Art is My Life: ခေတ်သစ်တောကြောင်

Monday, June 30, 2008

ခေတ်သစ်တောကြောင်

ခေတ်သစ်တောကြောင် . . . . .



လေမုန်တိုင်းသည် မျှက်လှည့်ပြလိုက်သလို မြို့ကြီးတစ်ခုလုံးကို စုတ်ပြတ်သွားအောင် နေ့ခြင်းညခြင်းမှာပင် ဖျက်ဆီးပစ်လိုက်သည်။ ထို့အတူ ကုန်ဈေးနှုန်းသည်လည်း မျက်လှည့်ပြသလို နေ့ခြင်းညခြင်းမှာပင် ခေါင်ခိုက်အောင် တက်သွားသည်။

ယခင်က တစ်ချောင်းကို နှစ်ဆယ်ခန့်သာတန်ဖိုးရှိသည့် အိပ်သွပ်မိုးရိုက်သည့်သံများသည် တစ်ချောင်းသုံးရာ ဖြစ်သွားသည်။ ဘဲဥတစ်လုံးကို သုံးလေးရာဖြစ်သွားသည်။ ဆန် နှင့်မီးသွေးဈေးက နှစ်ဆခုန်တက်သွားသည်။ သည့်အပြင်အခြားသော စားသောက်ကုန်များနှင့် အသုံးအဆောင် ပစ္စည်းတော်တော်များများလည်း ဈေးနှုန်းတွေ အဆမတန် မြှင့်တက်ကုန်ကြသည်။

ဘာကြောင့်လဲလို့ မေးတော့ ………

လေမုန်တိုင်းကြောင့်တဲ့


လေမုန်တိုင်းတိုက်ပြီးနောက် ဆန်ဆိုင်အများစုသည် ဆန်ဈေးများကို အနည်းဆုံး နှစ်ဆတင်ပြီးရောင်းကြသည်။ ထိုသို့ နှစ်ဆတင်ရောင်းသည့် ဆန်ဆိုင်လေးများတွင် ရန်ကုန်မြို့စွန်ရှိ ဆန်ဆိုင်လေး တစ်ဆိုင်လည်း ပါဝင်လေသည်။
ပုံမှန် တစ်ပြည်လေးရာ ရှိသော ဆန်ကို ထိုဆန်ဆိုင်လေးတွင် တစ်ပြည်ကို ရှစ်ရာနှင့်ရောင်းလေသည်။ ထိုသို့တစ်ပြည်ရှစ်ရာနှင့် နှစ်ဆတင်ရောင်းသည့်တိုင် ၀ယ်ယူလိုသူများ ကြိတ်ကြိတ်တိုးကာများပြားနေသဖြင့် ဆိုင် သံပန်း ဘာဂျာတံခါးကို ဆွဲပိတ်လိုက်သည်။ ဆိုင်က ဘာဂျာတံခါးကို ပိတ်ထားပေမယ့် ၀ယ်မည့်သူများက မပြန်ကြသေးပဲ ဆန်ပြန်ရောင်းမည့် အချိန်ကို စောင့်နေကြသည်။

ခဏလောက်ကြာတော့ ဆိုင်ထဲက လူတစ်ယောက်က လက်ထဲတွင်ဆိုင်းပုတ်တစ်ခုကို ကိုင်ပြီးအပြင်ထွက်လာသည်။ အပြင်ရောက်တော့ ထိုဆိုင်းဘုတ်ကို ဆိုင်အရှေ့တွင် ချိတ်ဆွဲပြီး ဘာဂျာတံခါကို ပြန်ပိတ်သွားသည်။

လူအများက ထိုဆိုင်းဘုတ်ကို ဖတ်ကြည့်တော့ ဆန်တစ်ပြည် ၁၆၀၀ ၀ယ်ချင်ဝယ် မ၀ယ်ချင်နေဟူ၍ ရေးထားသည်။ ထိုအခါလူများက မ၀ယ်ဘူးဟေ့ လုတယ်ဟု အော်ဟစ်ကြကာ ဆိုင်ဘာဂျာတံခါးကို ရိုက်ချိုးပြီး ဆန်များကို ၀င်လု လိုက်ကြသည်။

* * * * *

လပွတ္တာမြို့တွင် ဘာကိုစားစား ဘာကိုသောက်သောက် ဘာကိုဝယ်ဝယ် ပုံမှန်ထင်ထားတာထက် ဈေးကြီးနေတတ်သည်။ ဘာဖြစ်လို့ ကြီးတာလဲဟု မေးလျှင် သူတို့က ပြန်ဖြေလိမ့်မည် နာဂစ်ဈေးတဲ့ …

* * * * *

ကျွန်တော်တို့ လပွတ္တာမြို့ရှိ စားသောက်ဆိုင် တစ်ခုအတွင်း ထမင်းစားနေကြစဉ် နိုင်ငံခြားသား များစားသောက်နေသည့် ၀ိုင်းသို့ စစ်သားများ ရောက်ရှိလာသည်။ ပြီးနောက် နိုင်ငံခြားသူတစ်ဦးနှင့် စစ်ဗိုလ်တစ်ဦး စကားအခြေအတင် ပြောနေကြသည်။ ကျွန်တော်တို့ ထိုင်နေသည့် စားပွဲနှင့် နိုင်ငံခြားသားများ ထိုင်နေသည့် ၀ိုင်းက အနည်းငယ်ဝေးသောကြောင့် ဘာဖြစ်နေသည်ကို ကျွန်တော် အသေအချာ မသိရပေ။ သို့ပေမယ့် နိုင်ငံခြားသူကတော့ စစ်ဗိုလ်ကို စကားအခြေအတင် ပြောနေသည်။

ကျွန်တော်တို့ထင်လိုက်သည်က လပွတ္တာသို့ ၀င်လာသော နိုင်ငံခြားသားကို စစ်တပ်က လာရောက်စစ်ဆေးနေသည်ဟု ထင်လိုက်သည်။ ထို့ကြောင့် အကျိုးအကြောင်းသိရအောင် စစ်ဗိုလ်နှင့် နိုင်ငံခြားများ အခြေအချ ပြောနေသော နေရာသို့ သွားပြီး ဘာဖြစ်တာလဲလို့ မေးကြည့်သောအခါ။

စစ်ဗိုလ်ကရှင်းပြသည် ယခုနိုင်ငံခြားသားများသည် အစိုးရက ဖိတ်ထားသော အဖွဲ့တစ်ဖွဲ့ဖြစ်သည်။ ယခုဆိုင်တွင် စားသောက်ရာတွင် ပိုက်ဆံ နှစ်သောင်းပေး ထားနှင့်ပြီး ဖြစ်ကြောင်း နောက်ဆုံး ဘီလ်ရှင်းသည့် အခါတွင် ဆိုင်က နောက်ထပ် လေးသောင်း ထပ်တောင်းကြောင်း။ သူတို့ စားသောက်ထားသော တန်ဖိုးပမာဏသည် မည်သည့်နည်းနှင့်မျှ ငွေခြောက်သောင်း ကျနိုင်ဖွယ်ရာမရှိသည့် အတွက်ကြောင့် သူ့ကိုလာခေါ်ပြီး ကွန်ပလိမ်းတက်ခြင်း ဖြစ်ကြောင်း စစ်ဗိုလ်က ပြောပြသည်။
* * * * *
လပွတ္တာမြို့ကို ကျွန်တော်တို့ လေမုန်တိုင်းပြီး တစ်ပတ်အကြာမှာ ရောက်သည်။ ထိုစဉ်လပွတ္တာမြို့ပေါ်တွင် ဒုက္ခသည် သိန်းချီရှိပြီး သောက်ဖို့ ရေပင်အခက်အခဲ ရှိနေဆဲကာလ ဖြစ်သည်။ ထိုကဲ့သို့ လူအများအတွက် သောက်စရာ ရေပင်မရှိသည့်အချိန်တွင် လပွတ္တာမြို့ပေါ်တွင် စည်ဘီယာ ရသည်။

စည်ဘီယာ ရသည်ဆိုတော့ ကျွန်တော် သွားသောက် ဖြစ်သည်။ မြန်မာဘရူဝါရီ ကုပ္ပဏီက တစ်နိုင်ငံလုံးရှိ ဘီယာဆိုင်များကို ရောင်းဈေး သတ်မှတ် ပေးထားပေမယ့် လပွတ္တာကတော့ ချွင်းချက်အနေဖြင့် ဈေးကြီးနေမည်မှာ စိတ်ကအလိုလို ကြိုသိနေသည်။ ထင်ထားသည့်အတိုင်း စည်ဘီယာ တစ်ခွက်ကို ခြောက်ရာပေးရသည်။

သွားရေးလာရေးအခက်အခဲကြောင့် ရန်ကုန်ထက်တစ်ရာ ပိုသည်ကို ကျွန်တော်လက်ခံ၍ ရသည် သို့ပေမယ့် ထည့်ထားသည့် ဘီယာကိုတော့ လက်ခံ၍ကား မရနိုင်။ ဘီယာတစ်ခွက်ဟု မှာလိုက်လျှင် ထည့်ပေးသည့် ဘီယာပမာဏသည် အမြုတ်အပါတောင် လက်ကိုင်ကွင်းနားမရောက်။ ကျွန်တော်က စားပွဲထိုးကို ခွက်မပြည့်ဘူးဟု ဆိုကာ ပြန်ထည့်ခိုင်းသည်။ ထိုအခါ စပွဲထိုးက ဘီယာခွက်လေးကိုယူ အမြုတ်လေး နည်းနည်းချ ပြီးပြန်ယူလာသည်။

ဈေးကလည်း သူများထက်ပိုယူထားသေးသည် ဈေးပိုယူထားလျှင်တော့ ဘီယာကို ပြည့်အောင်ထည့်သင့်သည် ထို့ကြောင့် ကျွန်တော်က ပြန်ထည့်ခိုင်းသည်။ ထိုအခါစားပွဲထိုးက မရတော့ဘူးဆရာ ဒါကနာဂစ်ဘီယာတဲ့ …….။ ခက်သည်က လပွတ္တာမြို့မှာ ဘီယာဆိုင်တစ်ဆိုင်ပဲရှိသည်။ တစ်ခြားရွေးချယ်စရာ ဆိုင်မရှိ ထို့ကြောင့် သူတို့ထည့်ချင်သလောက် ထည့်၍ ရသည့်ဆိုသည့် အချိုးမျိုးနှင့်ရောင်းသည်။ ဘီယာတင်လားဆိုတော့ ဟင်းပွဲများလည်း ထိုကဲ့သို့ပင်ဖြစ်သည်။ တစ်ကယ်တော့ စားသောက်ကုန်ဈေးနှုန်းများသည် ဧရာဝတီတိုင်းက ရန်ကုန်လောက် ဈေးမကြီးပါ။ လေမုန်တိုင်းတိုက်ပြီး သူတို့မြို့ကို ရန်ကုန်မှ ကယ်ဆယ်ရေးအဖွဲ့တွေ ဆင်းလာသည့်အခါ ရောင်းအားက ယခင်ထက် ဆယ်ဆဆောက်လောက်မြှင့်တက်လာသည်။ မြှင့်တက်လာသည့် ၀ယ်လိုအားကို အခွင့်ကောင်းယူကာ တင်လိုက်သည့်ဈေးက ရန်ကုန်ထက် ပိုကြီးသည်။

ဈေးပိုကြီးလို့ ထည့်ပေးသည့် ပမာဏမှာလည်း ပုံမှန်မရ။ တော်တော်ကြီးနည်းပြီး တစ်ခါတစ်ရံဟင်းပွဲများတွင် ယင်ကောင်များ ပါလာတတ်သေးသည်။ ယင်ကောင်ပါသည်ဟုဆိုကာ သွားပြတော့ အားလုံးက မထူးဆန်းသလို ကြည့်နေကြသေးသည်။

