Art is My Life

Monday, July 27, 2009

မြွေပွေးသားပေါက် ၁

သံယောဇဉ်ဆိုတာ သန်းဥတွေလိုပဲ၊ ပွားတာမြန်တယ်။ အချစ်ဆိုတာတော့ သန်းပေါ့၊ လူကို ယားယံစေတယ်။
သံယောဇဉ်ဆိုတဲ့ သန်းဥကနေ အချစ်ဆိုတဲ့ သန်းကောင်တွေ ပေါက်တယ်။ အချစ်ဆိုတဲ့ သန်းကောင်တွေက သံယောဇဉ်ဆိုတဲ့ ဥတွေကို ထပ်ထပ်ပြီးဥချတယ်။ ဥလိုက် ပေါက်လိုက် ယားလိုက် ကုတ်လိုက်၊ အဲဒီလိုနဲ့ လုံးချာပတ်ချာလိုက်ပြီး လူကို ဘေးဥပါဒ် ဖြစ်စေတယ်။

(စိုးဇေယျထွန်း)

Read More...

Saturday, July 25, 2009

လွမ်းကဗျာ

နင်မရှိတဲ့မိုးရာသီဟာ
ငါ့ရင်ဘတ်ပေါ်ကို အလွမ်းတွေတ၀ုန်းဝုန်းရွာချတယ်

အလွမ်းတွေရွာချလို့
တိုးလျှိုပေါက်သွားတဲ့ နှလုံးသားကို
အလွမ်းကဗျာတွေနဲ့ ဖာထေးလို့မရနိုင်တော့ဘူးဆိုတာ
သိလိုက်ရချိန်မှာတော့
နင်က ဟိုးအဝေးမှာ ......

တကယ်တော့
အလွမ်းကဗျာဆိုတာ အတောင်ပံမပါတော့လည်း
နင့်ဆီရောက်အောင်တော့ ဘယ်ပျံနိုင်မှာလဲလေ


အလွမ်းကဗျာတွေ မပျံနိုင်ပေမယ့်
နင်ပြန်လာတဲ့တစ်နေ့မှာ ဒီကဗျာတွေ့ရင်
ငါဘယ်လောက်လွမ်းခဲ့ဆိုတာ
နင်သိမှာပါ

စိုးဇေယျထွန်း

Read More...

Saturday, July 18, 2009

ပိုင်ဆိုင်မှုတွေဆုံးရှုံးခြင်း

ပိုင်ဆိုင်ခွင့်မရခြင်းကြောင့် ခံစားရတာထက် ပိုင်ဆိုင်ပြီးမှ ဆုံးရှုံးသွားတဲ့အခါမှာ ပိုပြီးခံစားရတယ် ..........


ဒီလိုရယ်ပါ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ ကျွန်တော် ၂၀၀၉ ဧပြီလလောက်အထိ ရိုက်ခဲ့သမျှ ပုံတွေကို သိမ်းထားတဲ့ စီဒီအယ်ဘမ်လေး ပျောက်သွားတယ်။ ဒါရောဆိုရင် ကျွန်တော်ဒေတာတွေ ဆုံးရှုံးဖူးသွားတာ နှစ်ကြိမ်ရှိသွားပါပြီ။ ပထဆုံး အကြိမ်တုန်းကတော့ သူငယ်ချင်းတစ်ယောက်ရဲ့ ကွန်ပျူတာထဲမှာ သိမ်းထားတာပါ။ သူ့ကွန်ပျူတာကို အိမ်ပြန်ယူသွားပါတယ်။ သူ့အိမ်က လာယူတဲ့အချိန်မှာ ဒေတာတွေယူနေရင် စောင့်နေရမှာ စိုးတာကြောင့် ဒီတိုင်းပေးလိုက်ပါတယ် နောက်နေ့မှ လာယူမယ်ပေါ့။ ဒါပေမယ့် ကျွန်တော်လည်းတော်တော်နဲ့ သွားမယူဖြစ်ဘူး။ သုံးလလောက်ကြာမှ သွားယူတော့ အဲဒီကွန်ပျူတာကို ဆိုင်ဘာကဖေးထဲမှာ ထည့်ထားတယ်တဲ့။ ဘယ်အလုံးလဲဆိုတော့ မမှတ်မိတော့ဘူး။ အဲဒါကြောင့် ဆိုင်ဘာကဖေးထဲမှာရှိတဲ့ ကွန်ပျူတာ ဆယ့်ငါးလုံးလောက်မှာ တစ်လုံးပြီးတစ်လုံး လိုက်ရှာကြည့်တယ် ဘယ်အလုံးမှာမှ မရှိတော့ဘူး။ Recovery လုပ်ဖို့ကျတော့လည်း ဘယ်အလုံးမှန်းမသိတော့ ခက်ပြန်တယ်။ ဒါနဲ့ပဲ အဲဒီဒေတာလေးတွေ ပလုံးသွားတယ်။ အဲဒီပလုံသွားတဲ့ထဲမှာ ရေးလက်စ တစ်ဝက်တစ်ပျက် ၀တ္တုလေးတွေ ဓာတ်ပုံတွေပါသွားပါတယ်။ အဲဒီအထဲမှာ နှမျှောဆုံးကတော့ ပလောင်ရွာမှာရိုက်ခဲ့တဲ့ ပုံလေးတွေပါ။

