင်းနှစ်

အပိုင်း တစ်မဖတ်ရသေးရင် ဒီကို ကလစ်ခေါက်လိုက်

အဲဒီလိုနဲ့ အကြော်သည်ကုလား ဘုရင်ရဲ့ ဆမူဆာကြော်ကြော်တဲ့ ပရိုဂရမ်တွေဟာ ဗယာကြော်နသီ ပြည်နယ်က တီဗီလိုင်းတွေမှာ ပါပြီးတဲ့အခါမှာ သူကျေနပ်ပြီး အပျော်ကြီး ပျော်နေတာပေါ့လေ။

တစ်ရက်ညီလာခံမှာ အမတ်ကြီးတပါးက အကြော်သည်ကုလား မင်းကို လျှောက်တင်တယ် အရှင်ဘုရား ဘုရင်ဖြစ်တာ တစ်ပတ်ရှိပြီ တိုင်းပြည်ရဲ့ ယိုယွင်းနေတဲ့ စီးပွားရေးတွေကို ပြုပြင်ဖို့လဲ နှလုံးသွင်းတော်မှုပါဦးပေါ့။ အဲဒီတော့ အကြော်သည်ကုလားမင်းက ဘာပြန်ပြောလဲ ဆိုတော့ ငါက အခုမှ ဘုရင်ဖြစ်တာ တစ်ပတ်ပဲ ရှိသေးတယ် အိုဘားမားဆိုရင် တစ်နှစ်ကျော်နေပြီ ဘယ်မှာလဲ အမေရိကန်စီးပွားရေး ပြန်ကောင်းသေးလို့လား လို့ဆိုပြီး စေဒက ပြန်တက်ပါတယ်။

အဲဒီတော့ အမတ်ကြီးက ဘာပြောလဲဆိုတော့ အရှင်ဘုရား ဒီလိုနေလို့တော့ မဖြစ်ဘူး ဘာပဲ ဖြစ်ဖြစ် လူရှိန်အောင်တော့ စီးပွားရေးလုပ်ငန်းရှင်တွေ ခေါ်ပြီး အစည်းဝေးလုပ်ရမယ် လို့ ပြန်ပြောတယ်။ အဲဒီတော့ အကြော်သည်ကုလားက ခဏစဉ်းစားပြီး စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အစည်းဝေးလုပ်ဖို့ သဘောတူလိုက်တယ်…..

အဲဒီစီးပွားရေး ညီလာခံကို တက်ရောက် လာကြာတာကတော့ သူဌေးကြီး အနိစ္စဦးဆောင်တဲ့ လုပ်ငန်းရှင်အဖွဲ့ပါ။ ဒီနေရာမှာ သူဌေးကြီးအနိစ္စနဲ့ စပ်လင်းပြီး ပြောပြရရင်တော့ သူကလဲ နယ်နယ်ရရတော့ မဟုတ်ဘူး မျိုးနဲ့ ရိုးနဲ့ ကုန်သည်တွေလေ။ သူ့နာမည်ကို ပေးခဲ့တာတော့ သူ့ဖေ သူဌေးကြီး အနာပလပွက ပေးခဲ့တာ။ သူသားလေး မွေးတဲ့အချိန်မှာ သူ့သားလေးကို နာမည်ပေးချင်တယ်။ အားလုံးသိကြတဲ့အတိုင်းလေ လူဆိုတာ နာမည်နဲ့လိုက်ပြီး ကံကြမ္မာက ပြောင်းလဲတတ်တယ်လို့ အယုံအကြည်ရှိကြတာကိုး။ အဲဒီတော့ သူ့သားလေး နာမည်ကို အနိစ္စလို့ပေးလိုက်တယ်။

ဘာကြောင့်လဲဆိုတော့ လောကမှာ ဘယ်အရာမှာ မတည်မြဲတဲ့ မမြဲခြင်းတရားဆိုတဲ့ နိရာမရှိတယ်။ ဘယ်အရာမှ မတည်မြဲဘူးလေ။ ဒါပေမယ့် မမြဲခြင်းတရားကတော့ အမြဲတမ်းတည်မြဲနေတယ်။ ဒါကြောင့် သူ့သားလေးကို အမြဲခြင်းတရားလို အမြဲတမ်းတည်မြဲ နေပါစေလို့ ရည်စူးပြီး သူ့သားလေးကို အဲလို နာမည်ပေးလိုက်တာ။ ဒါက သူဌေးကြီး အနိစ္စအကြောင်းပါ။