ဈေးကလည်းကြီး ထည့်ပေးတာကလည်း နည်းသည့် ထိုဘီယာဆိုင်ကို နောက်ပိုင်းတော့ ဘီယာသောက်ချင်သည့်တိုင် သွားမသောက်တော့သလို ထိုဆိုင်တွင် ထမင်းတောင် မစားတော့ပဲ သပိတ်မှောက်ထားလိုက်သည်။
* * * * *
ကျွန်တော်လပွတ္တာရှိ ပဲ့ထောင်ဆိပ်ကမ်းတွင် ပဲ့ထောင်ငှားဖို့ ဆင်းလာသည်။ ထိုနေ့က ရာသီဥတု သာယာသည့်နေ့ဖြစ်သောကြောင့် အလှူ့ရှင်တော်တော်များများ တောဘက်သို့ လှေများဖြင့် ဆင်းလှူကြသည်။ ကျွန်တော်လှေဆိပ်ကို ဆင်းလာတာ နောက်ကျသည်ကတစ်ကြောင်း အလှူ့အရှင်များ အလာများသည်က တစ်ကြောင်းကြောင့် လှေဆိပ်တွင် ပဲ့ထောင်တစ်စီးသာ ရှိသည်။

လှေဆိပ်မှာ ပဲ့ထောင်တစ်စီးတည်းကျန်တော့တာ ဆိုရင်တော့ ဈေးကိုင်တော့မှာပဲဟု ကျွန်တော်တွေးလိုက်မိသည်။ သို့ပေမယ့် ဒီတစ်စီးတည်းသာ ရှိသည့်အတွက် ဈေးကိုင်လျှင်လည်း မတတ်နိုင် ပိုပေးတန် ပေးရတော့မည်ဟု တွေးပြီး ထိုပဲ့ထောင်ကို သွားငှားလိုက်သည်။

ကျွန်တော်သွားမည့် ခရီးကို ပြောတော့ ပဲ့ထောင်သမားက ငါးသောင်း တောင်းသည်။ တကယ်တော့ ထိုခရီးသည် ပဲ့ထောင်ဖြင့် မိနစ်ရှစ်ဆယ်ခန့်သာ မောင်းရမည့် ခရီးဖြစ်သည်။ ထိုခရီးကို ငါးသောင်း တောင်းသည်ကတော့ တော်တော်ကြီးကို လွန်သည်ဟု ပြော၍ရသည်။ ခါတိုင်း ထိုခရီးသွားပါက သုံးသောင်းသာ ပေးရသည်။

ထိုသုံးသောင်းဆိုသော ဈေးမှာလည်း လေမုန်တိုင်းတိုက်ပြီးမှ တက်ထားသော ဈေးဖြစ်သည်။ လေမုန်တိုင်း မတိုက်ခင်က ဆိုပါက ထိုခရီးကို နှစ်သောင်းပေးမည့်သူပင် ရှိလိမ့်မည်မထင်။ သို့ပေမယ့် ထိုသူက အားမနာရှာမကျိုး ငါးသောင်းတောင်းသည်။

ကျွန်တော်က ဒီခရီးက သွားနေကြခရီးဖြစ်ကြောင်း ခါတိုင်းဈေး အဲဒီလောက် မရှိကြောင်း သို့ဖြစ်သောကြောင့် နည်းနည်းလျော့ပေးဖို့ လှေသမားကို ပြောသည်။ သို့ပေမယ့် လှေသမားက ငါးသောင်းမှ ငါးသောင်း ငါးသောင်း မရလျှင် မလိုက်နိုင်ဟုဆိုသည်။

တကယ်တော့ ကျွန်တော်တို့က လပွတ္တာမှာ စီးပွားလာလုပ်နေကြသူများမဟုတ်ပါ။ သူလှေကိုငှားပြီး စီးပွားရေး ကိစ္စသွားမည်မဟုတ်ပဲ သူတို့ဒေသတွက် အလှူလာလုပ်ပေးနေခြင်း ဖြစ်သည်။ ကျွန်တော်တို့က သူတို့ဒေသအတွက် အလုပ်လုပ်လာလုပ်ပေးနေတာကြောင့် လှေခကို လျှော့ယူရမည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ တန်ရာတန်ကြေးယူ။ ယခုတော့ ထိုလူများက ထိုသို့မဟုတ် ရတုန်းကို အဆမတန် ရိတ်လိုက်မယ် ဆိုသည့် အချိုးမျိုးချိုးချင်ကြသည်။

