Art is My Life: ကမ္ဘာမီးလောင်သားတောင်ချနင်း

Wednesday, June 18, 2008

ကမ္ဘာမီးလောင်သားတောင်ချနင်း

ရေတွေတက်လာတော့ ခါးတောင်းကို မြှောင်အောင်ကျိုက်ပြီး ကျွန်တော်အိမ်ခေါင်မိုးပေါ်တက်နေတာ။ ရေကလဲ အိမ်ခေါင်မိုးအထိ တက်တယ်။ လိုင်းပုတ်လို့ အိမ်လည်းပြိုရော ကျွန်တော်လဲ ကူးမိကူးရာ ကူးလိုက်တာ နောက်ဆုံးတော့ ရွာထဲက အုန်းပင်တစ်ပင်ကို ဖက်မိသွားတယ်။ ကျွန်တော် အုန်းပင်ကို ဖက်ထားတုန်းမှာ အနောက်လည့် ကြည့်လိုက်တော့ ကျွန်တော့် ခါးထောင်းမြှောင်စကို မိန်းမကြီးတစ်ယောက်က ဆွဲထားတယ်။ အဲဒီအနောက်မှာ လူရှစ်ယောက်လောက် ရှိတယ်။ အတန်းလိုက်ကြီးပဲ။ ကျွန်တော်လဲ ဘာရမှာလဲ ပုဆိုးကိုချွတ်ချပေးလိုက်တယ်။ အဲဒီလူတွေအားလုံး ရေထဲကို မြောသွားရော . . . .

သူကြုံတွေ့ခဲ့ရစဉ်က အဖြစ်အပျက်ကို အားရပါးရ ပြန်ပြောပြသည်။ သူပြောသည့်လေသံက ၀မ်းနည်းမှုစိုးစဉ်းမျှ မရှိ။ သူ့ပုဆိုးစကို ဆွဲထားသူများကို ဖြုတ်ချနိုင်လိုက်သည်ကိုပင် အောင်မြင်မှုတစ်ခုလို ပြောပြနေသည်။ ငါပုဆိုးကို ဖြည်ချလိုက်လို့ ရေထဲမျှောပါသွားသော သူများသည် သက်ရှိလူသားဖြစ်သည်ကိုလည်း သတိပြုမိပုံ မပေါ်ပေ။

· * * * *

လေတွေတိုက်ပြီး ရေတွေတက်လာတော့ အခြေအနေ မကောင်းတော့ဘူးဆိုတာကို သိလိုက်ပြီ။ အဲဒါကြောင့် ကျွန်တော်တို့ မိသားစုအားလုံး လှေပေါ်ကိုတက်ပြီး လှေကိုသိမ်ကျောင်းနဲ့ ချည်ထားလိုက်တယ်။အဲဒီလို လှေကို သိမ်ကျောင်းမှာ ချည်ထားတာက အစပိုင်းမှာ အဆင်ပြေပေမယ့် လေတိုက်အားက အားကောင်းတော့ သိမ်ကျောင်းနဲ့ လှေနဲ့ကို ရိုက်နေသလို ဖြစ်နေတယ်။

အမေက ပြောတယ်။ ငါ့သား လှေကို ကြိုးဖြုတ်လိုက်တော့ ကြာရင်လှေကွဲတော့မယ်တဲ့။ အဲဒါကြောင့် ကျွန်တော်လှေကို ကြိုးဖြုတ်လိုက်တယ်။ လှေကိုကြိုးဖြုတ်လိုက်တယ်ဆိုရင်ပဲ လှေက လှိုင်းပုတ်အားကြောင့် မှောက်သွားတယ်။ လှေမှောက်သွားတော့ ညီရယ် သူ့မိန်းမရယ် သားသမီးတွေရယ် ရေထဲကို မျှောသွားကြတယ်။ ကျွန်တော်နဲ့ ရယ်အဖေရယ် အမေရယ်က ပလပ်စတစ် ပုံးကြီးတစ်ပုံကို ကိုင်ပြီး အတူတူ ကူးကြတယ်။

ငါးဂါလန်ဝင် ပလပ်စတစ်ပုံးလေး တစ်ပုံက လူသုံးယောက်လုံးကို မနိုင်ဘူးလေ။ အဲဒါကြောင့် ကျွန်တော်က အလယ်ကနေပြီး ပလပ်စတစ်ပုံးကြီးကို ဖက်ထားတယ် အမေက ကျွန်တော့်ရဲ့ ညာဘက်လက်မောင်းကို ဖက်ပြီး ကူးတယ်။ အဖေက ကျွန်တော့် ဘယ်ဘက်လက်မောင်းကို ဖက်ပြီးကူးကြတယ်။

ညကလည်းမှောင် လှိုင်းတွေကလဲ ပုတ် လူတွေလဲ ဘယ်ရောက်လို့ ရောက်နေမှန်းမသိဘူး။ အဲလိုကူးရင်း ကူးရင်း နဲ့ မေက ပြောတယ် သူလိုက်မကူးနိုင်တော့ဘူးတဲ့။ သူ့ကို လွှတ်လိုက်ပါတော့တဲ့။ အစကတော့ ကျွန်တော်လဲ မလွတ်ဘူးဆိုပြီး အတွင်းဆွဲပြီး ကူးသေးတယ်။ ဒါပေမယ့် သူဆက်မကူးနိုင်တော့ ရေထဲမှာ တရွှတ်တိုက်လိုက်သလို ဖြစ်နေတယ်။ အဲဒါကြောင့် မတတ်နိုင်တဲ့အဆုံး အမေ့ကို လက်လွတ်လိုက်ရတယ်။

အမေ့လက်ကို ကျွန်တော့်လက်ကနေ လျှော့ချပြီး ဖြေးဖြေးချင်းကျွန်တော့်လက်ကနေ လွတ်လိုက်ရတယ်။ ကျွန်တော် မေ့ကို လက်ကနေ ဖြေးဖြေးချင်း လွှတ်လိုက်ရတာကို အခုအထိ မေ့လို့မရဘူးဗျာ။

ဆိုပြီး သူစကားစကို ဖြတ်လိုက်သည်။ ထို့နောက် မျက်နှာတွင်စီးကျနေသော မျှက်ရည်များကို သုတ်လိုက်သည်။ ထို့နောက် ပြာမလော့မြစ် ဘက်ဆီသို့ ငေးကြည့်ရင်း

ခဏလောက်ကြာတော့ အဖေက မေးတယ် မင့်အမေရောတဲ့။ မကူးနိုင်လို့ လက်လွှတ်လိုက်ရပြီ အဖေလို့ ပြောတော့၊ မင့်အမေမပါရင် ငါလဲ မလိုက်တော့ဘူးကွာ ငါ့လက်ကိုလွှတ်တဲ့။ အဖေနဲ့ အမေက ဆယ်နှစ်ကွာတယ်။ ဒါပေမယ့် သူတို့က ငယ်ချစ်တွေဆိုတော့ အရမ်းချစ်ကြတယ်လေ။ ကျွန်တော်က ပြောတယ်။ တောင်းပန်ပါတယ် အဖေရယ် အမေ့ကိုလဲ လက်လွှတ်ခဲ့ရပြီးပြီး အဖေကိုတော့ ကျွန်တော်လက် မလွှတ်ပါရစေနဲ့လို့ တောင်းပန်တယ်။ ကျွန်တော် တောင်းပန်ပေမယ့် မင့်မေမပါရင်တော့ ငါမလိုက်ဘူးဆိုပြီး ကျွန်တော့်လက်ကနေ အတင်းရုန်းပြီးထွက်သွားတယ်။

ခဏလောက်ကြတော့ ကျွန်တော် သစ်ကိုင်းတစ်ကိုင်းကို စမ်းမိတယ်။ အဲဒီစမ်းမိတဲ့ သစ်ကိုင်းကိုတွယ်ပြီး သစ်ပင်ပေါ်ကို တက်ခဲ့ရတယ်။ အဲလိုနဲ့ ကျွန်တော် အသက်ရှင်လာတာ။ တကယ်လို့များသာ အမေ့ကို နည်းနည်းလေးလောက် တွဲပြီးကူးနိုင်ခဲ့ရင် အမေရော ဖေရော သေမှာ မဟုတ်ဘူး။