စောစောကဟာကို ပြန်ဆက်ရမယ်ဆိုရင်တော့ သူဌေးကြီး အနိစ္စဦးဆောင်တဲ့ ကုန်သည်တွေက ညီလာခံမှာ ရောက်နေကြပြီပေါ့လေ။ ဒါပေမယ့် အကြော်သည်ကုလားက ဘာပြောရမှန်းမသိဘူး။ ဒါပေမယ့် ဘုရင်လုပ်နေပြီဆိုမှတော့ ဟန်ကိုယ့်ဖို့ ဆိုတဲ့အတိုင်း သိက္ခာကျတော့ မခံဘူးလေ။ သူဌေး အနိစ္စကိုမေးတယ် မင်းဘာလုပ်ငန်း လုပ်လဲ တစ်နှစ်ကို ဘယ်လောက် ရင်းနှီးမြုတ်နှံပြီး အမြတ်ဘယ်လောက်ရလဲပေါ့။

သူဌေး အနိစ္စက စဉ်းစားတယ်။ ငါ့လုပ်ငန်းကို မေးတာ ဘယ်လောက်ရင်းနှီးမြှပ်နှံတာက ပြောလို့ရပါတယ်။ ဒါပေမယ့် ရှော့ရှိတာက အမြတ်ငွေ။ ဘာဖြစ်လို့လဲဆိုတော့ အမှန်တိုင်းပြောရင် အခွန်တွေ အမှန်တိုင်း ဆောင်ရမှာစိုးတာကိုး။ အဲဒီတော့သူက လျှော့ပြောမယ်လို့ စဉ်းစားပြီ။ ကျွန်တော်မျိုးကြီးက ကွန်ပျူတာ OS ဆော့ဝဲတွေ ထုတ်ပါတယ်။ ရင်းနှီးမြှမ်နှံမှုကတော့ ရေပေါ် ကုဋေ လေးဆယ် လေပေါ် ကုဋေလေးဆယ် ရှိပါတယ်ဘုရား။ အမြတ်ငွေကတော့ တစ်နှစ်ကို တစ်ကုဋေမြတ်ပါတယ်လို့ တင်လျှောက်လိုက်တယ်။

အဲဒီတော့ အကြော်သည်ကုလားမင်းက ထပ်မေးတယ်။ တခြားကုန်သည်တွေရဲ့ လုပ်ငန်းတွေရော ဘယ်လောက်မြတ် ကြလဲဆိုတော့။ သူဌေးကြီးအနိစ္စက တခြားကုန်သည်တွေလဲ အခွန်သက်သာပါစေ ဆိုတဲ့ စေတနာနဲ့ တခြားလုပ်ငန်းတွေရဲ့ အမြတ်ငွေဟာလဲ ကျွန်တော့်လိုပါပဲ တစ်နှစ်ကို ရင်းနှီးမြှတ်နှံမှုရဲ့ ရှယ်ဆယ်ပုံ တစ်ပုံပဲ မြတ်ပါတယ်။လို့ ပြန်လျှောက်တယ်။

အဲဒီတော့ အကြော်သည်ကုလားက ဟုတ်လား ဒါဆိုရင် မင်းတို့တွေအားလုံး ဗယာကြော်စက်ရုံ တည်ဆောက်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗယာကြော်က ကုလားပဲ တစ်ပိတာကို နှစ်ထောင်ဝယ်ပြီး အကြော်ကြော်ပြီး ပြန်ရောင်းရင် တစ်သောင်းရတယ်။ ဆီဖိုးနဲ့ မီးသွေးဖိုး နုတ်လိုက်ရင် စားပြီးသောက်ပြီး အသားတင် ခြောက်ထောင်လောက် ကျန်တယ်။ ငါတို့ တိုင်းပြည်ရဲ့ GDP တိုးတက်စေဖို့ တစ်နိုင်ငံလုံးက စီးပွားရေး လုပ်ငန်းရှင်တွေ ဗယာကြော်စက်ရုံ မဖြစ်မနေ ဆောက်စေ။ တတ်နိုင်တဲ့လူက တတ်နိုင်သလို ဗယာကြော်စက်ရုံကြီးတွေ ဆောက်ဖို့ မြေနေရာတွေ ချထားပေးမယ်။ မတတ်နိုင်တဲ့လူက မတတ်နိုင်သလို နိုင်သလောက် အိုးလေးနဲ့ မဖြစ်နေမနေ ကြော်ရမယ်။ ဒါငါတို့ ဗယာကြော်နသီ ပြည်ကြီးရဲ့ GDP တိုးတက်ဖို့ပဲ။ လို့ မိန့်လိုက်တယ်။

