Art is My Life: ဇီဝဇိုး နှင့် ဠင်းတ

Monday, November 26, 2007

ဇီဝဇိုး နှင့် ဠင်းတ


ဇီဝဇိုးနှင့် ဠင်းတတို့သည် ခြေထောက် နှစ်ချောင်း အတောင်ပံတစ်စုံစီ နှင့် ကောင်းကင်တွင် ပျံသည့် ငှက်ချင်း အတူတူ ဖြစ်ကြသည်။ သို့ရာတွင် ……….

* * * *

ကျွန်တော်တို့ ဆယ်တန်း အောင်သည့်နှစ်က နှစ်လုံးထီ အကြီးအကျယ် ခေတ်စား လိးုက်သေးသည်။ ထိုနှစ်လုံးထီသည် ယခု အများသူ ငှာထိုးနေကြသည့် ထိုင်း စတော့ဈေးကွက် ကိန်းဂဏန်းများကို ယူခြင်းမဟုတ်ပဲ၊ အစိုးရ ဖွင့်လှစ်သည့် အောင်ဘာလေ သိန်းငါးဆယ်ဆု၏ နောက်ဆုံး နှစ်လုံးကို လောင်းကြသည့် နှစ်လုံးထီ ဖြစ်သည်။ ထိုစဉ်က တစ်လလျှင် ထီတစ်ကြိမ်ဖွင့်၍ တစ်ကြိမ်လျှင် ခုနှစ်ရက်ကြာသည်။

ထိုစဉ်က လူတိုင်းနှစ်လုံးထီ ခေတ်ဖြစ် နေသည်။ ထို့ကြောင့် နှစ်လုံးထီကို ကော်မရှင် ယူရောင်းသူများ အလုပ်တော်တော် ဖြစ်ကြသည်။ ထို့ကြောင့် ကျွန်တော်တို့လို ဆယ်တန်းဖြေပြီး ခါစ ကျောင်းသား တော်တော်များများ နှစ်လုံးထီ ရောင်းကြသည်။ ထိုသို့ ရောင်းကြသည့် အထဲတွင် အဝေးသင် တက်နေသူများလည်း ပါဝင်သည်။

ထိုစဉ်က နှစ်လုံးထီ ရောင်းခြင်းအားဖြင့် မိသားစု အိမ်စားရိတ်ကို ကာမိရုံမျှမက၊ သုံးလေးလလောက် နှစ်လုံးထီ ရောင်းရုံဖြင့် မုံရွာတွင် အဝေးသင်တစ်လ သွားတက်ရသည့် စားရိတ်ပါရသည်။

ကျွန်တော်တို့ အုပ်စုထဲမှာ ဆိုလျှင်လည်း နှစ်လုံးထီ ရောင်းသော သူငယ်ချင်းမှာ ငွေရွှင်ကြသည်။ ဘာပဲဖြစ်ဖြစ် သိပ်အပင်ပန်းကြီး လုပ်စရာမလိုပဲ ပိုက်ဆံ အေးအေး ဆေးဆေး ရသည့်အလုပ်ဖြစ်သည့် အတွက် ကျွန်တော်လဲ ရောင်းချင်သည်။

သို့ပေမယ့် အကြောင်း အမျိုးမျိုးကြောင့် မရောင်းဖြစ်ခဲ့ပါ။ အောင်စာရင်း ထွက်ပြီးတော့ ရန်ကုန် ရောက်လာသည်။ ရန်ကုန်ရောက် ရောက်ခြင်း ပထမဆုံး ရသည့် လစာမှာ မြန်မာငွေဖြင့် ကျပ်ရှစ်ထောင်သာ ရှိသည်။ နယ်မှာ ကျန်ခဲ့သည့် သူငယ်ချင်းမျာ နှင့် ဖုန်းပြောဖြစ်တော့
“အဲ ဒါကြောင့် မင်းကို ပြောတယ် ရန်ကုန်မသွားပါနဲ့ လို့ဆို . . . ”


* * * * *

အချိန်က ဒုတိယ ကမ္ဘာစစ် မတိုင်မှီ၊ ဥရောပတစ်လွှားတွင် နာဇီ စစ်သည်များ ထောင်လွှားနေကြ သည့်ဖြစ်သည်။
“ဆုန်” သည်ငယ်ရွယ်ပြီး သွက်လက်သူတစ် ယောက်ဖြစ်သည်။ မျိုးချစ်စိတ်လည်း အပြည့ှ်ရှိသည့် “ဆုန်”၏ ငယ်အိပ်မက်မှာ စစ်ဗိုလ်ကြီးတစ်ယောက် အဖြစ် ဘ၀ကို ရပ်တည်သွားရန် ဖြစ်သည်။