လှေဈေးမတည့်သဖြင့် ကမ်းပေါ်တို့ ကျွန်တော်ပြန်တက်ဖို့ လုပ်နေစဉ်မှာ နှစ်ရစ်နှင့် စစ်သားတစ်ယောက် ဆင်းလာသည်။ ထို့နှောက်ထိုလှေကို ချောဆွဲပါ တော့သည်။ လှေကိုချောဆွဲသည့် အချိန်ရောက်မှ လှေသမားက ကျွန်တော့်ကို လှမ်းကြသည့်။ ယခုအကြည့်က ငါးသောင်းမှငါးသောင်း ဆိုတုန်းက အကြည့်နှင့် လုံးဝတစ်ခြားစီ။

သူကြည့်သည့် အကြည့်ကို ကျွန်တော်သဘောပေါက်ပါသည်။ ထိုအချိန်တွင် ကျွန်တော်က ဒီလှေကို ကျွန်တော် ကယ်ဆယ်ရေးအဖွဲ့က အော်ဒါငှားထားတာပါဟု ပြောလျှင် ထိုစစ်သားက ချောဆွဲတော့မည်မဟုတ်ပေ။ သို့ပေမယ့် ကျွန်တော်မပြောပေးနိုင်ပါ။ သာမန်အချိန်တွင် ကျွန်တော် ပြောပေးကောင်းပြောပေးလိမ့်မည်။ လောဘဇောတက်နေပြီး မတန်တစ်ဆ အမြတ်ကြီးရလိုသူတစ်ယောက် အတွက်တော့ ကျွန်တော်မကူညီနိုင်ပါ။ ထို့ကြောင့် ကျွန်တော် ဘာမျှဝင်မပြောတော့ပဲ ကမ်းပေါ်သို့သာ တက်လာခဲ့တော့သည်။
* * * * *
တောထဲတွင် မီးလောင်ပါက တောနေသတ္တာဝါလေးများ ပြေးကြလွှားကြနှင့် ဒုက္ခရောက်ကြရသည်။ သို့ပေမယ့် တောကြောင်ကတော့ သဘာဝက ပေးထားသည့် စွမ်းအားအတိုင်း ပြေအားရှိသည့်အတွက် တောမီးသည် သူ့အတွက် အခြားတိရိစ္ဆာလောက်တော့ ပူစရာမဟုတ်သည့်အပြင် တောမီးကြောင့် ပြေးထွက်လာကြတော့ တောနေ သတ္တ၀ါလေးများကို ပင် တစ်နေရာက စောင့်ကာ အသင့်ဖမ်းစားလိုက်သေးသည်။ ထိုကြောင့် တောမီးသည် တောကြောင်အတွက် ဒုက္ခမရောက်သည့်အပြင် တောမီးကြောင့် တောကြောင်ကို များစွာ အဆင်ပြေစေသည်။
ခေတ်တစ်ခေတ်ပျက်သည့်အခါတွင် သာမန်လူများအတွက် ဒုက္ခရောက်စေသော်လည်း သူခိုး ဓားပြကဲ့သို့သော လူများအတွက်တော့ အကွက်ကောင်းဖြစ်သည်။ ခေတ်ပျက်သော အခါ အုပ်ချုပ်ရေး ပျက်ပြားပြီး လူအများဒုက္ခရောက်သည့် အခါတွင် သူခိုး ဓားပြများ အတွက်အခွင့်ကောင်း တစ်ခုဖြစ်ပြီး အပျော်ကြီး ပျော်တော့သည်။