လေမုန်တိုင်းတိုက်တဲ့နေ့က ကျွန်တော်တို့ မိသားစုက ဆားကွင်းထဲမှာ။ အလုပ်သမားတွေပါ အားလုံးပေါင်းရင် လူနှစ်ရာကျော်လောက်ရှိတယ်။ ပထမတော့ အိမ်မပြိုလောက်ဘူးဆိုပြီးတော့ ဆားကွင်းထဲက အိမ်ပေါ်မှာ စုပြီးတက်နေကြတယ်။ နောက်တော့ အိမ်ပြိုသွားတယ်။ အိမ်ပြိုပြီဆိုတော့ အိမ်ပေါ်မှာနေတဲ့ လူတွေအားလုံးက ရေထဲကိုမျှောတော့တာပဲ။ ကံဆိုးချင်တာက အိမ်ပြိုတဲ့အချိန်မှာ မှောင်နေပြီ။ လေကတိုက် မိုးကရွာဆိုတော့ ဘာကိုမှ မမြင်ရတော့ဘူး။ လေအရှိန် လှိုင်းအရှိန်ကြောင့် အဲဒီအချိန်မှာ ရေကူးလို့လဲမရတော့ဘူး မျှောချင်ရာမျှောတော့ ကံကြမ္မာအတိုင်းပဲဆိုပြီး သတိထားပြီး ကူးနေရတယ်။

ရေကူးပြီးတစ်နာရီလောက်အကြာမှာ လျှပ်စီးလက်တယ်။ ကံကောင်းတယ်ပဲ ပြောရမလားမသိဘူး လျှပ်လက်တဲ့အချိန်မှာ ထွက်လာတဲ့ အလင်းရောင်ကြောင့် ကျွန်တော်ဟာ သစ်ပင်တစ်ပင်အောက်မှာ ရောက်နေတယ်ဆိုတာ မြင်လိုက်ရတယ်။ အဲဒါကြောင့် မြင်လိုက်ရတဲ့ သစ်ကိုင်းကို လှမ်းဖမ်းဆွဲထားလိုက်တယ်။ အားကကုန်နေတော့ သစ်ကိုင်းကိုခိုပြီး ရုတ်တရက်သစ်ပင်ပေါ် မတက်နိုင်သေးဘူး။

ခဏလောက်အားယူပြီးတော့ ကျွန်တော်သစ်ကိုင်းပေါ်ကို ခိုတက်တယ်။ အဲလိုတက်နေတုန်းမှာ လူတစ်ယောက်က ကျွန်တော့်ခြေထောက် ဆွဲပြီး လာခိုနေတယ်။ ကျွန်တော်က သစ်ကိုင်းကို မှီပြီး ရေထဲကို မမြှောအောင်နေသလို သူက ကျွန်တော့်ခြေထောက်ကို မှီပြီး ရေထဲကို မမျှောအောင်နေတယ်။

ဒါပေမယ့် သူကျွန်တော့်ခြေထောက်ကို ဆွဲထားတာကြောင့် ကျွန်တော်သစ်ပင်ကို တက်လို့ မရနိုင်ဘူး။နောက်ဆုံးတော့ မထူးပါဘူးဆိုပြီး သူ့ရဲခေါင်းကို ခြေထောက်နဲ့ ဆောင့်ကန်ချလိုက်တယ်။ အဲလိုလဲ ဆောင့်ကန်ချလိုက်ရော အသံထွက်ပြီး အဲဒီလူ ရေထဲကို မျှောသွားတယ်။ သူ့အသံထွက်လာမှ သိလိုက်တယ်၊ ကျွန်တော်ကန်ချလိုက်တဲ့ လူက ကျွန်တော့်ညီဖြစ်နေတယ်။ မှောင်မှောင်နဲ့ မဲမဲဆိုတော့ ဘာမှ မမြင်လိုက်ရဘူး။

အဲဒီမှာ ကျွန်တော်ဇဝေ ဇ၀ါ ဖြစ်သွားတယ်။ ကျွန်တော်သစ်ပင်ကို မတက်တော့ပဲ ကျွန်တော့်ညီနောက် လိုက်ရင်ကောင်းမလား။ သစ်ပင်ပေါ်တက်နေတာပဲ ကောင်းမလားပေါ့။ ဒါပေမယ့် မှောင်မှောင်မဲ လှိုင်းလေတွေကြားထဲမှာ ကျွန်တော့်ညီနောက်ကို လိုက်နေလို့လဲ တွေ့နိုင်တော့မှာမှ မဟုတ်ပဲလေ။ အဲဒါကြောင့် စိတ်မကောင်းစွာနဲ့ပဲ သစ်ကိုင်းလေးကို ခိုပြီး သစ်ပင်ပေါ် တက်နေလိုက်ရတယ်။

နောက်ဆုံးတော့ဗျာ ကျွန်တော် အသံကို နားကြားမှားတာ ဖြစ်မှာပါ လို့ပဲ ကိုယ့်စိတ်ကို ဖြေလိုက်ရတော့တယ်။


* * * * *

ကျွန်တော့်သူငယ်ချင်း တစ်ယောက်နှင့်တွေ့သော ထိုအဖြစ်အပျက်များကို ပြန်ပြောပြဖြစ်သည်။

အဲလူဗျာ သူအနောက်မှာ လူတွေတန်းစီးနေတာကို ဖြုတ်ချလိုက်တဲ့ ဟာကို အားရပါးရ ပြောနေလိုက်တာ။ သူမို့လို့သာ ဖြုတ်ချရက်တယ်။ အဲဒီလူတွေလဲ အသက်နဲ့ပါလားဆိုတာ မစဉ်းစားမိဘူးလား။

ဟိုလူကရော သူ့အမေကို ဘာပဲဖြစ်ဖြစ် တွဲခေါ်သင့်တာပေါ့။ ကျွန်တော်သာ သူ့နေရာမှုာဆိုရင် ကျွန်တော်သေချင်သေ အမေနဲ့ အဖေကို ပလပ်စတတ်ပုံးပေါ်တင်ပေးလိုက်မယ်။

ကိုယ့်ခြေထောက်ကို အားကိုးတကြီးလာခိုနေတဲ့လူဗျာ။ ကိုယ်လဲ ရေထဲနှစ်သွားမှာမဟုတ်ပဲနဲ့ ခိုချင်ခိုပါစေ ကျွန်တော်တာဆိုရင်တောင့်ခံထားမယ်။

ဒီလူတွေ တော်တော်ကို ကိုယ်ချင်းစာတရားမရှိတဲ့လူတွေပဲဟု ကျွန်တော်က ပြောလိုက်သည်။ ထိုအခါ ကျွန်တော့်သူငယ်ချင်းက

အဲလိုတော့ ပြောလို့မရဘူးဗျ။ အဲလိုမှ မလုပ်ရင် သူတို့ပါသေမှာလေ။ ဟု ကျွန်တော့် မိတ်ဆွေက ပြန်ပြောသည်။

ကျွန်တော်ကတော့ ခေါင်းကို သွင်သွင်ခါပြီး ရမ်းပြသည်။ ဒါက မဖြစ်သင့်သည့် ကိစ္စဖြစ်သည်။ ကျွန်တော်သာ သူတို့နေရမှာသာဆိုရင်တော့ သေချာတယ် ဘာပဲဖြစ်ဖြစ် အဲလိုမျိုး ခြေထောက်နှင့် ကန်ချလိုက်တာမျိုး၊ ခါးတောင်းကျိုက် ဖြည်ချလိုက်သမျိုး ရက်ရက်စက်စက် လုပ်မှာ မဟုတ်ဘူး။ ဒုက္ခရောက်လာသူအချင်းချင်း ကိုယ်လည်းသေမှ သေရော တတ်နိုင်သလောက် ကူညီလိုက်မည်။