အခုတစ်ကြိမ်ကတော့ .....
ကွန်ပျူတာထဲမှာ ပုံတွေထည့်ပြီဆိုတာနဲ့ DVD ဘန်းထားလိုက်ပါတယ်။ ဒီတစ်ခါတော့ စနစ်ကျအောင်ဆိုပြီ စီဒီချပ်မှာ နံပါတ်တွေထိုး အဲဒီထဲမှာပါတဲ့ ပုံအမျိုးစားတွေကို သေချာရေးပြီး မှတ်ထားပါတယ်။ ပြီးတော့ စီဒီဘန်းဘန်းပြီးချင်းမှာလဲ ချက်ခြင်းမဖျက်သေးပဲ စီဒီဘန်းပြီးသားဆိုတဲ့ Folder လေးဆောက်ပြီး ထည့်ထားပါတယ်။ ဟက်ဒစ်မှာ ပုံတွေပြည့်လုပြည့်ချင် ဖြစ်နေပြီဆိုမှ စီဒီဘန်းပြီးသားလို့ နာမည်ပေးထားတဲ့ Folder ထဲကို ၀င်ပြီး အရေးမကြီးတဲ့ဟာတွေကို ဦးစားပေးပြီး ဖျက်ပါတယ်။

အဲဒီလိုနဲ့ အရင်တစ်ပတ်ကျော်က ကွန်ပျူတာကို ၀င်းဒိုးအသစ်တင်ဖို့ အကြောင်းပေါ်လာပါတယ်။ ၀င်းဒိုးတင်မယ်ဆိုတော့ စီဒီမဘန်းရသေးတာတွေကို စီဒီဘမ်းပါတယ်။ ပြီးတော့ ကွန်ပျူတာထဲက ရှိသမျှဒေတာတွေ အကုန်လုံးကို ဒလိလုပ်ပြီး ဆိုင်ပို့လိုက်ပါတယ်။ အကုန်လုံးကို ဒလိလုပ်ပြီးမှ ဆိုင်ပို့တယ်ဆိုတာကလဲ အော်ရယ်ဂျင်နယ် ဓာတ်ပုံဖိုင်တွေ မလိုအပ်ပဲ အပြင်ကို မရောက်အောင်လို့ပါ။ ဓာတ်ပုံသမားတစ်ယောက်အတွက် ကိုယ်ရိုက်ထားတဲ့ ဓာတ်ပုံတွေ အပြင်မှာ ဘယ်လိုပဲ ပျံ့နေပါစေ ကိုယ့်ဆီမှာ အော်ရင်ဂျင်နယ် ဖိုင်ရှိနေသမျှ ကာလပတ်လုံး မူပိုင့်ခွင့်ဥပဒေရ တရားဝင်ပိုင်ဆိုင်ခွင့်ရှိပါတယ်။ ဒါကြောင့် ဖျက်ပြီးမှ ပေးလိုက်တာပါ။ ရည်ရွယ်ချက်ကတော့ တခြားလူရဲ့ လက်ထဲကို အော်ရယ်ဂျင်နယ်ဖိုင် ရောက်မသွားနိုင်ပေါ့။