တောမီးလောင်လျှင် တိရိစ္ဆာန်လေးများ ဒုက္ခရောက်ကြသည် သို့ပေမယ့် တောကြောင်များကတော့ အပျော်ကြီးပျော်ကြသည်။ ထို့အတူ ခေတ်ပျက်သည့်အခါ လူအများဒုက္ခရောက်ကြသည် သို့ပေမယ့် သူခိုး ဓားပြများကတော့ အပျော်ကြီး အပျော်ကြသည်။ အများဒုက္ခရောက်သည့် အခါတွင် အပျော်ကြီး ပျော်တတ်သည့် သူခိုးဓားပြ များကို တင်စားပြီး တော်ကြောင်ဟု ခေါ်ကြသည်။ ထိုအခါ တောမီးလောင် တောကြောင် လက်ခါးမောင်းခတ် ဆိုသည့် စကားပုံဖြစ်လာတော့သည်။

မြန်မာ အဘိဓာန်တွင်တော့ ဓားပြဆိုသည်မှာ လက်နက်ဖြင့် အကြမ်းဘက် ခြိမ်းခြောက်၍ ပစ္စည်းလုယူသူဟု အဓိပ္ပယ်ဖွင့်ထားသည်။ ထို့ကြောင့် သူခိုးဓားပြ ဟုပြောသည့်အခါတွင် ဓားကြီးကိုင် သေနတ်ကြီးကိုင်ပြီး ရိုက်နှက်လုယူသူများကို ပြေးမြင်ကြသည်။

တကယ်တော့ လောကတွင် သူတစ်ပါးပစ္စည်းကို မတရားသဖြင့်ရယူခြင်းသည်လည်း ဓားပြတိုက်ခြင်း တစ်မျိုးဖြစ်သည်။ သို့ပေမယ့် ယခင်ခေတ်ဓားပြများသည် ဒုတ်ဓားများကို အသုံးပြုကြသော်လည်း ယခုခေတ်ဓားပြများ သုံးသည့်လက်နက်က ဒုတ်ဓားများ မဟုတ်တော့ပဲ အသုံးပြုသည့် လက်နက်များသာ ပြောင်းသွားခြင်းသာ ဖြစ်ပါတော့သည်။


6 comments:

Ko Paw said...

လူတဦးတယောက်ကို သတ်ရင် လူသတ်သမားဖြစ်တယ်။
လူအများအပြားကို သတ်ရင်တော့ အစိုးရဖြစ်တယ်။

လူတယောက်လောက်သေရင်တော့ ကြေကွဲစရာဖြစ်ရပ်။
လူအစုလိုက်အပြုံလိုက် အများအပြားသေရင်တော့ ကိန်းဂဏန်းဖြစ်သွားတယ်။

Ko Paw said...
This comment has been removed by the author.
Pwint Mar said...

စီးပွားရေးကိစ္စ လာလုပ်တာမဟုတ်ပဲ သူတို့ဒေသတွက် အလှူလာလုပ်ပေးနေခြင်းကို ပုံမှန်ယူရမယ့် တန်ရာတန်ကြေးကို မယူပဲ အခုလို အခွင့်အရေး ယူပြီး ရတုန်းကို အဆမတန် ရိတ်လိုက်မယ်ဟဲ့ ဆိုတဲ့ လောဘစိတ်နဲ့ အဆမတန် လုပ်တာမျိုး ကတော့ သိပ်ကို တရားလွန်လွန်း အောက်တန်းကြလွန်းပါတယ်..

သြော် လူတွေ လူတွေ...

လူအခြင်းခြင်း နှိပ်စက်ခြင်း ကင်းဝေးကြပါစေ..

Pwint Mar said...

အခွင့်ရေးသမားကတော့ အခွင့်အရေးကို ဘယ်နေရာ ဘယ်အချိန်မှာပဲ ဖြစ်ဖြစ်ယူကြမှာပဲလေ.. ဒါကြောင့်လဲ နိုင်ငံတော်ကြီး ချောက်ထဲကြသထက် ကြနေတာပေါ့..

s0wha1 said...

တော်တော် စိတ်ပျက်နေပုံပဲ...

May Burma said...

people are opportunists!

There was an error in this gadget