အဲဒီမှာ သူဌေးကြီး အနိစ္စက အဖြစ်နိုင်ပါဘူး အရှင်မင်းကြီး မဖြစ်နိုင်.... လို့ ဆိုကာရှိသေးတယ်။ တော်တန်တိတ် အနိစ္စ ရှာမရှည်နဲ့ ။ မင်းလုပ်ရင် မလုပ်ရင်လဲ နေ မင့်သဘောပဲ။ တစ်ခုတော့ ရှိတယ် မင်းမလုပ်ဖူးဆိုရင် မင့်ကုမ္မဏီ ထုတ်ကုန်အားလုံးကို ၁၀၀% အခွန်ကောက်ပြီး မင့်ပြိုင်ဖက် ထုတ်ကုန်တွေကို အခွန်ကင်းလွှတ်ခွင့်နဲ့ ထုတ်ပေးလိုက်မယ် ဘာမှတ်လဲ ဆိုပြီး အကြော်သည်ကုလားမင်းက ပြန်ပြောလိုက်တယ်။

အဲဒီတော့ သူဌေးကြီး အနိစ္စကလဲ ဘာပြန်ပြောလဲဆိုတော့ ဒါလိုလဲ ကျွန်တော်မျိုးကြီး ဆောင်ရွက်ပေးပါမယ်။ ဒါပေမယ့် ကျွန်တော်မျိုးကြီးကို ပါမစ်တစ်ခုတော့ ပြန်ပေးရမယ်။ အဲဒီတော့ အကြော်သည်ကုလားမင်းက ဒါဆိုလဲ ရတယ်လေ မင့်ကို ငါတို့ တပြည်လုံးမှာ ရှိတဲ့ ဆိုက္ကားတွေကို မီတာ တပ်ခွင့်လိုင်စင်ချပေးမယ်လို့ မိန့်လိုက်တယ်။

အဲဒီတော့ အနိစ္စသူဌေးက ဘာပြောပြန်ပြောမယ်။ အရှင်မင်းကြီး စဉ်းလဲစဉ်းစားပါဦး ဘယ်သူက ဆိုက္ကားကို မီတာနဲ့စီးမှာတုန်းဗျ။ တပ်လဲ ငတပ်ပေါ့ ဘယ်သူမှမစီးဘူး ဘုရင်ကြီးကို ပြန်ပြောတယ်။ အဲဒီတော့ အကြော်သည်ကုလားက ငတုံးရဲ့ ဆိုက္ကားမီတာ တပ်ရင် ဘယ်သူမှ မီတာနဲ့ မစီးတာ နင်ပြောမှလား ကလေးပေါက်စတောင် သိတယ်။ စီးတာ မစီးတာ မင့်အပူပါလို့လား။ ပါမစ်ယူမှာလား မယူဘူးလား မယူချင်နေ သူများပေးလိုက် မယ် ဆိုတော့။ သူဌေးကြီးကလဲ ယူပါမယ် ယူပါမယ်လို့ ခေါင်းကို တွင်တွင်ငြိမ့်လိုက်တယ်........

နောက်တစ်ရက်ဆက်ဖတ်ရန်.....

Read More...

Sunday, September 19, 2010

ဗယာကြော်နသီ ပြည့်ရှင် အကြော်သည်ကုလားမင်း

တရံရော အခါက ဗယာကြော်နသီ ပြည်နယ်မှာ အကြော်သည် ကုလားကြီးက မင်းလုပ်ပြီး အုပ်ချုပ်တယ်တဲ့...။ ဗယာကြော်နသီ ပြည်နယ်က ဘုရင် အကြော်သည် ကုလားကို မိတ်ပေးရမယ် ဆိုရင် သူဘုရင် ဖြစ်လာပုံကလဲ သိပ်ဆန်းတယ်ကိုး။
ရှေးခေတ် ရှေးကာလကတော့ ဘုရင်ကို သတ်နိုင်ရင် မင်းဖြစ်တဲ့ ဓလေ့ထုံးစမ်း ရှိလေတာကိုး။ အကြော်သည် ကုလား မတိုင်ခင် ဘုရင်က ဓားလှန် လေးမြှားလက်နက် ဓါဏ် အကုန်ပီးတယ်ဆိုပဲ။ သူ့ကို ဘယ်လိုမှ လုပ်ကြံ သတ်ဖြတ်လို့ မရနိုင်ဘူး။