ကွန်ပျူတာလဲ ပြန်ရတော့ ပုံတွေပြန်ကြည့်ဖို့ရှာတာ စီဒီအယ်ဘမ်နှစ်ခုထဲက တစ်ခုပျောက်နေတယ်။ ဘယ်မှာ ဘယ်လိုပျောက်တာလဲ။ စဉ်းစားကြည့်တယ်..။ သေချာတာကတော့ ဆိုင်ဘာကဖေးဆိုင်မှာ ကျန်ခဲ့တာ ဖြစ်ဖို့များပါတယ်။ ဘယ်တုန်းက ပျောက်နေမှန်းမသိတဲ့ စီဒီအယ်ဘမ်ကို ပြန်ရဖို့ဆိုတာတော့ ပင်လယ်ထဲ အပ်ကျသလိုပဲ မျှော်လင့်ချက်လဲ မရှိတော့ပါဘူး။ တတ်သလောက်မှတ်သလောက် ပညာစွမ်းလေးနဲ့ ရီကာဘာရီ လုပ်ကြည့်တော့ ပုံတွေက သုံးမရပါဘူး အထစ်တွေ အပိုင်းတွေ အပြတ်တွေ ဖြစ်နေပါတယ်။ နားလည်တဲ့လူတွေကို မေးကြည့်တော့ ရီကာဘာရီ ခဏခဏ လုပ်ထားတဲ့ ဟက်ဒစ်ဆိုရင်တော့ ပြန်ရဖို့ မဖြစ်နိုင်တော့ဘူးလို့ ပြောပါတယ်။

ဘာပဲဖြစ်ဖြစ်ပါ ပျောက်သွားတဲ့ ပုံလေးတွေကို မျက်စိထဲပြန်မြင်ကြည့်မိရင် ရင်နာလို့ မဆုံးတာတော့ အမှန်ပါပဲ။


ပြန်ရဖို့ မဖြစ်နိုင်တော့တဲ့ ဓာတ်ပုံလေးတွေထဲက တစ်ချို့ကိုတော့ ဒီနေရာမှာ ကလစ်နှိပ်ကြည့်လို့ရပါတယ်။

Read More...

Tuesday, July 14, 2009

အဆုံးမှတ်

အလွမ်းရောင်ရင့်ရင့်နဲ့
ကြေကွဲပွင့်တွေအဆင့်ဆင့်ဖူးပွင့်နေလိုက်ကြပုံများ
တစ်လောကလုံးဆိတ်သုဉ်းတော့မလိုပါ။

စိတ်ကူးယဉ်လို့မဆုံးခင်
ငိုကြွေးစရာတွေပန်ဆင်ပေးခံရသူအဖို့
အနေအထိုင်ခက်ခဲ့ရတာပါ။

တစ်ခါတစ်လေတော့လည်း
ပိုးဖလံတစ်ကောင်ဖြစ်နေမှတော့
မီးပုံထဲဝင်တိုးဖို့မကြောက်ချင်တော့ဘူး
မီလျှံတွေကြားမှာတစ်ကိုယ်လုံးမီးတူး
ကိုယ့်ကိုယ်ကိုယ်လည်းသင်္ဂြိုခဲ့ဖူးတယ်။


တကယ်ဆို နှလုံးသားတောင်ထိပ်မှာ
အလံဖြူတလူတလူ လွင့်ထူနေတာတောင်
အသိမှတ်ပြု မခံရသူတစ်ယောက်အတွက်
ကံကြမ္မာရယ် နင့်မျက်စိမှောက်လွန်းပါတယ်။



စိုးမိုးသွင်

Read More...

