Art is My Life

Sunday, July 08, 2007

ဘ၀ နှင့် လှိုင်း


ညသည်မည်း မှောင်လျှက်ရှိသည်။ ကျောက်ဆောင်နှင့် တိုက်မိချိန်တိုင်းတွင် ထွက်လာသည့် လှိုင်းပုတ်သံများသည် ပင်လယ်ပြင် တစ်ခုလုံးတွင် တ၀ုန်းဝုန်းနှင့် ဆူညံလျှက်ရှိသည်။
တံငါသည် ကောင်လေးသည် အဖိုးဖြစ်သူနှင့်တူ ပင်လယ်ကမ်းစပ် ကျောက်ဆောင် တစ်ခုပေါ်တွင် ထိုင်ကာ ငါးမျှားလျှက်ရှိသည်။ မုဆိုးလသာ တံငါလမိုက် ဆိုသည့် စကားပုံအတိုင်း ငါးပိုရသည့် လမိုက်ညတွင် မြေးအဖိုးနှစ်ယောက် ငါးမျှားရန် ထွက်လာကြ ခြင်းဖြစ်သည်။

တံငါသည်များသည် ညအမှောင်နှင့် ရေးစီးသန်သောနေရာတွင် ငါးမျှားသည့် အခါ ဖော့ဖြင့် မျှားလေ့မရှိပဲ လက်ထုတ် မျှားကြသည်။ လက်ထုတ်မျှားခြင်း ဆိုသည်မှာ ဖော့မပါပဲ မျှားခြင်းဖြစ်ပြီး ငါးများတံသည် Biration ပေးထားသလို တုန်ခါသည်ကို ကြည့်ခြင်းဖြင့် ငါးဆွဲခြင်းကို သိနိုင်သောနည်းဖြစ်သည်။

ညအမှောင်တွင် အဖိုးဖြစ်သူသည် ဘယ်အချိန် လက်ထဲက ငါးမျှားတံ တုန်လာမလဲဆိုတာကို အာရုံခံစောင့်နေသည်။ မြေးဖြစ်သူသည် လက်ထဲမှ ငါးမျှားတံ တုန်လာမည်ထက် ကျောက်ဆောင်ကို အင်နှင့်အားနှင့် ရိုက်ပုတ်နေသော ရေလှိုင်းများကို ကြည့်ကာ စဉ်းစားခန်းဝင်နေသည်။

တကြိမ်တွင် ရေလှိုင်းတွေက ဘာဖြစ်လို့ ကျောက်ဆောင်ကို လာလာပုတ်ကြတာလဲ ဆိုသည့် မေးခွန်းကို မြေးဖြစ်သူက အဖိုးဖြစ်သူအား ရုတ်တရက် မေးလိုက်သည်။ ထိုအခါတွင် အဖိုးဖြစ်သူက မြေးဖြစ်သူကို ဤသို့ရှင်းပြပါတော့သည်။

ရေလှိုင်းဆိုတာ ဒီရေ ရေစီးကြောင်းကြောင့် ဖြစ်လာတာ မဟုတ်ဘူး။ ဒီရေ ရေစီးကြောင်း သွားမဲ့လမ်းမှာ အတားဆီး ဖြစ်နေတဲ့ ကျောက်ဆောက်တွေကို အင်အားနဲ့ ကျော်ဖြတ်ရာက ဖြစ်လာကြတာလေ။ ရေစီးကြောင်း သွားလိုတဲ့ အင်အားက ပြင်းလေလေ ရိုက်ခတ်တဲ့ အားကလည်း ကြီးလေလေပေါ့ကွာ။ ရေစီးကြောင်း ဒီရေအား ဘယ်လောက် ပြင်းထန်ပါစေ သူသွားမဲ့ လမ်းမှာ တားဆီးထားတဲ့ ကျောက်ဆောင်တွေမရှိရင် ရေလှိုင်းဆိုတာ ဖြစ်ပေါ်လာမှာ မဟုတ်ဘူး။

လူတို့၏ လက်တွေ့ ဘ၀မှာလည်း ရေလှိုင်းနှင့် ကျောက်ဆောင်ကဲ့သို့ ပင်ဖြစ်သည်။ လူတို့သည် မိမိစိတ်ကူး၏ ရည်မှန်းချက်သို့ ဦးတည်ရွှေ့လျှား ကြသည့်အခါ အတားအဆီး အခက်ခဲများကို တွေ့ရသည်။ ထိုအခါတွင် လူသားတို့သည် အခက်ခဲအတားဆီးများကို ကျော်ဖြတ်ကြရသည်။ မိမိကျော်ဖြတ်ရသည့် အခက်ခဲသည် ကြီးကောင်းကြီးမည်။ သေးကောင်းသေးမည်။ မည်သို့ပင်ဖြစ်စေ ထိုကဲ့သို့သော အတားဆီးများကို ရိုက်ချိုး နိုင်ခြင်းမရှိပါက လိုရာခရီးကို ရောက်မည်ဟုတ်။ ထိုအတားဆီးများကို ရေလှိုင်းတစ်ခုလို ရိုက်ချိုးနိုင်ပါမှ မိမိရည်မှန်းရာ နေရာသို့ ရောက်မည်ဖြစ်သည်။

မိမိထားရှိသည့် စိတ်ဓာတ် ပြင်းထန်းလေလေ ရိုက်ချက်ပြင်း လေလေဖြစ်သည်။

တကယ်တော့ ကမ်းဆိုသည်မှာလည်း ဒီရေအလာကို တားဆီးသည့် ကျောက်ဆောင်များကြောင့် လှိုင်းများဖြင့် တင့်တယ်နေသလို။ ဘ၀ဆိုသည်မှာလည်း ရည်မှန်းချက်ကို တားဆီမည့် အခက်ခဲများကြောင့် ၀ရိယဆိုသည့် အကျိုးဆက်များဖြင့် တင့်တယ် နေပါတော့သည်




* * * *

Read More...

ယနေ့ကျင်းပပြုလုပ်တဲ့ မြန်မာဘလော့ဂ်များရဲ့ တွေ့ဆုံဆွေးနွေးပွဲအကြောင်း

ဒီနေ့ မြန်မာဘလော့ဂ်ကာများရဲ့ တွေ့ဆုံဆွေးနွေးပွဲကို မြေနီကုန်းမှာရှိတဲ့ Service+ အင်တာနက် စင်တာမှာ ပြုလုပ်ခဲ့ပါတယ်။
အဲဒီပွဲကို ညီလင်းဆက် သန့်ဇော်မင်း နေဘုန်းလတ် မောင်ပွတ် စစ်အိမ် မယ်လိုဒီမောင် ဘာညာ ဘလာဂေါက် တက်စလာ ကျွန်တော်နဲ့ Voice သတင်းဂျာနယ်က သတင်းတစ်ယောက် တက်ရောက်ခဲ့ပါတယ်။
ကျွန်တော်တို့ အစည်းဝေး ပထမပိုင်းမှာ မြန်မာဘလော့ စာအုပ်ကိစ္စများကို ဦးစွာ ဆွေးနွေးပြီး ဒုတိယပိုင်းမှာ ဘလော့ဂ်ကာ အစည်း အရုံးအကြောင်းကို ဆွေးနွေးဖြစ်ခဲ့ပါတယ်။

