Art is My Life: August 2007

Friday, August 31, 2007

နင်သိရဲ့လား

စတွေ့တဲ့နေ့

နင်သိရဲ့လား

အဲဒီနေ့ကလေ . . .


ပထမဆုံးဖုန်းပြောတော့

နင်သိရဲ့လား

အဲဒီနေ့ကလေ . . .


ပရိုပို့လုပ်တော့

နင်သိရဲ့လား

အဲဒီနေ့ကလေ . . .


စဉ်းစားမယ်ပြောတော့

နင်သိရဲ့လား

အဲဒီနေ့ကလေ . . .


အဖြေပေးတော့

နင်သိရဲ့လား

အဲဒီနေ့ကလေ . . .


လမ်းခွဲ့တဲ့နေ့

နင်သိရဲ့လား

အဲဒီနေ့ကလေ . . .


နင်သိရဲ့လား

နေ့ပေါင်းများစွာ

ပျော်ရွင်မှုပေါင်းများစွာ ကြေကွဲမှုပေါင်းများစွာ

ငါဟာ ခံစားမှုပေါင်းများစွာ

များစွာသော အရာများနဲ့


တကယ်တော့

နင်မသိသေးပါဘူး

Read More...

Thursday, August 30, 2007

ဘလော့ဂ် အင်္ကျီလေးတွေ ၀တ်ပြီး ဆင်မီနာကို တက်ကြမယ်







ဘလော့ဂ် ဆင်မနာအတွက် အကျီင်္လေးတွေ စီစဉ်ထားပါတယ်။ Colour အင်္ကျီ အမျိုးစား ဖြစ်ပြီး တစ်ထည်ကို ၃၀၀၀ ကျပ်နဲ့ရောင်းမှာ ဖြစ်ပါတယ်။ အဲဒီ အင်္ကျီအပေါ်မှာ ကျွန်တော်တို့ အနေနဲ့ အကျိုးအမြတ် မယူပဲ ရောင်းချပေးတာ ဖြစ်ပါတယ်။

အဲဒီအင်္ကျီလေးတွေကို ၀ယ်ချင်တယ်ဆိုရင်တော့

Service+
ရတာလမ်း မြေနီကုန်း
01 500457

Explorer Internet Cafe
အမှတ် 154 ၃၈ လမ်း
အလယ်ဘလောက်
ကျောက်တံတားမြို့နယ် ဓမ္မာရုံအနီး
ဖုန်း 09 51 50802

Heaven Internet Cafe
အမှတ် ၁၂၅ လေးထောင့်ကန် လမ်းမကြီး
ဘုရားလမ်းနှင့် ဘီအိုစီ မှတ်တိုင်ကြား
သင်္ကန်းကျွန်းမြို့နယ်
01 560693

တို့မှာ ၀ယ်ယူနိုင်ပါတယ်

Read More...

ဖိတ်ကြားပါရစေ



မြန်မာ ဘလော့ဂါများ ပူးပေါင်းကျင်းပတဲ့ Why do we blog ဆိုတဲ့ Open Seminar ဟောပြောပွဲ အခမ်းအနားကို လာမည့် 01.09.2007 စနေနေ့ ၁၁နာရီကနေ ၄နာရီအထိ ကျင်းပမှာ ဖြစ်ပါတယ်။ ကိုယ်တိုင် ဘလော့ဂ် ရေးသားနေကြတဲ့ ကျွမ်းကျင်သူ ပညာရှင် ဘလော့ဂါတွေကိုယ်တိုင် ဟောပြောကြမှာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ပြည်တွင်း ပြည်ပမှာ ရှိနေကြတဲ့ မြန်မာဘလော့ဂါတွေရဲ့ အတွေ့အကြုံနဲ့ အတွေးအမြင်တွေ သိစေချင်လို့ ဖြစ်ပါတယ်။ နောက်ပြီး မီဒီယာ ကန့်သတ်ချက် တော်တော်များများကို ရိုက်ချိုးလိုက်တဲ့ ဘလော့ဂ် ယဉ်ကျေးမှု အကြောင်းနဲ့ အသုံးပြုရ ဘယ်လောက် လွယ်ကူတယ် ဆိုတဲ့ အကြောင်းတွေကို မျှဝေချင်လို့လဲ ဖြစ်ပါတယ်။ အဓိကကတော့ ကမ္ဘာတစ်ဝှမ်းမှာ လူတိုင်း စိတ်ဝင်တစား အသုံးပြုနေကြတဲ့ နည်းပညာနဲ့ အခွင့်အလမ်းတွေကို မြန်မာလူငယ် လူကြီးအားလုံး သိစေချင်တာရယ်၊ စီးပွားရေး အခွင့်အလမ်းတွေ ရရှိလာစေရန် စတဲ့ အချက်တွေကို ရည်ရွယ်ပါတယ်။ ဒီပွဲတစ်ခု လုပ်ရတာ မလွယ်ပါဘူး။ အကုန်အကျ အများကြီး ရှိသလို အလွန်ပင်ပန်းပါတယ်။ ပိုက်ဆံ အကျိုးအမြတ် တစ်ပြား တစ်ချပ်မှ မရဘဲ အထက်က ရည်ရွယ်ချက်တွေ သက်သက်အတွက် ကျွန်တော်တို့ လုပ်ဖြစ်ကြတာပါ။ Company တော်တော်များများကလည်း ဒီပွဲအတွက် ပံ့ပိုးပေးထားပါတယ်။ အသက်ကန့်သတ်ချက် မရှိပါဘူး။ အားလုံးကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်။ တက်ရောက် လာသူတွေအတွက် အစားအသောက်နဲ့ ကံစမ်းမဲ အစီအစဉ်တွေလည်း ထည့်သွင်းထားပါကြောင်း။

မှတ်ချက်။ ။ ကိုညီလင်းဆက် ဘလော့ဂ်မှ ကူးယူဖော်ပြခြင်းဖြစ်သည်

Read More...

Wednesday, August 29, 2007

Email to Blogger သုံးသူများသို့



ကျွန်တော် ဖြစ်တဲ့ ဖြစ်ရပ်တစ်ခု ကို ပြောပြချင်ပါတယ်။ ဒီနေ့ မြန်မာပြည်က ပေါ်တယ်တစ်ခုမှာ register သွားလုပ်ပါတယ်။ register လဲပြီးရော ဂျီမေးက သူငယ်ချင်းတွေကို Invite လုပ်ဦးပေးဖို့ request လုပ်ပါတယ်။ ဒါကြောင့် ကျွန်တော် gmail password ရိုက်ထည့်ပေးလိုက်တယ်။ ညပိုင်းရောက်တော့ ဘလော့ဂ်ကိုလဲ ကြည့်ရော အဲဒီ ဆိုဒ်ကြော်ငြာကြီးက ကျွန်တော့ ဘလော့ဂ်မှာ တက်နေပြီ။ အစကတော့ အဲဒီပေါ်တယ်က လူတွေက Password အလွဲ သုံးစားလုပ်လိုက်ပြီလို့ ထင်လိုက်မိပါသေးတယ်။ နောက်ဖြစ် နိုင်ခြေတွေကို စဉ်စားကြည့်တော့မှ အဖြေကို တွေ့ပါတယ်။

ကျွန်တော်တို့ လက်ရှိ အများစု သုံးနေကြတဲ့ G mail ကတော့ အားလုံးသိကြတဲ့ အတိုင်း ကိုယ်ပို့သများ mail adress အားလုံးကို Contact ထဲမှာ အလိုလျောက် ထည့်သိမ်းထားပါတယ်။ ဒါကြောင့် မေးတူဘလော့ဂ်ကာ လုပ်ထားတဲ့ mail လိပ်စာ ကိုယ်လည့် gmail က Contact ထဲမှာ သိမ်းထားပါတယ်။

အဲဒီပေါ်တယ်က မေးပို့ရင် Contact ထဲမှာ ရှိတဲ့ မေးအားလုံးကို ပို့တာဖြစ်တဲ့ အတွက် မေးတူ ဘလော့ဂ်ကာ လည်းပါသွားပါတယ်။ ဒါကြောင့် အဲဒီ ဆိုဒ်မှာ Register လုပ်ဖို့ ဖိတ်ခေါ်တဲ့စာက ဘလော့ဂ်ပေါ်မှာ တက်သွားတာပါ။

နောက် mail user တွေ အများဆုံး လုပ်တတ်တဲ့ အလေ့ထ တစ်ခုက ကိုယ့်ဆီကို လာတဲ့ မေးတွေကို တခြားလူတွေ ဆီကို ထပ်ပြီး forward လုပ်တတ်ကြပါတယ်။ အဲလို Forward လုပ်ရာမှာလဲ အများစု mail Contact ထဲက မေးတွေအားလုံးကို forward လုပ်တတ်ပါတယ်။ အဲဒီမှာ ဘာဖြစ်နိုင်သလဲ ဆိုတော့ ကိုယ့်ရဲ့ မေးတူဘလော့ဂ်ကာ လုပ်ထားတဲ့ မေးကိုပါ ပို့မိရက်သား ဖြတ်သွား နိုင်ပါတယ်။ မေးတူ ဘလော့ဂ်ကာ မေးကို ပို့မိပြီ ဆိုမှတော့ဗျာ အဲဒီစာက ကိုယ့်ဘလော့ဂ်မှာ တက်ပြီပေါ့။ အဲဒီစာက ကိုယ့်ဘလော့ဂ်မှာ တက်သွားတဲ့ အပြင် တခြားလူတွေပါ ကိုယ့်ရဲ့ မေးတူ ဘလော့ဂ်ကာ လိပ်စာကို သိသွားနိုင်ပါတယ်။ အဲဒီ ကိုယ့်ရဲ့ မေးတူ ဘလော့ဂ်ကာ လိပ်စာဟာ မသာလက်ထဲ လည်းရောက် ကောင်းရောက်သွားနိုင်ပါတယ်။

ဒါကြောင့် မေးတူ ဘလော့ဂ်ကာ လုပ်ထားသူတွေ အနေနဲ့ အီးမေး forward လုပ်တော့မယ် ဒါမှ မဟုတ် ကျွန်တော် ကြုံခဲ့သလိုမျိုး ကွန်တက်အားလုံးကို မေးပို့တော့မယ် ဆိုရင် သတိထားကြဖို့ပါပဲ

Read More...

အလင်းရောင်မဲ့ သောရက်စွဲများ

အလင်းရောင်ဆိုတာ အမှန်တကယ်ရှိနေပေမယ့် မျက်ကန်းတစ်ယောက် အဖို့ အလင်းရောင်ကို မြင်နိုင်မှာ မဟုတ်ပါဘူး။ ထိုအခါ ကျွန်တော်သည် မျက်ကန်း တစ်ယောက် ဖြစ်သည်။ ရက်စက်မှု များသည် အလင်းရောင် ဖြစ်သည်။

လောဘကြီးတဲ့ လူတွေ အတဲ့ လူတွေ လိမ်ငြာခြင်း ခံရတတ်သည်။ ထိုအခါ ကျွန်တော်သည် လောဘကြီးသူ မဟုတ်ပါ။ သို့ရာတွင် ကျွန်တော့၏ အတိတ်သမိုင်းများတွင် လိမ်ငြာခြင်းခံ့ခဲ့ရသည့် ဒဏ်ရများက အိပ်မပျော်ကြသေးပါ။

ကျွန်တော်သည် ဒိုင်အော်ဂျီးနစ်လို နေ့ခင်းကြောင်တောင် မီးထွန်းပြီး အမှန်တရားကို မရှာဖွေဖူးပါ။ သို့ရတွင် ရင်ခုန်သံများကို အကာကွယ် ပေးမဲ့ ထီးတစ်ချောင်းအား လျှပ်စစ်မီး ရောင်အောက်တွင် တွေ့ရှိခဲ့ဖူးပါသည်။ ရင်ခုန်သံသည် နှလုံးသားမှ လာသော်လည်း ထိုထီးသည် စက်ရုံမှ လာသော အရာတစ်ခု ဖြစ်သည်ဆိုတာကိုတော့ သတိမထားမိခဲ့ပါချေ။

နှလုံးသားသည် လူဖြစ်သည်။ လူသည် စဉ်းစာဥဏ်ရှိသည်။ လူတိုင်းသည် နှလုံးသား တစ်ခုကို ပိုင်ဆိုင်ကြသည်။ ထိုနှလုံးသားသည် လူသားတို့ အတွက်လိုအပ်သည့် ရင်ခုန်သံ၊ အချစ်၊ အမုန်း၊ သံယောဇဉ် အစရှိသည့် ထုတ်ကုန်များကို အခမဲ့ ထုတ်ဝေပေးသည်။ သို့ရာတွင် စက်ရုံသည် ထီးများကို အခမဲ့ ထုတ်ဝေပေးခြင်း မရှိပါ။

ကျွန်တော်သည် နှလုံးသားမှ ထုတ်ကုန်များကို အခမဲ့ ဖြန့်ဝေသူ ဖြစ်သည် ။ စက်ရုံသည် မိန်းကလေး တစ်ယောက်ဖြစ်သည်။ ယင်းမိန်းကလေးသည် သူ့ထီးများကို အလကားမဝေပါ။

ထိုအခါ ကျွန်တော် တစ်ညလုံး မအိပ်တော့ပါ။ တညလုံး မအိပ်ရသော ကျွန်တော်သည် နောက်တက်ရက်တွင် တနေ့လုံး အိပ်သည်။ အိပ်နေစဉ် ကျွန်တော် မျက်စိမိတ်ထားသည်။ မိတ်ထားသော မျက်လုံးများကို အလင်းရောင်သည် ဖောက်ဝင် နိုင်စွမ်းအား မရှိရှာပါ။ ထိုအခါ ကျွန်တော့် အတွက် နေ့ခင်းကြောင်တောင် အလင်းရောင် မဲ့သွားသည်။ ထို့နေသည် ပြက္ခဒိန် ထဲမှရက်စွဲ တစ်ခုဖြစ်သည်။

Read More...

