Art is My Life

Saturday, August 11, 2007

စိတ်လေခြင်း

ဘာမှလဲ မလုပ်ချင်ဘူး
ဘယ်မှလဲ မသွားချင်ဘူး
ဖြစ်နိုင်ရင် နေရာတစ်ခုမှာ တစ်ယောက်တည်း နေချင်တယ်
အတိတ်တွေကို ဖျက်ဆီးပစ်ချင်တယ်
မှတ်မိတာမှန်သမျှ လွင့်ပစ်ချင်တယ်

ဘာမှ မရှိတဲ့ ကွင်းပြင်ကြီးထဲမှာ တစ်ယောက်တည်းအိပ်ခွင့်ရရင် ကောင်းမှာပဲ

ငါ
ဒီအချိန်မှာ ငါ့ခေါင်းထဲမှာ ဘာမှ မရှိဘူး
ဒါပေမယ့် ငါ့ကိုယ် ငါတော့ သိသေးတယ်
ငါ
စိတ်လေနေတယ်

အဲဒီလေနေတဲ့ စိတ်တွေ ပျက်သွားတဲ့ တစ်ချိန်ရောက်မှ
အတိုးချပြီး ပြန်လာခဲ့မယ်

Read More...

Wednesday, August 08, 2007

နှမြှောမိသော ဘလော့ဂ်လေးများ

ကျွန်တော် အစောဆုံး ဘလော့ဂ် လုပ်ခြင်းကို ကိုရဲ အကူညီဖြင့် ၂၀၀၅ ခု နှစ် အတွင်းက လုပ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် မေ့မေ့ပျောက်ပျောက်ပဲ။ လိပ်စာကို ပြန်ရှာမယ် ပြန်ရှာမယ်နဲ့ မရှာဖြစ်ခဲ့ဘူး။ အခုတော့ google such အကူညီနဲ့ ကျွန်တော့ ဘလော့ဂ်တွေကို ပြန်ရှာတွေ့ပါပြီ။ ဒါပေမယ့် ယူဇာနိမ်းကို ဘာပေးပြီး ပါ့စ၀ါပ်ကို ဘာပေးထားမိမှန်း မသိလို့ ဆိုင်းအင်လဲ လုပ်လို့ မရဘူး။ ပို့ အသစ်လဲ တင်လို့မရတော့ဘူး။

အဲဒီ ဘလော့ဂ်တွေကတော့



http://4tar2.blogspot.com ( since 2005 much )


http://soezeya.blog.com (since 2006 feb )


http://www.xanga.com/soezeya ( since 2006 much )

ဖြစ်နိုင်ရင် အဲဒီ ဘလော့ဂ်လေးတွေရဲ့ ပတ်စ၀ပ်ကို ပြန်လိုချင်မိပါတယ်

Read More...

Tuesday, August 07, 2007

မီးခိုးဖြစ်သွားတဲ့ ကဗျာဆရာ

.





ဒီနေ့ တာရာမင်းဝေရဲ့ နောက်ဆုံးခရီးကို လိုက်ပို့ဖြစ်တယ်။

ကျွန်တော် ထွက်လာတော့ နောက်ကျနေပြီ။ ကားမှီပါ့မလား။ လေထံကုန်းမှာ မေးကြည့်တော့ ကားတွေက ၀ဇီယာရုံအရှေ့မှာ ထွက်သွားလောက်ပြီတဲ့။

ဝဇီယာရုံအရှေ့ရောက်တော့ BM နဲ့တူတဲ့ကား တစ်စီးမှ မရှိတော့ဘူး။ ထွက်သွားပြီထင်တယ်။ ဒါပေမယ့် လူအုပ်ကြီး။ အများကြီးပါလား။ ကားမလာသေးလို့လား။

မဟုတ်ဘူး။ ကားလာတယ်။ လေးစီး။

ဒါဆိုအဲဒီကားတွေ ဘယ်ရောက်သွားတာလဲ

ကားတွေက လူတွေထားခဲ့ပြီး ထွက်သွားကြတာ။ ဘယ်ကိုလဲ။

မသိဘူး။

ကားမလာရင် ခြေလျှင်လျှောက်ကြမယ်။ ရေဝေးရောက်တဲ့အထိ။

လူအုပ်ကြီးက ကြီးလာပြီ။

ဘေးမှာ ၀ိုင်းကြည့်နေတဲ့ လူတွေကလဲ တစ်အုပ်ကြီး

ဟေ့ဓာတ်ပုံမရိုက်နဲ့
လူအုပ်ထဲက စကားသံတွေ ထွက်လာတယ်

သူတို့လျှော့သွားပြီ။ ကားတွေ ရောက်လာတော့မယ်။

ဗိုလ်ချုပ်ဈေးရှေ့မှာ ရောက်နေပြီ။

မတက်ကြနဲ့ဦး၊ လေးစီးလုံး ရောက်မှ တက်။

လေးယောက်စီ တန်းစီတက်ကြ။

ကင်မရာပါတဲ့လူတွေ ကားတွေကို မျှတက်ပေးကြပါ။

ဖြောင်းဖြောင်းဖြောင်း

လက်ခုပ်သံတွေ အဆက်မပြတ်ထွက်နေတယ်

ထိပ်ဆုံးမှာတော့ လူတွေအုံလို့

အုံနေတဲ့လူတွေကြားထဲကို တို့ဝှေ့ကြည့်လိုက်တော့

တာရာမင်းဝေ မှန်ခေါင်းထဲမှာ ပန်းတွေနဲ့ အတူလှဲလျောင်းနေတယ်

အားလုံး အားလုံး တာရာမင်းဝေအတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တစ်မိနစ်တိတိ ငြိမ်နေကြမယ်