ဘလော့စာအုပ် မှာတော့ စတားအရေအတွက် ဘယ်လောက်ကနေ စပြီးဖြစ်ချမယ်ဆိုတာ ဆုံးဖြတ်ခဲ့ပါတယ်။ စတား ဆုံးဖြတ်ချက်အရ တချို့သော ခေါင်းစဉ်တွေမှာ အပုတ်ရေ အနည်းငယ်လို နေတာကို တွေ့ရပါတယ် အဲဒါတွေကို ထပ်မံရွေးချယ်သွားရပါမယ်။ ဘယ်အပိုင်းမှာ ဘယ်နှစ်ပုတ်လိုတယ် ဆိုတာကိုတော့ ကိုနေဘုန်းလတ်နဲ့ မောင်ပွတ်တို့က အသေးစိတ်ထပ် မံတင်ပေး သွားပါမယ်။

ဘလော့ဂ်အစည်းရုံးနဲ့ ပတ်သက်လို့ကတော့ အပြင်မှာ ပေပါမဖွဲ့ခင်မှာ အွန်းလိုင်း Register ပုံစံမျိုးနဲ့ သွားဖို့စီစည်ထားရှိပါတယ် အသေးစိတ်အချက် လက်များကို မောင်ပွတ်တင်ပေးသွားပါမယ်။

Read More...

နှင်းစက်များသို့ တမ်းတခြင်း

အိပ်ရာက နိုးထလာတဲ့ စာကလေးသံတွေ ကြားနေရပြီ။ နံနက်ခင်းသည် မိုးလင်းဖို့ နီးလာပြီ။ အိမ်ရှေ့ ၀ရံတာက ထွက်ပြီးလမ်းမကြီးကို ကြည့်လိုက်တော့ ခြောက်သွေ့ တိတ်ဆိတ်နေတုန်းပဲ။ အဝေးကို ကြည့်လိုက်တော့ မီးခိုးတလူလူနဲ့ မောင်းထွက်လို့ သွားတဲ့ လိုင်းကားလေး တစ်စီးကို မြင်ရသည်။

ညလုံးပေါက် အိပ်မပျော်တဲ့ ရက်တွေမှာ မိုးလင်းခါနီးတိုင်း စာကလေးအသံကို ကြားနေရမြဲဖြစ်သည်။ ကွန်ပျူတာအရှေ့မှာ ထိုင်နေရင်ပဲ ဖြစ်စေ၊ အိပ်ရာထဲမှာ ကွေးနေရင်ပဲ ဖြစ်စေ၊ မိုးလင်းဖို့ နီးလာရင်တော့ စီညံညံစီညံနဲ့ စာကလေး အသံတွေကို ကြားရသည်။

အခုလည်းကြည့် နံနက်လင်းခါနီးပြီးဆိုတော့ စာကလေးတွေရဲ့ စီညံစီညံ အသံကို ကြားနေရပြီ။ စာလေးအသံ ကြားလို့ မိုးလင်းတော့ မည်ဆိုတာကို သိသည်နှင့် မကြာခင်မှာ ထွက်လာတော့မည့် နေလုံးကြီးကို အိပ်ရှေ့ ၀ရံတာကနေ ကျွန်တော် လှမ်းမျှော်ကြည့် နေမိသည်။

မိုးရာသီ၏ နံနက်ခင်းကား မိုင်းပျပျ ရေခိုးရေငွေ့ များသာဖြစ်သည်။ မိုင်းပျပျ ရေးခိုးရေငွေ့တွေကို တိုက်ကြိုတိုက်ကြားမှ မြင်တွေ့နေရသည်။ ရန်ကုန်က တိုက်တွေ မလှလို့ပဲလားမသိ မိုင်းပျပျ ရေခိုးများ မြင်ကွင်းမှာ ခံစားလို့ မရပါ။ ထိုအခါ ယခင်က ခံစားခဲ့ဖူးသော မိုင်းပျပျ မြင်ကွင်းလေးကို သတိရလို့ သွားပါတော့သည်။

နံနက်ခင်းသည် မြူနှင်းတို့ နှင့် ပိန်းပိတ်မှောင် ကျနေသည်။ ညက ရွာသွန်း သောမိုးသည် ဒေသရာသီဥတု၏ အအေးဓာတ်ကြောင့် ရေခိုးရေငွေ့ တွေအဖြစ် ပြောင်းကုန်ကြသည်။ ရေခိုးများ ကျသည့်အခါ ပတ်ဝန်းကျင်ကို ပေသုံးဆယ် လေးဆယ် လောက်အထိသာ မြင်ရသည်။ ထူထပ်စွာ ကျသည့်နေ့ဆိုလျှင် ပေနှစ်ဆယ်ပတ်လည်ခန့် သာကောင်းစွာ မြင်ရသည်။ ထိုကဲ့သို့ နေ့များတွင် နေလုံးကို နံနက် ၁၀ နာရီကျော်မှ မြင်ရသည်။

ထိုကဲ့သို့ ရေခိုး ဒေသအခေါ် နှင်းများ ကျသည်ကို အလွန်သဘောကျသည်။ ထိုပိန်းပိတ် မှောင်နေသော နှင်းတောထဲတွင် လျှေက်သွားရသည်ကို နှစ်သက်သည်။ ထိုကဲ့သို့ နှင်းကျစဉ် လမ်းလျှောက်လိုက်ပါက မျက်ခုံးပေါ်မှာ ဆံစလေးတွေပေါ်မှာ နှင်းစက်ဖြူလေးတွေ တွဲလွဲခိုလာသည်။ ရှုရှိုက်လိုက်တိုင်းမှာလဲ ရေးခိုးလေးတွေ အသိအာရုဏ်ထဲ ရောက်ရောက် သွားသည်။ ကိုယ့်ကိုယ်ပေါ်တွင် တွဲလွဲခိုလာသော နှင်းစက်လေးများကို ကောင်းစွာ မမြင်ရပေမယ့် နှင်းစက်လေးတွေ နဲ့ထိတွေ့နေရတဲ့ အတွေ့ထိကိုတော့ ကြေနပ်မိသည်။

အခုဆိုလျှင်တော့ ထိုကဲ့သို့ နှင်းစက်လေးများနှင့် ဝေးနေရသည်မှာ နှစ်အတန်လေးကြာခဲ့ပြီ။

ထိုနှင်းစက်များ ကြားတွင် အေးချမ်း မှုများရှိသလို နွေးထွေး မူများလည်း ရှိခဲ့သည်။ မြို့ပြတွင်နေရသည်ကား လေလုံးသည့် အခန်းဖြစ်၍ ပြင်ပမှာ နွေးသော်လည်း ရင်တွင်းကား အေးစက်လှ၏။ ထိုစဉ်က တစ်ယောက်တည်း လျှေက်နေပေမယ့် အထီးကျန်မဆန်ပါ။ ယခုအခါ လူကြားထဲတွင် လမ်းလျှောက်နေရသော်လည်း အားလုံးသည် သူစိမ်းများဖြစ်သည်။

ထိုအခါ ကျွန်တော်သည်နှင်းစက်များကို ပြန်လည်တမ်းတမိပါတော့သည်။



***

Read More...