Sunday, August 26, 2007

ကြော်ငြာပါရစေ





ဤဆိုဒ်သည် မိမိ၏ ဘလော့ဂ် ပို့စ်များကိုသော် လည်းကောင်း မိမိနှစ်သက်ရာအသုံးဝင်မည့် အကြောင်းအရာများကို လည်းကောင်း ဝေမျှနိုင်သည့် နေရာတစ်ခု ဖြစ်ပါသည်။

အဲဒီဆိုဒ်လေးမှာ မြန်မာနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ အပြင် အသုံးဝင်နိုင်မဲ့ URL တွေကို တင်ပေးထားတာကို တွေ့ရပါတယ်။ အဲဒီဆိုဒ်လေးကို သွားချင်တယ်ဆိုရင်တော့ ဒီနေရာကို လစ်လုပ်လိုက်ပါ

Read More...

တင်းပလိတ်ပြောင်းခြင်း

ပျင်းနေတယ်။ ဘာမှလဲ မလုပ်ချင်ဘူး။ အားသလားဆိုတော့ လုပ်စရာတွေတစ်ပုံကြီး။ ဘာတွေပြီးပြီလဲ လို့မေးရင် ဘာမှ မလုပ်ပဲ ပစ်ထားတယ်။ ဒါဆို ဘာလုပ်မလဲဆိုတော့ ဘာလုပ်လို့ လုပ်ရမှန်းမသိဘူး။
အ၀တ်လျှော်မလား
စာရေးမလား
စာဖတ်မလား
အိပ်မလား
ဘာတစ်ခုမှ မလုပ်ချင်တာနဲ့ တင်ပလိတ်ကိုပဲ ကလိလိုက်တယ်။ Old Template ကို New လုပ်ပစ်လိုက်တယ်။ ရမလားလို့ ဂူဂဲ AD လေးဖမ်းထည့် လိုက်သေးတယ်။ မရတော့လဲ ထားလိုက်တယ်။ ရှိစေတော့ မပေးချင်လို့ မပေးတာကို ဇွတ်တောင်း မနေတော့ပါဘူး။

ဘင်နာကို ဘာတင်မလဲလို့ စဉ်စားတော့ မျက်စိထဲမှာ ခေါင်းဖြူကြီးကကို ပြေးမြင်တယ်။ အဲလူကြီးက ကျွန်တော့်ဘင်နာကို လာလာ ခလုပ်တိုက်နေလို့။ သူကတော့ အကြံကုန်လို့လားမသိပါဘူး။ ဆားတော့မချက်ဘူး ဘင်နာမှာ မြက်စိုက်နေတယ်။ ကြည့်ရတာ မြက်ပဲ ရောင်းစားမလို့လား ဒါမှ မဟုတ် နွားပဲ မွေးမလို့လားတော့ မသိဘူး။ မြက်တွေကတော့ စိုက်ထားတယ် စိမ်းလို့ ။

ဘင်နာလုပ်ဖို့ ခေါင်းစားကြည့်သေးတယ် ပျင်းတယ် မလုပ်ချင်သေးဘူး။ ဘာခက်တာမှတ်လို့ လွန်ခဲ့တဲ့ ဆယ်လ လောက်က တင်ခဲ့ဖူးတဲ့ ဘင်နာဟောင်းလေး ကောက်တင်လိုက်တယ်။ အစွဲလမ်းကြီးတယ်လို့ ပြောရမလားတော့မသိဘူး။ ပထမဆုံး တင်ခဲ့တဲ့ ဘင်နာလေးက လွဲရင် ကြားထဲမှာ တင်ခဲ့တဲ့ ဘင်နာတွေကို တယ်ပြီး သဘောမကျလှဘူး။

နောက်ရှိပါသေးတယ်။ ရင်းနှီးတဲ့ လူတချို့ပြောပါတယ်။ မင့်တင်းပလိတ်က ဘယ်လောက်ပြောင်းပြောင်း နောက်ခံ အနက်ရောင် မပြောင်းတော့ ပြောင်းတယ်လို့ ထူးထူးခြားခြား ဖြစ်မလာဘူးတဲ့။ အင်း မတတ်နိုင်ဘူးလေ။ တကယ်တော့ ကျွန်တော့် အကြိုက်တဲ့ အရောင်က အနီတောက်တောက် အစိမ်းတောက်တောက် အဖြူဆိုလက်လက် အနက်ဆို မဲပြောင်နေမှ။ အဲဒီတော့ ကိုယ်ကြိုက်တဲ့အရောင်ထဲက အဖြစ်သင့်ဆုံးအရောင်ကို စဉ်စားကြည့်တော့ အဖြူနဲ့ အနက်ပဲ ရှိတယ်။ အဖြူကျတော့လဲ ရှင်းလွန်းလို့ မကြိုက်ဘူး။ ဒီတော့ အနက်ပဲ သုံးရုံပေါ့လေ။ ဒါကတော့ ကိုယ့်ဒေါသနဲ့ ကိုယ်ပဲ။ ရှိစေတော့ ပေါ့။

အင်း စကားမစပ် ပြောရဦးမယ်ဗျာ ဒီရက်ပိုင်းတွင်း ဘာမှ မလုပ်ဖြစ်တာကလဲ ဟိုလိုလို ဒီလိုလို ဘာလိုလိုနဲ့ ဟိုသွားကြည့် ဒီသွားကြည့် လုပ်နေမိတာကို။ အဲခက်တာက ကျွန်တော်သွားကြည့်လို့ မြင်ခဲ့ကြားခဲ့ရတာကို ဘလော့ဂ်ပေါ်မှာရေးပါလား ဆိုတော့လည်း မရေးဖြစ်ဘူး။ ဘာဖြစ်လို့လဲမေးရင် ကျွန်တော်တို့ လုပ်စရာတွေ အများကြီး ကျန်သေးလို့။ ဒါကို တချို့က သတ္တိမရှိဘူးလို့ ပြောလိုပြော ကြောက်တယ်လို့ ဆိုချင်ဆို ကျွန်တော်တို့ စီစဉ်ထားတဲ့ အလုပ်ကလေးတွေ ပြီးအောင်လုပ်ဖို့ ကျန်သေးတယ်။ မတတ်ဘူးလေ။ ကြုံလို့ မေးလာရင်တော့ သိရင် ဖြေလိုက်တာပဲ။ တကူးတကတော့ မရေးဖြစ်တော့ဘူး။

ကဲပျင်းပြီးဗျာ ဒီလောက်ပါပဲ။

သြော် . . . ပြောစရာ ကျန်သေးတယ်။ တော်ပြီဗျာ ထားလိုက်တော့။ ဘာလိုလိုနဲ့ မိုးလင်းနေပြီ အိပ်တော့ တာ့တာ။

Read More...

Tuesday, August 21, 2007

လူတိုင်း မျှော်နေကြတဲ့ အီးစာစောင်တော်ကြီး ထွက်ပြီ

.










အားလုံးကို တောင်းပန်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကြေငြာထားတဲ့နေမှာ ဂျာနယ်မထုတ်နိုင်လို့ပါ။ မထုတ်နိုင်တဲ့ အကြောင်းအရင်းကတော့ နည်းပညာအခက်ခဲပါပဲ။
ကျွန်တော်က စာတာရေးနိုင်တယ် ဖိုတိုရှော့ နည်းနည်းပါးပါးရတယ် အဲဒါလွဲလို့ လေးအောက်ချတာတာတွေကို မလုပ်တတ်ပါဘူး။ ဒါကြောင့် နည်းပညာ တတ်ကျွမ်းတဲ့ ကျွန်တော့ အသိတစ်ယောက် ဆီမှာ အကူညီတောင်းရပါတယ်။ သူကလဲ အလုပ်မအားတာနဲ့ ဘာနဲ့ဆိုတော့ နည်းနည်းကြံ့ကြာသွားတာပါ။
ထုတ်ဖြစ်ပြန်ပြီဆို တော့လည်း သူငယ်ချင်းတွေကို စမ်းပြကြည့်တော့ အယ်ဒါတစ်ချို့ကို တွေ့ရပါတယ်။ အဲဒီအယ်ဒါကို ပြင်ဖို့ စောင့်နေတာနဲ့ ထွက်မယ်လို့ ပြောထားတဲ့ ရက်မှာ မထွက်နိုင်တာပါ။
သူငယ်ချင်းကလည်း သူ့အလုပ်နဲ့သူ မအားတာနဲ့ အဲဒီအယ်ဒါကို မပြင်အားပါဘူး။ ကျွန်တော်လဲ မပြင်တတ်ပါဘူး။ ဒါကြောင့် ကြံ့ကြာသွားတာပါ။ အခုတော့ သူငယ်ချင်းကလည်း အလုပ်အရမ်းများနေလို့ မပြင်အားဘူး။ ဒါကြောင့် အမှား အယ်ဒါပါလျှက် နဲ့ပဲ ထုတ်လိုက်ပါတယ်။

ပြင်ဖတ်ရမဲ့ နေရာတွေကတော့

စာမျက်နှာ ခုနှစ်က ခေါင်းစဉ်ကို `` ထိတ်ထိတ်ကြဲ မြန်မာ ဘလော့ဂ်ကာများရဲ့ အောင်မြင်မှုကို ခုတုံးလုပ်ပြီး ကိုယ့်ကိုယ်ကို နာမည်ကြီးအောင် ဖန်တီးသူများရှိလာပြီ ´´

စာမျက်နှာ ရှစ်က ခေါင်းစဉ်ကို `` စနေနံနှင့် စသော ဘလော့ဂ်ကာများ မျက်ခုံးလုပ်နေကြပြီ ´´

စာမျက်နှာ တစ်ဆယ် ကခေါင်းစဉ်ကို `` ကျေးဇူးတင်ရှိခြင်း ´´ အစရှိသဖြင့် ပြင်ဆင် ဖတ်ရှုပေးဖို့ ဖြစ်ပါတယ်

ဂျာနယ်ဖတ်ရန် ဒီကိုနှိပ်ပါ

Read More...

Saturday, August 18, 2007

မနက်ဖြန် ဂျာနယ်ထွက်ပါပြီ

ပရိတ်သတ်ကြီး မျှော်လင့် စောင့်စားနေတဲ့ ဂျာနယ် မနက်ဖြန်ထွက်ပါပြီ။



သားရေး သမီးရေး ပြသာ အဖြေရှာနေကြတဲ့ မျက်လုံးနဲ့ ဘလာဂေါက်




နှစ်ရက်မှ ရေတစ်ခါချိုးသည့် ဘလော့ဂ်မယ်လေး




သံတိုင်တွေရဲ့ အနောက်က ဘယ်သူလဲ



အစရှိသည့် တိကျခိုင်လုံသေ သတင်းဓာတ်ပုံ ဝေေ၀ဆာဆာ များဖြင့် မနက်ဖြန် ဖြန့်ချိပါမည်။
အကယ်၍ စာဖတ်သူ မိတ်ဆွေ စိတ်ဝင်စား ဖတ်ရှုလိုပါက မနက်ဖြန် ဒီနေရာလေးမှာ လာရောက် ဖတ်ရှုနိုင်ပြီ ဖြစ်ပါကြောင်း

Read More...

Friday, August 17, 2007

ကြော်ငြာတာပါ




ကျွန်တော် ဆိုတဲ့ကောင်က လက်ထဲမှာ ကင်မရာရှိရင် Memory ကုန်ရင်ကုန် ဒါမှ မဟုတ် Battery ကုန်ရင်ကုန် တစ်ခုခုကုန်မှ ဓာတ်ပုံ ရိုက်ခြင်းကို ရပ်တဲ့ကောင်ပါ။

အဲဒီရိုက်သမျှ ပုံတွေထဲက ကျွန်တော်ကြိုက်တဲ့ ပုံလေးတွေကို သိမ်းထားပြီး တနေ့နေ့မှာတော့ ဓာတ်ပုံ ပြပွဲလေး လုပ်ပြီး ပြမယ်လို့ ရည်ရွယ်ထားပါတယ်။ ဒါကြောင့်လည်း ဘလော့ကို မြန်မာလို မရေးတတ်ခင်က soezeya.blogspot.com မှာ ကျွန်တော်ရိုက်တဲ့ ပုံတွေကို လေဘယ်တပ်ပြီး ရောင်းခဲ့ဖူးပါသေးတယ်။ တစ်ပုံမှ တော့မရောင်းရဘူး။ မြန်မာလို ဘလော့ဂ် ရေးတတ်တဲ့ အခါမှာ အဲဒီပုံတွေကို ရောင်းထားတာ အူကြောင်ကြောင် နိုင်တယ်ထင်လို့ ပြန်ဖျက်ပစ်လိုက်တာပါ။

ပြီးခဲ့တဲ့ အပတ်လောက်က စပြီး ကျွန်တော် ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေကို တစ်နေရာတည်းမှာ စုစည်းထားတဲ့ ဘဘော့ဂ် တစ်ခုကို ဖန်တီးလိုက်ပါပြီ။ တချို့ပုံတွေကတော့ ကျွန်တော့ ဘလော့ဂ်မှာ တင်ပြီးသားတွေပါ တချို့ပုံတွေ ကျတော့လည်း တစ်ခါမှ မတင်ရသေးတာလဲ ပါပါတယ်။ အဒီဘလော့လေးကို မြန်မာ ပုံရိပ်လို့ နာမည်ပေးထားပါတယ်။ သွားကြည့်ဖို့ စိတ်ဝင်စားတယ် ဆိုရင် ဒီနေရာကို နှိပ်ပါ

Read More...

ဘလော့ဂ်ကာများ စာနယ်ဇင်း ရှင်းလင်းပွဲ အောင်မြင်စွာ ပြီးဆုံး

ဒီနေ့ မြန်မာ ဘလော့ဂ်ကာများရဲ့ စာနယ်ဇင်းရှင်းလင်းပွဲကို ရန်ကုန်မြို့ ဘားလမ်းရှိ Mr.Brown ကော်ဖီ ဆိုင်မှာ ပြုလုပ်ခဲ့ပါတယ်။
အခမ်းအနားကို နေ့လည် နှစ်နာရီ ၁၅ မိနစ်မှာ စတင်ခဲ့ပြီး တက်ရောက်လာတဲ့ စာဇင်းသမားတွေကို ဘလော့ဂ်ဆင်မနာ နဲ့ပတ်သက်ပြီး ရှင်းလင်း ပြောကြားခဲ့ပါတယ်။

ရှင်းလင်းပြောကြားရာမှာ ကိုနေဘုန်းလတ်က ဘလော့ဂ် အကြောင်းကို အကျဉ်းချုံ့ ပြောကြားခဲ့ပြီး ကိုဇော်ဇော်မျိုးလွင် ( ဘလာကောက်) က ဆင်မနာ ကျင်းပရခြင်း၏ အကြောင်းအရင်းကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

အဲဒီနောက်မှာတော့ တက်ရောက်လာသူများက သိလိုသည်များကို ဆက်လက်မေးမြန်းရာမှာ ကိုနေဘုန်းလတ် ကိုညီလင်းဆက် နဲ့ ကိုဘလာကောက်တို့က ပြန်လည် ဖြေကြားရှင်းလင်းခဲ့ကြပါတယ်။ အခမ်းအနားကို ညနေ သုံးနာရီ ခွဲလောက်မှာ အောင်မြင်စွာနဲ့ အဆုံးသတ်ခဲ့ပါတယ်။

Read More...

မျှော်လင့်ချက်များနှင့် မီးစာပင်

`` ကံကြမ္မာက သိပ်ကိုဆန်းကြယ်တာပဲ။ နံနက်စာကို စားသောက်ဆိုင် ပိုင်ရှင်ဘ၀နဲ့ ကောင်းကောင်းမွန်မွန် စားသောက်ခဲ့ပေမယ့် ညနေစာလဲ ရောက်ရော စားစရာ ဘာမှမရှိတော့တဲ့ ဘ၀ကို ရောက်သွားတယ်´´ ဟု ရွှေပြည်သာမြို့နယ် လှိုင်မီးဘေးသင့်သူများ ရပ်ကွက် ရပ်ကွက် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဦးပြုံးချိုက သူ၏ခံစားချက်ကို ပြောပြသည်။

ဟုတ်ပါသည်။ ယခုဆိုလျှင် လှိုင်မြို့နယ် ၁၃ ရပ်ကွက် မီးဘေးသင့်ခဲ့မှု တစ်နှစ်ပင်ပြည့်ခဲ့ပြီ။ လှိုင် ၁၃ ရပ်ကွက်မီးသည် ရန်ကုန်မြို့တွင် ဆယ်စုနှစ်အတွင်း ဖြစ်ပွားခဲ့သော မီးလောင်မှုများတွင် အဆိုးဆုံး ဖြစ်သည်။

`` အချိန်ကတော့ မွန်းလွဲ ၁၂ နာရီကျော်ကျော်၊ မီး . . မီးဆိုတော့ ကျွန်တော် ထမင်းစား နေရာက လှမ်းကြည့်လိုက်တယ်။ ငါ့အိမ်နဲ့ ဝေးပါတယ် ဆိုပြီး ထမင်းကို အေးအေး ဆေးဆေး စားနေလိုက်တယ်။ ရုန်ရင်းဆန်ခတ် ပြေးလွှားနေတဲ့ လူတွေကိုတောင် မီးကဝေးပါသေးတယ် ဆိုပြီး ကျွန်တော် လိုက်ဖျောင်းဖျ နှစ်သိမ့်ခဲ့ သေးတယ်။
ဆောင်းတွင်း မြောက်ပြန် လေကလည်း တိုက်ပြန် ဆိုတော့ သိပ်မကြာလိုက်ဘူး။ ကျွန်တော့အိမ် မီးထဲပါသွားတယ်။ မီးသတ်ကားတွေ ရောက်လာပေမယ့် အိမ်တွေက မီးကူးဖို့ လွယ်ပေမယ့် မီးသတ်ကားဝင်ဖို့ ခက်ခဲတယ်။ မီးကူးတာလဲ မြန်သလား မမေးနဲ့ ကြည့်နေရင်း ကြည့်နေရင်မှာ မီးလုံးကြီးတွေက တစ်အိမ်ပြီးတစ်အိမ် ၀ါးမျိုသွားတော့တာပဲ။ ကတ္တရာလမ်း မီးလောင်တာဆို ကြောက်ဖို့ တောင်ကောင်းတယ်´´ ဟု ဦးပြုံချိုက မီးလောင်စဉ်မြင်ကွင်းကို ပြန်ပြောင်း ပြောပြသည်။

`` ကျွန်တော်တို့ ဒုက္ခသည်တွေကို စခန်းလေးခု ခွဲပြီး ခေတ္တနေရာ ချထားပေးတယ်။ ဒုက္ခသည် စခန်းကနေ အစိုးရချထားပေးတဲ့ မြေကွက်ကို စပြောင်းလာတော့ ဒီနေရာကို ရောက်ခဲ့ရတာပေါ့။
ဒီရောက်တော့ ချပေးထားတဲ့ မြေကွက်တွေက လယ်ကွင်းတွေ စပါးတွေကလည်း မည့်နေပြီ။ မရိပ်ရသေးဘူး။ စပါးခင်းပိုင်ရှင်တွေ ဆိုရင် မရိပ်ရသေးတော့ ငိုလို့ နေကြတယ်။ ကျွန်တော်တို့လည်း စိတ်မကောင်းဘူး။ ကိုယ်ချင်းလည်း စာတယ် ဒါကြောင့် ပစ္စည်းတွေကို လယ်ကွင်းဘေးမှာတွေ ပုံပြီး သူတို့ စပါးရိတ်ပြီးအောာင် တစ်ပတ်လောက် စောင့်ရတယ် ´´ ဟု ဦးပြုံးချိုကပြောသည်။

လှိုင် ၁၃ ရပ်ကွက် မီးဘေးသင့်သူများကို နေရာချထားပေးသည့် နေရာများမှာ ရွေပြည်သာမြို့နယ် လှော်ကားကျေးရွာ အကျော် နှစ်မိုင်ခန့်တွင် ဖြစ်ပြီး အပိုင်း ၁၊ ၂၊ ၃၊ ၄ ဟူ၍ လေးပိုင်းခွဲကာ နေရာချထားပေးခဲ့သည်။ ယင်းကဲ့သို့ ချထားပေးရာတွင် မီးဘေးသင့် အိမ်ရှင် ၁၇၀၀ ခန့်အတွက် ပေ ၂၀x၄၀ နှင့် ပေ ၄၀x၆၀ မြေကွက်များ ချထားပေးခဲ့သည်။ ယင်းနောက် တစ်အိမ်လျှင် ကျပ်ငွေ ၃၇၅၀၀ ထောက်ပံပေးခဲ့ပြီး သစ်တစ်တန်လျှင် ကျပ်ခြောက်သောင်းနှုန်းဖြင့် တစ်အိမ်လျှင် သစ်နှစ်တန်စီ ရောင်းချပေးခဲ့သည်။ ယင်းအနက်မှ မြေဂရမ် ပိုင်ဆိုင်သည့် ၂၀ ကျော်ခန့်ကို လှိုင်၁၃ ရပ်ကွက် မူရင်းနေရာတွင် ပြန်လည် ပေးအပ်ခဲ့သည်ဟု သိရသည်။

မီးလောင်ရာတွင် တိုက်ခန်းပိုင်များ ပါဝင်သော်လည်း ယင်းတိုက်ခန်းများ အပါအ၀င် အိမ်များမှာ ကျူးကျော်မြေနေရာများ ဖြစ်သောကြောင့် ယခုကဲ့သို့ ရွှေပြည်သာ ဘက်သို့ ပြောင်းရွှေ့ခဲ့ရခြင်း ဖြစ်သည်။ မီးဘေးသင့် သူများ ထဲတွင် အိမ်ရှင်လူဦးရေထက် အိမ်ငှားလူဦးရေက သုံးပုံ နှစ်ပုံခန့်ရှိရာ အိမ်ငှားသူများကို မည့်သည့် နေရာတွင်မျှ မြေကွက်ချထားပေးခြင်း မရှိကြောင်းသိရသည်။

အချို့ကတော့လည်း အိမ်ရှင်နဲ့ အိမ်ငှား အတူနေလာတာ ကြာတော့ သံယောဇဉ် တွယ်ပြီး အသစ်ရတဲ့ မြေကွက် အိမ်ရှင်က အရှေ့ကဆောက် အိမ်ငှားက အနောက်ကဆောက်ပြီး လိုက်နေကြတာမျိုးလဲ ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

လမ်းပန်း ဆက်သွယ်ရေးမှာ ကားလမ်းနှင့် မီးဘေးသင့်သူများ ရပ်ကွက် အတွင်းပိုင်းသည် နှစ်မိုင်ခန့်ဝေးသောကြောင့် လမ်းလျှေက်ဝင်ရသည်။ ပွင့်လင်းရာသီ ခြောက်သွေ့နေချိန်တွင် ဆိုက်ကား၊ ထော်လာဂျီတို့ဖြင့် သွားလာ နိုင်သော်လည်း မိုးကျလျှင် လမ်းများ အားလုံး ရေမြုတ်ကာ လူပင်လျှင် အနိုင်နိုင် သွားလာနေရသည်ဟု သိရသည်။

`` ဒီကလူတွေ အများစုကတော့ မြို့ထမှဲာ သွားပြီးအလုပ်လုပ်၊ ဈေးရောင်းရတာ သူတို့မှာ ပြန်လာရင်လဲ ဆန်းဖို့ ကျပ် ၇၀၀၊ ၈၀၀ အပြင် အပိုမပါဘူး။ ဒီတော့ ဘယ်လို ဆိုက်ကား စီးနိုင်မှာလည်း လမ်းလျှောက်ပေါ့။ သမိုင်းချည်မျှင်နဲ့ အထည်စက်ရုံမှာ အလုပ်လုပ်နေတဲ့ လူတွေ အတွက်ကတော့ လမ်းမအထိ ဖယ်ရီ လာကြိုပါတယ်ဟု လုပ်သား တစ်ဦးက ပြောသည်။

လမ်းပန်း ဆက်သွယ်ရေး ခက်ခဲမှု ကျန်းမာရေး အတွက် ဆေးရုံ ဆေးခန်းများနှင့် အလှမ်းဝေးမှုများ ကြောင့် တခါတရံတွင် အချို့သော မကျန်းမာသူများသည် မဖိတ်စင်သင့်ပဲ အသက်ဆုံးရှုံးရသည့် ဖြစ်ရပ်နှင့်လည်း ကြုံတွေ့ရသည်ဟု ဆိုသည်။

`` ဒါကြောင့် ဒီမှာနေတဲ့လူတွေ အတေင့်တဆုံးကတော့ ဆေးပေးခန်းလေးပဲ ဖြစ်ဖြစ် ပုဂ္ဂလိက ဆေးခန်းလေးပဲ ဖြစ်ဖြစ် အဲဒါလေး တစ်ခုခုကိုတော့ အားလုံးက မျှော်လင့်နေကြတယ်´´ ဟု ဦးပြုံးချိုက ဒေသခံများ ကိုယ်စားပြောပြသည်။

ယခုကဲ့သို့ ဆေးခန်း အခက်အခဲများ၏ အဓိကမှာ ပြသနာမှာ သွားရေးလာရေး လမ်းပန်း ဆက်သွယ်ရေး ကြောင့်ဖြစ်သည်ဟု သိရသည်။ ယခုအခါ လမ်းပန်း ဆက်သွယ်ရေး အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနတို့က ကျပ်သိန်း ၁၅၅၀ စီထည့်ဝင်ကာ မီးဘေးသူများ ရပ်ကွက်နှင့် လှော်ကားလမ်းကို ကျောက်ချောခင်းရန် စီစဉ်ထားပြီး ဖြစ်သည်ဟုသိရသည်။ ယင်းကျောက် ချောလမ်းကကို ယခုနှစ်မိုးမကျမှီ အပြီးခင်းရန် စီစဉ်ထားပြီး ယင်းကျောက်ချော လမ်းပြီးစီးသွားပါက လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်လာပြီး ကျန်းမာရေးအတွက်လည်း အဆင်ပြေလာမည်ဟု ဒေသခံများက မျှော်လင့်ကြသည်။

`` အခုအနေ အထားက ဘယ်လိုဖြစ်နေလဲ ဆိုတော့ နာရေးဖြစ်ရင်တောင် မိုးတွင်းပိုင်း ဆိုရင် အလောင်းကို ရေကျော်နေတဲ့ လမ်းပေါ်ကနေ ကားလမ်းရောက်အောင် တစ်မိုင်စာလောက် ထိန်းထိန်း သိမ်းသိမ်းနဲ့ ထမ်းထုတ်ရတယ်။ သူတို့ကလည်း ချက်ချင်း လာမသယ်နိုင်ဘူး။ နံနက်ကတည်းက သေရင် ညနေမှ လာသယ်တယ်။ ညပိုင်းကတည်းက ဆုံးတဲ့ အလောင်းဆိုရင် နောက်နေ့ ညနေပိုင်းမှ လာသယ်တော့ ဒီမှာ အနေအထားတွေက မကောင်းတော့ဘူး။ ကားလမ်းပြီးသွားရင်တော့ ဒီပြသနာတွေ အဆင်ပြေမယ်လို့ မျှော်လင့်ရတာပဲ´´ ဟု ဒေသခံ တစ်ဦးက သူတို့၏ မျှော်လင့်ချက်ကို ပြောပြသည်။

ကျောက်ချောလမ်း ဖောက်လုပ် ပြီးစီးပါကလည်း အဓိကလမ်းမကြီးသာ ရေနှစ်မြုတ်မှု သက်သာနိုင်မည် ဖြစ်ပြီး ရပ်ကွက်အတွင်းရှိ လမ်းများနှင့် အိမ်များမှာမှု မိုးရာသီတွင် ဆက်လက် ရေ၀ပ် နေဖွယ်ရာ ရှိသည့်အတွက် ရေ၀င်လမ်းများကို ရေတံခါးများ တံခါးများ တည်ဆောက်ပြီး ရေနုတ်သည့် ရေပြွန်များကိုလည်း ပြန်လည်ပြင်ဆင်ပေး ရန်လိုအပ်သေးသည်ဟု သိရသည်။

သေက်သုံးရေအတွက် နာရေး ကူညီမှု အသင်းနှင့် YMCA တို့မှ လက်နှိပ် ရေတုံကင်တပ် အ၀ီစိ တွင်းလေးများ တူးဖော်ပေးထားသည်ဟု သိရသည်။ ယင်းအ၀ီစိ တွင်းမှ ထွက်သော ရေးများမှာလည်း သံဓာတ်ပါဝင်သည့်အတွက် သောက်သုံးရာတွင် အဆင်ပြေမှု မရှိကြောင်းသိရသည်။

`` တတ်နိုင်တဲ့ လူတွေကြတော့ ရေသန့်တစ်ဘူး ကျပ် ၂၅၀ နဲ့ ၀ယ်သောက်ကြတယ်။ မတတ်နိုင်သူတွေ ကတော့ ဒီရေကိုပဲ သောက်ကြရတယ်။ နားလည်တဲ့ လူတွေ ပြောကြတာတော့ ပေလေးရာ အနက်အထိ တူးရင် ရေကြည်ရေ ကောင်းရနိုင်တယ်လို့ ပြောကြတာပဲ။ တကယ်လို့ စက်ရေတွင်း လှူဒါန်းလိုတဲ့ အလှူရှင်ရှိရင်တော့ အများနဲ့ သက်ဆိုင်တဲ့ နေရာမှာပဲ ဖြစ်ဖြစ် ဘုန်းတော်ကြီး ကျောင်းမှာပဲ ဖြစ်ဖြစ် လှူဒါန်းထားမယ် ဆိုရင်တော့ သောက်သုံးရေအတွက် အဆင်ပြေနိုင်ပါမယ် ´´ ဟု ရပ်ကွက် ဥက္ကဋ္ဌ ဦးပြုံးချိုက ပြောသည်။

ပညာရေးအတွက်မှု ဂျပန်လူမှုရေး အဖွဲ့စည်းတစ်ခုက မှုလတန်းလွန် ကျောင်းတစ်ကျောင်းကို တည်ဆေက်ပေးထားပြီး ဖြစ်သော်လည်း အပိုင်းတစ်နှင့် အပိုင်းနှစ်တွင် နေထိုင်သူများ အတွက် အနည်းငယ် အလှမ်းဝေးကွာ နေသော ကြောင့် မူလတန်းအရွယ် ကျောင်းသားများ အတွက် သွားတက်ရန် အဆင်မပြေနိုင်၍ သိရိမင်္ဂလာ ဘုန်းတော်ကြီး ကျောင်းဆရာတော်က ကုန်ကျစရိတ်ခံပြီး ဘုန်းတော်ကြီးသင် မူလတန်းကျောင်းကို ဖွင့်လှစ်ထားသည်ဟု သိရသည်။ ယင်းအပိုင်းတွင် မူလတန်း ကျောင်းတစ်ကျောင်း ဆောက်လုပ်ရေးအတွက် မြေနေရာ ချထား ပေးပြီးဖြစ်ကာ လာမည့် ပညာသင်နှစ်တွင် ဆောက်လုပ်သွားဖွယ်ရာ ရှိသည်ဟုသိရသည်။

လှိုင်မီးဘေး သင့်သူများ၏ အဓိက စီးပွားရေးမှာ ရန်ကုန်မြို့ပေါ်တွင် တက်ရောက် ဈေးရောင်းချခြင်း မြို့ပေါ်တွင် နေ့စား အလုပ် လုပ်ကြပြီး တပိုင်တစ်နိုင်စီးပွားရေးမှာ Iron Brushes လုပ်ငန်းလေး တစ်ခုသာရှိပြီး တိုလီမုတ်စရောင်းချသည် ဆိုင်လေးမှာ တစ်ဆိုင်သာရှိသည်ဟုသိရသည်။

`` ဒီမှနေရတာ အရင်ကနေရာ ထက်စာရင် လေကောင်း လေသန့်ရတယ်။ ကိုယ့်ဝင်းကိုယ့်အိမ်နဲ့ ဆိုတော့ သီးသီးသန့်သန့် လည်းရှိတယ် ရေရှည်အတွက် နေမယ်ဆိုရင် ကောင်းသွားမှာပါ။ အခုလတ်တလောမှာတော့ နေသားမကျတာရယ်၊ အရင်က မြို့ထဲမှ နေခဲ့ပြီး ဒီလို လမ်းပမ်းဆက်သွယ်ရေး ဝေးလန်တဲ့ နေရာမှာ ဖြစ်နေတာရယ်ကြောင့် မနေတတ် မထိုင်တတ် ဖြစ်နေတာပါ´´ ဟု ဒေသခံတစ်ဦးကပြောသည်။

မီးဘေး သင့်မှုကြောင့် လူလတ်တန်းစားများ၏ စီးပွားရေးကို ထိခိုက်မှု ရှိခဲ့သော်လည်း ဆင်းရဲသူများမှာမှု နိုင်ငံတော်နှင့် အများပြည်သူ တို့၏ ၀ိုင်းဝန်း ထောက်ပံ့မှုကြောင့် ပစ္စည်းဆုံးရှုံးမှု သိပ်မရှိလှကြောင်း သိရသည်။

ယခုလ၂၇ ရက်တွင်မှု မီးဘေးသင့်သူများ နေထိုင်ရာ ရပ်ကွက်တွင် စည်ကားသိုက်မြိုက်လာစေရန် ရည်ရွယ်ချက်ဖြင့် မီးလောင်မှု နှစ်ပတ်လည် ပွဲဈေးတန်း တစ်ခုကို ပြုလုပ်မည်ဟု သိရသည်။

မီးလောင်ကျွမ်းမှုတွင် မီးလောင်ခံရသည့် အိမ်ရှင်များနှင့် ရွေပြည်သာမှ စပါးခင်း ပိုင်ရှင်များသည် မီးစာပင် ဖြစ်ခဲ့ရသည်။ မီးလောင်မှုကို စတင်ရာ ကျော်စိန်ဖိနပ်စက်ရုံ ပိုင်ရှင်ကို ပြီးခဲ့သည့် နှစ်လခန့်က ထောင်ဒဏ် သုံးနှစ်အပြစ်ပေး လိုက်ပြီ ဖြစ်သည်ဟု သိရသည်။ မီးလောင်ကျွမ်းမှု ကတော့ ပြီးဆုံးခဲ့သည်မှာ တစ်နှစ်ပင်ကြာခဲ့ပြီ။ မီးလောင်မှုတွင် မီးစာဖြစ်ခဲ့ရသည် လှိုင်မီးဘေးသင့်သူများနှင့် စပါးခင်းပိုင်ရှင်များကတော့ သူတို့ ဘ၀တွင် ဆက်လက်လောင်ကျွမ်းနေသည့် အပူမီးများ ငြှိမ်းသတ်မည့်နေ့ကို စောင့်မျှော်နေကြသည်။

၁၈ . ၁၁. ၂၀၀၆ နေ့တွင် လှိုင်မီးဘေးသင့်သူများ ရပ်ကွက်သို့ ကွင်းဆင်းလေ့လာ ရေးသားခဲ့ ဖြစ်သည်။

Read More...

Tuesday, August 14, 2007

ပထမလူနှင့် ဒုတိယလူ

ပထမလူ။ ။ မင်းက အလကားကောင်ပါကွာ။ မင်းကတော့ မင်းကိုလာကြိုက်တဲ့ မိန်းကလေးတွေ ၀ိုင်းဝိုင်းလည်နေတယ် ဆိုပြီး ဂုဏ်ယူ နေမလားတော့မသိဘူး။ တကယ်တော့ မင်းက ဇရပ်ကြီးကွ။ လမ်းဆုံလမ်းခွက ဇရပ်ကြီး။ မင်းဆီကို လာတဲ့ ကောင်မလေးတွေက ကားမလာခင် ဇရပ်ထဲမှာ ခဏ၀င်နားတာ။ ကားလာတော့ မင်းကို ပစ်ထားပြီး လိုက်ချင်တဲ့နေရာသွားကြတာ။

ဒုတိယလူ။ ။ အေးမင်းက ဇရပ်ကြီးလို့ ပြောရင်၊ လမ်းဆုံ လမ်းခွက ဇရပ်မကလို့ သုသာန်က ဇရပ်ဖြစ်နေပါစေ။ ဘယ်လို အကြောင်းနဲ့ ပဲဖြစ်ဖြစ် ဘာအကြောင်းကြောင့် ပဲဖြစ်ဖြစ် ဇရပ်ကို ရောက်လာတဲ့သူတွေကို လုံခြုံမှု အပြည့်ပေးနိုင်ဖို့ ငါဘက်က အဆင့်သင့်ပါပဲ။ ငါက မင်းပြောသလို ဇရပ်ဖြစ်တဲ့ အတွက်ကြောင့် အဆင့်မြင့် ဟော်တယ်ကြီးတွေလို အကောင်းစား ၀န်ဆောင်မှုတွေကို မပေးနိုင်တာကိုတော့ စိတ်မကောင်းပါဘူး။ အချိန်တန်လို့ ငါ့ကို ထားခဲ့ချင်ထားသွားပါ ဇရပ်ကိုတော့ မဖျက်ဆီးသွားပါနဲ့၊ ငါတောင်းပါတယ်။


ပထမလူ။ ။ ရုပ်ချောခြင်း အပြောကောင်းခြင်းက မိန်းကလေးတစ်ယောက်ကို ဆွဲဆောင်နိုင်သလား။

ဒုတိယလူ။ ။ ရုပ်ချောခြင်း အပြောကောင်းခြင်းက ဆွဲဆောင်နိုင်တယ်ဆိုတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ရုပ်ချောခြင်း အပြောကောင်းခြင်းဆိုတာ တံခါးတချပ်ကို ဖွင့်ပေးနိုင်ရုံ သက်သက်ပါပဲ။ တံခါးတစ်ချပ် ပွင့်သွားတဲ့အတွက် မင်းအထဲကို ၀င်ပိုင်ခွင့် ရမယ်။ တစ်ဘ၀စာ ခရီးတစ်ခု သွားဖို့ဆိုရင်တော့ မင့်ဆီက လမ်းပြမြေပုံကို တောင်းကြည့်လိမ့်မယ်။ မြေပုံအရ မင်းသွားမဲ့ ခရီးမှာ ချိုင့်တွေပေါမယ် ခရောင်းလမ်းလို မာကြောမယ် ခြေကျဉ်လျှောက်ရမဲ့ လမ်းတွေများနေမယ် ဆိုရင်တော့ မင်းနဲ့ အတူ ခရီးသွားဖို့ မသေချာတော့ဘူး။
ပိုးဖလန်လို အချစ်မျိုးဆိုတာ မင်းကြားဖူးမှာပါ။ ပိုးဖလန်တွေ မီးပုံကို ဘာကြောင့် ၀င်တိုးကြ သလဲသိလား။ သူတို့လိုချင်တဲ့ အလင်းရောင်ကို တပ်မက်စွာ ဖက်တွယ်ချင်လို့ အသက်အသေခံပြီး အလင်းရောင် ရှိရာ မီးပုံထဲကို ၀င်တိုးကြတာ။ အခုခေတ်မှာတော့ အဲလို ပိုးဖလန်တွေ ရှားသွားပြီ။ ရေနံဆီနဲ့ မီးခိုးထွက်နေတဲ့ မီးခွက်စုတ်လေးက အလင်းရောင်တွေမှာ ပိုးဖလန်တွေ မရှိကုန်ကြတော့ဘူး။ အလင်းရောင်လဲရ အသက်လဲ မသေတဲ့ လျှပ်စစ်မီးပြောင်းတွေမှာပဲ ဖက်တွယ်ကြတော့တယ်။
အေးလေ ခရီးတစ်ခုသွားဖို့ ဆိုရင်တော့ အဖော်ပါချင်ပါ မပါချင်နေ အကောင်းဆုံး ဖြစ်မဲ့ လမ်းကြောင်းတစ်ခုကိုတော့ ရွေချယ်ထားပေါ့။


ပထမလူ။ ။ မင်းဆိုတဲ့ကောင်က အခြောက်ပဲကွ။ ယေကျာင်္းလေး တန်မဲ့မျက်ရည်ကျ ရတယ်လို့။

ဒုတိယလူ။ ။ ယေကျာင်္းလေး ဆိုမျက်ရည်မကျဘူးလို့ မင်းကို ဘယ်သူပြောလဲ။ မျက်ရည်ဆိုတဲ့ နေရာမှာ မင်းသိအောင် ငါပြောပြရဦးမယ်။ အပြင်က ကျတဲ့မျက်ရည်နဲ့ နှလုံးသား ကျတဲ့ မျက်ရည်ဆိုပြီး ကွဲသေးတယ်။
အပြင်ကကျတဲ့ မျက်ရည်ဆိုတာက ကြက်သွန်းလှီးရင် ကျတာမျိုး၊ မင်းငယ်ငယ်က ဓာရှမိလို့ ငိုရင်းကျတာမျိုး ကိုပြောတာ။
နှလုံးသားက ကျတဲ့ မျက်ရည်ဆိုတာ နှလုံးသားရဲ့ ခံစားချက်တစ်ခုကြောင့် ကျလာတဲ့  မျက်ရည်မျိုးကိုပြောတာ။ မိန်းကလေးလည်းလူပဲ ယေကျာင်္းလေးလည်းလူပဲ။ လူဆိုရင်တော့ ခံစားတတ်တဲ့ နှလုံးသားပါတဲ့ လူတိုင်းမျက်ရည်ဆိုတာကျမှာပဲလေ။
ဘယ်တော့မှ မျက်ရည်မကျဘူးဆိုရင် အဲဒီကောင် ခံစားချက်တွေကို ဖုံးကွယ်နေတာ။ လူကြားထဲမှာမို့ မျက်ရည်ကျရမှာ မသင့်တော်လို့ ဆိုရင်တော့ လက်ခံပါတယ်။ လူကွယ်ရာရောက်မှ ဖွင့်ချလိုက်ပေါ့။ ဘယ်တော့မှ မျက်ရည်မကျဘူးဆိုတော့ အဲဒီလူရဲ့ နှလုံးသားဟာ အလုပ်မလုပ်တော့ဘူး။ သေသွားပြီ။

Read More...

Monday, August 13, 2007

ငပျင်း

အခုရက်ပိုင်းမှာ တော်တော်ကို အပျင်းကြီးနေတယ်။ ရေးစရာတွေ ခေါင်းထဲမှာ ရှိနေပေမယ့် ရေးရမှာကို ပျင်းနေတယ်။ ဘာမှလဲ မရေးချင်ဘူး။ ဘာမှလဲ မလုပ်ချင်ဘူး။
မနက်ဖြန် မနက်ဖြန် မနက်ဖြန်နဲ့ မနက်ဖြန်မှ လုပ်မယ်ဆိုတဲ့ အကြွေးတွေကလဲ ပုံနေပြီ။
ပိုက်ဆံ အကြွေးများလာတော့ မဆပ်နိုင်သလို အလုပ်ကြွေးတွေများလာတော့ ဆပ်ဖို့ခက်နေတယ်။

Read More...

Sunday, August 12, 2007

ပြာ

.


မီးတောက်သည် လောင်စာ၏ အာကိုးဖြင့် မီးစာကို လောင်ကျွမ်းသောအခါတွင်၊ မီးစာဟု အမည်ရသော မီးလောင်ခံ ပစ္စည်းလေးသည် ပြာ ဖြစ်သွားသည် . . . .

ရှုပ်ထွေးလှသော ဘ၀ကို သချာင်္စာအုပ် တစ်အုပ်ဟု သဘောထားမည် ဆိုပါက ထိုကောင်မလေးသည် ကိန်းကဏန်းများ ဖြစ်လိမ့်မည်။ ထိုကိန်းကဏန်းများသည် လွန်စွာမှ ရှုပ်ထွေးလှပြီး ဖြေရှင်းခြင်း အလို့ငှာ ကျွန်တော်တတ်နိုင်လိမ့်မည် မဟုတ်ပါ။

မိမိကို လွမ်းမိုးထားသော အရာများသည် အိမ်မက်ထဲသို့ ရောက်လာလေ့ရှိကြသည်ဟု ပြောလျှင် ထိုကောင်မလေးသည် ကျွန်တော့ဘ၀ကို လွမ်းမိုးခဲ့လေပြီ။ ကျွန်တော်အိပ်သော အိပ်မက်ထဲသို့ ထိုကောင်မလေးသည် အမြဲတမ်း ရောက်လာလေ့ ရှိသည်။ အိပ်မက်ထဲသို့ ထိုကောင်မလေး ရောက်မလာသော နေ့များတွင် ကျွန်တော် အိပ်ရာမထပါ။ အိပ်မက်ထဲကို ရောက်မလာမချင်း ဆက်အိပ်ပစ်သည်။ အထက်ပါ ကိစ္စအတွက် မည်သူက တရားစွဲလိုပါသနည်း။

တခါတရံ မနက်လင်းခါနီး ဗိုက်ဆာသည့်တိုင် . . . အဝေးတနေရာမှ အိပ်ပျော်နေသော တစ်စုံတစ်ယောက်ကို ပစ်ထား၍ ကျွန်တော်တစ်ယောက်တည်း မစားရက်ပါ။ ကျွန်တော်သည် အမြဲလိုလို ဤကဲ့သို့ ပိုလွန်းပါသည်။

ကျွန်တော်သည် ဤသို့ ဤသို့ ရူးသွပ်ပါ၏

ကျွန်တော်သည် ထိုသို့ ထိုကဲ့သို့

တစ်ခါတရံ ။

ဒီလိုဒီလိုနဲ့ အသက်တွေတောင် တစ်ရက်ပြီး တစ်ရက်ကြီးခဲ့ပါချေပြီ

မင်းချစ်သူ ဘယ်သူလဲ ( အကယ်၍ သင်သည် ထိုမေးခွန်းမျိုး မေးခဲ့မည်ဆိုပါလျှင် )

ခံစားရခြင်းသည် ပူလောင်သည်
ထိုပူလောင်မှုကို မီးတောက်ဟု ပြောလျှင်
ကျွန်ုပ်၏ နှလုံးသာသည် မီးစာဖြစ်သည်
အချစ်သည်ကား လောင်စာဖြစ်သည်

ခံစားချက်ဆိုသည် မီးတောက်များသည် မီးစာနှင့်တူသော နှလုံးသာသို့ ကူစက်လောင်ကျွမ်းသည်။ ထိုလောင်ကျွမ်းမူကို ရှင်သန်စေရန် အချစ်ဆိုသည့် လောင်စာ များက ဖိအားပေးသည်။ နောက်ဆုံးတွင် မီးစာဖြစ်သည် နှလုံးသာသည် ပြာ ဖြစ်သည်သွားသည်။

အဲဒီပြာတွေက နင်သွားမဲ့ လမ်းမှာ ချခင်းပးပါ

Read More...

Saturday, August 11, 2007

စိတ်လေခြင်း

ဘာမှလဲ မလုပ်ချင်ဘူး
ဘယ်မှလဲ မသွားချင်ဘူး
ဖြစ်နိုင်ရင် နေရာတစ်ခုမှာ တစ်ယောက်တည်း နေချင်တယ်
အတိတ်တွေကို ဖျက်ဆီးပစ်ချင်တယ်
မှတ်မိတာမှန်သမျှ လွင့်ပစ်ချင်တယ်

ဘာမှ မရှိတဲ့ ကွင်းပြင်ကြီးထဲမှာ တစ်ယောက်တည်းအိပ်ခွင့်ရရင် ကောင်းမှာပဲ

ငါ
ဒီအချိန်မှာ ငါ့ခေါင်းထဲမှာ ဘာမှ မရှိဘူး
ဒါပေမယ့် ငါ့ကိုယ် ငါတော့ သိသေးတယ်
ငါ
စိတ်လေနေတယ်

အဲဒီလေနေတဲ့ စိတ်တွေ ပျက်သွားတဲ့ တစ်ချိန်ရောက်မှ
အတိုးချပြီး ပြန်လာခဲ့မယ်

Read More...

Wednesday, August 08, 2007

နှမြှောမိသော ဘလော့ဂ်လေးများ

ကျွန်တော် အစောဆုံး ဘလော့ဂ် လုပ်ခြင်းကို ကိုရဲ အကူညီဖြင့် ၂၀၀၅ ခု နှစ် အတွင်းက လုပ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် မေ့မေ့ပျောက်ပျောက်ပဲ။ လိပ်စာကို ပြန်ရှာမယ် ပြန်ရှာမယ်နဲ့ မရှာဖြစ်ခဲ့ဘူး။ အခုတော့ google such အကူညီနဲ့ ကျွန်တော့ ဘလော့ဂ်တွေကို ပြန်ရှာတွေ့ပါပြီ။ ဒါပေမယ့် ယူဇာနိမ်းကို ဘာပေးပြီး ပါ့စ၀ါပ်ကို ဘာပေးထားမိမှန်း မသိလို့ ဆိုင်းအင်လဲ လုပ်လို့ မရဘူး။ ပို့ အသစ်လဲ တင်လို့မရတော့ဘူး။

အဲဒီ ဘလော့ဂ်တွေကတော့



http://4tar2.blogspot.com ( since 2005 much )


http://soezeya.blog.com (since 2006 feb )


http://www.xanga.com/soezeya ( since 2006 much )

ဖြစ်နိုင်ရင် အဲဒီ ဘလော့ဂ်လေးတွေရဲ့ ပတ်စ၀ပ်ကို ပြန်လိုချင်မိပါတယ်

Read More...

Tuesday, August 07, 2007

မီးခိုးဖြစ်သွားတဲ့ ကဗျာဆရာ

.