ဇာဂနာရဲ့ အသံ တိတ်သွားတော့ ကျွတ်စီကျွတ်စီ အသံတွေရပ်သွားတယ်

တစ်မိနစ်ကြာပြီး

ကျေးဇူးတင်ပါတယ်

နောက် အစီစဉ်တစ်ခုနေဖြင့် တာရာမင်းဝေရဲ့ သူငယ်ချင်းက ကဗျာရွတ်ပါမယ်

ဇာဂနာကြေငြာလိုက်တော့ တာရာမင်းဝေရဲ့ သူငယ်ချင်းဆိုတဲ့ လူတက်လာတယ်

တာမင်းဝေရဲ့ ခေါင်းအရှေ့တည့်တည့်မှာ ရပ်တယ်

သူငယ်ချင်း ....................
................................
............................
ကျေးဇူးတင်ပါတယ်

ဖြောင်းဖြောင်းဖြောင်း

လက်ခုပ်သံတွေ ညံသွားတယ်

တော်တော်နဲ့ မရပ်ဘူး

တာရာမင်းဝေရဲ့ နောက်ဆုံးခရီး ဆက်လက်ပို့ဆောင်ပါတော့မယ်

ကြေငြာသူ ဇာဂနာရဲ့ အသံဆုံးတော့

တာရာမင်းဝေကို အုပ်ကြီးက ဆွဲခေါ်သွားတယ်

တစ်ခဏအကြာ

ကဗျာဆရာဟာ မီးခိုးဖြစ်သွားတယ်

Read More...

Monday, August 06, 2007

မှတ်မှတ်ရရ မြန်မာပြည်က မြို့များ




မန္တလေးနှင့်ကျွန်တော်



လူမှန်းသိတတ်ခါစ
ဓာတ်ပုံအယ်လ်ဘမ်ထဲမှာ
အမေရယ် ကျွန်တော်ရယ် မမရယ်
အမေက ကျွန်တော့ကို ပွေ့ချီထားတယ်၊ မမက အမေ့လက်ကို ဆွဲထားတယ်
အမေ့ကို မေးကြည့်တော့ မန္တလေးမှာ ရိုက်ထားတာတဲ့
ကျွန်တော်ငယ်ငယ်ကတည်းက သိလိုက်တယ် ငါမန္တလေးကို ရောက်ဖူးတယ်။

ကျောင်းနေခါစ အရွယ်နဲ့ တူပါတယ်
ကျွန်တော် သေချာမမှတ်မိဘူး
အဖေနဲ့ မန္တလေးကို နောက်တစ်ကြိမ်ထပ်ရောက်တယ်
တိရစ္ဆာန်ဥယဉ်ထဲမှာ မျောက်လွဲကျော်ရုံက ပိတ်သွားပြီတဲ့
လှောင်အိမ်အပြင်ဘက်က မျောက်ကလေးတစ်ကောင်ကို လူတွေဝိုင်းပြီး မုန့်ကျွေးနေကြတယ်
ဖျံလေးနှစ်ကောင် ရေကန်ထဲမှာ
တစ်ကောင်ကို အိမ်လေး တစ်လုံးစီလုပ်ပေးထားတယ်
ငါးအရှင်ကောင်တွေကို လူတွေက ပစ်ကျွေးတော့ လိုက်ဖမ်းပြီးစားတယ်
အဲဒီအချိန်မှာ ဖျံလေးတစ်ကောင်က သူ့ကိုပစ်ပေးလိုက်တဲ့ ငါးအရှင်တစ်ကောင် မိအောင်လိုက်ဖမ်းပြီး ကိုက်သတ်လိုက်တယ်
ချက်ခြင်းမစားသေးဘူး
ပြီးတော့ သူယားနေတဲ့ သူ့ခေါင်းကို လက်ကလေးနဲ့ ကုတ်တယ်
ကိုက်သတ်လိုက်တဲ့ ငါးသေလေးက ရေပေါ်မှာ ပေါ်နေတယ်
အယားပြေပြီဆိုမှ အဲဒီငါးလေကို စားတယ်
ဂစ်တာဆိုင်ကို မြင်တော့ အဖေ့ကို တစ်လက်လောက် ၀ယ်ပေးဖို့ပြောတယ်
အဖေက ဂစ်တာအသေးလေးတစ်လက် ဖြုတ်ပေးတယ်
မဟုတ်ဘူး သားလိုချင်တာ ဟိုဘက်က ဂစ်တာအကြီးကြီး

မူလတန်းကျောင်းသား ဘဝ
အတန်းထဲမှာ သူငယ်ချင်းတွေနဲ့ အကြွားပြိုင်ကြရင်
ငါမန္တလေးကို နှစ်ခါရောက်ဖူးတယ်ကွ

ဘာလိုလိုနဲ့ ဆယ်တန်းတက်ရတော့မယ်
ငါကမန္တလေးမှာ ဘော်ဒါသွားတက်မယ်
ဘယ်မှာလဲကွ
VEC
ငါက မြကျွန်းသာ
ကျွန်တော်တို့ အုပ်စုတောင် လူအင်အားနည်းသွားတယ်
မန္တလေးမှာ သူငယ်ချင်းတချို့ ဘော်ဒါသွားနေကြတယ်လို့လေ


အချိန်တန်တော့လည်း ဆယ်တန်းအောင်ခဲ့ပြီ
ဗိုလ်သင်တန်းလျှောက်လွှာက နန်းတွင်းထဲမှာ သွားယူရတာကွ
သြော်ဟုတ်လား
စာမေးပွဲလဲ နန်းတွင်းထဲမှာပဲ ဖြေခဲ့ရတယ်
သူငယ်ချင်းတွေ မန္တလေးမှာ ဗိုလ်သင်တန်းအတွက် စာမေးပွဲသွားဖြေကြတယ်