Friday, July 10, 2009

သက်မဲ့

ရိုးရာအလိုက်ကျစ်ကျစ်ပါအောင်စွဲမှတ်ထားတဲ့
တစ်ဖက်သတ်အချစ်တွေက
ဟိုတစ်စ ဒီတစ်စ
စုလိုက်တော့ခက်မလေးဖြာ
အုပ်ဆိုင်းရင့်မာလာပေမယ့်
ခုခံအားကျဆင်းစပြုနေတဲ့မျှော်လင့်ချက်တွေပေါ်
ထိုးကျလာတဲ့လောင်းရိပ်ကလည်း
နေလောင်ကွက်တွေလိုပဲ
အညိုအမွဲတွေစွဲထင်စေခဲ့

သူ့ရဲ့တုံ့ပြန်မှုတိုင်းဟာ ကိုယ့်အတွက်
အီဂျစ်ပြကဒိန်ဟောင်းတစ်ခုလို
ရင်ခုန်သံတွေဆယ်ရက်စာလောက်နားကြားလွဲနေစေတယ်

တောင့်တပေမယ့်
မရနိုင်တာတွေစုပုံမီးရှို့လိုက်ရင်
တောက်ပတဲ့အနာဂါတ်တွေရနိုင်လိမ့်မယ်
ဆိုပေမယ့် ကိုယ်ဟာ
မှော်ဆရာတစ်ယောက်ရဲ့လက်မှာ
ဝိညာဉ်ချုပ် လိပ်ပြာနုတ်ခံလိုက်ရတယ်။



စိုးမိုးသွင်

Read More...

နှင်းသီး

ခိုးစားတဲ့ အသီးက ပိုချိုတယ်

ကြားဖူးကြလိမ့်မယ် လို့ထင်ပါတယ်။ အဲဒီစကားပုံထဲကလိုပဲ ကျွန်တော်နယ်မှာတုန်းက ငတက်ပြားပေါက်စပေါ့။ ကျွန်တော်တို့ အိမ်ပတ်ပတ်လည်မှာ သရက်ပင်မျိုးစုံရှိပေမယ့် ကျွန်တော် ယောင်လို့တောင် ကောက်မစားဖူးဘူး။ ကျွန်တော်ကိုယ်တိုင်ကလည်း အချဉ်ကို မကြိုက်ဘူးလေ။ ဒါပေမယ့် ရပ်ကွက်ထဲက သရက်သီးတွေပင်တွေက အငြိမ်မနေရဘူး။ ညပိုင်းမှာ ကျွန်တော်ရယ် သူငယ်ချင်းနှစ်ယောက်ရယ် လှည့်ပတ်ပြီး ခိုးကြတယ်။ တစ်ခါကဆို သရက်သီးတွေ ခိုးလာတာ တစ်တင်းခွဲအိပ်နဲ့ တစ်အိပ်စာ ရှိတယ်။ အဲဒါတွေကို အိမ်ကို ယူသွားလို့လည်း မဖြစ်ဘူး။ အိမ်ကိုယူသွားရင် ဘယ်ကရတာလဲ ဆိုတာ မေးပြီး အရိုက်ခံရမှာလေ အဲဒါကြောင့် ကျွန်တော်တို့ သူငယ်ချင်း သုံးယောက်သား ခိုးလာတဲ့ သရက်သီးအိပ်ကြီးကို လမ်းထိပ်က ကွမ်းယာဆိုင်ပေါ်မှာ တင်ထားခဲ့ကြတယ်။ ထူးဆန်းတာက သုံးယောက်စလုံး ခိုးလာခဲ့တဲ့ သရက်သီးတွေ ချိုလား ချဉ်လားဆိုတာတောင် ကိုက်မကြည့်မိကြဘူး။ နေ့လည်မှာ ဖြတ်သွားဖြတ်လာ မြင်နေရလို့သာ လက်ယားပြီး သက်သက်မဲ့ ၀င်ခိုးလိုက်တာလေ။ အခုနေ ပြန်စဉ်းစားကြည့်တော့ တော်တော်အကျိုးမရှိတဲ့ အလုပ်ပဲ။

အဲဒီတုန်းက ရပ်ကွက်ထဲမှာ တစ်ခုခုခိုးမယ်ဆိုရင် ကျွန်တော်တို့ သုံးယောက်တွဲဖြစ်ကြတယ်။ တစ်ယောက်က ကျွန်တော့်ထက် တစ်နှစ်ကြီးတယ် တစ်ယောက်ကျွန်တော့်ထက် တစ်နှစ်ငယ်တယ်။ ကျွန်တော့်ထက် တစ်နှစ်ကြီးတဲ့ အကောင်က ၀ါရင့်ငတက်ပြားကြီးတွေလိုပဲ အရိပ်အကဲပါးတယ်။ အိပ်ထဲဝင်ရင် သူက အရှေ့ဆုံးကသွားတယ် သူကရပ်ဆို ကျွန်တော်တို့ ရပ်ရတယ် သူကတိုးဆို ကျွန်တော်တို့က တိုးရတယ်။