ဒီနေ့ တာရာမင်းဝေရဲ့ နောက်ဆုံးခရီးကို လိုက်ပို့ဖြစ်တယ်။

ကျွန်တော် ထွက်လာတော့ နောက်ကျနေပြီ။ ကားမှီပါ့မလား။ လေထံကုန်းမှာ မေးကြည့်တော့ ကားတွေက ၀ဇီယာရုံအရှေ့မှာ ထွက်သွားလောက်ပြီတဲ့။

ဝဇီယာရုံအရှေ့ရောက်တော့ BM နဲ့တူတဲ့ကား တစ်စီးမှ မရှိတော့ဘူး။ ထွက်သွားပြီထင်တယ်။ ဒါပေမယ့် လူအုပ်ကြီး။ အများကြီးပါလား။ ကားမလာသေးလို့လား။

မဟုတ်ဘူး။ ကားလာတယ်။ လေးစီး။

ဒါဆိုအဲဒီကားတွေ ဘယ်ရောက်သွားတာလဲ

ကားတွေက လူတွေထားခဲ့ပြီး ထွက်သွားကြတာ။ ဘယ်ကိုလဲ။

မသိဘူး။

ကားမလာရင် ခြေလျှင်လျှောက်ကြမယ်။ ရေဝေးရောက်တဲ့အထိ။

လူအုပ်ကြီးက ကြီးလာပြီ။

ဘေးမှာ ၀ိုင်းကြည့်နေတဲ့ လူတွေကလဲ တစ်အုပ်ကြီး

ဟေ့ဓာတ်ပုံမရိုက်နဲ့
လူအုပ်ထဲက စကားသံတွေ ထွက်လာတယ်

သူတို့လျှော့သွားပြီ။ ကားတွေ ရောက်လာတော့မယ်။

ဗိုလ်ချုပ်ဈေးရှေ့မှာ ရောက်နေပြီ။

မတက်ကြနဲ့ဦး၊ လေးစီးလုံး ရောက်မှ တက်။

လေးယောက်စီ တန်းစီတက်ကြ။

ကင်မရာပါတဲ့လူတွေ ကားတွေကို မျှတက်ပေးကြပါ။

ဖြောင်းဖြောင်းဖြောင်း

လက်ခုပ်သံတွေ အဆက်မပြတ်ထွက်နေတယ်

ထိပ်ဆုံးမှာတော့ လူတွေအုံလို့

အုံနေတဲ့လူတွေကြားထဲကို တို့ဝှေ့ကြည့်လိုက်တော့

တာရာမင်းဝေ မှန်ခေါင်းထဲမှာ ပန်းတွေနဲ့ အတူလှဲလျောင်းနေတယ်

အားလုံး အားလုံး တာရာမင်းဝေအတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တစ်မိနစ်တိတိ ငြိမ်နေကြမယ်

ဇာဂနာရဲ့ အသံ တိတ်သွားတော့ ကျွတ်စီကျွတ်စီ အသံတွေရပ်သွားတယ်

တစ်မိနစ်ကြာပြီး

ကျေးဇူးတင်ပါတယ်

နောက် အစီစဉ်တစ်ခုနေဖြင့် တာရာမင်းဝေရဲ့ သူငယ်ချင်းက ကဗျာရွတ်ပါမယ်

ဇာဂနာကြေငြာလိုက်တော့ တာရာမင်းဝေရဲ့ သူငယ်ချင်းဆိုတဲ့ လူတက်လာတယ်

တာမင်းဝေရဲ့ ခေါင်းအရှေ့တည့်တည့်မှာ ရပ်တယ်

သူငယ်ချင်း ....................
................................
............................
ကျေးဇူးတင်ပါတယ်

ဖြောင်းဖြောင်းဖြောင်း

လက်ခုပ်သံတွေ ညံသွားတယ်

တော်တော်နဲ့ မရပ်ဘူး

တာရာမင်းဝေရဲ့ နောက်ဆုံးခရီး ဆက်လက်ပို့ဆောင်ပါတော့မယ်

ကြေငြာသူ ဇာဂနာရဲ့ အသံဆုံးတော့

တာရာမင်းဝေကို အုပ်ကြီးက ဆွဲခေါ်သွားတယ်

တစ်ခဏအကြာ

ကဗျာဆရာဟာ မီးခိုးဖြစ်သွားတယ်

Read More...

Monday, August 06, 2007

မှတ်မှတ်ရရ မြန်မာပြည်က မြို့များ




မန္တလေးနှင့်ကျွန်တော်



လူမှန်းသိတတ်ခါစ
ဓာတ်ပုံအယ်လ်ဘမ်ထဲမှာ
အမေရယ် ကျွန်တော်ရယ် မမရယ်
အမေက ကျွန်တော့ကို ပွေ့ချီထားတယ်၊ မမက အမေ့လက်ကို ဆွဲထားတယ်
အမေ့ကို မေးကြည့်တော့ မန္တလေးမှာ ရိုက်ထားတာတဲ့
ကျွန်တော်ငယ်ငယ်ကတည်းက သိလိုက်တယ် ငါမန္တလေးကို ရောက်ဖူးတယ်။

ကျောင်းနေခါစ အရွယ်နဲ့ တူပါတယ်
ကျွန်တော် သေချာမမှတ်မိဘူး
အဖေနဲ့ မန္တလေးကို နောက်တစ်ကြိမ်ထပ်ရောက်တယ်
တိရစ္ဆာန်ဥယဉ်ထဲမှာ မျောက်လွဲကျော်ရုံက ပိတ်သွားပြီတဲ့
လှောင်အိမ်အပြင်ဘက်က မျောက်ကလေးတစ်ကောင်ကို လူတွေဝိုင်းပြီး မုန့်ကျွေးနေကြတယ်
ဖျံလေးနှစ်ကောင် ရေကန်ထဲမှာ
တစ်ကောင်ကို အိမ်လေး တစ်လုံးစီလုပ်ပေးထားတယ်
ငါးအရှင်ကောင်တွေကို လူတွေက ပစ်ကျွေးတော့ လိုက်ဖမ်းပြီးစားတယ်
အဲဒီအချိန်မှာ ဖျံလေးတစ်ကောင်က သူ့ကိုပစ်ပေးလိုက်တဲ့ ငါးအရှင်တစ်ကောင် မိအောင်လိုက်ဖမ်းပြီး ကိုက်သတ်လိုက်တယ်
ချက်ခြင်းမစားသေးဘူး
ပြီးတော့ သူယားနေတဲ့ သူ့ခေါင်းကို လက်ကလေးနဲ့ ကုတ်တယ်
ကိုက်သတ်လိုက်တဲ့ ငါးသေလေးက ရေပေါ်မှာ ပေါ်နေတယ်
အယားပြေပြီဆိုမှ အဲဒီငါးလေကို စားတယ်
ဂစ်တာဆိုင်ကို မြင်တော့ အဖေ့ကို တစ်လက်လောက် ၀ယ်ပေးဖို့ပြောတယ်
အဖေက ဂစ်တာအသေးလေးတစ်လက် ဖြုတ်ပေးတယ်
မဟုတ်ဘူး သားလိုချင်တာ ဟိုဘက်က ဂစ်တာအကြီးကြီး

မူလတန်းကျောင်းသား ဘဝ
အတန်းထဲမှာ သူငယ်ချင်းတွေနဲ့ အကြွားပြိုင်ကြရင်
ငါမန္တလေးကို နှစ်ခါရောက်ဖူးတယ်ကွ

ဘာလိုလိုနဲ့ ဆယ်တန်းတက်ရတော့မယ်
ငါကမန္တလေးမှာ ဘော်ဒါသွားတက်မယ်
ဘယ်မှာလဲကွ
VEC
ငါက မြကျွန်းသာ
ကျွန်တော်တို့ အုပ်စုတောင် လူအင်အားနည်းသွားတယ်
မန္တလေးမှာ သူငယ်ချင်းတချို့ ဘော်ဒါသွားနေကြတယ်လို့လေ


အချိန်တန်တော့လည်း ဆယ်တန်းအောင်ခဲ့ပြီ
ဗိုလ်သင်တန်းလျှောက်လွှာက နန်းတွင်းထဲမှာ သွားယူရတာကွ
သြော်ဟုတ်လား
စာမေးပွဲလဲ နန်းတွင်းထဲမှာပဲ ဖြေခဲ့ရတယ်
သူငယ်ချင်းတွေ မန္တလေးမှာ ဗိုလ်သင်တန်းအတွက် စာမေးပွဲသွားဖြေကြတယ်

ဆောင်းရာသီ အလွန်အေးတဲ့ညမှာ မန္တလေးမှာ တက္ကသိုလ်တက်နေတဲ့ သူငယ်ချင်းတွေ
ကျောင်းခဏပိတ်လို့ ပြန်လာကြတယ်
မန္တလေးဘူတာက အကြီးကြီးပဲကွ ငါတို့ မြို့ကဘူတာနဲ့တော့ တခြားစီပဲ
ဟုတ်တကယ်ကွ
တိုင်လုံးကြီးတွေကလဲ အကြီးကြီးတွေပဲ
ဟုတ်လား
စတိုးဆိုင်တွေ အ၀တ်စားတွေဆိုရင်လည်း မ၀ယ်ချင်နေ ၀င်ကြည့်လို့ရတယ်
ငါတို့မြို့မှာဆိုရင် မ၀ယ်ပဲကြည့်ရင် ကြောင်ကြောင်တောင်တောင်နဲ့
မန္တလေးက ဆိုင်တွေမှာတော့ မ၀ယ်လည်းအေးဆေးပဲ

ပထနှစ် ကျောင်းအပ်သွားတော့
ခင်ဦးဘူတာကနေ ရထားပြောင်းပြီး မုံရွာကိုစီးရတယ်
အစ်မ ပါနေလို့ မန္တလေးကို မရောက်လိုက်ဘူး
ဟေ့ကောင်လေး တန်းတန်းမှတ်မှတ် ပြန်နော် မန္တလေးကို ၀င်မနေနဲ့ဦး
ရွာထောင်မှာဆင်း ပြီးရင် 55 အဆန်ကိုစီးပြီးပြန်တော့
အစ်မက ကားထွက်ခါနီးမှာ မှာတယ်
အေးပါငါသိပါတယ် နင်ဆရာမလုပ်နဲ့

မုံရွာက ထွက်လာတဲ့ကားက စစ်ကိုင်းကို ကျော်ခဲ့ပြီ
စစ်ကိုင်းတံတားကို ဖြတ်တော့မန္တလေးဘက်အခြမ်းကို လှမ်းမြင်နေရပြီ
မကြာခင် မန္တလေးရောက်တော့မှာပါလား
မန္တလေးမြို့အ၀င် လမ်းဘေးဝဲယာမှာ ဘုရားဆင်းတုထုနေတဲ့လူတွေ
ဘူတာကြီးနဲ့ အနီးဆုံးနေရာမှာ ချပေးပါ
ဒီမှာဆင်း ဒီတိုင်းဆက်လျှောက်သွား ဘူတာကြီးကို ရောက်ပြီ
ကျောပိုးအိတ်တစ်လုံးနဲ့ အထုပ်တစ်ထုပ်ဆွဲထားတဲ့ ကျွန်တော့နား
ဆိုက်ကားသမားတွေ ၀ိုင်းလာကြတယ်
ဘူတာကြီးကို နှစ်ရာကျတယ်
အင်း မန္တလေးဘူတာကြီးက ဟိုကောင်တွေ ပြောသလို ဟဲဗီးကြီးပါလား
ဘူတာပေါ်ကနေကြည့်တော့ မြင်နေရတဲ့တိုက်တွေက ငါတို့မြို့နဲ့တော့ တခြားစီပဲ
ရထားကညနေငါးနာရီမှထွက်မှာ
ကျောပိုးအိတ်တစ်လုံး အထုပ်တစ်ထုပ်နဲ့
ဘယ်သွားရမလဲ
အင်းဘယ်မှလဲ မသွားတတ်ဘူး
ဟိုကောင်ပြောထားတာတော့ရှိတယ်
ဘူကြီးအရှေ့က အမှတ် ၅ ကားကိုဂိတ်ဆုံးအောင်စီးလာခဲ့ အဲဒါဆိုရင် ငါတို့ကျောင်းရောက်ပြီ
ညီလေးရ စက်မှုကအဝေးကြီးပဲ ပြန်လာရင် ရထားမှီတော့မှာ မဟုတ်ဘူး
ဘယ်မှမသွားတတ် ဘယ်နေရာကိုမှ မရောက်ချင်နေ မန္တလေးဆိုတာကို သေသေချာချာမြင်ဖူးခဲ့ပြီ
အိမ်ရောက်တော့ အဖွားကို ၀မ်းသာအားရနဲ့ မန္တလေးလက်ဆောင်ပေးလိုက်တယ်
ရထားထွက်ခါနီးမှာ ၀ယ်လိုက်တဲ့ ထိုးမုန့်က အတုကြီး


၂၀၀၃ ဇွန်လကုန်ခါနီး


ရန်ကုန်သွားတော့မယ်
ဝေလီဝေလင်း မိုးဖွဲလေးတွေကျနေတုန်းမှာ မန္တလေးဘူတာကြီးထဲကို ရထားဝင်တယ်
မန္တလေးဘူတာထဲမှာ ဟိုမေးဒီမေးနဲ့ ရန်ကုန်ရထားလက်မှတ် ရောင်းတဲ့နေရာကို တွေ့သွားတယ်
ရန်ကုန်ရထားက ညနေခြောက်နာရီမှ ထွက်မှာ
ပိုနေတဲ့ အချိန်တွေ ဘာလုပ်ရမလဲ
ပစ္စည်းတွေကို ဘူတာထဲမှာအပ်ပြီး 78 လမ်းမှန်းမသိတဲ့ 78 လမ်းအတိုင်း ကျုံးဘက်ကို လမ်းလျှောက်ခဲ့တယ်
TV ထဲမှာ မြင်ဖူးသလို မန္တလေးတောင်ကို 78 လမ်း ကျုံးဘေးကနေ လိုက်ရှာကြည့်တယ်
မန္တလေးတောင်ကို ကျွန်တော်မတွေ့ဘူး
လမ်း 80 ပေါ်ကျုံးဒေါင့်ကနေကြည့်တယ်
ဘယ်နားမှာလဲ မန္တလေးတောင်
လမ်းလျှောက်ရင်း
လျှောက်မေးရင်နဲ့ ကားနှစ်ဆင့်စီးတော့
မဟာမြတ်မုနိဘုရားကြီးကို ရောက်သွားတယ်
ဘုရားကြီးမှာ ရွေသင်္ကန်းကပ်
ရထားထွက်လာပြီး နောက်တစ်နေ့မှာ ရန်ကုန်ရောက်တယ်
ရောက်ကုန်ရောက်တဲ့နေမှာ ထီဖွင့်တယ်
ကျွန်တော်ငါးသောင်းဆုပေါက်တယ်
အဲဒီ ထီလက်မှတ်က
78 လမ်းဘူတာကြီးဘေးက အောင်ဆုထူးပန်မှာ ထိုးခဲ့တာလေ


2003 နိုဝင်ဘာ

မုံရွာမှာ ပထမနှစ် တက်ဖို့ ရန်ကုန်ကနေ မန္တလေးကို ဖြတ်ခဲ့တယ်



2004 ဧပြီလ

ကျုံးဘေးနားမှာ သင်္ကြန်မဏ္ဌပ်တွေ တန်းစီလို့
မြန်မာဘီယာ မဏ္ဌပ် ဆောက်လက်စကြီးကို လေတိုက်လန်ထားတယ်
မဟာမြတ်မုနိ ဘုရားကြီး အနောက်ဘက် စောင်းတန်းမှာ
ပုဏ္ဏားလေး တစ်ယောက်က ကျွန်တော့ကို လာခေါ်တယ်
သူ့အရွယ်က ကျွန်တော့ထက် တစ်နှစ်လောက်တော့ ငယ်တဲ့ပုံပဲ
ဆရာ လက္ခဏာကြည့်ပါလား
ပိုက်ဆံပေးစရာမလိုဘူး နာမည်ယူနေတုန်းမို့ အလကား ဟောပေးမယ်
တော်ပြီ မကြည့်တော့
လာပါဆရာ
သူ့ဟောခန်းထဲကို လက်ဆွဲခေါ်သွားတယ်
စားပွဲတင် ပန်ကာပု အနီလေးကို ဖွင့်တယ်
အဲဒီပန်ကာကို ကျွန်တော့ဘက်ကို လှည့်ပေးတယ်
ဆရာကို မိန်းကလေး တစ်ယောက်က မစမယ်
ကြီးပွားမယ်
ကြီးပွားရင် ကျွန်တော့ကို တပြားမှ လာမပေးနဲ့
မှန်တယ်ဆိုတဲ့ အကြောင်းပဲလာကြားပါ
ဆရာလဒ်တင်ပါ
မင်းပြောတော့ အလကားဟောမှာဆို
မဟုတ်ဘူးဆရာ ဒါက ထုံးစံမို့ပါ
ကျွန်တော် တစ်ရာတစ်ရွက်ထုတ်ပေးလိုက်တယ်
သူ့ကိုကြည့်ရတာ စိတ်ပျက်သွားပုံပဲ
ဆရာ မိန်းကလေးတစ်ယောက်နဲ့ ပတ်သက်ပြီး အမှုအခင်းဖြစ်ကိန်းရှိတယ်
ဟုတ်လား
ယတြာချေရမယ်
ရွေဖရောင်းတိုင်၊ ငှက်ပျောပွဲ၊ ပန်းမျိုးစုံ
ဘုရားအနောက်မုဒ်မှာ ကပ်ရမယ်
အခုချေရမှာလား
မဟုတ်ဘူး လပြည့်နေ့မှ
အဲဒီနေ့ကြရင် ငါကဒီမှာ မရှိတော့ဘူးလေ
ရပါတယ် ကျွန်တော်ချေပေးထားမယ် ကျသင့်သလောက်သာ ရှင်းထားခဲ့ပါ
ရတယ်ထားလိုက်တော့ ငါရန်ကုန်သွားမှာ ရွေတိဂုံဘုရားရောက်မှ ချေလိုက်တော့မယ်
မရဘူး ဆရာ
ဘာကွာလို့လဲကွ
မဆိုင်ဘူးဆရာ
မဆိုင်လဲနေပါစေတော့ကွာ ငါဖြစ်ရင် ငါ့ဖာသာငါပဲခံလိုက်ပါမယ်


2005 အောက်တိုဘာ

သိရိမန္တလာကားဝင်းအ၀င်မှာ
ကျွန်တော်နဲ့ ရွယ်သူနှစ်ယောက် ကျွန်တော့အိတ်ကို ပြေးလာလုတယ်
ဘယ်လိုက်မှာလဲ
မုံရွာ
ဆရာ အိတ်ပေး
နေပါစေ ငါ့ဖာသာ ငါသယ်မယ်
ရပါတယ် သယ်ပေးပါ့မယ် ကျွန်တော်တို့က လက်မှတ် အရောင်းကိုယ်စားလှယ်တွေ ပိုက်ဆံပေးစရာမလိုဘူး
မုံရွာကားပေါ်မှာ ထိုင်နေတော့
ဆရာ ထိုးမုန့်ဝယ်ပါဦး
စောစောက အိတ်သယ်ပေးတဲ့ကောင်
မ၀ယ်ချင်ပါဘူး
ဝယ်ပါဆရာရယ် တစ်ထုပ်မှ သုံးရာထဲပါ
မ၀ယ်ဘူး
တော်တော်နဲ့ မပြန်တော့ နာငြီးလာပြီ
ဟေ့ကောင် မင်းထိုးမုန့် အတုတွေ မ၀ယ်ချင်ဘူး
ပိုက်ဆံလိုချင်ရင့် ရော့ယူသွား
ခဏလောက်တွေပြီး ကျွန်တော်ပေးတဲ့ ရာတန်တစ်ရွက်ကို ယူထွက်သွားလေရဲ့



2005 နိုဝင်ဘာ

မွေးရပ်ဇာတိက ရန်ကုန်ကို အပြန်
ရထားက ညနေမှ ထွက်မှာ
ကျွန်တော်ရယ် သူငယ်ချင်းရယ်
ပိုနေတဲ့ အချိန်တွေကို ဖြုန်းဖို့
ဘူတာကြီးကနေ ကားနှစ်ဆင့်စီးတော့ မန္တလေးတောင်ကို ရောက်သွားတယ်
အဲဒါ ပထဆုံးအကြိမ် မန္တလေးတောင်ကို ရောက်ဖူးတဲ့ အခေါက်ပေါ့
ဓာတ်လှေကားရှိပေမယ့် မရောက်ဖူးလို့ ခြေလျှင်တက်တယ်
တောင်တက်လမ်းဘေး တစ်လျှောက်မှာ
အမှတ်တရ ပစ္စည်းအရောင်းဆိုင်တွေ
အဲဒီအထဲက မှန်တင်ခုံ သေးသေးလေးကို သဘောကျတယ်
သဘောကျပေမယ့် ၀ယ်ပြီးပေးဖို့ စဉ်းစားလိုက်တော့
လက်ခံမဲ့လူမရှိဘူး
တောင်ထိပ်ရောက်ခါနီးမှာ အဖြူအစိမ်းဝတ်ထားတဲ့ ကျောင်းသူနှစ်ယောက်
အဲဒီထဲကတစ်ယောက်က သူငယ်ချင်းကို ခြေထိုးတယ်
ကလေးပဲရှိသေးတယ် လိမ်လိမ်မာမာနေ
သူငယ်ချင်းက အဲလိုပြောပြီး တောင်ပေါ်တက်ခဲ့တယ်
မန္တလေးတောင် ထိပ်ကနေက တမြို့ကိုလုံးကို မြင်ရတယ်
တိုင်းရေးဆေးတက္ကသိုလ်၊ မန္တလေးဟီးလ်၊ ဆီးဒိုးနား၊ နန်းမြို့ရိုးနဲ့ကျုံး
ပိုက်ဆံ ၂၀ ပေးပြီး မှန်ပြောင်းနဲ့ ကြည့်တော့ ဧရာဝတီတစ်ဘက်ကမ်းက မင်းကွန်းပုထိုးတော်ကြီး
တောင်ခြေနားရောက်တော့
ဟေး ပိန်းဥပြုတ်စားပါလား
အသံလာရာ ကြည့်လိုက်တော့ စောစောက အဖြုအစိမ်းဝတ်ထားတဲ့ ကောင်မလေးနှစ်ယောက်
ညီမခွံ့ကျွေးရင်စားမယ်လေ
သူငယ်ချင်းက ပြန်ပြောတော့
ပါးစပ်ဟထား
ကောင်မလေးကြည့်တော့ ကျွန်တော့်ညီအရွယ်လောက်ပဲရှိသေးတယ်
တကယ်ကျောင်းသူ ဟုတ်မဟုတ် ကျွန်တော်လဲမသိဘူး
အစ်ကိုတို့က မန္တလေးသား မဟုတ်ပါဘူး
အေး အစ်ကိုတို့က ရှမ်းပြည်က သင်္ဘောတက်ဖို့ ရန်ကုန်ကို သွားရမှာ
ကျွန်တော် သူငယ်ချင်းကို လက်ကုတ်လိုက်တယ်
သူက မျက်စိမိတ်ပြတယ်
ဘာသာပြန်လို့ရသလောက်တော့ မင်းအသာနေ ငါ့ဖာသာ ကြည့်ပြောမယ်
ညီမတို့ ဘယ်ပြန်ကြမှာလဲ
ညီမတို့က အချိန်ရတယ် အစ်ကိုတို့ ဘယ်သွားမလဲ လိုက်ခဲ့မယ်လေ
ဟေ့ကောင် ကြည့်ကြတ်လုပ်နော် ရထားက ငါးနာရီထွက်မှာ
ကျွန်တော်သတိပေးတော့
ဒါကမိုင်နာပါကွာ မင်းအသာနေ
ဗိုက်ဆာတယ် အသုပ်ဆိုင်ထိုင်ကြမယ်လေ
အစ်ကို ဒီတောင်ခြေနားက ဆိုင်တွေက သိပ်မကောင်းဘူး
ကောင်မလေးနှစ်ယောက် ဦးဆောင်ပြီး ဟိုင်းလတ်ကားပေါ်တက်သွားတယ်
ကျွန်တော်တက်မလို့လုပ်တော့ သူငယ်ချင်းက ပြန်ဆွဲချတယ်
ကားမှ မထွက်သေးတာကွာ အိုက်လို့
အောက်မှာပဲ စောင့်ပါ
သြော်အေးအေး
ကားထွက်ပြီ
တာ့တာ့ညီမလေး အစ်ကိုတို့ မလိုက်တော့ဘူး နေလိုက်ဦးမယ်
စောစော ကောင်မလေးနှစ်ယောက် ကားပေါ်မှာ ပါသွားလေရဲ့



2006 ဇွန်လ


ညီမ အစ်ကို မန္တလေးမှာ ရောက်နေပြီ
အစ်ကို အခု ထွက်မလာနဲ့ ဦး နေပူသေးတယ်
ညနေငါးနာရီမှ ကျုံးဘေးက ကဖေးစီးတီးကိုလာခဲ့
ဘာမှ စားမလာနဲ့နော် ညီမကျွေးမယ်
ကဖေးစီးတီးဆိုင်ထဲမှာ မီးကို မှိန်မှိန်လေးထွန်းထားတယ်
အဲဒီဆိုင်က ကျွန်တော်ပြန်တော့ ညရှစ်နာရီထိုးတော့မယ်
မိုးကစိတ်စိတ်ရွာနေတော့ ထီးမပါတဲ့ကျွန်တော် တကိုယ်လုံး မိုးရေတွေရွဲခဲ့တယ်



ရေးလို့ မကုန်သေးပါ

Read More...

Sunday, August 05, 2007

အစည်းဝေးနေရာ ပြောင်းရွေ့ခြင်း

ဒီနေ့ ညနေ လေးနာရီမှာ လုပ်မဲ့ အစီးဝေးကို အရင်သတ်မှတ်ထားတဲ့ နေရာဖြစ်တဲ့ ကော်ဖီကင်းကနေ ဆားဗစ်ပလပ် ကို ပြောင်းရွေ့ထားပါတယ်။
ဒါကြောင့် အစည်းဝေးသို့ လာရောက်ကြမည့်လူများ အနေဖြင့် ဆားဗစ်ပလပ်ရုံးသို့သာ လာရောက်ကြပါရန် အသိပေးအပ်ပါသည်။

ယခုပြုလုပ်မည့် အစည်းဝေးသည် ဘလော့ဂ်ဆင်မနာ အတွက် အလွတ်သဘော ဆွေးနွေးမည် ဖြစ်ပါသောကြောင့် မည်သူမဆို တက်ရောက်နိုင် ပါသည်။

အချိန် . . . .
5.8.07, ညနေ လေးနာရီ ( ယနေ့ )

နေရာ . . . .
service+
ရတနာလမ်း မြေနီကုန်း
ph 01 500457

နေဘုန်းလတ် 09 51 50802

မယ်လိုဒီမောင် 09 90 61754

ကိုဖြိုး 09 99 25367

ကိုစစ်အိမ် 09 51 41686

အခက်ခဲ တစ်စုံတရာ ရှိခဲ့ပါက ဖောပြပါ ဖုံးနံပါတ်များထံသို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

Read More...

Friday, August 03, 2007

အနားယူခြင်း



ကျွန်တော်ဂျီတော့ လောကမှ အနားယူပါပြီ။ စာမေးပွဲကိစ္စများ အလုပ်ကိစ္စများ ပြီးဆုံးသွားမှ ပြန်ဝင်ဖြစ်မည်ဟု ထင်ပါသည်။ ကျွန်တော့ကို ပြောစရာရှိပါက မေးပို့လိုက်ပါ။
မှတ်ချက်။ ။ soezeya@gmail.com သည် တခါတရံမှ သာသုံးဖြစ်သော မေးဖြစ်သောကြောင့် မေးပို့မည်ဆိုပါက brvboy@gmail.com ကိုသာပို့ပေးကြပါ။

Read More...

အွန်လိုင်းဂျာနယ်တစ်စောင် ထုတ်မည်

ကျွနုပ်၏ ရန်သူတော်ကြီး ၀ီလဆင်ပွတ်ကို ယခုအခါတွင် တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေပါချေပြီ။ ယခုဂျာနယ်သည် တိုက်ခိုက်ရုံ ဟာသ သက်သက်မဟုတ်ပဲ ဖတ်သူများ အကျိုးရှိစေရန် ဘလော့ဂ် အသစ်မိတ်ဆက် ကဗျာ၊ ဟာသတိုထွာ နှင့်ဘလော့ဂ်ပို့ ဝေဖန်ရေးများလည်း ထည့်သွင်း သွားမည်ဖြစ်ပါသည်။

မကြာမှီထုတ်ဝေတော့မည့် အဆိုပါဂျာနယ်တွင် အင်တာဗျူးကဏဏ္ဍလည်းပါဝင်ပြီး အင်တာဗျုးတွင် အတည်ဗျူးနှင့် အပြောင်ဗျူး နှစ်ဗျူးခွဲထားပါသည်။

လာမည့် အပြောင်ဗျူးတွင် ကိုမောင်လှ၊ ရန်အောင်၊ အောင်ချမ်းလင်း၊ ဘွန်းဟောင်း တို့ကို တွေ့ဆုံမေးမြန်းထားပါသည်။
ယင်းအပြင် အလော့ဂ်လောက သားအားလုံး သဲသဲလုပ်စိတ်ဝင်စားကြမည့်
ကွက်လပ်ကောက်နှင့် ဘာလုံးတို့၏ သားရေးသမီးရေး ပြသနာ

သတင်းတွင်
ကိုယ်နာမည်ကြီးရင် ပြီးရောဆိုပြီး ချစ်သူပုံကို အွန်လိုင်းပေါ်တွင် လေလံပစ်သည့် ဘလော့ဂ်ကာ တစ်ဦးအကြောင်း

ပြည်တွင်းမှ ဖဲကြွေးများ မဆပ်နိုင်၍ ပြည်ပသို့ ထွက်ပြေးသွားသည့် ဘလော့ဂ်ကာ ဘယ်သူလဲ

နိုင်ငံခြားသွားချင်သောကြောင့် အစာငတ်ခံ သက်သတ်လွတ်စားတဲ့ ဘလော့ဂ်ကာ

နှစ်ရက်မှ ရေတစ်ခါချိုးတဲ့ ဘလော့ဂ်ကာမလေးတစ်ဦးကို အထောက်ထားများနှင့်တကွ ဝေေ၀ဆာဆာ ဖတ်ရှုကြရမည်ဖြစ်သည်

ကြားဖူးနားဝဟာသ တိုထွာတွင်တွင်
Yes,No,Very Good

ဟာသ၀တ္ထုတိုတွင်
ဂျက်စီကာတုတ်ပေါ ၏ အဟုတ်ပြောသော ပုံပြင်များ

စာမူများပေးပို့နိုင်

စာမူများပေးပို့ရာတွင် အတည်နှင့် အပြောင် နှစ်မျိုးခွဲထားပါသဖြင့် ခေါင်းစဉ်တွင် အတည်အပြောင် များခွဲခြား ခေါင်းစဉ်တပ်ပို့ပေးပါ။

အပြောင်တွက် ချမှတ်ထားသောမူမှာ ရယ်ရ ရင်ထည့်မည်ဖြစ်ပြီး အတည်အတွက်မူ ကျွန်တော်များ အယ်ဒီတာ အဖွဲ့မှ အကဲဖြတ် ရွေးချယ်မည်ဖြစ်ပါသည်။ ပါဝင်ကူညီနိုင်သူများကို ဖတ်ခေါ်လျှက်

ဆောင်ပုဒ် ဖတ်ချင်ဖတ် မဖတ်ချင်နေ မကြာမှီလာမည်

Read More...

မွေးနေ့ဆုတောင်း




ဖော်ပြပါပုံသည် တရားခံမဟုတ်ပါ။ ဥပဒိရုပ်ကြောင့် တရားခံနှင့် ထင်မှတ် မှားသွားမည် စိုးရိပ်ပါ၍ အလျှင်စလို အသိပေးလိုက်ရခြင်း ဖြစ်သည်။ သူသည် မိုးကုတ်သားဖြစ်သည်။

ဒီနေ့မှာ ကျရောက်တဲ့ မိုးကုတ်သားလေး မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် ချမ်းမြေ့ပျော်ရွင်စွာဖြင့် ဘလော့ဂ်တွေ ရေးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ဒါပေမယ့် .. . . . . . မျက်ခုံးလုပ်ဖို့ သာပြင်ထား

Read More...

ရှည့်နှင့် ကျွတ်

တစ်ခါတုန်းက လူတစ်ယောက်သည် ပန်းခြံထဲမှာ ထိုင်နေတုန်း ရှည့်လေးတစ်ကောင် ကိုတွေ့သည်။ ယင်းရှည့်လေးသည် သစ်ကိုင်း တစ်ကိုင်းမှ အခြားသစ်ကိုင်း တစ်ကိုင်းသို့ ခုန်ကူးဖို့ ပြင်နေသည်။ ရှည့်လေး လက်ရှိရောက်နေသော သစ်ကိုင်းနှင့် သူခုန်ကူးဖို့ ပြင်ထားသည့် သစ်ကိုင်းတို့မှာ အလှမ်း ကွာလွန်းသောကြောင့် ရှတ်တရက်ကြည့်ရင် သစ်ကိုင်း တစ်ကိုင်းမှ တစ်ကိုင်းသို့ ကူးသည်နှင့် မတူပဲ ကိုယ့်ကိုကိုယ် သေကြောင်းကြံစည် နေသည်ဟုပင် ထင်ရသည်။

သိုရာတွင် ရှည့်လေး ခုန်ကူးလိုက်သည်။ ရှည့်လေး၏ ခန္ဒာကိုယ်သည် လေထဲတွင်ပျံဝဲကာ သူသွားချင်သော တစ်ဘက် သစ်ကိုင်းကို ရောက်သွားသည်။

အထက်ပါ ပုံပြင်လေးသည် ဖေမြင့်၏ စာအုပ်တစ်အုပ် မှဖြစ်ပြီး မည်သည့်စာအုပ် ဖြစ်သည်ဆိုတာ ကိုတော့ ကျွန်တော် မမှတ်မိတော့ပါ။ စာကြောင်းနဲ့ ရေးသားပုံများ ကွဲလွဲကောင်း ကွဲလွဲပါမည်။ အဓိပ္ပယ်ကတော့ အတူတူပင်ဖြစ်ပါသည်။

ကျွန်တော် နားလည် သလောက် ဆရာဖေမြင့် ပြောချင်သည့် စကားမှာ လူလောက သည်လည်း သစ်ပင်ကူးသည့် ရှည့်လေးလိုပင် ဖြစ်သည်။ ပြုတ်ကျမှ ကြောက်လို့ မခုန်သေး သရွေ့ ကတော့ ဒီဘက် အကိုင်းမှာပဲ ရှိနေဦးမယ်။ ဒီအကိုင်းမှာ ဆက်မနေချင်လို့ တခြားအကိုင်းကို ပြောင်းချင်ရင်တော့ ခုန်ကူးကြရမည်။

ထို့ကြောင့် ကျွန်တော်သည် ရှည့်လေး၏ လုပ်ရပ်ကို သဘောကျသည်။

ကျွန်တော် နယ်ကမိဘများနှင့် မကြာမကြာ ဖုန်းပြောလေ့ရှိသည်။ အလုပ်အကိုင် နေရေးထိုင်ရေး ကျမ္မာရေး ကိစ္စများလည်း ပါဝင်သည်။ တစ်ကြိမ်တွင် ဒီထက်ကောင်းသည့် နေရာတစ်ခုကို ပြောင်းရွေ့မည့် အကြောင်းကို ကျွန်တော်ပြောဖြစ်သည်။ ထိုသို့ ပြောင်းရာတွင် စွန့်စားရမည့် အနေထားမျိုးလဲ ပါဝင်သည်။ ကံကောင်းလျှင် မျှော်မှန်းထားသည့် နေရာကို ရောက်နိုင်သလို ကံမကောင်းလျှင် လက်ရှိ အနေထားထက်ပင် ဆိုးသွားနိုင်သည်။

မည်သို့ပင် ဖြစ်စေ ကျွန်တော်သည် ရှည့်ကလေး၏ ဥပမာအတိုင်း ခုန်ဖို့ရာ အဆင်သင့် ဖြစ်နေပြီ။ ထိုအခါ အဖေက ကျွန်တော့ကို စကားတစ်ခွန်း ပြောသည်။ ကျွတ် ဆိုတဲ့ အမျိုးက တစ်နေရာကနေ တစ်နေရာကို ကူးရင် ရှေ့ခြေလှမ်း မြဲမှ နောက်ခြေလှမ်းကို လွတ်တယ်။ ဆိုလိုတာကတော့ တစ်နေရာကနေ တစ်နေရာကို သွားချင်ရင် အရင်ဆုံး ခြေလှမ်း စလှမ်းလိုက်တယ်။ ဒါပေမယ့် လက်ရှိနေရာကိုလဲ မြဲအောင် တွယ်ထားတုန်းပဲ။ အရှေ့မှာ လှမ်းလိုက်တဲ့ ခြေလှမ်းက မြဲပြီ သေချာပြီ ဆိုမှ နောက်ခြေလှမ်းကို လွတ်တယ်။

အဖေပြောသည့် စကားကို ကျွန်တော် နားလည် သလောက်ကတော့ တစ်နေရာကနေ တစ်နေရာကို ကူးတော့မယ်ဆိုရင် အရှေ့ကဟာကို သေချာအောင်လုပ်ပါ သေချာပြီ ဆိုမှ လက်ရှိနေရာကို လွတ်ပါ။

ထိုအခါတွင် ရှည့်နှင့်မျှော့ ဘယ်လမ်းစဉ်ကိုရွေးမလဲ ဆိုသည့် မေးခွန်းများကျွန်တော့ ခေါင်းအတွင်း ၀င်ရောက် လို့လာပါတော့သည်။

အမေရိကန် စင်တာတွင် ပြုလုပ်သော သတင်းစာ ပညာဟော ပြောပွဲတစ်ခုကို တက်ဖြစ်သည်။ ထိုဟောပြောပွဲတွင် နိုင်ငံခြားသား ၀ါရင့်သတင်းထောက် တစ်ဦးက သူ့အတွေ့အကြုံများကို မျှဝေပြောပြသည်။ သူပြောသည့် အထဲတွင် သတင်းထောက် တစ်ဦးသည် ကျင့်ဝတ် ကိုစောင့်စည်း ရန်လိုသည်ဟု ပြောသည်။ ထို့အပြင် အမှန်တရားကို မဖြစ်အနေ ဖော်ထုတ်ရမည်ဟု လည်းပြောသည်။

ထိုအခါ ကျင့်ဝတ်နဲ့ အမှန်တရား ဘယ်ဟာကို ဦစားပေးရမလဲဟု နားထောင်နေသည့် သတင်းထောက် တစ်ဦးက မေးလိုက်သည်။

နိုင်ငံခြားသား ဟောပြောသူ ခေတ္တစဉ်းစားနေသည်။ ထို့နောက် “နေရာတိုင်းမှာ ကျင့်ဝတ်ကိုချဉ်းပဲ ဦးစားပေးလို့ မရသလို အမှန်တရားကို ချဉ်းပဲလည်း ဦးစားပေးလို့မရဘူး။ သတင်းဟာ မှန်တိုင်းလည်း အကျိုးမရှိသလို ကျင့်ဝတ်အတိုင်းချဉ်း ပဲလုပ်နေလို့ကတော့ သတင်းအမှန်ကို ရဖို့မလွယ်ဘူး။ ဒါကြောင့် ကျင့်ဝတ်နဲ့ အမှန်တရား ဘယ်ဟာကို ဦးစားပေးမလဲ ဆိုတဲ့နေရာမှာ အခြေအနေနဲ့ အချိန်ခါကို သုံးသပ်ပြီး ဆုံးဖြတ်ရမဲ့ အရာမျိုးပဲ”

တကယ်တာ့ လူသည် ကျွတ်မဟုတ်သလို ရှည့်လည်း မဟုတ်ပါ။ မည်သို့ပင်ဖြစ်စေ သေချာသည်ကတော့ မည်သည့်အရာကိုမျှ လှေနံဓားထစ်မှတ်၍ မရပဲ ဖြစ်လာသည့် အကြောင်းအရာကို မူတည်ကာ ဆုံးဖြတ်ကြရမည် ဖြစ်သည်။

Read More...

Wednesday, August 01, 2007

လူလူတွေ

လူတွေဗျာ အားအားနေ ကိုယ့်ထမင်းကိုယ်စားပြီး ကိုယ့်အလုပ်လုပ် ကိုယ်လုပ်နေကြတာခြင်း အတူတူ ဘာဖြစ်လို့ သူများကို လိုက်ဆဲ နေကြတာလဲမသိဘူး။

Read More...

There was an error in this gadget