ဆောင်းရာသီ အလွန်အေးတဲ့ညမှာ မန္တလေးမှာ တက္ကသိုလ်တက်နေတဲ့ သူငယ်ချင်းတွေ
ကျောင်းခဏပိတ်လို့ ပြန်လာကြတယ်
မန္တလေးဘူတာက အကြီးကြီးပဲကွ ငါတို့ မြို့ကဘူတာနဲ့တော့ တခြားစီပဲ
ဟုတ်တကယ်ကွ
တိုင်လုံးကြီးတွေကလဲ အကြီးကြီးတွေပဲ
ဟုတ်လား
စတိုးဆိုင်တွေ အ၀တ်စားတွေဆိုရင်လည်း မ၀ယ်ချင်နေ ၀င်ကြည့်လို့ရတယ်
ငါတို့မြို့မှာဆိုရင် မ၀ယ်ပဲကြည့်ရင် ကြောင်ကြောင်တောင်တောင်နဲ့
မန္တလေးက ဆိုင်တွေမှာတော့ မ၀ယ်လည်းအေးဆေးပဲ

ပထနှစ် ကျောင်းအပ်သွားတော့
ခင်ဦးဘူတာကနေ ရထားပြောင်းပြီး မုံရွာကိုစီးရတယ်
အစ်မ ပါနေလို့ မန္တလေးကို မရောက်လိုက်ဘူး
ဟေ့ကောင်လေး တန်းတန်းမှတ်မှတ် ပြန်နော် မန္တလေးကို ၀င်မနေနဲ့ဦး
ရွာထောင်မှာဆင်း ပြီးရင် 55 အဆန်ကိုစီးပြီးပြန်တော့
အစ်မက ကားထွက်ခါနီးမှာ မှာတယ်
အေးပါငါသိပါတယ် နင်ဆရာမလုပ်နဲ့

မုံရွာက ထွက်လာတဲ့ကားက စစ်ကိုင်းကို ကျော်ခဲ့ပြီ
စစ်ကိုင်းတံတားကို ဖြတ်တော့မန္တလေးဘက်အခြမ်းကို လှမ်းမြင်နေရပြီ
မကြာခင် မန္တလေးရောက်တော့မှာပါလား
မန္တလေးမြို့အ၀င် လမ်းဘေးဝဲယာမှာ ဘုရားဆင်းတုထုနေတဲ့လူတွေ
ဘူတာကြီးနဲ့ အနီးဆုံးနေရာမှာ ချပေးပါ
ဒီမှာဆင်း ဒီတိုင်းဆက်လျှောက်သွား ဘူတာကြီးကို ရောက်ပြီ
ကျောပိုးအိတ်တစ်လုံးနဲ့ အထုပ်တစ်ထုပ်ဆွဲထားတဲ့ ကျွန်တော့နား
ဆိုက်ကားသမားတွေ ၀ိုင်းလာကြတယ်
ဘူတာကြီးကို နှစ်ရာကျတယ်
အင်း မန္တလေးဘူတာကြီးက ဟိုကောင်တွေ ပြောသလို ဟဲဗီးကြီးပါလား
ဘူတာပေါ်ကနေကြည့်တော့ မြင်နေရတဲ့တိုက်တွေက ငါတို့မြို့နဲ့တော့ တခြားစီပဲ
ရထားကညနေငါးနာရီမှထွက်မှာ
ကျောပိုးအိတ်တစ်လုံး အထုပ်တစ်ထုပ်နဲ့
ဘယ်သွားရမလဲ
အင်းဘယ်မှလဲ မသွားတတ်ဘူး
ဟိုကောင်ပြောထားတာတော့ရှိတယ်
ဘူကြီးအရှေ့က အမှတ် ၅ ကားကိုဂိတ်ဆုံးအောင်စီးလာခဲ့ အဲဒါဆိုရင် ငါတို့ကျောင်းရောက်ပြီ
ညီလေးရ စက်မှုကအဝေးကြီးပဲ ပြန်လာရင် ရထားမှီတော့မှာ မဟုတ်ဘူး
ဘယ်မှမသွားတတ် ဘယ်နေရာကိုမှ မရောက်ချင်နေ မန္တလေးဆိုတာကို သေသေချာချာမြင်ဖူးခဲ့ပြီ
အိမ်ရောက်တော့ အဖွားကို ၀မ်းသာအားရနဲ့ မန္တလေးလက်ဆောင်ပေးလိုက်တယ်
ရထားထွက်ခါနီးမှာ ၀ယ်လိုက်တဲ့ ထိုးမုန့်က အတုကြီး


၂၀၀၃ ဇွန်လကုန်ခါနီး


ရန်ကုန်သွားတော့မယ်
ဝေလီဝေလင်း မိုးဖွဲလေးတွေကျနေတုန်းမှာ မန္တလေးဘူတာကြီးထဲကို ရထားဝင်တယ်
မန္တလေးဘူတာထဲမှာ ဟိုမေးဒီမေးနဲ့ ရန်ကုန်ရထားလက်မှတ် ရောင်းတဲ့နေရာကို တွေ့သွားတယ်
ရန်ကုန်ရထားက ညနေခြောက်နာရီမှ ထွက်မှာ
ပိုနေတဲ့ အချိန်တွေ ဘာလုပ်ရမလဲ
ပစ္စည်းတွေကို ဘူတာထဲမှာအပ်ပြီး 78 လမ်းမှန်းမသိတဲ့ 78 လမ်းအတိုင်း ကျုံးဘက်ကို လမ်းလျှောက်ခဲ့တယ်
TV ထဲမှာ မြင်ဖူးသလို မန္တလေးတောင်ကို 78 လမ်း ကျုံးဘေးကနေ လိုက်ရှာကြည့်တယ်
မန္တလေးတောင်ကို ကျွန်တော်မတွေ့ဘူး
လမ်း 80 ပေါ်ကျုံးဒေါင့်ကနေကြည့်တယ်
ဘယ်နားမှာလဲ မန္တလေးတောင်
လမ်းလျှောက်ရင်း
လျှောက်မေးရင်နဲ့ ကားနှစ်ဆင့်စီးတော့
မဟာမြတ်မုနိဘုရားကြီးကို ရောက်သွားတယ်
ဘုရားကြီးမှာ ရွေသင်္ကန်းကပ်
ရထားထွက်လာပြီး နောက်တစ်နေ့မှာ ရန်ကုန်ရောက်တယ်
ရောက်ကုန်ရောက်တဲ့နေမှာ ထီဖွင့်တယ်
ကျွန်တော်ငါးသောင်းဆုပေါက်တယ်
အဲဒီ ထီလက်မှတ်က
78 လမ်းဘူတာကြီးဘေးက အောင်ဆုထူးပန်မှာ ထိုးခဲ့တာလေ


2003 နိုဝင်ဘာ

မုံရွာမှာ ပထမနှစ် တက်ဖို့ ရန်ကုန်ကနေ မန္တလေးကို ဖြတ်ခဲ့တယ်



2004 ဧပြီလ

ကျုံးဘေးနားမှာ သင်္ကြန်မဏ္ဌပ်တွေ တန်းစီလို့
မြန်မာဘီယာ မဏ္ဌပ် ဆောက်လက်စကြီးကို လေတိုက်လန်ထားတယ်
မဟာမြတ်မုနိ ဘုရားကြီး အနောက်ဘက် စောင်းတန်းမှာ
ပုဏ္ဏားလေး တစ်ယောက်က ကျွန်တော့ကို လာခေါ်တယ်
သူ့အရွယ်က ကျွန်တော့ထက် တစ်နှစ်လောက်တော့ ငယ်တဲ့ပုံပဲ
ဆရာ လက္ခဏာကြည့်ပါလား
ပိုက်ဆံပေးစရာမလိုဘူး နာမည်ယူနေတုန်းမို့ အလကား ဟောပေးမယ်
တော်ပြီ မကြည့်တော့
လာပါဆရာ
သူ့ဟောခန်းထဲကို လက်ဆွဲခေါ်သွားတယ်
စားပွဲတင် ပန်ကာပု အနီလေးကို ဖွင့်တယ်
အဲဒီပန်ကာကို ကျွန်တော့ဘက်ကို လှည့်ပေးတယ်
ဆရာကို မိန်းကလေး တစ်ယောက်က မစမယ်
ကြီးပွားမယ်
ကြီးပွားရင် ကျွန်တော့ကို တပြားမှ လာမပေးနဲ့
မှန်တယ်ဆိုတဲ့ အကြောင်းပဲလာကြားပါ
ဆရာလဒ်တင်ပါ
မင်းပြောတော့ အလကားဟောမှာဆို
မဟုတ်ဘူးဆရာ ဒါက ထုံးစံမို့ပါ
ကျွန်တော် တစ်ရာတစ်ရွက်ထုတ်ပေးလိုက်တယ်
သူ့ကိုကြည့်ရတာ စိတ်ပျက်သွားပုံပဲ
ဆရာ မိန်းကလေးတစ်ယောက်နဲ့ ပတ်သက်ပြီး အမှုအခင်းဖြစ်ကိန်းရှိတယ်
ဟုတ်လား
ယတြာချေရမယ်
ရွေဖရောင်းတိုင်၊ ငှက်ပျောပွဲ၊ ပန်းမျိုးစုံ
ဘုရားအနောက်မုဒ်မှာ ကပ်ရမယ်
အခုချေရမှာလား
မဟုတ်ဘူး လပြည့်နေ့မှ
အဲဒီနေ့ကြရင် ငါကဒီမှာ မရှိတော့ဘူးလေ
ရပါတယ် ကျွန်တော်ချေပေးထားမယ် ကျသင့်သလောက်သာ ရှင်းထားခဲ့ပါ
ရတယ်ထားလိုက်တော့ ငါရန်ကုန်သွားမှာ ရွေတိဂုံဘုရားရောက်မှ ချေလိုက်တော့မယ်
မရဘူး ဆရာ
ဘာကွာလို့လဲကွ
မဆိုင်ဘူးဆရာ
မဆိုင်လဲနေပါစေတော့ကွာ ငါဖြစ်ရင် ငါ့ဖာသာငါပဲခံလိုက်ပါမယ်


2005 အောက်တိုဘာ

သိရိမန္တလာကားဝင်းအ၀င်မှာ
ကျွန်တော်နဲ့ ရွယ်သူနှစ်ယောက် ကျွန်တော့အိတ်ကို ပြေးလာလုတယ်
ဘယ်လိုက်မှာလဲ
မုံရွာ
ဆရာ အိတ်ပေး
နေပါစေ ငါ့ဖာသာ ငါသယ်မယ်
ရပါတယ် သယ်ပေးပါ့မယ် ကျွန်တော်တို့က လက်မှတ် အရောင်းကိုယ်စားလှယ်တွေ ပိုက်ဆံပေးစရာမလိုဘူး
မုံရွာကားပေါ်မှာ ထိုင်နေတော့
ဆရာ ထိုးမုန့်ဝယ်ပါဦး
စောစောက အိတ်သယ်ပေးတဲ့ကောင်
မ၀ယ်ချင်ပါဘူး
ဝယ်ပါဆရာရယ် တစ်ထုပ်မှ သုံးရာထဲပါ
မ၀ယ်ဘူး
တော်တော်နဲ့ မပြန်တော့ နာငြီးလာပြီ
ဟေ့ကောင် မင်းထိုးမုန့် အတုတွေ မ၀ယ်ချင်ဘူး
ပိုက်ဆံလိုချင်ရင့် ရော့ယူသွား
ခဏလောက်တွေပြီး ကျွန်တော်ပေးတဲ့ ရာတန်တစ်ရွက်ကို ယူထွက်သွားလေရဲ့



2005 နိုဝင်ဘာ

မွေးရပ်ဇာတိက ရန်ကုန်ကို အပြန်
ရထားက ညနေမှ ထွက်မှာ
ကျွန်တော်ရယ် သူငယ်ချင်းရယ်
ပိုနေတဲ့ အချိန်တွေကို ဖြုန်းဖို့
ဘူတာကြီးကနေ ကားနှစ်ဆင့်စီးတော့ မန္တလေးတောင်ကို ရောက်သွားတယ်
အဲဒါ ပထဆုံးအကြိမ် မန္တလေးတောင်ကို ရောက်ဖူးတဲ့ အခေါက်ပေါ့
ဓာတ်လှေကားရှိပေမယ့် မရောက်ဖူးလို့ ခြေလျှင်တက်တယ်
တောင်တက်လမ်းဘေး တစ်လျှောက်မှာ
အမှတ်တရ ပစ္စည်းအရောင်းဆိုင်တွေ
အဲဒီအထဲက မှန်တင်ခုံ သေးသေးလေးကို သဘောကျတယ်
သဘောကျပေမယ့် ၀ယ်ပြီးပေးဖို့ စဉ်းစားလိုက်တော့
လက်ခံမဲ့လူမရှိဘူး
တောင်ထိပ်ရောက်ခါနီးမှာ အဖြူအစိမ်းဝတ်ထားတဲ့ ကျောင်းသူနှစ်ယောက်
အဲဒီထဲကတစ်ယောက်က သူငယ်ချင်းကို ခြေထိုးတယ်
ကလေးပဲရှိသေးတယ် လိမ်လိမ်မာမာနေ
သူငယ်ချင်းက အဲလိုပြောပြီး တောင်ပေါ်တက်ခဲ့တယ်
မန္တလေးတောင် ထိပ်ကနေက တမြို့ကိုလုံးကို မြင်ရတယ်
တိုင်းရေးဆေးတက္ကသိုလ်၊ မန္တလေးဟီးလ်၊ ဆီးဒိုးနား၊ နန်းမြို့ရိုးနဲ့ကျုံး
ပိုက်ဆံ ၂၀ ပေးပြီး မှန်ပြောင်းနဲ့ ကြည့်တော့ ဧရာဝတီတစ်ဘက်ကမ်းက မင်းကွန်းပုထိုးတော်ကြီး
တောင်ခြေနားရောက်တော့
ဟေး ပိန်းဥပြုတ်စားပါလား
အသံလာရာ ကြည့်လိုက်တော့ စောစောက အဖြုအစိမ်းဝတ်ထားတဲ့ ကောင်မလေးနှစ်ယောက်
ညီမခွံ့ကျွေးရင်စားမယ်လေ
သူငယ်ချင်းက ပြန်ပြောတော့
ပါးစပ်ဟထား
ကောင်မလေးကြည့်တော့ ကျွန်တော့်ညီအရွယ်လောက်ပဲရှိသေးတယ်
တကယ်ကျောင်းသူ ဟုတ်မဟုတ် ကျွန်တော်လဲမသိဘူး
အစ်ကိုတို့က မန္တလေးသား မဟုတ်ပါဘူး
အေး အစ်ကိုတို့က ရှမ်းပြည်က သင်္ဘောတက်ဖို့ ရန်ကုန်ကို သွားရမှာ
ကျွန်တော် သူငယ်ချင်းကို လက်ကုတ်လိုက်တယ်
သူက မျက်စိမိတ်ပြတယ်
ဘာသာပြန်လို့ရသလောက်တော့ မင်းအသာနေ ငါ့ဖာသာ ကြည့်ပြောမယ်
ညီမတို့ ဘယ်ပြန်ကြမှာလဲ
ညီမတို့က အချိန်ရတယ် အစ်ကိုတို့ ဘယ်သွားမလဲ လိုက်ခဲ့မယ်လေ
ဟေ့ကောင် ကြည့်ကြတ်လုပ်နော် ရထားက ငါးနာရီထွက်မှာ
ကျွန်တော်သတိပေးတော့
ဒါကမိုင်နာပါကွာ မင်းအသာနေ
ဗိုက်ဆာတယ် အသုပ်ဆိုင်ထိုင်ကြမယ်လေ
အစ်ကို ဒီတောင်ခြေနားက ဆိုင်တွေက သိပ်မကောင်းဘူး
ကောင်မလေးနှစ်ယောက် ဦးဆောင်ပြီး ဟိုင်းလတ်ကားပေါ်တက်သွားတယ်
ကျွန်တော်တက်မလို့လုပ်တော့ သူငယ်ချင်းက ပြန်ဆွဲချတယ်
ကားမှ မထွက်သေးတာကွာ အိုက်လို့
အောက်မှာပဲ စောင့်ပါ
သြော်အေးအေး
ကားထွက်ပြီ
တာ့တာ့ညီမလေး အစ်ကိုတို့ မလိုက်တော့ဘူး နေလိုက်ဦးမယ်
စောစော ကောင်မလေးနှစ်ယောက် ကားပေါ်မှာ ပါသွားလေရဲ့



2006 ဇွန်လ


ညီမ အစ်ကို မန္တလေးမှာ ရောက်နေပြီ
အစ်ကို အခု ထွက်မလာနဲ့ ဦး နေပူသေးတယ်
ညနေငါးနာရီမှ ကျုံးဘေးက ကဖေးစီးတီးကိုလာခဲ့
ဘာမှ စားမလာနဲ့နော် ညီမကျွေးမယ်
ကဖေးစီးတီးဆိုင်ထဲမှာ မီးကို မှိန်မှိန်လေးထွန်းထားတယ်
အဲဒီဆိုင်က ကျွန်တော်ပြန်တော့ ညရှစ်နာရီထိုးတော့မယ်
မိုးကစိတ်စိတ်ရွာနေတော့ ထီးမပါတဲ့ကျွန်တော် တကိုယ်လုံး မိုးရေတွေရွဲခဲ့တယ်



ရေးလို့ မကုန်သေးပါ

Read More...

Sunday, August 05, 2007

အစည်းဝေးနေရာ ပြောင်းရွေ့ခြင်း

ဒီနေ့ ညနေ လေးနာရီမှာ လုပ်မဲ့ အစီးဝေးကို အရင်သတ်မှတ်ထားတဲ့ နေရာဖြစ်တဲ့ ကော်ဖီကင်းကနေ ဆားဗစ်ပလပ် ကို ပြောင်းရွေ့ထားပါတယ်။
ဒါကြောင့် အစည်းဝေးသို့ လာရောက်ကြမည့်လူများ အနေဖြင့် ဆားဗစ်ပလပ်ရုံးသို့သာ လာရောက်ကြပါရန် အသိပေးအပ်ပါသည်။

ယခုပြုလုပ်မည့် အစည်းဝေးသည် ဘလော့ဂ်ဆင်မနာ အတွက် အလွတ်သဘော ဆွေးနွေးမည် ဖြစ်ပါသောကြောင့် မည်သူမဆို တက်ရောက်နိုင် ပါသည်။

အချိန် . . . .
5.8.07, ညနေ လေးနာရီ ( ယနေ့ )

နေရာ . . . .
service+
ရတနာလမ်း မြေနီကုန်း
ph 01 500457

နေဘုန်းလတ် 09 51 50802

မယ်လိုဒီမောင် 09 90 61754

ကိုဖြိုး 09 99 25367

ကိုစစ်အိမ် 09 51 41686

အခက်ခဲ တစ်စုံတရာ ရှိခဲ့ပါက ဖောပြပါ ဖုံးနံပါတ်များထံသို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

Read More...

Friday, August 03, 2007

အနားယူခြင်း



ကျွန်တော်ဂျီတော့ လောကမှ အနားယူပါပြီ။ စာမေးပွဲကိစ္စများ အလုပ်ကိစ္စများ ပြီးဆုံးသွားမှ ပြန်ဝင်ဖြစ်မည်ဟု ထင်ပါသည်။ ကျွန်တော့ကို ပြောစရာရှိပါက မေးပို့လိုက်ပါ။
မှတ်ချက်။ ။ soezeya@gmail.com သည် တခါတရံမှ သာသုံးဖြစ်သော မေးဖြစ်သောကြောင့် မေးပို့မည်ဆိုပါက brvboy@gmail.com ကိုသာပို့ပေးကြပါ။

Read More...

အွန်လိုင်းဂျာနယ်တစ်စောင် ထုတ်မည်

ကျွနုပ်၏ ရန်သူတော်ကြီး ၀ီလဆင်ပွတ်ကို ယခုအခါတွင် တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေပါချေပြီ။ ယခုဂျာနယ်သည် တိုက်ခိုက်ရုံ ဟာသ သက်သက်မဟုတ်ပဲ ဖတ်သူများ အကျိုးရှိစေရန် ဘလော့ဂ် အသစ်မိတ်ဆက် ကဗျာ၊ ဟာသတိုထွာ နှင့်ဘလော့ဂ်ပို့ ဝေဖန်ရေးများလည်း ထည့်သွင်း သွားမည်ဖြစ်ပါသည်။

မကြာမှီထုတ်ဝေတော့မည့် အဆိုပါဂျာနယ်တွင် အင်တာဗျူးကဏဏ္ဍလည်းပါဝင်ပြီး အင်တာဗျုးတွင် အတည်ဗျူးနှင့် အပြောင်ဗျူး နှစ်ဗျူးခွဲထားပါသည်။

လာမည့် အပြောင်ဗျူးတွင် ကိုမောင်လှ၊ ရန်အောင်၊ အောင်ချမ်းလင်း၊ ဘွန်းဟောင်း တို့ကို တွေ့ဆုံမေးမြန်းထားပါသည်။
ယင်းအပြင် အလော့ဂ်လောက သားအားလုံး သဲသဲလုပ်စိတ်ဝင်စားကြမည့်
ကွက်လပ်ကောက်နှင့် ဘာလုံးတို့၏ သားရေးသမီးရေး ပြသနာ

သတင်းတွင်
ကိုယ်နာမည်ကြီးရင် ပြီးရောဆိုပြီး ချစ်သူပုံကို အွန်လိုင်းပေါ်တွင် လေလံပစ်သည့် ဘလော့ဂ်ကာ တစ်ဦးအကြောင်း

ပြည်တွင်းမှ ဖဲကြွေးများ မဆပ်နိုင်၍ ပြည်ပသို့ ထွက်ပြေးသွားသည့် ဘလော့ဂ်ကာ ဘယ်သူလဲ

နိုင်ငံခြားသွားချင်သောကြောင့် အစာငတ်ခံ သက်သတ်လွတ်စားတဲ့ ဘလော့ဂ်ကာ

နှစ်ရက်မှ ရေတစ်ခါချိုးတဲ့ ဘလော့ဂ်ကာမလေးတစ်ဦးကို အထောက်ထားများနှင့်တကွ ဝေေ၀ဆာဆာ ဖတ်ရှုကြရမည်ဖြစ်သည်

ကြားဖူးနားဝဟာသ တိုထွာတွင်တွင်
Yes,No,Very Good

ဟာသ၀တ္ထုတိုတွင်
ဂျက်စီကာတုတ်ပေါ ၏ အဟုတ်ပြောသော ပုံပြင်များ

စာမူများပေးပို့နိုင်

စာမူများပေးပို့ရာတွင် အတည်နှင့် အပြောင် နှစ်မျိုးခွဲထားပါသဖြင့် ခေါင်းစဉ်တွင် အတည်အပြောင် များခွဲခြား ခေါင်းစဉ်တပ်ပို့ပေးပါ။

အပြောင်တွက် ချမှတ်ထားသောမူမှာ ရယ်ရ ရင်ထည့်မည်ဖြစ်ပြီး အတည်အတွက်မူ ကျွန်တော်များ အယ်ဒီတာ အဖွဲ့မှ အကဲဖြတ် ရွေးချယ်မည်ဖြစ်ပါသည်။ ပါဝင်ကူညီနိုင်သူများကို ဖတ်ခေါ်လျှက်

ဆောင်ပုဒ် ဖတ်ချင်ဖတ် မဖတ်ချင်နေ မကြာမှီလာမည်

Read More...

မွေးနေ့ဆုတောင်း




ဖော်ပြပါပုံသည် တရားခံမဟုတ်ပါ။ ဥပဒိရုပ်ကြောင့် တရားခံနှင့် ထင်မှတ် မှားသွားမည် စိုးရိပ်ပါ၍ အလျှင်စလို အသိပေးလိုက်ရခြင်း ဖြစ်သည်။ သူသည် မိုးကုတ်သားဖြစ်သည်။

ဒီနေ့မှာ ကျရောက်တဲ့ မိုးကုတ်သားလေး မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် ချမ်းမြေ့ပျော်ရွင်စွာဖြင့် ဘလော့ဂ်တွေ ရေးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ဒါပေမယ့် .. . . . . . မျက်ခုံးလုပ်ဖို့ သာပြင်ထား

Read More...

ရှည့်နှင့် ကျွတ်

တစ်ခါတုန်းက လူတစ်ယောက်သည် ပန်းခြံထဲမှာ ထိုင်နေတုန်း ရှည့်လေးတစ်ကောင် ကိုတွေ့သည်။ ယင်းရှည့်လေးသည် သစ်ကိုင်း တစ်ကိုင်းမှ အခြားသစ်ကိုင်း တစ်ကိုင်းသို့ ခုန်ကူးဖို့ ပြင်နေသည်။ ရှည့်လေး လက်ရှိရောက်နေသော သစ်ကိုင်းနှင့် သူခုန်ကူးဖို့ ပြင်ထားသည့် သစ်ကိုင်းတို့မှာ အလှမ်း ကွာလွန်းသောကြောင့် ရှတ်တရက်ကြည့်ရင် သစ်ကိုင်း တစ်ကိုင်းမှ တစ်ကိုင်းသို့ ကူးသည်နှင့် မတူပဲ ကိုယ့်ကိုကိုယ် သေကြောင်းကြံစည် နေသည်ဟုပင် ထင်ရသည်။

သိုရာတွင် ရှည့်လေး ခုန်ကူးလိုက်သည်။ ရှည့်လေး၏ ခန္ဒာကိုယ်သည် လေထဲတွင်ပျံဝဲကာ သူသွားချင်သော တစ်ဘက် သစ်ကိုင်းကို ရောက်သွားသည်။

အထက်ပါ ပုံပြင်လေးသည် ဖေမြင့်၏ စာအုပ်တစ်အုပ် မှဖြစ်ပြီး မည်သည့်စာအုပ် ဖြစ်သည်ဆိုတာ ကိုတော့ ကျွန်တော် မမှတ်မိတော့ပါ။ စာကြောင်းနဲ့ ရေးသားပုံများ ကွဲလွဲကောင်း ကွဲလွဲပါမည်။ အဓိပ္ပယ်ကတော့ အတူတူပင်ဖြစ်ပါသည်။

ကျွန်တော် နားလည် သလောက် ဆရာဖေမြင့် ပြောချင်သည့် စကားမှာ လူလောက သည်လည်း သစ်ပင်ကူးသည့် ရှည့်လေးလိုပင် ဖြစ်သည်။ ပြုတ်ကျမှ ကြောက်လို့ မခုန်သေး သရွေ့ ကတော့ ဒီဘက် အကိုင်းမှာပဲ ရှိနေဦးမယ်။ ဒီအကိုင်းမှာ ဆက်မနေချင်လို့ တခြားအကိုင်းကို ပြောင်းချင်ရင်တော့ ခုန်ကူးကြရမည်။

ထို့ကြောင့် ကျွန်တော်သည် ရှည့်လေး၏ လုပ်ရပ်ကို သဘောကျသည်။

ကျွန်တော် နယ်ကမိဘများနှင့် မကြာမကြာ ဖုန်းပြောလေ့ရှိသည်။ အလုပ်အကိုင် နေရေးထိုင်ရေး ကျမ္မာရေး ကိစ္စများလည်း ပါဝင်သည်။ တစ်ကြိမ်တွင် ဒီထက်ကောင်းသည့် နေရာတစ်ခုကို ပြောင်းရွေ့မည့် အကြောင်းကို ကျွန်တော်ပြောဖြစ်သည်။ ထိုသို့ ပြောင်းရာတွင် စွန့်စားရမည့် အနေထားမျိုးလဲ ပါဝင်သည်။ ကံကောင်းလျှင် မျှော်မှန်းထားသည့် နေရာကို ရောက်နိုင်သလို ကံမကောင်းလျှင် လက်ရှိ အနေထားထက်ပင် ဆိုးသွားနိုင်သည်။

မည်သို့ပင် ဖြစ်စေ ကျွန်တော်သည် ရှည့်ကလေး၏ ဥပမာအတိုင်း ခုန်ဖို့ရာ အဆင်သင့် ဖြစ်နေပြီ။ ထိုအခါ အဖေက ကျွန်တော့ကို စကားတစ်ခွန်း ပြောသည်။ ကျွတ် ဆိုတဲ့ အမျိုးက တစ်နေရာကနေ တစ်နေရာကို ကူးရင် ရှေ့ခြေလှမ်း မြဲမှ နောက်ခြေလှမ်းကို လွတ်တယ်။ ဆိုလိုတာကတော့ တစ်နေရာကနေ တစ်နေရာကို သွားချင်ရင် အရင်ဆုံး ခြေလှမ်း စလှမ်းလိုက်တယ်။ ဒါပေမယ့် လက်ရှိနေရာကိုလဲ မြဲအောင် တွယ်ထားတုန်းပဲ။ အရှေ့မှာ လှမ်းလိုက်တဲ့ ခြေလှမ်းက မြဲပြီ သေချာပြီ ဆိုမှ နောက်ခြေလှမ်းကို လွတ်တယ်။

အဖေပြောသည့် စကားကို ကျွန်တော် နားလည် သလောက်ကတော့ တစ်နေရာကနေ တစ်နေရာကို ကူးတော့မယ်ဆိုရင် အရှေ့ကဟာကို သေချာအောင်လုပ်ပါ သေချာပြီ ဆိုမှ လက်ရှိနေရာကို လွတ်ပါ။

ထိုအခါတွင် ရှည့်နှင့်မျှော့ ဘယ်လမ်းစဉ်ကိုရွေးမလဲ ဆိုသည့် မေးခွန်းများကျွန်တော့ ခေါင်းအတွင်း ၀င်ရောက် လို့လာပါတော့သည်။

အမေရိကန် စင်တာတွင် ပြုလုပ်သော သတင်းစာ ပညာဟော ပြောပွဲတစ်ခုကို တက်ဖြစ်သည်။ ထိုဟောပြောပွဲတွင် နိုင်ငံခြားသား ၀ါရင့်သတင်းထောက် တစ်ဦးက သူ့အတွေ့အကြုံများကို မျှဝေပြောပြသည်။ သူပြောသည့် အထဲတွင် သတင်းထောက် တစ်ဦးသည် ကျင့်ဝတ် ကိုစောင့်စည်း ရန်လိုသည်ဟု ပြောသည်။ ထို့အပြင် အမှန်တရားကို မဖြစ်အနေ ဖော်ထုတ်ရမည်ဟု လည်းပြောသည်။

ထိုအခါ ကျင့်ဝတ်နဲ့ အမှန်တရား ဘယ်ဟာကို ဦစားပေးရမလဲဟု နားထောင်နေသည့် သတင်းထောက် တစ်ဦးက မေးလိုက်သည်။

နိုင်ငံခြားသား ဟောပြောသူ ခေတ္တစဉ်းစားနေသည်။ ထို့နောက် “နေရာတိုင်းမှာ ကျင့်ဝတ်ကိုချဉ်းပဲ ဦးစားပေးလို့ မရသလို အမှန်တရားကို ချဉ်းပဲလည်း ဦးစားပေးလို့မရဘူး။ သတင်းဟာ မှန်တိုင်းလည်း အကျိုးမရှိသလို ကျင့်ဝတ်အတိုင်းချဉ်း ပဲလုပ်နေလို့ကတော့ သတင်းအမှန်ကို ရဖို့မလွယ်ဘူး။ ဒါကြောင့် ကျင့်ဝတ်နဲ့ အမှန်တရား ဘယ်ဟာကို ဦးစားပေးမလဲ ဆိုတဲ့နေရာမှာ အခြေအနေနဲ့ အချိန်ခါကို သုံးသပ်ပြီး ဆုံးဖြတ်ရမဲ့ အရာမျိုးပဲ”

တကယ်တာ့ လူသည် ကျွတ်မဟုတ်သလို ရှည့်လည်း မဟုတ်ပါ။ မည်သို့ပင်ဖြစ်စေ သေချာသည်ကတော့ မည်သည့်အရာကိုမျှ လှေနံဓားထစ်မှတ်၍ မရပဲ ဖြစ်လာသည့် အကြောင်းအရာကို မူတည်ကာ ဆုံးဖြတ်ကြရမည် ဖြစ်သည်။

Read More...

Wednesday, August 01, 2007

လူလူတွေ

လူတွေဗျာ အားအားနေ ကိုယ့်ထမင်းကိုယ်စားပြီး ကိုယ့်အလုပ်လုပ် ကိုယ်လုပ်နေကြတာခြင်း အတူတူ ဘာဖြစ်လို့ သူများကို လိုက်ဆဲ နေကြတာလဲမသိဘူး။

Read More...