ကျွန်တော့်ထက် တစ်နှစ်ငယ်တဲ့ကောင်က သစ်ပင်တက်ကျွမ်းတယ်။ ခိုးသမျှအပင်တွေ အားလုံးကိုသူက ဒိုင်ခံတက်တာပေါ့။ သူကအပင်ပေါ်တက်ပြီး အသီးတွေကောက်ပြီးရင် ပစ်ချပေးတယ်။ ကျွန်တော့်ထက်ကြီးတဲ့ကောင်ကတော့ လူရိပ်လူကဲကြည့်နေတာပေါ့။ ကျွန်တော့်တာဝန်ကတော့ အပင်ပေါ်ကနေ ပစ်ချပေးတဲ့ အသီးတွေကို ဖမ်းပြီး အိပ်ထဲထည့်ရတာပေါ့။ အဲဒီလိုနဲ့ ကျွန်တော်တို့သုံးယောက်သား နှစ်တိုင်းလိုလိုပဲ ဟိုအပင်ခိုး ဒီအပင်ခိုးနဲ့ တော်တော်လေး အတွဲညီညီခိုးခဲ့ဖြစ်ကြတယ်ဆိုပါတော့။


တစ်နေ့ရောက်တော့ ကျွန်တော်ရယ် ကျွန်တော့်ထက်ငယ်တဲ့ ကောင်ရယ် နှစ်ယောက်တိုင်ပင်မိတယ် ရပ်ကွက်ထဲက နှင်းသီးပင်ကြီး တစ်ပင်ကို ခိုးဖို့ပေါ့။ ဒါပေမယ့် ဒီအပင်ကိုခိုးရင်တော့ ကျွန်တော့်ထက် ကြီးတဲ့ ကောင်ကိုတိုင်ပင်လို့ မဖြစ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအိမ်က သူ့အဖိုးအိမ်လေ။ သူ့အဖိုးအိမ်ကို ခိုးမယ်ဆိုရင်တော့ သူက သေချာပေါက် ကန့်ကွက်မှာပဲ။ အဲဒါကြောင့် သူမသိအောင် ကျွန်တော်နဲ့ ကျွန်တော်ထက်ငယ်တဲ့ကောင် နှစ်ယောက်တည်း သွားခိုးဖို့ ဆုံးဖြတ်လိုက်ကြတယ်။

ကျွန်တော်တို့ ခိုးမဲ့အိမ်မှာက ခွေးလေးကောင်လောက် ရှိတယ်။ ပြီးတော့ အဲဒီအထဲက ကျားကြီးဆိုတဲ့ အကောင်က ဆိုးတယ်။ လူကိုက်လို့ လျှော်ရတာ ခဏခဏပဲ။ အဲဒီတော့ ကျွန်တော်တို့ လန့်မိတာတော့ အမှန်ပဲလေ။ ခြံနားလေး ကပ်ခါရှိသေးတယ် ခွေးတွေက တစ်ရပ်ကွက်လုံး ဆူနေအောင် ဟောင်တော့တာပဲ။ အဲဒီမှာ ကျားကြီးဆိုတဲ့ အကောင်က ခွေးတိုးပေါက်ကနေ တိုးပြီး အပြင်ထွက်လာတယ်။ ပြီးတော့ ကျွန်တော်တို့ဆီကို ပြေးလာတယ်။ အဲဒီခွေးနောက်က ကျန်တွေခွေးတွေပါ လိုက်လာတယ်။ အဲဒီအချိန်မှာ ထွက်ပြေးလို့တော့ မဖြစ်ဘူး ထွက်ပြေးရင် ကိုက်ခံရမှာကိုး အဲဒါကြောင့် ခဲကောက်ပြီး ခဲနဲ့ ပစ်ရတယ်။ ကျွန်တော်တို့ နှစ်ယောက်သား ခဲနဲ့ဝိုင်းပစ်တော့ ခွေးတွေ ထွက်ပြေးကုန်တယ်။

ခွေးတွေဟောင်လို့ လှည့်ပြန်ရပြီထင်တာ အခုတော့ ခွေးတွေက အိမ်ထဲကို ၀င်ပြေးတာမဟုတ်ပဲ ရပ်ကွက်ထဲကို ထွက်ပြေးသွားကြတာဆိုတော့ ကျွန်တော်တို့အတွက်တော့ မဟာအခွင့်ရေးပဲပေါ့။ ခွေးတွေမရှိတော့ဘူးဆိုတာနဲ့ ကျွန်တော်ကောင်က ခြံဝင်းကိုကျော် သစ်ပင်ပေါ်တက်ပြီး အားရပါးရ ခူးပါတော့တယ်။ ခူးလို့ရတဲ့ နှင်းသီးတွေကို အသင့်ပါလာတဲ့ ပလပ်စတစ်ခြင်းထဲကို ကျွန်တော်ကထည့်တယ်။ ပလပ်စတစ်ခြင်းတစ်ခုလုံး ပြည့်သွားတာတောင် ဒီကောင်က အားမရသေးတော့ သူဝတ်လာတဲ့ အကျီကိုချွတ်ပြီး ထုပ်လိုက်သေးတယ်။

ကျွန်တော်က နှင်းသီးခြင်းကို ဆွဲ သူက အကျီနဲ့ ထုပ်ပြီး သယ်လာကြတာ နောက်ဆုံးတော့ ကျွန်တော်တို့ အိမ်ကိုရောက်တယ်။ ကျွန်တော်တို့ အိမ်ရှေ့ရောက်တော့ သူနဲ့ကျွန်တော် နှင်းသီးတွေကို ထိုင်စားကြတယ် နှင်းသီးဆိုတာ ချိုပါတယ် ဒါပေမယ့် စားတာကြာလာရင် ပါးစပ်တွေ ဖန်လာတယ်။ ပါးစပ်တွေဖန်လာပြီး နှင်းသီးကို ဆက်မကိုက်ချင်အောင် ဖြစ်သွားပြီဆိုမှာ ကျွန်တော်တို့ နှင်းသီးစားတာကို ရပ်လိုက်ကြတယ်။ ပိုတဲ့နှင်းသီးတွေကိုတော့ သူနဲ့ကျွန်တော် တစ်ယောက်တစ်ဝက်စီ ခွဲယူပြီး အဲဒီညက လမ်းခွဲလိုက်ကြတယ်။


ဟိုနေ့က မြို့ထဲမှာ လျှောက်သွားရင် နှင်းသီးတွေ ရောင်းနေတာ တွေ့တော့ မေးကြည့်တယ် ဘယ်လိုရောင်းလဲလို့၊ အစိတ်သားကို တစ်ထောင်တဲ့။ အဲဒါနဲ့ ကျွန်တော် အစိတ်သားဝယ်လာတယ်။ သူတို့ ရောင်းတဲ့ အစိတ်သားဆိုတာ နှင်းသီး တစ်ခိုင်စာတောင်မရှိဘူး။ စားတော့ ချိုသလိုလိုတော့ ရှိတယ် ဒါပေမယ့် ငယ်ငယ်တုန်းက ခိုးစားရတာလောက်တော့ ခံတွင်းမတွေ့တာတော့ အမှန်ပဲလေ။




Read More...

Wednesday, July 08, 2009

အလွမ်းတွေကြွင်းတဲ့ပုစ္ဆာ

ချောင်းတစ်ဘက်ကမ်း
သင်္ချိုင်းမြေမို့မို့လေးမှာ
နင့်ဇတ်ကြောင်းတစ်ခုလုံးမြေချတဲ့နေ့က
မုဆိုးဖိုတစ်ယောက်နဲ့သူ့အရန်တပ်သားတွေ
ဟီးချလို့ငိုကြတယ်။

လက်တစ်ဖက်ပြတ်ခါစလူလိုပါပဲ
နင်မရှိလည်းနင်ရှိတယ်
နင်မထိလည်းနင်ထိတယ်
ဖမ်းဆုတ်လို့မရတဲ့လွမ်းမောမှုတွေနဲ့
ငါ့အလွမ်းတွေရိုးတံရှည်ခဲ့။

နေ့သစ်ဟာဘယ်တော့လင်းပွင့်လာမှာလဲလို့
နင်နဲ့ငါပြိုင်တူတွက်ခဲ့တဲ့ဂဏန်းပုစ္ဆာမှာ
အကြွင်းတွေများစွာကိုနင်ထားရစ်တော့
သူတို့တွေသောက်သုံးဖို့ငါ့လက်ညှိုးကနို့မထွက်တာ
ဘယ်နှစ်ကြိမ်ခေါက်ခေါက်တံခါးရွက်တွေပွင့်မလာတာနဲ့ပဲ
ဒုက္ခနဲ့လက်ဆက်ပြီးသားဖြစ်မတဲ့လား။

မိုးခါးတွေမွန်နေအောင်ရွာလည်း
ငါ့ရင်ထဲမှာတော့ နင်ဟာနင်ပဲ
သူတို့တွေရဲ့နှလုံးသားကိုလည်း ထိုးကန်းမပစ်ရက်ဘူး။

အခုလည်းဘာရယ်မဟုတ်ဘူး
ကောင်ကင်ကိုမော့ကြည့်မိတိုင်း နင့်ကိုလွမ်းတယ်။

စိုးမိုးသွင်

Read More...

On Air


လေယဉ်ပေါ်ကနေ ရိုက်ထားတဲ့ပုံပါ

ပြည်တွင်းက ဆရာသမားတွေလည်း ကျော်ရခွရတာ များလို့ ကျွမ်းကျင်နေလောက်ပါပြီ ဒါကြောင့် Imageshack မှာ မတင်တော့ပဲနဲ့ ဘလော့ဂ်ကာမှာပဲ တန်းတင်လိုက်တယ်။ ပုံမမြင်ရရင် ကျော်ကြဗျို့

Read More...

Saturday, July 04, 2009

လွမ်းတာနဲ့ပဲဖြေတော့မယ်

သူများပြောတာ ကြားဖူးခဲ့တယ်
လွမ်းတာကို နာတာနဲ့ဖြေတယ်တဲ့
ငါကတော့ နာတာကို လွမ်းတာနဲ့ပဲဖြေတော့မယ်

တကယ်တော့ချစ်သူ . . . .
အမြဲတွေ့ကြတဲ့ နင့်နဲ့ငါ
လွမ်းဖို့တော့ မလိုလောက်ပါဘူး

ဒါပေမယ့်ချစ်သူ . . . .
တွေ့နေစဉ်ခဏမှာ
အေးစက်ခြင်းဆိုတဲ့ ဆူးချွန်တွေက
နင့်အချစ်တွေကို ဆုပ်ကိုင်ထားတဲ့
ငါ့နှလုံးသားကို စူးဝင်စေခဲ့တယ်

ဒါကြောင့်ပေါ့ ချစ်သူ
နာကျဉ်ခြင်းတွေကို အဆုံးသတ်ဖို့
ဆုပ်ကိုင်ခြင်းတွေကို လွှတ်ချလိုက်ပြီ

ငါ့ရင်ဘတ်ထဲက နာကျဉ်ခြင်းတွေကို
လွမ်းတာနဲ့ပဲဖြေတော့မယ်

နင်သွားလိုရာ သွားပါတော့

Read More...

Wednesday, July 01, 2009

ခြေက်နှစ်ပြည့်ပြီ

ဘာလိုလိုနဲ့ ကျွန်တော် ရန်ကုန်မြို့ကို ရောက်လာတာ ဒီနေ့ဆို ခြောက်နှစ်ပြည့်သွားပြီ။ ကီးစိန်ကတော့ ပြောပါတယ် ခြောက်နှစ်ပြည့် ချီးယား လုပ်ချင်တယ်တဲ့။ ခက်တာပဲ ကီးစိန်ရယ် ...... ခြောက်နှစ်တာ ပြည့်လာတယ် ပိုက်ဆံပြတ်ပြတ်နေတာတော့ လွန်ခဲ့ ခြောက်နှစ်တုန်းက အတိုင်းပါပဲ။

Read More...