Saturday, July 07, 2007

မြင့်မြတ်သည့် စိတ်ဓာတ်ကို မွေးမြူခြင်း

တို့ဘ၀တွင်
ပေဖြစ်စဉ်က
သင်ထုရိုက်နှက်
တူရိုက်ချက်သည်
ရက်စက်ကမ်းကုန် ငရဲပြည်။

လောက တစ်လှည့်
ပြောင်းလဲဘိ၍
သင့်အလှည့်ကျ
ပေဘ၀တွင်
တို့ကနိုင်သူ
အားမာန်ယူ၍
တူကို အဝေး ပစ်လိုက်၏ ။ ။

မြန်မာစာ ဆိုဒေါက်တာ ထီလာစစ်သူ

ဒေါက်တာ ထီလာစစ်သူ ရဲ့ ၇၅ နှစ်ပြည့် စာတမ်းဖတ်ပွဲကို လာမဲ့ ဇူလိုင် ၁၂ ရက်နေ့မှာ လုပ်ပါမယ်။
စိတ်ဝင်စားလို့ တက်ချင်ကြရင်

လိပ်စာက
နှင်းဆီကုန်း ဘိုးဘွားရိပ်သာ
သိရိရတာနာ ခမ်းမဆောင်
ကမ္ဘာလေးဘုရားလမ်း ဗဟန်းမြို့နယ် ဖြစ်ပါတယ်

အချိန်ကတော့ နံနက် ၉ နာရီကနေ စမှာ ဖြစ်ပါတယ်

Read More...

Thursday, July 05, 2007

Sunday Talks ရအောင်

Sunday Talks ဆိုလို့ MRTV 4 က Sunday Talks နဲ့ အမှတ်မှားစေလိုပါ။ ယခု ဆန်းဒေးတော့ ကတော့ ကျွန်တော်တို့ မြန်မာဘလော့ဂ်ကာ တွေဝိုင်းဖွဲ့ ဆွေးနွေးကြမဲ့ စကားဝိုင်းလေးတစ်ခု ရယ်ပါ။ ဒီတစ်ပတ် တော့ပစ်ကလေးကတော့ မြန်မာဘလော့ဂ်ကာ အစည်းရုံး လို့မည်ရပါတယ်။
ရန်ကုန်မြို့ အခြေစိုက်ဘလော့ဂ်ကာတွေ ရန်ကုန်မှာ ခေတ္တရောက်ရှိနေတဲ့ ဘလော့ဂ်ကာတွေ အားလုံး တက်ရောက်ပေးကြဖို့ ဖိတ်ကြားအပ်ပါတယ်။

သေချာပေါက် တက်ရောက်ကြမည့် လူများ
နေဘုန်းလတ်၊ မယ်လိုဒီမောင်၊ ညီလင်းဆက်၊ ကိုဖြိုး၊ ဘလာဂေါက်၊ မောင်ပွတ်၊ သန့်ဇော်မင်း၊ မိုးလှိုင်ည၊ စစ်အိမ်၊ မျက်လုံး၊ စိုးဇေယျ နှင့် စိတ်ဝင်စားသူများ တို့ဖြစ်ကြပါတယ်။

တက်ရောက်နိုင်ဖွယ်ရှိသူများ
ဘာညာ၊ မေဓာဝီ၊ အိမွန်စိုး

သေချာပေါက်မတက်နိုင်သူများ
တက်စလာ ( လာစရာ ဘတ်စ်ကားခ မရှိသောကြောင့်ဟု သတင်းရသည် )၊

အချိန်
လာမည့် တနင်္ဂနွေနေ့
နေ့လည်တစ်နာရီတိတိ

နေရာလေးကတော့ Service+ အင်တာနက်ထရိန်နီစင်တာ
ရတာနာလမ်း Koda ဓာတ်ပုံဆိုင်ပေါ်ထပ် မြေနီကုန်း စမ်းချောင်းပဲ ဖြစ်ပါတယ်
ဖုန်းနံပါတ်
ဇော်ဇော်မျိုးလွင်၊ မထိုက် 01 500 457
နေဘုန်းလတ် 09 51 50 802

လမ်းညွှန်
မြေနီကုန်း မှတ်တိုင်ရောက်ရင် ဆိုက္ကားဆရာကို ရတာလမ်းဘယ်နားမှာလဲ လို့မေးပါ။
ရတနာလမ်းထဲရောက်ရင် ပြည့်သူ့ ဦးယာဉ်ဘက်ကို လမ်းလျှောက်လာပါ။ ပြီးရင် Koda ဓာတ်ပုံဆိုင်ကို ရှာပါ။ တွေ့ရင် ဓာတ်လှေကား စီးပြီး သုံးလွှာကို တက်လာပါ

မှတ်ချက်။ ။ ကော့မင့်ကို ဖတ်ဖြစ်အောင် ဖတ်ပေးပါ

Read More...

Tuesday, July 03, 2007

တောင်တက်သမား၏ အောင်မြင်မှု

လူတစ်ယောက်ရဲ့ ဘ၀မှာ ကိုယ့်ရည်မှန်းချက်ရဲ့ အမြင့်ဆုံး နေရာကို ရောက်သွားပြီ ဆိုရင် အောင်မြင် သွားပြီလို့ ထင်ထား တတ်ကြသည်။ အပေါ်ယံ ကြည့်မည် ဆိုလျှင်တော့ ဟုတ်ပါသည်။ သို့သော် ရည်မှန်းချက်ရဲ့ အမြင့်ဆုံး နေရာကား အောင်မြင်မှု၏ ခရီးတစ်ဝက်မျှသာ . . . . .

ကျွန်တော်တို့ ဇာတိမြို့လေး၏ အနောက်ဘက် ခြောက်မိုင်ခန့်ရှိ တောင်တစ်လုံး ပေါ်တွင် ရှေးဟောင်း လိုဏ်ဂူကြီးကို ဒေသခံရွာသားများ တူးဖော် နေကြောင်း သတင်းရ၍ သတင်း သမားပီပီ သွားရောက် စပ်စု ကြည့်သည်။ တောင်ခြေ ရောက်အောင် သွားရသည့် ခရီးကား ဖုံထူကာ ကြမ်းတမ်းလှသည်။ တောင်ခြေ ရောက်တော့မှ သာသနာ့ အလံများ လွှင့်ထူထားသည်ကို တွေ့ရသည်။တောင်၏ မြေက ကျောက်တောင်ဟု ပြောလျှင် ကျောက်ချည်း မဟုတ် ကျောက်များနှင့် ကျောက်ဖြစ်ရန် သက်တမ်း နုသေးသည်ဟု ယူဆရသော သက်နုကျောက်မြေများ ရောယှက်နေသည့် တောင် တစ်လုံးမျှသာ ဖြစ်သည်။

ကျွန်တော်တို့သည် တောင်တက်လေ့ တက်ထရှိသည့် လူများ မဟုတ်သည့်အားလျှော်စွာ စတက်ပြီး ၁၅ မိနစ်ခန့် အကြာတွင် စတင်မောဟိုက် လာတော့သည်။ နားလိုက် တက်လိုက် တက်ခဲ့ကြရာ တစ်နာရီ ကျော်ကျော်မျှ ကြာသောအခါ ရှေးဟောင်း ကျောက်ဂူကြီး ရှိရာဆီသို့ ရောက်ခဲ့သည်။ ဂူကြီးများ အနီးတွင် ဥာဏ်တော် တစ်ပေခန့်ရှိ ထိုင်တော်မှု ဘုရားတစ်ဆူ၊ ညောင်ရေအိုး လေးငါးလုံးခန့်နှင့် ငှက်ပျောပွဲ တစ်ပွဲသာ တွေ့ရသည်။