“ဆုန်” စစ်ထဲဝင်ဖို့ အဆင်သင့် ဖြစ်သည့် အရွယ်ရောက်သော အခါတွင် မိခင်က ဘာမှ မပြောသော်လည်း ဖခင်ဖြစ်သူက စစ်ထဲမ၀င်ဖို့ရာ ဖျောင်းဖျ ပြောဆိုသည်။
“ ငါ့သား မင်းမှာ တိုင်းပြည်အတွက် အသက်ပေးရဲတဲ့ သတ္တိရှိတာကို အဖေဂုဏ်ယူပါတယ်။ ဒါပေမယ့် မင်းအဲဒီ အသိုင်း အ၀ိုင်းထဲရောက်ရင် မဟုတ်တာ လုပ်ရတော့မယ်။ ပြီးတော့ မင်းက သူများလို မဟုတ်တာ လုပ်တတ်တဲ့ လူလဲမဟုတ်ဘူး။ အဲဒီတော့ သူများတွေ မဟုတ်တာလုပ်နေ ကြတဲ့ အချိန်မှာ မင်းက စာအုပ်ကြီးလို မဟုတ်တာ မလုပ်ပဲ နေမယ်ဆိုရင်လည်း မင်း ထမင်းငတ်သွားမှာ။ အဲဒါကြောင့် မင်းက သူများလို မဟုတ်တာကို မဖြစ်မနေ လိုက်လုပ်ပြန်ရင်လည်း မင်းရဲ့ ပင်ကိုဖြူစင်မှုလေးတွေ ညစ်နွမ်းသွားကုန်မယ်။”

နောက်တော့ “ဆုန်” စစ်ထဲ မ၀င်ဖြစ်လိုက်ပါ။ ကျောင်းဆရာ အလုပ်ဖြစ် ကျေးရွာတွင် စာသင်ရင်း၊ စစ်ပြီးသော အခါတွင် ဂျာမနီနိုင်ငံ၏ စံပြကျောင်းဆရာ တစ်ယောက် ဖြစ်လာသည်။

* * * *

တကယ်တော့ ကျွန်တော် ပတ်ဝန်းကျင်တွင် အလုပ်အကိုင် များစွာ ရှိပါသည်။ ကောင်းတဲ့ အလုပ်ဖြစ်စေ ဆိုးတဲ့ အလုပ်ဖြစ်စေ။ ဘယ်အလုပ် ကိုပဲလုပ်လုပ်။ အောင်မြင်မှုရဖို့ ဆိုရင်တော့ ကြိုးစားမှသာ ရမည်ဖြစ်သည်။

တစ်ခုရှိတာက အလုပ်အလွယ်ရလို့ မကောင်းတဲ့ အလုပ်ကို လုပ်ခဲ့မိရင် ကြိုးစားရတာခြင်း အတူတူ ကိုယ်က ဆိုးတဲ့လူ ဖြစ်သွားပြီ။ အဲလို အလုပ်မျိုးမှာတော့ များများ ကြိုးစားလေး များများ ဆိုးလေဖြစ်သည်။


သမ္မလင်ကွန်းသည် သမ္မတ တစ်ယောက်ဖြစ်ဖို့ ကြိုးစားခဲ့ရသလို၊ ဘင်လာဒင်သည်လည်း ဘင်လာဒင်ဆိုသည့် နာမည်ကိုတော့ လွယ်လွယ်ဖြင့်ရခဲ့သည် မဟုတ်ပါ။ သို့ရာတွင် သမိုင်း၌ လင်ကွန်းသည် လူတော်လူကောင်း ဖြစ်၍ ဘင်လာဒင်သည် လူဆိုးကြီး ဖြစ်သည်။


* * * *

ကောင်းကင်မှာ ပျံကြသည့် ငှက်ချင်းအတူတူ ဇီဝဇိုးငှက်သည် တိမ်ညွှန့်ကိုစား၍ ဠင်းတသည် ပတ်ဝန်းကျင်က နှာခေါင်းရှုံ့ အော့အံရသည့် အပုတ်အစပ်များကိုသာ စားသည်။

တစ်ခုရှိတာက အပုတ်စာများသည် အပုတ်များ စွန့်ပစ်လေ့ရှိသည့် နယ်မြေတွင် အလွယ်တကူရှာဖွေ စားသောက်နိုင်သော်လည်း တိမ်ညွန့်ကိုမှု နေရာတိုင်းတွင် အလွယ်တကူ တွေ့ရမည် မဟုတ်ပါ။

တိမ်ညွန့်ကို စားချင်ရင်တော့ ကောင်းကင်အထိ ရောက်အောင်ပျံကြရမည်ဖြစ်သည်။

1 comment:

နှင်းပွင့်ဖြူ said...

၂ လုံးထီကြောင့် စားသောက်နေတဲံ့သူတွေ ရှိသလို ( အနည်းစု )
၂ လုံးထီကြောင့် ဆင်းရဲသွားတဲ့ သူတွေ တစ်ပုံကြီးပါ
ပတ်ဝန်းကျင်မှာ ကြားရ မြင်ရ တာတွေ စိတ်တောင်မ ကောင်းဘူး
တကယ်တော့ လူတွေရဲ. အမျိုးဆိုတာလည်း သိသိကြီးနဲ့ နားလည်ရခက်နေကြတယ်
စိုးဇေယျ တင်ပြပုံလေးက ကောင်းတယ်

ခင်တဲ့
နှင်းပွင့်ဖြူလေး