Art is My Life: လူနဲ့သစ်ပင်

Wednesday, June 04, 2008

လူနဲ့သစ်ပင်

ရွေးမြစ်ထဲကို ကျွန်တော်တို့ စရောက်တော့ ကမ်းဘေးနား ၀ဲယာတစ်လျှောက်က သစ်ပင်တွေအားလုံး အပိုင်းပိုင်း လှဲပြီး ညိုးခြောက်နေသည်။ အပင်မှာ သစ်ရွက်ဆိုတာ ဝေးစွ သစ်ကိုင်းများ ပင်မရှိကြ။

မုန်တိုင်းပြီးခါစ တစ်ပတ် အကြာဖြစ်သောကြောင့် သစ်ပင်များ ညိုးရော်ခြောက် သွေ့ရုံမျှမက မြစ်ကမ်းပါး တစ်လျှောက် ရွာပျက်များ လူသေ အလောင်းများ ကျွဲသေ နွားတွေ အလောင်းများဖြင့် အပုတ်နံ့တွေ ထောင်းထနေကြသည်။ ထိုစဉ်က ကြည့်လေရာ နေရာတစ်လျှောက်မှာ အနိတ္ထာရုံ များသာ ဖြစ်သည်။

* * * * *


ပင်လယ်ဝတွင် ကျားပိုက် တန်းပါက ပိုက်တစ်ဖောင်လျှင် တစ်ရေ (တစ်ပတ်) ကို ငွေ သုံးသိန်းမှ လေးသိန်းခန့် အထိ ၀င်ကြသည်။ ထို့ကြောင့် ဧရာဝတီ ရေလုပ်သား အများစုသည် ၀င်ငွေကောင်းပြီး ငွေကြေး ချမ်းသာကြများ ဖြစ်ကြသည်။ သူတို့တွင် ကိုယ်ပိုင် ပဲ့ထောင်များ စက်လှေများ ရှိပြီး ရပ်ကွက်တစ်ခုစာ လောက်အကျယ်ရှိသော ပြင်စလူဆိုသည့် ကျွန်းရွာလေးဆိုလျှင် မော်တော်ဆိုင်ကယ် အစီးငါးဆယ်ကျော်ခန့်ရှိပြီး၊ ကျွန်းသေးသေးလေးမှာပင် မော်တော်ဆိုင်ကယ် စီးနေကြသူများဖြစ်သည်။ ရေလုပ်သားများတွင် မရှိဆိုလျှင် အနည်းဆုံးတော့ သိန်း ငါးဆယ်ခန့်ဖြင့် လုပ်ငန်းလည်ပတ်ကြပြီး အချို့ဆိုလျှင် လယ်ဧက ထောင်ချီကာ ပိုင်ဆိုင်မှု တန်ဖိုးပေါင်း သိန်းပေါင်း သောင်းနှင့်ချီကာ ချမ်းသာကြသည်။ ထိုထဲမှ အချို့ဆိုလျှင် ရန်ကုန်တွင် တိုက်များ ကားများ ၀ယ်ထားကြပြီး သားသမီးများကို ပြည်ပတွင် ကျောင်းသွားထားသူများလည်း ရှိကြသည်။

ထိုကဲ့သို့ လက်ထဲမှာ ငွေသီးခဲ့သမျှသည် ကိုယ်ခန္ဒာမှာ အ၀တ်စားတောင် မကျန်အောင် နေ့ခြင်းညခြင်း မျက်လှည့်ပြလို ပြောင်းလှဲသွားသည်။ မိသားစုဝင်တွေ သေကြသည်။ ပိုင်ဆိုင်ခဲ့မျှ ကုန်သွားသည်။ ကြောက်မက်ဖွယ် အန္ဒာယ်ဆိုးက ခြောက်လှန့်လိုက်သည်။ ထိုအခါ အသက်ရှင်ကျန် ရစ်ခဲ့သူများ အဖို့ အနာဂတ်ကို ဘယ်လို ခရီးဆက်ရမည်ဆိုသည့် လမ်းကြောင်းများမှာလည်းေ၀၀ါးသွားကြသည်။

ထို့ကြောင့် မုန်တိုင်းပြီးခါစ အသက်ရှင်ကျန်သူများသည် ငေးငေးငိုင်ငိုင်နှင့် အချို့ဆိုလျှင် ထမင်းစားဖို့ပင် လေးဖင့်နှေးကွေးကြသည်။

* * * * *


အချိန်လေးတွေ နည်းနည်းကြာလာတော့ စေတနာရှင်တွေရဲ့ ဖေးမကူညီမှုနှင့် သူတို့ကြုံခဲ့ရသည့် ၀မ်းနည်းဖွယ် ဖြစ်ရပ်ဆိုးကို မေ့ထားပြီး သူတို့ အနာဂတ်အတွက် ရှင်သန်ရပ်တည်ဖို့ရာ ဦးတည်လာသည်။ ထိုသို့ အနာဂတ်ကို ဆက်လျှောက်ဖို့ စဉ်းစားပြီ ဆိုသည်နှင့် အတိတ်က လျှောက်ခဲ့သည့် လမ်းကို ပြန်ကြည့်ကြသည်ကတော့ လူတို့၏ သဘာဝဖြစ်သည်။