ဂူမှာ နှစ်ဂူဖြစ်ပြီး တွေ့တွေ့ချင်းဂူ၏ အထက်နား ကျကျတွင် နောက်တစ်ဂူဖြစ်သည်။ တွေ့တွေ့ချင်း ဂူထဲ ၀င်ကြည့်သောအခါ မှောင်မဲနေပြီး ဘာမျှမမြင်ရပေ။ အစပိုင်းတွင် တုတ်နှင့်စမ်းပြီး သွားကြည့် သေးသော်လည်း မှောင်မှောင် မဲမဲ ဂူကြီးထဲတွင် စမ်းတ၀ါးဝါး လျှက်သွား နေခြင်းသည် အကျိုး ထူးနိုင်ဖွယ် မရှိသောကြောင့် ပြန်ခဲ့ရသည်။

နောက်တစ်ရက်မှ ဂူတွင်းဝင်ကြည့်ရန် ဓာတ်မီးတစ်လက် မီးခြစ် ဖရောင်းတိုင်များနှင့် ကျွန်တော်တို့ အုပ်စု ထပ်တက်ကြပြန်သည်။ ယခုတစ်ခေါက်တွင် မနေ့က အရှိန်ကြောင့် ကြွက်သားများ နာကျင်သလိုဖြစ်နေသည်။ ထို့ကြောင့် ပထနေ့ကလောက် ခရီးမတွင်။ တစ်နာရီခွဲခန့် အကြာတက်ပြီးနောက် ကျောက်ဂူကြီးများဆီသို့ ရောက်ခဲ့ပြန်သည်။

ပထမဂူတွင် ဆယ်ပေကျော် ခန့်သာရှိပြီး အဆုံးတွင် တူးလက်စ ပေါက်ပြားနှင့် ကိရိယာပစ္စည်း တစ်ချို့သာ တွေ့ရသည်။ ထို့နောက် ဒုတိယ ဂူကို ကျွန်တော်တို့ အုပ်စု ဆက်လက် ၀င်ကြည့် ကြပြန်သည် ။ ဒုတိယဂူသည် ပထမဂူလို လမ်းလျှောက်ဝင်၍ မရ။ ၀မ်းလျား မောက်ဝင်ပြီး တွားသွားကာ ခပ်ပြေပြေလေး တက်သွား ရသည်။ အနည်းငယ် တက်ပြီးနောက် အတွင်ဘက်တွင် ပြန်ကျယ်သွားပြီး လမ်းလျှေက်၍ ရသည်။ ထိုမှတစ်ဆင့် ဆက်လက် တက်သွားရာ ၀မ်းလျားထိုးမှောက် အနေထားအတိုင်း ကျဉ်းမြောင်း သွားပြန်သည်။ ထိုအနေအထား အတိုင်းဝင်ခဲ့ပြီး များမကြာမှီတွင် ဂူဆုံး သွားတော့သည်။ ကျွန်တော် တို့မျှောင်လင့် ထားသည်က ဂူထဲတွင် ထူးထူး ဆန်းဆန်း တစ်စုံ တစ်ရာ တွေ့ရမည်ဟု ထင်ကြသည်။ အတွင်းပိုင်း နေရာတွင် လင်နို့များမှလွဲ၍ ဘာမျှမရှိပေ။ ဂူအပြင်ကို ပြန်ရောက်တော့ ပတ်ဝန်းကျင်ကို လေ့လာ ကြည့်မိသည်။ ဂူသည် တောင်၏ ထိပ်ပိုင်းနား တွင်ရှိပြီး တောင်ထိပ်သို့ ရောက်ရန် သိပ်မလို တော့ပေ။

ထို့ကြောင့် ဒီအတိုင်း ပြန်ဆင်းရမည့် အတူ တောင်ထိပ်ကို ရောက်ဖူးသည် ရှိအောင် ဆက်လက် တက်ကြည့် ကြသည်။ ဂူအထိတက်စဉ်က လမ်းကလေး ဖောက်ထား သော်လည်း ဂူမှဆက်တက်ရန် လမ်းဖောက် ထားခြင်းမရှိပေ။ ဂူမှကြည့်စဉ်က တောင်ထိပ် ရောက်ရန် သိပ်မလိုတော့ဟု ထင်ထား ရသော်လည်း အနည်းငယ် ဆက်တက် လိုက်တော့မှ တောင်က ထင်ထားသည်ထက် ပိုမြင့်နေသည်။ အချို့နေရာ တွေမှာ မတ်စောက်သည်။ အချို့နေရာများသည် ဆင်ခြေလျှောလေး ဖြစ်နေသော်လည်း တွယ်ကုတ်စရာ အပင်မရှိပဲ ခဲလေး ဖုလေး တွေကိုသာ အားပြုပြီး တွယ်တက်ရသည်။ တခါတရံတွင် အမှီပြု ကိုင်ထားသော ခဲလုံးက ကျွတ်ထွက်ခဲ့တာမျိုး၊ မိမိကျားကန်ထားသော ခဲလုံးများ ချော်ထွက် သွားတာ မျိုးရှိသည်။ ထိုဆင်ခြေလျှော နေရာလေးကို ကျော်ပြီးနောက် ကိုးဆယ်ဒီဂရီနီးပါး မှတ်စောက်လှသော တောင်နံရံကြီးကို ပေသုံးဆယ်ကျော်ခန့် တွယ်တက်ပြီးသောအခါ တောင်ထိပ်ပိုင်း အနီးကို ရောက်ခဲ့သည်။ိုနေရာကနေ တောင်ထိပ်ရောက်အောင် သွားရာတွင် သိပ်မခက်ခဲလှတော့ပေ။

နောက်ဆုံးတွင် တောင်ထိပ်ကို ရောက်ခဲ့ကြသည်။ ကျွန်တော်တို့ ပျော်လို့မဆုံးပါ။ ကိုယ့်ကိုကိုယ် တကယ့်ကမ္ဘာကျော် တောင်တက် သမားကြီးတွေလို အမှတ်တရ ပစ္စည်းတွေ မြုတ်ကြသည် အမှတ်တရ ခဲလုံးလေးတွေ ကောက်ကြသည်။ ကျွန်တော်တို့ ထင်လိုက်ကြတာက ဒီတောင်ကြီးရဲ့ အမြင့်ဆုံးနေရာကို ရောက်ခဲ့ပြီ ဒါကြောင့် ကျွန်တော်တို့ အောင်မြင်သွားပြီလို့လေ။ ဒါပေမယ့် ဒီလ တွေးထားခဲ့တာ မှားပြီဆိုတာကိုတော့ ပြန်ဆင်းဖို့ရာ ခရီးစလိုက်တော့မှ သိလိုက်ရပါတော့သည်။

တောင်အဆင်းကလည်း တောင်တက်ခဲ့စဉ်ကအတိုင်း ခက်ခဲနေမည် ဆိုတာ အရင်က မစဉ်းစားမိခဲ့ပါ။ တောင်တက်စဉ်ကလိုပဲ ခဲလုံးများကို သတိကိုင်တွယ်ဆင်းရသည်။ အခက်ခဲများ အားလုံးသည် တောင်တက်စဉ်ကလိုပင်ဖြစ်သည်။

တကယ်တော့ လက်တွေ့ဘ၀၏ အောင်မြင်များသည်လည်း တောင်တက်သမားများ၏ အောင်မြင်လိုသာဖြစ်ကြသည်။ မိမိရလိုရာ အောင်မြင်မှုတစ်ခုကို တောင်တစ်လုံးပေါ်တက်သကဲ့သို့ ကြိုးစားခဲ့ကြရသည်။ အခက်ခဲတွေကျော်ဖြတ်ပြီး ပန်းတိုင်ရောက်သည့်အခါတွင် ငါတက်နိုင်ခဲ့ပြီ ငါကြိုးစားနိုင်ခဲ့ပြီ ပြီးတော့ ငါဆိုသော ဂုဏ်ဖော်စိတ်များနှင့် ကြည်နူးကြေနပ်လေ့ ရှိကြတော့သည်။

ဘ၀ဆိုသည်မှာ အနိမ့်ရှိသလို အမြင့်လည်းရှိသည်။ အောင်မြင်မှုရှိသလို ဆုံးရှုံးမှုလည်းရှိသည်။ဘ၀၏ အမြင့်ဆုံးနေရာသည် ခရီးဆုံး မဟုတ်သေးပေ။ အမြင့်ဆုံးနေရာကို ရောက်သူတိုင်းသည် သရဖူကို ဆက်လက်ထိမ်းဖို့နှင့် ကိုယ့်ဘ၀ ဌာနေပြန်ကြ ရသည့်အခါ အကောင်းဆုံးဖြစ်ဖို့ ခရီးဆက်ကြရဦးမည်။

တောင်ထိပ်သည် တောင်တက်ခရီး အောင်မြင်ဖို့ရာအတွက် လမ်းတစ်ဝက်မျှသာဖြစ်သည်။ ထို့အတူ ဘ၀ရည်မှန်းချက်ရဲ့ အမြင့်ဆုံးသရဖူသည် ပြီးပြည့်စုံသော အေင်မြင်မှု၏ ခရီးတစ်ဝက်မျှသာဖြစ်သည်။

Flower News ဂျာနယ် အတွဲနှစ် အမှတ် တစ်တွင် ဖော်ပြခဲ့ဖူးပြီးဖြစ်ပါသည်။

Read More...

Sunday, July 01, 2007

ဥာဏ်ကိုဘယ်လို သုံးမလဲ

ကျွန်တော်ငယ်ငယ်က ရွှေသွေးစာစောင်တွင် ကာတွန်းပုံပြင်လေး တစ်ပုဒ်ကို
ဖတ်ဖူးသည်။ ယင်းပုံပြင်လေးတွင် ကြက်မိသားစု တစ်စုရှိသည်။ ကြက်မိသားစုတွင်
ကြက်အဖေကြီး ကြက်အမေကြီးနဲ့ ကြက်သားလေး စုစုပေါင်းသုံးကောင်ရှိသည်။
တစ်ရက်တွင် ကြက်အမေကြီးနှင့် အဖေကြီး အစာရှာသွားနေခိုက် အိမ်တွင်
ကြက်သားလေး တစ်ကောင်သာ ကျန်ရစ်ခဲ့သည်။
ထိုအချိန်တွင် သူ့သူငယ်ချင်းဘဲလေးက ဆော့ကစားကြရန်လာခေါ်သည်။ ထို့ကြောင့်
ကြက်ပေါက်စလေးနှင့် ဘဲပေါက်စလေးတို့သည် သစ်ပင်တစ်ပင်အောက်တွင် သွားရောက်
ဆော့ကစားနေကြသည်။ ထိုသို့ သစ်ပင်အောက်တွင် ကစားနေစဉ် သစ်ပင်ပေါ်တွင်
ရှည့်လေးတစ် ကောင်သည် အစာစားလျှက်ရှိသည်။ ရှည့်လေး အစာစားပြီးနှောက်
သစ်စေ့လေးကို အောက်သို့ ပစ်ချပြီး သစ်ခေါင်းတွင်းသို့ ၀င်သွားသည်။
ထိုသစ်စေ့လေးသည် ကြက်ပေါက်စလေး ခေါင်းပေါ်သို့ ကျသွားသည်။ ထိုအခါ
ကြက်ပေါက်စလေး သည်ထိတ်လန့်သွားသည်။ ဒီစေ့လေး ဘယ်ကကျလာတာလဲ ဆိုတာ
ရှာကြသည်။ သူတို့ မတွေ့ ။ ဘယ်က ကျလာမှန်း မသိသည့်အခါတွင် ဒါမိုးပြိုတာ
ဖြစ်မယ်ဟု ဘဲပေါက်စလေးက သူ့၏ ထင်မြင်ချက်ကို ပြောသည်။ ထိုအခါတွင်
ကြက်ပေါက်စလေးက ဟုတ်နိုင်သည်ဟု ဆိုသည်။ မိုးပြိုရင် လိုလုပ်မလဲ
ဆိုသည့်မေးခွန်းကို သူတို့နှစ်ယောက် မေးကြသည်။ ထို့နှောက် နှစ်ကောင်သား
စဉ်းစားမနေနိုင်တော့ပဲ သူ့တို့ အိမ်ဆီသို့ တန်းပြေးလာခဲ့ကြသည်။
ကြက်ပေါက်စလေး နှစ်ကောင်ပြော သောစကားကို ငှက်တစ်ကောင်က ကြားသွားသည်
ထို့ကြောင့် မကြာမီ မိုးပြိုတော့မည်ဖြစ်ကြောင်း တစ်တောလုံး သိအောင်
ကြေငြာပါတော့သည်။


တခါတုန်းက ရွာတစ်ရွာတွင် ဥာဏ်ကိုလွှာ မသုံးပဲ အတုံးအလိုက် အတစ်အလိုက်
သုံးလေ့ရှိသော လူတစ်ယောက်ရှိသည်။ သူသည် အရာရာကို ပါးပါးလွှာ မစဉ်းစားပဲ
အတုံးအလိုက် အတစ်လိုက်သာ စဉ်းစားသည်။
တစ်ရက်တွင် သမင်တစ်ကောင်သည် အနောက်ဘက် တောအုပ်နေ၍ှ ကွင်းပြင်တစ်ခုကို
ဖြတ်ကာ အရှေ့ဘက် တောအုပ်အတွင်းသို့ ၀င်သွားသည်။ သမင်သည် ကွင်းပြင်သို့
ဖြတ်စဉ်က ကျောက်ဖျာတစ်ချပ် ပေါ်သို့ ဖြစ်သန်း သွားခဲ့သည်။
မကြာမီ သမင်ဖြတ်သွားသော ကွင်းပြင်သို့ ဥာဏ်ကို အတုံးအလိုက် အတစ်လိုက်
သုံးလေ့ရှိသည့် ရွာသားရောက်လာသည်။ ရွာသားသည် သမင်ခြေရာများကို
တွေ့ရှိသွားပြီး ခြေရာအတိုင်း လိုက်ပါက သမင်ကို တွေ့မည်ဟု ယုံကြည်သည်။
ထို့ကြောင့် ခြေရာခံကာ သမင်နောက်တို့ လိုက်လာခဲ့သည်။
လိုက်ရင်းလိုက်ရင်းဖြင့် သမင်ဖြတ်သွားသော ကျောက်ဖျာသို့ ရောက်သွားသည်။
ကျောက်ဖျာသည် မာသောကြောင့် ကျောက်ဖျာပေါ်တွင် သမင်ခြေရာများ
ပျောက်သွားသည်။ ထိုအခါ ရွာသားက ဧကန သမင်ကျောက်ဖျာအောက်မှာ ၀င်ပုန်းနေတာ
ဖြစ်မယ်ဟု ဆိုကာ ကျောက်ဖျာကို တူးရန်ကြံသည်။ ထိုသို့တူးရန် ပြင်ဆင်ပြီး
ကျောက်ဖျာပေါ်သို့ တက်ခဲ့သည်။ ကျောက်ဖျာ အဆုံးရောက်တော့ သမင်းခြေရာများကို
ပြန်တွေ့ပြန်သည်။
ထိုအခါ ရွာသားက ဒါဆိုရင် သေချာပြီ အနောက်ဘက်ကလာတဲ့ သမင်က ဒီကျောက်ဖျာ
အောက်ကို ၀င်သွားတယ်။ အဲလိုပဲ အရှေ့ဘက်က လာတဲ့ သမင်ဟာလဲ
နှေက်ပြန်လှမ်းလျှောက်ပြီး ဒီကျောက်ဖျာအောက်ကို ၀င်သွားတယ်။ ငါသာ
ဒီကျောက်ဖျာကြီးကို တူးနိုင်ရင် သမင်နှစ်ကောင်ရမှာပဲဟုဆိုက
ကျောက်ဖျာကြီးကို အပိုင်တူးပါတော့သည်။


ထို့ကြောင့် ကြက်အဖေကြီး နှင့် အမေကြီးလည်း အစာရှာရာက အိမ်သို့
အမြန်ပြန်ခဲ့ကြရသည်။ အိပ်သို့ ရောက်သောအခါ ဘဲစုံတွဲ အပါအ၀င် တိရိစ္ဆာန်
တော်တော်များများ ရောက်ရှိနေကြသည်။ သို့ရာတွင် သူတို့သည် ဘယ်မှာ
သွားပုန်းလို့ ပုန်းရမှန်း မသိဖြစ်နေကြသည်။
ထိုအချက်တွင် အဖြစ်အကြောင်းအရာ အားလုံးကို သိသောမြေခွေးက အခွင့်ကောင်းယူ၍
အားလုံးလာကြ ငါ့ဂူကလုံခြုံတယ် ငါ့ဂူကိုလာ ဆိုပြီးခေါ်သွားသည်။ အားလုံးကို
မြေခွေးကို ယုံကြည်ပြီးလိုက် ရန်ပြင်ကြသည်။
ထိုအချိန်တွင် သစ်ခေါင်းထဲတွင် အိမ်နေသော ရှည့်လေး နိုးလာသည်။
မိုးပြိုမည်ဆိုသည့် သတင်းကြောင့် တိရစ္ဆာန်များ ရုတ်ရုတ်သဲသဲ ဖြစ်နေသည်ကို
ရှည့်လေးသိသွားသည်။ ရှည့်လေး အဖြစ်ပျက်အားလုံးကို ရိပ်စားမိပြီး
ဦးဇီးကွက်ကြီးကို အကူညီသွားတောင်းသည်။ အချိန်မီ သွားမပြောနိုင်ပါက
မြေခွေဂူထဲတွင် တိရိစ္ဆာန်များ ဒုက္ခရောက်နိုင်သည်။

နောက်ဆုံးသည် ဦးဇီးကွက်ကြီး ရောက်လာပြီး တိရစ္ဆာများကို အဖြစ်မှန်တွေ
ပြောကာ မြေခွေးဂူတို့ မလိုက်ရန် အချိန်မီတားလိုက်ရသည်။ ထို့နောက်
သစ်စေ့ကျ သည်ကို မိုးပြိုမည်ဟု မစဉ်းစား မဆင်းချဉ်ပဲ ပြောခဲ့သော
ဘဲလေးနှင့် ဘာကိုမျှ မစူးစမ်းပဲ သတင်းလိုက်ဖြန့် ခဲ့သော ငှက်တို့
ဇီးကွက်ကြီးက ဆုံးမလေတော့သည်။

ဘယ်အရာကို မဆို အကြောင်းရာတစ်ခု၏ ဇတ်မြစ်ကို သေချာသိအောင်
မစူးစမ်းရသေးခင် ထင်ရာကို အမှန်ထင်ပြီးလုပ်မည်ဆိုပါက ကျောက်ဖျာကို တူးသော
ရွာသားကဲ့သို့ ပင်ပန်းပြီး မိုးပြိုမည်ကို ကြောက်သော ကြက်မိသားစု ကဲ့သို့
ကြေက်မက်ဖွယ်ရာဟု ထင်မြင်နေကြ မည်ဖြစ်ပါသည်။

ထို့ကြောင့် ဥာဏ်ကို အတုံးလိုက်မသုံးပဲ လွှာသုံးမှသာ အမှန်တရားကို ရောက်ပေမည်

Read More...