အဲဒီတော့ ကျွန်တော့်မိတ်ဆွေက ပြန်ပြောသည်။ ခင်ဗျားက တကယ်မှ မကြုံသေးတာကိုးဗျတဲ့။ တကယ်ကြုံရင် ခင်ဗျား စိတ်ကူးထားသလိုမျိုး ကိုယ်လည်းသေချင်သေဆိုပြီး သူတို့ကို ကူညီနိုင်ပါ့မလား။

ကူညီနိုင်တာ သေချာတာပေါ့ဗျာ။ ဟုဆိုပြီး သူနှင့်ကျွန်တော်လမ်းခွဲခဲ့ကြသည်။

* * * * *

ကျွန်တော်တို့ ငယ်ငယ်လေးကတည်းက ကြားဖူးသော ပုံပြင်ရှိသည်။ ကမ္ဘာတစ်ခုမှ ကမ္ဘာတစ်ခုသို့ အပြောင်းအလဲ လုပ်ပါက ကမ္ဘာကြီးတစ်ခုလုံးတွင် မီးလောင်သည်၊ ထို့နောက် မိုးရွာပြီး ရေတွေကြီးကာ ကမ္ဘာကြီးကို ဆေးကျောပစ်သည်ဟုဆိုသည်။

ထိုသို့ကမ္ဘာကြီး ပြောင်းရန်အတွက် မီးလောင်သည့်အခါတွင် ကမ္ဘာမြေသည် ခြေထောက်များ မချနိုင်အောင်ပင် ပူသည်ဟုဆိုသည်။ ထိုအခါတွင် မိမိရင်ခွင်အတွင်းတွင် ချီထားသော သားကို မြေသို့ ချကာနင်းကြရသည်ဟုဆိုသည်။ ထိုမှ ကမ္ဘာမီးလောင် သားတောင်ချနင်း ဆိုသည့် စကားပုံ ဖြစ်လာသည်။

* * * * *

ကမ္ဘာမီးလောင်သည့်အခါ ကိုယ့်ခြေထောက် ရပ်နိုင်ရေးအတွက် ကိုယ့်ရင်ခွင်ထဲက သားကိုတောင် မြေပေါ်မှာ ချနင်းရသည်ဆိုသည်ဟု ဆိုသည်။

ညအိပ်တော့ နေ့ခင်းဘက်က သူငယ်ချင်းနှင့် ကျွန်တော် ငြင်းခုန်ခဲ့သည့် ကိစ္စကို ပြန်စဉ်းစားမိသည်။ ပြန်စဉ်းစားကြည့်ရင်း တကယ်လို့များသာ ငါသာ အဲလိုဖြစ်ရပ်မျိုးကြုံလာခဲ့ရင် ကိုယ့်အသက်ကို ဂရုမစိုက်ပဲ ဘ၀တူတွေကို ကယ်တင်မလား။ ဒါမှမဟုတ် သူတို့အသက်ကို ဂရုမစိုက်ပဲ ကိုယ့်အသက်ကိုပဲ ရှင်အောင်ကြိုးစားမှာလား။

ကျွန်တော်စဉ်းစားရင်း အိပ်ပျော်သွာခဲ့သည်။

3 comments:

s0wha1 said...

ဘာမှ မပြောတတ်တော့ဘူး။

Thinzar said...

အင်း... လူ့စိတ်ဆိုတာ ပြောလို့တော့ မရဘူးနော်။ တကယ် အရေးကြုံလာမှ သိမှာ။ ကမ္ဘာ မီးလောင် သားတောင် ချနင်းဆိုတဲ့ စကားပုံရဲ့ အဓိပ္ပါယ်ကို အခုမှ အသေအချာ သိတော့တယ်။ တစ်ချို့ စာအုပ်တွေမှာက "သားကောင်ချနင်း" လို့ ရေးတာတွေ ဖတ်မိတာများတော့ ၀ိုးတ၀ါး ဖြစ်နေတာ။

mm thinker said...

စဉ်းစားစရာတွေပဲ