တစ်ခါဆိုရင် ရောမက စစ်သည်သိန်းချီပါတဲ့ စစ်တပ်ကြီးတစ်ခု ချီတက်လာတုန်းက သူတစ်ယောက်တည်း သွားချတယ်။ စစ်တပ်နဲ့ မျက်နှာချင်း ရောက်ပြီဆိုတာနဲ့ ပုဆိုးချွတ်ပြီး လိုက်ရမ်းလိုက်တာ ရောမစစ်တပ်ကြီး အကုန်လုံး ကစဥ့်ကလျှား ထွက်ပြေးသွားကြရတယ်။ တစ်လွှဲ မတွေးပါနဲ့ ပုဆိုးကို လက်နဲ့ ကိုင်ပြီး တရုပ် သိုင်းကားထဲက လို လိုက်ရမ်းတာ။

အဲ လို ရဲ ရဲ တောက်ဘုရင်ကြီး ဒုတ်ပီး ဓားပီး လှန်ပြီး ဘာလက်နက်နဲ့မှ သတ်လို့မရဘူး။ တစ်ရက်မှာ အကြော်သည်ကုလားရဲ့  ပဲ အသိုးတွေနဲ့ လုပ်ထားတဲ့ ဗယာကြော်ကို စားမိရကာ ၀မ်းလျှောပြီး အဲဒီဘုရင်ကြီး မူလီရွာ စံ အိုင်တော်ကုန် သွားတယ်။ အဲဒါကြောင့် အကြော်သည်ကုလားက အော်တိုမစ်တစ် ဘုရင်ကြီး ဖြစ်လာရတာပေါ့။

အဲလိုနဲ့ အကြော်သည်ကုလား ဘုရင်ဖြစ်လာချိန်မှာ ပထဆုံး ညီလာခံတစ်ခုကို သူကျင်းပလိုက်တယ်။ အဲဒီညီလာခံမှာ အရေးကြီးဆုံး အချက်တစ်ချက်ကို ပြောစရာရှိတယ်တဲ့။ အဲဒါနဲ့ပဲ နိုင်ငံခြား သွားနေတဲ့ ၀န်ကြီးတွေ အမတ်ကြီးတွေ အားလုံး ပြန်လာပြီး သူ့ရဲ့ ပထဆုံး ညီလာခံကို လာတက်ကြရတယ်။ ပထဆုံး သူ့ရဲ့ ညီလာခံမှာ သူက ဘာပြောလဲဆိုတော့ ဗယာကြော်နသီ ပြည်မှာရှိတဲ့ TV ချယ်နယ်လိုင်း အားလုံးမှာ အကြော်ကြော်ပြတဲ့ အစီစဉ်ကို မဖြစ်မနေ ထည့်သွင်းရမယ်တဲ့။ ပြီးတော့ အဲဒီမှာ သူကိုယ်တိုင် သရုပ်ဆောင်မယ် ဆိုပဲ။

အဲဒီတော့ အမတ်ကြီးတွေက ထောက်ပြကြတယ် မလုပ်ပါနဲ့ မင်းကြီး ကျွန်တော်တို့ ရာဇ၀င်မှာ ၀န်ကြီးချုပ်တစ်ပါး TV ရဲ့ အစားသောက် ပရိုဂရမ်မှာ ထမင်းဝင်ချက်ပြလို့ အလုပ်ဖြုတ်ခဲ့ဖူးပါတယ်။ ဥပဒေအရလဲ ခွင့်ပြုမထားပါဘူး ဆိုတော့၊ ဗယာကြော်ကုလားက ဘာပြောတယ်မှတ်လဲ ဟဲ့ အမတ်ကြီး ဥပဒေမှာ ထမင်းမချက်လို့ပဲ ပါတယ် အကြော်မကြော်ရလို့မပါဘူး တဲ့လေ။ ပြောပြောဆိုဆိုပဲ ကင်မရာ မင်းတွေ ချက်ခြင်း ဆင့်ခေါ်ပြီး ညီလာခံ အလယ်မှာ စမူဆာ ကြော်နည်းကို ကိုယ်တိုင် သရုပ်ဆောင်ပြီး ရိုက်ပြပါတော့တယ်.....

နောက်တစ်ရက် ဆက်ဖတ်ရန်.....

Read More...