ရတနာပုံဈေးက ဈေးအကြီးဆုံး ဓာတ်ပုံနှစ်ပုံ

ဒီနေ့ မောင်အောင်ချမ်းလင်း တစ်ယောက် သက်ဝင်လုပ်ရှား မီဒီယာပုံရိပ်များ ဓာတ်ပုံပြပွဲကို သွားကြည့်ရင်း တနေရာအရောက် ဓာတ်ပုံနှစ်ပုံကိုတွေ့ပြီး ရင်သပ်ရှုမောဖြစ်သွားရသည်။ ထိုဓာတ်ပုံ နှစ်ပုံသည် ပြပွဲတွင် ဈေးအကြီးဆုံးဖြစ်သည် ဓာတ်ပုံတစ်ပုံရဲ့ တန်ဖိုးက တစ်ပုံကို ဆယ်သိန်းတဲ့။
ဓာတ်ပုံတွေကို ကြည့်တော့လည်း ကောင်းလှသည်မဟုတ်။ သို့ပေမယ့်ဈေးက ကောင်းနေသည်။ ဖြစ်ချင်ပြန်တော့ ဓာတ်ပုံပိုင်ရှင်ကို သူသိနေပြန်သည်။ သူ နားမလည်နိုင်အောင်ဖြစ်သွားပါတော့သည်။ ထို့ကြောင့် ဂျီတော့မှာ တွေ့မှပဲမေးပါတော့မည် ဟုဆိုကအိမ်သို့ ပြန်လာခဲ့သည်။
အောင်ချမ်းလင်းသည် တခြားလူမဟုတ်ပဲ မန်းက ဘလော့ဂ်ကာ တစ်ဦးဖြစ်သည်။ ဓာတ်ပုံပိုက်ရှင်မှာ ကျွန်တော် မောင်စိုးဇေယျထွန်း ဖြစ်သည်။
သူသည် ဗုံးကွဲစဉ်က ကျွန်တော် ရိုက်ထားသော ဓာတ်ပုံများကို ပြပွဲတွင် တစ်ပုံဆယ်သိန်းနှင့် ရောင်းထားကြောင်း ပြောပြသည်။ ကျွန်တော် သူ့စကားကို ကြားပြီး အူလိမ့်အောင်ရယ်ရပါတော့သည်။
ဘာဖြစ်လို့ ကျွန်တော့်ဓာတ်ပုံတွေကို ဆယ်သိန်းရောင်းရသလဲ ဆိုတာ အကြောင်းရှိပါသည်။ ဗုံးကွဲသည့် ဓာတ့်ပုံများသည် တခြားပုံတွေလို ဧည့်ခန်းထဲမှာ ရုံးခန်းထဲမှာ နံရံပေါ်မှာ အလှချိတ်ဆွဲ ထားလို့ ရတဲ့ ပုံမျိုးမဟုတ်ပါ။ ထို့ကြောင့် ကျွန်တော်အဲဒီပုံတွေကို တစ်ပုံ တစ်သောင်းနဲ့ ရောင်းတယ်ပဲထားဦး ၀ယ်မည့်လူရှိမည်ဟုတ်။ ငါးထောင်လောက် ဆိုရင်တော့ ၀ယ်မဲ့လူရှိကောင်းရှိနိုင်သည်။ သို့ရတွင် ငါးထောင်ဆိုသည့် ပိုက်ဆံလေးနဲ့ ရောင်းရလျှင်လည်း သိက္ခာကျသည်။ သင့်တော်မည့် ဈေနှင့်ဝယ်မည့်လူလဲ ရှိနိုင်မည် မဟုတ်။ ထို့ကြေင့် ၀ယ်မဲ့လူမရှိမဲ့အတူတူတော့ သိက္ခာမကျရလေအောင် တစ်ပုံရောင်းဈေးကို ဆယ်သိန်းလို့ သတ်မှတ်ပေးလိုက်သည်။
ထို့ကြောင့် ထိုပုံများသည် ပြပွဲတွင် ဈေးအကြီးဆုံးပုံများ ဖြစ်နေပါတော့သည်။
ယင်းပြပွဲကို ကြည့်လိုသူများ အောင်ချမ်းလင်း ဘလော့နှင့် ရတာနာပုံဈေးတွင် သွားရောက်ကြည့်ကြပါကုန်။ မှတ်ချက် ပြပွဲရက်မှာ မနက်ဖြန် နောက်ဆုံးဖြစ်ပါသည်။ အကယ်၍ နှစ်ပုံ စလုံး ရောင်ထွက် ခဲ့ရင် မောင်တက် မောင်ပွတ် ကိုလတ ကိုမျက်လုံး ကိုညီလင်းဆက် စည်းအပြင်ကလူ ဒလကလူ မိုးလှိုင်ည မယ်လိုဒီ ဘညာသာရကာ မောင်ဂေါက် ပစ်တိုင်းထောင်ပျေက်တဲ့လူ အားလုံးအားလုံးကို ဘီယာ အ၀တိုက်မည် ဖြစ်ကြောင်း . . . . .

Read More...

Friday, June 29, 2007

မြန်မာ ဘလော့ဂ်ကာများ အတွက် လင်းရောင်ခြည်လော

ယခု အခါတွင် အချို့ ဘလော့ဂ်များကို လိပ်စာ အတိကျဖြင့် ပိတ်နေတာကို တွေ့နေရပါပြီ။ ယင်းကဲ့သို့ ပိတ်ထားသည့် ဘလော့ဂ်ထဲတွင် မြန်မာ ဘလော့ဂ် အချို့ ပါဝင်သလို ညစ်ငြမ်းဘဘော့ဂ် တွေကိုလဲ ပိတ်ထားတာ တွေ့ရပါတယ်။
အဲဒီဟာက မြန်မာ ဘလော့ဂ်ကာတွေ အတွက် ကောင်းတဲ့ အလားလာ လား ဆိုးတဲ့ အလားလာ လား အလာဆိုတာကို ကျွန်တော် နဲနဲ သုံးသပ်ကြည့်ဖြစ် ပါတယ်။
ဒါကို ကြည့်ခြင်းအားဖြင့် ဘလော့ဂ် ရဲ့ ရေပန်းစား လာမှုကို သက်ဆိုင်က သိနေပြီ ဆိုတာကို တွေ့ရပါတယ်။ သူတို့ အနေနဲ့ ပိတ်ချင်ရင် ဘလော့ဂ် အားလုံးကို ပိတ်လိုက်လို့ ရနိုင်ပါတယ်။ ဒါပေမယ့် မပိတ်ပဲထားတယ် ဆိုတော့ စောင့်ကြည့်နေတယ် ဆိုတဲ့ သဘောမျိုးလဲ ဖြစ်နိုင်ပါတယ်။
ဘာပဲဖြစ်ဖြစ် အကောင်းဆုံးကတော့ ကိုယ့်နာမည်နဲ့ ရေးကြတဲ့ ဘလော့ဂ်တွေ ကိုယ်ဟာ ဘယ်သူဘယ်ဝါဆိုတာ အများသိကြပြီး ဘလော့ဂ်တွေမှာ နိုင်ငံရေး အကြောင်းအရာတွေကို မရေးကြတာ အကောင်းဆုံး ဖြစ်မယ်လို့ အကြံပြုပါရစေ။ ဘာဖြစ်လို့လဲ ဆိုတော့ ရေးရတာလေးဘာမဟုတ်နဲ့ တစ်ခုခု ဖြစ်လာလို့ ခံရရင် မတန်ပါဘူး။
နောက်ဆုံး ပြောချင်တာကတော့ ဘလော့ဂ်တွေထဲက တချို့ကို ပိတ်နေပြီ ဒါပေမယ့် အားလုံးကို မပိတ်သေးဘူးဆိုတာ ဘလော့ဂ်ကာတွေရဲ့ ကောင်းသော အလားအလာလော

Read More...

ထန်း နှင့် ညောင်

ထန်းပင် နှင့် ညောင်ပင်သည် တူညီသော သပါဝရှိသလို မတူညီသော သဘောတရားများလည်း ရှိတတ်ကြသည်။

* * * *

အဖေသည် ကျွန်တော်တို့ မောင်နှမတွေ အတွက် တခါတရံတွင် အဖေနှင့်မတူပဲ သူငယ်ချင်း တစ်ဦးနှင့်သာ တူနေတတ်သည်။ များသောအားဖြင့် အဖေသည် တည်တည်ခန့်ခန့် နေလေ့မရှိပဲ ကျွန်တော်တို့ မောင်နှမများနှင့် သူငယ်ချင်းများလို ပြောပြော ဆိုဆို စစ နောက်နောက် နေတတ်သည် ကများသည်။ တခါတရံတွင်တော့ အဖေ တစ်ယောက်လို ကျွန်တော်တို့ အပေါ် စိတ်ဆိုးသည်လဲ ရှိသည်။ ရိုက်သည်လဲ ရှိသည်။ သို့ရတွင် သူငယ်ချင်းလို နေသည်က များပါသည်။
ကျွန်တော် ရန်ကုန်သွားမည် ဆိုသည့် အခါတွင် အမေသည် တစ်လလောက် အလိုကတည်းက ဆုံးမ၍ မပြီးနိုင်။ ပုတီးစိမ်နည်း အမျိုးမျိုး ဘုရားရှစ်ခိုးနည်း အမျိုးမျိုးများ ကိုလည်း ကျက်ခိုင်း သေးသည်။ အမေ့မှာ ဗေဒင်သွားကြည့်လိုက် ရတြာခြေလိုက်နှင့် မအားနိုင်အောင် ပင်ရှိသည်။ ရန်ကုန်ကို အင်းတော်မှ ထွက်ခဲ့ရသည်မှာလည်း ယင်းရတြာ၏ အစိတ်ပိုင်း တစ်ခုဟု ပြော၍ ရပါသည်။
သို့ရာတွင် အဖေကမှု အေးအေး ဆေးဆေးပင် ရှိသည်။ မင်းအလုပ်တွေ ငါလုပ်ရတော့မှာပေါ့။ မင်းငါ့ကို မသနားလို့ သွားတာကတော့ ငါကတော့ မတားပါဘူး။ အစရှိသဖြင့် နောက်တီး နှောက်တောက် စကားများကိုသာ ပြောသည်။
အမေက အရက်မသောက်နဲ့ ဘာမှလုပ်နဲ့ ညာမလုပ်နဲ့ မှာသည့်အခါမျိုးတွင်လည်း။ နင်ကလဲဟယ် သူ့ဖာသူ ဘာလုပ်လုပ်။ တစ်ခုတော့ရှိတယ် ရန်ကုန်ကနေ ဘာမလုပ်တတ် ဘာမကိုင်တတ် လေးတော့ ခေါ်မလာနဲ့ ဟုဆိုကာ စကားကို ၀င်ဝင်နှောက်လေ့ ရှိသည်။
ထို့ကြောင့်လဲ အဖေ့ကို ကလေးတွေကို ဆုံမရကောင်းမသိဘူး ဟု အမေက မကြာခဏပြော လေ့ရှိသည်။ ထိုအခါမျိုးတွင် အောင်မှာ ငါ့သားသမီးတွေက လိမ်မာပြီးသား ဆုံးစရာကို မလိုဘူးဟု ရယ်ရယ်မောမော ဖြင့်ပင် ပြန်ပြောလေ့ရှိသည်။
ထိုသို့ အမြဲတမ်း ရယ်ရယ်မောမော ဖြင့်နေသော အဖေသည် ကျွန်တော် အိမ်နဲ့ စခွဲ့သည့်နေ့ ရထားထွက်ခါနီးတွင် မရယ်ဘူး ဆိုတာကိုတော့ ကျွန်တော် သတိထားမိသည်။ ပါးစပ်မှ လည်းတစ်ခုခု ပြောဖို့ စဉ်စားနေသလို ရှိပေမယ့် ထုံးစံအတိုင်း ကွမ်းဝါးနေသည်ဟုပင် ထင်မိသည်။
နာရီဝက်ခန့် ဘာမှ မပြောပဲ ရထားပြူတင်းပေါက် အနီးမှာ လာရပ်နေသော အဖေသည် ရထားထွက်ခါနီးမှ စကား စပြောသည်။ မင့်ကိုငါ ပြောစရာရှိသေးတယ်တဲ့။
လူဆိုတာ ထန်းပင်လို မကျင့်ရဘူးကွ ညောင်ပင်လို ကျင့်ရတယ်
ကျွန်တော်အံ့သြသွားသည်။ အဖေသည် ကျွန်တော်သိသလောက် ယင်းကဲ့သို့ စာသံပေသံ နှင့် ကျွန်တော်တို့ကို ပြောသည်ကို တခါမျှမကြားဖူးပါ။

* * * *

ဆရာ့ဘ၀မှာ အမှားတွေ အများကြီး လုပ်ဖူးတဲ့အထဲမှာ သိသိကြီးနဲ့ မှားလိုက်တာ ရှိတယ်။ အဲဒါက ဘာလဲ ဆိုတော့ မိဘကို မထောက်ပံ့ နိုင်ခင်မှာ အိမ်ထောင် ပြုလိုက်တာပဲ။ ကျွန်တော်တို့ ခြောက်တန်းနှစ်က ကြိုသက် ဘာရပ်သင်ကြားသော ဆရာ တစ်ဦးပြောသည့် စကားဖြစ်ပါသည်။ သူ့တွင် အမေတစ်ဦးသာရှိပြီး ကျောင်းဆရာ အလုပ်ရချိန်တွင် မေကို မကျွေးနိုင်ခင် မိန်းမယူ လိုက်မိခြင်း ဖြစ်သည်ဟုဆိုသည်။ ကျောင်းဆရာ လခသည် များစွာမရသောကြောင့် မိန်းမရှိနေသည့် သူ့အဖို့ မိခင်ကို ဘာမျှမလုပ်ပေး နိုင်ခဲ့ဟုဆိုသည်။
ယင်းကဲ့သို့သော ခပ်ဆင်ဆင် အဖြစ်များစွာကို ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် အမြဲလိုလိုပင်တွေ့ မြင်နေကြရသည်။ ဆရာ ကောင်းသန့် သည်ပင်လျှင် ထိုကဲ့သို့ အမှားမျိုး ကျူးလွန်ခဲ့မိသည်ဟု သူ့ဆောင်းပါးတစ်ပုဒ် တွင်ရဖူးသည်။

* * * *

တကယ်တော့ ထန်းပင် နဲ့ ညောင်ပင်ဟာ ကြီးထွားကြတဲ့ သပါဝချင်း တူပေမယ့် ထန်းပင်ဆိုတာ အမြင့်ကိုတာ တက်ပြီး ပတ်ဝန်းကျင်ကို မပြောနဲ့ သူ့အသီးနဲ့ သူတောင် မိုးလုံတာ မဟုတ်ဘူး။
ညောင်ပင် ဆိုတာကတော သူကြီးထွားလာတာနဲ့ အမျှ သူ့ရဲ့ အရိပ်ကို အားလုံးက ခိုလုံလို့ရတယ်။
လူဆိုတာ ဘာကိုပဲလုပ်လုပ် ထန်းပင်လို ကိုယ်တက်သွားရင် ပြီးရော ဆိုပြီး မလုပ်ရဘူး။ ကိုယ်နဲ့ သက်ဆိုင်တဲ့ ပတ်ဝန်းကျင်ပါ ကိုယ့်ကို မှီခို အားထားလို့ ရလောက်တဲ့ ညောင်ပင်လိုဖြစ်အောင် ကြိုးးစား အားထုတ်သင့်တယ်။

အဖေ စကားသံ ဆုံးတော့ ခရာထွက်လာသည် ခရာသံ ဆုံးတော့ ဥသြသံထွက်လာသည် ဥသြသံ ဆုံးတော့ ရထားဘီးလုံးများသည် သံလမ်းပေါ်တွင် တကျီကျီ နှင့် စတင်လိမ့် သွားသည်။ ထို့နောက် ရထားသည် ဘူတာရုံလေးကို ကျောခိုင်း၍ မိုင်ပေါင်းများစွာ ခုတ်မောင်ခဲ့ ပါသည်။









*

Read More...