ထို့ကြောင့် ဧရာဝတီ ရေလုပ်သား အများစုသည် လက်ရှိဘ၀တွင် ပိုင်ဆိုင်မှု ဘာတစ်ခုမှ မကျန်တော့သည့် တိုင် ရွှေထီးဆောင်းခဲ့သည့် အချိန်က မာန်မာနလေးများကို ဆက်လက် ရှိနေကြသည်။ ထိုမာန်မာနလေးများကြောင့် တခါတစ်ရံတွင် ရွာသားအချင်းချင်း မကြေမလည် မဖြစ်တတ်ကြသည်။

ပိုဆိုးသည်က ဧရာဝတီ ရေလုပ်သားများသည် သူတို့ ပိုင်ဆိုင်မှု အားလုံး နေ့ခြင်းညခြင်း ပျက်စီးသွားသလို၊ ဆုံးရှုံးသွားသည့် အရင် ဘ၀ကို နေ့ခြင်း ညခြင်း ပြန်လည် ရချင်နေကြသည်။ ထိုသို့ အမြန်လိုမှုနှင့်အတူ အချို့မှာ လောဘများလည်း ၀င်လာကြတော့သည်။

* * * * *


ယခင်က သေသွားပြီးလို့ ထင်ခဲ့ရသည့် ရွေးမြစ်ကမ်းပါးက ညိုးခြောက်နေသော သစ်ပင်တွေ၊ အချိန်တစ်လ ကြာတော့ အစိမ်းရောင် ရွက်နုလေးတွေ ပြန်လည် ထွက်လာကြပြီ။ အစိမ်းရောင် အရွက်နုလေးတွေ ထွက်နေသာ သစ်ပင်ကျိုးကြီးများကို ကြည့်ရသည်မှာ စိမ်းစိုးနေသော သစ်ပင်တန်းတွေ လောက်တော့ မလှပနိုင်ပါ။ သို့ပေမယ့် ညိုးခြောက်နေတာ ထက်စာရင် အများကြီး ကြည့်လို့ ကောင်းလာသည်။

ထို့အတူ စေတနာရှင်များ၏ ကောင်းမှူ့ကြောင့် ဧရာဝတီသားတို့၏ ဘ၀မှာလည်း ယခင်ကထက်စာလျှင် များစွာ စိုပြေလာခဲ့ပြီ။

* * * * *



ဧရာဝတီသားများ မုန်းတိုင်းဒါဏ်ခံခဲ့ရသလို ရွေးမြစ်ကမ်းပါးက သစ်ပင်များသည်း မုန်တိုင်းဒါဏ်ခံခဲ့ရသည်။ ဆက်လက်ရွာသွန်းခဲ့သော မိုးရေများနှင့် လိုသလောက်ရသော မြေဆီမြေနှစ်များကို စားသုံးကာ တစ်လဆိုသည့် အချိန်ကြာသည့်ခါမှာ ရွေးမြစ်ကမ်းပါးက သစ်ပင်များ ရွက်နုလေးတွေ စထွက်လာကြသည်။ သို့ပေမယ့် ကျိုးပျက်ခဲ့သော သစ်ပင်များ ယခင်အတိုင်း ပြန်လည် ဖြစ်လာဖို့ ဆိုရင်တော့ အချိန်တွေ ထပ်စောင့်ရဦးမည်။

စေတနာရှင်များသည် ကောင်းကင်ကြီးလောက် မများပြားပါ။ ထို့အတူ စေတနာရှင်များ၏ တတ်နိုင်မှုသည် မိုးရေတွေလောက် ပမာဏမများပါ။ ထို့ကြောင့် လိုသလောက် မိုးရေတွေနှင့် မြေဆီမြေနှစ်များကို အလိုရှိတိုင်း စားသုံးပြီး အသက်ရှင်နိုင်သည့် သစ်ပင်များပင် ယခင်အတိုင်း ပြန်လည် ဖြစ်လာဖို့ အချိန်အတိုင်းအတာ တစ်ခုကို စောင့်ရသည်ဆိုလျှင်၊ ဧရာဝတီ သားများအနေဖြင့်လည်း ယခင်ရွှေထီးဆောင်းခဲ့သည့် ဘ၀များဆီသို့ ပြန်လည်ရောက်ရှိဖို့ အချိန်အတိုင်းအတာ တစ်ခုအထိတော့ သည်းခံစောင့်ကြရဦးမည်ဖြစ်သည်။

No comments: